ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၄.၁)
လီချန်ဖုန်း သူပြောတာကိုကြားတော့ သက်ပြင်းချလိုက်ကာ လီလောင်စန်းက အိမ်မှာရှိတဲ့ ငွေအားလုံးကို သူ့စာမေးပွဲအတွက် သုံးချင်နေခဲ့ကြောင်း ဦးလေးလျိုက သူ့ကို ပြောခဲ့တာတွေကို ရွှီချင်းအား ပြန်ပြောပြလိုက်၏။ "ဒီတော့ ကိုယ့်အဖေနဲ့ အမေက အဲ့ဒါကိုကြားတော့ သူသာ စာမေးပွဲအောင်သွားသရွေ့ သူတို့မှာ အစားအစာတွေအတွက် ပူစရာမလိုတော့ဘူးပေါ့။ အဲ့ဒါကြောင့်ပဲ သူတို့က ရိက္ခာတွေကို စောစောမဝယ်ခဲ့ကြတာတဲ့"
ရွှီချင်း ဒီအခြေအနေကြီးကို ဘယ်လိုပြောရမှန်းတောင် မသိတော့ပေ။ တစ်ဖက်မှာတော့ သူတို့က သူတို့သားရဲ့ အနာဂတ်ကို စဥ်းစားပေးနေကြသလိုမျိုး၊ နောက်တစ်ဖက်မှာတော့ သူတို့ စိတ်ကူးယဥ်နေကြပုံပါပဲ။ လီလောင်စန်းက ရှို့ချိုက်ဖြစ်လာဖို့တောင် တော်တော်လေးခက်ခဲခဲ့ကြောင်းကို အဒေါ်ရှဲ့ သူ့ကိုပြောပြခဲ့တာကို သူမှတ်မိပါသေးတယ်နော်။ ဒါတောင်မှ သူ စာမေးပွဲထပ်ဖြေဖို့ စဥ်းစားနေသေးတယ်ပေါ့လေ။
"အဲ့ဒီကိစ္စကို မေ့ထားလိုက်တော့။ မနေ့ညက မင်းကောင်းကောင်း အိပ်မပျော်ဘူး မဟုတ်လား? ကြည့်ပါဦး မင်း မျက်ကွင်းတွေညိုနေပြီကွာ" လီချန်ဖုန်းက လီမိသားစုပြဿနာကို ဂရုမစိုက်ချင်တော့ပေ။ ရွှီချင်းရဲ့ မျက်လုံးအောက်မှ အမည်းရောင်အဝိုင်းကြီးကို တွေ့လိုက်ရတော့ သူကောင်းကောင်းမအိပ်ရသေးကြောင်း သူသိလိုက်ပြီ။
ရွှီချင်းလည်း သူ့နဖူးသူပွတ်နေရင်း မနေ့ညက သူ လီရှောင်းအာရဲ့ အခြေအနေကို မတွေးဘဲမနေနိုင်၍ အများကြီးမအိပ်ခဲ့ရသေးသည်မှာ အမှန်ပင်။ "ခဏအိပ်လိုက်နော်"
လီချန်ဖုန်း ရွှီချင်းကို အခန်းထဲခေါ်သွားလိုက်၏။ ရွှီချင်း လှဲအိပ်ပြီးသည်နှင့် သူအပြင်ထွက်မည့်အချိန်မှာပင် ရွှီချင်းက သူ့လက်ကို ဆွဲထားလျက် "ကျွန်တော်နဲ့ ခဏအတူနေပေးဦး။ တစ်ယောက်တည်းအိပ်လို့မရဘူး"
လီချန်ဖုန်း တုံ့ဆိုင်းမနေဘဲ ရွှီချင်းဘေးမှာ ဝင်လှဲလိုက်ပြီး မကြာခင်ပဲ အိပ်ပျော်သွားတော့သည်။ ရွှီချင်းကတော့ အိပ်မပျော်သေးဘဲ မျက်လုံးများပြူးကျယ်နေလျက်။ ရွှီချင်းသာ လီချန်ဖုန်းကို အိပ်ခွင့်မပေးဘူးဆိုရင် ဒီလူက တစ်ညလုံး မအိပ်ရသေးတဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေလိမ့်ဦးမည်ပင်။
***
ရာသီဥတုက အရမ်းပူပြင်းလာသလို လယ်ကွင်းတွေလည်း ပိုခြောက်သွေ့လာလျက်။ ရှောင်ပေါင်တောင်မှ မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲနေပြီး အေးမြသည့်နေရာကို ရှာဖွေနေလေသည်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက်သား မနက်ကနေ နေ့လည်အထိ ကောင်းကောင်းအိပ်ပစ်လိုက်သည်။ ရွှီချင်းရဲ့ဗိုက်က အဆက်မပြတ် အသံပေးကာ ဆန္ဒပြမနေခဲ့ရင် သူတို့နှစ်ယောက် ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမယ်ဆိုတာ ဘယ်သူသိမှာတုန်း!
အိမ်ရှိ ကြက်များဟာ ကြက်ပေါက်ကလေးများမှ ဝဖြီးဖြီးကြက်များအဖြစ် ကြီးထွားလာကြလေပြီ။ ရာသီဥတုပူသော်လည်း သူတို့အပေါ် သက်ရောက်မှုမရှိပေ။
နေ့စဥ်နေ့တိုင်း ရွှီချင်းက သူတို့အိမ်ရှိ ကြက်တွေ၊ မြည်း၊ ရှောင်ပေါင်နှင့် ဝက်ကလေးတို့ အားလုံးကို ကျန်းမာစေရန်အတွက် ဝိညာဉ်စမ်းရေအနည်းငယ် ပေးထား၏။ ကြက်တွေက စတင်ဥဥနေပြီဖြစ်၍ လီချန်ဖုန်းက ကြက်ဥပေါင်းလုပ်ရန်အတွက် ရေတွင်းထဲမှ ရေသွားခပ်လိုက်၏။ သို့သော်လည်း ရေတွင်းထဲရှိ ရေမှာ တစ်ဝက်ကျော်လျော့ကျသွားသည်ကို သူသတိထားမိလိုက်သည်။
"ဘာမှားလို့လဲ?" လီချန်ဖုန်း မျက်နှာမကောင်းတာကို ရွှီချင်း သတိပြုမိလိုက်၍ "ရေတွင်းထဲကရေက တစ်ဝက်ကျော်လောက် လျော့သွားပြီ"
"ရာသီဥတုကြောင့် အနှေးနဲ့အမြန် ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ခန့်မှန်းမိပြီးသားပဲလေ။ ကျွန်တော်တို့ ကြိုပြင်ဆင်ထားပြီးသားဆိုတော့ သိပ်စိုးရိမ်စရာမလိုပါဘူးဗျာ"
ရွှီချင်းသည် လီချန်ဖုန်း စိတ်ခံစားချက်မကောင်းသေးတာကို တွေ့လိုက်ရ၍ ခေါင်းစဥ်ပြောင်းလိုက်ကာ "ခင်ဗျားပြောတော့ တောင်ပေါ်မှာ ထောင်ချောက်တွေ ဆင်ထားခဲ့တယ်ဆို? မနက်ဖြန် သွားစစ်ကြည့်ကြရအောင်လေ။ ကျွန်တော်တို့ အများကြီးရိတ်သိမ်းနိုင်မလားဆိုတာကို ဘယ်သူသိမလဲနော်"
လီချန်ဖုန်း ထောင်ချောက်တွေအကြောင်း ရုတ်တရက် သတိရသွားပြီး "ကိုယ်အခုသွားလိုက်မယ်။ အရမ်းနောက်ကျသွားရင် မကောင်းတော့ဘူးလေ။ မင်းအိမ်မှာစောင့်နေနော်" ထို့နောက် သူ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်တော့သည်။ ရွှီချင်းမှာ အံ့အားသင့်နေလျက် "မှောင်တော့မှာကို!"
"အဆင်ပြေပါတယ်ကွာ။ အဆင်ပြေပါတယ်။ ကိုယ် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ်နော်" လီချန်ဖုန်း ထိုစကားကို ပြောပြီးနောက် သူ့နောက်ကျောတွင် ခြင်းတောင်းကြီးတစ်လုံးကို သယ်ကာ ထွက်သွားတော့သည်။ ရွှီချင်းလည်း လီချန်ဖုန်းကို သတိထားရန် ပြောရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
လီချန်ဖုန်း ထွက်သွားသည်နှင့် ရွှီချင်း ရေတွင်းသို့သွားကာ ရေမျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်တော့ အခြေအနေ သိပ်မကောင်းပေ။ ထို့နောက် သူ နေပူဒဏ်ကို ကြံ့ကြံ့ခံလျက် ခြံဝင်းမှ ထွက်လိုက်ပြီး ခြောက်သွေ့လုနီးပါးဖြစ်နေပြီဖြစ်တဲ့ လယ်ကွင်းဆီကို သွားလိုက်ကာ ဂရုတစိုက် ဆောင့်ကြောင့်ထိုင်၍ အက်ကွဲနေတဲ့ မြေကြီးကို စစ်ဆေးကြည့်လိုက်သည်။
***
လီချန်ဖုန်း တစ်နာရီတောင် မကြာဘဲ အိမ်ပြန်ရောက်လာခဲ့ပြီ။ သူ့ခြင်းတောင်းထဲမှာ ရစ်ငှက်သုံးကောင်နှင့် ယုန်နှစ်ကောင်ပါလာလေရာ ရိတ်သိမ်းမှုကောင်းသည်ဟု ဆိုနိုင်လေသည်။
လီချန်ဖုန်း ၎င်းတို့ကို သန့်ရှင်းလိုက်ပြီး ဆားဖြင့်နယ်ကာ တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားလိုက်၏။ နေထွက်လာသည်နှင့် ရက်အနည်းငယ်ကြာရင် အသားတွေက ခြောက်သွားပေလိမ့်မည်။ သည့်နောက် သူတို့ ကြာရှည်သိမ်းထားနိုင်မည်ပင်။
ယခုချိန်တွင် ရွှီချင်းဟာ တောကောင်သားတွေ အများကြီး စားလို့မရကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် မသင့်တော်ကြောင်းကို အဒေါ်ရှဲ့ပြောပြထားဖူးသည်။
ညစာစားပြီးသည့်နောက် သူတို့နှစ်ယောက်သား အေးမြစေရန် ခြံထဲတွင် ထိုင်လိုက်ကာ ရွှီချင်း ခဏလောက်စဥ်းစားကြည့်ပြီးနောက် ပြောလိုက်လေသည်။ "မနက်ဖြန်ကျရင် ခင်ဗျားရဲ့ ညီလေးကို ဒီမှာရက်အနည်းငယ်နေဖို့ သွားခေါ်လိုက်ပါလား?"
လီချန်ဖုန်း ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ။ သူအိမ်မှာနေရင် သူ့အခြေအနေပိုဆိုးလာလိမ့်မယ်လို့ ကိုယ်လဲတွေးနေမိတာ။ သူ့ကို ဒီကိုခေါ်လာပြီး သူ့စိတ်အခြေအနေပြောင်းလိုက်တာက ပိုကောင်းမှာပဲ"
"ဒါဆို ခင်ဗျား မနက်ဖြန်မနက် သွားခေါ်လိုက်နော်။ ဒီနေ့ ကျွန်တော် အိပ်ရာပြင်ထားလိုက်မယ်။ နေအရမ်းမပူခင် စောစောခေါ်ခဲ့လိုက်လေ" ရွှီချင်းမှာ ချွေးထွက်လွန်းသဖြင့် အင်္ကျီပါးပါးလေးသာ ဝတ်ဆင်ထားလျက်။
လီချန်ဖုန်းက ရွှီချင်းရဲ့ ချွေးတွေကို သုတ်ပေးရန် လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး သူ့နားရွက်အနီးတွင် သူ့လက်ကြီးကြီးကိုသုံးကာ ညင်သာစွာ ယပ်ခပ်ပေးနေခဲ့သည်။
သို့ပေသိ ဒီလိုလုပ်တာက ဘယ်လောက်များ အေးနိုင်မှာလဲနော်? ရွှီချင်း ပူအိုက်နေဆဲ။ ယပ်တောင်အဖြစ် အသုံးပြုနိုင်တဲ့ တစ်ခုခုကို သူ ရုတ်ချည်းသတိရသွားလျက် - အုန်းလက်ယပ်တောင်ပေါ့!
ဖြစ်ချင်တော့ အိမ်အနီးမှာ အုန်းလက်ယပ်တောင် ပြုလုပ်ဖို့ သင့်တော်တဲ့ သစ်ပင်အနည်းငယ်ရှိနေခဲ့သည်။ ရာသီဥတုပူလွန်းသောကြောင့် သစ်ပင်ရှိ သစ်ရွက်များလည်း ခြောက်သွေ့နေလေပြီ။
ရွှီချင်းသည် တော်တော်လေး အကောင်း၁ပကတိအတိုင်းရှိနေဆဲ နေကြာရွက်နှစ်ရွက်ကို လီချန်ဖုန်းအား ယူလာခိုင်းလိုက်ပြီးနောက် အုန်းလက်ယပ်တောင် ပြုလုပ်ရန်အတွက် လီချန်ဖုန်းကို စတင်ညွှန်ကြားလိုက်တော့သည်။
ပထမဦးစွာ "အရွက်ဆွဲထုတ်ခြင်း"ပင်။ ဟန်ချက်ညီစေရန်အတွက် သစ်ရွက်တစ်ဖက်စီကို ခွာလိုက်ပြီး ဝိုင်း၍ ချောမွတ်အောင် ပြုလုပ်ရပေမည်။ သည့်နောက် "အရွက်အနားညှိခြင်း"ပင်။
ရွှီချင်း သစ်ရွက်ထောင့်နားကို ညွှန်ပြလိုက်ရာ လီချန်ဖုန်းက ပတ်ပတ်လည်ရှိ အကိုင်းအခက်များနှင့် အရွက်များကို ဖြတ်တောက်ပစ်လိုက်သည်။
နောက်တစ်ဆင့်မှာ "အရွက်ကိုဖြတ်ထုတ်ခြင်း"ပင်။ အရွက်ကို ဖြတ်ထုတ်ပြီးနောက် တူဖြင့် အုန်းလက်ယပ်တောင်၏လက်ကိုင်ကို စတင်ပြုလုပ်တော့သည်။ လက်ကိုင်မှာ မူလအနက်ရောင်ဖြစ်သော်လည်း အနည်းငယ် ထုလိုက်သည့်အခါ အဖြူရောင်ပြောင်းသွားလေပြီ။ အုန်းလက်ယပ်တောင်၏ လက်ကိုင်ကို ထူအောင်လုပ်ဖို့ လိုအပ်လေရာ ထိုလုပ်ငန်းစဥ်ကို "လက်ကိုင်ထုလုပ်ခြင်း"လို့လည်း ခေါ်လေ၏။
(T/N: ဒီလိုပုံစံလေးမျိုးပေါ့နော်)
ဤနည်းဖြင့် သူတို့နှစ်ယောက်သား လေအေးရစေရန် ရိုးရိုးရှင်းရှင်း အုန်းလက်ယပ်တောင်တစ်ခုကို ပြုလုပ်ခဲ့ကြ၏။ လီချန်ဖုန်းနှင့် ရွှီချင်းတို့က တစ်ယောက် တစ်လက်စီကိုင်ထားကာ ယပ်ခတ်နေခဲ့ကြလျက်။
ခဏအကြာမှာပဲ သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်ရှိ အပူများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။ "အရမ်းသက်တောင့်သက်သာရှိလိုက်တာ!"
ဒီနေ့ မိုးနည်းနည်းလေးရွာရင် ပိုကောင်းမှာပဲနော်။
လီချန်ဖုန်းက ရွှီချင်းလက်ထဲမှ အုန်းလက်ယပ်တောင်ကိုယူကာ သူ့အတွက် ညင်သာစွာ ယပ်ခတ်ပေးလိုက်သည်။ ရွှီချင်းက သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်နှင့် မြန်မြန်ဆန်ဆန် ယပ်ခတ်နေသည်ကို သူသတိပြုမိလိုက်၍ သူ့ကိုယ်သူ အအေးလွန်သွားပြီး နေမကောင်းဖြစ်သွားမည်ကို စိုးရိမ်သွား၍သာ။
"ချန်ဖုန်းရေ ကြည့်ပါဦး" ရွှီချင်း ညကောင်းကင်ယံရှိ ကြယ်များကို ကြည့်ရန် လီချန်ဖုန်းအား အမူအရာပြလိုက်၏။
ခေတ်သစ်ညကောင်းကင်မှာ ဒီလိုလှပတဲ့ မြင်ကွင်းမျိုးမရှိပေ။ ရွှီချင်း ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ရင်း မကြာခင်မှာ အိပ်ငိုက်လာလေပြီ။ သူ့ခန္ဓာကိုယ်က ပိုလေးလံလာပြီး တစ်ခါတလေ လှုပ်ရှားရတာ သက်တောင့်သက်သာမရှိချေ။
လီချန်ဖုန်းလည်း သူအိပ်ပျော်သွားတော့မည်ကို တွေ့လိုက်ရ၍ စိုးရိမ်သွားရလျက်။ သူက ရွှီချင်းကို အခန်းထဲသို့ ပွေ့ချီသွားချင်ပေမယ့် သူ့ဗိုက်ကို မတော်တဆ ထိခိုက်မိသွားမှာကို ကြောက်နေခဲ့လေသည်။ ကူကယ်ရာမဲ့စွာပင် ရွှီချင်းကို သူနှိုးလိုက်ရပြီး အနားယူရန် အခန်းထဲကို အတူတူသွားလိုက်ကြသည်။
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၄.၂)
နောက်တစ်နေ့နံနက်တွင် ရွှီချင်းနိုးလာသည့်အခါ လီချန်ဖုန်း ထွက်သွားနှင့်ပြီ။ လီချန်ဖုန်း မီးဖိုပေါ် တင်ထားပေးတဲ့ မနက်စာကို သူစားလိုက်ကာ အိမ်ကို နောက်တစ်ခေါက် သန့်ရှင်းရေးလုပ်ပြီးနောက် ပင်မခန်းမှာ ကလေးအတွက် အဝတ်အစားသေးသေးလေးတွေ ထိုင်ချုပ်နေခဲ့သည်။
ဤရက်ပိုင်းတွင် သူ့အကြီးမားဆုံး အောင်မြင်မှုကတော့ အဝတ်အစားတွေကို သူကိုယ်တိုင် ချုပ်နိုင်သွားသည်ပင်။ လီချန်ဖုန်း ဒီနေ့ဝတ်ထားတဲ့ အဝတ်အစားတွေက မကြာသေးခင်က ရွှီချင်းချုပ်ထားပေးတဲ့ အဝတ်အစားတွေဖြစ်လေသည်။ လီချန်ဖုန်း ဝတ်လိုက်သည်နှင့် ရွှီချင်းမှာ အဒေါ်ရှဲ့ပြောခဲ့ဖူးတဲ့ ကျေနပ်ဝမ်းသာရတဲ့ ခံစားချက်ကို အမှန်တကယ် နားလည်သွားရပြီ။
ရွှီချင်း အဝတ်အစားတွေ ချုပ်နေစဥ် ရှောင်ပေါင်က သူ့ခြေရင်းမှာ လဲလျောင်းနေပြီး သူ့ကို စောင့်ကြပ်ပေးနေခဲ့သည်။ ရွှီချင်းနဲ့ ဘယ်သူမှ စကားပြောပေးမည့်သူမရှိရင်တောင်မှ သူ အထီးကျန်သလို မခံစားရပေ။
တစ်နာရီကြာပြီးနောက် လီချန်ဖုန်း ပြန်ရောက်လာကာ မြည်းလှည်းကို နေရာချလိုက်ပြီးမှ ဖြူဖျော့ဖျော့မျက်နှာနှင့် လီရှောင်းအာကို တွဲကူပေးလိုက်သည်။
လီရှောင်းအာ၏ ဖြူဖျော့ဖျော့မျက်နှာကို ရွှီချင်း မြင်လိုက်ရတော့ "ဘာဖြစ်...?" လီချန်ဖုန်းက ခေါင်းယမ်းပြကာ လီရှောင်းအာမကြားနိုင်ရင်တောင်မှ သူ့အရှေ့မှာ မေးခွန်းအများကြီးမမေးရန် ရွှီချင်းအား အချက်ပြလိုက်၏။
ရွှီချင်းလည်း လီရှောင်းအာကို ချက်ချင်း ကူတွဲပေးလိုက်ရာ သူ့တစ်ကိုယ်လုံး အေးစက်နေကာ အနည်းငယ် တုန်ရီနေသည်ကို သူခံစားမိလိုက်သည်။ ရွှီချင်း သူ့ကို တွဲကူပေးလိုက်သည့်အခါ လီရှောင်းအာက ရွှီချင်းကို အားတင်းပြုံးပြလိုက်ကာ ပါးစပ်ကိုဖွင့်၍ ကျေးဇူးတင်ကြောင်း တိတ်တဆိတ်ဆိုလေသည်။ သူခေါင်းမော့လိုက်တဲ့အခါ သူ့လည်ပင်းရှိ အညိုအမဲကို ရွှီချင်း ရိပ်ခနဲ မြင်လိုက်ရ၏။
ရွှီချင်း အံ့အားသင့်သွားရပေမယ့် လီချန်ဖုန်းအား ယခုအချိန်တွင် မေးရန် မသင့်တော်သေး၍ ထိုအစား သူတို့နှစ်ယောက်က လီရှောင်းအာကို ပြင်ထားပြီးသားအခန်းဆီသို့ ဂရုတစိုက်ခေါ်သွားကာ သူ့ကို စောင်ခြုံပေးလိုက်၏။ ရာသီဥတု ပူပြင်းနေပေမယ့် လီရှောင်းအာက ချမ်းတုန်နေသည်လေ။
အခန်းထဲမှ ထွက်လာသည်နှင့် လီချန်ဖုန်းက ဆေးထုပ်အနည်းငယ်ကို ထုတ်ကာ ရွှီချင်းကို မီးဖိုချောင်ဆီ ခေါ်သွားလိုက်သည်။ ၄င်းတို့မှာ ဒီနေ့ လီရှောင်းအာမသောက်ရသေးတဲ့ ဆေးတွေဖြစ်ရာ သူ့အတွက် ဆေးကျိုပေးဖို့လိုပေသည်။
"ရှောင်းအာ... သူ..." ရွှီချင်း စကားဆုံးအောင်မပြောလိုက်ဘဲ လည်ပင်းကို ညွှန်ပြရင်း မေးလိုက်၏။ လီချန်ဖုန်းက မီးမွှေးနေရင်း ပြန်ဖြေလာခဲ့သည်။ "မနေ့ညက သူ့ကိုယ်သူ တိတ်တိတ်လေး ကြိုးဆွဲချ သတ်သေတာတဲ့။ ကံကောင်းလို့ စောစောရှာတွေ့သွားကြလို့လေ။ မဟုတ်ရင်... နဂိုကတော့ ကိုယ် အမေတို့ကို အရင်ပြောပြီးမှ သူ့ကိုခေါ်လာမလို့။ ဒါပေမဲ့ အခု ဒီလိုဖြစ်သွားတော့ ကိုယ်လည်း ရှောင်းအာသဘောကိုပဲ တိုက်ရိုက်မေးပြီး ခေါ်လာခဲ့လိုက်တာ"
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ လီရှောင်းအာ မျှော်လင့်ချက် လုံးဝမဲ့သွားမှာကို သူကြောက်နေမိခဲ့တာ၊ သူစိုးရိမ်နေတာတွေ တကယ်ဖြစ်လာခဲ့တာပဲ။ ကံကောင်းထောက်မလို့ စောစောရှာတွေ့သွားခဲ့ကြလို့ပေါ့ မဟုတ်ရင်တော့... "ဒါက ဘာဆေးကြီးလဲ?"
လီချန်ဖုန်း အိုးကို အဖုံးအုပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။ "သမားတော်ကြီးလင်းပေးထားတဲ့ ဆေးပဲ။ ဒီဆေးတွေသောက်ပြီးသွားတဲ့အခါ သူပြန်စစ်ဆေးပေးမယ်လို့ ပြောထားတယ်။ မင်းအပြင်ထွက်တော့လေ။ ဆေးအနံ့တွေက ပြင်းနေတယ်!"
ရွှီချင်း ခေါင်းခါလိုက်ကာ လီချန်ဖုန်းကို မီးဆက်ကြည့်ခိုင်းလိုက်ပြီး သူက စစ်ဆေးသလို ဟန်ဆောင်ကာ အဖုံးဖွင့်၍ ဝိညာဉ်စမ်းရေနည်းနည်းထည့်ပြီးမှ အဖုံးပြန်အုပ်ထားလိုက်သည်။
"ဒါဆို ကျွန်တော် အရင်ထွက်နှင့်မယ်နော်။ ရှောင်းအာက ဘာမှမစားရသေးဘူးဆိုတော့ ကျွန်တော် သူ့အတွက် အားပြည့်အောင်လို့ ကြက်စွပ်ပြုတ်လုပ်ဖို့ သိုလှောင်ခန်းထဲမှာ လိုတာတွေ သွားယူလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် ရွှီချင်း မီးဖိုချောင်မှ ထွက်လာခဲ့သည်။ လီချန်ဖုန်းလည်း ရွှီချင်းရဲ့ ကျောပြင်ကို ကြည့်ရင်း "ဖြေးဖြေးလုပ်နော်။ ပြီးရင် ကိုယ်လာကူမယ်"
လီရှောင်းအာမှာ အိပ်ယာပေါ်တွင် လှဲလျောင်းနေလျက် စောင်အသစ်ရဲ့ လတ်ဆတ်တဲ့အနံ့ကို ရှူရှိုက်နေရင်း စောင်ထဲမှ သူ့လက်ကို ဆန့်ထုတ်ကာ နာကျင်နေဆဲလည်ပင်းကို ညင်သာစွာ ပွတ်လိုက်၏။
တကယ့်ကို နီးနေပြီပဲဟာ၊ နည်းနည်းလေးပဲလိုတော့တာကို၊ သူ ဒီလိုနာကျင်စရာကောင်းတဲ့ကမ္ဘာကြီးက လွတ်မြောက်တော့မလို့ကိုကွာ။ (😭)
ရွှီချင်း မွန်းတည့်ချိန်တွင် ကြက်စွပ်ပြုတ်ချက်နေရင်း ဝိဥာဥ်စမ်းရေနည်းနည်းကို လျှို့ဝှက်စွာ ထည့်လိုက်ပြန်သည်။ သူကတော့ အရိုးစွပ်ပြုတ်ကို သောက်နေခဲ့ပြီး လီရှောင်းအာကိုတော့ ကြက်စွပ်ပြုတ်များများစားဖို့ တိုက်တွန်းလိုက်၏။ "ငါ့မှာ ကိုယ်ဝန်ရှိနေလို့ အများကြီးမစားသင့်ဘူးလို့ အဒေါ်ရှဲ့ပြောထားတယ်။ မင်းက များများစားသင့်တယ်နော်။ မင်း ဘယ်လောက်ပိန်နေလဲ ကြည့်ပါဦးကွာ"
ရွှီချင်း ပြောဆိုပြီးနောက်မှ လီရှောင်းအာက သူ့ဘာသူပြုံးနေတာကို သတိထားမိလိုက်သည်။ ထိုအချိန်မှသာ လီရှောင်းအာက သူပြောသမျှတွေကို မကြားရတော့တာကို ရွှီချင်း သတိရသွားခဲ့သည်။
လီချန်ဖုန်းက ရွှီချင်းရဲ့ ပခုံးလေးကို သာသာလေးပုတ်လိုက်ကာ လီရှောင်းအာအတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန် ခပ်ပေးလိုက်ပြီး လီရှောင်းအာကို စားဖို့ လက်ဟန်အမူအရာလုပ်ပြလိုက်သည်။
လီရှောင်းအာက သူ့ရှေ့က ကြက်စွပ်ပြုတ်ပန်းကန်ကို ကြည့်လိုက်ပြီး ရွှီချင်းနှင့် လီချန်ဖုန်းတို့ရဲ့ ကြင်နာဂရုစိုက်တဲ့ အကြည့်တွေကို မြင်လိုက်ရတော့ မငိုမိဘဲ မနေနိုင်တော့ပေ။
ဤအဖြစ်အပျက်ပြီးသည့်နောက် အမေရော အဖေကပါ တတိယအစ်ကိုအပေါ် လက်တောင်မတင်ခဲ့ကြ။ ဒုတိယအစ်ကိုရောက်လာတဲ့အခါကျမှ တတိယအစ်ကိုကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပေးခဲ့တာ၊ ဒါတောင် တခြားသူတွေက ဝိုင်းဆွဲကြသေးတယ်။ သူမကြားနိုင်ဘူးဆိုရင်တောင်မှ နောက်ကွယ်က အကြောင်းရင်းကို နားလည်ပါသေးတယ်။
ဘယ်လိုဖြစ်ဖြစ် သူက တစ်နေ့ အိမ်ထောင်ပြုရမည်ဖြစ်ရာ နားမကြားတော့ခြင်းမှာ အိမ်ထောင်ရေးကောင်းကောင်းရနိုင်မလား၊ မရနိုင်တော့ဘူးလားဆိုတာပဲ ကွာခြားသွားမှာပေါ့လေ။
သူတို့မိသားစုက အစားအစာဝယ်ဖို့ ငွေမသုံးခဲ့ကြဘဲ တတိယအစ်ကိုအပေါ်မှာသာ အရာအားလုံး လောင်းကြေးထပ်ခဲ့ကြသည်။ သူ စာမေးပွဲ အောင်ခဲ့ရင်တော့ ဘာမှစိုးရိမ်စရာမရှိပေ။ သို့သော် သူကျရှုံးခဲ့ရင်တော့ တတိယအစ်ကိုမှာ မိသားစုတစ်ခုလုံးရှိသေးပေမယ့် သူ့မှာတော့ ဒုတိယအစ်ကိုသာရှိတော့သည်။
"မြန်မြန်စားလေ"
လီချန်ဖုန်းက လီရှောင်းအာ ကြားနိုင်လား၊ မကြားနိုင်ဘူးလားဆိုသည်ကို ဂရုမစိုက်ဘဲ လီရှောင်းအာ လက်ထဲသို့ ပန်းကန်လုံးနှင့် တူကိုသာ တိုက်ရိုက်ထည့်ပေးလိုက်စဥ် ရွှီချင်းလည်း လက်ကိုင်ပုဝါ ထုတ်၍ သူ့မျက်ရည်တွေကို သုတ်ပေးလာခဲ့သည်။
အခု သူတို့ပြောတာကို လီရှောင်းအာ မကြားနိုင်တော့သည့်အတွက် လူကိုယ်တိုင် လုပ်ပေးလိုက်တာက ပိုကောင်းတယ်လေ။
နေ့လည်စာစားပြီးနောက် လီရှောင်းအာသည် သူ့ရဲ့အေးစက်စက်ခန္ဓာကိုယ်မှာ နွေးထွေးလာသည်ကို ခံစားလိုက်ရပြီး အိပ်ချင်စပြုလာခဲ့၏။ ရွှီချင်းက ဝိဥာဥ်စမ်းရေ အကျိုးသက်ရောက်လာပြီမှန်း သိသဖြင့် လီရှောင်းအာကို အနားယူစေရန် သူ့အခန်းသို့ပြန်သွားခိုင်းလိုက်ပြီး သူနှင့် လီချန်ဖုန်းတို့က ပန်းကန်တွေကို သန့်ရှင်းရေးလုပ်လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ရွှီချင်းတို့မိသားစုမှာ တောင်အနောက်ဘက်မှာနေကြ၍ ကြက်စွပ်ပြုတ်အနံ့က ရွာထဲသို့ မရောက်နိုင်လို့သာ။ မဟုတ်ရင် တခြားသူတွေ အနံ့ရပြီးရင် စပြီး အတင်းအဖျင်းပြောကြဦးမှာ အသေအချာပင်။ သူတို့ကတော့ ထမင်းတစ်နပ်တောင် ကောင်းကောင်းမစားနိုင်တော့သည့်အချိန်မှာ ရွှီချင်းတို့က အသားစားနိုင်နေသေးသည်ကို တခြားသူတွေ သိသွားခဲ့ပါက ပြဿနာဖြစ်လာမည်မှာ မလွှဲဧကန်ပင်။
"မင်း အရိုးစွပ်ပြုတ်သောက်ရတာ ငြီးငွေ့နေပြီလား။ အများကြီးသောက်တာ ကိုယ်မတွေ့ဖူးနော်" လီချန်ဖုန်း ပန်းကန်လုံးကို သုတ်နေရင်း ရွှီချင်းကို မေးလာလေသည်။
အမှန်တကယ်ပင် ရွှီချင်း အရိုးစွပ်ပြုတ်သောက်ရတာ ငြီးငွေ့နေခဲ့ပြီ။ ဆယ်ရက်ကျော်သောက်ခဲ့ရပြီးပြီလေ။ "နည်းနည်းပေါ့။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ သောက်စရာ အရိုးစွပ်ပြုတ်တွေကျန်နေသေးတယ်။ အခုချိန်မှာ မိသားစုတော်တော်များများက ဟင်းသီးဟင်းရွက်ရိုင်းတွေတောင် သိပ်ရှာမနိုင်ကြတော့ဘူးနော်"
လီချန်ဖုန်းက ကိစ္စတွေကို ဘယ်လိုပြောင်းလဲပြောဆိုရမလဲ တွေးတောကာ ရွှီချင်းကို ပြန်ပြောလိုက်၏။ "အဆင်ပြေပါတယ်ကွာ။ ကိုယ်တို့က ခိုးတာ လုယက်တာမှ မဟုတ်ဘဲ။ ပြောကိုပြောရမယ်ဆိုရင်တော့ ကိုယ့်မှာ မင်းလိုဇနီးကောင်းလေး ရလိုက်လို့ ကိုယ်ကံကောင်းတာကြောင့်ပဲပေါ့ကွာ"
ရွှီချင်း လီချန်ဖုန်းကို တစ်ချက်ကြည့်ကာ "ခင်ဗျား စွပ်ပြုတ်အတွက်ကြောင့်နဲ့ ကျွန်တော့်ကို စကားချိုချိုလေးတွေပြောဖို့ ကြိုးစားမနေပါနဲ့။ ပန်းကန်ဆေးပြီးရင် ခင်ဗျားလည်း အနားယူသင့်ပြီနော်။ ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်း ကျွန်တော်တို့လည်း ဘာမှလုပ်စရာမရှိဘူးလေ။ စားလိုက်၊ အိပ်လိုက်နဲ့ အိပ်လိုက် စားလိုက်လုပ်နေရုံပဲဆိုတော့ မကြာခင် ဝလာတော့မှာပဲဗျာ" မိသားစုတော်တော်များများက ဝလာချင်သော်လည်း သူတို့မှာ ထိုသို့မဖြစ်နိုင်ကြပေ။