ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၆)
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဒုတိယသားရဲ့ မိသားစုအတွက်လည်း လွယ်တာမဟုတ်ဘူးလေ။ သူက ရွှီမိသားစုထဲ လက်ထပ်ဝင်ထားတဲ့သူလည်းဖြစ်တော့ ငါတို့ကို ဒီလောက်ကူညီတာကပဲ သားသမီးဝတ္တရားကျေပွန်ပြီးသား" အမေလီက ဝေဖန်လိုတဲ့စကားတွေကို ပိတ်ပင်ကာ လီချန်ဖုန်းမိသားစုမှာ ဆန်စပါးအများကြီးမရှိကြောင်းနှင့် ရွှီချင်းက သူတို့ကို မပေးချင်ကြောင်း သွယ်ဝိုက်ပြောဆိုလေ၏။ "နောက်ကျနေပြီလေ။ မင်း မြန်မြန်ပြန်တော့၊ မဟုတ်ရင် မင်းမိန်းမ စိတ်ပူနေလိမ့်မယ်"
လီချန်ဖုန်း မငြင်းတော့ဘဲ လီမိသားစုကို နှုတ်ဆက်ပြီးနောက် သန်မာကြံ့ခိုင်တဲ့မြည်းကို မောင်း၍ လင်းချင်းနေသောလရောင်အောက်၌ အိမ်ပြန်သွားတော့သည်။
"အမေ မြည်းက တအားဝဖြီးနေရောပဲနော်" လီလောင်စန်းရဲ့ သားငယ်လေးဟာ လီဝမ်ရှီ အဝတ်ထောင့်ကိုဆွဲကာ သူ့မျက်နှာထက်တွင် အာသီသပြင်းပြမှုအပြည့်ရှိနေလျက်။
ကလေးက ငတ်မွတ်ခေါင်းပါးသည့် အဓိပ္ပါယ်ကို နားမလည်ဘဲ ဒီရက်ပိုင်း စားပွဲပေါ်မှာ စားစရာတွေ နည်းသထက်နည်းလာတာကို သူသိသလို သူတို့ဗိုက်ပြည့်သည်အထိ စားမနိုင်တော့သာ ရက်တော်တော်ကြာခဲ့ပြီလေ။
လီလောင်စန်း အသိပြန်ဝင်လာကာ ကလေးလေးရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပြီး ဒီရက်ပိုင်း ပိုပိုပိန်ပါးလာသော လီဝမ်ရှီရဲ့ မျက်နှာကို အပြစ်ရှိစိတ်အပြည့်ဖြင့် ကြည့်လိုက်၏။
လီရှောင်းအာက အခန်းထဲပြန်ဝင်သွားကာ တံခါးလော့ခ်ချလိုက်ပြီး ကုတင်စွန်းရှိ ဗီရိုထဲတွင် ခေါင်းငုံ့၍ တစ်ခုခုကို ရှာနေလေသည်။
လီချန်ဖုန်း အိမ်ပြန်ရောက်သောအခါ ရွှီချင်းက အိပ်ပျော်သွားနှင့်ပြီ။ သူ့လှုပ်ရှားမှုကြောင့် ရွှီချင်းနိုးသွားမည်ကို စိုးရိမ်၍ လီချန်ဖုန်း တိတ်တဆိတ် သန့်စင်လိုက်ပြီး အိပ်ရာပေါ် တက်လိုက်သည်။ နွေရာသီဖြစ်သော်လည်း ညဘက်တွင် အနည်းငယ်အေးမြနေဆဲ။ လီချန်ဖုန်း အိပ်ရာပေါ်တက်လာသည်နှင့် ရွှီချင်းက သူ့နားကပ်လာကာ အပူရင်းမြစ်ဆီသို့ တိုးဝှေ့လာလျက်။
လီချန်ဖုန်း ရွှီချင်းကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး လေးလဗိုက်ပူပူလေးပေါ်မှာ သူ့လက်ကို တင်ကာ သာသာလေး ပွတ်ပေးလိုက်၏။ ကလေးလေးမွေးလာဖို့ နောက်ထပ်ခြောက်လကျန်သေးတာပဲ။ ဒီလိုဆိုတော့ နောက်နှစ်နွေဦးအစမှာ မွေးလာလိမ့်မှာပေါ့။
ကောင်းကင်ဘုံက သူတို့မျက်လုံးတွေကို ဖွင့်ပြီး မကြာခင် မိုးရွာလာပေးဖို့အတွက် သူတို့မျှော်လင့်ရုံသာ။ သို့မှသာ ကလေးလေးက ပိုမိုသက်တောင့်သက်သာရှိတဲ့ဘဝလေးကို ရနိုင်ပေလိမ့်မည်။
ရက်အနည်းငယ်ကြာပြီးနောက် အဒေါ်ရှဲ့က စကားစမြည်ပြောဖို့ ရောက်လာခဲ့၏။ "ကျုပ် မနေ့က ကျိရှန်းရွာကို ပြန်သွားခဲ့တာ။ အဲဒီရွာမှာ ဘာတွေဖြစ်သွားလဲ မင်းသိလား?"
အဒေါ်ရှဲ့က စားစရာအလုံအလောက် ကြိုတင်ဝယ်ထားသောကြောင့် အရမ်းစိတ်မပူခဲ့ပေ။ သူ ဘာမှလုပ်စရာမရှိသည့်အခါ ရွှီချင်းနှင့် မကြာခဏ စကားစမြည်လာပြောလေ့ရှိသည်။
"ဒီလိုအချိန်အခါမှာ ဘာတွေဖြစ်နိုင်သေးလို့လဲဟင်?" ငတ်မွတ်ခေါင်းပါးတဲ့နှစ်မှာ လူတိုင်းက နည်းနည်းဒုက္ခရောက်နေကြသလို ရွှီချင်း ဘာဆွေးနွေးရမှန်း မသိတော့ချေ။
အဒေါ်ရှဲ့လည်း ရွှီချင်းရဲ့ အတွေးတွေကို နားလည်သဖြင့် "ဒီလိုငတ်မွတ်ခေါင်းပါးတဲ့နှစ်မို့လို့ လူတွေ အတင်းအဖျင်းပြောတာ ရပ်သွားတယ်လို့ မဆိုလိုဘူးလေ။ လူတွေက အချိန်ပိုရှိလာကြတော့ အားလုံးစုပြီး ဟိုဟိုဒီဒီပြောဆိုနေကြတာလေ!"
ရွှီချင်း ထိုင်ရန်အတွက် သူ့ခန္ဓာကိုယ်ကို နေရာညှိလိုက်ပြီး ပိုလေးလံလာတဲ့ခန္ဓာကိုယ်မှာ ရွှေ့ရပြုရ ခက်ခဲလာပြီဖြစ်၏။ "ဒါဆို ဆက်ပြောပြပါဦး။ တန်းလန်းကြီးမထားပါနဲ့ဗျာ"
လီချန်ဖုန်း လျှောက်သွားနေသောကြောင့် သူကြားသွားမှာကို စိုးရိမ်မနေဘဲ "အားလုံးက လီလောင်စန်းကြောင့်ပဲပေါ့"
ဖြစ်ပုံသည်ကား -
လီလောင်စန်းရဲ့ ရည်မှန်းချက်မှာ မအောင်မြင်လိုက်ဘဲ မိသားစုတွင် လူများလွန်းသလို စားစရာ မရှိသလောက်နီးပါးဖြစ်သွားခဲ့ရသဖြင့် သူ ဒီတိုင်းထိုင်နေလို့မရတော့ချေ။ ဒီလိုပဲဆက်သွားပါလျှင် ကလေးတွေသာမက လူကြီးတွေပါ ဆာလောင်လာတော့မည်ဖြစ်သောကြောင့် လီလောင်စန်းက ကလေးတွေကို စာသင်ပေးချင်ကြောင်း အဖေလီနှင့် တိုင်ပင်လိုက်၏။
ဤကိစ္စအတွက်နှင့် သူ လီကျန်းအိမ်ကိုတောင် သွားပြောကာ လီကျန်းလည်း အကူအညီမဲ့နေလျက်။ အစောပိုင်းနှစ်တွေတုန်းက လီလောင်စန်းကို ကလေးတွေအတွက် စာသင်ပေးစေလိုသော်လည်း သူက ငြင်းဆန်ခဲ့သည်ပင်။ ယခုတော့ ရွာသားတွေက စားဖို့တောင် အခက်အခဲဖြစ်နေချိန်မှာ သူက ရုတ်တရက်ကြီး စာသင်ပေးချင်လာပြန်ရော!
"ကျွန်တော် ငွေမလိုပါဘူး။ လတိုင်း ဂျုံ၊ စပါးနည်းနည်းပဲ လိုချင်တာပါ" လီလောင်စန်း ပြောပြီးသည်နှင့် လီကျန်းက မေးလာခဲ့သည်။ "အခုချိန်မှာ ဂျုံ၊ စပါးတွေက ပိုအရေးကြီးလား ငွေက ပိုအရေးကြီးလား မင်းဘယ်လိုထင်လဲ?"
မြို့ထဲရှိ ဆန်ဆိုင်၌ ဂျုံစပါးဈေးတွေ တဟုန်ထိုးတက်နေခဲ့ပြီ။ ကျေးလက်မိသားစုတွေရဲ့ လက်ထဲက ငွေနည်းနည်းလေးနဲ့ ဂျုံစပါးတွေ ဘယ်လောက်ဝယ်နိုင်မှာလဲ? လူတွေက ကိုယ့်ဝမ်းကိုယ်တောင် မဖြည့်နိုင်သေးတဲ့အချိန်မှာ သူက ဆန်စပါးတွေနဲ့ လဲလှယ်ချင်နေသေးတယ်။ ဘယ်လောက်တောင် စိတ်ကူးယဥ်တတ်လိုက်သလဲကွာ!
လီလောင်စန်း နည်းနည်းကသိကအောင့်ဖြစ်သွားရကာ စကားဆက်မပြောတော့ဘဲ တိတ်တဆိတ်ထိုင်နေလျက် ထွက်သွားမည့် ဆန္ဒမရှိပါချေ။ လီကျန်းက ခဏစဥ်းစားကြည့်ပြီးနောက် ရွာဘိုးဘွားခန်းမအပြင်ဘက်၌ လီလောင်စန်းက ကလေးတွေကို စာသင်ပေးမည့်အကြောင်းကို ရွာသားတွေဆီ အသိပေးရန် ဆုံးဖြတ်လိုက်သည်။
သူတို့ကလေးတွေကို ပို့ချင်သူများလည်း လူတိုင်း ဖြတ်သန်းနေရတဲ့ ခက်ခဲလှတဲ့အချိန်ကို ထည့်သွင်းစဥ်းစားနေရလေပြီ။
"နောက်ဆုံးဘယ်လိုဖြစ်သွားလဲဟင်? သူတို့ကလေးတွေကို လာပို့ကြလား?" ဒီလိုအခြေအနေမျိုးတွင် သူတို့မိသားစုက ကလေးတွေကို စာသင်ဖို့အတွက် ပို့ရန် အခွင့်အရေးယူကြမလားဆိုတာကို ရွှီချင်း သိချင်နေမိလျက်။
အခုချိန်မှာ လူတိုင်းက အကြပ်အတည်းကို ရင်ဆိုင်နေကြသော်ငြား ဒီလိုအခွင့်ကောင်းမျိုးဟာ အရမ်းထိုက်တန်နေသည်ပင်။ ကျူရှင်ကြေးမှာ ခါတိုင်းအချိန်တွေထက် ပိုသက်သာနေတယ်လေ။
အဒေါ်ရှဲ့ အနည်းငယ် အံ့အားသင့်သွားတဲ့ အမူအရာဖြင့် "ပထမတော့ အဲ့ဒီနေ့မှာ ဘယ်သူမှပေါ်မလာကြဘူးတဲ့။ ဒါပေမဲ့ အခုတော့ မိသားစုဆယ်စုမက သူတို့ကလေးတွေကို ပို့လာကြပြီလို့ ကြားမိတယ်။ သူတို့က ဘန်းမုန့်ပေါင်းလိုမျိုး စားစရာရိုးရိုးလေးပဲ ပြန်ပေးကြတာ။ ဒါတောင် သူတို့အတွက်လည်း လွယ်ကူတာမဟုတ်ဘူးဆိုတော့လေ။ လီလောင်စန်းက လက်ခံလိမ့်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့ကြပေမယ့် မထင်မှတ်ထားစွာပဲ သူလက်ခံလိုက်တယ်တဲ့"
ရွှီချင်း အတွေးတစ်ချို့ဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါက အဓိပ္ပါယ်ရှိသားပဲ။ ဖြစ်နိုင်တာက လီမိသားစုခြံဝင်းမှာ လီချန်ဖုန်းယူသွားပေးခဲ့တဲ့ စားစရာတွေကလွဲပြီး စားဖို့ ဘာမှမရှိတော့လို့ဘဲ။ သူတို့အားလုံး စားသောက်ဖို့ လိုကြတာဆိုတော့ လီလောင်စန်းက ဆန္ဒမရှိသော်ငြား လက်ခံရုံသာ။
"ဇနီးလေး! ကိုယ် လီမိသားစုခြံဝင်းဆီ သွားလိုက်ဦးမယ်! ရှောင်းအာ ပျောက်နေလို့တဲ့!"
လီချန်ဖုန်း အိမ်ပြန်ရောက်ရောက်ချင်း ရွှီချင်းကို အသိပေးပြီးသည်နှင့် အစ်ကိုကြီးလီအနောက်သို့ လိုက်သွားရန် ပြင်ဆင်လိုက်၏။
"ပျောက်နေတယ်?" ရွှီချင်း မတ်တပ်ထရပ်ပြီး ကြောင်အအဖြင့် မေးလိုက်လေရာ အစ်ကိုကြီးလီက အမြန်ရှင်းပြလာခဲ့သည်။ "အဝတ်အစားတစ်ချို့ပျောက်နေလို့။ မနေ့က သူအိမ်မှာမရှိတော့ မင်းတို့နေရာဆီ သွားလည်တာလို့ ငါတို့ထင်လိုက်တာ။ ဒါပေမဲ့ ဒီနေ့လည်း သူပြန်မလာလို့ ငါလာကြည့်တော့..."
လီချန်ဖုန်း စကားအများကြီး မပြောတော့ဘဲ မြည်းလှည်းယူကာ "ကိုယ် သူ့ကို သွားရှာလိုက်ဦးမယ်နော်။ အဒေါ်ရှဲ့ရေ ခဏလောက် ရွှီချင်းကို ဂရုစိုက်ပေးထားပါဦးဗျာ။ ဇနီးလေး ကိုယ်သွားပြီနော်"
"မင်း ငါ့ကို ယဉ်ကျေးမနေနဲ့တော့။ သွား သွား" အဒေါ်ရှဲ့သည် ယင်းမှာ ကိစ္စကြီးတစ်ခုဖြစ်ကြောင်း ခံစားမိလိုက်သည်။
အိမ်ထောင်မပြုရသေးတဲ့ ကောတစ်ယောက် ပျောက်နေတာ၊ ဒါက ကိစ္စကြီးပဲလေ!
"သွားလေ၊ ကျွန်တော့်အတွက် စိတ်မပူနဲ့။"
ရွှီချင်းမှာ သူ့နောက်လိုက်ပြီး ရှာဖွေချင်ပေမယ့် အားအင်သိပ်မရှိဘူးလေ။
အဒေါ်ရှဲ့က ရွှီချင်းကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး ကျယ်လောင်စွာဖြင့် "ဒီလီမိသားစုက တကယ့်ကို တစ်ခုခုပဲ။ သူတို့သားလေး ပျောက်တာ နှစ်ရက်လောက်ကြာတော့မှ ရှာဖို့သတိရကြတယ်။ ဘယ်လိုဟာတွေလဲ!"
ရွှီချင်းကတော့ အစ်ကိုကြီးလီပြောသွားတဲ့စကားတွေကို စဥ်းစားကြည့်နေရင်း လူတစ်ယောက်က အဝတ်အစားတွေပါယူပြီး ထွက်သွားခဲ့တာဆိုရင် ဆိုလိုတာက ရှောင်းအာက သူ့ခြေထောက်နဲ့သူ ထွက်သွားခဲ့တာပဲလို့ တွေးနေမိလျက်။ ဤအတွေးကြောင့် ရွှီချင်း၏ စိုးရိမ်ပူပန်မှုကို အနည်းငယ်သက်သာသွားရစေသော်လည်း အကယ်၍များ လီရှောင်းအာသာ တစ်ခြားယောကျ်ားတစ်ယောက်နဲ့ ထွက်သွားခဲ့တာဆိုရင်ရော...! ဒါဆိုရင်တော့ သူ့ဘာသူ ထွက်ပြေးသွားတာထက် ပြဿနာပိုကြီးသွားလိမ့်မှာပဲ!
အဒေါ်ရှဲ့စိတ်ထဲမှာလည်း တူညီတဲ့အတွေးရှိနေပေမယ့် ထုတ်မပြောလိုက်တော့။ အခုခေတ် ကလေးတွေရဲ့ စဥ်းစားတဲ့နည်းလမ်းက သူငယ်ငယ်တုန်းကနဲ့ တော်တော်လေး ကွာခြားလေ၏။ သူတို့မှာ ကိုယ်ပိုင်စိတ်ကူး အတွေးအခေါ်တွေရှိနေကြပြီလေ။
လီချန်ဖုန်းလည်း အစ်ကိုကြီးလီနှင့်အတူ ကျိရှန်းရွာသို့ ပြန်သွားလိုက်ပေမယ့် အိမ်မှာ ဘယ်သူမှရှိမနေကြ။ လီရှောင်းအာ အချိန်အတူတူဖြုန်းလေ့ရှိကြတဲ့ မိသားစုတွေမှာ သူတို့ သွားမေးမြန်းကြသော်လည်း ဘာသဲလွန်စှ မရခဲ့ကြချေ။
"အာ ဟုတ်သားပဲ!"
အစ်ကိုကြီးလီ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လီချန်ဖုန်းကို ပြောပြလာခဲ့သည်။ "ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ရှောင်းအာက ချန်ဟုန်ကို တွေ့ဖို့ ကျိုးမိသားစုဆီ သွားတာကို ငါမှတ်မိပြီ"
"ချန်ဟုန်က ဘာလို့ ကျိုးအိမ်မှာနေတာလဲ?" လီချန်ဖုန်း စိတ်ရှုပ်သွားရ၏။ ချန်ဟုန်ကို ရှာချင်ရင် ချန်အိမ်ကိုသွားရမှာ မဟုတ်ဘူးလား? ဘာလို့ ကျိုးအိမ်ကို သွားရတာလဲ?
အစ်ကိုကြီးလီ သူ့ပေါင်ကို သူရိုက်ကာ "ချန်ဟုန်က ကျိုးမိသားစုက လူငယ်လေးနဲ့ အိမ်ထောင်ပြုလိုက်တာလေ! အင်းလေ ဒီနှစ်က ခက်ခဲတဲ့နှစ်ဆိုတော့ သူတို့က လက်ထပ်ပွဲကြီးကြီးမားမား မကျင်းပလိုက်ဘူးဆိုတော့ မင်းမသိလိုက်တာပဲ"
ထို့ကြောင့် လီချန်ဖုန်းနှင့် အစ်ကိုကြီးလီတို့က ကျိုးအိမ်သို့ သွားလိုက်ကြသည်။ ချန်ဟုန်က တံစက်မြိတ်အောက်တွင် ထိုင်ရင်း ပန်းထိုးနေလျက်။ ကျိုးဝမ်က ပညာသင်စာမေးပွဲ အောင်မြင်ခဲ့သော်ငြား သူတို့မိသားစုမှာ သိပ်အဆင်မပြေလှပေ။
ပန်းထိုးအလုပ်က သူတို့အတွက် အပိုငွေလေးရှာနိုင်သလို ချန်ဟုန်၏ကျွမ်းကျင်မှုကြောင့်သာ ရောင်းချနိုင်ခဲ့ခြင်းပင်။ ဒီလိုခက်ခဲလှသည့်ကာလတွင် လူတော်တော်များများက ဒီလိုပစ္စည်းမျိုးကို မဝယ်နိုင်ကြတော့ချေ။
လီချန်ဖုန်း ခြံတံခါးကို ခေါက်လိုက်သည့်နောက် ချန်ဟုန်လည်း လုပ်လက်စတွေကို ချလိုက်ကာ တံခါးလာဖွင့်ခဲ့သည်။
"အစ်ကိုကြီးလီ၊ အစ်ကိုချန်ဖုန်း"
ချန်ဟုန်မှာ လီချန်ဖုန်း သူ့ကို လာရှာလိမ့်မယ်လို့ လုံးဝမထင်မှတ်ထားခဲ့။ ချန်ဟုန်က ကျိုးဝမ်နှင့် တိတ်တိတ်ကလေး လက်ထပ်လိုက်မယ်လို့ လီချန်ဖုန်း မထင်မှတ်ထားသလိုမျိုးပဲပေါ့။
လီချန်ဖုန်းသည် ချန်ဟုန်မှာ အနည်းငယ် ပိန်ပါးသွားသော်လည်း မျက်တွင်းချောင်နေပုံမရမှန်း တွေ့လိုက်ရသဖြင့် ကျိုးအိမ်မှာ သူဘာနှိပ်စက်မှုမှ မခံစားရမှန်း သိမြင်နိုင်ပေသည်။ "ဝင်လာပြီး ထိုင်ကြပါဦး"
ချန်ဟုန်က သူတို့ကို အထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် လီချန်ဖုန်း ယဥ်ကျေးစွာ ငြင်းလိုက်လေ၏။ သူတစ်ယောက်ထဲ အိမ်မှာရှိနေတဲ့အချိန် အမျိုးသားနှစ်ယောက်က အိမ်ထဲဝင်ထိုင်ဖို့ မသင့်တော်ဘူးလေ။
အချိန်ကုန်သက်သာစေရန်အတွက် လီချန်ဖုန်းလည်း သူတို့လာရသည့် ရည်ရွယ်ချက်ကို တည့်တိုးသာ ပြောလိုက်တော့သည်။ ချန်ဟုန်က သူ့ခေါင်းကို ငုံ့၍ ခဏစဥ်းစားပြီးမှ "သူ ဒီကို ခဏခဏလာပါတယ်။ အရင်ကလောက် စကားမပြောတော့ဘဲ ပိုပြီးတည်ငြိမ်လာပုံရတယ်"
သူလည်း လီရှောင်းအာရဲ့ အဖြစ်အပျက်ကို အနည်းအကျဥ်းသာ ကြားသိထားသဖြင့် "ဒါပေမဲ့ နောက်ဆုံးအကြိမ် သူလာသွားတုန်းကတော့ သူ့စကားတွေထဲမှာ ခွဲခွာနှုတ်ဆက်လိုတဲ့ အရိပ်အယောင်တွေပါသလိုပဲ။ ဒါပေမဲ့ သူအများကြီးမပြောသွားခဲ့ပါဘူး"
လီချန်ဖုန်းနှင့် အစ်ကိုကြီးလီတို့လည်း ဘာမှမတတ်နိုင်တော့ဘဲ ချန်ဟုန်ကို ကျေးဇူးတင်စကားပြောကာ လီရှောင်းအာအသိတစ်ချို့ဆီသွားမေးရန် မြို့ကို သွားဖို့ပြင်လိုက်တော့သည်။
"စကားမစပ် ကျေးဇူးပြုပြီး ဒီကိစ္စကို လျှို့ဝှက်ထားပေးပါဦးကွာ။ ငါတို့ညီလေးက စိတ်ဆိုးနေရုံပါပဲ" လီချန်ဖုန်းက အတင်းအဖျင်းတွေရဲ့ စွမ်းအားကို သိသဖြင့် မထွက်သွားခင်မှာ ချန်ဟုန်ကို အသိပေးလိုက်ရာ ချန်ဟုန်လည်း လျို့ဝှက်ထားပေးဖို့ သဘောတူလိုက်၏။
"စိတ်မပူပါနဲ့၊ ဒီကိစ္စရဲ့ လေးနက်မှုကို ကျွန်တော်သိပါတယ်။ နှုတ်ဆက်ပါတယ် အစ်ကိုချန်ဖုန်း"
နှုတ်ဆက်ပါတယ်... ကျွန်တော့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာယူထားတဲ့ အစ်ကိုချန်ဖုန်းရေ...
လီချန်ဖုန်းနှင့် အစ်ကိုကြီးလီတို့ရဲ့ ပုံရိပ်တွေ မြင်ကွင်းက ပျောက်သွားတော့မှသာ ချန်ဟုန် ခြံတံခါးပိတ်လိုက်တော့သည်။
လီချန်ဖုန်းရောက်လာကတည်းက အနီးအနား ထောင့်တစ်နေရာမှာ ပုန်းနေခဲ့တဲ့ ကျိုးဝမ်က နောက်ဆုံးမှာတော့ ထွက်လာခဲ့ပြီ။ သူ့ခြံတံခါးကို စိုက်ကြည့်နေရင်း လည်ချောင်းရှင်းကာ တံခါးဖွင့်လိုက်လေသည်။
"ကိုယ် ပြန်ရောက်ပါပြီ"
***
လီချန်ဖုန်းနှင့် အစ်ကိုကြီးလီတို့ မြို့ကိုရောက်သည့်အခါ လူခွဲ၍ စုံစမ်းမေးမြန်းကြ၏။ လီချန်ဖုန်း ပထမဦးဆုံး သွားမေးတဲ့နေရာကတော့ လင်းဖန်းလျန်ဆီဖြစ်ရာ လီရှောင်းအာ ဘယ်မှာရှိနေသလဲဆိုတဲ့ သတင်းကို ရထားသူလည်း ဖြစ်လေသည်။
"မင်းပြောတာက သူက နာမကျန်းဖြစ်နေတဲ့ တန့်မိသားစုက အဒေါ်တန့်ကို ပြုစုပေးဖို့ မြို့ကို လာခဲ့တာပေါ့ ဟုတ်လား?"
လင်းဖန်းလျန် ခေါင်းညိတ်လိုက်ပြီး "အဲ့ဒီမိသားစုမှာ အဒေါ်တန့်တစ်ယောက်တည်းရှိတော့တာလေ။ သူ့သားနှင့် မိသားစုတွေက စီးပွားရေးလုပ်ဖို့ တခြားမြို့ကို သွားကြမှာဆိုတော့ အိမ်မှာ သူ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိဘူး။ ဒီရက်ပိုင်းမှာ ငါတို့က အဒေါ်တန့်ကို ပြုစုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ယောက်ကို ရှာနေခဲ့ပေမယ့် သူက ငြင်းနေတာ။ နောက်တော့ လီရှောင်းအာက ဒီကိုဆေးလာယူရင်း တန့်မိသားစုရဲ့ သားဆီက အခြေအနေကို ကြားတော့ သူက လုပ်ကြည့်ချင်တယ်ပြောပါရော"
လီချန်ဖုန်း၏ တည်ငြိမ်နေတဲ့အမူအရာကို မြင်သဖြင့် လင်းဖန်းလျန် ဆက်ပြောလိုက်သည်။ "အဒေါ်တန့်က လီရှောင်းအာလာမှာကို တကယ်ပဲ သဘောတူလိုက်မယ်လို့ ငါတို့လည်း လုံးဝမထင်ခဲ့ဘူးလေကွာ။ ဒီတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်တည်းက လီရှောင်းအာလည်း မြို့ကိုလာဖို့ ပြင်ဆင်ထားပြီးသားဆိုတော့ အဒေါ်တန့်နှင့်အတူနေပြီး အတူစားနေခဲ့ကြတာပဲ။ လစာကတော့ ၄၅၀ဝမ်ဆိုတော့ ဒီကာလမှာ အတော်လေး ရက်ရောတယ် ပြောရမယ်"
လင်းဖန်းလျန်သည် လီရှောင်းအာက သူ့မိသားစုကိုတောင် အသိမပေးဘဲ တစ်ယောက်တည်း ထွက်လာခဲ့မယ်လို့ တကယ်မသိပါချေ။ "တအားစိတ်မပူပါနဲ့။ အဲ့ဒီတန့်မိသားစုက လူကောင်းတွေပါပဲ။ သူတို့စီးပွားရေးက သိပ်မကြီးပေမယ့်လည်း သူတို့က လူရိုးတွေပါကွာ။ ပြီးတော့ တန့်မိသားစုမှာ အမျိုးသားတစ်ယောက်မှ မရှိတဲ့အပြင် သူတို့အိမ်က အစိုးရရုံးနဲ့ နီးတာမို့လို့ လုံခြုံရေးလည်း စိတ်ချရတယ်။ လီရှောင်းအာက အဒေါ်တန့်ကို ပြုစုစောင့်ရှောက်ပေးရမယ်၊ တစ်နေ့ ထမင်းသုံးနပ်ကျွေးရမယ်၊ ဆေးတိုက်ရမယ်၊ သူနဲ့အတူ စကားပြောပေး၊ အဖော်ပြုပေးရမှာလေ။ အိမ်မှာ မပျော်ရတာထက်စာရင် ပိုကောင်းတာပေါ့ကွာ"
သူတို့ဘဝတစ်ခုလုံးကို ဖျက်စီးလုနီးနီးဖြစ်ခဲ့တဲ့သူကို ဘယ်သူမှ တွေ့ချင်ကြမည်မဟုတ်။ အနည်းဆုံးတော့ လောလောဆယ်တော့ မဟုတ်သေးဘူးလေ။
"ဒါဆို ကျေးဇူးပြုပြီးတော့ ငါ့ကို လမ်းပြပေးဦး။ ငါ သူ့ကို သွားတွေ့ချင်လို့" လီချန်ဖုန်း ပြောလိုက်၏။
လီရှောင်းအာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း သိသွားရသဖြင့် စိုးရိမ်မှုနည်းပါးသွားသော်လည်း အခြေအနေကို ပိုနားလည်စေရန် သူ့ကို သွားတွေ့ဖို့ လိုပါသေးသည်။ သို့မှသာ သူ အမှန်တကယ် စိတ်ချနိုင်မှာပင်။
"ကောင်းပြီလေ၊ သွားကြစို့"
တန့်မိသားစုအိမ်က မကြီးပေမယ့် အတော်လေးလုံခြုံလေသည်။ လီရှောင်းအာက အမူအရာမဲ့နေသော လီချန်ဖုန်း အရှေ့တွင် ရပ်နေကာ "ဒုတိယအစ်ကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီနေ့က ကျွန်တော့်အထုတ်တွေ ထုတ်ထားပြီးတော့ ကြိုတင်ယူသွားဖို့ စီစဥ်ထားရုံပါ။ အဲ့လိုမှပဲ သူတို့သဘောမတူရင်တောင်မှ ကျွန်တော်တိုက်ရိုက်သွားနိုင်မှာလေ။ ဒါပေမဲ့ အဲ့ဒီနေ့လည်မှာပဲ အဒေါ်တန့်က အဖျားတက်လာတော့ သူ့အိမ်မှာလည်း ဘယ်သူမှမရှိဘူးလေ။ ကျွန်တော်လည်း ရွေးချယ်စရာမရှိဘဲ သူ့ကို ဒီအတိုင်း တစ်ယောက်တည်း ထားခဲ့လို့မရဘူးလေနော်။ အဲ့ဒါကြောင့်..."
"မင်းကြောင့် အကိုတို့ သေမလိုလန့်သွားရတယ်ကွ! မင်းအရွယ်ရောက်လာပြီဆိုတော့ ဘာကအရေးကြီးလဲ၊ မင်းလုပ်ရပ်က ဘယ်လိုအကျိုးဆက်တွေရှိမလဲဆိုတာကို မင်းသိသင့်ပြီလေ!" လီချန်ဖုန်းသည် လိမ်လိမ်မာမာလေး နားထောင်နေရင်း သူ့အမှားသူသိဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေသော လီရှောင်းအာကို ဆူပူလိုက်တော့သည်။
သို့သော်လည်း လီချန်ဖုန်း စကားပြောပြီးသွားသည့်နောက် လီရှောင်းအာက ဆက်ပြောလိုက်သေးသည်။ "ကျွန်တော့်ကြောင့် အစ်ကိုနဲ့ ဒုတိယယောက်ဖတို့ကပဲ ထိတ်လန့်သွားရတဲ့သူတွေ ဖြစ်ပုံရတယ်..."
လီချန်ဖုန်းက လီရှောင်းအာကို စိုက်ကြည့်ရင်း "မင်း ဘယ်လိုစကားမျိုးပြောလိုက်တာလဲကွာ? ဒီနေ့ အစ်ကိုကြီးရော ငါပါ မင်းကို နေရာတိုင်း လိုက်ရှာနေကြတာကွ!"
လီရှောင်းအာ တိတ်ဆိတ်သွားကာ ခေါင်းငုံ့၍ သုန်မှုန်နေလျက်။ လီချန်ဖုန်း သက်ပြင်းချရင်း "ကောင်းပါပြီကွာ။ လင်းဖန်းလျန်က ဒီကအခြေအနေအကြောင်းတော့ ငါ့ကို ပြောပြပြီးသား။ ဒါ့အပြင် ငါလည်း အခု အဒေါ်တန့်နဲ့ တွေ့ပြီးပြီဆိုတော့ စိတ်ချသွားပါပြီ။ ငါတို့နဲ့ ပြန်လိုက်လာပြီး အဖြစ်အပျက်တွေကို မင်းကိုယ်တိုင်ရှင်းပြချင်လား၊ ဒါမှမဟုတ် မင်းကိုယ်စား ငါပဲ ပြောပေးလိုက်ရမလား?"
လီရှောင်းအာက ချက်ချင်းပင် ဒုတိယအချက်ကို ရွေးချယ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို! အစ်ကိုက အရမ်းကြင်နာတတ်တာပဲ!"
"မင်းမှာ ဘာမှလုပ်စရာမရှိရင် အိမ်ပြန်လာဦးနော်။ မင်းက အိမ်ထောင်မပြုသေးလို့ ဂရုစိုက်ရမယ့်ကိစ္စတွေ ရှိသေးတယ်လေ" လီချန်ဖုန်း ပြောပြီးမှ သူ အရမ်းစိုးရိမ်လွန်နေပြီလို့ ခံစားမိသွားရ၏။ အခုထိ သူ့ကလေးလေးတောင် မမွေးရသေးပေမယ့် အဖေတစ်ယောက်ဖြစ်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သူသိသွားလေပြီ။
"ကျွန်တော်သိပါတယ်။ အိမ်မှာနေရင် အိမ်က အခြေအနေကို တွေးနေမိလို့၊ ကျွန်တော် အလုပ်ပိုလုပ်နိုင်ရင် ကျွန်တော်တို့လည်း ဒီလောက်အကျပ်အတည်းဖြစ်မှာ မဟုတ်တော့ဘူးလေ" လီရှောင်းအာမှာ အိမ်ကအစားအစာမလုံလောက်မှန်း သတိပြုမိလေသည်။ ကလေးသုံးယောက်မှာ ဝအောင်မစားရ၍ အမြဲမကျေမနပ်ညည်းညူနေကြသလို ဘာမှနားမလည်သည့် အငယ်ဆုံးလေးကလည်း အသားစားချင်နေရာ သူ့တူလေးတွေကို ဒီလိုမြင်နေရတာမို့ နာကျင်ခံစားရလေသည်။
"ဟုတ်ပါပြီ၊ ဒါဆို ငါပြန်တော့မယ်။ အစ်ကိုကြီးကို ရှာပြီး ငါပြန်ရောက်တဲ့အခါ မိသားစုဝင်တွေကို ရှင်းအောင်ပြောပြလိုက်မယ်" လီချန်ဖုန်းက လီရှောင်းအာကို အထဲပြန်ဝင်ခိုင်းလိုက်ပြီးမှ သူနဲ့ အပြင်မှာစောင့်နေတဲ့ လင်းဖန်းလျန်တို့က အစ်ကိုကြီးလီကို လမ်းပေါ်မှာ တွေ့လိုက်ရလေသည်။
လီချန်ဖုန်းနှင့် အစ်ကိုကြီးလီတို့ လီမိသားစုခြံဝင်းဆီသို့ ပြန်ရောက်ချိန်မှာ မှောင်စပျိုးနေခဲ့ပြီ။ မိသားစုရှိ လူတိုင်းက လီချန်ဖုန်း စကားတွေကို ကြားပြီးနောက် လူတိုင်း စိတ်လှုပ်ရှားမှုအပြည့်ဖြစ်သွားကြလျက်။
"ဒါအမှန်ပဲလား?! ရှောင်းအာက အဲ့ဒီလူကို တကယ်ပဲ ပြုစုစောင့်ရှောက်ပေးဖို့ သွားခဲ့တာပေါ့! လစာရော ဘယ်လောက်တဲ့လဲ?!" အမေလီမှာ စိတ်အလှုပ်ရှားဆုံးဖြစ်နေကာ လီချန်ဖုန်းကို စိတ်အားထက်သန်စွာ မေးလိုက်လေသည်။
Thanks for Reading!