Ch-68
Viewers 14k

Ch-68



"မင်းဘယ်လိုပြောနေတာလဲကွ!" ဦးလေးရှဲ့မှာ ရှားရှားပါးပါး စိန်းစိန်းဝါးဝါးကြည့်လာကာ "အခု ငါတို့သားက လင်းမိသားစုထဲ ဝင်သွားပြီးပြီ၊ သူတို့ကလည်း သူ့ကို ကောင်းကောင်း ဆက်ဆံကြတယ်။ အဲဒီ အတိတ်ကအဖြစ်အပျက်တွေကို ထပ်​မပြောနဲ့တော့" 


အဒေါ်ရှဲ့လည်း အကြောင်းအရင်းကို နားလည်သော်ငြား "ဒါပေမယ့် ကျုပ် သူ့ကို စိတ်မပူဘဲ မနေနိုင်ဘူး! အရင်က အဲ့လိုကိစ္စမျိုးသာ မရှိခဲ့ရင်! ဟင်း..." အဒေါ်ရှဲ့မှာ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ့မှာ အပြစ်ရှိတယ်လို့ ပိုခံစားရလေလေဖြစ်လျက်။ အဲ့ဒီအိမ်ထောင်ရေးကို အစကတည်းက သူသဘောမတူခဲ့သင့်ဘူး! 


"ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ဘာကိုယ် အပြစ်မတင်နေပါနဲ့တော့။ အဲ့ဒီ နှလုံးသားမရှိတဲ့ကောင်ကြောင့်သာ မဟုတ်ခဲ့ရင် ငါတို့သားက အဲ့ဒီအိမ်ထောင်ရေးကို ကြုံခဲ့ရမှာမဟုတ်ဘူး" ဦးလေးရှဲ့ ခြေထောက်ဒဏ်ရာရခဲ့စဥ်ကတည်းက လင်းဖန်းလျန်ဟာ ရှဲ့ယွီကို သဘောကျနေခဲ့မှန်း သူ(uncle xie)မသိခဲ့ပါချေ။ ထိုအချိန်က မာဖူကွေ့ဆိုတဲ့ အနှောင့်အယှက်သာ မရှိခဲ့ပါက ရှဲ့ယွီမှာ အချိန်အတော်ကြာကတည်းက လင်းမိသားစုအိမ်ထဲ ဝင်ရောက်ခဲ့ပြီးဖြစ်ပေမည်။ 


"ဒေါက်၊ ဒေါက်၊ ဒေါက်" 


"ဦးလေးရှဲ့ရေ ကျွန်တော် လီချန်ဖုန်းပါဗျို့!" လီချန်ဖုန်း ခြင်းတောင်းကိုင်ထားရင်း တံခါးခေါက်လိုက်၏။ 


ခြံတံခါးမှ အသံကြားသည်နှင့် ဦးလေးရှဲ့ ထကာ တံခါးဖွင့်လိုက်ရင်း "ချန်ဖုန်းရေ ဒီတစ်ခါရော မင်း ငါတို့အတွက် ဘာအရသာရှိတာတွေ ယူလာခဲ့တုန်းကွ?" 


ဦးလေးရှဲ့ ခြံတံခါးကိုဖွင့်လိုက်သည်နှင့် အထူးစပယ်ရှယ်မွှေးရနံ့ရလိုက်သလို လီချန်ဖုန်းက ခြင်းတောင်းတစ်လုံး ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ လီချန်ဖုန်းက စားစရာယူလာတယ်ဆိုတာကို နှစ်ခါတောင် တွေးနေစရာမလိုတော့ပေ။ 


အိမ်ထဲ၌ အဒေါ်ရှဲ့က ဦးလေးရှဲ့၏ အသံကျယ်ကျယ်ကြီးကို နားထောင်နေရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။ ဒီလူက ဒီလောက်နှစ်တွေအကြာကြီး နေလာတာတောင်မှ သူ့ခေါင်းထဲမှာ မူလီတစ်ခုခု ပျောက်ဆုံးနေဆဲပါပဲလား?! 


"ဒီဟာက *အားချင်း လုပ်ထားတဲ့ ဟင်းလျာအသစ်ပဲဗျ။ ဦးလေးရှဲ့နဲ့ အဒေါ်ရှဲ့တို့ မြည်းစမ်းကြည့်ကြနော်။ ကျွန်တော် အခုပြန်တော့မယ်ဗျို့" 


(*အားချင်းဆိုတာလည်း ရင်းနှီးတဲ့ အခေါ်အဝေါ်တစ်မျိုးပါပဲနော်) 


လီချန်ဖုန်း ခြင်းတောင်းကို ဦးလေးရှဲ့ဆီ ကမ်းပေးလိုက်ကာ အလျင်စလို နှုတ်ဆက်ပြန်သွားတော့သည်။ ရွှီချင်းက အိမ်မှာ သူနဲ့အတူတူ ထမင်းစားဖို့ စောင့်နေတုန်းပဲလေ။ 


"သွားတော့ သွားတော့၊ ကောင်စုတ်ကလေး" 


ဦးလေးရှဲ့က ခြင်းတောင်းထဲက စားစရာတွေကို နှစ်သက်စွာ အနံ့ခံကြည့်လိုက်ကာ ခြံတံခါးကို ​ပျော်ရွှင်စွာ ပိတ်လိုက်လေ၏။ ချင်းကောအာရဲ့ လက်ရာကို မစားရတာ ကြာနေပြီလေ။ 


ညနေခင်း၌ ရွှီချင်း လုပ်ထားတဲ့ တို့ဟူးအစပ်မှာ သူတို့နှစ်ယောက်လုံးကို စိတ်ကျေနပ်စေလျက်။ အိပ်ရာမဝင်ခင်မှာ လီချန်ဖုန်းက မနေနိုင်တော့ဘဲ ပဲတစ်ချို့ကို ရေစိမ်လိုက်လေသည်။ သူစားရတာမဝသေးလို့ သူ့ဘာသူ လုပ်ကြည့်ချင်နေပုံရလေရဲ့။ 


ရာသီဥတုက ပိုအေးလာပြီး ညအချိန်တွေ ခပ်မြန်မြန်ရောက်လာလျက်။ တစ်လခွဲအကြာတွင် ရွှီချင်းက ဤကမ္ဘာ၏ ပထမဆုံးနှင်းများကို တွေ့လိုက်ရလေပြီ။ 


"ဒီနေ့ ခန်ကုတင်နဲ့ နံရံကို အပူပေးကြစို့လေ" 


ယင်းတို့ကြောင့် သူတို့လည်း တစ်နေ့လုံး နွေးနွေးထွေးထွေး နေနိုင်ကြ၏။ ရွှီချင်းက ချည်ဂျာကင်အသစ်ထူထူကြီးကို ဝတ်ဆင်ထားကာ သူ့ကိုယ်သူ ဘောလုံးတစ်လုံးသဖွယ် ပတ်ထားလေသည်။ အရမ်းကြီးတဲ့ ဗိုက်ပူပူ ဘောလုံးလေးပေါ့... 


လီချန်ဖုန်းသည် ရွှီချင်းရဲ့ အနည်းငယ်အေးစက်နေတဲ့ လက်တွေကို ကိုင်ထားပေးကာ ပြတင်းပေါက်နဲ့ ဝေးရာကို ခေါ်သွားလိုက်ပြီး နေ့လည်စာပြင်ဆင်ရန် ထွက်သွားခဲ့၏။ လီချန်ဖုန်းက နွေးထွေးစေအောင်လို့ ခန်ကုတင်နဲ့ အပူနံရံကြားထဲက အကာအရံကိုဖွင့်ပေးခဲ့ပါသေးသည်။ 


ရွှီချင်း တို့ဟူးစားရတာ ငြီးငွေ့လာတဲ့အခါ တို့ဟူးခြောက်လုပ်ရန် တွေးမိသွားခဲ့ပြီး တို့ဟူးခြောက်စားရတာ ငြီးငွေ့လာတဲ့အခါ တို့ဟူးဟင်းချိုလုပ်ခဲ့သည်။  


ယခုအခါ တို့ဟူးဟင်းချိုတောင် မသောက်ချင်တော့ပါချေ။ ဤအချိန်အတောအတွင်းမှာ ရွှီချင်းဟာ ဘာစားစား အရသာမရှိသလို အမြဲခံစားနေခဲ့ရကာ ဟင်းရွက်ချဥ်စားတာတောင်မှ လတ်ဆတ်သလို မခံစားရပေ။ 


အိုး ဟုတ်သား! ရွှီချင်းမှာ တို့ဟူးချဉ်ကို ရုတ်တရက် သတိရသွားလေပြီ! 


တို့ဟူးချဉ်မှာ အရသာရှိလှသလို ထမင်းနဲ့ တွဲဖက်စားရပါက ကောင်းလှသည်။ ထို့​ကြောင့်​ ထို​နေ့​နေ့လည်​စာစားပြီး​သောအခါ လီချန်​ဖုန်းမှာ လုပ်​စရာတစ်​ခုရှိသွားလေပြီ။  


မနေ့က ကျန်နေသေးတဲ့တို့ဟူးကို အတုံးသေးသေးလေးတွေလှီး၍ ခဏကြာအခြောက်လှန်းထားပြီး ပုလင်းသေးတစ်လုံးကိုရှာကာ ဆားနယ်ထားလိုက်သည်။ တို့ဟူး မီးခိုးပြာရောင်ပြောင်းသွားသည့်အခါ တို့ဟူးချဉ် ဖြစ်လာပေမည်။ 


ရွှီချင်းသည် ကြောင်အိမ်ဗီရိုအောက်ရှိ ပုလင်းသေးဆယ်လုံးကို ကြည့်လိုက်ရင်း ကျေနပ်သွားရ၏။ ဒါတွေအားလုံးက သူ့ရိက္ခာတွေပဲကွ! 


"စကားမစပ် ကိုယ့်အချစ်လေးရေ ဝက်ကိုသတ်မယ့်နေ့ကို ရွေးလိုက်ရအောင်လေ။ အေးပြီး နှင်းတွေကျလာတော့ ဝက်စာမြက်တွေလည်း နည်းလာပြီ။ အဲ့လိုဆို ဝက်လည်း ပိန်လာလိမ့်မယ်" လီချန်ဖုန်းက နှစ်သစ်ကူး နီးလာပြီဟု မှန်းဆလိုက်၏။ ထို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကတ်တီ ၂၀၀ ဆူဖြိုးလှတဲ့ဝက်ခြံထဲက အဆီများနေတဲ့ဝက်ကို သတ်ဖို့ အချိန်တန်ပြီပေါ့။ 


"ကောင်းသားပဲ၊ ခင်ဗျားပဲ တစ်ရက်ရွေးပြီးတော့ ကူညီဖို့ ရွာသားနည်းနည်းဖိတ်လိုက်လေနော်" ရွှီချင်းမှာ နှေးကွေးစွာရွေ့လျက် နွေးနွေးထွေးထွေး ပင်မခန်းထဲမှာ ထိုင်လိုက်သည်။ ယခုဆို သူ နည်းနည်းလေး လှုပ်ရှားလိုက်ရင်တောင် အရမ်းပင်ပန်းသလို ခံစားနေရပြီ။ သူ့လက်တွေ ခြေထောက်တွေကလည်း ဖောရောင်နေလျက်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ခြေထောက်ကို သူ့လက်ထဲမှာ ညင်ညင်သာသာ ကိုင်ထားပေးပြီး ဖြေးဖြေးလေး နှိပ်ပေးနေခဲ့၏။ မနေ့ညတုန်းက ရွှီချင်း အကြိမ်ပေါင်းများစွာ ကြွက်တက်ခဲ့သည်လေ။ 


"ဟုတ်ပြီ၊ ဒါဆို ကိုယ် ဦးလေးရှဲ့၊ ဝေ့လောင်အာ့၊ ဦးလေးဝူနဲ့ အစ်ကိုချိုးတို့ကို ကူညီခိုင်းလိုက်မယ်လေ၊ အဒေါ်ရှဲ့ရောပေါ့"  


ရွှီချင်း ခေါင်းညိတ်ကာ သဘောတူလျက် "စကားမစပ် ကျွန်တော်တို့ ဝက်သတ်ပြီးရင် ကျွန်တော်တို့ရဲ့ ညီလေးနဲ့ လီမိသားစုဆီကိုလည်း နည်းနည်းပို့ပေးသင့်တယ်နော်၊ အကိုရှောင်ယွီဆီကိုရောပဲ"


အနှီဝက်မှာ ငယ်ငယ်ကတည်းက ဝိညာဉ်စမ်းရေတွေကို သောက်ခဲ့ရသဖြင့် ၎င်းကိုစားခြင်းဟာ အထူးသဖြင့် ခန္ဓာကိုယ်အတွက် အကျိုးရှိစေပေမည်။ လီမိသားစုခြံဝင်းကို နည်းနည်းပေးရမယ်၊ မဟုတ်ရင် သူတို့က နားပူအောင် နှောင့်ယှက်နေကြဦးမှာ။ လီရှောင်းအာက မြို့ထဲမှာနေနေဆဲဖြစ်သလို တလောတုန်းက ရွှီချင်းအိမ်ကို အလည်လာခဲ့သေးသည်လေ။ 


"ကောင်းပါပြီ၊ မင်း စိတ်မပူပါနဲ့" 


သုံးရက်အကြာတွင် ရွှီချင်းမိသားစုက ဝက်ကို သတ်လိုက်သဖြင့် အနှီကတ်တီ ၂၀၀ရှိတဲ့ ဝက်ဟာ ရွာထဲမှာဆို အတော်လေးကြီးတယ်လို့ သတ်မှတ်နိုင်လေသည်။ "မင်းတို့ ဘယ်လိုများ ပျိုးထောင်ခဲ့တာတုန်း? ဘာလို့ ဒီလောက်ဆူဖြိုးနေရတာလဲကွာ?" ဝေ့လောင်အာ့က ဒီလိုငတ်မွတ်ခေါင်းပါးတဲ့နှစ်မှာ ဒီလောက်ဆူဖြိုးတဲ့ဝက်ကို တစ်ခါမှမမြင်ဖူးခဲ့ပါချေ။ 


လီချန်ဖုန်း အပြစ်ကင်းတဲ့ပုံစံဖြင့် "အတိအကျပြောရရင်တော့ အဲ့ဒီရက်တွေတုန်းက ငါတို့စားသမျှကို ကျွေးတာပဲ။ ဝက်ကို ဗိုက်ဆာပြီး ပိန်သွားအောင်လို့ ဘယ်လိုလုပ်ပြီး ငါတို့ ခွင့်ပြုထားနိုင်မှာတုန်း! အဲ့ဒါက ငါတို့ရဲ့ ဆောင်းတွင်းရိက္ခာပဲလေ!" 


"ကျစ် ကျစ် ကြည့်ရတာတော့ မင်းက လယ်စိုက်တာလည်း တော်ရုံသာမက တိရစ္ဆာန်မွေးမြူတဲ့နေရာမှာပါ ကျွမ်းကျင်နေတာပဲကွာ။ မင်းရဲ့ ခွေး၊ ကြက်တွေနဲ့ မြည်းကို ကြည့်လိုက်စမ်း! ကျစ် ကျစ် သူတို့က အရမ်းထွားကျိုင်းနေကြတာပဲကွာ!" အကိုကြီးချိုးမှာ သားသတ်သမားတစ်ယောက်ပင်။ ဦးလေးလျိုနဲ့ မတူစွာပင် သူကတော့ ဝက်သတ်ရာတွင် ကျွမ်းကျင်လေသည်။ ဒီလိုရာသီရောက်တိုင်း ဝက်သတ်လိုသည့် မိသားစုတိုင်းက သူ့ကို ကူညီခိုင်းဖို့ ဖိတ်ခေါ်ကြမည်ဖြစ်သလို ကံကောင်းစေရန်အတွက် စာအိတ်နီလေးလည်း သူ့ကိုပေးကြလိမ့်မည်။ 


လီချန်ဖုန်း ပြုံးလိုက်ပြီး အများကြီးမပြောခဲ့ပေ။ သူ ကွေးလိုက်ကာ အသက်မဲ့သွားပြီဖြစ်တဲ့ ဝက်ရဲ့ အမွေးတွေကို ရိတ်လိုက်၏။ 


ဒီဝက်က အဆီတွေချည်းပဲဆိုတော့ သူ့ဇနီးလေးစားဖို့ အသားတွေ အများကြီးရပြီကွ! 


လူများများစားစားမရှိပေမယ့် ဆူဖြိုးလွန်းတဲ့ ဝက်ကတော့ လူတွေရဲ့ စိတ်ဝိဥာဥ်ကို တိုးတက်လာစေလျက်။ တက်ကြွတဲ့ တစ်နေ့လည်ခင်းလုံးတွင် သူတို့ အလျင်အမြန် အပြီးသတ်လိုက်ကြပြီး ညနေပိုင်း၌ ဝက်သားစားသောက်ပွဲကြီးလုပ်ကာ အတူတူ ခွက်အနည်းငယ်သောက်ပြီးနောက် လူတိုင်း ပျော်ရွှင်စွာပြန်သွားကြလေသည်။


အားလုံးပြန်သွားပြီးနောက် လီချန်ဖုန်းနှင့် ရွှီချင်းတို့လည်း ဆေးကြောသန့်စင်လိုက်ကာ နွေးထွေးတဲ့ကုတင်ပေါ်တွင် အိပ်စက်အနားယူခဲ့ကြရင်း ရွှီချင်းက "ဒီနေ့ လူတိုင်းက ကျွန်တော်တို့ရဲ့ မီးဖိုနဲ့ နံရံတွေကို ချီးကျူးသွားကြတယ်နော်။ လီကျန်းကို ဒီအကြောင်း ပြောပြသင့်လား?" လို့မေးလိုက်သည်။


လီချန်ဖုန်းသည် ရွှီချင်းရဲ့ ဆံပင်လေးတွေနဲ့ ကစားနေရင်း ခဏလောက် တွေးလိုက်ကာ "အင်း၊ ကိုယ် မနက်ဖြန် မနက်ကျရင် သူ့ကို သွားပြောလိုက်မယ်လေ" 


လူတွေက ဒီအကြောင်းတွေကို သိသွားပြီဆိုကတည်းက တိုက်ရိုက်ပဲ ပြောပြလိုက်တာက ပိုကောင်းတယ်လေ။ မဟုတ်ရင် လီကျန်းနဲ့ ရွာသားတွေ ဘယ်လိုတွေးနေကြမလဲဆိုတာ ဘယ်သူသိမလဲ? တည့်တိုးနဲ့ ပြတ်ပြတ်သားသားပြောလိုက်တာက အကောင်းဆုံးပဲ! 


နောက်တစ်နေ့မနက်တွင် လီချန်ဖုန်းက လီကျန်းဆီသို့ သွားကာ ခန်ကုတင်အကြောင်း ပြောပြခဲ့သည်။ နေ့လည်စာစားပြီးနောက် သူက အသားသုံးပိုင်းဖြင့် မြို့ထဲက လင်းဖန်းလျန်အိမ်နှင့် လီရှောင်းအာနေထိုင်ရာသို့ သွားလိုက်ပြီးမှ လီမိသားစုအိမ်ဆီသို့ သွားခဲ့လေသည်။ 


လီမိသားစုမှာ ဒီတစ်ကြိမ်တော့ အတော်လေး ငြိမ်သက်နေလျက်။ သူတို့က လီချန်ဖုန်း အသားယူလာသည်ကို တွေ့လိုက်ကြတဲ့အခါ အရမ်းပျော်ရွှင်သွားကြလေ၏။ သူတို့ရဲ့ ဝက်က ပိန်လှီလွန်းသဖြင့် သတ်ရန် အနည်းငယ် ဝန်လေးနေခဲ့ကြသည်။ 


အိမ်ပြန်ရောက်သည့်အခါ ရွှီချင်းနှင့် လီချန်ဖုန်းတို့က ဝက်ဆီကျိုလိုက်ကာ သေချာသိမ်းထားခဲ့သည်။ လေအခြောက်ခံဖို့အတွက် အသားအနည်းငယ်ကိုသာ ချန်ထားလိုက်ပြီး ကျန်တာတွေကို အသားခြောက်(မီးခိုးကျပ်တိုက်) ပြုလုပ်ခဲ့လေသည်။ 


ကျေးလက်မိသားစုများအတွက် အသားခြောက်ပြုလုပ်ရသည်မှာ ပို၍အဆင်ပြေလှ၏။ သူတို့က ရက်အနည်းငယ်လောက် မီးကို ထိန်းထား၍ အသားကို ထိုအပေါ်မှာ ချိတ်ဆွဲထားဖို့သာ လိုအပ်ပေသည်။ အချိန်တန်ရင် အောက်ပြန်ချလိုက်ပြီး တစ်ခုခုနဲ့ ထုပ်ပိုး၍  သိုလှောင်ခန်းထဲမှာ သိမ်းထားလိုက်ရုံပင်။ ဤနည်းလမ်းဖြင့် နွေဦးရာသီမှာ သူတို့ အသားစားနိုင်ပေလိမ့်မည်။ 


ရွာသားအားလုံးက ရွှီချင်းမိသားစုမှာ စားဖို့ ဝက်သားတွေရှိသလို နွေးနွေးထွေးထွေး အိမ်တစ်လုံးပါရှိသည့်အတွက် မနာလိုဖြစ်ခဲ့ကြ၏။ သို့သော်လည်း လီကျန်းက အစည်းအဝေးကျင်းပကာ ခန်ကုတင် ဘယ်လိုဆောက်ရသလဲဆိုတာကို ရှင်းပြပေးခဲ့ပြီး ရွှီချင်းနဲ့လီချန်ဖုန်းတို့က တစ်နေရာရာမှ ဒီအကြောင်းကို သင်ယူခဲ့ရကြောင်းကို ပြောပြပြီးသည့်နောက်တွင် ရွာသားတွေက သူတို့အပေါ် သဘောထား ပိုမိုကောင်းလာကြလျက်။ 


ဤဆောင်းရာသီနေ့ရက်များတွင် နွေးထွေးမှုရရှိခြင်းဟာ အသက်ကြီးသူများနှင့် ကလေးများကို ကယ်တင်ခဲ့ခြင်းပါပင်။ ယခင်နှစ်များ၌ ကလေးများနှင့် သက်ကြီးရွယ်အိုများဟာ ဆောင်းရာသီကို မခံနိုင်ကြဘဲ သေဆုံးသွားခဲ့ကြလေသည်။ 


ရွှီချင်းမှာ ပြင်ပစကားသံများကို အာရုံစိုက်ရန် အချိန်မရှိပေ။ ကလေးက တစ်လခွဲအတွင်း မွေးတော့မည်ဖြစ်၍ တစ်လခွဲအတွင်းမှာ ရွှီချင်း အလွန်တရာ စိတ်မအေးနိုင်ဖြစ်နေလျက်။ 


ညညဆို မကြာခဏ အိပ်မက်ဆိုးများမက်လေ့ရှိသလို သူ မမွေးဖွားနိုင်မှာ၊ မွေးဖွားရခက်လိမ့်မှာ၊ ကလေးလေးက မွန်းစတား သို့မဟုတ် တစ်ခုခုဖြစ်နေမှာကိုတောင် စိုးရိမ်ကြောင့်ကြနေခဲ့ရသည်။ ၁၀ရက်ကြာပြီးနောက် ရွှီချင်းမှာ မောပန်းနွမ်းနယ်လာပုံပေါ်ကာ လီချန်ဖုန်းက ပို၍ပင် ခြေကုန်လက်ပန်းကျလာခဲ့၏။ 


အဒေါ်ရှဲ့သိသွားသည့်အခါ ရွှီချင်းကို တိတ်တဆိတ် သင်ပြပေးခဲ့သည်။ အဒေါ်ရှဲ့က ရွှီချင်းကို ဘာပြောလိုက်မှန်း လီချန်ဖုန်း မသိသော်ငြား ထိုနေ့မှစ၍ ရွှီချင်း အစားအသောက်ပြန်ကောင်းလာသလို ညဘက်တွင်လည်း အိပ်မက်ဆိုးတွေ မမက်တော့ပါချေ။ 


တစ်လခွဲကြာပြီးနောက် ညတစ်ည၌ ရွှီချင်းမှာ သူ့ဗိုက်ထဲက နာကျင်လာပြီး မသက်မသာ ခံစားလိုက်ရ၍ ထိုင်လည်းအဆင်မပြေ၊ လှဲအိပ်နေတော့လည်း သက်တောင့်သက်သာရှိမနေဘဲ သူ့နဖူးပေါ်မှာ ချွေးစီးပြန်လာခဲ့သည်။


လီချန်ဖုန်းလည်း တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပေမယ့် ချက်ခြင်းထွက်မသွားရဲသေးသဖြင့် ရွှီချင်းကိုသာ နှစ်သိမ့်ပေးနိုင်၏။ သို့ရာတွင် ရွှီချင်း ဗိုက်နာလာသည်မှာ ပိုဆိုးလာခဲ့ပြီး အောက်ပိုင်းမှ တစ်ခုခုဆင်းလာတာကို ဝိုးတိုးဝါးတားခံစားလိုက်ရကာ အဒေါ်ရှဲ့ ပြောပြခဲ့တာတွေကို စဉ်းစားမိသွား၍ လီချန်ဖုန်းအား အဒေါ်ရှဲ့ကို သွားရှာဖို့ အလျင်စလို ပြောလိုက်ပေသည်။ 


"ကျွန်- ကျွန်တော် မွေးတော့မယ်လို့ ထင်တယ်။ အဒေါ်ရှဲ့ကို မြန်မြန်သွားခေါ်ပေး" ရွှီချင်း နာကျင်လွန်း၍ စကားပြောဖို့တောင် အနိုင်နိုင်ဖြစ်နေရလျက်။ သေစမ်း! ကလေးမွေးရတာက တကယ့်ကို အဆင်မပြေတဲ့ တာဝန်ပဲဟ! 


လီချန်ဖုန်းမှာ သူ့အပြင်ဝတ်အင်္ကျီတောင် ဝတ်ဖို့ အချိန်မရှိတော့ဘဲ အခန်းထဲမှ ခြေဗလာဖြင့် ပြေးထွက်သွားလေ၏။ 


"ခင်ဗျား ဘာလို့ အင်္ကျီနဲ့ ဖိနပ် မဝတ်သွားတာတုန်း? အား အရမ်းနာတာပဲ!" 


ရွှီချင်းမှာ လီချန်ဖုန်း အရူးကဲ့သို့ ပြေးထွက်သွားတာကို ကြည့်နေခဲ့ရ၏။ အပြင်ဘက်၌ နှင်းများထူထဲစွာကျဆင်းနေသဖြင့် လီချန်ဖုန်း အအေးမိသွားမလားဆိုတာ သူမသိတော့ပါချေ! 


အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလျက်။ ခန်ကုတင်ရှိတာ တကယ် ကောင်းတယ်လေ - ညဘက် စောင်တစ်ထည်ပဲ ခြုံထားရင်တောင် သူတို့မအေးတော့ဘူး။ 


"ဘန်း ဘန်း ဘန်း! ဘန်း ဘန်း ဘန်း! ဘန်း ဘန်း ဘန်း!" 


ခြံဝင်းဆီမှ တံခါးခေါက်သံအကျယ်ကြီး ထွက်ပေါ်လာသဖြင့် အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့လည်း ရုတ်ချည်းလန့်နိုးလာခဲ့ကြ၏။ 


ထို့နောက် အလောတကြီးအော်သံကို သူတို့ကြားလိုက်ရလေသည်။ "အဒေါ်ရှဲ့! ကျွန်တော့်ဇနီးလေး မွေးတော့မယ်ဗျို့! ကျွန်တော့်ဇနီးလေး မွေးတော့မယ်! အဒေါ်ရှဲ့ရေ!" 


အဒေါ်ရှဲ့ အိပ်ရာမှ အလျင်စလိုထကာ "မြန်မြန်ထ! ချင်းကောအာ မွေးခါနီး ဗိုက်နာလာပြီ ဖြစ်မယ်!" ဦးလေးရှဲ့လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ့အဝတ်အစားတွေကို အမြန်ဝတ်ကာ အဒေါ်ရှဲ့နောက်ကို သူတို့ပစ္စည်းတွေယူပြီး လိုက်သွားလိုက်တော့သည်။ 


"မင်းတို့တွေက တကယ့်ကောင်တွေပဲကွာ လူငယ်လေးရေ!" 


ဦးလေးရှဲ့ ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့် လီချန်ဖုန်းမှာ အတွင်းဝတ်အင်္ကျီတစ်ထည်သာ ဝတ်ထားလျက် ဖိနပ်မပါဘဲ နှင်းတောထဲမှာ ခြေဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။ 


"ချန်ဖုန်း! မင်း ဘာလို့ အင်္ကျီနဲ့ ဖိနပ်တွေ ဝတ်မလာတာတုန်းကွာ။ အအေးမမိအောင် ဂရုစိုက်လေ!" 


အဒေါ်ရှဲ့ စိုးရိမ်တကြီးပြောလိုက်သော်လည်း လီချန်ဖုန်းမှာ အေးနေမှန်းတောင် မသိပါချေ။ သူ့နှလုံးသားထဲမှာ ပျော်ရွှင်နေကာ ပြာယာခတ်နေလျက် "အဒေါ်ရှဲ့ရေ ကျွန်တော့်ဇနီးလေး မွေးတော့မယ်!" 


"ကျုပ်သိပါတယ် ကျုပ်သိပါတယ်! မြန်မြန်သွားကြစို့! မင်းဘယ်လောက်စိုးရိမ်နေသလဲ ကြည့်စမ်း! မင်း နွေးနွေးထွေးထွေးဝတ်မလာဘဲ ဖိနပ်မစီးဘဲ ဘာလို့ထွက်လာတာတုန်းကွယ်" 


ကိုယ်ဝန်သည်ကောလေးရွှီချင်းက အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့သည်ကို တွေးမိကြရင်း သူတို့လည်း ထီးတောင်မယူတော့ဘဲ ညအမှောင်ထဲ၌ နှင်းတောကြီးမှာ လျှောက်လာခဲ့ကြကာ ရွှီချင်းရှိရာသို့ အပြေးနှင်ကြတော့သည်။ 


"ခင်ဗျားတို့နှစ်ယောက်က ရေနွေးသွားတည်ထား၊ ကျုပ်က ချင်းကောအာနဲ့ အတူတူရှိနေမယ်။ ချန်ဖုန်းရေ အဒေါ်မခေါ်ရင် ဝင်မလာနဲ့နော်!" အဒေါ်ရှဲ့က ဦးလေးရှဲ့နဲ့ လီချန်ဖုန်းတို့ကို သတိပေးပြီးနောက် သူယူလာတဲ့ ပစ္စည်းတွေနဲ့ အခန်းထဲ ဝင်သွားလိုက်သည်။ 


ယခုအချိန်တွင် ရွှီချင်းမှာ အော်တောင်မအော်နိုင်တော့ဘဲ အင်မတန်ဗိုက်နာနေလျက်။ အမျိုးသမီးများအတွက် ဗိုက်နာလာပြီး သားအိမ်ခေါင်းပွင့်လာသည့်အခါ ကလေးမွေးတော့မည်ပင်။ 


သို့ပေသိ ဤနေရာဒေသ၌ ကောတစ်ယောက် ကလေးမွေးဖွားပါက ဝမ်းဗိုက်အောက်ပိုင်းတွင် အနီရောင်မျဥ်းတစ်ကြောင်းရှိပါသည်။ နာကျင်မှုပိုပြင်းထန်လာလေလေ၊ မျဥ်းကြောင်းဟာလည်း ပိုနီရဲလာလေလေဖြစ်ရာ ပိုမိုနီရဲလာသည့်အခါ ကလေးမွေးတော့မည့် လက္ခဏာပြသနေလျက်။ 

(XH: အရင်က ကောတွေ ဘယ်လိုကလေးမွေးတယ်ဆိုတာမျိုးတခါမှမဖတ်ဖူးဘူး။ အခုမှပဲသိရတော့တယ်)


"နည်းနည်းပိုသည်းခံထားဦးနော်။ မျဥ်းကြောင်းအနီက အခုထိ အချိန်မကျသေးဘူး။ မင်းစားဖို့အတွက် ချန်ဖုန်းကို တစ်ခုခုချက်ခိုင်းလိုက်ဦးမယ်။ မင်း အရင်စားထားလိုက်" အဒေါ်ရှဲ့မှာ အနီရောင်မျဥ်းကို အကြိမ်ပေါင်းများစွာ သေချာစစ်ဆေးပြီး အချိန်ကိုခန့်မှန်းလိုက်သည်။ သူက အရမ်းစောနေသေးတယ်လို့ ခံစားရသဖြင့် ရွှီချင်းကို တစ်ခုခုစားထားစေချင်ခဲ့၏။ မဟုတ်ပါက နောက်ပိုင်းမှာ သူ အားနည်းလွန်းနေလိမ့်မည်လေ။ 


ရွှီချင်းမှာ ထိုအကြောင်းတွေနားမလည်ပေ။ သူသိသမျှဟာ အခုဆို သူရေသောက်ဖို့တောင် အရမ်းနာကျင်လွန်းနေခဲ့ရာ စားဖို့ဆိုပြောမနေပါနဲ့တော့။ 


"မစားချင်ဘူး..." 


ရွှီချင်း သူ့ဗိုက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ အားနည်းစွာ ညည်းညူလိုက်၏။ အဒေါ်ရှဲ့ ရယ်လျက် "မင်းစားရမယ်လေ၊ မဟုတ်ရင် နောက်ပိုင်းကျ မင်း အားမရှိပဲနေမယ်" 


ထို့နောက် အဒေါ်ရှဲ့ တံခါးဖွင့်ကာ လီချန်ဖုန်းကို ခေါ်လိုက်ပြီး "မင်းရဲ့မိန်းမအတွက် တစ်ခုခုသွားချက်ခဲ့ပေးဦး၊ အရင်ဆုံး သူတစ်ခုခု စားထားရမယ်။ သကြားအုပ်ထားတဲ့ဥတွေဆိုရင် ပိုကောင်းလိမ့်မယ်ဟေ့"  


ရွှီချင်း၏မိသားစုအခြေအနေမှာ အတော်လေးကောင်းမွန်နေသေးမှန်း အဒေါ်ရှဲ့ သိသောကြောင့် သူတို့ဆီမှာ ကြက်ဥတွေရှိမယ်ဆိုတာ သေချာသဖြင့် သူလည်း တုံ့ဆိုင်းမနေတော့ဘဲ လီချန်ဖုန်းအား မြန်မြန်ချက်ပြုတ်ခိုင်းလိုက်တော့သည်။ 


မကြာခင်မှာပဲ ဦးလေးရှဲ့က အခန်းတံခါးဝဆီ ရေနွေးယူလာပေးရာ အဒေါ်ရှဲ့က အထဲယူသွားလိုက်၏။ သူက ပုဝါကို ရေစွတ်လိုက်ကာ ပုဝါပူနေချိန်မှာပင် ရွှီချင်းဗိုက်ရဲ့ အနီရောင်မျဥ်းကြောင်းပေါ်မှာ ချထားခဲ့သည်။ ရွှီချင်းမှာ အပူဒဏ်နှင့် နာကျင်မှုကို မခံစားရဘဲ ယခင်က ဗိုက်နာတဲ့ခံစားချက်မှာ သိသိသာသာလျော့ကျသွားတာကို ခံစားခဲ့ရပေသည်။ 


"မလှုပ်နဲ့၊ ဒီအတိုင်းနေနော်" အဒေါ်ရှဲ့က ရွှီချင်းရဲ့ခန္ဓာကိုယ် လှုပ်ရှားလာဖို့ ကြိုးစားနေတာကို တားလိုက်၏။ "အဒေါ်ရှဲ့! ကြက်ဥတွေ အဆင်သင့်ဖြစ်ပါပြီ!" လီချန်ဖုန်း အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာရာ အဒေါ်ရှဲ့လည်း အလျင်အမြန်တုံ့ပြန်လျက် တံခါးကိုဖွင့်ပြီး ပန်းကန်ကို ယူလိုက်သည်။  


"ကျွန်တော့်ဇနီးလေး ဘယ်လိုနေလဲဟင်?" လီချန်ဖုန်းက မှီလိုက်ပြီး အခန်းထဲသို့လှမ်းကြည့်လိုက်ပေမယ့် မည်သည့်လှုပ်ရှားမှုမှ သိသိသာသာ မတွေ့ရသဖြင့် သူက အဒေါ်ရှဲ့ကို မေးလိုက်လေသည်။ 


"သူ အဆင်ပြေပါတယ်၊ ဒါပေမယ့် မင်း အခန်းတစ်ခန်းကို ကြိုပြင်ထားသင့်တယ်။ ကလေးမွေးပြီးတာနဲ့ ကလေးလေးကို မင်းချီသွားရမှာလေ" အဒေါ်ရှဲ့က ထိုကိစ္စကို တွေးမိသွားပြီး လီချန်ဖုန်းကို ပြောပြထားလိုက်သည်။ 


လီချန်ဖုန်း အလျင်အမြန် ခေါင်းညိတ်ကာ တာဝန်ကို လုပ်ဆောင်ရန် လှည့်ထွက်သွားခဲ့၏။ အဒေါ်ရှဲ့ တံခါးကိုပိတ်ကာ ရွှီချင်းဘေးမှာ ထိုင်လိုက်ပြီး စားစရာတွေကျွေးလိုက်သည်။ 


ပထမတော့ ရွှီချင်းစားချင်စိတ်မရှိပေမယ့် စားစရာက သူ့ပါးစပ်ဆီ ရောက်လာသည့်အခါ အံ့သြစရာကောင်းလှစွာပင် အနည်းငယ် ဗိုက်ဆာလာသလို ခံစားလိုက်ရ၏။ 


ပန်းကန်လုံးထဲတွင် ကြက်ဥခြောက်လုံး ရှိနေကာ လေးလုံးစားပြီးတဲ့နောက် ရွှီချင်း ကျေနပ်သွားရသလို ခံစားလိုက်ရ၍ "ကျွန်တော် ထပ်မစားနိုင်တော့ဘူး၊ ဒီလောက်အများကြီးမကုန်နိုင်ဘူးနော်" ရွှီချင်းက အဒေါ်ရှဲ့ ကျွေးတာကို ငြင်းပယ်နေခဲ့ကာ အမှန်တကယ်ပင် သူထပ်မစားနိုင်တော့ပါချေ။ 


"ကောင်းပါပြီ၊ မင်းကို အတင်းအကြပ်မလုပ်တော့ဘူး။ ခဏနားလိုက်ဦး၊ ငါ့အထင်တော့ ကလေးမွေးဖို့ တစ်နာရီလိုသေးတယ်" အဒေါ်ရှဲ့က ရွှီချင်းရဲ့ နဖူးပေါ်မှ ချွေးတွေကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်ပြီး ပန်းကန်လုံးကို ဘေးဖယ်လိုက်ကာ အိပ်ရာဘေးမှာ ထိုင်နေရင်း ရွှီချင်း မီးဖွားရန် ဗိုက်နာလာမှာကို စောင့်ဆိုင်းနေလျက်။ 


မူလကတော့ ရွှီချင်း စိတ်လှုပ်ရှားနေသေးပေမယ့် တကယ့်နေ့ ရောက်လာတဲ့အခါတွင် သူဘာကြောင့်ရယ်မသိ၊ အံ့အားသင့်စရာကောင်းလှစွာပင် တည်ငြိမ်နေလျက်။ ဒီလိုနေ့မျိုး အနှေးနဲ့ အမြန် ရောက်လာမည်ကို သူသိနေခဲ့ပါသည်။ 


Thanks for reading!