ယင်းအော်သံမှာ လော့ကျောင်းဆီမှ မဟုတ်ခဲ့! ချိုးသာ့နှင့် လော့ကျောင်းတို့ရဲ့ အနောက် မနီးမဝေးတစ်နေရာ၌ မတ်တပ်ရပ်နေသည့် အနက်ရောင်အင်္ကျီဝတ်ဆင်ထားတဲ့ အနည်းငယ် ဝဖိုင့်ဖိုင့်လူတစ်ယောက်ဆီမှ အသံပင်။
"မိန်း…မိန်းမ…"
ချိုးသာ့က သူ့မိန်းမဆီမှာ အဖမ်းခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။ အိမ်ထောင်ရေးဖောက်ပြန်မှုဟာ သည်းမခံနိုင်ဆုံးသောကိစ္စတစ်ခုဖြစ်ကြောင်း သူသိပေသည်! ရွာလူကြီးသာ ရှာတွေ့သွားခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မှန်းမဆနိုင်တော့ပေ။
ချိုးသာ့ ထိတ်လန့်တုန်လှုပ်နေစဥ် လော့ကျောင်းက ကတိုက်ကရိုက် အဝတ်အစားတွေ ဝတ်နေသည်ကို မြင်လိုက်ရသဖြင့် ရုတ်ချည်းစိတ်ငြိမ်သွားရလျက်။ သူက မှန်ကန်ပြတ်သားသော အမူအရာဖြင့် လော့ကျောင်းကို လက်ညှိုးထိုး၍ "ဒီလူယုတ်မာက ငါ့ကို မြှူဆွယ်ခဲ့တာပါ! ငါမလုပ်ချင်ခဲ့ပါဘူး၊ ဒါပေမဲ့ သူက သူ့အဝတ်တွေ ချွတ်ပြီး ငါ့အပေါ်အတင်းတွယ်ကပ်လာလို့!"
လော့ကျောင်းက အလျင်စလို အင်္ကျီဝတ်နေစဥ် ချိုးသာ့ကတော့ ဝတ်ပြီးသားဖြစ်၍သာ။ လော့ကျောင်းသည် ချိုးသာ့ရဲ့ အရှက်မရှိစကားတွေကြောင့် ဒေါသထွက်သွားရသလို စိုးရိမ်ပူပန်သွားရကာ သူ့အဝတ်တွေကို တုန်ယင်စွာ ဝတ်ဆင်နေရင်း အရာရာတိုင်းကို ငြင်းဆန်နေတဲ့ ချိုးသာ့ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေလိုက်၏။
"ငါက လူယုတ်မာပေါ့လေ? ချိုးသာ့ ခင်ဗျားက အရှက်မဲ့လိုက်တာ! ဒီနေ့ ငါတို့နှစ်ယောက်လုံး လွတ်မှာမဟုတ်တော့ဘူး။ ငါ လော့ကျောင်းက သေရင်တောင်မှ ခင်ဗျားကိုပါ ရအောင်ဆွဲခေါ်သွားမှာ!"
ချိုးသာ့ရဲ့ ဇနီးမှာ သူတို့နှစ်ယောက် ခွေးတွေလိုမျိုး အချင်းချင်းကိုက်နေကြတဲ့ ရန်စကားတွေကို နားထောင်နေရင်း သူ့နှုတ်ခမ်းကိုကိုက်၍ မျက်ရည်တွေကျလာလျက်။ သူ ချိုးသာ့ကို တကယ်ပဲ စိတ်ပျက်သွားပါပြီ!
***
နောက်တစ်နေ့နံနက်တွင် လီချန်ဖုန်းနှင့် ရွှီချင်းတို့ နံနက်စာစားနေကြစဥ် ရွာထဲမှ ကောင်လေးတစ်ယောက်က အကြောင်းကြားစာ လာပို့ပေးခဲ့သည်။ မွန်းတည့်ချိန်၌ ရွာလူကြီးနှင့် အကြီးအကဲတစ်ချို့က ပြောစရာရှိ၍ ရွာဘိုးဘွားခန်းမဆောင်တွင် လူစုကြရန်ဖြစ်လေသည်။
အကြောင်းလာကြားပေးသော ကောင်လေးကို မုန့်နည်းနည်းပေးလိုက်ပြီး မေးစမ်းကြည့်လိုက်ရာ "ဘာဖြစ်ကြလို့လဲဟင်? ဘာလို့အရေးတကြီးလူစုခိုင်းတာလဲ?" သူ ရွာမှာရှိနေခဲ့တာ ကြာပြီဖြစ်သော်ငြား အရင်က ရွာအစည်းအဝေးကို တစ်ခါမှ မတက်ခဲ့ဖူးပေ။
ကောင်လေးမှာ သူစားရခဲသော သရေစာမုန့်ကို ကိုင်ထားရင်း သူ့အရှေ့မှ "ရုပ်ဆိုးဆိုးကော"မှာ လုံးဝရုပ်မဆိုးတော့ဘဲ အမှန်တကယ်တော့ သူဟာ အတော်လေး နူးညံ့သိမ်မွေ့ပုံပေါ်နေတာကို သိသွားခဲ့သည်။
ကောင်လေးက ပြန်ဖြေလိုက်၏။ "ကျွန်တော့်အမေပြောတာကတော့ သူတို့က ကျွန်တော်တို့ရွာရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေတဲ့ လူနှစ်ယောက်ကို မောင်းထုတ်ချင်နေကြတာဆိုပဲ"
ကောင်လေးက ပြောပြီးသည်နှင့် ပျော်မြူးစွာဖြင့် ခုန်ပေါက်ပြေးလွှားကာ ထွက်သွားတော့သည်။ အစကတော့ အကြောင်းကြားဖို့ဟာ သူ့တာဝန်မဟုတ်ခဲ့သော်လည်း ဘယ်သူမှမသွားချင်ကြ၍ သူက စေတနာ့ဝန်ထမ်းလုပ်ခဲ့ခြင်းပင်။ သူ့လက်ထဲမှ သရေစာမုန့်တွေကို ကြည့်ရင်း ပြုံးလျက် သွားရေတောင်ကျလုနီးနီးပင်။ ကံကောင်းတဲ့နေ့ပဲဟေ့!
"သူတို့ကို မောင်းထုတ်ဖို့လား?"
ရွှီချင်းသည် ရွာ၏ထုံးတမ်းတွေကို ထိခိုက်စေတဲ့ အဖြစ်အပျက်ကို သိပ်ဂရုမစိုက်သော်လည်း ရွာအပြင် နှင်ထုတ်မည့် အကြံဥာဏ်ကို အနည်းငယ် အံ့အားသင့်သွားရလျက်။ ဤအချိန် ဤနေရာ၌ ရွာဟာ ကျေးလက်မိသားစုတွေရဲ့ ရေသောက်မြစ်ဖြစ်ကာ မလိုအပ်ပါက ရွာကို စွန့်ခွာကြမည်မဟုတ်ကြပေ။
လီချန်ဖုန်းက ရွှီချင်းအတွက် အရိုးစွပ်ပြုတ် နောက်တစ်ပန်းကန် ခပ်ပေးလိုက်ပြီး အေးသွားအောင် ဂရုတစိုက် မှုတ်ပေးလိုက်၏။ "ရွာထဲက အိမ်ထောင်မပြုရသေးတဲ့ ကောတွေနဲ့ ကလေးတွေရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ တစ်ရွာလုံးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် မကောင်းတဲ့ကိစ္စတွေကို ကျုးလွန်ထားတဲ့ ဒီလိုလူတွေကို ကိုယ်တို့ မောင်းထုတ်ရမှာပဲ။"
ဟင်းသီးဟင်းရွက်ရောင်းဖို့ မြို့ကိုသွားရင်တောင် နာမည်ဆိုးရှိနေတဲ့အခါ တံတွေးခွက်မှာ ပက်လက်မျောသွားရပေလိမ့်မည်။
ရွှီချင်းက အရိုးစွပ်ပြုတ်ကိုယူကာ လီချန်ဖုန်းအား အပြုံးတစ်ဝက်ဖြင့် ကြည့်လျက် "ခင်ဗျားက ဒီကိစ္စအကြောင်း ကောင်းကောင်းသိနေပုံပဲနော်။" လီချန်ဖုန်းက တိတ်ဆိတ်နေဆဲ၊ ရွှီချင်းကို အစားအစာတွေ ကူညီယူပေးနေရုံသာ။
ရွှီချင်းတို့ ဘိုးဘွားခန်းမဆောင်သို့ ရောက်သွားသည့်အခါ လူပြည့်နေခဲ့ပြီ။ အဒေါ်ရှဲ့က ရွှီချင်းကို အဝေးကနေ မြင်လိုက်၍ သူတို့အနားသွားရန် လူအုပ်ကြီးထဲ တိုးဝှေ့သွားလိုက်လေသည်။ "မင်းက ကိုယ်ဝန်ရှိနေတာဆိုတော့ အထဲမဝင်နဲ့တော့။ ဒီမှာပဲနေပြီး နားထောင်လိုက်နော်။ ဘာဖြစ်ဖြစ် ညစ်တီးညစ်ပတ်ကိစ္စတွေပဲလေ။"
အဒေါ်ရှဲ့လေသံမှာ စက်ဆုပ်ရွံရှာမှုတို့ဖြင့် ပြည့်နေလေရာ ရွှီချင်းမှာ အရင်က ထိုသို့လေသံမျိုး မကြားခဲ့ဖူးပေ။ "တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ?"
"*လီကျန်းရောက်လာပြီ။ ဒီမှာပဲ နားထောင်လိုက်။ အထဲသွားမနေနဲ့တော့။" အဒေါ်ရှဲ့က စိုးရိမ်တကြီးပြောကာ ရွှီချင်းက စိတ်ဝင်စားသွားပြီး အထဲဝင်သွားမည်ကို ကြောက်၍ ရွှီချင်းရဲ့ လက်ကို ရည်ရွယ်ချက်ရှိရှိ ဆွဲထားလေသည်။
(*လီကျန်း = ရွာလူကြီး)
လီကျန်းနှင့် အကြီးအကဲတစ်ချို့ ရောက်လာကြသည်နှင့် ဆူညံပွတ်လောရိုက်နေကြတဲ့ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြ၏။ ရွာလူကြီးဟာ အလေးအနက်အမူအရာဖြင့် ပလက်ဖောင်းပေါ်မှာ ရှေ့နောက်လျှောက်ကာ "ဒီနေ့ ငါတို့ရွာမှာ ဖြစ်သွားခဲ့တဲ့ ကြားမကောင်းတဲ့ကိစ္စတစ်ခုအကြောင်းပြောဖို့ လူစုခိုင်းလိုက်ရတာပါ။ ဒီကိစ္စဟာ တစ်ရွာလုံးအတွက် ရှက်ဖွယ်အဖြစ်အပျက်တစ်ခုပဲ!"
ထိုကဲ့သို့ ရှင်းလင်းပြတ်သားလှသည့် စကားလုံးများကို ကြားလိုက်ကြသည်နှင့် လူတွေက မငြိမ်မသက်ဖြစ်လာကြလျက်။
ကောတစ်ချို့ကတော့ ပြောဆိုနေကြလျက် -
"ငါကြားတာတော့ ကျန်းမိသားစုကဆို!"
"ငါတို့ရွာမှာ သူတို့လက်ထပ်ကြတုန်းက အဲ့ဒီလူက သိပ်မရိုးဘူးဆိုတာ ငါသိသားပဲ!"
"အမှန်ပဲ အမှန်ပဲ!"
သို့ပေသိ အမျိုးသားများကတော့ ဤသို့ မှတ်ချက်ပေးကြလျက် -
"ကျစ် ကျစ် ချိုးသာ့ကတော့ တကယ့်ကောင်ပဲကွာ!"
"ဟုတ်ပါ့ကွာ၊ ဒီလိုကောတစ်ယောက်အတွက်နဲ့ သူ့ကိုယ်သူ အပျက်စီးခံရတယ်လို့ကွာ။"
"အင်းလေ၊ *တန်ဂိုလိုမျိုးပေါ့၊ နှစ်ယောက်လုံး မကောင်းတဲ့သူတွေပဲ!"
(*တန်ဂိုအကဆိုတာက နှစ်ယောက်တွဲကရတာမျိုးလေ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလို့ ပြောတာနဲ့အတူတူပါပဲနော်)
"တိတ်ကြ! တိတ်ကြတော့!"
လီကျန်းက လူအုပ်ကြီးမှ အသံတွေ ပိုကျယ်လာသည်ကြောင့် အော်လိုက်လေသည်။
"အဲဒီအရှက်မရှိတဲ့နှစ်ယောက်ကို ခေါ်လာခဲ့!"
လီကျန်းရဲ့စကားကိုကြားသည်နှင့် သန်သန်မာမာယောကျ်ားသားနှစ်ယောက်က အတူတူကြိုးတုပ်ခံထားရတဲ့ လော့ကျောင်းနှင့် ချိုးသာ့ကို ခေါ်ထုတ်လာခဲ့သည်။ လူအုပ်ကြီးက ချက်ချင်း ခေါင်းငုံ့သွားကြကာ တီးတိုးအတင်းတုပ်နေကြလျက်။
"အဟမ်း! အားလုံး တိတ်တိတ်နေပေးကြပါ!"
တိတ်ဆိတ်သွားကြသည့်အခါ လီကျန်းလည်း ဝမ်းနည်းပက်လက်အမူအရာဖြင့် ဆက်လက်ပြောဆိုလေသည်။ "ဒီလူနှစ်ယောက်က ကိုယ်ကျင့်တရား ဆိုးရွားလွန်းတာကြောင့် ငါတို့ရွာရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်ပေါင်းများစွာ တည်ရှိနေခဲ့တဲ့ စင်ကြယ်သန့်ရှင်းမှုတွေက ပျက်ဆီးသွားခဲ့ရပြီ! နောက်ဆို ငါတို့ရွာရဲ့ အိမ်ထောင်မပြုရသေးတဲ့ ကောတွေကို ဘယ်လိုထင်ကြမလဲ? သူတို့က တခြားရွာက အမျိုးသားတွေကို ဘယ်လိုရှာနိုင်တော့မလဲ?"
"ဟုတ်တယ်! ငါ့သားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က လက်ထပ်ဖို့ကိစ္စ ဆွေးနွေးထားပြီးပြီကို!" ခပ်ဝဝအဒေါ်တစ်ယောက်က စိတ်မရှည်စွာ ချက်ချင်းပင် လှမ်းအော်ပြောလိုက်၏။
"အမှန်ပဲ! ငါတို့ သူတို့ကို ပေါ့ပေါ့တန်တန် လွှတ်ပေးလိုက်လို့မရဘူး!"
"မဟုတ်ဘူး! ငါတို့ မလုပ်နိုင်ဘူး!"
တဖြည်းဖြည်းနဲ့ ရွာသားတွေက ကျယ်လောင်စွာအော်လာသည်မို့ လီကျန်းလည်း မောပန်းလာရသလို ခံစားလိုက်ရကာ "တိတ်ကြ! တိတ်ကြ! ဒီတော့ ငါတို့တစ်ရွာလုံးရဲ့ ဂုဏ်သတင်းနဲ့ အကျိုးအတွက် ငါနဲ့ အကြီးအကဲတစ်ချို့ ဆွေးနွေးခဲ့ကြပြီးတော့ ချိုးသာ့နဲ့ လော့ကျောင်းတို့ကို ရွာက နှင်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်! သူတို့ကို တစ်သက်လုံး ဒီကို ပြန်လာခွင့်မပြုတော့ဘူး!"
ရွှီချင်းက ရွာသူရွာသားများထံမှ ဝမ်းသာအားရအသံတွေနှင့် သက်ပြင်းချသံအချို့ကို နားထောင်လိုက်ပြီး တိတ်ဆိတ်နေတဲ့ ချိုးသာ့နဲ့ လော့ကျောင်းကို တွေ့လိုက်ရ၏။ ချိုးသာ့က စိုးရိမ်ပူပန်နေတဲ့မျက်နှာထားဖြင့် လွတ်မြောက်ရန် ရုန်းကန်နေလျက်။ သူက လီကျန်းနှင့် တခြားသူတွေရှေ့မှာ ဒူးထောက်ထားကာ ထပ်ခါထပ်ခါ ခယတောင်းပန်နေရင်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလာလိမ့်မလားလို့ မျှော်လင့်နေဆဲ။
ထိုအချိန်တွင် လော့ကျောင်းကတော့ ချိုးသာ့ရဲ့ အပြုအမူကို လှောင်ပြောင်နေရင်း သူ့မျက်နှာမှာ ထုံထိုင်းနေကာ ဘိုးဘွားခန်းမဆောင်ရဲ့ ဝင်ပေါက်ဆီသို့ သူ့မျက်လုံးထဲမှာ မျှော်လင့်ချက်အနည်းငယ်ဖြင့် ခေါင်းလှည့်ကြည့်နေပေသည်။
မနေ့ညက အဖမ်းခံရပြီးနောက် သူ့ခင်ပွန်းသည်ဖြစ်သူ ကျန်းမင်က သူ့ကိုလာတွေ့ခဲ့သည်။ ပထမတော့ ကျန်းမင်က သူ့ဇနီးဟာ ဒီလိုလုပ်လိမ့်မယ်လို့ လုံးဝမယုံကြည်ထားခဲ့သော်လည်း နောက်ဆုံးမှာတော့ အဖြစ်မှန်ကို ရင်ဆိုင်ခဲ့ရလေသည်။
နောက်ဆုံးတွင် ကျန်းမင်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ပြီး ချိုးသာ့ဇနီးကတော့ သူ့ကို ကွာရှင်းစာချုပ်တစ်စောင်ပေးကာ သူ့လက်မှတ်တောင် မယူတော့ဘဲ ထွက်သွားခဲ့တော့သည်။
အကြီးအကဲတွေအားလုံး ဆွေးနွေးပြီးသည့်နောက် အဆုံးအဖြတ်မှာ - ချိုးသာ့ရဲ့ အိမ်နှင့် လယ်ကွင်းတွေအတွက်ကတော့ သူ့ရဲ့အိမ်ထောင်စုစာရင်းကို အစိုးရရုံးမှာ မဖယ်ရှားခင် သူ့ဘာသူ ကိုင်တွယ်စေခဲ့သည်။
ရွှီချင်းနှင့် အခြားသူများ မထွက်သွားခင်မှာပင် မျက်တွင်းကျနေတဲ့ ကျန်းမင် ပေါ်လာခဲ့သည်။ "သူက ကျန်းမင်ပဲ" လီချန်ဖုန်းက ရွှီချင်းကို တိုးတိုးလေးပြောပြလာခဲ့ရာ ရွှီချင်းလည်း ကျန်းမင်မျက်နှာကို တစ်ချက်ကြည့်လိုက်တော့မှ တစ်ချိန်က လမ်းမပေါ်မှာ ခပ်ဝဝလူကြီးတစ်ယောက်နဲ့ သူ့အကြောင်းကို လှောင်ပြောင်ပြောဆိုခဲ့တဲ့လူဖြစ်မှန်း မှတ်မိသွားလေ၏။
နောက်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ရွှီချင်းက ပိုပြီး ဆွဲဆောင်မှုရှိလာမလား၊ ဒါမှမဟုတ် ဒီရုပ်ဆိုးဆိုးပုံစံအတိုင်းပဲ ဆက်ရှိနေမလားဆိုတာကို ကျန်းမင်ဟာ တခြားရွာမှ လူတစ်ယောက်နဲ့ အလောင်းအစားလုပ်နေခဲ့သေးတာကို သတိရမိသွားရလျက်။ ခပ်ဝဝလူဟာ ကျန်းမင်ရဲ့ ဇနီးကို အားကျနေခဲ့ပြီး အချိန်ကျလာခဲ့ရင် သူလည်း ပိုချောလာမယ်လို့ ပြောနေခဲ့သေးသည်။ မထင်မှတ်ထားစွာပင် ကျန်းမင်ရဲ့ ဇနီးက လော့ကျောင်းဖြစ်နေခဲ့တာပဲ!
ကျန်းမင်ဟာ မြေပြင်ပေါ်မှာ ဒူးထောက်ထားဆဲ လော့ကျောင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ ခဏလောက် စိုက်ကြည့်နေခဲ့ပြီးမှ သူ့အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်ရာ လော့ကျောင်းက စာရွက်ကို မကြည့်တော့ဘဲ "ကွာရှင်းစာချုပ်ပဲ ဟုတ်တယ်မဟုတ်လား? အင်းပါလေ၊ ခင်ဗျား ကျုပ်ကို ကွာရှင်းသင့်တာပေါ့၊ ဖြစ်သင့်ပါတယ်။"
အစကတည်းက လော့ကျောင်းဟာ သူ့မိသားစုရဲ့ အဆုံးအဖြတ်ကြောင့် ကျန်းမင်ကို လက်ထပ်ခဲ့ရတာဖြစ်သလို သူ့ကိုလည်း မကြိုက်ခဲ့၍ သူ့နောက်ကွယ်မှာ ဒီရှက်ဖွယ်ကိစ္စတွေကို လုပ်ခဲ့ခြင်းပင်။ သို့ပေသိ မနေ့ညက အားလုံးပေါ်သွားခဲ့သည့်နောက် လော့ကျောင်းဟာ ကျန်းမင်က သူ့အပေါ် တကယ်ပဲ ဂရုတစိုက်ရှိမှန်း သဘောပေါက်သွားခဲ့လေပြီ။
ကျန်းမင်ရဲ့ မျက်လုံးတွေက ရောင်ရမ်းနေကာ ဖွင့်ဖို့တောင် အနိုင်နိုင်ကြိုးစားနေရလျက်။ လော့ကျောင်းရဲ့ သူ့ကိုယ်သူသိမ်ငယ်စေတဲ့စကားတွေကို ကြားလိုက်သည်နှင့် သူ့ပါးစပ်ကို အားတင်းဖွင့်ကာ "မဟုတ်ပါဘူး။ ဒါက *ခွဲခွာတဲ့စာတစ်စောင်ပါပဲ။ တကယ်တော့ မင်းနဲ့ ကွာရှင်းဖို့ စာကို ကိုယ်ဘယ်လိုမှ မရေးနိုင်သေးဘူးကွာ။ ကိုယ့်ဘာကိုယ် ဂရုစိုက်ပါတော့။" ထိုသို့ပြောပြီးနောက် သူက ရွာလူကြီးနှင့် အကြီးအကဲတွေကို အရိုအသေပေးလိုက်ပြီးမှ သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ဖြင့် ထွက်သွားတော့သည်။
(*ကွာရှင်းတာမဟုတ်ဘဲ ခွဲနေတာမျိုးပါ။)
လော့ကျောင်းက ခွဲခွာတဲ့စာကို ငုံ့ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားတဲ့ ကျန်းမင်ကို ကြည့်လိုက်ကာ သူ့နှလုံးသားမှာ နာကျင်သွားရလျက် "တောင်းပန်ပါတယ်၊ တကယ်တောင်းပန်ပါတယ်" ယခုတော့ သူဘယ်လောက်ပဲ ငိုနေနေ၊ သူ့ကြောင့် ပြင်းပြင်းထန်ထန် နာကျင်ခံစားခဲ့ရတဲ့ ထိုလူကို ပြန်မရနိုင်တော့ပေ။
***
လီချန်ဖုန်းနှင့် ရွှီချင်းတို့ အိမ်ပြန်ရောက်သည့်အခါ ရွှီချင်းမှာ နားမလည်နိုင်စွာပင် ဝမ်းနည်းနေလျက်။ "ဘာဖြစ်လို့လဲ? မင်း စိတ်ဓာတ်ကျနေပုံပဲ။" လီချန်ဖုန်းက ရွှီချင်းအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ကာ သူ့ရဲ့ စိတ်လွတ်နေတဲ့အမူအရာကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ရွှီချင်းက ရေတစ်ငုံသောက်ပြီးမှ သက်ပြင်းချလျက် "ကျန်းမင်က လော့ကျောင်းအပေါ်မှာ ဒီလောက်ကောင်းကောင်းဆက်ဆံမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့မိဘူး။ ဒီလိုပြဿနာကြီးဖြစ်ခဲ့တာတောင် သူက ကွာရှင်းဖို့ မလုပ်နိုင်သေးဘူးနော်။"
ဤအဖြစ်အပျက်ကြောင့် ရွှီချင်းဟာ ကျန်းမင်ကို ယခင်က ရိုင်းစိုင်းခဲ့တာတွေအတွက် လုံးဝခွင့်လွှတ်ပေးလိုက်တော့သည်။
"လူတွေက ကိုယ့်ကိစ္စနဲ့ကိုယ်ပါပဲကွာ။ သူတို့အကြောင်းကို မစဉ်းစားနဲ့တော့။ လာခဲ့ ကိုယ်တို့အိမ်ပြန်ပြင်ဆောက်ဖို့အကြောင်း ဆွေးနွေးကြတာပေါ့။ လတ်တလော လယ်ကွင်းအလုပ်တွေနည်းနေတုန်း လူတွေလည်း ပိုအားနေတော့ အိမ်မြန်မြန်ဆောက်နိုင်လိမ့်မယ်။ ရာသီဥတုအေးလာခဲ့ရင် မင်းလည်း အိမ်ထဲမှာနေနိုင်ပြီးတော့ အပြင်ထွက်စရာမလိုတော့ဘူးပေါ့ကွာ။"
ရွှီချင်းလည်း လော့ကျောင်းကိစ္စကို ချက်ချင်းဘေးဖယ်လိုက်ပြီး သူက မြေပြင်ပေါ်ရှိ တုတ်ချောင်းကို စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော်တွေးထားတာက ဒီလိုလေ၊ အုတ်အိမ်ကြီးကြီးဆောက်လိုက်ကြမယ်၊ ပြီးတော့ မွေးမြူရေးခြံကြီးတစ်ခုရယ်၊ ထင်းတဲရယ်၊ မီးဖိုချောင်ကြီးကြီးတစ်ခုရယ်၊ ရေချိုးခန်းကျယ်ကျယ်လေး!...."
လီချန်ဖုန်းသည် ရွှီချင်းရဲ့ စိတ်အားထက်သန်တဲ့ အမူအရာလေးကို ကြည့်ကာ စိတ်မရှည်ခြင်းအလျဥ်းစိုးစိမျှမရှိဘဲ နားထောင်နေခဲ့သည်။ ရွှီချင်းက ခြံဝင်းထဲမှာ မက်မွန်ပင်တွေ စိုက်ချင်တယ်လို့ ပြောလာခဲ့တာတောင်မှ သူ ချက်ချင်း ကန့်ကွက်လာခြင်းမရှိခဲ့။
"အရှေ့ဘက်မှာ ပိုးစာပင်တွေ စိုက်ပြီးတော့ အနောက်ဘက်မှာက မိုးမခပင်တွေ စိုက်ကြမယ်လေ။ ခြံဝင်းထဲမှာ 'တစ္ဆေလက်ခုပ်ပင်'တွေ မစိုက်ပါနဲ့" ယင်း 'တစ္ဆေလက်ခုပ်ပင်' ဆိုသည်မှာ မက်မွန်ပင်ကို ရည်ညွှန်းတာဖြစ်လေ၏။
အကြောင်းသည်ကား မက်မွန်ပွင့်များ၊ မက်မွန်အကိုင်းအခက်များနှင့် မက်မွန်သီးများဟာ သွေးနီရောင်ဖြစ်သဖြင့် မက်မွန်ပင်ပေါ်တွင် တစ္ဆေသရဲများ၊ ဝိဥာဥ်နတ်ဆိုးများက နေထိုင်လိုစိတ်ရှိသောကြောင့် ကျေးလက်မိသားစုများဟာ ခြံဝင်းထဲတွင် မက်မွန်ပင်တွေကို မစိုက်ဝံ့ကြ။
သို့ပေသိ လူတွေက "မက်မွန်သစ်သားက နတ်ဆိုးတွေဆီက ကာကွယ်ပေးနိုင်တယ်"လို့ ဆိုကြသော်လည်း 'မက်မွန်ပင်'တွေ မဟုတ်ဘဲ 'မက်မွန်သစ်သား'တွေလို့ အသားပေး ပြောဆိုတတ်ကြလေသည်!
အပြင်ပန်းပုံစံကို ဆွေးနွေးကြပြီးတဲ့နောက် ရွှီချင်းက အိမ်ရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို စတင်စဥ်းစားကြည့်လိုက်၏။ သူ့မှတ်ဥာဏ်ထဲ၌ ဆောင်းရာသီဆိုရင် နှင်းတွေအများကြီး ကျတတ်ကြောင်း မှတ်မိလာသည့်အခါ "အစားအစာတွေအများကြီး သိုလှောင်ထားလို့ရမယ့် မြေအောက်ခန်းရှိသင့်တယ်၊ ပြီးတော့ ခန်ကုတင်တစ်လုံးရောပဲ!"
"ခန်ကုတင်?" လီချန်ဖုန်းမှာ မရင်းနှီးတဲ့စကားလုံး အသုံးအနှုန်းဖြစ်၍ ဘာကိုဆိုလိုသလဲဆိုတာ နားမလည်ပေမယ့် ထိုစကားလုံးထဲတွင် "မီး"ဆိုတဲ့ စကားလုံးပါနေကတည်းက နွေးထွေးစေမယ့်အရာတစ်ခုကို ဆိုလိုတာပဲ ဖြစ်ရမယ်။
ခန်ဆိုသည်မှာ အပူပေးထားသည့်ကုတင်လို့လည်း သိကြပေသည်။ ၄င်းမှာ မြောက်ပိုင်းဒေသများတွင် အသုံးများသော အပူပေးကိရိယာတစ်ခုဖြစ်သလို အရှေ့မြောက်ပိုင်းဒေသရှိလူများက ရှန်ကျင်းအင်ပါယာနန်းတော်အပါအဝင် အင်ပါယာနန်းတော်များသို့ စတင် တင်သွင်းမိတ်ဆက်ပေးခဲ့ကြတာဖြစ်လေသည်။ နန်းတော်တွင်း၌ ခန်ကုတင်များစွာကို အခန်းတစ်ခန်းထဲတွင် ထားရှိသောကြောင့် အတွင်းခန်းမှာ ပိုမြင့်သောအပူချိန်ကို ထိန်းသိမ်းထားသည့် အပူတွေကို ထုတ်လွှတ်ပေးသော နေရာအကျယ်ကြီးရှိ၍ ထိုင်လို့ရော အိပ်လို့ပါရသလို ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ခဲ့လေသည်။
ဥပမာဆိုရသော် ကွမ်ဂျူးနန်းတော်၏ အဆောင်တစ်ခုရှိ အခန်းတစ်ခန်းထဲတွင် ခန်ကုတင် ၇လုံးရှိလေသည်။
ရွှီချင်းက သူ့စိတ်ထဲတွင် စကားလုံးတွေကို စာစီလိုက်ပြီး လီချန်ဖုန်းကို သေချာရှင်းပြလိုက်လေသည်။ "ခန်ဆိုတာက အုတ် ဒါမှမဟုတ် ကျောက်တုံးနဲ့ လုက်ထားတဲ့ ကုတင်မျိုးပါ၊ ၁.၇ မှ ၂.၃မီတာလောက် ကျယ်ပြီးတော့ အရှည်က အခန်းရဲ့ အတိုင်းအတာအပေါ်မူတည်ပြီး အမျိုးမျိုးလုပ်နိုင်တယ်။ အတွင်းပိုင်းကို အုတ်နဲ့ ဆောက်လုပ်ထားပြီးတော့ ခန်နံရံတွေကြားမှာ နေရာလွတ်တွေရှိတယ်။ အပေါ်ပိုင်းမှာ ချောမွေ့တဲ့ မြေစေးနဲ့ ဖုံးအုပ်ထားတဲ့ ကျောက်သားပြင်ရှိတာ။ အဲ့ဒီမြေစေးတွေ ခြောက်သွားတာနဲ့ အပေါ်မှာ အိပ်ရာကို တင်ပြီး တိုက်ရိုက်သုံးလို့ရပြီလေ။"
ရွှီချင်းက လီချန်ဖုန်းရဲ့မျက်နှာမှာ ဘာမေးစရာမှမရှိတာကို တွေ့လိုက်၍ ဆက်ပြောလာပြန်၏။ "ခန်ဆိုတာက မီးလင်းဖိုနဲ့ မီးခိုးခေါင်းတိုင်တစ်ခုရှိတယ်။ မီးလင်းဖိုကို ထင်းမီးရှို့ရာတွင် အသုံးပြုလေ့ရှိကြပြီးတော့ ခန်နံရံတွေကို ဖြတ်လာတော့ ထင်းမီးရဲ့ မီးခိုးတွေနှင့် အပူတွေက ထွက်လာတာမို့ အပေါ်ဘက်က ကျောက်ပြားကို အပူပေးသလိုဖြစ်ပြီး အနွေးဓာတ်ရလာတာပေါ့။ မီးခိုးငွေ့တွေကတော့ မီးခိုးခေါင်းတိုင်ကတစ်ဆင့် ထွက်သွားကြလိမ့်မှာလေ။ များသောအားဖြင့်တော့ ခန်ကုတင်ရဲ့ မီးလင်းဖိုကို ဟင်းချက်တဲ့မီးဖိုနဲ့ ချိတ်ဆက်ထားလို့ရတယ်။ အဲ့လိုဆိုရင် ဟင်းချက်ဖို့သုံးတဲ့ ထင်းမီးကနေလည်း အပူတွေက ခန်ကုတင်ကို နွေးထွေးစေပြီးတော့ အပူသက်သက်ပေးစရာမလိုတော့ဘူးလေ"
xxx