ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၆.၁)
"အမေ ပြန်ကြရအောင်ပါ!"
မာဖူကွေ့လည်း တိုက်ခိုက်ဖို့ အရှေ့ပြေးသွားချင်နေတဲ့ အမေမာကို တံခါးဆီသို့ အတင်းဆွဲခေါ်သွားလိုက်၏။ အမေမာက လမ်းတစ်လျှောက်လုံး ကျိန်ဆဲနေသော်လည်း သူ့သားရဲ့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခြင်းမှ မလွတ်မြောက်နိုင်ခဲ့၍ လင်းမိသားစုဆေးခန်းမှာ ဝေးသထက် ဝေးသွားခဲ့သည်ကို ကြည့်နေရုံသာ တတ်နိုင်လေတော့သည်။
"မင်းစောင့်နေလိုက်! ငါ ဒီကိစ္စကို လုံးဝအလွတ်မပေးဘူးဟဲ့!"
ရှဲ့ယွီက သူတို့ထွက်သွားတာကို ကြည့်နေရင်း စိတ်ခံစားချက်တွေ ရှုပ်ထွေးနေရလျက်။ လင်းဖန်းလျန်က သူ့လက်ကို ဆုပ်ကိုင်ထားစဥ် သမားတော်ကြီးလင်းက ပြုံးကာ ခေါင်းယမ်း၍ ပြောလာခဲ့သည်။ "အများကြီး တွေးမနေနဲ့တော့။ မင်းက အခု ငါတို့လင်းမိသားစုဝင်တစ်ယောက်ဖြစ်နေပြီ။ ငါတို့ မင်းကို ကာကွယ်ပေးမှာမို့လို့ ဘာကိုမှကြောက်နေစရာမလိုဘူး၊ စိုးရိမ်နေစရာမလိုဘူးနော်။ မင်းရဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်၊ အဲ့ဒါက အရေးကြီးဆုံးပဲလေ"
ရှဲ့ယွီခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေသေးသဖြင့် ကိုယ်ဝန်ဆောင်ချင်ပါက အရင်ဆုံး သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုအပ်လေသည်။
လင်းဖန်းလျန်လည်း သူ့အဖေရဲ့စကားကို သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် အရမ်းကြီးမတွေးနဲ့နော်"
ရှဲ့ယွီ စိတ်မသက်မသာဖြစ်နေဆဲဖြစ်နေသော်လည်း လင်းမိသားစု သားအဖနှစ်ယောက်လုံးဆီမှ ဒီလိုစကားတွေကို ကြားလိုက်ရတော့မှ သူစိတ်သက်သာရာရသွားလေ၏။ "ကျွန်တော်သိပါပြီဗျာ"
လီချန်ဖုန်းသည် သူ့အရှေ့မှ လှုပ်ရှားမှုများကို တိတ်တဆိတ် နားထောင်လိုက်ကာ ခေတ္တတွေးတောပြီးနောက် အပြင်မထွက်တော့ဘဲ အခန်းထဲ ပြန်လှည့်ဝင်သွားတော့သည်။ "မာဖူကွေ့က အရိုက်ခံရလို့၊ အဲ့ဒါကြောင့် သမားတော်ကြီးလင်းက သူ့ဒဏ်ရာတွေကို ကြည့်ပေးဖို့သွားတယ်လေ။ နောက်တော့ သူ့အမေက ရှဲ့ကောအာကို တွေ့တော့ တချို့စကားတွေမပြောဘဲ မနေနိုင်ပြန်ဘူး၊ အခုတော့ သူ့သားက သူ့ကို ဆွဲခေါ်သွားပြီ"
သူခဏရပ်လိုက်ပြီးမှ ဆက်ပြောလေ၏။ "အစကတော့ ကိုယ်အပြင်ထွက်ပြီး မာဖူကွေ့အမေကို စွပ်စွဲဦးမလို့ပဲ၊ ဒါပေမဲ့ လင်းဖန်းလျန်က ပြောလိုက်ပြီမို့ ကိုယ်လည်းရှေ့မထွက်တော့တာလေ။ ပြီးတော့ ဒါကလဲ မိသားစုအရေးကိစ္စဆိုတော့"
ရွှီချင်းလည်း အဖြစ်အပျက်ကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်ပြီး "မစောတော့ဘူးလေ၊ ထုပ်ပိုးပြီး ပြန်ကြရအောင်။ ကျွန်တော်တို့အိမ်မှာ ရှောင်ပေါင်နဲ့ ဝက်ကလေးတွေ ကျန်နေတုန်းပဲ။ ကျွန်တော်တို့က အလျင်စလိုထွက်လာမိတော့ သူတို့လေးတွေကို စိုးရိမ်လို့" ရွှီချင်း ပြောလည်းပြောရင်း သူ့အပေါ်ခြုံပေးထားတဲ့စောင်ကို ဆွဲဖယ်ကာ ကုတင်ပေါ်မှ ခုန်ဆင်းတော့မလို့ပင်။
လီချန်ဖုန်းမှာ သူ့နဖူးကို ကူကယ်ရာမဲ့စွာ ပွတ်လိုက်ကာ ရွှီချင်းကို ပွေ့ဖက်ရန် အလျင်အမြန် ရှေ့တိုးလာခဲ့သည်။ ထိုအချိန်မှ ရွှီချင်းလည်း တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး ခန္ဓာကိုယ်မှာ တောင့်တင်းသွားရလျက်။
သေစမ်း! သူ့ဗိုက်ထဲမှာ မမွေးရသေးတဲ့ ပေါင်မုန့်လုံးလေးကို သယ်ထားရတယ်ဆိုတာ သူမေ့သွားတာပဲဟ!
သူ့ခေါင်းလေးကို စောင်းလိုက်ကာ ကမ္ဘာပျက်ကပ်ကာလမတိုင်ခင်က ကိုယ်ဝန်ဆောင်အမျိုးသမီးများအကြောင်းကို တွေးကြည့်မိလျက်။ သို့ပေသိ သူက သူတို့နဲ့ တွေ့သည့်အချိန်တွင် သူတို့တွေက ကိုယ်ဝန် ၇လ၊ ၈လရှိနှင့်ပြီး ဖြစ်ကြလေရာ လမ်းပေါ်၌ ဗိုက်ဖုံးအင်္ကျီကြီးတွေဝတ်ပြီး သူတို့ရဲ့ ဗိုက်အကြီးကြီးဖြင့် ဂုဏ်ယူစွာ လမ်းလျှောက်နေတတ်ကြလေ၏။ မဟုတ်သေးပါဘူး၊ သူက အခုမှ ကိုယ်ဝန်တစ်လကျော်လေးပဲရှိသေးတာလေ၊ အပြင်ပန်းအသွင်အပြင်က လုံးဝမသိသာသေးဘူးပဲ!
"သတိထားဦး၊ အခုဆို မင်းတစ်ယောက်တည်း မဟုတ်တော့ဘူးလေကွာ" လီချန်ဖုန်းက ရွှီချင်းရဲ့ ခေါင်းလေးကို ပွတ်ပေးကာ သူ့ကို ဘေးနားမှာထား၍ ကုတင်ပေါ်မှစောင်ကို သပ်သပ်ရပ်ရပ်ခေါက်ပြီးမှ ရွှီချင်း လဲထားတဲ့ အဝတ်အစားတွေကို ရှင်းလင်းသိမ်းဆည်းလိုက်လေသည်။ ထို့နောက်တွင်မူ သူက ရွှီချင်းကို ခေါ်၍ အရှေ့ဘက်ရှိ ဆေးခန်းဆီသို့ တဖြည်းဖြည်း လျှောက်သွားတော့သည်။
"ဒီကိုမြန်မြန်လာခဲ့။ ငါ မင်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် အားဆေးတွေအများကြီး ပြင်ထားပြီးပြီ။ မင်းပြန်ရောက်တဲ့အခါကျ နေ့တိုင်း ကျိုပြီး တစ်ခွက်သောက်ရမယ်နော်။ မမေ့ရဘူး!" သမားတော်ကြီးလင်းမှာ လီချန်ဖုန်းနှင့် ရွှီချင်းတို့နှစ်ယောက်သား ထွက်လာတာကို တွေ့လိုက်သည်နှင့် တရုတ်တိုင်းရင်ဆေးထုပ်ကိုယူကာ လီချန်ဖုန်းဆီ ကမ်းပေးလိုက်ပြီး နှစ်ယောက်လုံးကို သေချာညွှန်ကြားပြောပြပေးလိုက်သည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့နှစ်ယောက်လည်း နာနာခံခံလေး ခေါင်းညိတ်နေကြလျက်။ လီချန်ဖုန်း ဆေးထုပ်ကိုယူလိုက်ပြီးနောက် သူ့အိတ်ထဲမှ ငွေဒင်္ဂါးတစ်ချို့ကို ထုတ်ယူကာ သမားတော်ကြီးလင်းထံ ကမ်းပေးလိုက်သည့်အခါ သမားတော်ကြီးလင်းမှာ မျက်လုံးတွေပြူးကျယ်သွားရင်း - "ဒါဘာအဓိပ္ပါယ်လဲကွ! ဒီလိုအသေးအမွှားလေးအတွက်ကို ငွေနဲ့တန်ဖိုးဖြတ်မယ်ပေါ့လေ!"
လင်းဖန်းလျန်က ဆေးထုပ်ကို အတင်းထိုးပေးလိုက်ပြီး လီချန်ဖုန်းနှင့် ရွှီချင်းကို ပြုံးပြ၍ "အမှန်ပဲကွ! ဒီအကြောင်းကို စဉ်းစားမနေနဲ့တော့! ရှောင်ယွီနဲ့ ငါက မင်းကလေးလေးရဲ့ ခေါင်းကိုင်မိဘတွေပဲလေကွာ။ မင်းက ငါတို့ကို ဒီလိုမျက်နှာနည်းနည်းလေးတောင် မပေးရင် ငါတို့က မင်းအိမ်ကိုလာပြီး ကလေးကိုချီတဲ့အခါ ငါတို့ကိုယ်ငါတို့ ခေါင်းကိုင်မိဘတွေပါလို့ ခေါ်ဖို့ ဘယ်လိုမျက်နှာထားနိုင်ပါ့မလဲ?" ရှဲ့ယွီက ချက်ပြုတ်ရန် အိမ်ပြန်သွားသဖြင့် အခုတော့ ဆေးခန်းမှာရှိမနေခဲ့။
သို့ပေသိ လီချန်ဖုန်းက မတုန်မလှုပ်ဖြင့်သာ "ဆေးဖိုးကတော့ ပေးကိုပေးရမှာပဲ" သူ့စကားလုံးများဟာ တင်းမာနေသလို ခံစားရသဖြင့် ရွှီချင်းက ချက်ချင်း ဆက်ပြောလိုက်၏။ "ချန်ဖုန်းပြောချင်တာကလေ ဒီဆေးဖိုးတွေက ထွေထွေထူးထူးမဟုတ်ပေမဲ့ ပေးကိုပေးရမှာပါ။ မဟုတ်ရင် သမားတော်ကြီးလင်းနဲ့ မင်းတို့အားလုံးအတွက် ရိုင်းပြသလိုဖြစ်သွားမှာပေါ့"
(XH Note: ကိုယ်လည်းသိပ်နားမလည်ဘူး၊ သူပြောချင်တာက ခင်မင်မှုကသက်သက်၊ ဆေးဖိုး(ပိုက်ဆံ)ကိစ္စကသက်သက် အဲ့လိုမျိုးပြောတာထင်တယ်နော် 😁)
ဤကလေးနှစ်ယောက်လုံးဟာ မရမကပေးနေသည်မို့ လင်းမိသားစုသားအဖလည်း ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရ၏။ သို့ရာတွင် သူတို့ကလည်း ဆေးဖက်ဝင်အပင်တွေရဲ့ တန်ဖိုးကိုသာ ယူခဲ့လေသည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို နှုတ်ဆက်ပြီးနောက် သမားတော်ကြီးလင်းက ချီးကျူးစွာဖြင့် "ဒီစုံတွဲလေးက တကယ့်ကို စရိုက်ကောင်းကောင်းရှိကြတဲ့ ထူးခြားတဲ့စုံတွဲပါပဲကွာ"
လီချန်ဖုန်းတို့နှစ်ယောက်သား လမ်းတလျှောက် ခဏတစ်ဖြုတ် လျှောက်ကြည့်ကြရင်း ကြက်မအိုကြီးတစ်ကောင်၊ ဝက်ရိုးတစ်ချို့နှင့် အထူးသဖြင့် ရှောင်ပေါင်အတွက် ဝက်အသည်းကို ဝယ်ခဲ့ပြီးနောက် မြည်းလှည်းကို ငှားကာ အိမ်ပြန်ခဲ့ကြလေသည်။
တိုက်ဆိုင်စွာပင် ဤမြည်းလှည်းပိုင်ရှင်မှာ ကျိရှန်းရွာမှဖြစ်သဖြင့် လီချန်ဖုန်းလည်း သူ့အား လှည်းငှားခအပြင် အပိုငွေနည်းနည်းပေးခဲ့လိုက်သည်။
ထိုအပိုငွေနည်းနည်းမှာ လှည်းငှားခမဟုတ်ပါပေ - ယင်းသည်ကား ရိုးရာထုံးစံသာ။ သတင်းကောင်းရှိကြတဲ့အခါ ထိုသတင်းကောင်းကို ဖြန့်ဝေပေးတဲ့သူအား ငွေအနည်းငယ်ပေးရသည်မှာ ထုံးတမ်းအစဥ်အလာတစ်ခုပင်။ ကောင်းတဲ့ကိစ္စအားလုံးဟာ လူတိုင်းနှင့်သက်ဆိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး ဤအရာမှာ တကယ့်ကို အချိန်အခါကောင်းဖြစ်သည်မို့ တစ်ဖက်လူသည်လည်း ပျော်ရွှင်စွာ လက်ခံလေသည်။
လှည်းမောင်းသူဟာ လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို မင်္ဂလာစကားတစ်ချို့ပြောလိုက်သဖြင့် သူဟာ အောင်သွယ်တော်တွေနှင့်တောင် တူလုနီးနီးပင်။
xxx