ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၆၂)
"ကိုယ်သွားပြီနော်၊ ကိုယ့်ကိုအိမ်မှာစောင့်နေ" လီချန်ဖုန်း သူ့လက်ထဲမှာ ငွေ ၅၀လျန်ယူသွားပြီး မြည်းလှည်းကို ထုတ်လာကာ ရွှီချင်းကို နှုတ်ဆက်လိုက်သည်။
ရွှီချင်းသည် လီချန်ဖုန်း ထွက်သွားသည်ကို စောင့်ကြည့်နေပြီးမှ ပင်မခန်းဆီသို့ ပြန်လာခဲ့သည်။ သူ့စိတ်က ရှုပ်ထွေးနေခဲ့ပေမယ့် နေရာလွတ်ထဲက ဆန်တွေနဲ့ အသားတွေအပြင် ပိုက်ဆံနဲ့ရောင်းလို့ရတဲ့ ဆေးဖက်ဝင်အပင်တွေရှိသေးတာကို တွေးလိုက်တော့မှ သူ့စိတ်ပြန်တည်ငြိမ်လာခဲ့ရသည်။
"ကလေးလေးရေ မင်းကတော့ အချိန်အခါကောင်းကို ရောက်လာတာပဲနော်။" အကယ်၍ ဒီလိုမိုးခေါင်ရေရှားပြီး စိုးရိမ်ထိတ်လန့်ရတဲ့နှစ်မှာ ကလေးလေးက မွေးလာခဲ့မယ်ဆိုရင် ဒါဟာ ကံကြမ္မာဖြစ်လိမ့်မယ်။ သို့ပေမယ့် သူရော လီချန်ဖုန်းကပါ ကလေးလေးကို ဒုက္ခတွေ ခံစားခွင့်မပြုနိုင်ပါဘူးနော်။
လီချန်ဖုန်း ရွာအစွန်ကို ရောက်သွားတဲ့အခါ လင်းဖန်းလျန်နှင့် ဦးလေးရှဲ့တို့က စောင့်နေကြပြီ။ ဦးလေးရှဲ့သည် မြည်းလှည်းပေါ် တက်၍ သက်ပြင်းချကာဖြင့် "ကောင်းကင်ဘုံကတော့ တကယ်ပါပဲကွာ... လယ်သမားတွေအတွက် အသက်ရှင်ဖို့ လမ်းစမချန်ထားပေးတော့ဘူးပဲ။"
သူတို့က မြည်းလှည်းစီးကာ မြို့ထဲရောက်သည်နှင့် မြို့ထဲရှိ တစ်ဆိုင်တည်းသော ဂျုံ၊စပါးသီးသန့်အရောင်းဆိုင်ကို ရောက်သည့်အခါ ဖောက်သည် များများစားစား ရှိမနေဘဲ အများစုဟာ အိတ်သေးသေးလေးပဲ ဝယ်ကြလေသည်။ ကြည့်ရတာ လီချန်ဖုန်းတို့လိုမျိုး အလုံးအရင်းဝယ်စုထားကြမယ့်ပုံမပေါ်ပေ။
လင်းဖန်းလျန်သည် ဆိုင်သူဌေးနှင့် ရင်းနှီးသည့်အလျောက် သူက ရှေ့တက်ကာ လူအိုကြီးနဲ့ နှုတ်ဆက်စကားနည်းနည်း ဖလှယ်လိုက်ပြီးမှ စကားပြောနေရင်း လီချန်ဖုန်းနှင့် ဦးလေးရှဲ့ဆီသို့ လက်ဟန်အမူအရာပြလိုက်ရာ သူဌေးကလည်း သူ့နှုတ်ခမ်းမွေးကိုထိ၍ နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင်မူ လင်းဖန်းလျန်က လီချန်ဖုန်းနှင့် ဦးလေးရှဲ့တို့ကို အိမ်နောက်ဖေးဆီသို့ သူဌေးနောက် လိုက်သွားရန် အချက်ပြလိုက်၏။ နာရီဝက်လောက်ကြာပြီးနောက် လီချန်ဖုန်း ဆန်ဆိုင်ထဲမှ ထွက်လာရာ မကြာခင်မှာပင် ဆိုင်နောက်ဖေးဘေးတံခါးပွင့်လာခဲ့ပြီး မြို့အစွန်ကို သွားမည့် မြည်းလှည်းခြောက်စီး ပေါ်ထွက်လာပေသည်။
လင်းဖန်းလျန်နှင့် ဦးလေးရှဲ့တို့လည်း ထိုမြည်းလှည်းခြောက်စီးနောက်လိုက်ကာ ရွာသို့ ဦးစွာပြန်သွားခဲ့ကြပြီး လီချန်ဖုန်းကတော့ ကုန်ခြောက်ဆိုင်ကို သွားကာ အချိန်အကြာကြီး သိုလှောင်ထားနိုင်တဲ့ ကုန်ခြောက်အမျိုးမျိုးကို ဝယ်ယူခဲ့သည်။
ထို့နောက်တွင်မူ သူက ဦးလေးလျိူရဲ့ဆိုင်ကို သွားကာ အသားတစ်ချို့နဲ့ အရိုးကြီးကြီးတွေကို ဝယ်ယူလိုက်ပြီး အခြေအနေတွေကို ရှင်းပြလိုက်ရင်း လီမိသားစုဆီကိုလည်း စကားပါးပေးရန် တောင်းဆိုလိုက်၏။ ဒီရက်ပိုင်းထဲမှာ ဂျုံ၊စပါးတွေကို ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပေလိမ့်မည်။ သည့်နောက် လီချန်ဖုန်းလည်း လှည်းအပြည့် ကုန်စည်စလွယ်များနှင့် အိမ်ပြန်ခဲ့တော့သည်။
ဦးလေးလျိုသည် လီချန်ဖုန်းရဲ့ စကားတွေကို နားထောင်ပြီးနောက် သူ့ဇနီးကို ဆိုင်စောင့်ခိုင်းထားကာ ငွေအကုန်ယူ၍ ဆန်ဆိုင်သို့ အပြေးသွားလေပြီ။
လီချန်ဖုန်း အိမ်ပြန်ရောက်သည့်အခါ လင်းဖန်းလျန်နှင့် ဦးလေးရှဲ့တို့ အကူအညီဖြင့် ရွှီချင်းက သိုလှောင်ခန်းအောက်ဘက်ရှိ မြေအောက်ခန်း၌ လှည်းလေးစီးစာ ဂျုံ၊စပါးတွေကို သိမ်းဆည်းထားပြီးဖြစ်သည်။ လင်းဖန်းလျန်နှင့် ဦးလေးရှဲ့တို့ကလည်း သူတို့ဂျုံ၊စပါးများကို သိုလှောင်ဖို့ ပြန်သွားခဲ့ကြပြီ။ လီချန်ဖုန်းက ရွှီချင်းကို ကူညီမခိုင်းဘဲ လှည်းထဲမှ ကုန်ခြောက်များကို ကိုယ်တိုင်ကိုယ်ကျ မြေအောက်ခန်းဆီသို့ ဖြေးဖြေးချင်း ရွှေ့လိုက်ပေသည်။
ရွှီချင်းတို့နှစ်ယောက်လုံးက ဂျုံ၊စပါးအပြည့်ရှိနေတဲ့ မြေအောက်ခန်းကို ကြည့်ကာ နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရလျက် "အခုတော့ ကောင်းကင်ဘုံက နည်းနည်းလေး သနားကြင်နာမှုပြပေးဖို့ပဲ ကိုယ်တို့ မျှော်လင့်ရတော့မယ်ကွာ။" လီချန်ဖုန်းက ရွှီချင်းကို ပွေ့ဖက်ထားလျက် ခပ်တိုးတိုးပြောလိုက်သည်။
သို့ရာတွင် ကောင်းကင်ဘုံက သနားကြင်နာခြင်း စိုးစိမျှ မပြခဲ့ချေ။ တစ်လခွဲကြာ ရေမရတဲ့ လယ်ကွင်းတွေမှာ ခန်းခြောက်သွားခဲ့ရပြီ။ လယ်ကွင်းများတွင် ကောက်ပဲသီးနှံများ ကြီးမထွားလာခင်မှာပဲ ညှိုးနွမ်းသွားရသည်ကို ကြည့်ရသည်မှာ စိတ်ပျက်အားငယ်စရာပင်။
လီကျန်းက ရွာသားတွေကို အစည်းအဝေးခေါ်လိုက်ပြီး ဒီတစ်ခါတော့ မိသားစုတိုင်းရဲ့ အိမ်ထောင်ဦးစီးတွေ တက်ရောက်ရမည်ဖြစ်၏။ ရွှီချင်းမှာ ကိုယ်ဝန်လည်းရှိနေပြီး ရာသီဥတုကလည်း တအားပူလွန်းသောကြောင့် လီချန်ဖုန်းတစ်ယောက်တည်း သွားခဲ့လေသည်။
"အစိုးရတာဝန်ရှိသူတွေက အကြောင်းကြားစာပို့လာခဲ့တယ်။ ကြည့်ရတာ ဒီနှစ်တော့ ငါတို့ မိုးခေါင်တာကို ကြုံတွေ့ရတော့မယ်။" လီကျန်းက လေးနက်သည့်မျက်နှာထားဖြင့် ပြောလာခဲ့ရာ ပြောလိုက်တဲ့ သတင်းကြောင့် ရွာသူရွာသားတွေ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
"ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ!"
"ငါတို့မိသားစုက ဒီလယ်တွေကိုပဲ မှီခိုနေရတာလေ!"
"ငါတို့ မြို့က ဆန်ဝယ်ဖို့ မတတ်နိုင်ဘူးလေ!"
ဦးလေးရှဲ့နှင့် လီချန်ဖုန်းတို့က အတူတူထိုင်ကြသည်ဖြစ်ရာ သူတို့အနီးနားမှ ရွာသားတွေရဲ့ ညည်းတွားသံတွေ၊ သက်ပြင်းချသံတွေကို နားထောင်နေခဲ့ရသည်။ ဦးလေးရှဲ့က စိတ်သက်သာရာရသလိုရော ဝမ်းနည်းသလိုပါ ခံစားမိနေရင်း "ကံကောင်းလို့ မင်းကကြိုမြင်တတ်လို့ပဲကွာ၊ မဟုတ်ရင်တော့..." လီချန်ဖုန်းရဲ့ နှလုံးသားသည်လည်း မသက်မသာဖြစ်နေလျက်။
အစည်းအဝေးပြီးသွားသည့်နောက် လီချန်ဖုန်းက အိမ်သို့ တိုက်ရိုက်မပြန်ဘဲ လယ်ကွင်းဆီသို့ သွားကြည့်ကာ နောက်တစ်ခေါက် လျှောက်ကြည့်လိုက်သေးသည်။ အနည်းငယ်ဝါဖန့်လာတဲ့ ကောက်ပဲသီးနှံတွေကို ကြည့်ရင်း သူ့နဖူးပေါ်မှ ချွေးတွေကို သုတ်၍ မြစ်ဆီ လျှောက်သွားလိုက်၏။ ယခုဆို မြစ်တောင်မှ ပိုမိုသေးငယ်လာရာ အမှန်တကယ်ပင် ခြောက်သွေ့ရာသီရောက်လာပြီလို့ ပြသနေလျက်။
ဤစုပေါင်းအစည်းအဝေးမှာ သူတို့ရွာတစ်ရွာထဲ မဟုတ်ခဲ့ပေ။ အန်းလဲ့ရွာနှင့် ရှင်းဖူရွာတို့၏ ရွာလူကြီးများဟာလည်း သူတို့ရဲ့ ရွာသူရွာသားများအား အခြေအနေကို အကြောင်းကြားရန် စုဝေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် အဖေလီနှင့် အစ်ကိုကြီးလီတို့ နှစ်ယောက်သား သုန်မှုန်တဲ့ အမူအရာဖြင့် အိမ်ပြန်လာခဲ့ကြ၏။ နေအရမ်းပူလွန်းသဖြင့် ကလေးတွေတောင်မှ ပြေးလွှားဆော့ကစားမနေကြတော့။
"အဖေ၊ အစ်ကိုကြီး ပြန်လာပြီလား? ရွာလူကြီးက ဘာပြောလဲ?" လီလောင်စန်းသည် ပင်မခန်းထဲရှိ ခုံပေါ်တွင် သူ့ခြေထောက်တွေကို ကြက်ခြေခတ်သဏ္ဍာန် ထိုင်နေလျက် သူတို့ကို ပျင်းရိစွာ နှုတ်ဆက်လာခဲ့သည်။ အဖေလီက စားပွဲပေါ်သို့ ဆေးပေါ့လိပ်ကို ဆောင့်ချလိုက်ရာ အသံကျယ်လောင်သွားသဖြင့် အခန်းထဲက အမေလီနှင့် လီရှောင်းအာလည်း ထွက်လာကြလေသည်။
"သူဘာပြောလဲ ဟုတ်လား?! ဒုတိယသားက တစ်ခုခုဖြစ်လာနိုင်လို့ ငါတို့ကို မြို့ထဲမှာ ဆန်ဝယ်ထားဖို့ စောစောစီးစီး သတင်းပါးလိုက်ပေမယ့် မင်းက ဝယ်ဖို့ သဘောမတူခဲ့ဘူးလေ! အခုတော့ ကြည့်စမ်း! ကြည့်စမ်း! ငါတို့တစ်ယောက်မှ ရှင်သန်နိုင်လိမ့်မယ်လို့ ငါတော့မထင်ဘူးကွ! ဒီတိုင်း ငတ်သေဖို့ပဲ စောင့်နေလိုက်တော့!" အဖေလီ ဒေါသထွက်လွန်း၍ သူ့ခန္ဓာကိုယ်တုန်ယင်နေသည်ကို မထိန်းနိုင်တော့ပေ။ ဘယ်လိုလုပ်ပြီး ဒီလိုသောက်သုံးမကျတဲ့ကောင်မျိုးကို သူ မွေးထားမိတာလဲကွာ!
အမေလီ၊ လီရှောင်းအာနှင့် အကြီးဆုံးသားရဲ့ ဇနီးတို့က ဘေးမှာ တိတ်တဆိတ် ရပ်နေကြပြီး စကားတစ်ခွန်းမှ ဝင်မပြောခဲ့ကြပေ။ ကလေးတွေလည်း တိတ်ဆိတ်နေကြကာ ယခုအချိန်မှာ အိမ်ရှိလေထုကြောင့် ဆူဆူညံညံမပြုလုပ်တာက ပိုကောင်းမှန်း သူတို့အလိုလိုခံစားမိကြလျက်။
လီလောင်စန်းဟာ ကိစ္စကြီးတစ်ခုလို့ မထင်ခဲ့ဘဲ "ဘာပြဿနာရှိလို့လဲ? ကျွန်တော်တို့ အရင်က သဘောတူထားကြပြီးပြီမလား? ကျွန်တော် အင်ပါယာစာမေးပွဲဖြေဖို့ ဒီငွေတွေကို သုံးလိုက်ကြတာပေါ့ဗျာ။ ကျွန်တော်သာ ကျင့်ရှစ်ဖြစ်လာခဲ့ရင် အားလုံးအဆင်ပြေသွားမှာပါ!" လီလောင်စန်းက စိတ်လှုပ်ရှားစွာ သူ့ပေါင်သူ ရိုက်ရင်း "ဒါဆို ကျွန်တော်တို့မိသားစု ငတ်သေမှာကို ကြောက်ဖို့ မလိုတော့ဘူး!"
အစ်ကိုကြီးလီက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး "ဒါပေမယ့် တတိယညီလေးရေ အိမ်မှာရှိတဲ့စားစရာက ငါတို့မိသားစုအတွက် နှစ်လလောက်ပဲ လုံလောက်တော့မှာ၊ ရိတ်သိမ်းမှုမရှိခဲ့ရင် ငါတို့..."
အစ်ကိုကြီးလီရဲ့ ဇနီးလည်း သူ့ခင်ပွန်း၏စကားကို နားထောင်ပြီး စိတ်ပူလာရပြီ။ ဟုတ်တယ်လေ၊ ငါတို့ ဘယ်လိုပဲ သတိထားပြီး ငွေကိုသုံးနေပါစေ၊ စားစရာမရှိရင် ကလေးတွေမပြောနဲ့၊ လူကြီးတွေတောင် သည်းမခံနိုင်ဘူးလေ!
လီလောင်စန်းက ခေါင်းခါလျက် "အစ်ကိုကြီး ငါပြောရမှာတော့ အားနာပေမယ့် ငါတို့ဆီမှာရှိတဲ့ ငွေတွေနဲ့ဆို အခုချိန် မြို့ထဲက ဂျုံ၊စပါးတွေကို ဘယ်လောက်ဝယ်နိုင်မလဲ စဥ်းစားကြည့်ပါဦး?" အစ်ကိုကြီးလီက ရပ်သွားရပြီး "ငါတို့..."
လီလောင်စန်းက သူ့အစ်ကိုကြီးရဲ့ ရှုပ်ထွေးနေတဲ့ အမူအရာကို ကြည့်ရင်း ပြုံးလိုက်ကာ "အဲ့ဒါက တစ်လစာလောက်ပဲ လောက်ငှမှာလေ။ လက်ရှိစျေးနဲ့ဆို ငါတို့ မတတ်နိုင်ဘူး။ အဲ့ဒါကြောင့် ငါ့အပေါ်မှာပဲ ဘာလို့မျှော်လင့်ချက်တွေ မထားရတာလဲ? နောက်လ အင်ပါယာစာမေးပွဲ ဝင်ဖြေလိုက်မယ်။ မင်းတို့ တစ်လပဲသည်းခံဖို့ လိုတာပါကွာ! ပြီးရင် ငါတို့အားလုံးအဆင်ပြေသွားမယ်!"
လီရှောင်းအာသည် လီလောင်စန်း၏ ကွန်ဖီးဒန့်အပြည့်ရှိနေတဲ့ မျက်နှာကို မြင်တော့ သူကြားဝင်မပြောဘဲ မနေနိုင်၍ "ဒါပေမဲ့ ခင်ဗျားမအောင်ခဲ့ရင်ရော?!"
လီလောင်စန်းသည် ထိုစကားကိုကြားလိုက်သည်နှင့် မတ်တပ်ထရပ်လိုက်ပြီး လီရှောင်းအာဆီသို့ လျှောက်လာကာ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ပြီး "မင်းဘာပြောဖို့ ကြိုးစားနေတာလဲ?!" လီရှောင်းအာရဲ့ ရုတ်တရက် ပြောလာတဲ့စကားကြောင့် အမေလီနှင့် အခြားသူများလည်း ထိတ်လန့်သွားကြရ၏။
အမေလီက သူ့လက်နှစ်ဖက်ကို အလျင်စလို လက်အုပ်ချီကာ ပတ်ပတ်လည် ထပ်ခါထပ်ခါ ဦးညွှတ်လျက် "ဒီကလေးကတော့ စကားကို ဘယ်လိုပြောလိုက်တာလဲကွယ်?! ကံမကောင်းတာတွေ မပြောရဘူးလေ! ဖတ် ဖတ် ဖတ်! ဖြတ်သွားဖြတ်လာ နတ်ဘုရားအပေါင်းတို့ ကျေးဇူးပြုပြီးတော့ ဒီကလေးကို အပြစ်မယူပါနဲ့နော်။ ကျုပ်တို့ကလေးက ငယ်ပြီး မသိနားမလည်သေးလို့ပါ!"
လီရှောင်းအာရဲ့ မျက်လုံးတွေက နီရဲလုနီးပါး ဖြစ်နေသော်လည်း သူ့ရှေ့မှ လူကို ကြည့်နေရင်း "ဒါက အမှန်တရားပဲလေ တတိယအစ်ကိုရဲ့။ ခင်ဗျားက ကျွန်တော်တို့အတွက် တွေးခဲ့ပေးဖူးလို့လား? အစ်ကိုကြီးအတွက်ရော ကလေးတွေအတွက်ပါ စဥ်းစားကြည့်ဖူးရဲ့လား? ခင်ဗျား စာမေးပွဲအောင်သွားရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မအောင်ခဲ့ရင်ရော? ကျွန်တော်တို့တစ်မိသားစုလုံး ဘယ်လိုရှင်သန်နိုင်မှာလဲ?!"
"ပါးစပ်ပိတ်ထား! ပါးစပ်ပိတ်ထားစမ်း! ပါးစပ်ပိတ်ထားစမ်း! ငါ မင်းကို ပါးစပ်ပိတ်ထားဖို့ ပြောနေတယ်!" လီလောင်စန်းသည် သူ 'စာမေးပွဲမအောင်နိုင်ခဲ့ရင်' ဆိုတဲ့စကားကို သည်းမခံနိုင်ဆုံးပင်။ လီရှောင်းအာ ပြောလိုက်တဲ့ စကားတိုင်းဟာ သူ့အရှိုက်ကို ထိစေသည်မို့ ကျော်ကြားမှုနှင့် ကံကြမ္မာကောင်းကိုသာ လိုချင်နေတဲ့ လီလောင်စန်းဟာ လီရှောင်းအာကို အကြိမ်တော်တော်များများ ပြင်းပြင်းထန်ထန် ပါးရိုက်ပစ်လိုက်ရာ လီရှောင်းအာမှာ မြေကြီးပေါ်လဲကျသွားခဲ့ရသည်။ သူ့ခေါင်းမှာ တဝီဝီမြည်နေပြီး ဘာအသံမှ မကြားရတော့ချေ။
"လောင်စန်း! မင်း ဘာလုပ်တာတုန်းကွ?!" အစ်ကိုကြီးလီက ရူးသွပ်နေသလိုမျိုး လီရှောင်းအာကို ဆက်လက်ရိုက်နှက်ချင်နေသေးတဲ့ လီလောင်စန်းအား ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်ကာ "ရူးနေပြီလား! သူက ငါတို့ရဲ့ သွေးသားတော်စပ်တဲ့ညီလေးကွ!"
လီလောင်စန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြန်ထရန် ရုန်းကန်နေလျက်။ လီလောင်စန်းရဲ့ ဇနီးက သူ့ကို ပွေ့ဖက်ရန် အမြန်ပြေးလာခဲ့သလို ကလေးတွေကလည်း ကြောက်လန့်ကာ အော်ဟစ်ငိုယိုနေကြ၏။
အဖေလီသည် အကြီးဆုံးသားရဲ့ ဇနီးအား ကလေးတွေကို အိမ်ထဲခေါ်သွားရန် ညွှန်ကြားလိုက်ပြီးမှ သူနဲ့ အမေလီတို့က မြေကြီးပေါ်မှာ မလှုပ်မယှက် ထိုင်နေဆဲ လီရှောင်းအာ အနားသို့သွားကာ သူ့ကို ပြန်ထဖို့ ကူညီပေးလိုခဲ့သည်။
"အဆင်ပြေပါတယ်၊ မနာပါဘူး၊ မနာပါဘူးနော်။" အမေလီသည် လီလောင်စန်း၏ ရိုက်နှက်ခြင်းခံလိုက်ရတဲ့ လီရှောင်းအာရဲ့ နီရဲရောင်ရမ်းနေတဲ့ ပါးပြင်လေးကို ညင်သာစွာ လေမှုတ်ပေးနေရင်း နှစ်သိမ့်ချော့မော့နေလိုက်၏။ အဖေလီက လီရှောင်းအာကို ကူညီထူမပေးလာခဲ့ပြီး "မြန်မြန်ထလိုက်၊ အဖေ နောက်မှ အဲ့ဒီသားရဲကောင်ကို ဖြေရှင်းလိုက်မယ် မြန်မြန်ထ!"
လီရှောင်းအာ သူ့မျက်လုံးတွေ ပူနွေးလာကာ မျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘဲ သူ့အဖေကို ဗလာအကြည့်ဖြင့် စိုက်ကြည့်နေရင်း ပါးစပ်အဖွင့်အပိတ်လုပ်နေတာကို သေချာစူးစမ်းကြည့်နေခဲ့သည်။ ထို့နောက်တွင်မူ အစ်ကိုကြီးက တတိယအစ်ကိုကို ပြစ်တင်ဆူပူနေတာ၊ တတိယအစ်ကိုရဲ့ ဇနီးက သူ့ကို ပွေ့ဖက်ရင်း ငိုနေတာတွေကို သတိထားမိလိုက်၏။
"အဖေ၊ အမေ"
လီရှောင်းအာဆီမှ အသံဖျော့ဖျော့လေး ထွက်လာသဖြင့် ပင်မအခန်းထဲရှိ လူတိုင်းအကြည့်က သူ့ဆီရောက်လာကာ အစ်ကိုကြီးလီက လီလောင်စန်းရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် တစ်ချက်ထပ်ရိုက်လိုက်ပြီး လီရှောင်းအာအား စနောက်စွာဖြင့် ပြောလာခဲ့သည်။ "မစိုးရိမ်နဲ့တော့။ အကိုကြီးက မင်းရဲ့ဒေါသကို ဖြေဖျောက်ပေးမယ်နော်!"
လီရှောင်းအာမှာ မလှုပ်ရှားသေးဘဲ သူ့ကို ထဖို့ ထူပေးလာတဲ့ သူ့အဖေရဲ့ သန်မာတဲ့လက်တွေကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး မျက်ရည်ကျနေဆဲ မျက်လုံးများဖြင့် အမေလီနှင့် တခြားသူတွေကို ကြည့်လိုက်၏။
"ကျွန်တော်... ကျွန်တော် နားမကြားတော့ဘူးထင်တယ်။"
***
လီချန်ဖုန်းဟာ အိမ်မှာရှိတဲ့ အသားတွေက အများကြီးမကျန်တော့တဲ့အတွက် သူ့ကိရိယာတွေကို ယူကာ ထောင်ချောက်အနည်းငယ်ချရန် တောင်ပေါ်တက်ဖို့ ပြင်ဆင်လိုက်သည်။
မနက်ဖြန် တစ်ခုခု ရိတ်သိမ်းနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ အခုဆို ခြောက်သွေ့ရာသီရောက်လာသဖြင့် သစ်သားအရုပ်တွေကို ဘယ်သူမှ လာမဝယ်ချင်ကြတော့ဘူးလေ။
ရွှီချင်းလည်း လိုက်သွားချင်ခဲ့ပေမယ့် သူ့ဗိုက်က သွားလို့မရတဲ့ အကြီးမားဆုံး အကြောင်းရင်းပင်။ ကူကယ်ရာမဲ့စွာပင် သူက လီချန်ဖုန်း တစ်ယောက်တည်း ထွက်သွားတာကို စောင့်ကြည့်လိုက်ပြီး အိမ်တွင်နေခဲ့ရင်း လီချန်ဖုန်းပြန်အလာကိုသာ စောင့်နေလိုက်တော့သည်။
ရာသီဥတုက ပူပြီး စိုထိုင်းနေသည့်အတွက် ရွှီချင်း ဘာလုပ်လုပ် ချွေးထွက်လာတတ်သည်။ ရေတွင်းထဲမှ ရေက နည်းလာပြီဖြစ်၏။ သူ့နေရာလွတ်ထဲမှာလည်း ရေတွင်းရှိသော်လည်း ဝိဥာဥ်စမ်းရေနဲ့ ရေချိုးမယ်ဆိုတာက အရမ်းဖြုန်းတီးရာရောက်တယ်လေနော်။
ထို့ကြောင့် ရွှီချင်းက ဘာမှလုပ်စရာမရှိ၍ ပျင်းရိငြီးငွေ့နေကာ ခန်းမထဲရှိ သူ့အတွက် လီချန်ဖုန်းပြုလုပ်ပေးထားတဲ့ ကုလားထိုင်ပေါ်မှာ လဲလျောင်းနေရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သွားခင် ခဏလောက် ရှောင်ပေါင်လေးနဲ့ ကစားပေးလိုက်၏။
တောင်ကိုသွားရာလမ်းတစ်လျှောက်တွင် လီချန်ဖုန်းက တောတောင်အပြင်နားရှိ တောရိုင်းဟင်းသီးဟင်းရွက်တွေကို ခူးဆွတ်နေကြတဲ့ ရွာသားတွေကို တွေ့ခဲ့ရ၏။ ရာသီဥတုဟာ ပူလွန်းသလို မြို့ထဲမှ အစားအသောက်တွေကိုလည်း မတတ်နိုင်ကြသဖြင့် ဒီတောရိုင်းဟင်းရွက်တွေကိုသာ မစားခဲ့ရင်တော့ သူတို့မိသားစုဝင်တွေဟာ လာမည့်ရက်တွေမှာ ဖြတ်သန်းနိုင်ကြတော့မည်မဟုတ်။ သို့ပေသိ ဤဟင်းသီးဟင်းရွက်တွေနဲ့ သူတို့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာကိုတော့ သူတို့လည်း မသိတော့ချေ။
သားကောင်ကြီးကြီးတွေကို ဖမ်းမိဖို့အတွက် လီချန်ဖုန်းဟာ တောထဲတောင်ထဲ ပိုဝေးဝေးသွားကာ ထောင်ချောက်များများဆင်ထားပြီး အမှတ်အသားလုပ်ထားလိုက်၏။ သူအားလုံးပြီးစီးသွားသည့်အချိန် ကောင်းကင်ကြီးက မှောင်နေခဲ့ပြီဖြစ်ရာ လီချန်ဖုန်းလည်း အိမ်မှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ရွှီချင်းကို စိုးရိမ်သဖြင့် ခပ်သွက်သွက် အိမ်ပြန်လာခဲ့တော့သည်။
သို့ရာတွင် လီချန်ဖုန်းအိမ်ပြန်ရောက်ချိန်၌ သူ့ဘေးနားမှာ ပြေးလွှားနေတဲ့ ရှောင်ပေါင်ကလွဲပြီး ရွှီချင်းအရိပ်အယောင်ကိုပင် မတွေ့ရသလို အသံတောင် မကြားရဘဲ အိမ်က အလင်းရောင်မရှိဘဲ မှောင်မည်းနေလေသည်။
Thanks for reading!