ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၇.၁)
လီချန်ဖုန်း ပန်းကန်ကိုယူလိုက်ပြီး ရွှီချင်းက ထပ်စားချင်နေသေးတာကို မြင်လိုက်ရသဖြင့် သူပျော်ရွှင်သွားရလျက်။ အကြောင်းသည်ကား ပြီးခဲ့တဲ့ရက်တွေတုန်းက ရွှီချင်းက ကောင်းကောင်းမစားနိုင်ခဲ့သောကြောင့်ပင်။ "ခဏစောင့်ဦးနော်။ နောက်တစ်ပန်းကန်ကို ဆားနည်းနည်းထပ်ထည့်ပြီး ကိုယ်ယူလာပေးမယ်နော်"
ရွှီချင်းက ခေါင်းညိတ်ပြကာ လီချန်ဖုန်း နောက်တစ်ပန်းကန်နှင့် ပြန်လာသည့်အခါ စားသောက်ပြီးသွားသည်နှင့် နောက်ဆုံးမှာတော့ ကျေနပ်သွားသလို ခံစားလိုက်ရသည်။
မနက်စာစားပြီးနောက် ရွှီချင်းမှာ လုံးဝမလှုပ်ရှားချင်သဖြင့် လီချန်ဖုန်း စားသောက်ပြီး ရှင်းလင်းပြီးသည်အထိ နေရာမှာပင် ထိုင်နေခဲ့သည်။ ထို့နောက်တွင်မူ ရွှီချင်းက ခြံဝင်းဆီသို့ လီချန်ဖုန်းအနောက် လိုက်လာခဲ့၏။ ပြီးခဲ့တဲ့အခေါက်တုန်းက ebonyသစ်ကို အားလုံးမသုံးခဲ့ရသေးသဖြင့် လီချန်ဖုန်းက နောက်ထပ်သစ်သားအရုပ်များကို ပြုလုပ်ရန် ကျန်ရှိနေတဲ့သစ်တွေကို အသုံးပြုနေခဲ့သည်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့ လက်ဖွဲ့အနေဖြင့် ပေးလိုက်တဲ့ သစ်သားစုံတွဲအရုပ်ကို ရှဲ့ယွီတို့စုံတွဲက အရမ်းသဘောကျနေခဲ့ကြ၏။ သူတို့က အခန်းထဲရှိ ဗီရိုပေါ်တွင် တင်ထားသဖြင့် ညဘက်၌ သူတို့အိပ်ရာဝင်သည့်အခါတောင်မှ မွှေးရနံ့ဖျော့ဖျော့လေးကို ရနိုင်သေးသည်။
လီချန်ဖုန်းက သစ်သားအရုပ်တွေလုပ်နေစဥ်အခိုက် ရွှီချင်းကိုလည်း စကားပြောပေးနေခဲ့သည်။ "ဆောင်းဦးရိတ်သိမ်းရာသီမတိုင်ခင်မှာ ကိုယ်တို့အိမ်ပြန်ဆောက်ဖို့အတွက် ဒီသစ်သားအရုပ်လေးတွေကို ရောင်းရတဲ့ငွေကိုသုံးဖို့ ကိုယ်စီစဥ်ထားတယ်။ အဲ့လိုလုပ်မှပဲ မင်းရော ကလေးလေးပါ ပိုပြီး သက်တောင့်သက်သာနဲ့ နေနိုင်မှာလေ"
နွေရာသီက အဆင်ပြေပေမဲ့ တစ်ခါတစ်ရံ မိုးအရမ်းကြီးတဲ့အခါ အိမ်ရဲ့တစ်ချို့နေရာတွေက မိုးယိုနေတတ်တယ်!
ရွှီချင်းလည်း သူတို့ရဲ့အိမ်ကို ပြန်ဆောက်ချင်နေခဲ့တာ ကြာလှပြီဖြစ်သည်။ လက်ရှိမှာတော့ သူတို့ဆီမှာ စုစုပေါင်း ငွေ ၄၅လျန်ရှိသဖြင့် ကျေးလက်မိသားစုများကြားထဲတွင် များပြားတဲ့ငွေပမာဏလို့ ယူဆလို့ရသည်ပင်။
"ခင်ဗျားက အခု သစ်သားအရုပ်တွေ ရောင်းချင်တာလား?" ရွှီချင်းက သစ်သားအရုပ်တွေကို ရောင်းချဖို့ စိတ်ကူးရှိပြီးသားဖြစ်သော်လည်း ဘယ်လိုရောင်းရမလဲ၊ ဘယ်နေရာမှာ ရောင်းရမလဲ၊ ဘယ်စျေးနဲ့ရောင်းရမလဲ၊ ဒီအရုပ်တွေကို လက်ခံပြီး ဝယ်ချင်လာအောင်လို့ ဘယ်လိုမျိုး အမွှမ်းတင်ရောင်းရမလဲဆိုတာတွေကို မတွေးတောရသေးပေ။
လီချန်ဖုန်း အရုပ်သေးသေးလေးတစ်စုံကို မြန်မြန်ဆန်ဆန် ပြုလုပ်ပြီးသွားလေပြီ။ ဤအချိန်အတောအတွင်း၌ သူက အရုပ်ပြုလုပ်ရာတွင် အတော်လေး ကျွမ်းကျင်လာခဲ့သည်။ "ကိုယ် စျေးကွက်မှာ အခြေအနေဘယ်လိုရှိမလဲ စမ်းကြည့်ဖို့ ထင်းရှူးသစ်နဲ့ အရုပ်လေးတွေကို လုပ်ထားလိုက်မယ်။ ပြီးရင် အနံ့မွှေးတဲ့ ebonyသစ်နဲ့ လုပ်ထားတဲ့ ဒီအရုပ်တွေကိုလည်း မြို့ထဲက ချမ်းသာတဲ့မိသားစုတွေဆီမှာ ရောင်းကြည့်လိုက်မယ်လေ"
ရွှီချင်းက လီချန်ဖုန်းပြုလုပ်ပြီးသွားတဲ့ အရုပ်များကို ကြည့်လိုက်ရာ တစ်စုံကတော့ စစ်မှန်သလို ချစ်စဖွယ်လည်းကောင်းသည့် သဘာဝသစ်သားအရောင်အတိုင်းဖြစ်ပြီး နောက်တစ်စုံကတော့ အနည်းငယ်အရောင်မည်းနက်ကာ ကြော့ရှင်းသေသပ်သည့်ပုံသဏ္ဍာန်ကို ပေးစွမ်းနေလျက်။
နှစ်ခုကို နှိုင်းယှဥ်ကြည့်ပါလျှင် ဗဟုသုတတစ်ချို့နှင့် ပိုက်ဆံရှိသူတိုင်းက ebonyသစ်ကနေ လုပ်ထားတဲ့ သစ်သားအရုပ်များကိုပဲ ဝယ်လိုစိတ်ရှိမည်မှာ ပေါ်လွင်နေလေရဲ့။
"ဒီအရုပ်တွေကို ခင်ဗျားလုပ်ထားတာလား အချစ်ရေ?"
ရွှီချင်းက ပြီးလုနီးနေပြီဖြစ်တဲ့ လီချန်ဖုန်းလက်ထဲက သစ်သားအရုပ်ကို ကြည့်ကာ တုတ်ကောက်ပေါ်မှာ မှီခိုနေရတဲ့ လူအိုကြီးတစ်ယောက်ကို အမှတ်ရသွားခဲ့ရသည်။ လီချန်ဖုန်းရဲ့ လက်တွေက မှော်ဆန်ဆန်ကျွမ်းကျင်နေလိုက်တာကွာ!
"လက်ရှိအချိန်မှာ အိမ်ထောင်ပြုကြတဲ့သူတွေ များတော့ စုံတွဲတွေအတွက် အရုပ်တွေ လုံလုံလောက်လောက် လုပ်ထားလိုက်တာ။ ပြီးတော့ ကိုယ်က လူကြီးတွေနဲ့ ကလေးတွေ ပုံစံအရုပ်တစ်ချို့ကိုလည်း လုပ်ဖို့စဥ်းစားထားတယ်။ လက်ထပ်ပွဲအချိန်အခါမဟုတ်ရင်တောင်မှ ကိုယ်တို့ ဝင်ငွေဆက်ရနိုင်သေးတာပေါ့" လို့ လီချန်ဖုန်း ရှင်းပြလာခဲ့သည်။
သူပြောနေရင်း သူ့လက်ထဲ၌ အဖိုးအိုသစ်သားအရုပ်မှာ လုပ်ပြီးသွားခဲ့ပြီ။ ရွှီချင်း ယူကြည့်လိုက်ရာ သူကြည့်လေလေ ပိုရင်းနှီးလာသလိုလို ခံစားရလေပင်။ "ဒါက သမားတော်ကြီးလင်းနဲ့ တကယ်တူတာပဲ!"
လီချန်ဖုန်း တောင့်တင်းနေတဲ့ လည်ပင်းကို အကြောဖြေလိုက်ကာ "ကိုယ့်မှတ်ဉာဏ်ထဲက လူတွေအတိုင်း သစ်သားအရုပ်တွေကို လုပ်နိုင်မလားလို့ ကိုယ်သိချင်ရုံပါပဲ။ ကြည့်ရတာ အလုပ်ဖြစ်ပုံပဲ"
ရွှီချင်းက လက်ဖဝါးအရွယ် "သမားတော်ကြီးလင်း"ကို ကြည့်ကာ ခေတ်သစ်ကဓာတ်ပုံတွေကို သတိရမိသွား၏။ ဒါတွေက ဓာတ်ပုံတွေရဲ့ ရှေးခေတ်ဗားရှင်းတစ်ခုနဲ့တူလိုက်တာ!
"လူငယ်လေး ခင်ဗျားကအရမ်းတော်တာပဲ! ခင်ဗျားမှာအချိန်ရှိရင် ကျွန်တော့်အတွက်လည်းတစ်ခုလုပ်ပေးပါဦးနော်။ ကျွန်တော် အသက်ကြီးလာတဲ့အခါ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကို ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘယ်လိုပုံစံရှိလဲဆိုတာ ပြလို့ရတာပေါ့ဗျာ"
လီချန်ဖုန်းက ထင်းရှူးသစ်၊ ebonyသစ်နဲ့ပြုလုပ်ထားတဲ့ မင်္ဂလာဆောင်အရုပ်လေးတွေကို သီးခြားထားလိုက်ကာ "ဒါပေါ့ကွာ၊ ဒါလေးတွေ အရင်ရောင်းပြီး ကိုယ်တို့နာမည်ကောင်းတစ်ချို့ အရင်ယူထားလိုက်မယ်။ သက်ရောက်မှုကောင်းရင် တခြားသူတွေက အတုယူပြီးရောင်းတာတွေကို စိတ်ပူစရာမလိုတော့ဘဲ ကိုယ်ပိုင်အရုပ်လေးတွေ ဖန်တီးဖို့ ကိုယ်တို့အရည်အချင်းကို ပြနိုင်ပြီလေ"
ရွှီချင်းက မတ်တပ်ထရပ်ပြီး ခြေလက်ဆန့်တန်းလိုက်ရင်း ခေါင်းညိတ်လာ၏။ "ခင်ဗျားက တကယ်လျင်တာပဲ၊ ဒါပေမဲ့ ebonyသစ်က ရှားပါးတော့ ကျွန်တော်တို့ စျေးနည်းနည်းမြှင့်လို့ရတယ်နော်။ ကျွန်တော်တို့ တောင်ပေါ်သွားပြီး အလုပ်နဲ့ကိုက်ညီတဲ့သစ်တွေရှိမရှိ သွားကြည့်လို့ရတယ်" တောင်ပေါ်ကို သူပထမဆုံးအကြိမ်သွားတုန်းက သစ်သားကုန်ကြမ်းကောင်းသည့် တရုတ်ထင်းရှူးအများအပြားကို သူသတိထားမိခဲ့သည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်ကာ စျေးနှုန်းသတ်မှတ်လိုက်၏ - ebonyသစ်သား မင်္ဂလာဆောင်အရုပ်ဆို တစ်စုံကို ၈လျန်၊ အဖိုးအိုအရုပ်တွေဆို ၆လျန်၊ ကလေးအရုပ်တွေက ၄လျန်။
သူတို့ဆီမှာ မင်္ဂလာဆောင်အရုပ်တွေက ၈စုံရှိပြီး အဖိုးအိုအရုပ်တွေက ၂ရုပ်၊ ကလေးအရုပ် ၆ခုရှိလေသည်။ အားလုံးရောင်းကုန်သွားရင် ၁၀၀လျန်လောက်ရမယ်!
ထင်းရှူးသစ်သား မင်္ဂလာစုံတွဲအရုပ်အတွက်ကတော့ တစ်စုံကို ၁လျန်၊ အဖိုးအိုအရုပ်ကို ၆၆ဝမ်၊ ကလေးအရုပ်ဆို ၄၆ဝမ် သတ်မှတ်ထားလိုက်၏။ မူလကတော့ သူတို့က ၄၄ဝမ်ပဲ သတ်မှတ်ချင်ခဲ့ပေမယ့် ရွှီချင်းက အပြုသဘောမဆောင်ဘူးလို့ ခံစားမိတဲ့အတွက် ၄၆ဝမ်လို့ ပြောင်းလိုက်တာဖြစ်သည်။
(T/N: ဝမ်က ကြေးပြားကို ပြောတာပါ၊ လျန်ကတော့ ငွေပေါ့နော်။)
"မနက်ဖြန် ကိုယ် မြို့မှာ သွားရောင်းလိုက်မယ်။ ဒီနေ့ နေ့လည်ကျရင် ကိုယ်တောင်ပေါ်သွားမလို့။ မင်းကတော့ အိမ်မှာနေနော်" လီချန်ဖုန်းက ရွှီချင်းရဲ့ ဟိုဟိုဒီဒီပြေးလွှားနေတတ်တဲ့အကျင့်ကို တွေးမိသွားရင်း ပြောလိုက်လေသည်။ ရွှီချင်းကို လိမ်လိမ်မာမာလေး အိမ်မှာနေစေဖို့က ခက်ခဲသည်မို့ သူထပ်ပြောလိုက်၏။ "မင်းပျင်းနေတယ်ဆိုရင် အဒေါ်ရှဲ့နှင့် စကားသွားပြောလေ"
ရွှီချင်းလည်း နာနာခံခံလေး သဘောတူလိုက်၏။ ယင်းသည်ကား သူ့ပထမဆုံးကိုယ်ဝန်ဖြစ်၍ များများစားစားမသိသောကြောင့် သူ သတိထားရပေမည်။ "ဟုတ်ပါပြီဗျာ။ ကျွန်တော် ခင်ဗျားကို သစ်အမျိုးအစားတစ်မျိုးအကြောင်း ပြောပြမယ်လေ။ ဂရုတစိုက်ကြည့်ကြည့်ပေါ့။ အဲ့တာကို ရှာတွေ့ခဲ့ရင် ပြန်သာသယ်လာခဲ့လိုက်နော်။ တခြားသူတွေရှာမတွေ့သွားစေနဲ့"
လီချန်ဖုန်းကို ရွှီချင်းပြောပြခဲ့သည့် သစ်သားအကြောင်းမှာ နန်မုသစ်သားပင်။ နန်မုသစ်ဟာ မာကြောသလို တာရှည်ခံသည့်သစ်သားဖြစ်ပြီး ဆွေးမြေ့ပျက်စီးခြင်းကို ခံနိုင်ရည်အကောင်းဆုံးရှိသည့်အပြင် အင်းစက်များကို ထွက်ပြေးစေနိုင်သည့် ထူးခြားတဲ့ရနံ့လည်းရှိလေသည်။ အရုပ်တွေလုပ်ဖို့ဆို အလွယ်တကူမပျက်စီးတတ်ဘဲ ကြာရှည်ခံတဲ့ နန်မုသစ်ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုပင်။
အစကတော့ ရွှီချင်းသည် လီချန်ဖုန်းက နန်မုကို ရှာတွေ့နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ တွေးထားခဲ့သည်။ နောက်ဆုံးတော့လည်း မြေကြီးပေါ်မှာ ပုံကြမ်းဆွဲပြီး ရှင်းပြချက်နည်းနည်းလောက်က တခြားသူတွေအတွက် နားလည်ဖို့ အတော်လေးခက်ခဲမှာပင်။
သို့ပေသိ လီချန်ဖုန်းက သူ့ကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေရပြန်ပါသည်။
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၇.၂)
ယေဘူယျအားဖြင့် နန်မုသစ် အမျိုးအစားသုံးမျိုးရှိပါသည် - ကျင်းစေးနန်မု(金丝楠木)၊ ရှန်းနန်(香楠)နှင့် စွေနန်(水楠)တို့ဖြစ်လေသည်။ ကျင်းစေးနန်မုမှာ အကောင်းဆုံးနန်မုအမျိုးအစားဖြစ်ပြီး ပေါ်လွင်မြင်သာသည့် ရွှေချည်မျှင်ဒီဇိုင်းနဲ့ ထူးခြားတဲ့သွင်ပြင်လက္ခဏာရှိလေသည်။ နေရောင်အောက်မှာဆိုရင် ယင်းက အရောင်တလက်လက်ဖြင့် အလွန်တောက်ပလေ၏။ ၄င်းသစ်သားမှာ မြင့်မြတ်သည့်လက္ခဏာကို ဖော်ညွှန်းသော တော်ဝင်မိသားစုအတွက် သီးသန့်အသုံးပြုသည့် အထူးသစ်အမျိုးအစားဖြစ်ခဲ့ဖူးလေသည်။
ဒုတိယတစ်မျိုးမှာ သစ်သားတွင် ခရမ်းရောင်နည်းနည်းပါသော ရှန်းနန်ဖြစ်၏။ ယင်းသစ်သားမှာ အနံ့ပြင်းပြီး မွှေးရနံ့လည်း ကြာရှည်ခံသလို လှပသော သစ်သားအကြောပုံစံရှိလေသည်။ သူ့သစ်သားကိုယ်ထည်မှာ ကျင်းစေးနန်မုလောက် အနုမစိတ်သော်လည်း အလွန်ကောင်းမွန်သော သစ်သားထည်ဖြစ်နေဆဲ။
တတိယအမျိုးအစားမှာ စွေနန်ဖြစ်ပြီး နန်မုအားလုံးထဲတွင် အရည်အသွေးအဆိုးဆုံးပင်။ ၄င်းမှာ မိုးမခပင်နှင့် အနည်းငယ်ဆင်တူပြီး ခွေးခြေခုံကဲ့သို့ ပရိဘောဂအသေးစားများ ပြုလုပ်ရာတွင် သင့်လျော်လေသည်။ သို့ရာတွင် လီချန်ဖုန်း ပြန်ရှာယူလာခဲ့သည်မှာ ကျင်းစေးနန်မုတစ်ပိုင်းနှင့် ရှန်းနန်တစ်ပိုင်းပင်။ စွေနန်ကိုတော့ ရှာမတွေ့ပါချေ။
"ခင်ဗျား တောင်အနောက်ထဲ ဝင်သွားခဲ့တာလား?" အစွန်အဖျားပိုင်း၌ ဒီလိုအရာတွေကို ရှာတွေ့ဖို့ အခွင့်အလမ်းဟာ အင်မတန် နည်းပါးတယ်လေ!
"မဟုတ်ပါဘူး၊ ကိုယ်တို့ အရင်တစ်ခေါက်က 'မန်ဒရင်းကြက်တွေ'နဲ့ ကြုံခဲ့ရတဲ့နေရာနဲ့ သိပ်မဝေးဘူး" လီချန်ဖုန်းက ခြံဝင်းနံရံနားမှာ နန်မုနှစ်ပိုင်းကို နေရာချကာ ရွှီချင်းဆီ လှည့်လာရင်း ပြန်ဖြေလိုက်၏။
ထိုစကားတွေကို ကြားတော့ ရွှီချင်းရဲ့ ပါးစပ်မှာ တွန့်သွားရလျက်။ ဘာကြက်ရိုင်းတွေလဲ! အဲ့ဒါက မန်ဒရင်းဘဲရိုင်းလို့ သူပြောလို့မရဘူးလားဟ? အဲ့ဒါက နားထောင်ရပိုအဆင်ပြေတာကို။ ဒါပေမဲ့လည်း လီချန်ဖုန်းဆီကို ကြည့်တဲ့ လော့ကျောင်းရဲ့အကြည့်တွေကို သူပြန်တွေးမိသွားတော့ "ကြက်ရိုင်း"တွေလို့ ခေါ်တာလည်း ကောင်းတယ်လို့ ခံစားရလေသည်။
"ဒါတွေအများကြီးရှိလား?"
လီချန်ဖုန်းက သူ့လက်ကြီးနှင့် အမူအရာပြကာ "ကြည့်! အားလုံးကတော့ အတူတူပါပဲ။ ဒီနှစ်မျိုးက နည်းနည်းမခွဲခြားတတ်လို့ သေချာအောင် မင်းကိုပြဖို့ ကိုယ်ပြန်ယူလာခဲ့တာ။ ပြီးမှ ကိုယ်ပြန်သွားပြီး ခုတ်ပစ်လိုက်မလို့"
ရွှီချင်း သူ့စိတ်ထဲက ပျော်ရွှင်မှုကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ ချုပ်တည်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကာ လီချန်ဖုန်းကို အပင်ခုတ်ရာတွင် ဂရုစိုက်ရန် သတိပေးလိုက်ဖို့လည်း မမေ့ခဲ့ပေ။
ထို့ကြောင့် လီချန်ဖုန်းက အခေါက်ပေါင်းများစွာ သွားလိုက်ပြန်လိုက်လုပ်နေရင်း ဝေ့လောင်အာ့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့၍ သူလည်း သစ်တွေကို အကြိမ်အနည်းငယ် ကူသယ်ပေးခဲ့သေးသည်။ ဤသစ်တွေက ခြံဝင်းတစ်ခုလုံးကို ပြည့်လုနီးပါးဖြစ်သွားသည်မို့ ရှောင်ပေါင်လေးက ဟိုဟိုဒီဒီ ခုန်ပေါက်နေလျက်။ ဒါတွေက သူကစားနေကြနေရာကို ယူသွားပြီဟ!
***
နောက်တစ်နေ့ နံနက်စောစောတွင် လီချန်ဖုန်းက သစ်သားအရုပ်များအပြည့်ပါတဲ့ ခြင်းတစ်ခြင်းကို သယ်သွားကာ ရောင်းရန်အတွက် ထွက်သွားလေပြီ။ ဆေးခန်း၌ ရွှီချင်းငှားဝတ်ထားခဲ့တဲ့ အင်္ကျီကိုလည်း လျှော်ဖွပ်၊ အခြောက်ခံပြီးမှ သူတို့ကို ပြန်ပေးခဲ့လိုက်သည်။
ထိုအချိန်တွင် ရွှီချင်းကတော့ အိမ်မှာနေပြီး အဒေါ်ရှဲ့ဆီမှ အဝတ်အစားချုပ်လုပ်နည်းတွေကို သင်ယူနေခဲ့သည်။ "ဒီကလေးကတော့လေ၊ မင်းသာနောက်ကျဖို့ပြောရင် သူကမြန်မြန်ထွက်လာလိမ့်မယ်! မင်းက စောစောလို့ပြောရင်တောင် သူက ၁၀လစောင့်ဖို့လိုပါသေးတယ်! ဒီတော့ သေချာချုပ်လုပ်တတ်ဖို့ သင်ယူထားသင့်တယ်နော်။ မင်းချုပ်တတ်သွားပြီဆိုရင် ကလေးလေးအတွက် အဝတ်အစားတွေ ဝယ်ဖို့လိုမှာမဟုတ်တော့ဘူး လူငယ်လေးရဲ့!" အဒေါ်ရှဲ့က ရွှီချင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးရန် စီစဥ်ထားလေသည်။
ရွှီချင်းမှာ အပ်ဖြင့် ထိုးမိထားသော သူ့လက်ချောင်းလေးကို ခါယမ်းနေရင်း နာကျင်နေလျက် ခေါင်းညိတ်လာခဲ့သည်။
သင်ရမှာပေါ့၊ သူမသင်ချင်ရင်တောင် သင်ကိုသင်ရမယ်! ရွှီချင်းက ချီတုံချတုံဖြစ်နေသည့်အခါတိုင်း အဒေါ်ရှဲ့က သူ့ကို ချက်ချင်းကြည့်လာသည်မို့ ရွှီချင်းမှာ ထိတ်လန့်နေရလျက်။
အဒေါ်ရှဲ့သည် ရွှီချင်းက အပ်ကို ကိုးရိုးကားရားကိုင်ထားသည်ကို မြင်လိုက်ရတော့ သက်ပြင်းချလိုက်မိကာ "ကျုပ် မင်းဆီက အများကြီးတောင်းဆိုနေမိတယ်လို့ မတွေးနဲ့နော်။ အိမ်ထောင်စုတိုင်းမှာ ကလေးတွေအတွက် အင်္ကျီတွေ၊ ဖိနပ်တွေ ချုပ်လုပ်ပေးဖို့က ကောတွေရဲ့တာဝန်ပဲ မဟုတ်ဘူးလား? ပြီးတော့ မင်းချုပ်ထားပေးတဲ့ အဝတ်အစားတွေကို သူတို့လေးတွေ ဝတ်ကြတဲ့အခါ သူတို့ရဲ့ ခံစားချက်ကို မပြောနဲ့ဦး၊ မင်းကိုယ်၌က အရမ်းကျေနပ်နေမှာလေ!"
ရွှီချင်း အထည်များကို သွက်သွက်လက်လက် ချုပ်လုပ်နေတဲ့ အဒေါ်ရှဲ့ကို စိုက်ကြည့်ရင်း "ဦးလေးရှဲ့အဝတ်တွေအကုန်လုံးကို အဒေါ်ပဲချုပ်ပေးတာလား?"
အဒေါ်ရှဲ့က ကြိုးစကို ကိုက်ဖြတ်လိုက်ကာ ဂုဏ်ယူစွာ ပြောလာခဲ့၏။ "ဒါပေါ့! ကျုပ်မှာ တခြားကျွမ်းကျင်မှုတွေ မရှိပေမယ့်လည်း အဝတ်အစားနဲ့ ဖိနပ်တွေ လုပ်တဲ့နေရာမှာတော့ ဒီရွာမှာဆို ကျုပ်က ပထမပဲ။ ဘယ်သူမှ မလုရဲကြဘူးလေ!"
ရွှီချင်းလည်း တခစ်ခစ်ရယ်မောရင်း "အဒေါ်သာ ဒုတိယလို့ပြောရင် ဘယ်သူမှ ပထမနေရာကို မယူရဲကြဘူးပေါ့!"
အဒေါ်ရှဲ့က သူ့လက်ကို အမှုမထားသလို ဝှေ့ယမ်းလိုက်ပြီး "ဒါက ဆိုလိုရင်းအတူတူပါပဲနော်! ဘယ်လိုဖြစ်ဖြစ် ကျုပ်ပြောချင်တာက အဝတ်အစားချုပ်တာကို သင်ယူမယ်ဆိုရင် အားသာချက်တွေချည်းပဲ၊ အားနည်းချက်လုံးဝမရှိဘူး!"
"ကျွန်တော်သိပါတယ်ဗျာ၊ စိတ်မပူပါနဲ့ ကျွန်တော် သေချာလေးသင်ယူမှာပါ!"
အဒေါ်ရှဲ့က ရွှီချင်းရဲ့ ခိုင်လုံသောအာမခံချက်ကို ကြားလိုက်ရ၍ စိတ်သက်သာရာရသွားသလို ကျေနပ်သွားရလျက်။ ထို့ကြောင့် သူတို့အားလပ်ချိန်ရတိုင်း အဒေါ်ရှဲ့မှာ ရွှီချင်းကို "သင်ခန်းစာများ"သင်ပေးရန် အချိန်မှန်ရောက်လာမည်ဖြစ်၏။
နေ့လည်ခင်း၌ အဒေါ်ရှဲ့က ရွှီချင်းအိမ်မှာပဲ နေ့လည်စာစားလိုက်သည်။ စားသောက်ပြီးနောက် အချိန်အတူတူဖြုန်းခဲ့ကြကာ အဒေါ်ရှဲ့က ရွှီချင်း အနည်းငယ်အိပ်ငိုက်နေသည်ကို မြင်၍ နှုတ်ဆက်ကာ ပြန်သွားခဲ့လေသည်။
ရွှီချင်းလည်း တကယ်ပင် ပင်ပန်းနေကာ အိပ်ငိုက်နေလျက်၊ ကြည့်ရတာတော့ ရာသီဥတုပူလွန်းတာကြောင့် ဒါမှမဟုတ် ကိုယ်ဝန်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ရွှီချင်း အိပ်ရာပေါ်လှဲချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
လီချန်ဖုန်း ဆန်တစ်အိတ်၊ ဝက်အရိုးကြီးတစ်ခုနှင့် သရေစာမုန့်တစ်ချို့ဝယ်ကာ အိမ်ကို အမြန်ပြန်လာခဲ့သည်။ အပူရှိန်ကြောင့် သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ရင်း အလျင်စလိုလျှောက်လာခဲ့၏။ ရွှီချင်းတစ်ယောက်တည်း အိမ်မှာရှိနေတာမို့ သူစိုးရိမ်တယ်လေ။
"ဇနီးလေးရေ ကိုယ်ပြန်လာပြီ!"
လီချန်ဖုန်း ခြံဝင်းတံခါးကို ဖွင့်လိုက်သည်နှင့် ရှောင်ပေါင်က စိတ်လှုပ်ရှားစွာ ဟောင်သံလေးဖြင့် နှုတ်ဆက်ခဲ့သော်လည်း ရွှီချင်းကိုတော့ မမြင်မိပေ။ နေအပူရှိန်ကို တစ်ချက်ကြည့်လိုက်ရင်း ရွှီချင်းက တစ်ရေးတစ်မောအိပ်နေမယ်လို့ သူတွေးမိသွားပြီး မီးဖိုချောင်ထဲတွင် ဆန်ကို ဂရုတစိုက်ထားလိုက်ကာ ဝက်အရိုးကို ဆေးကြော၍ အနီးနားရှိ အိုးတစ်လုံးထဲမှာ ထည့်ထားလိုက်ပြီးမှ မီးမျှင်းမျှင်းနဲ့ တည်ထားလိုက်၏။ ထို့နောက် သူက ရေအေးတစ်ပုံးဆွဲကာ လန်းဆန်းသွားအောင် ရေချိုးလိုက်ပြီးနောက် အိပ်ခန်းဆီသို့ လျှောက်သွားတော့သည်။
သေချာတာပေါ့၊ ရွှီချင်းက တစ်ရေးတစ်မော အိပ်နေတာပဲ။ လီချန်ဖုန်းက ကုတင်အစွန်းမှာ ဝင်ထိုင်ရင်း ရွှီချင်းပါးလေးကို နမ်းလိုက်ကာ ခဏလောက် တိတ်တိတ်ကလေး ကြည့်ပြီးနောက် ညင်သာစွာ တံခါးပိတ်၍ တိတ်တဆိတ် ပြန်ထွက်သွားခဲ့သည်။
ရွှီချင်း တစ်နေ့ခင်းလုံး အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ထူးဆန်းစွာပင် အရင်ကလိုမျိုး အကြာကြီးအိပ်မိသွားလို့ ခေါင်းမူးမနေဘဲ အားအင်ပြည့်ဝနေသလို ခံစားလိုက်ရ၏။ ကိုယ်ဝန်လက္ခဏာအကြောင်း တွေးလိုက်မိရင်း ရွှီချင်းက မျက်တောင်ခတ်လိုက်ကာ သူအချိန်အကြာကြီး လစ်လျူရှူထားခဲ့တဲ့ နေရာလွတ်ထဲသို့ ဝင်သွားလိုက်ပေသည်။