Ch-60
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၆၀)


လီချန်ဖုန်း မျက်လုံးတွေက တောက်ပလာကာ "ဒါက ကောင်းလိုက်တာ! ဆောင်းရာသီမှာ ရွှီချင်းနဲ့ ကလေးလေးအတွက် အအေးဒဏ်ခံရမှာကို ထပ်ပြီး စိုးရိမ်စရာမလိုတော့ဘူးပေါ့။" 


"ကောင်းပါပြီ၊ လုပ်ကြတာပေါ့!" 


သူတို့အချိန်ဖြုန်းလို့မရပေ။ ဆောင်းဦးမရိတ်သိမ်းမီ ဆောက်လုပ်ရေး အပြီးသတ်ရန်အလို့ငှာ လီချန်ဖုန်းက အဒေါ်ရှဲ့တို့အား အစီအစဥ်ကို တိုက်ရိုက်ရှင်းပြခဲ့ပြီး အလုပ်လုပ်ကိုင်ရာတွက် ရိုးသားပြီး လုပ်နိုင်စွမ်းရှိကြတဲ့ လူတွေကို ရှာဖွေရန် ဦးလေးရှဲ့အနောက်ကို လိုက်သွားခဲ့၏။  


ရွှီချင်းနှင့် လီချန်ဖုန်းတို့က လုပ်အားခအတွက် တစ်နေ့လုပ်ခ ဝမ်၂၀ပေးမည့်အပြင် နေ့လယ်စာပါ ပါဝင်သည်ဖြစ်၍ ကျိုးကြောင်းဆီလျော်တဲ့စျေးနှုန်းဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။ 


အချက်အပြုတ်အတွက်မူ ရွှီချင်းက သူကိုယ်တိုင် မလုပ်ဖို့ ဆုံးဖြတ်လိုက်ကာ နေ့လယ်စာပြင်ဆင်ပေးဖို့အတွက် အဒေါ်ရှဲ့နှင့် အဒေါ်ဝေ့တို့ နှစ်ယောက်ကို တစ်နေ့ကို ၁၅ဝမ်နဲ့ ခန့်ထားလိုက်သည်။ 


အိမ်ရှိ ဝက်ကလေးနှင့် ကြက်များကို ဆောက်လုပ်ရေးနေရာဘေးဘက်ရှိ ယာယီ ခိုင်ခံ့သောတဲဆီသို့ ပြောင်းရွှေ့ထားခဲ့လေသည်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့အတွက်မူ အဒေါ်ရှဲ့သည် ရွှီချင်းရဲ့ ကိုယ်ဝန်ကြောင့် တိတ်ဆိတ်သောပတ်ဝန်းကျင် လိုအပ်၍ သူတို့အိမ်မှာ လာနေခိုင်းလိုက်ကာ ရွှီချင်းက ရှဲ့ယွီနေခဲ့တဲ့အခန်းမှာ နေထိုင်ခဲ့သလို လီချန်ဖုန်းကလည်း တခြားအခန်းလွတ်တစ်ခန်းမှာ နေထိုင်ခဲ့ရသည်။ 


လီချန်ဖုန်းမှာ ရွှီချင်းနှင့် သီးခြားမအိပ်ချင်ခဲ့သော်ငြား ယခုလောလောဆယ်မှာတော့ အခြားနည်းလမ်းမရှိတော့ဘဲ ညတိုင်း ရွှီချင်းတစ်ယောက်တည်း အခန်းထဲ ဝင်သွားတာကို စိုးရိမ်တကြီး ကြည့်ရုံသာ တတ်နိုင်ခဲ့ပေ၏။ 


ဆောက်လုပ်ရေး ဒုတိယမြောက်နေ့တွင် အစ်ကိုကြီးလီက သူ့နောက်ကျောတွင် အထုပ်အပိုးသယ်ရင်း ရွှီချင်းအိမ်သို့ ရောက်ချလာခဲ့သည်။ "အမေက မင်းတို့ဆီ ဒါတွေလာပို့ခိုင်းလိုက်တာ။ ဒုတိယညီလေးရေ မင်းတို့မှာ ကလေးရှိလာကြပြီဆိုတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဦး။ ကျန်းမာရေးက အရေးကြီးတယ်လေ။ ငါတို့လည်း ကလေးလေးကို မျှော်နေမယ်ကွာ။ မိသားစုကိစ္စတစ်ချို့ကြောင့်သာ မဟုတ်ခဲ့ရင် ငါကိုယ်တိုင်လာဖြစ်မှာ မဟုတ်ဘူးကွ။ ကောင်းကောင်းနေထိုင်ကြနော် ငါ့ညီရေ!" 


လီချန်ဖုန်းလည်း အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်ကာ သူ့ရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်ပြီးမှ အစ်ကိုကြီးလီပြန်မသွားခင် နေ့လယ်စာ ဧည့်ခံလိုက်သည်။ 


ရွှီချင်းက စားပွဲပေါ်ရှိ အစားအစာထုပ်ကြီးကို ကြည့်ရင်း သက်ပြင်းချလျက်။ "အမေနဲ့အဖေက ကိုယ်တို့အတွက် လုံလောက်အောင်လို့ အများကြီး ပို့ပေးလိုက်တာပဲ" လီချန်ဖုန်း အနားကပ်လာကာ ရွှီချင်းကို ညင်သာစွာ ပွေ့ဖက်ရင်း ဆိုလေသည်။


*** 


တောင်အနောက်တွင် အိမ်သစ်ဆောက်နေပြီဆိုတဲ့ သတင်းမှာ ရွာတစ်လျှောက် ပျံ့နှံ့သွားလေပြီ။ လူတွေက ထင်မြင်ချက် အမျိုးမျိုးတို့ဖြင့် - တစ်ချို့က မနာလိုဖြစ်ကြတယ်၊ တစ်ချို့က အားကျကြတယ်၊ တစ်ချို့ကတော့ လုံးဝဂရုမစိုက်ကြပေ။ 


အဒေါ်ကျန်းဟာ ထုံးစံအတိုင်း မနာလိုဖြစ်လေပြီ။ လီချန်ဖုန်းနှင့် ရွှီချင်းတို့က ဒီလောက်မြန်မြန်ကြီး အိမ်ပြန်ဆောက်နိုင်တာဟာ သူ့မိသားစုရဲ့ သစ်သားစီးပွားရေးကို လီချန်ဖုန်း ယူသွားတာကြောင့်လို့ပဲ ယုံကြည်နေလျက်။ 


မဟုတ်ရင် ဒီနှစ်အနည်းငယ်အတွင်းမှာ ဒီလိုအုတ်အိမ်ကြီးကို ဆောက်ဖို့ သူတို့ဆီမှာ ဘယ်ကငွေပိုရှိမှာတုန်း! 


ထို့ကြောင့်ပင် လွန်ခဲ့တဲ့ရက်အနည်းငယ်၌ သူက တခြားမိသားစုတွေဆီ သွားလည်ကာ ရွှီချင်းနှင့် လီချန်ဖုန်းတို့ အိမ်ပြင်သည့်အကြောင်း အတင်းတုပ်လေသည်။ 


ပထမတော့ တခြားသူတွေလည်း အတင်းဝိုင်းတုပ်ကြရာ တချို့စကားတွေမှာ ရွှီချင်းနှင့် လီချန်ဖုန်းတို့ဆီတောင် ပြန်ကြားရသေးသည်။ သို့ပေသိ သူတို့ဟာ အလုပ်များလွန်း၍ သူတို့တွေကို အာရုံမပေးနိုင်ရာ တဖြည်းဖြည်းနဲ့ ပါဝင်သူတွေရဲ့ တုန့်ပြန်မှုမရှိသောကြောင့် အတင်းအဖျင်းမှာ ငြိမ်သက်သွားရတော့သည်။ 


နွေရာသီတွင် အိမ်ဆောက်ကြသည့်အခါ အကြီးမားဆုံး စိုးရိမ်စရာကတော့ အပူလျှပ်မည်ကိုပင်။ ထို့ကြောင့် ရွှီချင်းရဲ့ နေ့စဥ်တာဝန်ကတော့ မနက်ပိုင်းတွင် အဒေါ်ရှဲ့နှင့်အတူတူ မတ်ပဲစွပ်ပြုတ်ကို ချက်ကာ အအေးခံထားရသည်။ 


ချွေးတွေ ရွှဲရွှဲစိုနေကြရတဲ့ လူတိုင်း အနားယူသည့်အချိန်မှာ ရွှီချင်းက အလုပ်သမားတွေအတွက် လန်းဆန်းချိုမြတဲ့ မတ်ပဲစွပ်ပြုတ်ခွက်တွေကို ဝေပေးလိမ့်မည်ဖြစ်၏။ မတ်ပဲစွပ်ပြုတ်မှာ နာမည်ကြီးသွားခဲ့ကာ ရက်အနည်းငယ်အတွင်းမှာပဲ မတ်ပဲတွေကုန်သွားရသည်။ 


သူတို့က တစ်ယောက်ယောက်ကို ပိုဝယ်ခိုင်းဖို့ တွေးနေသည့်အချိန်မှာပင် အဒေါ်ရှဲ့က ရုတ်တရက် အကြံပြုလာခဲ့၏။ "မင်းတို့အိမ်အတွက် ဘာလို့ မြည်းလှည်းမဝယ်လိုက်တာလဲ?" 


လီချန်ဖုန်းလည်း ခဏလောက် ထိတ်လန့်သွားပြီးမှ သူ့နဖူးသူရိုက်လိုက်တော့သည်။ ဟုတ်သားပဲ! အခုဆို ရွှီချင်းကလည်း ကိုယ်ဝန်ရှိနေပြီးတော့ အိမ်အသစ်ကိစ္စနဲ့ အလုပ်တွေရှုပ်နေခဲ့ရသဖြင့် တခြားလူတွေကို ဟိုဟာဝယ်ဖို့ ဒီဟာဝယ်ဖို့ အကူအညီတောင်းနေခဲ့ရတာ။ မြည်းလှည်းဝယ်ထားလိုက်ရင် ပိုကောင်းသွားမှာပဲ၊ ဆောင်းဦးရိတ်သိမ်းတဲ့အခါလည်း အသုံးဝင်ဦးမှာ။ 


လီချန်ဖုန်းနှင့် ရွှီချင်းတို့ ဆွေးနွေးပြီးနောက် လီချန်ဖုန်းက နောက်တစ်နေ့ နံနက်စောစော ထွက်သွားကာ မနက်စာစားပြီးချိန်၌ မြည်းလှည်းတစ်စီးကို မောင်းနှင်ရင်း ပြန်ရောက်လာခဲ့သည်။ 


မြည်းက အထီးဖြစ်သလို အရွယ်မရောက်သေးပေမယ့် သန်မာပြီး တက်တက်ကြွကြွရှိပုံပဲ။ မြည်းလှည်းအတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံး အပြီးအစီးကို ငွေ ၅လျန် သုံးလိုက်ကြသည်။ 


ရွှီချင်းက လီချန်ဖုန်းကို မနက်စာစားဖို့ လက်ဆေးခိုင်းလိုက်ပြီး မြည်းကိုကြည့်ဖို့ ထွက်လာခဲ့သည်။ တက်တက်ကြွကြွရှိနေပုံရလို့ ရဤိချင်းက မြည်းကို "သိုင်းသိုင်း"လို့ နာမည်ပေးလိုက်၏။ ထိုနေ့၌ နေအရမ်းပြင်းလွန်းသဖြင့် ရွှီချင်းက သိုင်းသိုင်းကို ရေတိုက်သည့်အခါ ရေထဲတွင် ဝိဥာဥ်စမ်းရေနည်းနည်းရောထည့်ပေးလိုက်သည်။ 

(T/N: သိုင်းသိုင်းဆိုတာက ရူးပေါပေါလေးလို့ ချစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ ခေါ်တဲ့သဘောပါ) 


သိုင်းသိုင်းက ရေကို အနံ့ခံကြည့်လိုက်ကာ သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားသော်လည်း ရေကို ချက်ချင်းသောက်ပစ်မည့်အစား ခေါင်းငုံ့ပြီး ရေမသောက်ခင်မှာ ရွှီချင်းဆီကို သူ့ခေါင်းလေးဖြင့် ညင်ညင်သာသာလေး ပွတ်သပ်လိုက်လေသည်။ ရွှီချင်းမှာ ခဏတဖြုတ် အံ့အားသင့်သွားရပြီးမှ ပြုံးရယ်ကာဖြင့် သိုင်းသိုင်းရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်၏။ 


အဒေါ်ရှဲ့က ဤမြင်ကွင်းကိုမြင်တော့ ရယ်မောကာဖြင့် "သူက မင်းကို ဒီလောက်သဘောကျလိမ့်မယ်လို့ ကျုပ်မထင်ခဲ့မိဘူး။" ရွှီချင်းက သိုင်းသိုင်းခေါင်းလေးကို ပုတ်ပေးနေရင်း အဲ့ဒါက သိုင်းသိုင်းက သူ့ကို သဘောကျတာ မဟုတ်ရပါဘူးနော်။ ဝိဥာဥ်စမ်းရေရဲ့ အနံ့ကြောင့်မှန်း သိသာနေတယ်လေ။ 


လူအများကြီးရှိသည်မို့ သူတို့အားလုံး နေ့လည်စာအတွက် အသားစားကြရသည်။ မကုန်တဲ့ဟင်းတစ်ချို့ကိုတောင် မိသားစုအတွက် ပြန်သယ်သွားဖို့အတွက် ခွဲဝေပေးလိုက်သေးသည်။ 


လူတိုင်းက အချင်းချင်းရဲ့ အခြေအနေကို သိကြသဖြင့် သူတို့ကြားမှာ ရှက်ရွံ့စရာရှိမနေခဲ့ကြတော့။ ဒီလိုအစားအသောက်တွေနဲ့ဆိုရင် လူတိုင်းက အလုပ်လုပ်ရာမှာ အားအင်လုံလောက်နေကြသဖြင့် တစ်လကျော်ရုံလေးမှာပဲ အိမ်ကြီးဟာ ပြီးစီးသွားခဲ့သည်။ 


စုစုပေါင်း အုတ်ကြွပ်အခန်းကြီးလေးခန်းရှိလေသည်။ အလယ်ခေါင်တွင် ပင်မခန်း၊ ပင်မခန်း၏ ဘယ်ဘက်ခြမ်းတွင် ကလေးတွေအတွက် ပြင်ဆင်ထားတဲ့ အိပ်ခန်းတစ်ခန်းရှိ၏။ 


ညာဘက်ခြမ်းမှာတော့ ဆက်သွယ်ထားတဲ့ အခန်းနှစ်ခန်းရှိရာ - အပြင်ခန်းမှာ ရွှီချင်းနှင့် လီချန်ဖုန်းတို့အခန်းဖြစ်သလို အတွင်းခန်းကိုတော့ သိုလှောင်ခန်းအနေဖြင့် ထားထားလေသည်။ သိုလှောင်ခန်းအတွင်းဘက်၌ အကန့်တစ်ခုရှိရာ တစ်ဖက်မှာ ဆန်စပါးတွေကို သိုလှောင်မှာဖြစ်ပြီး သူ့အောက်ဘက်မှာ တူးထားတဲ့ မြေအောက်ခန်းကိုတော့ အနာဂတ်မှာ တခြားအရာတွေ သိုလှောင်သိမ်းဆည်းရန်အတွက်ပင်။ 


အကန့်၏ တစ်ခြားတစ်ဖက်တွင် ကလေးတွေ ကြီးလာသည့်အခါ သုံးဖို့အတွက် စာကြည့်စားပွဲတစ်လုံး ပြင်ဆင်ထား၏။ အခန်းအားလုံးရဲ့ ဝင်ပေါက်တွေကတော့ ပင်မခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်လေသည်။ 


ရေတွင်းနံဘေးတွင် မီးဖိုချောင်တစ်ခု ဆောက်ထားပြီး မီးဖိုချောင်အနောက်ဘက်တွင် ဝက်ခြံ၊ ကြက်ခြံနှင့် မြည်းခြံဝင်းတို့ဆီ သွားရန်အတွက် လမ်းသေးလေးတစ်ခုရှိ၏။ 


လမ်း၏အဆုံးတစ်ဖက်၌ တိရိစ္ဆာန်တွေရှိရာနေရာနှင့် မီးဖိုချောင်ကို ချိတ်ဆက်ထားရန် ဝါးကိုအသုံးပြုထားကာ မိုးရွာရင်တောင်မှ စိတ်ချရစေရန် တင်းတင်းကျပ်ကျပ် အမိုးမိုးပေးထားသဖြင့် ဝက်ကလေးကို ထိခိုက်မည်မဟုတ်ပေ။ 


မီးဖိုချောင်ရှိ ထမင်းစားပွဲ၏ တစ်ဖက်ခြမ်းမှ တံခါးကို ဖွင့်လိုက်ရင် အကန့်ကန့်ထားသည့်နေရာဆီသို့ ဦးတည်ပေမည်။ အရှေ့ခြမ်းတွင် ဆန်စပါး သို့မဟုတ် အထွေထွေပစ္စည်းတစ်ချို့ကို သိုလှောင်ရန် အသုံးပြုမည်ဖြစ်သလို အနောက်ခြမ်းကိုလည်း ရေချိုးခန်းအဖြစ် ထားရှိခဲ့၏။ 


မီးဖိုချောင်နှင့် ရေချိုးခန်းဟာ ကလေးတွေအခန်းနှင့် ချိတ်ဆက်ထားလျက်။ သိုလှောင်ခန်းနဲ့ ဆက်သွယ်ထားသော အခန်းကြီးကြီးကိုတော့ ထင်းတဲအဖြစ် သုံးပေမည်။ ထိုအခန်းမှာ ထင်းသိုလှောင်ရန် သို့မဟုတ် သစ်သားအရုပ်တွေ ပြုလုပ်ဖို့အတွက် သစ်သားတွေ သိုလှောင်ရန်အတွက် လုံလုံလောက်လောက်ကျယ်ဝန်းလေ၏။ 


ခြံအနောက်ဖက်၌ ဟင်းသီးဟင်းရွက်တစ်ချို့ စိုက်ပျိုးရန်အတွက် မြေကွက်သေးသေးလေးကို ချန်ထားကာ စီချွမ်ငရုတ်ကောင်းပင်ကိုလည်း ပြောင်းရွှေ့စိုက်ပျိုးထားခဲ့သည်။ ထင်းတဲဘေး၌ သစ်တော်ပင်နှင့် ဆီးသီးပင်ကို စိုက်ထားပြီး နံရံထောင့်မှာ ကျောက်စားပွဲတစ်ခု ချထားလေသည်။  


ခြံတံခါးမှ ပင်မခန်းနှင့် မီးဖိုခန်းဆီသို့ လျှောက်လမ်းတစ်လျှောက်တွင် ကျောက်တုံးသေးသေးလေးများဖြင့် လမ်းခင်းထားကာ ချော်လဲရန်မှ ကာကွယ်နိုင်သလို လှလည်းလှပလျက်။


ရွှီချင်းနှင့် လီချန်ဖုန်းတို့က အခန်းတွင်းရှိ အစိုဓာတ်ခြောက်စေဖို့အတွက် ရက်အနည်းငယ်ထပ်စောင့်လိုက်ကြပြီးမှ အိမ်အသစ်သို့ မပြောင်းရွှေ့ခင် အနံ့အသက်တွေ ပျောက်ကင်းစေရန် အခန်းတိုင်းမှာ မြက်ရိုင်းတစ်ချို့ကို မီးရှို့လိုက်ကြသည်။ 


ရွှီချင်းမှာ အသစ်စက်စက်အိမ်ကြီးကို ကြည့်ရင်း သူ့ရဲ့အနည်းငယ်ဆူထွက်လာပြီဖြစ်တဲ့ ဗိုက်လေးကို ညင်ညင်သာသာလေးထိကာ အရမ်းကျေနပ်အားရသလို ခံစားခဲ့ရ၏။ ခန်ကုတင်ပြုလုပ်သည့်အချိန်တွင် ရွှီချင်းက ဘယ်သူ့ကိုမှ ပါဝင်လုပ်ဆောင်ဖို့ ခွင့်မပြုခဲ့ဘဲ လီချန်ဖုန်းနှင့် ဦးလေးရှဲ့တို့ နှစ်ယောက်ကိုပဲ ပြုလုပ်စေခဲ့သည်ပင်။ ခန်ကုတင်အပြင် ပင်မခန်းထဲ၌ မီးလင်းဖိုတစ်ခုကိုပါ တည်ဆောက်စေခဲ့သည်။ 


ဦးလေးရှဲ့သည် ရွှီချင်းဆီမှ ခန်ကုတင်နှင့် မီးလင်းဖိုရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို နားထောင်ပြီးနောက် အချိန်မဖြုန်းတော့ဘဲ သူ့အိမ်မှာလည်း ခန်ဆောက်လုပ်ဖို့ လီချန်ဖုန်းကို ချက်ချင်းဆွဲခေါ်သွားတော့သည်။ မီးလင်းဖိုကိုတော့ သူတို့မလုပ်တော့ပေ။ 


ညနေပိုင်းတွင် ရွှီချင်းကိုယ်တိုင်ကိုယ်ကျ ဝက်သားကျောက်ကပ်မွှေကြော်၊ နှစ်ကြိမ်ချက်ထားတဲ့ ဝက်သားပြုတ်၊ ကြက်ဥနို့ပေါင်းနှင့် အရိုးစွပ်ပြုတ်တို့ကို ချက်ခဲ့လေသည်။ ယင်းမှာ သူတို့ရဲ့ အိမ်အသစ်၌ သူတို့နှစ်ယောက်လုံးအတွက် ပထမဆုံးစားပွဲပင်။ 


ဒေသဓလေ့ထုံးတမ်းအရ အိမ်သစ်သို့ ပြောင်းရွှေ့သည့်အခါ ပထမဆုံးစားပွဲအတွက် စားသောက်ပွဲကြီး မကျင်းပဖြစ်ခဲ့လျှင် သာယာပျော်ရွှင်မှုနှင့် အေးချမ်းမှုသဘောဆောင်သည့် သင်္ကေတအနေဖြင့် ခြံတံခါးဝ၌ မီးရှူးမီးပန်းများ ဖောက်ပေးရပေမည်။ 


စားသောက်ပွဲ ကျင်းပခဲ့ပါလျှင် မီးရှူးမီးပန်း ဖောက်စရာမလိုဘဲ သုံးရက်မြောက်နေ့တွင် စားသောက်ပွဲကြီးကို ဆင်နွှဲဖို့ရာ လူတွေက အိမ်ကို အလည်လာကြပေလိမ့်မည်။ 


ရွှီချင်းတို့နှစ်ယောက်သား ဆွေးနွေးကြပြီးနောက် ပွဲမကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က အိမ်အသစ်လည်းဆောက်ကြသလို စားသောက်ပွဲကြီးပါ ကျင်းပနေခဲ့ရင် မလိုအပ်တဲ့အာရုံစိုက်မှုတွေကို ဆွဲဆောင်မိပေလိမ့်မည်။ 


သည့်အပြင် ပွဲတစ်ပွဲကျင်းပရသည်မှာ ပျော်စရာမကောင်းဘူးလေ။ ကျီစယ်ဆော့ကစားတတ်တဲ့ ကလေးတွေအများကြီး လာကြမှာ ဖြစ်၍ ခြံဝင်းတစ်ခုလုံး ရှုပ်ပွကျန်နေခဲ့မှာ အသေအချာပဲ၊ ဆိုတော့ ပြန်ရှင်းလင်းရတာလည်း အချိန်တော်တော်ကြာသွားလိမ့်မှာ။ 


ထို့ကြောင့် ရွာသားတွေက တောင်အနောက်ဘက်မှ မီးရှူးမီးပန်းသံကို ကြားသည့်အခါ အဒေါ်ကျန်းလည်း အဝတ်အစားဝတ်လျက် အမြန်ထွက်လာခဲ့သည်။ "တွေ့လား? အဲ့ဒီလူက သူ့ပိုက်ဆံတွေကို အားလုံးသုံးပစ်လိုက်ပြီလို့ ငါ မင်းကို ပြောခဲ့သားပဲ။ သူက စားသောက်ပွဲ ကျင်းပဖို့တောင် မတတ်နိုင်တော့ဘူးလေ!" 


အဒေါ်ကျန်းသည် အတော်လေး ဂုဏ်မောက်နေလျက်။ အဲ့ဒီအချိန်တုန်းက အိမ်ဆောက်ပြီး ပွဲကျင်းပနိုင်ခဲ့တာ သူတို့တစ်မိသားစုပဲရှိခဲ့သဖြင့် ရွာသားတွေရဲ့ လေးစားအားကျနေတဲ့အကြည့်တွေ ရခဲ့လေသည်။ 


ပိန်ပိန်ပါးပါးအဒေါ်တစ်ယောက်က သူ့ပါးစပ်ကို စုဝိုင်းလိုက်ကာ "ငါ့အမြင်ကတော့ ဒီလောက်လှတဲ့အိမ်ကြီးကို ဆောက်ပြီးရင် သူတို့ ငွေစုထားသင့်တာပေါ့။ မဟုတ်ရင် နောင်အသုံးစရိတ်တွေအတွက် လောက်ငှမှာ မဟုတ်ဘူးလေ!" 


တောင်အနောက်ဘက်မှာ နေထိုင်ကြသည့် အနှီစုံတွဲလေးဟာ သူတို့မိသားစုထဲမှာ အကြံပေးမယ့် အကြီးအကဲတွေ မရှိကြတော့သဖြင့် သူတို့က ဒီလောက်ကြီးတဲ့ အိမ်ကြီးကို ဆောက်ဖို့ ငွေသုံးလိုက်ကြတာပဲ။ သူတို့ဆီမှာ ငွေပိုမရှိတော့ဘူးဆိုတာ အံ့သြစရာမရှိတော့ပါဘူး! 


အဒေါ်ကျန်းသည် တခြားသူတွေ ဘယ်လိုထင်လဲဆိုတာကို ဂရုမစိုက်တော့ပေ။ ဘယ်လိုဖြစ်ဖြစ် အခု သူ အရမ်းကျေနပ်နေတယ်လေ။ ရွှီချင်းနှင့် လီချန်ဖုန်းတို့ကို သူတွေ့ရင်တောင်မှ စိတ်ဓာတ်ကျနေမှာ မဟုတ်တော့ဘူး။ 


*** 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က ထမင်းစားပြီးနောက် စတင် စာရင်းတွက်ချက်တော့သည်။ 


"ကျွန်တော်တို့က အိမ်ပြင်ဖို့ရော အလုပ်သမားတွေရဲ့ လစာရောအပါကို စုစုပေါင်း ငွေ၁၅လျန်ကုန်တယ်။ ကုန်ခြောက်တွေနဲ့ တခြားအရာတွေအတွက် ငွေ၃လျန်ရယ်၊ ချည်စောင်အသစ်၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ၊ အဝတ်အစားအသစ်တွေအတွက် စုစုပေါင်း ငွေ၅လျန် သုံးလိုက်တယ်။ မြည်းလှည်းဝယ်တာက ငွေ၅လျန် ဆိုတော့ စုစုပေါင်း ငွေ၂၈လျန်လောက် ကုန်သွားပြီနော်။" 


ရွှီချင်းက ဒီလအတွက် ကုန်ကျစရိတ်ကို တွက်ချက်ရင်း "အစက ကျွန်တော်တို့ဆီမှာ ၁၆၅လျန် ရှိတာ၊ ၂၈လျန် သုံးလိုက်တော့ စုစုပေါင်း ၁၃၇လျန် ကျန်သေးတယ်။" 


သည်တော့ သူတို့က အတော်လေး ချမ်းသာနေဆဲပင်! ရွှီချင်းမှာ အလွန်ကျေနပ်နေလျက် "အခု ကျွန်တော်တို့က အိမ်ရော လှည်းပါရှိတဲ့သူ ဖြစ်နေပြီဗျို့။" 


လီချန်ဖုန်းမှာ သိပ်နားမလည်သဖြင့် "အိမ်နဲ့လှည်းရှိတာက ဘာကိုဆိုလိုတာလဲ?" 


ရွှီချင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး စနောက်ဟန်ဖြင့် လီချန်ဖုန်းရဲ့ မေးစေ့ကို ထိလိုက်ကာ "သဘောက ကျွန်တော်တို့မှာ နေဖို့ အိမ်ရှိသလို သွားရေးလာရေးအတွက် လှည်းရှိတာပေါ့!" 


လီချန်ဖုန်းသည် ရွှီချင်းအား သူ့မျက်နှာကို စိတ်ကြိုက်ထိကိုင်ခွင့်ပြုထားကာ ဥာဏ်အလင်းရသွားသလိုမျိုး ခေါင်းတညိတ်ညိတ်ဖြင့် "မင်း တစ်ခုမေ့နေပြန်ပြီ"


"ဘာကိုလဲ?" ရွှီချင်းလည်း သူဘာမေ့သွားသလဲဆိုတာကို လုံးဝစဥ်းစားလို့မရခဲ့။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ ဝမ်းဗိုက်လေးကို နူးညံ့စွာ ကြည့်လိုက်ရင်း "မင်းမေ့သွားပြန်ပြီ၊ ကိုယ်တို့မှာ ကလေးလေးတစ်ယောက်ရှိသေးတယ်လေ။" ရွှီချင်းက သူ့နှာခေါင်းကို ထိလိုက်ပြီး သူတကယ်မေ့နေခဲ့မှန်း သဘောပေါက်သွားခဲ့ရ၏။ လွန်ခဲ့သည့်တစ်လခန့်က သူ့ခန္ဓာကိုယ် လုံးဝပြန်လည်ကောင်းမွန်လာခဲ့​ရာ အခုဆို အစားအစာအားလုံးဟာ အရသာရှိနေကာ မည်သည့်အဆင်မပြေမှုတစ်စုံတစ်ရာကိုမှ မခံစားရတော့ပေ။ 


"မနက်ဖြန် ခင်ဗျားရဲ့ လီမိသားစုဆီကို သွားလည်ရအောင်လေ။" ရွှီချင်းက အကြုံပြုလာခဲ့သည်။ သူတို့အိမ်ဆောက်နေသည့်အတောအတွင်းမှာ လီမိသားစုက လက်ဆောင်တော်တော်များများ ပေးပို့လာခဲ့သော်လည်း သူတို့ကတော့ ကျေးဇူးတင်ဖို့ အခွင့်အရေး မရခဲ့သေးပေ။ ယခုတော့ သူတို့အလုပ်တွေလည်း ပြီးသွားကြပြီဖြစ်ရာ အလည်သွားဖို့ အချိန်ရောက်လာပြီလေ။ မဟုတ်ရင် သူတို့ စိတ်မသက်မသာဖြစ်ရလိမ့်မယ်။ 


လီချန်ဖုန်းက အိုးခွက်ပန်းကန်များကို ဆေးကြောသန့်ရှင်းလိုက်ပြီးနောက် "မင်းသဘောပါပဲ" ရွှီချင်းက ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ သူအတူလိုက်လုပ်ပေးမည်ပင်။ 


ဒီတစ်ခါတော့ မိသားစုဆီကို ပြန်သွားလည်ရန် တကယ့်ကို သင့်တော်တဲ့အချိန်ပါပဲ။ သို့သော်လည်း လီချန်ဖုန်းသည် သူ့အစ်ကိုကြီးသီးသန့်ပြောသွားတဲ့စကားတွေကို ပြန်သတိရသွားတော့ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့။ လီမိသားစုရဲ့ သာယာအေးချမ်းတဲ့နေ့ရက်တွေက အဆုံးသတ်တော့မယ့်ပုံပဲ။ 


နောက်တစ်နေ့တွင် ရွှီချင်းနှင့် လီချန်ဖုန်းတို့က နံနက်စာစားပြီးနောက် လက်ဆောင်တစ်ချို့ထုပ်ပိုးကာ ကျိရှန်းရွာသို့ မြည်းလှည်းမောင်းသွားခဲ့သည်။ လမ်းတွင် ဦးလေးလျိုနှင့် ဆုံခဲ့ကြ၍ နှုတ်ဆက်ကာ အကျဉ်းချုံးပြောပြီးနောက် လီမိသားစုခြံဟောင်းဆီသို့ ခရီးဆက်ခဲ့ကြလေ၏။ 


လီရှောင်းအာက ဟင်းရွက်တွေကို စိတ်မပါ့တပါ ရွေးချယ်နေရင်း ခြံတံခါးခေါက်သံကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့အိမ်တံခါးဆီကို နောက်ထပ်အောင်သွယ်တော်ရောက်လာမည်ကို ကြောက်လန့်နေမိလျက်။ ဒီရက်တွေထဲမှာ သူတို့အိမ်ကို မကြာခဏ လာလည်ကြတဲ့သူတွေက အဲ့ဒီမကောင်းတဲ့ အောင်သွယ်တော်တွေချည်းပဲ! 


xxx