ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၃.၁)
"ဇနီးလေး?!"
လီချန်ဖုန်းက သူ့မျက်နှာပေါ်က ချွေးတွေကိုသုတ်ဖို့ ဂရုပင်မစိုက်နိုင်တော့ဘဲ ဆီမီးထွန်း၍ အခန်းတိုင်းကို လိုက်ရှာခဲ့ပေမယ့် ရွှီချင်းကို မတွေ့ခဲ့ပေ။ အခန်းတိုင်းက သပ်ရပ်နေသလို ရွှီချင်း အဝတ်အစားတွေလည်း ရှိနေဆဲ။ လီချန်ဖုန်းက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အတင်းလုပ်ပြီးမှ သူ့ပတ်ဝန်းကျင်ကို လိုက်ကြည့်နေရင်း တွေးတောနေလိုက်၏။
ဟုတ်သားပဲ! ရှဲ့မိသားစုဆီ သွားကြည့်ရမယ်!
လီချန်ဖုန်း အမောတကောပြေးလာသဖြင့် လမ်းမှာ ရွာသားတွေအားလုံးရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။ "သူက တောင်အနောက်ဘက်က ကောရဲ့ ခင်ပွန်း မဟုတ်ဘူးလား? သူဘာလို့ ဒီလောက်မြန်မြန်ပြေးနေရတာလဲ? တစ်ခုခုများဖြစ်-?" လီချန်ဖုန်းရဲ့ အလျင်လိုနေဟန်ကြောင့် ဦးလေးတစ်ယောက်က တွေးရခက်စွာဖြင့် ပြောနေရာ သူ့စကားမဆုံးခင်မှာပင် သူ့ဇနီးက အပြစ်တင်လာခဲ့၏။
"ခင်ဗျား ဘာတွေပြောနေတာလဲ? သတိထားဦးလေ၊ သူကြားသွားလိမ့်မယ်!"
"ဦးလေးရှဲ့! ရွှီချင်း ဒီမှာရှိလား? ကျွန်တော် လီချန်ဖုန်းပါ!" လီချန်ဖုန်းက အသက်ပြင်းပြင်းရှူကာ ရှဲ့မိသားစုတံခါးကို ခေါက်လိုက်၏။ ရွှီချင်း ဒီမှာရှိမနေမှာကို ထိတ်လန့်နေမိ၍ စိုးရိမ်စိတ်ကြောင့် သူ့လက်ဖဝါးမှာ ချွေးစို့နေလျက်။
ဦးလေးရှဲ့က ရှဲ့ယွီနှင့်အတူတူ ဟင်းသီးဟင်းရွက်ခူးဆွတ်နေသော ရွှီချင်းကို တစ်ချက်ကြည့်ကာ ခြံအပြင်ဘက်မှ အသံကျယ်ကြီးကို နားထောင်ရင်း "ဒီကလေးက ချင်းကောအာကို လာရှာတာပဲ ဖြစ်ရမယ်။ သူဒီမှာရှိတယ်ဟေ့! လာပြီ!"
ရှဲ့ယွီက လီချန်ဖုန်းရဲ့ အလောတကြီးအသံကို ကြားလိုက်၍ "ဒီလောက် အလောတကြီးဖြစ်နေတာ ဘာများဖြစ်လို့လဲ? တစ်ခုခုများဖြစ်လို့လား?"
ရွှီချင်းလည်း ပဟေဠိဖြစ်နေလျက်။ တောင်ပေါ်မှာ လီချန်ဖုန်း ဒဏ်ရာရလာလို့များလား? ဤဖြစ်နိုင်ချေကို ရွှီချင်းတွေးမိလိုက်သည်နှင့် ဟင်းရွက်ဆက်ခူးဖို့ စိတ်မဝင်စားတော့ဘဲ "ကျွန်တော်အပြင်ထွက်ပြီး သွားကြည့်လိုက်ဦးမယ်နော်။"
ယခုဆို ရွှီချင်းမှာ ကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့် သူက ဘာဖြစ်နေသလဲဆိုတာကို သိလိုသော်လည်း သူ့ခန္ဓာကိုယ်ကို ထည့်သွင်းစဉ်းစား၍ မှန်မှန်နှင့် မြန်မြန် လျှောက်သွားလိုက်သည်။ လီချန်ဖုန်းက ဦးလေးရှဲ့ တံခါးဖွင့်လိုက်သည်နှင့် အမြန်မေးလိုက်၏။ "ကျွန်တော့်ဇနီးလေးရော..." သူ့စကားမဆုံးခင်မှာပင် ဦးလေးရှဲ့က အိမ်ဘက်ကို လက်ညှိုးထိုးပြကာ "သူအိမ်ထဲမှာရှိတယ်လေ။ ဘာဖြစ်လို့လဲ? မင်း ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ၊ ချွေးတွေလည်း ရွှဲနေရောပဲကွာ!"
ရွှီချင်းက ရှဲ့မိသားစုအိမ်မှာ ရှိနေတယ်လို့ ကြားလိုက်ရသဖြင့် လီချန်ဖုန်း စိတ်အေးသွားရလေပြီ။
"ဘာဖြစ်တာလဲ? ခင်ဗျား စိုးရိမ်တကြီးဖြစ်နေတာကို ကျွန်တော်မြင်တယ်နော်။" ရွှီချင်းက ခြံဝင်းတံခါးဆီသို့ လျှောက်လာရင်း လီချန်ဖုန်းမှာ ဒဏ်ရာမရထားသည်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွား၏။ လီချန်ဖုန်း တစ်ခုခုဖြစ်သွားမှာကို သူလည်း စိုးရိမ်ရပါတယ်နော်။
သူ့ဇနီးလေးက သူ့အရှေ့မှာ ရပ်နေတာကို မြင်လိုက်ရတော့ လီချန်ဖုန်းလည်း စိုးရိမ်စိတ်တွေ ပပျောက်သွားရကာ ရွှီချင်းကို ပွေ့ဖက်ချင်ပေမယ့် သူ့တစ်ကိုယ်လုံး ချွေးရွှဲနေသည်ကြောင့် ရွှီချင်းကို အနံ့နဲ့ ဒုက္ခမပေးလို၍ အနားကပ်မလာတော့ဘဲ "အဆင်ပြေပါတယ်။ ကိုယ် အိမ်မှာ မင်းကို မတွေ့လိုက်လို့။"
ရွှီချင်းလည်း သူ့နဖူး သူရိုက်ကာ "ဒါ ကျွန်တော့်အမှားပဲ။ အစ်ကိုရှောင်ယွီက ကျွန်တော့်ဆီ စကားလာပြောတော့ လမ်းလျှောက်ထွက်လာရင်း ဦးလေးရှဲ့တို့အိမ်ရောက်လာတာ။ ခင်ဗျားအတွက် ဘာစာမှမထားခဲ့မိဘူး။ ခင်ဗျားကို စိတ်ပူစေမိလို့ ကျွန်တော် တောင်းပန်ပါတယ်နော်။"
သူ့မှတ်ဥာဏ်ကလည်း ပိုဆိုးလာလိုက်တာကွာ။ သို့ပေသိ လီချန်ဖုန်းရဲ့ စိုးရိမ်ပူပန်နေတဲ့ပုံစံကို မြင်လိုက်ရတော့ ရွှီချင်းမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိသလို ခံစားခဲ့ရသလို အနည်းငယ် အပြစ်ရှိသလိုလည်း ခံစားရလေသည်။
"ရပါတယ်ကွာ၊ အိမ်ပြန်ကြစို့လေ" လီချန်ဖုန်း က သူ့လက်တွေကို သန့်စင်အောင် သုတ်လိုက်ပြီး ဦးလေးရှဲ့အရှေ့မှာပဲ ရွှီချင်းလက်တွေကို ဆုပ်ကိုင်လိုက်ရာ "အိမ်ပြန်မယ်? မင်းတို့ဒီမှာပဲညစာစားသွား! ယဥ်ကျေးနေစရာမလိုဘူးဟေ့ ဒီကောင်လေးကတော့!"
ဦးလေးရှဲ့က ဒီလိုပြောလာတော့ လီချန်ဖုန်းလည်း ဘယ်လိုငြင်းရမှန်း မသိတော့သဖြင့် ရွှီချင်းကပဲ ပြုံးရယ်ကာ ပြောလိုက်၏။ "ချန်ဖုန်းက ရေမချိုးရသေးတော့ ညစာစားတဲ့အချိန်မှာ ချွေးနံ့တွေထွက်နေရင် ဘယ်လိုလုပ်မလဲဗျာ? နောက်တစ်ခေါက်မှပဲ လာစားတော့မယ်နော်"
"ဟုတ်တယ်၊ ဟုတ်တယ်! ကျွန်တော့်တစ်ကိုယ်လုံးက ချွေးတွေကို ကြည့်ပါဦးဗျာ။ အနံ့ထွက်နေတော့ အဆင်မပြေဘူးလေ!" လီချန်ဖုန်းလည်း ရွှီချင်းရဲ့ စကားအတိုင်း လိုက်ပြောလာခဲ့သည်။
ယခုလိုမိုးခေါင်နေတဲ့အချိန်မှာ ပေါ့ပေါ့လေးနေလို့မရဘူးလေ။ အကယ်၍ ရှဲ့မိသားစုက ရွှီချင်းအိမ်မှာ လာစားတာဆိုရင်တော့ သူတို့က ကြိုဆိုတာပေါ့။ ဘယ်လိုဖြစ်ဖြစ် သူတို့ရဲ့ ရိက္ခာတွေက နောက်နှစ်ဆောင်းရာသီအထိ သိမ်းဆည်းထားခဲ့ကြတာလေ။ ရှဲ့မိသားစုမှာကျ အများကြီးမသိုလှောင်ထားတော့ လီချန်ဖုန်းလည်း ယဥ်ယဥ်ကျေးကျေး ငြင်းနေခဲ့တာပါပဲ။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီကွာ။ ဒါပေမဲ့ နောက်တစ်ခါဆို ဒီလိုမလုပ်ရဘူး။ မဟုတ်ရင် ငါ မပျော်တော့ဘူးကွာ!" ဦးလေးရှဲ့က အများကြီးတွေးမနေတော့ဘဲ ရွှီချင်းစကားကို ပျော်ရွှင်စွာ သဘောတူလိုက်လေသည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့က အိမ်ပြန်ရောက်ချိန်မှာ မှောင်မည်းနေပြီဖြစ်ရာ လီချန်ဖုန်းလည်း မြန်မြန်ရေချိုးလိုက်ပြီး သူ့အဝတ်အစားလဲ၍ ဟင်းသီးဟင်းရွက်ခူးဆွတ်နေတဲ့ ရွှီချင်းကို ပွေ့ဖက်လိုက်တော့သည်။ "ဇနီးလေး"
ရွှီချင်းသည် ရေအေးအေးနဲ့ ရေချိုးထားလို့ လီချန်ဖုန်းရဲ့ အအေးဓာတ်နည်းနည်းကျန်နေသေးတဲ့ ခန္ဓာကိုယ်ကို ခံစားလိုက်မိကာ ရယ်မောလျက် "ဘာဖြစ်လို့လဲ? ကလေးလိုလုပ်နေတယ်"
လီချန်ဖုန်းသည် ရွှီချင်းလက်ထဲမှ အလုပ်ကို လွှဲပြောင်းယူကာ သူ့ဘေးမှာ ထိုင်ချလာပြီး ရွှီချင်းပါးလေးကို နမ်းရင်း ပြောလိုက်၏။ "ကိုယ် မင်းကို အရမ်းလွမ်းတယ်လို့ ခံစားရလို့"
ရွှီချင်းသာ အိမ်မှာမရှိရင် အိမ်က ဘယ်လောက်ပဲ ကောင်းနေနေ၊ အသစ်ဖြစ်နေနေ၊ လီချန်ဖုန်းရဲ့မျက်လုံးထဲမှာတော့ ဘာအဓိပ္ပါယ်မှ မရှိဘူးလေ။
ရွှီချင်းရဲ့ မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာရ၏။ လီချန်ဖုန်းက ဒီလိုနှလုံးသားရေးရာစကားတွေကို အိပ်ရာထဲတွင်သာ အမြဲပြောခဲ့ဖူးတာလေ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့အရှက်မရှိတဲ့မျက်နှာက ပိုထူလာပုံပဲနော်။ သူ့ကိုယ်ဝန်ကြောင့်များလား? သူတို့နောက်ဆုံးလုပ်ခဲ့တဲ့အချိန်က ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ? ဤအတွေးများဖြင့် ရွှီချင်းက လီချန်ဖုန်းရဲ့ဘောင်းဘီခွကြားကို စိုက်ကြည့်လိုက်ပေသည်။
လီချန်ဖုန်းမှာ အနည်းငယ်ကိုးရိုးကားယားဖြစ်သလို ခံစားလိုက်ရကာ "အဲ့ဒီကိစ္စကြောင့်မဟုတ်ပါဘူး။ ဒီအတိုင်း ကိုယ်မင်းကို လွမ်းနေရုံလေးပါပဲကွာ" ထိုသို့ပြောပြီးနောက် သူတစ်ခုခုမမှန်ဘူးလို့ ခံစားမိရင်း "မဟုတ်သေးပါဘူး၊ ကိုယ်အဲ့ကိစ္စကို တွေးတော့တွေးဖူးတာပေါ့။ ဒါပေမဲ့ အခုတော့ တကယ် အဲ့ဒါကို တွေးနေတာမဟုတ်ပါဘူး" ရွှီချင်းက လီချန်ဖုန်းရဲ့ ရောထွေးနေတဲ့အတွေးတွေကို နားထောင်ရင်း မူးဝေသွားရသလိုပင် "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ တွေးချင်ရာတာ တွေးတော့ဗျာ"
သူ့စကားတွေကြောင့် လီချန်ဖုန်းရဲ့ မျက်လုံးတွေက တောက်ပလာကာ "မင်းလည်း လိုချင်နေတာလား?" ရွှီချင်းမှာ အံ့အားသင့်သွားပြီး လီချန်ဖုန်းရဲ့ ဆိုလိုရင်းကို သဘောပေါက်လိုက်တော့မှ အမြန်ရှင်းပြလိုက်ရသည်။ သို့ရာတွင် လီချန်ဖုန်းက သက်ပြင်းချလျက် "ဒါပေမဲ့ အခု မင်းမှာကလေးလေးရှိနေတော့ မင်းလိုချင်တယ်ဆိုရင်တောင်မှ ကိုယ်မပေးနိုင်ပါဘူးကွာ"
ရွှီချင်းမှာ ဆွံ့အသွားရလျက်။ လီချန်ဖုန်းပြောပုံက မသိရင် သူကပဲ အရူးအမူးဖြစ်နေရသလိုမျိုးပဲ။
ညစာစားပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း ညခင်းလေအေးအေးကို ခံစားရန် ခြံဝင်းအတွင်းရှိ စားပွဲ၌ ထိုင်လိုက်ကြသည်။ ခြောက်သွေ့ရာသီ ရောက်လာပြီဖြစ်၍ သူတို့အိမ်တွင် ကြီးကြီးမားမားသက်ရောက်မှုမရှိသော်လည်း ရေအသုံးပြုရတာပဲ နည်းနည်းအဆင်မပြေဖြစ်ရသည်။ ရွှီချင်းက နေရာလွတ်ထဲမှ ဝိညာဉ်စမ်းရေကို ဘယ်လိုယူထုတ်ရမလဲဆိုတာကို မသိသေးပေ။
"နောက်ကျနေပြီ၊ အနားယူကြစို့" လီချန်ဖုန်းသည် ခြင်တွေပိုများလာတာကို မြင်လိုက်သဖြင့် ရွှီချင်းကို အခန်းပြန်ပြီး အနားယူစေချင်လေသည်။ ထိုအချိန်တွင် ခြံတံခါးလာခေါက်တဲ့သူ ရှိမယ်လို့ ဘယ်သူထင်မလဲနော်။
"ဝုတ် ဝုတ်! ဝုတ် ဝုတ်!"
သူတို့နေထိုင်ရာနေရာ၌ ညဘက်ကြီး တံခါးလာခေါက်သဖြင့် ရှောင်ပေါင်က ထဟောင်လိုက်ရာ "ငါ လင်းဖန်းလျန်ပါ"
လင်းဖန်းလျန်သည် ခြံဝင်းတံခါးအပြင်ဘက်တွင် တစ်ယောက်တည်း ရပ်နေကာ အတွင်းမှ ခွေးဟောင်သံနှင့် လီချန်ဖုန်းအသံကို ကြားလိုက်ရသဖြင့် ချက်ချင်း အသံပြုလိုက်လေသည်။
လီချန်ဖုန်း တံခါးသွားဖွင့်နေစဥ် ရွှီချင်းက မီးဖိုချောင်သို့သွားကာ လက်ဖက်ရည်တစ်ခွက် သွားငှဲ့လိုက်၏။ ရွှီချင်း ပင်မခန်းသို့ လျှောက်လာသည့်အခါ လင်းဖန်းလျန်နှင့် လီချန်ဖုန်းတို့က ထိုင်နေကြပြီးဖြစ်လျက်။ လင်းဖန်းလျန်က ရွှီချင်းကို ကျေးဇူးတင်စကားပြောပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်လေသည်။ ရွှီချင်းက လင်းဖန်းလျန်မှာ ပြောစရာရှိနေပေမယ့် ဘယ်လိုပြောရမယ်မှန်း မသိသလိုမျိုး ချီတုံချတုံအမူအရာဖြစ်နေတာကို သတိပြုမိလိုက်သည်။
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၃.၂)