Ch-61
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၆၁)



လီရှောင်းအာမှာ အဆက်မပြတ် တံခါးခေါက်သံကို နားထောင်ရင်း သူ့ခြေလှမ်းတွေကို တုံ့နှေးနှေးဖြင့် သွားလိုက်၏။ တံခါးဖွင့်ခါနီးတွင် တုံ့ဆိုင်းသွားပြီး တံခါးနားကို သူ့ခေါင်းလေးကပ်၍ အပြင်ဘက်မှ လှုပ်ရှားမှုတွေကို နားထောင်လိုက်သေးသည်။ သို့သော်လည်း အံအားသင့်စွာပင် ဘာအသံမှ မကြားရသဖြင့် တံခါးကို အင်တင်တင်ဖြင့် ဖွင့်လိုက်တော့သည်။ 


"ဘာလို့ တံခါးဖွင့်တာ ဒီလောက်ကြာနေရတာလဲကွာ?" 


လီရှောင်းအာက လီချန်ဖုန်းရဲ့ အသံကို ကြားလိုက်သည်နှင့် ချက်ချင်းပင် အသက်ရှင်သန်သွားရသည့်အလား "ဒုတိယအစ်ကို! ဒုတိယယောက်ဖ!" ရွှီချင်းက လီရှောင်းအာရဲ့ စိတ်လှုပ်ရှားနေတဲ့ပုံစံလေးကိုကြည့်ရင်း သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ 


လီရှောင်းအာလည်း သူတို့နှစ်ယောက်ကို အထဲပေးဝင်လိုက်ပြီး ခြံတံခါးကို ချက်ချင်းပိတ်ပစ်လိုက်သည်ကို လီချန်ဖုန်းက သတိပြုမိလိုက်သော်လည်း ဘာမှမမေးဘဲ အနည်းငယ် မျက်မှောင်ကြုတ်သွားလျက်။ 


"အဖေတို့က လယ်ကွင်းထဲမှာ အလုပ်ရှုပ်နေကြတယ်။ ကလေးတွေကလည်း သူတို့သူငယ်ချင်းတွေနဲ့ ဆော့ဖို့ အပြင်ထွက်သွားကြတော့ ကျွန်တော်တစ်ယောက်တည်း အိမ်မှာနေနေရတာ ဘယ်လောက်တောင် ငြီးငွေ့စရာကောင်းလိုက်လဲဗျာ။" 


လီရှောင်းအာက ရွှီချင်းရဲ့ အင်္ကျီလက်ကို ဆွဲထားရင်း ညည်းညူလေရာ ရွှီချင်းက သူ့ကို မတားဘဲ အိမ်မှာ နာနာခံခံလေး နေနိုင်တဲ့အတွက် ထူးဆန်းသလို ခံစားလိုက်ရ၏။ "မင်း လမ်းလျှောက်ထွက်လို့ ရတယ်လေ။"  


လီရှောင်းအာက စိတ်ဓာတ်ကျစွာ ခေါင်းခါလိုက်ကာ "ကျွန်တော့်သူငယ်ချင်းကောင်းတွေ အားလုံး အိမ်ထောင်ပြုဖို့ ပြင်ဆင်နေကြပြီလေ၊ ကျွန်တော် သူတို့ကို သွားနှောင့်ယှက်လို့မရဘူး။" 


ရွှီချင်းသည် လီရှောင်းအာက ချန်ဟုန်နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပုံရသည်ကို မှတ်မိသွားကာ "ချန်ဟုန်ကရော?" 


ချန်ဟုန်နာမည်ကိုကြားတော့ လီရှောင်းအာရဲ့မျက်နှာဟာ ဘဝင်မကျသလို မဲ့ရွဲ့သွားကာ "သူလည်း လက်ထပ်ဖို့ပြင်ဆင်နေပြီ။ အစ်ကိုမသိလို့၊ သူက ငါတို့ရွာက အဆင်းရဲဆုံး ကျိုးမိသားစုနဲ့ တကယ်ပဲ လက်ထပ်တော့မှာတဲ့!" လီချန်ဖုန်းသည် လီရှောင်းအာရဲ့ စကားကို ကြားသည့်အခါ ချက်ချင်း အော်ငေါက်လိုက်ပြီး "မင်းစကားကို ကြည့်ပြော!" 


(Me: ချန်ဖုန်းက တကယ့်လူကောင်းလေးနော်၊ သူက ဆင်းရဲတာတွေ၊ ရုပ်ဆိုးတာတွေကို လုံးဝမနှိမ်တတ်ဘူး။ အရင်ကထဲက ရွှီချင်းကို လူတိုင်းက ရုပ်ဆိုးဆိုးကောလို့ ခေါ်ကြတာတောင် သူ့ညီလေးကို မခေါ်ဖို့ တားခဲ့တာနော်) 


လီရှောင်းအာမှာ သူ့လျှာလေးကို တစ်လစ်ထုတ်ပြီး ချက်ချင်း ငြိမ်ကျသွားလျက်။ ရွှီချင်းက လီချန်ဖုန်းကို ညင်သာစွာ ဆွဲလိုက်၍ လီချန်ဖုန်းရဲ့ မျက်နှာမှာ အနည်းငယ် ပိုကောင်းလာလေသည်။ "အဲ့ဒါက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် သူ့မိသားစုက စီစဥ်ပေးတာလား?"  


လီရှောင်းအာက တစ်ခဏတွေးတောပြီးမှ "သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။ သူပြောတာတော့ ကျိုးမိသားစုသားက စာရေးတတ် ဖတ်တတ်ပြီးတော့ သူ့ကိုလည်း ကောင်းကောင်းဆက်ဆံတယ်ဆိုပဲ။ အဲ့ဒါကြောင့် သူက သူ့မိသားစုနဲ့ တိုင်ပင်ပြီးတော့ လက်ခံသဘောတူလိုက်ကြတာလေ။ ဒီရက်ပိုင်းမှာ ချန်ဟုန်က သူ့မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေတာပဲ။" 


အားလုံး အခြေတကျရှိသွားပြီမို့ ရွှီချင်းလည်း နောက်ထပ်မေးခွန်းတွေ ထပ်မမေးဖြစ်တော့ဘဲ လီချန်ဖုန်းကို လီရှောင်းအာမှတစ်ဆင့် လီမိသားစုအတွက် လက်ဆောင်တွေပေးပေးဖို့ ပြောလိုက်သည်။ "ဒီဟာတွေက မိသားစုအတွက်ဖြစ်ပြီးတော့ ဒါကတော့ မင်းအတွက်ပဲ။ ငါတို့အိမ်အသစ်ကို အခုမှ ဆောက်ပြီးခါစဖြစ်လို့ အိမ်မှာ လုပ်စရာတွေရှိသေးတယ်ဆိုတော့ အကြာကြီးမနေတော့ဘူးနော်။" 


လီချန်ဖုန်းလည်း ခေါင်းညိတ်လိုက်ပြီး "ငါတို့အစား အဖေနဲ့ အမေကို စကားပါးပေးဦး။" လီရှောင်းအာမှာ သူတို့နှစ်ယောက် ပြန်တော့မည်လို့ ကြားသည့်အခါ အနည်းငယ် စိုးရိမ်သောကဖြစ်သွားသလို ခံစားလိုက်ရ၏။ "အစ်ကိုတို့ ဒီလိုပဲ ပြန်ကြတော့မလို့လား? ကျွန်... ကျွန်တော်..." 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က လီရှောင်းအာရဲ့ တုံ့ဆိုင်းနေတဲ့ လေသံကို ကြားလိုက်သည့်အခါ  တစ်စုံတစ်ခု ရှိနေပြီမှန်း ခံစားမိလိုက်သဖြင့် လီချန်ဖုန်းက သက်ပြင်းချကာ "ပြောလေ၊ အိမ်မှာ ဘာဖြစ်သွားလို့လဲ?" လီရှောင်းအာလည်း ပို၍ပင် စိတ်ဓာတ်ကျသွားရကာ "အဲ့ဒါတွေအားလုံးက တတိယအစ်ကိုကြောင့်ပေါ့"


ဖြစ်ပုံမှာ - 

အင်ပါယာစာမေးပွဲဖြေခါနီး၍ စာသင်သားတစ်ချို့ကို သင်ပေးဖို့အတွက် လီလောင်စန်းမှာ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခံရပြီးတဲ့နောက် သူ့ရဲ့ ပညာရှင်ဖြစ်ချင်တဲ့ ရည်မှန်းချက်မှာ ပြန်ပေါ်လာခဲ့သည်။ ထို့ကြောင့်ပင် သူက စာမေးပွဲပြန်ဖြေချင်တယ်လို့ ပါးနပ်စွာ အရိပ်အမြွက်ပြောနေခဲ့၏။ 


သို့ရာတွင် ယခုဆို မိသားစုထဲတွင် လီချန်ဖုန်းမရှိတော့ဘဲ ကလေးတွေပိုများလာသည့်အပြင် လီရှောင်းအာကလည်း အိမ်ထောင်ပြုရမည့်အရွယ်ရောက်လာပြီဖြစ်ရာ ဒီလို"ရည်မှန်းချက်ကြီးတဲ့" လီလောင်စန်းကို ထောက်ပံ့ပေးဖို့အတွက် ငွေအပိုကို ဘယ်ဆီမှာ သွားရှာနိုင်ပါ့မလဲ? 


အထူးသဖြင့် အကိုကြီးလီရဲ့ ဇနီးက မပျော်မရွှင်ဖြစ်လာခဲ့သည်။ လီလောင်စန်းရဲ့ မိသားစုကို အပြစ်မြင်နေပြီးသားဖြစ်သလို ယခုဆိုလည်း လီလောင်စန်းက အရှက်မရှိ အလကားစားဖို့ ကြိုးစားချင်နေပြန်တယ်! 


ဟုတ်ပါတယ်၊ ဒီမကျေနပ်မှုတွေကို သူ့နှလုံးသားထဲမှာ သိမ်းထားနိုင်ပြီးတော့ အကျယ်ကြီး မပြောဝံ့ဘူးလေ။ 


လွန်ခဲ့သည့် ရက်အနည်းငယ်က လီလောင်စန်းရဲ့ သားနှင့် အစ်ကိုကြီးလီရဲ့ သားအငယ်လေးတို့က ရန်ဖြစ်ကြလိမ့်မယ်လို့ ဘယ်သူသိမှာလဲနော်။ အစ်ကိုကြီးလီရဲ့ သားက အသက်နည်းနည်းပိုကြီး၍ တစ်ဖက်သူကို အလျှော့ပေးရမယ်ဆိုတာကို သိလေသည်။ 


သို့ပေသိ သူက ပိုအလျှော့ပေးလေလေ လီလောင်စန်းသားက ပိုအကြမ်းပတမ်းတွန်းလာခဲ့သည်ပင်။ နောက်ဆုံးမှာတော့ လီလောင်စန်းသားက ကျောက်တုံးတစ်တုံးကို ယူပြီး အစ်ကိုကြီးလီရဲ့သားဆီကို ပစ်ပေါက်လိုက်သောကြောင့် ကလေးရဲ့ မျက်ခုံးထောင့်မှာ ခြစ်ရာကြီးဖြစ်သွားတော့သည်။ 

(*ကလေးနှစ်ယောက်လုံးက ကောတွေပါနော်) 


ဒဏ်ရာကြီးကြီးမားမားမဟုတ်ပေမယ့် အကယ်၍ နည်းနည်းသာ မြင့်သွားခဲ့ရင်တော့ မျက်လုံးကို ထိသွားမည်ပင်။ *လီလောင်တရဲ့ ဇနီးမှာ ချက်ချင်း ပြဿနာရှာပါတော့သည်။ "ရလဒ်အနေနဲ့ တတိယအစ်ကိုနဲ့ အစ်ကိုကြီးတို့လည်း ရန်ဖြစ်ကြရော" (*လီလောင်တ = အစ်ကိုကြီးလီ) 


လီရှောင်းအာက ခေတ္တရပ်လိုက်ပြီးမှ "တတိယအစ်ကိုက ပြောလိုက်သေးတယ်လေ၊ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးရဲ့သားဟာ နဂိုထဲက မထက်မြက်တာမို့လို့၊ ပြီးတော့..." နောက်ပိုင်းမှာ လီလောင်စန်း ပြောခဲ့တဲ့စကားတွေဟာ တရားလွန်ဖြစ်လွန်း၍ လီရှောင်းအာမှာ ထုတ်ပြောဖို့တောင် မတတ်နိုင်တော့ပေ။ 


"ဒါက …" ရွှီချင်းကတော့ အနှီလီလောင်စန်းကို ဖော်ပြဖို့ရာ ဘယ်လိုစကားလုံး သုံးနှုန်းရမယ်မှန်း သူမသိတော့ချေ။ ပြောရမယ်ဆိုလျှင် ကလေးကလည်း သူ့တူပဲလေနော်။ အဲ့ဒါကို ဒီလိုစကားတွေကို သူဘယ်လိုများပြောထွက်နိုင်ရတာလဲ အထူးသဖြင့် သူ့လိုပညာတတ်တစ်ယောက်ကလေ?! 


လီချန်ဖုန်းမှာ အမူအရာကင်းမဲ့နေဆဲဖြစ်သည်ကို လီရှောင်းအာမြင်လိုက်သဖြင့် သူဘာတွေစဥ်းစားနေမှန်း သူမမှန်းတတ်ချေ။ သူက ရွှီချင်းကို အကူအညီတောင်းတော့မယ့်အချိန်မှာပင် လီချန်ဖုန်းက စကားပြောလာခဲ့သည်။ "ဒီကိစ္စကို စိတ်မပူပါနဲ့၊ အဖေနဲ့ အမေတို့လည်း ထင်မြင်ချက်ရှိကြပါလိမ့်မယ်ကွာ။ ငါတို့အရင် ပြန်နှင့်ပြီ။" 


"ဒါပေမဲ့ တတိယအစ်ကိုက..." 


လီရှောင်းအာသည် လီချန်ဖုန်းက ဒီဇာတ်ကြောင်းတစ်ခုလုံး ကြားပြီးတဲ့နောက် အိမ်ပြန်ဖို့ စိတ်ကူးနေဦးမယ်လို့ လုံးဝမထင်မှတ်ထားမိခဲ့ပေ။ သူ့ရဲ့ ဒုတိယအစ်ကိုက ဒီအကြောင်းတွေကို ကြားပြီးတော့ ဆက်နေဦးလိမ့်မယ်လို့ သူထင်ထားခဲ့သည်ပင်။ 


သို့သော် လီချန်ဖုန်းလည်း လီရှောင်းအာ အတွေးတွေကို အတိအကျသိသဖြင့် "ငါနေရင်တောင်မှ ဘာထူးခြားသွားလို့လဲ? ဒီမိသားစုထဲမှာ ငါက အစ်ကိုကြီးနဲ့ တတိယညီလိုမျိုး သြဇာမရှိတော့ဘူးဆိုတာ မင်းနားလည်ရမယ်လေ။ ငါ့ဆီမှာ ငါ့ကိုယ်ပိုင်မိသားစုရှိနေပြီ၊ ငါနဲ့ မင်းရဲ့ ဒုတိယယောက်ဖတို့ နှစ်ယောက်လုံးရဲ့ အိမ်ရှိနေပြီလေကွာ။" 


ရွှီချင်းက မနှောင့်ယှက်ဘဲ ဤကိစ္စကို လီချန်ဖုန်းနဲ့သာ လွှတ်ထားပေးလိုက်၏။ သူဘာပြောပြော အဓိပ္ပါယ်မရှိနိုင်ဘူးလေ။ 


လီရှောင်းအာက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ပြောစရာစကားပျောက်ရှသွားခဲ့ရကာ ရွှီချင်းနှင့် လီချန်ဖုန်းတို့ မြည်းလှည်းနှင့် ပြန်ထွက်သွားတာကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ 


"ကိုယ်ဘာလုပ်ပေးရမလဲ? ဟမ်?" 


သူတို့နှစ်ယောက် ပြန်လာသည့်လမ်းတစ်လျှောက်လုံး ရွှီချင်းက သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေမှန်း လီချန်ဖုန်း ခံစားရလေသည်။ ရွှီချင်းက ဖမ်းမိသွားရသည်ကို ရှက်မနေဘဲ တည့်တည့်သာ မေးလိုက်၏။ "ခင်ဗျား ဟိုဘက်အိမ်က ကိစ္စတွေမှာ ဝင်ပါရတာ မကြိုက်ဘူးလား?" 


လီချန်ဖုန်းသည် ရွှီချင်းပြောသည့် "ဟိုဘက်"ဆိုတာ ဘာကိုဆိုလိုမှန်း သဘာဝကျကျပင် နားလည်သဖြင့် "ကိုယ်က မင်းမိသားစုဆီမှာ လက်ထပ်လိုက်ပြီးသားပဲလေ။ ဒီတော့ သူတို့ကိစ္စတွေက ကိုယ့်အတွက်တော့ 'ယောက္ခမ'ကိစ္စတွေလိုပဲ ယူဆလို့ရတယ်။ ကိုယ်လုပ်ချင်တော့ စွက်ဖက်နိုင်ပေမယ့် တကယ် ဝင်မပါချင်ပါဘူးကွာ။" 


ရွှီချင်း မျက်ခုံးပင့်ကာ လီချန်ဖုန်းရဲ့ ခေါင်းနောက်ဘက်ကို ထိလိုက်ပြီး "ဟုတ်ပါပြီဗျာ၊ ဟောဒီက အိမ်ထောင်ကျပြီးသွားတဲ့ သားမက်လေးရေ၊ နေတအားပူလာပြီမို့ မြန်မြန်မောင်းပေးလို့ရမလားနော်?" 


လီချန်ဖုန်းသည် နေရှိန်ပိုမြင့်လာသည်ကို တစ်ချက်ကြည့်ကာ "မင်းမှာကိုယ်ဝန်ရှိနေပြီလေကွာ၊ ကိုယ်မြန်မြန်မောင်းလိုက်ရင် ဆောင့်မိကုန်လိမ့်မယ်။ မွန်းတည့်ချိန်ရောက်ဖို့ စောနေပါသေးတယ်၊ မင်းအသားမည်းမှာ ကြောက်လို့လား? ဒီမှာ ခဏလောက် ကိုယ့်အဝတ်တွေနဲ့ ဖုံးထားလိုက်နော်။" 


လီချန်ဖုန်း မြည်းလှည်းကို လက်တစ်ဖက်ဖြင့် မောင်းနှင်နေခဲ့ရင်း အခြားတစ်ဖက်ကလည်း သူ့အဝတ်အစားတွေကို ဆွဲချွတ်နေသည်ဖြစ်ရာ ရွှီချင်းက သူ့ကို အမြန်တားလိုက်ရ၏။ "ကောင်းပါပြီ၊ ကောင်းပါပြီ! ဒီတစ်ခါတော့ ကျွန်တော် ထိန်းထားနိုင်ပါသေးတယ်၊ ဒီလိုမျိုးတွေ မလုပ်ပါနဲ့!" တကယ်တော့ သူလည်း ယောက်ျားတစ်ယောက်ဖြစ်သည်မို့ အသားမည်းမှာကို မကြောက်ပေမယ့် အပူလျှပ်မှာကိုပဲ ကြောက်နေမိတာပါနော်။ 


နောက်နေ့တွေမှာတော့ ရွှီချင်းနှင့် တခြားသူတွေက ခံစားချက်တွေရောပြွန်းနေခဲ့လျက်။ ပျော်စရာကောင်းသည်မှာ နေ့တိုင်းနီးပါး လူတွေက "သစ်သားအရုပ်" ထွင်းထုပေးဖို့ အလုပ်လာအပ်ကြသလို အများစုမှာ နန်မုသစ်သားနဲ့ ပြုလုပ်ခိုင်းကြသည်ပင်။ 


ဒီတော့ သူတို့ဆီမှာ နေ့စဥ်ဝင်ငွေရှိနေပြီလို့ ဆိုလိုတာပဲပေါ့! သူတို့က လယ်မစိုက်ရင်တောင်မှ နေ့တိုင်း အသားစားနိုင်သဖြင့် ရွာသူရွာသားများဟာ မနာလိုဖြစ်နေကြလျက်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့ အဆင်ပြေနေကြချိန် တစ်ရွာလုံး၊ တစ်မြို့လုံး သို့မဟုတ် သာမန်လူများကတော့ ၅ရက်၊ ၆ရက်ဆက်တိုက် မိုးမရွာသဖြင့် စိုးရိမ်နေကြလေပြီ။ 


ရွာက ကလေးတွေဟာ အပူဒဏ်မှ လွတ်မြောက်စေဖို့ရာ မြစ်ထဲမှာ ရေသွားကစားကြပေမယ့် လူကြီးတွေရဲ့ မျက်နှာကတော့ ပူပန်မှုအပြည့်ရှိနေလျက်။ ယခုချိန်တွင် ကောက်ပဲသီးနှံတွေက ကောင်းကောင်းကြီးထွားနေချိန်ဖြစ်၍ နေအရမ်းပူပြင်းတာ ကြာညောင်းလာခဲ့ပါလျှင် မိုးခေါင်လာနိုင်ပေသည်။ မိုးခေါင်မှုဖြစ်ပွားလာခဲ့ပါက လယ်သမားတွေရဲ့ ဘဝဟာ ခက်ခဲလာပေလိမ့်မည်။ 


ရွှီချင်းသည် အပူရှောင်ရန် သူ့အခန်းထဲတွင် ပုန်းနေလိုက်သည်။ ဒီရက်ပိုင်း နေပူလွန်းသဖြင့် သူလမ်းနည်းနည်းပဲ လျှောက်တာတောင်မှ ချွေးရွှဲသွားတတ်၏။ ဒီရက်ပိုင်းမှာ လီချန်ဖုန်းက လယ်ကွင်းဆီသို့ တစ်ရက်ကို ၂ခါ၊ ၃ခါ သွားပြီး မြစ်ထဲမှရေကိုသယ်ကာ လယ်ကွင်းတွေနဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ရေလောင်းပေးနေခဲ့သည်။ 


"ဒေါက်၊ ဒေါက်၊ ဒေါက်! ချင်းကောအာရေ အိမ်မှာရှိလား? ရှဲ့ယွီပါ" 


ရွှီချင်းက တံခါးခေါက်သံကြားလိုက်သည်နှင့် သူ မထခင်မှာပင် ရှောင်ပေါင်က အားအင်အပြည့်ဖြင့် ခြံဝင်းတံခါးဆီ ပြေးသွားလေပြီ။ ဒီရက်တွေထဲမှာ သစ်သားအရုပ်အော်ဒါတွေ လာမှာယူကြသည့် လူပေါင်းများစွာကြောင့် ရှောင်ပေါင်လည်း ကောင်းကောင်းအနားမယူနိုင်ခဲ့ပေ။ 


ရွှီချင်းက ရှောင်ပေါင်ကို ဘေးဖယ်လိုက်ပြီး သူ့ခေါင်းပေါ်က ပူပြင်းတောက်လောင်နေတဲ့နေကို အံတု၍ ခြံတံခါး သွားဖွင့်လိုက်သည်။ အပြင်ဘက်တွင် ရှဲ့ယွီနဲ့ လင်းဖန်းလျန်တို့က ပေါ့ပေါ့ပါးပါးအဝတ်အစားများဖြင့် မတ်တပ်ရပ်နေလေသည်။ 


"မြန်မြန်ဝင်လာကြ၊ ဒီနေ့ နေတအားပူတာပဲ" 


ရွှီချင်းက ရှဲ့ယွီကို ဆွဲလိုက်ပြီး အထဲဝင်ရန် လင်းဖန်းလျန်ကို ပြောလိုက်၏။ သူ ခြံတံခါးကိုပိတ်ခါနီးမှာပင် လီချန်ဖုန်းပြန်ရောက်လာခဲ့သည်။ လင်းဖန်းလျန်နှင့် လီချန်ဖုန်းတို့ နှစ်ယောက်သား နှုတ်ဆက်လိုက်ကြပြီးမှ လူတိုင်း ပင်ပခန်းထဲသို့ ဝင်သွားလိုက်ပြီး လီချန်ဖုန်းက ဧည့်သည်တွေအတွက် လက်ဖက်ရည်အေးအေးကို ငှဲ့ပေးနေစဥ် ရွှီချင်းက ရေနွေးတစ်ချို့ ယူလာပေးခဲ့သည်။ 


လင်းဖန်းလျန်က ရေငတ်ပြေစေရန် လက်ဖက်ရည်နည်းနည်းသောက်လိုက်ပြီးနောက် အနည်းငယ် လေးနက်နေတဲ့ အမူအရာဖြင့် "မြို့ထဲမှာ ဆန်စျေးတက်သွားပြီ"  


ဤစကားများထွက်လာသည်နှင့် လူတိုင်းရဲ့ နှလုံးသားမှာ နစ်မြုပ်သွားရကာ အချိန်အတော်ကြာပြီးနောက် လီချန်ဖုန်းက သက်ပြင်းချလျက် "မကြာခင် မိုးရွာလာဖို့ပဲ မျှော်လင့်ရတော့မှာပေါ့ကွာ။" 


ဒီလိုမှမဟုတ်ရင်တော့ ဆန်စျေးတွေ ထပ်တက်လာမှာဖြစ်သလို လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေလည်း မဖြစ်ထွန်းတော့ဘဲ သူတို့မှာ အခွန်ပေးဆောင်ဖို့တောင် စပါးအလုံအလောက်မရှိမှာ စိုးရတယ်။ ပြီးတော့ သူတို့မှာ စပါးဝယ်ဖို့လည်း ငွေမရှိကြဘူးဆိုရင် အခြေအနေတွေကတော့... 


"အဆိုးဆုံးအခြေအနေချည်းပဲ မတွေးထားကြပါနဲ့ကွာ။ ရာသီဥတုဆိုတာ အပြောင်းအလဲမြန်တယ်လေ။ ဒီနေ့ည မိုးရွာလာမလားဆိုတာ ဘယ်သူသိမလဲနော်!" လင်းဖန်းလျန်က လေးလံနေတဲ့လေထုကို သက်သာစေလိုငြား ကြိုးစားပြီး ဟာသပြောလိုက်ရာ လူတိုင်းရင်ထဲမှာ စိတ်သက်သာရာရသွားရလျက်။ 


ရှဲ့ယွီက ခေါင်းခါလိုက်ပြီး "ငါတို့ အစီအစဉ်တစ်ချို့လုပ်ထားသင့်တယ်လို့ ငါထင်တယ်နော်။ ငါတို့ ဒီတစ်ခေါက်ပြန်လာခဲ့တာက မြို့ထဲမှာ စပါးတစ်ချို့ဝယ်ထားသင့် မထားသင့် အမေတို့၊ မင်းတို့နဲ့ လာတိုင်ပင်တာပဲ။ ရိတ်သိမ်းတာ သိပ်မကောင်းရင်တောင်မှ ဆန်စျေးအများကြီး မတက်သေးခင်မှာ နည်းနည်းဝယ်သိမ်းထားလိုက်တာက ကောင်းတဲ့အကြံပဲလေ။" 


ရွှီချင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး နေ့စဥ်ရက်ဆက် ပူပြင်းတောက်လောင်နေတဲ့ နေရောင်ကြောင့် သူ့စိတ်တွေ ပိုမိုလေးလံလာရလျက်။ နေရာလွတ်ထဲတွင် ဆန်နှင့် အသားတွေရှိသော်လည်း ၄င်းတို့ကို ပေါ့ပေါ့တန်တန် ထုတ်ယူလို့မရနိုင်ဘူးလေ။ 


ရွှီချင်းမှာ သူ့ကို ကြည့်နေတဲ့ လီချန်ဖုန်းကို သူပြန်ကြည့်လိုက်ပြီးနောက် လီချန်ဖုန်း ပြောလာတာကို ကြားလိုက်ရ၏။ "ဝယ်ထားကြတာပေါ့။ ကုန်တွေတင်ဖို့ ငါတို့ မြည်းလှည်းကို သုံးလို့ရတယ်။ အခွန်ပေးဖို့ စပါးတွေအပြင် နောက်နှစ်ရိတ်သိမ်းချိန်အထိ စားဖို့ လုံလောက်အောင်လို့ ဝယ်ထားဖို့လိုမယ်!" 


"ကောင်းတယ်၊ ငါတို့ အခုပြန်သွားပြီး ငါ့အမေနဲ့ အဖေကို ပြောပြလိုက်မယ်။ တစ်နာရီကြာရင် ရွာအစွန်လမ်းဆုံမှာ တွေ့ကြတာပေါ့!" လင်းဖန်းလျန်နှင့် ရှဲ့ယွီတို့သည် လီချန်ဖုန်းရဲ့ အကြံဟာ ရေရှည်အတွက် သင့်လျော်တယ်လို့ ခံစားမိသောကြောင့် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။


လင်းဖန်းလျန်တို့ ထွက်သွားကြသည့်နောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း အခန်းထဲ ပြန်ဝင်လာခဲ့သည်။ ရွှီချင်းက ဗီရိုထဲမှာ ရှာဖွေသလိုမျိုးလုပ်ကာ နေရာလွတ်ထဲမှာ ပိုက်ဆံထည့်သိမ်းထားတဲ့ သေတ္တာကို ထုတ်ယူလိုက်ပြီး ကုတင်ပေါ်တင်၍ သေတ္တာကို ဖွင့်ပြီးနောက် လီချန်ဖုန်းကို ကြည့်လျက် "အရင်က ကျွန်တော်တို့ဆီမှာ ငွေ ၁၃၇လျန်ရှိတယ်။ ဒီရက်ပိုင်း သစ်သားအရုပ်လာဝယ်ကြတဲ့သူတွေများတော့ ၈၈လျန် ထပ်ရထားတယ်။ ဆိုတော့ အခု စုစုပေါင်း ၂၂၅လျန်ရှိတယ်။" 


လီချန်ဖုန်းက ငွေ ၅၀လျန်ကို ထုတ်ယူကာ သေတ္တာကို ပြန်ပိတ်လိုက်ပြီး ရွှီချင်းဆီ ပြန်ပေးလိုက်သည်။ "၅၀လျန်ဆို လုံလောက်ပါပြီ" 

စပါးမရှိရင် စပါးပေးချေမှုအတွက် အစားထိုးငွေ ငွေ၅လျန်သာ ပေးဖို့လိုအပ်ကြောင်းကို မှတ်ထားရမယ်။ 


ဟုတ်တာပေါ့၊ ဒါမျိုးက ဘယ်မိသားစုကမှ လွယ်လွယ်လေးတတ်နိုင်တာမျိုး မဟုတ်ဘူးလေ။ လီချန်ဖုန်းက ရွှီချင်းနဲ့ ကလေးလေးကို ကောက်ပဲသီးနှံမဖြစ်ထွန်းတဲ့ရက်တွေမှာ ဗိုက်မဆာရအောင်လို့ ဆန်စပါးတွေ ပိုဝယ်ထားချင်ခဲ့တာဖြစ်သည်။


Thanks for reading!