Ch-67
"အခုဆို လူတွေက စားဖို့တောင် မတတ်နိုင်တော့ဘူးလေ။ ပိုက်ဆံရှာရတာ ဘယ်လိုလုပ်ပြီး လွယ်မှာလဲ၊ ဒီလိုအချိန်မှာ သူ့အတွက် စားဖို့နဲ့ အိပ်ဖို့နေရာပေးရုံနဲ့တင် တော်တော်လေးကောင်းနေပြီကို" လီချန်ဖုန်းမှာ လီမိသားစုကို လီရှောင်းအာလစာအကြောင်း မပြောပြချင်ခဲ့ပေ။ သူ့စကားတွေကြောင့် ခြံဝင်းထဲရှိ လူတွေကို ဗလာကျင်းသွားစေရာ လစာမရှိရင် သူက သူ့မိသားစုကို မကူညီနိုင်ဘူးပေါ့၊ ဒါဆို သူ့မှာ အလုပ်ရှိတာ မရှိတာနဲ့ ဘာများကွာခြားမှာတုန်းဟ!
အမေလီရဲ့ မျက်နှာလည်း နစ်မြုပ်သွားကာ "မင်းသွားပြီးတော့ သူ့ကို မြန်မြန်ပြန်လာခိုင်းလိုက်! လက်မထပ်ရသေးတဲ့ ကောက တခြားသူတွေကို ပြုစုစောင့်ရှောက်ဖို့ မသင့်တော်ဘူး!"
လီချန်ဖုန်း ခေါင်းခါလိုက်ပြီး "ဘယ်လိုကြောင့်များလဲ? ဒါက ကောင်းတဲ့ကိစ္စပဲလေ မဟုတ်ဘူးလား?"
"ဘာများကောင်းလို့လဲ! လေးနက်တဲ့ ကောတစ်ယောက်က သူစိမ်းတစ်ယောက်နဲ့ အချင်းချင်းတောင်မသိကြဘဲ သူ့ကို ပြုစုစောင့်ရှောက်ရမှာလား? သူ့ကို မြန်မြန်ပြန်ခေါ်ခဲ့!" အဖေလီက ဒေါသတကြီးပြောလာခဲ့၏။
"ဟုတ်တယ်၊ ဒီကိစ္စသာ ပြန့်သွားရင်တော့ ရွာသူရွာသားတွေ အတင်းအဖျင်းပြောကြလိမ့်မယ်" အစ်ကိုကြီးလီ၏ ဇနီးဖြစ်သူက အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း အစ်ကိုကြီးလီက သူ့ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
လီချန်ဖုန်း တည်ငြိမ်စွာ ပြုံးလိုက်ရင်း "ဘာလို့ မကောင်းရတာလဲ၊ ကျွန်တော့်ညီလေးက သူအိမ်မှာနေရင် မိသားစုကို ဒုက္ခပေးမှာကို ကြောက်နေတာလေ၊ သူ အများကြီး စားတာကို သူလည်းသိတယ်။ သူ့အလုပ်က ဒီနေရာနဲ့ မဝေးဘူး။ သူလိုချင်တဲ့အချိန်တိုင်း ပြန်လာနိုင်တယ်လေ။ မိသားစုကလည်း သူ့ဝေစုအတွက် စားစရာ ပြင်ဆင်ပေးစရာမလိုဘူးဆိုတော့ ဘာလို့ကောင်းတဲ့ကိစ္စ မဟုတ်ရတာလဲ?"
ဒါကလည်း မှန်ပေသည်။ အဖေလီနှင့် အမေလီတို့ရဲ့ မျက်နှာမှာ သက်သာသွားသော်ငြား အမေလီက "ဒါဆိုလည်း သူ့သဘောပဲပေါ့!"
"ကောင်းပါပြီ။ ဒါဆို ကျွန်တော် ပြန်တော့မယ်" လီချန်ဖုန်း မတ်တပ်ထရပ်ကာ ပြောပြီးသည်နှင့် မြည်းလှည်းပေါ် တက်လိုက်သည်။
အမေလီက ဝဖြီးသန်မာနေတဲ့မြည်းကို ကြည့်ရင်း မပြောဘဲမနေနိုင်တော့ပါချေ။ "ဒီမြည်းက ငါတို့ဝက်လေးတွေထက် ပိုကြီးမြန်တာပဲ။ အများကြီးကျွေးရမှာဆိုတော့ မင်းတို့အတွက် ပြဿနာမဖြစ်ဘူးလား?"
"ဒါက သိပ်ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ ဘဝဟာ သူ့အပေါ်မှာ မူတည်တယ်လေ။ လမ်းမှာ လူနည်းနည်းလောက် လိုက်ပို့နိုင်ရင် အပိုဝင်ငွေရှာနိုင်တယ်။ ကောင်းပါပြီ၊ ကျွန်တော်သွားပြီ!"
လီချန်ဖုန်းက အမေလီရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်မလိုက်ဘဲ သူ့ဘာသာသူ ဆက်သွားလိုက်သည်။ (Me: အမေလီစကားလမ်းကြောင်းနောက် လိုက်မပြောဘဲ သူ့ဘာသူ စကားဖြတ်လိုက်တာကို ပြောတာပါနော်)
အမေလီရဲ့အစီအစဉ်မှာ သိမ်ဖျင်းကာ သူ အသားစားချင်ကြောင်း ဒုတိယသားကို တိုက်ရိုက်မပြောနိုင်သည့်အတွက် ဒေါသထွက်နေလေရဲ့။
***
"ဒီတော့ ဒီလိုဖြစ်ခဲ့တာပေါ့လေ။ အဲ့လိုဆိုမှတော့ ကျွန်တော်တို့ ရှောင်းအာဆီ ခဏခဏ သွားလည်ကြမယ်လေ" လီချန်ဖုန်းဆီမှ လီရှောင်းအာရဲ့ ဇာတ်လမ်းကို ကြားပြီးနောက် နောက်ဆုံးမှာတော့ ရွှီချင်း စိတ်သက်သာရာရသွားတော့သည်။
"ဟုတ်ပါပြီ ကိုယ်သိပါတယ်၊ မင်းစိတ်ချနေနော်" လီချန်ဖုန်းသည် လီမိသားစုခြံဝင်းထဲ၌ ပြောခဲ့တာတွေကို တွေးရင်း လီရှောင်းအာအား လစာတွေကို အိမ်ဆီ ရူးမိုက်စွာ မပေးပစ်ရန် ပြောဖို့ ဆုံးဖြတ်လိုက်၏။ လီရှောင်းအာလည်း အိမ်ထောင်ပြုရန် ပြင်ဆင်ရမည့်အရွယ်ဖြစ်သောကြောင့် သူကိုယ်ပိုင်ငွေ ပိုမိုစုဆောင်းထားရန် လိုအပ်ပေသည်။
***
အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်သွားသလို ရာသီတွေလည်း ကူးပြောင်းသွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှီချင်းရဲ့ ဗိုက်ဟာ ငါးလကနေ ရှစ်လအထိ ကြီးထွားလာခဲ့ပြီး နောက်နှစ်လအကြာမှာ ကလေးလေးရောက်လာတော့မည်ဖြစ်၏။ ယခု နိုဝင်ဘာလဖြစ်၍ ရာသီဥတု အေးစပြုလာခဲ့တာ တစ်လကြာခဲ့လေပြီ။
သတင်းကောင်းကတော့ ပြီးခဲ့တဲ့လက မိုးစတင်ရွာသွန်းလာခဲ့သည်ပင်။ လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေ အကုန်သေကုန်ကြသော်ငြား လယ်သမားတွေရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်လာခဲ့တဲ့ မိုးရွာသွန်းလာခဲ့ချေပြီ။
ထိုလ၌ လီချန်ဖုန်း လယ်ကွင်းများဆီ တစ်ဖန်ပြန်သွားကာ မြေဆီလွှာကိုလည်း ရေပေးခဲ့သည်။ ကောက်နှံအသစ်တွေက ပြဿနာမရှိသဖြင့် လယ်ကွင်းအတွက် အခြေအနေကောင်းလာပြီလို့ ဆိုနိုင်ပေ၏။
ရွာအပြင်ဘက်ရှိ မြစ်ရေ ပြန်တက်လာခဲ့သလို ရွာသူရွာသားတွေရဲ့ အပြုံးတွေလည်း ပြန်ပေါ်လာခဲ့ပြီ။ ယခုရက်ပိုင်းတွင် လီချန်ဖုန်းလည်း ဆောင်းရာသီ၌ သူတို့မိသားစုလေး ပူပူနွေးနွေးဟင်းလျာများကို စားသုံးနိုင်စေရန်အတွက် လယ်ကွင်းမှာ ဟင်းသီးဟင်းရွက်များနှင့် နှံစားပင်တို့ကို စိုက်ပျိုးလျက်။
အထူးသဖြင့် ရွှီချင်းကို အံ့အားသင့်သွားစေသည်မှာ ဤကမ္ဘာကြီးတွင် အာလူးတွေရှိနေခဲ့၍သာ! ၄င်းတို့ ရှင်သန်နိုင်သည်ဖြစ်စေ မရှင်သန်နိုင်သည်ဖြစ်စေ သူဂရုမစိုက်ပေ။ ဘယ်လိုဖြစ်ဖြစ် သူ့မှာ ဝိညာဉ်စမ်းရေရှိသောကြောင့် သူက လီချန်ဖုန်းကို အာလူးမြေတစ်မူ၊ ကန်စွန်းဥမြေတစ်မူ စိုက်ပျိုးစေခဲ့သည်!
ထိုကာလအတွင်း ရွှီချင်း အားသည့်အခါတိုင်း တိတ်တိတ်ကလေး လယ်ကွင်းတွေဆီ လှည့်ပတ်သွားကာ မြေကြီးပေါ်သို့ ဝိညာဉ်စမ်းရေ ချခဲ့လိုက်သည်။
ယခုအခါ ကန်စွန်းဥအပင်ပေါက်နှင့် အာလူးအပင်ပေါက်များ အမြောက်အမြား ပေါက်ရောက်လာသည်မို့ ရွာသားတွေက မြင်သည့်အခါ ပို၍ပင် မျှော်လင့်ချက်ရှိလာကြလျက်။
ယခုအချိန်တွင် ဒီလိုအမြစ်ပါတဲ့ ကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်ဆဲဖြစ်ရာ သူတို့ရဲ့ ဆောင်းရာသီဟာ သိပ်ခက်ခဲတော့မည် မဟုတ်ပေ။
ထို့ကြောင့် ရွာသားတွေလည်း ရွှီချင်းမိသားစုကဲ့သို့ အာလူးနှင့် ကန်စွန်းဥများကို စတင်စိုက်ပျိုးခဲ့ကြသည်။ ရွှီချင်းလည်း အရဲစွန့်စွာဖြင့် ရွာရှိ အဓိကရင်းမြစ်ဖြစ်တဲ့ ဆည်မြောင်းရေထဲသို့ ဝိညာဉ်စမ်းရေအချို့ကို လျှို့ဝှက်စွာ ချပေးခဲ့ရပေသည်။ ဤနည်းဖြင့် အိမ်ထောင်စုတိုင်း စိုက်ပျိုးထားတဲ့ အာလူးနှင့် ကန်စွန်းဥတွေက အညှောက်ပေါက်လာခဲ့လေပြီ။
ယခုဆို ရွှီချင်းရဲ့ ဝမ်းဗိုက်မှာ ကြီးမားနေပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ဗိုက်မှလွဲ၍ နေရာတိုင်း သေးသွယ်နေဆဲ။ အဝေးကနေကြည့်ပါက ဝမ်းဗိုက်ကိုသာ မြင်နိုင်ပေသည်။ အဲ့ဒါက နည်းနည်းတော့ ကြောက်စရာကောင်းတဲ့ပုံပေါ်တယ်လို့။
ရွှီချင်း အများကြီးစားသော်ငြား အစာအိမ်ကပဲ အားလုံးကို စုပ်ယူလိုက်သည့်အလား ဝမ်းဗိုက်ပဲ တဖြည်းဖြည်းကြီးလာခဲ့ကာ သူ့အသွင်အပြင်ကတော့ အများကြီးမပြောင်းလဲသွားခဲ့ပါချေ။
သို့သော် လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို ပို၍အံ့သြသွားစေသည်မှာ သူ့ဗိုက်ထဲက ကလေးလေးက အရမ်းတက်ကြွနေသလို "သူ့လက်သီးလေးတွေ၊ ခြေဖဝါးလေးတွေကို ဆန့်နေ"ခဲ့ကာ သူဘယ်လောက်သန်မာပြီး တက်ကြွကြောင်း သူ့မိဘအသစ်တွေကို တစ်ချိန်လုံး အသိပေးနေခဲ့သည်ပင်။
လီချန်ဖုန်း အိမ်ပြန်ရောက်သည်နှင့် ရွှီချင်းက သူ့ခါးနဲ့ ဗိုက်လေးကို ပွတ်နေသည်ကို တွေ့လိုက်ရ၏။
"မင်းကို ထပ်ကန်ပြန်ပြီလား?"
ရွှီချင်း ခေါင်းညိတ်ပြလိုက်ကာ "အဲ့ဒါတင်မဟုတ်ပါဘူး။ ကလေးလေးက ဒီနေ့ ကျွန်တော့်ကို ဆယ်ခါထက် ပိုမကန်တော့တာ အံ့သြစရာပဲဗျ!" လှုပ်ရှားမှုတွေကပေါ့ပါး၍ မနာကျင်သော်လည်း ရံဖန်ရံခါ အားနဲ့ကန်တဲ့အခါ အင်မတန်နာကျင်သည်လေ!
လီချန်ဖုန်း ရွှီချင်းရဲ့ဗိုက်ပေါ်သို့ သူ့လက်ကိုတင်လိုက်ကာ ကလေးလေးက ထပ်ကန်လိုက်သည်ကို သူခံစားလိုက်ရ၍ အရူးလိုပြုံးနေသည်မို့ ရွှီချင်းက သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး "ရယ်မနေနဲ့တော့! ကျွန်တော့်ကို ကူပေးဦး၊ နွေးသွားအောင်လို့ အထဲဝင်မလို့"
ခန်ကုတင်ရှိသော်လည်း အခုမှစအေးလာတာကြောင့် ရွှီချင်းလည်း ၎င်းကို စတင်အသုံးမပြုလိုသေးပေ။ မဟုတ်ပါက နောက်ပိုင်းအေးလာတဲ့အခါ သူ အပြင်ထွက်ချင်တော့မှာမဟုတ်ဘူးလေ။
"ဒီနေ့ အဒေါ်ရှဲ့က အစ်ကိုရှောင်ယွီအကြောင်း ပြောပြတယ်" ရွှီချင်း အိပ်ရာနွေးနွေးလေးပေါ်မှာ လဲလျောင်းနေပြီး သီချင်းညည်းချင်နေပေမယ့် ယနေ့ အဒေါ်ရှဲ့ပြောခဲ့တဲ့စကားတွေကို သတိရကာ လီချန်ဖုန်းကို ပြောပြလိုက်၏။
"သူက ကလေးကိစ္စ စိုးရိမ်နေပြန်ပြီလား?" လီချန်ဖုန်းမှာ အဒေါ်ရှဲ့ စိုးရိမ်ပူပန်နေသည့်ကိစ္စကို ခန့်မှန်းနေစရာတောင်မလိုခဲ့။
ရှဲ့ကောအာမှာ လင်းမိသားစုထဲကို လက်ထပ်ဝင်ခဲ့တာ နှစ်ဝက်ကျော်ရှိသွားခဲ့သော်လည်း သူ့ဗိုက်ထဲတွင် ဘာလှုပ်ရှားမှုမှ မရှိသေး၍ အဒေါ်ရှဲ့ကို စိုးရိမ်ပူပန်စေသည် !
ရှဲ့ယွီခန္ဓာကိုယ်မှာ သမားတော်ကြီးလင်း၏ စောင့်ရှောက်မှုအောက်တွင်ရှိသလို ရွှီချင်းကလည်း ယခင်က သူ့ကို ဝိဥာဥ်စမ်းရေတိုက်ထားခဲ့ပါသေးသည်။ လင်းဖန်းလျန် သူ့အပေါ် ကြင်နာလွန်းသည်ကိုပါ ပေါင်းစပ်လိုက်ပါလျှင် ရှဲ့ယွီက သက်တောင့်သက်သာနဲ့ ကျန်းကျန်းမာမာနေထိုင်ခဲ့ရသော်ငြား သူကိုယ်ဝန်မဆောင်နိုင်သေး။ ရှဲ့ကောအာမှာ ဖိအားများလာပြန်ရာ ကလေးမရှိလည်း အဆင်ပြေပါတယ်လို့ လင်းဖန်းလျန်ပြောတာတောင်မှ သူလွှတ်မချနိုင်သေးချေ။
"အစ်ကိုရှောင်ယွီရဲ့ စိတ်က တအားလေးလံနေတယ်လို့ ကျွန်တော်ထင်တယ်နော်!" ရွှီချင်းမှာ ယခင်က ကိစ္စတစ်ခုကို ကြားဖူးခဲ့လေ၏ - ယင်းမှာ လူတစ်ယောက်က ကိုယ်ဝန်လိုချင်လေလေ သူတို့ရနိုင်ခြေနည်းလေပဲ၊ သူတို့ကိုယ်ဝန်မရနိုင်လေလေ အတွေးပိုများလာကာ ပိုစိုးရိမ်ပူပန်လာမှာပဲတဲ့။
ယင်းသည်ကား အနှုတ်လက္ခဏာဆောင်တဲ့ သံသရာဖြစ်သလို စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ သဘာဝအတိုင်းအံ့ဖွယ်မဖြစ်လာနိုင်ရာ သူတို့ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရလာနိုင်မှာလဲ!
"ဟုတ်ပါတယ်၊ စကားမစပ် ဒီည မင်းဘာစာချင်လဲ?" လီချန်ဖုန်း စိတ်ထဲတွင် အရေးကြီးဆုံးမှာ ရွှီချင်းပင်။
"ကျွန်တော်တို့ ဘာစားကြမလဲ?"
ဒီရက်ပိုင်း ရွှီချင်းမှာ သူ့ရဲ့အစာစားချင်စိတ် ရုတ်တရက် ကျဆင်းသွားမှန်း တကယ်မသိခဲ့။ "ဒါဖြင့် ကျွန်တော်တို့ဝယ်ထားတဲ့ ပဲပုပ်တွေ ဘယ်မှာလဲ ? ! " ရွှီချင်း ရုတ်တရက် တို့ဟူးကို တွေးမိသွားရလျက်!
"ဂိုဒေါင်မှာပဲ၊ မင်း စားချင်လို့လား? ကိုယ်ချက်ပေးမယ်နော်!" ပဲပုပ်တွေကို ပြုတ်ပြီးတာနဲ့ စားလို့ရပြီလေ။
"ချက်စရာမလိုပါဘူး၊ ကျွန်တော် ခင်ဗျားကို ဟင်းလျာအသစ်လုပ်နည်း သင်ပေးမယ်! ပဲပုပ်သုံးပန်းကန်လုံးလောက် သွားခပ်ခဲ့နော်။ ကျွန်တော်တို့က မလိုချင်တဲ့ ပဲတွေကို ရွေးထုတ်ပြီး ကျန်တာကို ရေစိမ်ထားရုံပဲ။ တစ်ညသိပ်ထားပြီးမှ မနက်ဖြန် လုပ်လို့ရမှာလေ။ ဒီညတော့ ကြက်ဥကြော်ပဲ စားလိုက်ကြတာပေါ့။ ကိတ်မုန့်ရောပဲနော်" ဤအတောအတွင်း လီချန်ဖုန်းရဲ့ဟင်းချက်စွမ်းရည်မှာ ရွှီချင်းရဲ့ လမ်းညွှန်မှုအောက်တွင် ပိုကောင်းလာလေပြီ။
တိုဟူးပြုလုပ်ရန် ပဲတွေကို ရွေးချယ်ခြင်းမှာလည်း အလွန်အရေးကြီးလှ၏။ လီချန်ဖုန်း မကောင်းတဲ့ပဲတွေ၊ သဲမြေတွေ၊ စသဖြင့် အညစ်အကြေးအမျိုးမျိုးကို ဆန်ခါဖြင့် ဖယ်ထုတ်လိုက်ပြီး ရေစိမ်လိုက်ရာ ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာတဲ့ အညစ်အကြေးတွေကို ထပ်မံဖယ်ရှားလိုက်ပြန်သည်။ ရေပမာဏမှာ ပဲတွေ မြုပ်နေဖို့ လုံလောက်ရုံသာ။
"ရေစိမ်ထားတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ရေက ပဲတွေကို နောက်ပိုင်းမှာ အရသာမထိခိုက်လာအောင်၊ အချဥ်ဖောက်လာပြီး အနံ့မနံလာအောင် ကာကွယ်ပေးနိုင်တယ်လေ။ ရေစိမ်တဲ့အချိန်ကတော့ အပူချိန်ပေါ်မူတည်ပြီး ကွဲပြားသွားမှာ။ ယေဘုယျဆိုရင်တော့ နွေရာသီမှာ ပဲတွေကို ရေစိမ်ဖို့ နှစ်နာရီကနေ သုံးနာရီလောက်ကြာတယ်၊ ဆောင်းရာသီဆိုရင်တော့ လေးနာရီကနေ ခြောက်နာရီအထိ ကြာတတ်တယ်" ရွှီချင်းလည်း လီချန်ဖုန်း ပဲတွေထဲရေထည့်နေသည်ကိုကြည့်ရင်း လုပ်ငန်းစဉ်အကြောင်းပြောပြလိုက်ကာ ရေပမာဏကို ညွှန်ပြလိုက်၏။
ဒုတိယနေ့ မွန်းလွဲပိုင်း၌ ရွှီချင်းက ရေစိမ်ထားတဲ့ ပဲပုပ်တွေကို ကြိတ်ချေရန်အတွက် ကျောက်တုံးကြိတ်စက်ကိုသုံးဖို့ လီချန်ဖုန်းအား ပြောလိုက်ရာ ရွှီချင်းရဲ့ ညွှန်ကြားချက်အရ ပဲပုပ်နဲ့ရေကို ရောကြိတ်ပြီး "ကြိတ်တဲ့အခါမှာ မှတ်ထားရမှာက ပဲနဲ့ ရေကို ဆတူထည့်ရမယ်၊ ပြီးတော့ ကြိတ်တဲ့အရှိန်ကလည်း ညီနေရမှာ၊ အဲ့ဒါမှ နူးညံ့ကောင်းမွန်တဲ့ပဲနို့ကို ကြိတ်နိုင်မှာနော်"
လီချန်ဖုန်း ခြေလှမ်းအနည်းငယ် လွဲချော်သွားမည်ကို စိုးရိမ်မိသောကြောင့် လေးနက်စွာ လုပ်ဆောင်ခဲ့သည်။ ရွှီချင်းက ခပ်ပါးပါးချည်ပိတ်စကျဲတစ်ပိုင်းကို ရှာတွေ့ခဲ့ကာ စစ်ထုတ်ရန်အတွက်သုံးခိုင်းလိုက်ပြီး ပဲနို့ကို ရေနွေးထဲထည့်၍ ကောင်းစွာရောမွှေကာ ပိတ်စထဲသို့ထည့်ပြီး ပိတ်စကိုမလျက် လက်ဖြင့်လှုပ်ခါလိုက်ကာ အရည်ပျစ်ပျစ်ထွက်လာသည်အထိ စောင့်ဆိုင်းရင်း အရည်ပျစ်ပျစ်တွေအားလုံး ကုန်စင်သွားသည်အထိ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ လုပ်ဆောင်စေခဲ့သည်။
အိုးထဲက ဖြူဖြူအရည်တွေကို ကြည့်ပြီး လေထဲမှာ ပဲနို့ဆီကနေ ထွက်လာတဲ့ထူးခြားတဲ့ပဲနံ့သင်းသင်းလေးကို ရလိုက်သဖြင့် ရွှီချင်း အရမ်းကျေနပ်သွားရလျက်။ အခုတော့ သူတို့ အရသာရှိတဲ့တို့ဟူးကို စားလို့ရပြီပေါ့။
နောက်ဆုံးအဆင့်ကတော့ ပဲနို့ချက်ဖို့ပါပဲ။ ရွှီချင်းက လီချန်ဖုန်းအား စစ်ထုတ်ထားတဲ့ ပဲနို့စိမ်းကို အိုးထဲသို့ထည့်ကာ မျက်နှာပြင်ပေါ်သို့ ပဲနို့အမြှုပ်တွေ ဆူပွက်လာသည်အထိ အပူပေးပြီး ပြုတ်ခိုင်းလိုက်သည်။
ရွှီချင်း ပဲနို့ပူပူ ပန်းကန်လုံးကြီးနှစ်လုံးစာ ခပ်၍ သကြားထည့်ကာ အရည်ပျော်သည်အထိ မွှေလိုက်ပြီးမှ တစ်ပန်းကန်ကို လီချန်ဖုန်းအား ကမ်းပေးလိုက်ရင်း "လာမြည်းကြည့်ဦး"
လီချန်ဖုန်း ပန်းကန်လုံးကို ယူလိုက်ပြီး လေမှုတ်လိုက်သည့်အခါ ထူးခြားတဲ့အနံ့လေးတစ်ခုမှာ သူ့နှာဖျားဝဆီသို့ ရောက်လာလျက်။ အရင်ဆုံး တစ်ငုံမြည်းကြည့်လိုက်ရာ သူ့မျက်လုံးတွေ တောက်ပသွားပြီး သူ့လျှာအပူလောင်သွားမှာကိုတောင် ဂရုမစိုက်တော့ဘဲ ဂလု ဂလုမြည်အောင် အကုန်သောက်ပစ်လိုက်တော့သည်။
"ဘယ်လိုလဲ?"
ရွှီချင်း မေးလိုက်ရာ လီချန်ဖုန်းက ခေါင်းညိတ်ပြနေရင်း အိုးထဲမှ နောက်တစ်ပန်းကန် ထပ်ခပ်ကာ သကြားထည့်နေပြန်သည်။
သူ့ကိုကြည့်ရတာ အိုးထဲက ပဲနို့အားလုံးကို သောက်ပစ်ချင်နေတဲ့ပုံပဲဟ!
"ရပ်၊ ရပ်၊ ရပ်!"
ရွှီချင်းလည်း လီချန်ဖုန်းရဲ့ လှုပ်ရှားမှုတွေကို အမြန်တားလိုက်ရာ "ဘာဖြစ်လို့လဲ?" လီချန်ဖုန်းမှာ ရပ်တန့်သွားပြီး စိတ်ရှုပ်ထွေးစွာ မေးလာခဲ့၏။ "ဒါက သရေစာလေးတစ်ခုပါပဲ။ ကျန်တာက သောက်ဖို့ချည်းပဲ မဟုတ်ဘူးဗျ။ ကျွန်တော်ပြောတာ နားထောင်ဦး"
ဤပဲနို့က အရမ်းအရသာရှိပေမယ့် တခြားအရာတွေ လုပ်လို့ရနိုင်သေးတယ်ပေါ့လေ။ လီချန်ဖုန်းမှာ မျှော်လင့်ချက်အပြည့်တို့ဖြင့်...
လီချန်ဖုန်းလည်း ရွှီချင်းစကားကို နာခံကာ သူခပ်လိုက်တဲ့ ပဲနို့တွေကို အိုးထဲသို့ ပြန်လောင်းချလိုက်ပြီး သကြားထည့်လိုက်တဲ့ပန်းကန်ကိုသာ ချန်ထားလိုက်၏။
တို့ဟူးပြုလုပ်ရန် ကြိတ်ချေထားတဲ့ ခပ်ပျော့ပျော့ပဲအနည်းငယ် လိုအပ်ပါသည်။ ပြုတ်ထားတဲ့ပဲနို့ကို အိုးထဲမှ ခပ်လိုက်ကာ အနည်းငယ် အအေးခံထားရင်း အေးသွားတဲ့အခါ အနှစ်ကို စတင်ပြင်ဆင်နိုင်လေပြီ။
ပဲနို့ကို ဇွန်းသေးသေးလေးနဲ့ မွှေလိုက်ပြီး ဆားနဲ့ ဆားရည်ကို ဖြည်းဖြည်းချင်းထည့်လိုက်ကာ ပဲနို့တွေက ဇွန်းမှာကပ်နေခဲ့ပါက ဆားနှင့် ဆားရည်ထည့်တဲ့အရှိန်နဲ့ ရောမွှေနေတာကို နှေးလိုက်ရပေမည်။ ပဲနို့က လက်သည်းအရွယ် တို့ဟူးအတုံးများဖြစ်လာတော့မှသာ မွှေနေတာကို ရပ်တန့်ပြီး အိုးကို အဖုံးအုပ်ကာ ၁၅မိနစ်ခန့် ထားထားရမည်ဖြစ်သည်။
ဤအချိန်ကို အခွင့်ကောင်းယူ၍ ရွှီချင်းက လီချန်ဖုန်းအား ယနေ့နံနက်တွင် အထူးပြုလုပ်ထားတဲ့ သစ်သားလေးထောင့်ပြားကို ဆေးကြောပြီး ဘေးဖယ်ထားပေးရန် တောင်းဆိုခဲ့သည်။ စောစောက ဖယ်ထားတဲ့ အရောအနှောမှ အရည်တွေကို လေးလံတဲ့အရာတစ်ခုဖြင့် ညှစ်ထုတ်လိုက်၏။ ယေဘုယျအားဖြင့် ၎င်းကို အလွန်ခြောက်သွေ့သွားအောင် မဖိသင့်ပါချေ။ မဟုတ်ပါက ယင်းမှာ တို့ဟူးမဟုတ်တော့ဘဲ တို့ဟူးခြောက်ဖြစ်သွားပေလိမ့်မည်။
ခဏအကြာတွင် လီချန်ဖုန်း ချည်ပိတ်စကို ဖွင့်လိုက်ပြီး သူ့ရှေ့တွင် နူးနူးညံ့ညံ့ဖြူဖြူဖွေးဖွေးတို့ဟူးတွေကို တွေ့လိုက်ရ၏။ ရွှီချင်းက အပိုင်းလေးကို ဖြတ်လိုက်ကာ ပါးစပ်ထဲ ထည့်လိုက်ရင်း "အွန်း၊ ဒီအရသာပဲကွ!" ပြီးတော့ အခုဟာက မော်ဒန်ခေတ်ကထက် ပိုအရသာရှိတယ်ဟ!
"ခင်ဗျားလည်း မြည်းကြည့်လေ၊ ဒါလုပ်ပြီးသွားပြီ" ရွှီချင်းက လီချန်ဖုန်းကို တို့ဟူးစားကြည့်ခိုင်းလိုက်၍ လီချန်ဖုန်း အပိုင်းသေးသေးလေးယူကာ မြည်းကြည့်လိုက်ရာ အတန်ငယ် မျက်မှောင်ကြုတ်သွားလျက်။
"ခင်ဗျား မကြိုက်ဘူးလား?"
ရွှီချင်းက လီချန်ဖုန်းရဲ့ အရသာခံဖုတွေဟာ အတော်လေးအငန်ကြိုက်တာပဲလို့ မှတ်မိသွားသဖြင့် ဒီတို့ဟူးက နည်းနည်းပေါ့တဲ့အရသာမို့လို့ သူမကြိုက်ဘူးဆိုတာ ပုံမှန်ပါပဲလေ။
လီချန်ဖုန်းမှာ ကြိုက်လား၊ မကြိုက်ဘူးလား ဆိုသည်ကို မပြောနိုင်ဘဲ "အရသာက နည်းနည်း ထူးဆန်းနေတယ်လို့ ကိုယ်ထင်လို့ သေချာမပြောတတ်ဘူး"
"ရပါတယ်၊ ခင်ဗျားကြိုက်တဲ့ အရသာကို ကျွန်တော်တို့ လုပ်လို့ရတယ်" ရွှီချင်းက နောက်တစ်ပိုင်းကို ဖြတ်လိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်ပြန်၏။ အမ်း... အရသာရှိလိုက်တာကွာ!
လီချန်ဖုန်းအတွက် ပထမဆုံးအကြိမ်လုပ်ရတာမို့ အတွေ့အကြုံမရှိမှာကို ရွှီချင်းစိုးရိမ်မိ၍ သူကိုယ်တိုင်လုပ်ကာ လီချန်ဖုန်းက ဘေးကနေ ကူညီပေးခဲ့သည်။ သူ တို့ဟူးအစပ် လုပ်တော့မှာလေ!
အဒေါ်ရှဲ့နှင့် တခြားသူတွေကို မြည်းစမ်းကြည့်ခိုင်းဖို့ တွေးမိရင်း ရွှီချင်းက တို့ဟူးအတုံးကြီးကိုယူကာ တို့ဟူးကို အတုံးလေးတွေ လှီးလိုက်ပြီး နောက်အသုံးပြုရန်အတွက် ရေဆေးထားကာ ငရုတ်သီးနှင့် ကြက်သွန်ဖြူတွေကိုလည်း သေးသေးလေး လှီးထားခဲ့သည်။
ကန်စွန်းဥမှုန့်ကို ပြင်ဆင်ပြီးတဲ့အခါ လီချန်ဖုန်း ယူလာခဲ့တဲ့ နုပ်နုပ်စင်းထားတဲ့ အသားထဲမှ အသားနည်းနည်း ဖြတ်ယူလိုက်ပြီးမှ ဝိုင်တစ်ဇွန်းနဲ့ ဆားတစ်ဇွန်းထည့်ကာ ၁၅မိနစ်ခန့် နှပ်ထားပြီးနောက် လီချန်ဖုန်းကို မီးမွှေးခိုင်းလိုက်တော့သည်။
အိုးပူလာသည့်နောက် ရွှီချင်းက အိုးထဲ ဆီထည့်လိုက်ပြီး ပြင်ဆင်ထားတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကာ အနံ့မွှေးလာသည်အထိ ကြော်ပြီးနောက် နှပ်ထားတဲ့အသားတွေကိုလည်း အိုးထဲထည့်ရင်း အနံ့မွှေးလာသည်အထိ ဆက်မွှေကြော်နေခဲ့၏။
သည့်နောက် ရွှီချင်းက ပြင်ဆင်ထားတဲ့ ကန်စွန်းဥမှုန့်ကို အိုးထဲသို့ လောင်းထည့်ပြီး ရေအသင့်အတင့်လောင်းကာ ပွက်ပွက်ဆူလာသည်အထိ မွှေနေပြီးနောက် လှီးထားတဲ့တို့ဟူးတွေကိုလည်း ထည့်လိုက်ပြီး အကြိမ်အနည်းငယ် မွှေကြော်လိုက်သည်။
ပြီးနောက် ပန်းကန်လုံးနှစ်လုံးထဲသို့ ထည့်လိုက်ကာ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးလိုက်ရာ လှပမွှေးကြိုင်တဲ့ တို့ဟူးအစပ်နှစ်ပန်းကန်လုံးကြီး အဆင်သင့်ဖြစ်သွားပါပြီ။
"ခင်ဗျား ဒီပန်းကန်ကို အဒေါ်ရှဲ့တို့အိမ်ဆီ ယူသွားပေးလိုက်ဦး၊ အဲ့ဒီအချိန်မှာ ကျွန်တော် ဟင်းချိုတစ်ခွက်လုပ်ထားလိုက်မယ်။ ခင်ဗျားပြန်လာတာနဲ့ အဆင်သင့်ဖြစ်စေရမယ်"
ရွှီချင်းသည် အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့အတွက် တို့ဟူးအစပ်တစ်ပန်းကန်ကို ခြင်းတောင်းထဲထည့်ပြီး သန့်ရှင်းတဲ့အဝတ်စဖြင့်ဖုံးကာ လီချန်ဖုန်းကို လွှတ်လိုက်လေ၏။
လီချန်ဖုန်း အိုးကို လျင်မြန်စွာဆေးကြောသန့်စင်လိုက်ပြီးနောက် မီးကို လျှော့ပေးလိုက်ကာ ရွှီချင်းအတွက် ဟင်းချိုချက်ရန် ကြက်ဥတွေကို ကူညီပြင်ဆင်ပေးလိုက်ပြီးမှ ခြင်းတောင်းကိုသယ်ကာ ရွာထဲ လျှောက်သွားတော့သည်။
ထိုအချိန်တွင် အဒေါ်ရှဲ့မှာ ဦးလေးရှဲ့နှင့်အတူ ချက်ပြုတ်နေရင်း ဝမ်းနည်းမှုအပြည့်နှင့် "ခင်ဗျားဘာတွေပြောနေတာလဲ! အဲ့ဒီတုန်းက မာမိသားစုကြောင့်သာ မဟုတ်ခဲ့ရင် ကျုပ်တို့သားက ဒီလိုဖြစ်မှာမဟုတ်ဘူး"
Thanks for reading!