ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၆.၂)
"ခင်ဗျား ကိုယ့်ဘာကိုယ်ကြည့်ပါဦး၊ ခင်ဗျားရဲ့မျက်လုံးတွေက တအားပြုံးပျော်နေလိုက်တာ" ဒီလူကတော့ သူ့ရဲ့ မမွေးသေးတဲ့ကလေးလေးအကြောင်း ချီးကျူးစကားအနည်းငယ်ကြားလိုက်ရုံလေးဖြင့် ပီတိဖြာနေလိုက်တာများ။ လီချန်ဖုန်းလည်း ရွှီချင်းနဖူးလေးကို ချစ်မြတ်နိုးစွာ ပွတ်ပေးနေရင်း "ကိုယ်ဘာလို့ပျော်တာလဲဆိုတော့ ကလေးလေးက မမွေးရသေးခင်မှာတောင်မှ သူ့ကို ချစ်နေကြတဲ့သူတွေ အများကြီးရှိနေလို့လေ"
"တော်တော့! အယ် ဟိုမှာ ဦးလေးရှဲ့မဟုတ်လား?" ရွှီချင်းနှင့် လီချန်ဖုန်းတို့က သူတို့အိမ်တံခါးနားသို့ ရောက်လာသည့်အခါ ခြံတံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ တကယ်ကြီး ဦးလေးရှဲ့ပဲဟ။
"မြန်မြန်လျှောက်ရအောင်။ ဦးလေးရှဲ့စောင့်နေတာ တော်တော်ကြာပြီဖြစ်မယ်နော်" ရွှီချင်းမှာ ပြောလည်းပြောရင်း အိမ်ဆီကို အလျင်စလို ခြေလှမ်းမြန်မြန်လျှောက်လိုသော်လည်း လီချန်ဖုန်းက သူ့ကို အမြန်ပြန်ဆွဲကာ "ကိုယ်မြန်မြန်သွားလိုက်မယ်၊ မင်းက ဖြေးဖြေးလျှောက်ခဲ့နော်"
ရွှီချင်းမှာ သူ့နဖူးကို သူရိုက်လိုက်ပြီး သူ့မှာ ကိုယ်ဝန်ရှိနေတာကို ဘာလို့မေ့သွားတာပါလိမ့်ကွာ! "ဒါဆို ခင်ဗျားပဲ မြန်မြန် အရင်သွားလိုက်ပြီး ဘာဖြစ်လို့လဲမေးထားလိုက်လေ"
ရွှီချင်း အိမ်ပြန်ရောက်လာသည့်အချိန်မှာတော့ လီချန်ဖုန်းက အချိန်အတော်ကြာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ရတဲ့ ဦးလေးရှဲ့အတွက် ထိုင်ခုံတစ်လုံးကို ယူလာခဲ့ပြီးဖြစ်၏။ "အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ ဒီနေ့တစ်နေ့လုံး အိမ်မှာမရှိလို့ ဧည့်ခံဖို့ လက်ဖက်ရည်ပူပူမရှိဘူး"
ဦးလေးရှဲ့က သူ့လက်ကို ဝှေ့ယမ်းပြီး ခြံထဲကို ဝင်လာတဲ့ ရွှီချင်းကို ကြည့်၍ "မင်းပြန်လာပြီပဲ။ သတင်းကောင်းရှိလားဟေ့?" ရွှီချင်းက ဦးလေးရှဲ့၏ စကားကိုကြားတော့မှ ဦးလေးရှဲ့က သတင်းတစ်ခုခုကြားထားပြီးမှန်း သဘောပေါက်သွားရ၏။
လီချန်ဖုန်းက ရွှီချင်းကို ရှင်းပြလာကာ "ဦးလေးဝူပြန်ရောက်တဲ့အချိန်မှာ ဦးလေးရှဲ့တို့နဲ့ တွေ့လိုက်တော့ ကိုယ်တို့ဆေးခန်းသွားလိုက်ရတဲ့အကြောင်း ပြောပြလိုက်တာတဲ့။ ဒါကြောင့် ဦးလေးရှဲ့က စိုးရိမ်ပြီး တစ်နေ့ခင်းလုံး ကိုယ်တို့ခြံရှေ့မှာ လာစောင့်နေတာပဲ"
ရွှီချင်းက သူ့အတွက် လီချန်ဖုန်းယူလာပေးလိုက်တဲ့ခုံမှာ ထိုင်လိုက်ပြီး ဆေးပြင်းလိပ်သောက်နေတဲ့ ဦးလေးရှဲ့ကို ကျေးဇူးတင်စကားဆိုလိုက်၏။ "ဒါက ကျွန်တော်တို့အမှားပါပဲဗျာ၊ အဲ့တုန်းက လောလော လောလောနဲ့ဖြစ်သွားတော့ ဦးလေးတို့ကို အကြောင်းမကြားလိုက်ရလို့ စိတ်ပူသွားရပြီပေါ့"
"ကိစ္စမရှိပါဘူးကွာ။ ဒီလိုသတင်းကောင်းမျိုးကြားရဖို့ဆို ငါနောက်ထပ်အကြိမ်ပေါင်းများစွာ စောင့်နိုင်သေးတယ်ဟေ့! ဟားဟားဟား! ဒါဆို ငါပြန်သွားပြီး မင်းရဲ့အဒေါ်ကို ပြန်ပြောပြလိုက်ဦးမယ်ကွာ။ သူဘယ်လောက်တောင်ပျော်သွားမလဲဆိုတာ ဘယ်သူသိမလဲ!" ရှဲ့မိသားစုတွင် ကလေးတစ်ဦးသာရှိခဲ့ပြီး သူတို့သားကလည်း နှစ်ပေါင်းများစွာကြာပြီးနောက် ကလေးမရခဲ့သေးသဖြင့် သူတို့အိမ်မှာ ကလေးလေးရယ်သံတွေမကြားရသည်မှာ နှစ်ချီနေခဲ့လေပြီ။
ရွှီချင်း ကိုယ်ဝန်ရှိနေကြောင်း အဒေါ်ရှဲ့ကြားလိုက်ရသည့်အခါ သူ အလွန်ဝမ်းသာသွားရလျက်။ အကယ်၍ ဦးလေးရှဲ့သာ သူ့ကို ညစာစားဖို့ ဆွဲမထားခဲ့ဘူးဆိုရင် ရွှီချင်းဆီကို အမြန်ပြေးသွားမိတော့မလို့။
***
နွေရာသီ၏ ညနေခင်းလေမှာ နှစ်လိုဖွယ်အကောင်းဆုံးဖြစ်သော်လည်း ညစာစားပြီးနောက် လီချန်ဖုန်းက ရွှီချင်းကို အိပ်ရာပေါ်တင်ကာ စောင်ဖြင့် တင်းတင်းကျပ်ကျပ် ခြုံပေးလိုက်ရင်း "သမားတော်ကြီးလင်းပြောထားတယ်လေ၊ မင်း ချွေးတွေပိုထွက်ဖို့လိုတယ်တဲ့၊ မဟုတ်ရင် ပိုခံစားရလိမ့်မယ်တဲ့နော်"
ရွှီချင်းမှာ ရွေးချယ်စရာမရှိတော့ဘဲ နာနာခံခံလေးဖြင့် ကုတင်ပေါ်တွင် နေခဲ့ရ၏။ လီချန်ဖုန်းက သူ့ကို စောင်သုံးထည်ဖြင့် ခြုံပေးထား၍ ဒီလိုနွေရာသီမျိုးမှာ ရွှီချင်းတစ်ကိုယ်လုံးလည်း ချွေးတွေရွှဲစိုလာလျက်။
"ကျွန်တော် ချွေးတွေရွှဲနေပြီ!"
ရွှီချင်း သူ့ခေါင်းကိုထုတ်ကာ တွန့်လိမ်လှုပ်ရှားနေရင်း အသံကျယ်ကျယ်အော်နေလိုက်ပြီး လီချန်ဖုန်းလာကြည့်ပါက သူ့ကိုယ်ပေါ်မှ စောင်တွေကိုဖယ်ထုတ်ပေးဖို့ မျှော်လင့်နေခဲ့လေသည်။
"ဟေး မင်းဘာလုပ်နေတာလဲ? ဒီလောက်ပူနေတာကို၊ ဘာလို့ဒီလောက်စောင်အများကြီး ခြုံထားရတာတုန်း!" ရွှီချင်းမှာ ဤအချိန်၌ အဒေါ်ရှဲ့ရောက်လာမယ်လို့ မမျှော်လင့်ထားမိခဲ့။ "အဒေါ်ရှဲ့ မင်္ဂလာညနေခင်းပါဗျို့!"
အဒေါ်ရှဲ့သည် ရွှီချင်းကိုယ်ပေါ်မှ စောင်နှစ်ထည်ကို အမြန်ဖယ်ပေးလိုက်ကာ ရွှီချင်းပြောပြလာသည့် အကြောင်းရင်းကို နားထောင်ပြီးနောက် သူက ကူကယ်ရာမဲ့စွာ ပြောလာခဲ့၏။ "ဒီကလေး ချန်ဖုန်းကတော့လေ၊ ချွေးထွက်တာက အရေးကြီးတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုးလုပ်လို့မရဘူးလေ!"
ရွှီချင်းလည်း သူ့နဖူးမှ ချွေးတွေကို သုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြီးမှ သူ့ကိုယ်ပေါ်မှာ စောင်တစ်ထည်ခြုံထားလျက် ထထိုင်လိုက်ရင်း "အခုမှ ကျွန်တော် အသက်ရှင်သလို ခံစားရတော့တယ် ဒါပေမဲ့ တအားပူနေတုန်းပဲ"
အဒေါ်ရှဲ့ ကုတင်ပေါ် ထိုင်ချလိုက်ပြီး ရွှီချင်းရဲ့ မျက်နှာလေးကို လက်ဖြင့် အသာပုတ်ပြီး "သူက အရူးပဲ၊ မင်းလည်း အရူးလေးပဲ! ဒီလိုနွေခေါင်ခေါင်ကြီးမှာ ဒီလိုမျိုး စောင်တွေခြုံထားမှပဲ ပူလွန်းပြီး ချွေးထွက်လာမယ်လို့ ထင်ကြတယ်ပေါ့လေ။ ရေများများသောက်ပေး၊ ပြီးရင် ရက်နည်းနည်းလောက် ရေနွေးထဲမှာ ခြေထောက်ရေစိမ်ပေးလိုက်။ ရေပူလေးနဲ့ချိုးရင်လည်း လန်းဆန်းစေတယ်နော်။ ဒီလိုတွေလုပ်ရင် မင်းလည်း ဘာဒုက္ခမှမရောက်တော့ဘူးပေါ့"
"အာ ကျွန်တော်နားလည်ပါပြီ။ ဒါဆို ကျွန်တော် ချန်ဖုန်းကို ရေပူပြင်ပေးဖို့ ပြောလိုက်ဦးမယ်!" ယခုလောလောဆယ်တော့ လီချန်ဖုန်းက သူတို့နှစ်ယောက်ရဲ့ အဝတ်အစားများနှင့် လဲထားတဲ့ အိပ်ရာခင်းကို လျှော်ဖွပ်နေလေသည်။ "အိပ်ရာပေါ်က မဆင်းနဲ့! ငါသွားပြောလိုက်မယ်၊ ဒီတိုင်းပဲနေနော်"
အဒေါ်ရှဲ့ လီချန်ဖုန်းဆီ သွားပြောပြီးနောက် သိပ်မကြာခင်မှာပဲ ပြန်ရောက်လာခဲ့သည်။ သူက အိပ်ရာပေါ်မှာ နာနာခံခံလေး လှဲနေတဲ့ ရွှီချင်းကို ချစ်မြတ်နိုးစွာ ကြည့်ရင်း "အခုဆို မင်းလည်း မိဘဖြစ်လာပြီဆိုတော့ အရင်လို ပေါ့ပေါ့လေး နေလို့မရတော့ဘူးနော်။ မင်းက အခုဆို လူနှစ်ယောက်ရှိနေတယ်လို့ အမြဲသတိရနေရမယ်..."
ထိုညနေခင်း၌ အဒေါ်ရှဲ့က အချိန်အကြာကြီးနေကာ ဟိုးအရင်တုန်းက ရှဲ့ကောအာကို ကိုယ်ဝန်ဆောင်ခဲ့ရသည့် သူ့ရဲ့အတွေ့အကြုံကို ဂရုတစိုက် ပြန်ပြောပြနေခဲ့ပြီး မီးဖွားပြီးနောက် ကြိုတင်ကာကွယ်မှုများကိုတောင် ရှင်းပြခဲ့သေးသည်။
ရွှီချင်းလည်း ဂရုတစိုက်နားထောင်နေရင်း အနည်းငယ်မှင်တက်နေမိလျက်။ လီချန်ဖုန်းလည်း လုပ်စရာကိစ္စများပြီးစီးသည့်နောက် ခုံတစ်လုံးဆွဲကာ ဂရုတစိုက် နားထောင်ရင်း ရံဖန်ရံခါ မေးခွန်းများမေးလိုက်သေးသည်။
နောက်ဆုံးမှာတော့ ရွှီချင်းက သူဘယ်ချိန်အိပ်ပျော်သွားမှန်း မသိလိုက်တော့ချေ။ သူနိုးလာတော့ နောက်တစ်နေ့မနက် ရောက်နေခဲ့ပြီ။
နွေရာသီနံနက်ခင်း၌ စောစောနေထွက်သဖြင့် နေသာပြီး လန်းဆန်းတဲ့ မနက်ခင်းလေးမှာ ရွှီချင်းက သူအကြာကြီးတောင့်တနေခဲ့ရသည့် ကြက်ဥနို့ပေါင်းကို တွေ့လိုက်ရ၏!
"ခင်ဗျား ကြက်ဥတွေကို ဘယ်ကရတာလဲ?" ရွှီချင်းမှာ ပျော်မြူးစွာဖြင့် ဆားအနည်းငယ်ပေါ့သော ကြက်ဥနို့ပေါင်းကို စားနေရင်း သူ့ကို တစ်ချိန်လုံးကြည့်နေတဲ့ လီချန်ဖုန်းကို စပ်စုလိုစွာ မေးလိုက်သည်။
"အဒေါ်ရှဲ့က ဒီမနက်အစောကြီး ယူလာပေးတာလေ။ စိတ်မပူပါနဲ့၊ ကိုယ်ပိုက်ဆံအတင်းပေးလိုက်ပါတယ်ကွာ" လီချန်ဖုန်း ပြန်ဖြေလိုက်၏။ ခုလိုကာလ၌ မိသားစုတိုင်းဟာ မလွယ်ကူကြ၍ သူတို့က တခြားလူတွေကို အခွင့်ကောင်းယူလို့မရဘူးလေ။
ရွှီချင်းလည်း ခေါင်းညိတ်လိုက်ပြီး ကြက်ဥနို့ပေါင်းတစ်ပန်းကန်ကို အမြန်အပြီးသတ်လိုက်၏။ သူစားပြီးသည်နှင့် လီချန်ဖုန်းက အပေါ်မှာ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်တွေကို ဖြူးထားသည့် နွားနို့ပါဝင်သော အရိုးစွပ်ပြုတ်တစ်ပန်းကန်ကို ယူလာခဲ့သည်။ ၄င်းမှာ စားချင့်စဖွယ်ဖြစ်နေရုံသာမက လေထဲမှ လာတဲ့အနံ့လေးကတောင် ရွှီချင်းကို သွားရည်ယိုစေလျက်။
"ခင်ဗျား ဘာလို့ မနက်အစောကြီးမှာ ဒီလောက်ဝီရိယရှိနေရတာလဲ? ကြက်ဥနို့ပေါင်းရော၊ အရိုးစွပ်ပြုတ်ပါလုပ်ထားတယ်ရော" ရွှီချင်း မေးလိုက်လေသည်။
လီချန်ဖုန်းက ရွှီချင်းအရှေ့မှ ကြက်ဥနို့ပေါင်းပန်းကန်အလွတ်ကို ဘေးဖယ်လိုက်ပြီး "မနေ့ညက ကိုယ်တို့အိပ်တဲ့အချိန်တုန်းက အရိုးစွပ်ပြုတ်ကို မီးမျှင်းမျှင်းလေးနဲ့ တည်ထားလိုက်တာလေ၊ ဆိုတော့ မနက်မိုးလင်းတော့ အဆင်သင့်ပဲ။ လာ အရသာဘယ်လိုနေလဲ မြည်းကြည့်ဦး။ ကိုယ်ဆားလျှော့ထည့်ထားတယ်"
ရွှီချင်းလည်း တစ်ဇွန်းခပ်ကာ လေမှုတ်လိုက်ပြီးမှ ဖြေးဖြေးလေးသောက်လိုက်ကာ "မဆိုးပါဘူး၊ ဒါပေမယ့် ဆားနည်းနည်းပေါ့နေတယ်။ ဆားနည်းနည်းပိုထည့်ရင် ပိုကောင်းသွားမှာ"
ထိုသို့ပြောပြီးနောက် ခေါင်းမဖော်ဘဲ ပန်းကန်လုံးအောက်ခြေမြင်ရသည်အထိ ဆက်သောက်နေပြီးတော့မှ လီချန်ဖုန်းကို ပန်းကန်ကမ်းပေးလိုက်လေသည်။
xxx