Ch-65
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၆၅)


ရက်အနည်းငယ်ကြာပြီးနောက် လီရှောင်းအာရဲ့ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသလို သူ့ပတ်ဝန်းကျင်ရှိ ကျယ်ကျယ်လောင်လောင်အသံများကို ယောင်ဝါးဝါး စတင်ပြန်ကြားလာရပြီ။ ထို့ကြောင့် လီချန်ဖုန်းက လီရှောင်းအာကို စစ်ဆေးဖို့ မြို့က လင်းမိသားစုဆေးခန်းဆီ ချက်ချင်းခေါ်သွားတော့သည်။

"ဟုတ်ပြီ မဆိုးဘူးပဲ။ ပိုအနားယူပြီးသွားရင် မကြာခင် ပြန်ကောင်းလာတော့မှာပါ။"

သမားတော်ကြီးလင်းက လီရှောင်းအာကို စစ်ဆေးပေးပြီးနောက် ပြောလာခဲ့၏။ လီရှောင်းအာ အပြည့်အဝ မကြားနိုင်သေးသော်လည်း သူ့ဒုတိယအစ်ကို၏ အမူအရာမှတစ်ဆင့် သူ့နားတွေ တဖြည်းဖြည်းပြန်ကောင်းလာနိုင်ကြောင်း သိလိုက်ရသဖြင့် အလွန်ဝမ်းသာသွားရသည်။ သူ့ကျန်ဘဝတစ်လျှောက်လုံး နားမကြားသူဖြစ်သွားရပါလျှင် သူသေသွားသည်က ပိုကောင်းပေဦးမည်!

လီချန်ဖုန်းလည်း ဤသတင်းကို ကြားရ၍ ပျော်ရွှင်သွားခဲ့ပေမယ့် ဆေးနည်းနည်းထပ်သောက်ဖို့ ညွှန်ကြားပေးရန် သမားတော်ကြီးလင်းကို တောင်းဆိုနေဆဲ။ ဤနည်းဖြင့် သူ့ကို ပိုပြီးသက်တောင့်သက်သာဖြစ်စေမယ်လေ။

"သမားတော်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။" လီချန်ဖုန်း ပြောလိုက်ရင်း ပိုက်ဆံအိတ်ထဲမှ ဆေးဖိုးပေးလိုက်လေသည်။ သမားတော်ကြီးလင်းက ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လီရှောင်းအာအတွက် ဆေးနည်းနည်းပြင်ဆင်ပေးလိုက်၏။

လီရှောင်းအာသည် လီချန်ဖုန်းက ဆေးဖိုးပေးလိုက်သည်ကို ကြည့်ရင်း စိတ်မသက်မသာဖြစ်နေလျက်။ သူက လီချန်ဖုန်းနှင့် ရွှီချင်းတို့ အိမ်မှာနေပြီး သူတို့က သူ့အား အစားကောင်းအသောက်ကောင်းတွေ ကျွေးမွေးရုံသာမက ဆေးဖိုးလည်း ပေးခဲ့သေးသည်။ သူတို့အတွက် သူ ဘာမှပြန်မလုပ်ပေးနိုင်ဘဲ လီရှောင်းအာမှာ အလကားစားနေသလို ခံစားရသဖြင့် စိတ်မကောင်းဖြစ်မိလေ၏။

"သမားတော်ကြီးလင်း! သမားတော်ကြီးလင်း!"

ဆေးခန်းအပြင်ဘက်မှ အော်ခေါ်သံကျယ်ကျယ်ကြီး ဆက်တိုက်ပေါ်ထွက်လာပြီးနောက် အနည်းငယ် ချမ်းသာပုံရတဲ့ လူတစ်ယောက်က စိုးရိမ်တကြီး ဝင်လာခဲ့သည်။ သမားတော်ကြီးလင်း ကြည့်လိုက်သည့်အခါ ပြေးလာရသဖြင့် အနည်းငယ် မောဟိုက်နေပြီး အလျင်စလိုအမူအရာနှင့် ရောက်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

"ဒါက တန့်မိသားစုကမဟုတ်လား? မင်းရဲ့အမေ နေမကောင်းထပ်ဖြစ်လို့လား?"

အဒေါ်တန့်သည် အခုန်မြန်နေတဲ့ ရင်ဘတ်ကို ကိုင်ကာ သမားတော်ကြီးလင်းရဲ့ စကားကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ပါတယ်။ ကျေးဇူးပြုပြီးတော့ ကျုပ်နဲ့ လိုက်ခဲ့ပေးပါဦး။"

သမားတော်ကြီးလင်းသည် လီရှောင်းအာအတွက် ဆေးကို သေချာပြင်ဆင်ပေးပြီးနောက် ခေါင်းညိတ်ကာ ဆေးခန်းရှိ ဂျူနီယာလက်သင်လေးကို ညွှန်ကြားပြီး ဆေးအိတ်ယူ၍ အဒေါ်တန့်အနောက်သို့ လိုက်သွားတော့သည်။ ဂျူနီယာအလုပ်သင်လေးက ထွက်ခွာသွားတဲ့ သူတို့ရဲ့ ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။

လီရှောင်းအာလည်း သူ့ကို စပ်စုလိုစွာ ကြည့်လိုက်မိ၏။ အလုပ်သင်လေးသည် လီရှောင်းအာက သူဘာလို့သက်ပြင်းချလိုက်သလဲဆိုတာကို သိချင်နေမှန်း သဘောပေါက်လိုက်၍ ပြောပြလာခဲ့သည်။ "တန့်မိသားစုက အလားအလာတစ်ချို့ရှိတယ်။ သူတို့အမေက သူတို့ရဲ့ တစ်ဦးတည်းသောသားကို သူ့ဘာသူ ပျိုးထောင်ခဲ့တာလေ။ သူကြီးလာတော့ အပြင်မှာ စီးပွားရေးအသေးစားလေး စလုပ်ပြီးတော့ ပိုပိုပြီး အလုပ်များလာရော။ အိမ်မှာလည်း သူ့အမေကို အဖော်ပြုစောင့်ရှောက်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလေ။ သူ့ကျန်းမာရေး ဆိုးရွားလာကတည်းက သူ့သားကလည်း ခဏခဏပြန်လာနေရတာပေါ့"

လီချန်ဖုန်း နားမလည်နိုင်စွာ မေးမိသည်။ "သူတို့မှာ ပြုစုစောင့်ရှောက်ပေးမယ့် ဆွေမျိုးတွေမရှိဘူးလား?" အလုပ်သင်လေးက ခေါင်းယမ်းလိုက်ကာ "အရင်နှစ်တွေက သူတို့မိသားစုက အငတ်ဘေးကနေ လွတ်လာတယ်လို့ ကျွန်တော်ကြားခဲ့ရပေမယ့် ဒီနှစ်တော့ လွယ်မယ်မထင်ပါဘူး"

အလုပ်သင်လေးသည် လမ်းပေါ်ရှိ တောက်ပနေတဲ့ နေရောင်ကို လှမ်းကြည့်ရင်း ခေါင်းခါလိုက်လေ၏။ သူ့ဆွေမျိုးတွေလည်း ဒီရက်တွေထဲမှာ အသီးအရွက်ရိုင်းတွေနဲ့ ပြောင်းဖူးနဲ့လုပ်ထားတဲ့မုန့်(wowotou)ကိုသာ စားနေခဲ့ရပြီး သူတို့က နောင်တွင် စားစရာမလုံလောက်ဘဲ ငတ်သေရမည်ကို ကြောက်လန့်နေကြသည်။

wowotou


လီရှောင်းအာမှာ အလုပ်သင်လေး ပြောပြသည်ကို မကြားနိုင်သော်လည်း သူ အများကြီးမပြောပေ။ လီချန်ဖုန်းက နောက်ကျနေပြီကို မြင်လိုက်ရသဖြင့် လီရှောင်းအာကို ခေါ်ပြီး အိမ်ပြန်ချင်ပေမယ့် အံ့အားသင့်စွာပင် လီရှောင်းအာက သူနှင့်အတူ ပြန်မလိုက်ချင်တော့ပေ။ 


"ဒုတိယအစ်ကို ကျွန်တော် အစ်ကိုနဲ့ ပြန်မလိုက်တော့ဘူး။ အိမ်ပဲပြန်တော့မလို့။ ဆေးဖိုးအတွက် ကျွန်တော် အကြွေးတင်သွားတော့ နောက်မှ ပြန်ပေးမယ်နော်" 


လီရှောင်းအာရဲ့ စကားကြောင့် လီချန်ဖုန်း ဒေါသထွက်သွားရကာ "မင်းဘာတွေပြောနေတာလဲ? မင်းရဲ့ဒုတိယယောက်ဖနဲ့ ငါက အဲ့လိုလူမျိုးတွေမို့လား!" 


လီချန်ဖုန်း စကားပြောပြီးသည့်နောက် လီရှောင်းအာမျက်နှာပေါ်မှ "အစ်ကိုပြောနေတာတွေကို မကြားရဘူး"ဆိုတဲ့ အကြည့်ကို တွေ့လိုက်ရ၍ ဒေါသပိုထွက်လာလျက်။ 


"ဒုတိယအစ်ကို ကျွန်တော့်ကို ပြန်ပို့ပေးမလား ဒါမှမဟုတ် ကျွန်တော့်ဘာသာပဲ ပြန်သွားလိုက်ရမလား" လီရှောင်းအာက လီချန်ဖုန်း အမူအရာမှတစ်ဆင့် သူစိတ်ဆိုးနေပြီမှန်း သိနိုင်သဖြင့် သူစကားလမ်းကြောင်းပြောင်းလိုက်ကာ ရွေးချယ်မှုနှစ်ခုပြောလိုက်၏။ 


လီချန်ဖုန်းရဲ့ စိတ်ထဲမှာ ဗလာဖြစ်သွားရလျက်။ ဘယ်လိုလုပ်ပြီး သူ့ညီလေးကို တစ်ယောက်တည်း ပြန်လွှတ်လိုက်ရမှာတုန်း? သူပြန်ပို့ပေးရမှာပေါ့! 


နေက တအားပူပြင်းနေသလို သူ့ခန္ဓာကိုယ်ကလည်း ပြန်ကောင်းခါစဖြစ်၍ မဆင်မခြင်လုပ်ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ခဏတာစိတ်ရှုပ်ထွေးသွားပြီးနောက် လီချန်ဖုန်းက လီရှောင်းအာကို အိမ်ပြန်ပို့ပေးလိုက်သည်။ အိမ်အပြန်လမ်းတွင် နောက်ဆုံးမှာတော့ သူအသိပြန်ဝင်လာကာ သူ့ညီလေးဆီမှ အရူးလုပ်ခံလိုက်ရတာကို သဘောပေါက်သွားရလေသည်။ 


လီချန်ဖုန်း၏ အဖြစ်ကို နားထောင်ပြီးနောက် ရွှီချင်းမှာ ဘာပြောရမယ်မှန်း မသိတော့ပါချေ။ "ခင်ဗျားရဲ့ ဦးနှောက်က သိပ်ဉာဏ်ကောင်းပုံမရဘူးနော်" လီချန်ဖုန်း ခေါင်းညိတ်လိုက်ကာ "ကိုယ်က ဘယ်တုန်းကမှ ဥာဏ်မကောင်းခဲ့ပါဘူးကွာ" 


ရွှီချင်းက လီချန်ဖုန်းကို အမှီပြုကာ ထလိုက်လေသည်။ သူ့ရဲ့ ဆူဖောင်းနေတဲ့ ဗိုက်ကို လက်နဲ့ ကိုင်ထားရင်း အိပ်ငိုက်လာလေပြီ။ မကြာခင်မှာပင် ရင်းနှီးနေတဲ့ နေရာလေးမှာ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။ 


*** 


တစ်လကြာပြီးနောက် ရွာရှိ လယ်ကွင်းများ လုံးဝခြောက်သွေ့သွားခဲ့ပြီ။ ရွာရှိ အခြေအနေနည်းနည်းပိုကောင်းတဲ့ မိသားစုတွေအတွက်ကတော့ သေရေးရှင်ရေးမဖြစ်ကြသော်လည်း ဆင်းရဲတဲ့မိသားစုတွေရဲ့ အခြေအနေကတော့ ဝမ်းနည်းစရာပင်။  


သူတို့က နေ့ရောညပါ အစားအစာ ကောင်းကောင်းမစားရရုံသာမက တစ်ခါတစ်လေဆို စားဖို့တောင် မလုံလောက်ချေ! လူတစ်ချို့က ဆာလောင်လွန်း၍ အုပ်စုဖွဲ့ကာ တောင်ပေါ်တွင် အမဲလိုက်ကြသည်။ 


သို့ပေသိ ဤကာလတွင် လူတွေသာမက တောင်ပေါ်ရှိ တိရိစ္ဆာန်များပင် ဆာလောင်မွတ်သိပ်နေကြကာ သူတို့က အမဲလိုက်လူတစ်စုကို မြင်သည့်အခါ မျက်လုံးများ တောက်ပလာလေ၏။ အကယ်၍ လူအရေအတွက်မများခဲ့ပါလျှင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ 


ထိုအချိန်မှစ၍ ရွာသားများဟာ အမဲလိုက်ရန် တောင်ဆီ မသွားဝံ့ကြတော့ဘဲ ထိုအစား တောင်ပေါ်မှ တောရိုင်းတိရိစ္ဆာန်များက ရွာထဲသို့ ဝင်လာမည်ကို စိုးရိမ်ကြောက်လန့်ကာ ပိုသတိထားလာကြလျက်။ ဆာလောင်ခြင်းသည်လည်း ကိစ္စတစ်ခုဖြစ်သလို - ဒီပြဿနာဟာလည်း သေရေးရှင်ရေးကိစ္စပါပဲ! 


ရလဒ်အနေဖြင့် ရွှီချင်းအိမ်နားမှ ဖြတ်သွားဖြတ်လာမှာ တဖြည်းဖြည်း နည်းပါးလာခဲ့၏။ ရွှီချင်းကတော့ တောရိုင်းတိရစ္ဆာန်များကို လုံးဝစိုးရိမ်ခြင်းမရှိပေ။ သူတို့အိမ်ရဲ့ တံတိုင်းက အသစ်ဆောက်ထားတာဖြစ်သလို လေးမီတာအမြင့်ရှိရာ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားသည်ပင်။ ဝံပုလွေတွေ ရောက်လာရင်တောင်မှ အများကြီးစိတ်ပူစရာမလိုပေ။ 


ယနေ့နံနက်စောစောတွင် လီချန်ဖုန်းက လီမိသားစုခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ မနေ့က မြို့၌ နားပြန်ကောင်းလာပြီဖြစ်သော လီရှောင်းအာနှင့် တွေ့ခဲ့ရာ အကြောင်းပြချက်တစ်ချို့ကြောင့် အိမ်ပြန်လာဖို့ တောင်းဆိုခဲ့လေသည်။ 


*** 


ရွှီချင်း အုန်းလက်ယပ်တောင်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေရင်း ဗိုက်ကို ထိန်းကိုင်ကာ ခန်းမထဲတွင် စိတ်အေးလက်အေး လမ်းလျှောက်နေခဲ့သည်။ အပြင်ဘက်မှာ အရမ်းပူသောကြောင့် နေ့ဘက်ဆို လမ်းမလျှောက်နိုင်ပေမယ့် အိမ်ထဲမှာ သူ့စိတ်ကြိုက် လျှောက်သွားနေတတ်၏။ 


သူ့ဝမ်းဗိုက်မှာ ပိုပိုပြီး ကြီးလာလေရာ ဘဝ၏ အံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားခဲ့ပြီးပြီလို့ ပြောနိုင်ပေသည်။ ဗိုက်ထဲရှိ ကလေးလေးမှာ တစ်နေ့ထက်တစ်နေ့ ပိုထွားလာပြီး ပိုမိုသန်မာလာတာကို သူခံစားရလျက်။ သူ နေ့တိုင်း ဝိဥာဥ်စမ်းရေကို သောက်ခဲ့ပြီး အများကြီးမဟုတ်သော်ငြား ကလေးလေး စုပ်ယူနိုင်ဖို့အတွက် လုံလောက်လေသည်။ 


ရွာအပြင်ဘက်ရှိ မြစ်ရေမှာ စတင်ခန်းခြောက်လာခဲ့ပြီး မြစ်ကြီးတစ်စင်းမှ ​စမ်းချောင်းငယ်လေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ရေသောက်ဖို့အတွက်တောင် ရွာသားတွေအတွက် ပြဿနာရှိနေခဲ့ရပေမယ့် ရွှီချင်းတို့ မိသားစုအတွက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အလျင်လိုမနေခဲ့။ 


ထိုနေ့က ရွှီချင်း ရေတွင်းထဲသို့ ဝိဥာဥ်စမ်းရေတစ်ချို့ လောင်းထည့်လိုက်ခြင်းကြောင့်လားတော့ မ​သိ၊ အံ့သြစရာကောင်းလှစွာပင် ထိုအချိန်ကတည်းက ရေတွင်းထဲရှိ ရေပမာဏမှာ မလျော့သွားတော့ပေ! သူတို့ ရေဆွဲသည့်အခါ ရေပုံးမှာ အရင်ကထက် ပိုနက်နက် ကျသွားရသော်လည်း ရေတွေကတော့ ရှိနေဆဲပင်။ 


ပထမတော့ ရွှီချင်းက လီချန်ဖုန်း တစ်ခုခုကို သံသယဝင်သွားမည်ကို ​စိုးရိမ်နေခဲ့ပေမယ့် လီချန်ဖုန်းက သူ့ဘာသူ ပြောလာခဲ့၏။ သူတို့အိမ်မှာ အနောက်ဘက်ရှိ တောအုပ်ကြီးနဲ့ ဆက်စပ်နေသောကြောင့် ရေတွင်းထဲမှာ ရေတွေ ရှိနေဆဲဖြစ်တယ်လို့ သူတွေးမိခဲ့လေသည်။  


ထို့ကြောင့်ပင် သူက သူတို့ရေတွင်းရဲ့ အခြေအနေတွေကို အပြင်လူတွေဆီ  ပေါ့ပေါ့ဆဆ မပြောရန် ရွှီချင်းကို မှာထားသေးသည်။ တခြားသူတွေဆီမှ မလိုအပ်တဲ့ အာရုံစိုက်မှုတွေမရလိုပေ။ နောက်ဆုံးမှာတော့ ရေပြတ်လပ်သည်မှာ ပြဿနာများစွာကို ယူဆောင်လာနိုင်တယ်လေ။ 


လီချန်ဖုန်းက နှလုံးသားမရှိသည်မဟုတ်။ သို့ပေသိ ရုတ်တရက် ရေတွေကုန်သွားမှာကို ကြောက်နေခြင်းပင်။ 


အဲ့လိုဆို ရွှီချင်းနဲ့ ကလေးလေးက ဘယ်လိုဖြစ်သွားမလဲ? သူက ရေမရှိဘဲ နေနိုင်ပေမယ့် ရွှီချင်းကတော့ နေနိုင်မှာမဟုတ်ဘူးလေ။ 


လီချန်ဖုန်း ညနေပိုင်းမှသာ အိမ်ပြန်ရောက်လာခဲ့သည်။ ယခုဆို ရွှီချင်းမှာ လူနှစ်ယောက်စာဖြစ်နေပြီဖြစ်၍ အချိန်အကြာကြီး ဗိုက်အဆာမခံနိုင်တော့။ လီချန်ဖုန်းကို နာရီဝက်လောက်ထပ်စောင့်ပြီးနောက် သူပြန်မလာသေးသဖြင့် ရွှီချင်း သူ့ဘာသူ အရင်စားဖို့ ဆုံးဖြတ်လိုက်တော့သည်။ 


"ညစာစားပြီးပြီလား?" 


လီချန်ဖုန်း ခေါင်းခါလိုက်ကာ "ဟင့်အင်း၊ လီမိသားစုအိမ်မှာ စားစရာမရှိတော့ဘူး" 


ရွှီချင်း ထိုအကြောင်းကိုကြားတော့ ခဏစဉ်းစားလိုက်ပြီးမှ "တတိယ​ညီက စာမေးပွဲမအောင်ဘူးလား?" 


ပြီးခဲ့သည့်တစ်လမှာ လီလောင်စန်း အတော်လေး ဂြိုဟ်မွှေခဲ့သည်ပင်။ မိသားစုမှာ စားစရာ သိပ်မရှိတော့တာတောင်မှ သူ စာမေးပွဲဖြေနိုင်ရန် သူ့ကျန်းမာရေးကောင်းစေရန် အကြောင်းအမျိုးမျိုးပြကာဖြင့် အမေလီအား အစားအစာတွေ ပိုချက်ခိုင်းလေသည်။ 


ပုံမှန်ဆိုရသော် အစားအစာသုံးစွဲသည့်ပမာဏမှာ ပိုများလာရ၍ အမေလီရဲ့ နှလုံးသားကို နာကျင်စေသော်လည်း လီလောင်စန်းသာ စာမေးပွဲအောင်သွားခဲ့ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ် ဆိုသည့်အတွေးကြောင့် လီလောင်စန်း၏ တောင်းဆိုချက်ကို ရံဖန်ရံခါ သဘောတူလိုက်သဖြင့် သူ့စာမေးပွဲမဖြေခင် အိမ်မှာ အစားအစာတွေ နည်းပါးလာခဲ့လေပြီ။ 


လီချန်ဖုန်းက သူ့နားထင်ကို ပွတ်ရင်း "တကယ်ပဲ သူ စာမေးပွဲ မအောင်ခဲ့ဘူးလေ! အခုတော့ သူတို့ဆီမှာ စားစရာမရှိတော့ဘူးတဲ့။ အစ်ကိုကြီးက အရမ်းဒေါသတွေထွက်နေပြီးတော့ လီလောင်စန်းဆီကလည်း ဘာအကျိုးအမြတ်မှ မရနိုင်တော့ဘူး။ သူတို့ကြောင့် မိသားစုမှာ ဗြောင်းဆန်နေရောပဲကွာ" 


အစ်ကိုကြီးတွင် ကလေးနှစ်ယောက်ရှိပေမယ့် လီလောင်စန်း၏ ကလေးတစ်ယောက်တည်းက သူ့ကလေးနှစ်ယောက်ပေါင်းထက်တောင် ပိုစားလေသည်။ ထိုကိစ္စမှာ လီလောင်စန်း စာမေးပွဲအောင်ခဲ့ရင် ပြဿနာမရှိချေ။ သို့သော် စားစရာလည်းကုန်သွားချိန်မှာ လီလောင်စန်းကလည်း စာမေးပွဲမအောင်ခဲ့၍ အိမ်မှာလည်း ပိုက်ဆံနည်းနည်းသာကျန်တော့သဖြင့် ပရမ်းပတာ စတင်ဖြစ်လာခဲ့ပြီ။ 


ရွှီချင်းက သူတို့ရဲ့ သိုလှောင်ခန်းထဲမှ စားစရာတွေအကြောင်းကို စဥ်းစားကာ လီချန်ဖုန်းသည်လည်း လီမိသားစု၏ သားဖြစ်သည်ကို တွေးတောရင်း "ကျွန်တော်တို့ သူတို့ဆီ ပေးလိုက်ကြမလား?" လီချန်ဖုန်း ခေါင်းညိတ်ပြကာ "အင်းပေါ့ကွာ။ ကိုယ် စားပြီးသွားရင် သွားပို့ပေးလိုက်မယ်' 


သို့ရာတွင် လီချန်ဖုန်း စားပြီးသွားသည့်အခါ သူထုပ်ပိုးထားတဲ့ စားစရာတွေကို ရွှီချင်း ကြည့်လိုက်မိတော့မှ သူ့ပါးစပ်ထောင့်မှာ အနည်းငယ်တွန့်သွားရကာ "ဒါက ခင်ဗျား စားစရာတွေ သွားပို့တယ်လို့ ခေါ်တာလားဗျာ။ ထမင်းအိုးကြီးတစ်အိုးချက်ပြီး ယူသွားပေးလိုက်တာတောင်မှ ပိုကောင်းဦးမယ်နော်။ အနည်းဆုံးတော့ ပိုကြည့်ကောင်းတာပေါ့!" 


လီချန်ဖုန်း သူ့လက်ထဲမှာ ဆန်အိတ်လေးတစ်အိတ်ကို ကိုင်ထားလေသည်။ ဖြစ်နိုင်တာက ၁၀ကီလိုဂရမ်လောက်ပဲ ရှိမယ်ထင်တယ်နော်။ 


လီချန်ဖုန်း ပြုံးကာ ရွှီချင်းကို ပြောလာခဲ့၏။ "သူတို့ကို များများပေးလိုက်ရင် သူတို့က ပိုပြီးရောင့်တက်လာကြလိမ့်မယ်ဆိုတာ မင်းသိထားရမယ်လေကွာ။ ဒီနှစ်က ငတ်မွတ်ခေါင်းပါးတဲ့နှစ်ပဲလေ" 


သူက လီမိသားစုရှိ ဘယ်သူ့ကိုမှ ငတ်မသေစေချင်သော်လည်း သူ့ဇနီးလေးနှင့် ကလေးလေးတို့၏ဘဝနဲ့လည်း ဟာသမလုပ်နိုင်ပါချေ။ ဒီလိုငတ်မွတ်ခေါင်းပါးတဲ့နှစ်မှာ လူတွေက ဘာမဆိုလုပ်နိုင်ကြမည်ပင်။ 


ရွှီချင်းလည်း ဒီသဘောတရားကို နားလည်သဖြင့် သူ့လက်ကို ဆန့်ကာ လီချန်ဖုန်းရဲ့ မျက်နှာကို လှမ်းကိုင်လိုက်ပြီး "ကျွန်တော်နားလည်ပါတယ်။ သူတို့လည်း သင်ခန်းစာတစ်ခု သင်ယူဖို့လိုတာပဲ။ သူတို့လိုချင်တယ်ဆိုတာနဲ့ အရာအားလုံးမရနိုင်ဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်နော်" 


သူနှင့် လီချန်ဖုန်းတို့ လုံလုံလောက်လောက် စားနိုင်ရသည့် အကြောင်းရင်းမှာ သူတို့၏ အလုပ်ကြိုးစားမှုကြောင့်ပင်။ လီချန်ဖုန်းရဲ့ လက်တွေက သစ်သားအရုပ်များပြုလုပ်ရသဖြင့် အရည်ကြည်ဖုတောင် ပေါက်ခဲ့တာလေ။ တောင်ပေါ်က သစ်တွေ သယ်ရလွန်းလို့ သူ့ပုခုံးတွေမှာဆို အညိုအမဲဒဏ်ရာတွေချည်းပဲ။ သူပြန်လာတဲ့အချိန်တိုင်းမှာလည်း ချွေးတွေစိုရွှဲနေရော။ 


လီမိသားစုက လူတွေဟာ စားစရာတွေကို ကြိုတင်သိုလှောင်ထားဖို့ပြောခဲ့တဲ့ လီချန်ဖုန်းစကားတွေကို နားမထောင်ကြဘဲ သူတို့ပိုက်ဆံအားလုံးကို လီလောင်စန်း စာမေးပွဲပြင်ဆင်မှုအတွက် သုံးခဲ့ကြတာလေ။ 


သူတို့က လီလောင်စန်း စာမေးပွဲအောင်မြင်သရွေ့ သူတို့အားလုံး အဆင်ပြေသွားလိမ့်မယ်ဆိုတာကိုပဲ "ယုံကြည်"နေခဲ့ကြကာ စာမေးပွဲမအောင်မြင်နိုင်တဲ့ ဖြစ်နိုင်ခြေကို လုံးဝမတွေးထားကြသလို ဒီလိုငတ်မွတ်ခေါင်းပါးလှတဲ့နှစ်မှာ သူတို့တစ်မိသားစုလုံး ဘယ်လိုရှင်သန်နေထိုင်သွားကြမလဲဆိုတာကို မစဥ်းစားထားခဲ့ကြပေ။ 


လီရှောင်းအာ တစ်ယောက်တည်းကသာ ထိုဖြစ်နိုင်ချေကို ပြောမိသည့်အခါ လီလောင်စန်းက ဒေါသထွက်လာပြီး သူ့အား ထိုးကြိတ်ခဲ့သဖြင့် နားမကြားလုနီးပါးဖြစ်သွားရသေးသည်။ သူတို့တွေက "ကျရှုံးတယ်"ဆိုတဲ့ စကားစုကို ရှောင်ဖယ်နေခဲ့ပေမယ့် ထိုရလဒ်ကိုသာ ရင်ဆိုင်လိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။ 


လီချန်ဖုန်းက ရွှီချင်းကို ပွေ့ဖက်လိုက်ရင်း ခေါင်းငုံ့ကာ နဖူးကို နမ်းလိုက်ပြီးမှ ရွှီချင်း ဗိုက်ပူပူလေးကို သူ့လက်ကြီးကြီးဖြင့် ညင်သာစွာ ထိကိုင်ရင်း "ကိုယ့်ကို စောင့်မနေဘဲ စောစောအိပ်နှင့်နော်။ ကိုယ်ပို့ပေးပြီးတာနဲ့ ပြန်လာခဲ့မယ်။" 


ရွှီချင်း သဘောတူလိုက်ကာ လီချန်ဖုန်းထွက်သွားပြီးနောက် သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အိပ်ရာဝင်လိုက်တော့သည်။ သူ အရမ်းပင်ပန်းသလို ခံစားရသော်လည်း အိပ်ချင်စိတ်မရှိရင်တောင်မှ ငိုက်မျဉ်းလာသည်ကို မခံနိုင်တော့ပါချေ။ 


*** 


လီချန်ဖုန်းက တခြားလူတွေရဲ့ အမူအရာကို ဂရုမစိုက်ဘဲ သူ့လက်ထဲမှာရှိတဲ့ ဆန်အိတ်ကို အမေလီထံ ပေးလိုက်ကာ "ကျွန်တော်တို့မှာလည်း စားစရာအများကြီးမရှိဘူး။ ဒီဆန်နည်းနည်းလေးတောင်မှ ကျွန်တော်တို့ဝေစုဆီက အညီအမျှ ခွဲထားခဲ့တာပဲ။ ကျွန်တော့်ဇနီးလေးကလည်း အပိုအလျှံ မစိုက်ပျိုးထားခဲ့တော့ သိုလှောင်ထားတဲ့ အစားအစာတွေလည်း သိပ်မရှိဘူးလေ" 


အစ်ကိုကြီးလီဇနီးမှာ ဆန်နည်းနည်းကို မကျေမနပ်ကြည့်ကာ ကြားဖြတ်မပြောဘဲ မနေနိုင်တော့၍ "ဒုတိယမတ်လေး စပါးဈေးမတက်ခင်တုန်းက မင်းပဲ ငါတို့ကို သတိပေးခဲ့တာမဟုတ်ဘူးလား? မင်းက အများကြီးမဝယ်ထားဘူးလား?" 


လီချန်ဖုန်း သက်ပြင်းချရင်း "အားလုံးသိကြတဲ့အတိုင်း အိမ်ပြင်ဖို့ ကျွန်တော်တို့ ပိုက်ဆံတွေ သုံးလိုက်ရတယ်လေ။ အိမ်ပြင်ပြီး သိပ်မကြာခင်မှာပဲ ရာသီဥတုက ဒီလိုဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲ? အစားအစာတွေ ဝယ်ထားဖို့ ပိုက်ဆံအများကြီး မကျန်တော့ဘူးလေဗျာ" 


လီမိသားစုဝင်များက လီချန်ဖုန်းရဲ့ သစ်သားအရုပ် ပြုလုပ်ရောင်းချသည့်အကြောင်းကို မသိထားခဲ့ကြပေ။ သို့ရာတွင် သူတို့အိမ်ပြင်ပြီး မကြာမီမှာပဲ ရာသီဥတုဆိုးရွားလာခဲ့​သည်မှာ အမှန်ပင်။ ယင်းအကြောင်းကိုတော့ လူတိုင်းသိလေ၏။ 


လီချန်ဖုန်းရဲ့ ​ရှင်းပြချက်ကြောင့် အစ်ကိုကြီးလီ ဇနီးရဲ့မျက်နှာမှာ ပုံမှန်ပြန်ဖြစ်သွားလျက်။ လီရှောင်းအာ ခေါင်းငုံ့ထားပြီး တိတ်ဆိတ်နေဆဲ။ ရွှီချင်းနှင့် လီချန်ဖုန်းတို့အိမ်မှ သူ ပြန်ရောက်လာကတည်းက သူက ပူပင်ကြောင့်ကြမဲ့တဲ့ ကလေးပုံစံမျိုး မပြုမူတော့ဘဲ သူ့မိသားစုနဲ့လည်း စကားနည်းနည်းသာ ပြောတော့သည်။ 


လီလောင်စန်းမှာ ပင်ပန်းနွမ်းနယ်နေကာ လက်မှိုင်ချနေသည့်အလား။ သူ့စာမေးပွဲမအောင်မြင်ခဲ့တဲ့ စိတ်အခြေအနေကနေ အခုချိန်ထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချေ! 


Thanks for reading!