Ch-55
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၅၅)


"ဘာ! ကလေးလေးရှိနေတာ?!" 


လီချန်ဖုန်း သူကြားလိုက်ရသည်ကို မယုံနိုင်ဘဲ ရုတ်ချည်းစိတ်ခံစားချက်များ ပြည့်လျှံလာခဲ့ပြီး အနည်းငယ်ငေးတိငေးကြောင်ဖြစ်သွားရလျက်။ သူ့ခေါင်းကို ငုံ့လိုက်ကာ ရွှီချင်းရဲ့ ပြားချပ်ချပ်ဗိုက်ကလေးကို ကြည့်ရင်း သူ့လက်ကို ဂရုတစိုက်ဆန့်ထုတ်၍ ဗိုက်ပေါ်တင်ထားလိုက်ရာ သူတို့ရဲ့အသွေးအသားမှ ဖြစ်တည်လာတဲ့ ကလေးလေးတည်ရှိနေတာကို ခံစားမိလာရသည်။ 


လင်းဖန်းလျန် သူ့နှာခေါင်းသူ ထိလိုက်ရင်း စိတ်ရင်းဖြင့် ဂုဏ်ပြုစကားပြောလိုက်၏။ "ဂုဏ်ယူပါတယ်ဗျာ အစ်ကိုလီရေ၊ ငါ ဒီကလေးရဲ့ ခေါင်းကိုင်အဖေလုပ်မှာနော်!"  


ရှဲ့ယွီလည်း သဘောတူစွာ ခေါင်းညိတ်ပြီး "ငါလည်း ခေါင်းကိုင်အမေလုပ်ချင်တယ်နော်။ အခုတော့ အိမ်ပြန်ပြီး ယာဂုနည်းနည်းသွားလုပ်လိုက်ဦးမယ်နော်။ ချင်းကောအာကို ဂရုစိုက်ထားကြဦး" လီချန်ဖုန်း​သည် ရွှီချင်းက ဒီနေ့စားထားသမျှအကုန်လုံး အန်ထားကြောင်းကို ပြောပြထား၍ သူနိုးလာသည့်အခါ ဗိုက်ဆာနေမှာ သေချာတယ်။ 


လီချန်ဖုန်း မတ်တပ်ထရပ်ကာ ရှဲ့ယွီနှင့် လင်းဖန်းလျန်တို့အား ဦးညွှတ်လျက် "ကျေးဇူးတင်ပါတယ်ဗျာ" 


လင်းဖန်းလျန်က လီချန်ဖုန်းကို အမြန်ကူညီပေးလိုက်ပြီး "မင်းဘာလုပ်တာလဲကွာ? ဒီလိုကိစ္စသေးသေးလေးက ငါတို့ညီအစ်ကိုတွေကြားထဲမှာ ဒီလိုကျေးဇူးတင်စရာလိုလို့လား? မင်း ငါတို့ကို အထင်မသေးပါနဲ့ကွ!" 


ရှဲ့ယွီလည်း လီချန်ဖုန်းခေါင်းငုံ့ချလိုက်သည်နှင့် ဘေးကိုရှောင်ဖယ်လိုက်ကာ "အမှန်ပဲ! ငါတို့မိသားစုတွေကြားထဲမှာ ဒီလို ယဉ်​​ကျေးမှု​တွေ မလိုပါဘူးနော်။ မဟုတ်ရင် ငါက​ ကလေးလေးရဲ့ ခေါင်းကိုင်အမေလုပ်ဖို့ မျက်​နှာမရှိတော့ဘူး!" 


လီချန်ဖုန်းမှာ ခေါင်းယမ်းကာ လက်ကိုဆန့်လျက် လင်းဖန်းလျန်ရဲ့ ပုခုံးကိုပုတ်ရင်း ကုတင်ပေါ်တွင် လဲလျောင်းနေတဲ့ ရွှီချင်းကို ကြည့်လိုက်ပြီး "ငါ့အတွက်တော့ သူ့ဘေးကင်းရေးထက် ဘာမှပိုအရေးကြီးတာမရှိပါဘူးကွာ"  


ရွှီချင်းမှာ ရောဂါတစ်ခုခုရှိနေကြောင်း သူကြားလိုက်သည့်အခါ သူဘယ်လောက်ထိ စိုးရိမ်သွားရပြီး ဝမ်းနည်းသွားရသလဲဆိုတာကို သူတို့နားမလည်ခဲ့ကြပေ။ သူက အရာအားလုံးကို စွန့်လွှတ်ပစ်နိုင်သော်လည်း သူ့အချစ်ဆုံးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး။ 


လင်းဖန်းလျန်သည် လီချန်ဖုန်းရဲ့ မျက်လုံးများတွင် ရွှီချင်းအပေါ် လေးလေးနက်နက် ချစ်မြတ်နိုးလှသည့်အကြည့်တွေကို ခံစားမိသွားပြီး စိတ်ရင်းဖြင့် ပြောလာခဲ့သည်။ "ငါနားလည်ပါတယ်ကွာ။ ငါ့ဇနီးဆိုလည်း ငါ့ဘဝပါပဲ" ရှဲ့ယွီမှာ လင်းဖန်းလျန်ရဲ့ အရှက်မဲ့မှုကို ထပ်မံမမြင်လိုတော့သဖြင့် "ငါအရင်သွားနှင့်ပြီ" 


လီချန်ဖုန်းက ရှဲ့ယွီထွက်သွားတာကိုမြင်ပြီးနောက် လင်းဖန်းလျန်အား အခန်းအပြင်ဘက်သို့ ခေါ်ထုတ်ကာ အသံတိုးတိုးဖြင့် မေးလိုက်၏။ "ငါ့ဇနီးလေးရဲ့ကျန်းမာရေးက တကယ်ပဲ ဘယ်လိုအခြေအနေရှိလဲ? သူကိုယ်ဝန်​ရှိရင်တောင်မှ အဲ့လောက်မဆိုးရွားနိုင်ဘူး!" 


"သူအအေးမိထားတာ။ ငါပြောချင်နေတာကလည်း အဲ့ဒါကိုပဲ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးဝါးတွေမသောက်သုံးသင့်ဘူး။ အဲ့ဒါက ကလေးရော မိခင်ရောအတွက် မကောင်းဘူးလေ။ အကြိမ်အနည်းငယ်လောက် သူ့ကို ချွေးထွက်အောင် ကူညီပေးလိုက်ရင် သူအဆင်ပြေသွားမှာပါ" 


လင်းဖန်းလျန်ပြောပြီးရုံရှိသေး ဆေးခန်းဆီသို့ လူနာတစ်ယောက်ရောက်လာခဲ့၏။ "ငါ သူတို့ကို သွားကြည့်လိုက်ဦးမယ်ကွာ။ ချင်းကောအာနိုးလာရင် သူ့ကို ခြေထောက်ရေစိမ်ပေးလိုက်ဦး။ နောက်မှ ငါပြန်လာကြည့်မယ်" 


လီချန်ဖုန်း ခေါင်းညိတ်ပြကာ အခန်းထဲပြန်ဝင်သွားပြီး ရွှီချင်းနိုးလာရန် တိတ်တဆိတ်စောင့်ဆိုင်းနေလျက်။ 


ရွှီချင်းမှာ အိပ်မက်တစ်ခုမက်နေခဲ့ရာ ထိုအိပ်မက်ထဲတွင် ကြည်လင်နေတဲ့ရေနှင့် တောင်တန်းတွေရှိသည့် လှပသောနေရာတစ်ခုရှိနေလျက်။ သူ လီချန်ဖုန်းကို နေရာတိုင်းတွင် ရှာဖွေနေခဲ့သော်လည်း သူဘယ်လောက်ပဲခေါ်နေနေ၊ ဘယ်လောက်ပဲရှာနေပါစေ လီချန်ဖုန်းရဲ့ အရိပ်အယောင်တောင် မတွေ့နိုင်ခဲ့သဖြင့် တဖြည်းဖြည်းနဲ့ ပိုပိုပြီး စိုးရိမ်ကြောင့်ကြလာရပြီ။


ရုတ်တရက်ပင် သူက သူ့ရဲ့စိုးရိမ်ပူပန်နေတဲ့ နှလုံးသားလေးကို တဖြည်းဖြည်းငြိမ်သက်အေးချမ်းသွားစေသည့် ကလေးတစ်ယောက်ရဲ့ ကြည်လင်ကြွပ်ဆတ်တဲ့အသံလေးကို ကြားလိုက်ရလေသည်။ 


သူလည်း အသံကြားရာနေရာဆီသို့ ဖြေးဖြေးလေး ချဉ်းကပ်လာရာ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင်ပေါ်တွင် အေးချမ်းစွာ လှဲလျောင်းနေသော ဝတုတ်တုတ်ကလေးလေးကို တွေ့လိုက်ရ၏။ ဝတုတ်တုတ်ကလေးလေးရဲ့လက်တွေက သူ့ဘေးမှ မြက်နုနုများကို ဆုပ်ကိုင်ကာ ပါးစပ်ထဲသို့ထည့်ရန် ကြိုးစားနေခဲ့သော်လည်း လက်လှမ်းမီဖို့ တိုလွန်းနေ၍ ကလေးလေးမှာ မကျေမနပ်ဖြင့် နှုတ်ခမ်းစူလာတော့သည်။ 


ရွှီချင်းလည်း ကလေးလေးငိုသွားမည်ကို ကြောက်လန့်သောကြောင့် ချက်ချင်းပဲ ကလေးလေးကို ကောက်ချီရန် ကိုယ်ကိုကိုင်းလိုက်သော်လည်း သူက ကလေးလေးကို ထိတော့မည့်အချိန်မှာပင် ကလေးငယ်လေးမှာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့၏။ 


ရွှီချင်း ရုတ်​တရက်​နိုးလာခဲ့၏။ "ဇနီးလေး ဘယ်လိုနေသေးလဲ?" လီချန်ဖုန်းက ရွှီချင်းနိုးလာတာကိုတွေ့၍ ထထိုင်ရန် အလျင်စလို ကူပေးလိုက်၏။ သူက ရွှီချင်းရဲ့ နဖူးပေါ်မှ ချွေးများကိုသုတ်ပေးပြီးမှ ရှဲ့ယွီပြင်ထားပေးတဲ့ ယာဂုတစ်ဇွန်းခပ်လိုက်ကာ နွေးသွားအောင် မှုတ်ပေးပြီးမှ ရွှီချင်းကို ကျွေးလိုက်လေသည်။ 


ရွှီချင်းမှာ သူနိုးလာကတည်းက သူ့ခန္ဓာကိုယ်ထဲ၌ အင်အားတွေပြည့်လာသလို ခံစားနေခဲ့ရ၏။ သူက မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို သတိထားမိသော်လည်း သူ့ဘေးနားရှိ ရင်းနှီးကျွမ်းဝင်လှသော ရင်ဘတ်ကို သက်တောင့်သက်သာရှိနေ၍ သူ့ကိုပြောနေတဲ့ ဂရုတစိုက်စကားများကို နားထောင်နေလိုက်သည်။ 


ရွှီချင်းမှာ စကားပြောချင်ပေမယ့်လည်း သူ့ပါးစပ်ဟာ ယာဂုပန်းကန်ဖြင့် ပိတ်ဆို့ခံထားရလျက်။ "ကျွန်တော့်ကို အရင်ရေတစ်ခွက်လောက်ငှဲ့ပေးပါဦး။ ပလုတ်ကျင်းချင်လို့" 


လီချန်ဖုန်း ယာဂုပန်းကန်ကို အောက်ချကာ ရေအမြန်ပြေးယူလိုက်၏။ ရွှီချင်းပါးစပ်ဆေးပြီးနောက် လီချန်ဖုန်းက သူ့ကို ယာဂုဆက်ခွံ့ကျွေးနေပြန်ရာ ရွှီချင်းမှာ ယာဂုသောက်နေရင်း သူ့အရှေ့မှလူဟာ အရမ်းပျော်နေတယ်လို့ ခံစားမိနေလျက်။ "ကောင်းတာတစ်ခုခုဖြစ်လို့လား? ပြီးတော့ လေထဲက ဒီအနံ့က..." ရွှီချင်းသည် သူ့နှာခေါင်းကိုရှုံ့ကာ ဖျော့တော့တော့ဆေးဖက်ဝင်အနံ့ကို ရလိုက်၍ "ဒီနေရာက လင်းမိသားစုဆေးခန်းလား?" 


လီချန်ဖုန်း လက်ကိုင်ပုဝါကိုထုတ်၍ ရွှီချင်းရဲ့ ပါးစပ်ထောင့်များကို သုတ်ပေးလိုက်ပြီး "ဟုတ်တယ်။ အရမ်းကောင်းတဲ့သတင်းကြီးတစ်ခုရှိနေတာ။ ဦးလေးဝူက ကိုယ်တို့ကို လိုက်ပို့ပေးခဲ့တာလေ" 


ရွှီချင်းသည် သူအချိန်ကြာကြာအိပ်မိသွားသဖြင့် ဦးလေးဝူကို စောင့်ခိုင်းနေမိသလိုဖြစ်သွားရသည်ကို သဘောပေါက်သွားကာ "ဦးလေးဝူရော ဘယ်မှာလဲ?" 


"ကိုယ် သူ့ကို အရင်ပြန်ခိုင်းလိုက်တယ်။ ကိုယ်တို့ပြန်ရင် လှည်းနောက်တစ်စီး ငှားလို့ရပါတယ်။ ကိုယ်မင်းနဲ့အတူတူရှိနေမှာပါ" လီချန်ဖုန်းက အိပ်ရာပေါ်တွင် ရွှီချင်းပြန်လှဲအိပ်ရန် ကူညီပေးလိုက်ပြီးမှ ပန်းကန်တွေ တူတွေကို သန့်ရှင်းလိုက်ကာ "ခင်ဗျားလည်း နေ့လည်စာမစားရသေးဘူးလေ။ စားလိုက်ဦးနော်" 


ရွှီချင်း ယာဂုအနည်းငယ်ကျန်နေသေးသည်ကို တွေ့လိုက်သဖြင့် လီချန်ဖုန်းက သူ့ကြောင့် ဒီနေ့တစ်နေ့လုံး ပြေးလွှားနေရကာ သူ့ရဲ့နေ့လည်စာတောင် မစားရသေးမှန်း တွေးမိလိုက်သည်ကြောင့် ပြောလိုက်လေသည်။ 


လီချန်ဖုန်းလည်း ရွှီချင်းမျက်နှာပေါ်က စိုးရိမ်မှုကိုမြင်လိုက်၍ ခံနိုင်ရည်မရှိတော့ဘဲ ရွှီချင်းရှေ့မှာတင် လက်ကျန်ယာဂုအားလုံးကို သောက်ပစ်လိုက်ကာ ဆေးကြောရန်ယူသွားပြီးမှ အခန်းထဲပြန်ဝင်လာခဲ့သည်။ 


"ဘာသတင်းကောင်းလဲ?" ရွှီချင်း လတ်တလောတွင် အားနည်းနေသလို ခံစားရသော်လည်း သူ့ရဲ့စိတ်ဝိဥာဥ်ကတော့ အရမ်းကို ကောင်းမွန်နေလျက်။ လီချန်ဖုန်းဆီမှ သတင်းကို ကြားချင်သောကြောင့် သူဆက်မေးမြန်းနေပြန်သည်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ ကုတင်ဘေးတွင် ထိုင်၍ သူ့လက်ကို ဆုပ်ကိုင်ကာ ရွှီချင်းရဲ့ ဝမ်းဗိုက်နားဆီသို့ ခေါ်သွားလျက် နောက်ဆုံးတွင် ရွှီချင်းရဲ့ဗိုက်ပေါ်သို့ ညင်သာစွာ နေရာချပေးလိုက်ပြီး သူ့ခေါင်းကိုငုံ့၍ ရွှီချင်းအား နူးနူးညံ့ညံ့လေးစိုက်ကြည့်ကာ "ဇနီးလေး ကိုယ်တို့မှာ ကလေးလေးရှိနေပြီ" 


ရွှီချင်း ထိုစကားကိုကြားပြီးနောက် ကြောင်အသွားရကာ လီချန်ဖုန်းရဲ့ လေးနက်ပြီး ပျော်ရွှင်နေတဲ့ အမူအရာနှင့် သူ့ဗိုက်ကို အုပ်ထားတဲ့လက်ကို ကြည့်လိုက်၏။ ရွှီချင်းလည်း သူ့ရဲ့ပြားချပ်ချပ်ဗိုက်လေးကို အမှတ်တမဲ့ထိကိုင်ပြီး  "ခဏလေး ဒါ... ကျွန်တော်..." ရွှီချင်းရဲ့စိတ်တွေက ရှုပ်ထွေးနေကာ ဘာပြောလို့ပြောရမှန်း၊ ဘယ်လိုပြောလို့ပြောရမှန်း မသိတော့ချေ။ 


လီချန်ဖုန်းမှာ ရွှီချင်းစိတ်ရှုပ်ထွေးနေတာကို မြင်လိုက်ရသဖြင့် သူ့ကိုယ်ကို ကိုင်းလျက် ရွှီချင်းနဖူးလေးကို နမ်းလိုက်၏။ "အမှန်ပါပဲကွာ။ အဲ့ဒါကြောင့်မို့ ဒီရက်တွေထဲမှာ မင်းကောင်းကောင်းမစားနိုင်တာလေ" 


ရှဲ့ယွီသည် ရွှီချင်းနိုးလာပြီဖြစ်ကြောင်းကြားသည်နှင့် သန့်ရှင်းတဲ့အဝတ်တစ်ထည်နှင့် ဝင်လာခဲ့ပြီး "မင်းနိုးပြီပေါ့။ သက်သာရဲ့လား?" 


ရွှီချင်းမှာ ရှဲ့ယွီအား ငေးကြောင်ကြောင်စိုက်ကြည့်နေလျက် "ကျွန်တော်... ကိုယ်ဝန်ရှိနေတယ်?"  


ရှဲ့ယွီက ပြုံးလျက် ပြောလာခဲ့၏။ "ဟုတ်တယ်၊ အမှန်ပါပဲကွာ။ လာလေ မင်းချွေးတွေထွက်ထားတော့ သက်တောင့်သက်တာဖြစ်မှာမဟုတ်ဘူး။ အင်္ကျီလဲလိုက်ဦး" လီချန်ဖုန်းက ရှဲ့ယွီကို အလျင်အမြန်ကျေးဇူးတင်လိုက်ပြီး အဝတ်အစားတွေကို ယူလိုက်ကာ ရွှီချင်းထထိုင်ပြီး လဲဝတ်ရန် ကူညီပေးလိုက်သည်။ 


ရှဲ့ယွီက ဤမြင်ကွင်းကိုမြင်လိုက်၍ အနည်းငယ်ပြုံးလျက် အခန်းထဲမှ ထွက်သွားလေသည်။ သူလည်း အပိုမီးသီးမဖြစ်ချင်ပါဘူးနော်။ 


လီချန်ဖုန်းက ရွှီချင်း အဝတ်အစားလဲတာကို ကိုးရိုးကားယားကူညီပြီးနောက် ရွှီချင်းမှာ သူတကယ်ပဲ ကိုယ်ဝန်ရှိနေပြီဆိုသည့်အချက်ကို အပြည့်အဝလက်ခံသွားခဲ့ပြီ။ 


သူနှင့် လီချန်ဖုန်းတို့နှစ်ယောက်ဟာ လုံးဝချစ်မိသွားပြီးကတည်းက သူ့မှာ ကလေးလေးရှိလာနိုင်သည့်အချက်ကို သူ့ကိုယ်သူ လက်ခံနိုင်အောင် ကြိုးစားနေခဲ့ပြီးသားပင်။ သို့ပေသိ အဲ့ဒီရက်ဟာ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မထင်မှတ်ထားခဲ့ပေ။ သူ့ဝမ်းဗိုက်ထဲမှာ ဘာမှကို မခံစားနိုင်သေးသော်လည်း ဘဝဟာ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဧကန်ပင်။ 


"နည်းနည်းလောက် ထပ်အိပ်ချင်လား?" လီချန်ဖုန်းက ရွှီချင်းရဲ့ ခေါင်းလေးကို ပွတ်ပေးနေရင်း တိုးတိုးလေးမေးလာ၍ ရွှီချင်းလည်း ခေါင်းခါပြလိုက်၏။ သူအိပ်ထားတာ တော်တော်ကြာသွားပြီဆိုတော့ သူ့ခေါင်းမူးနေသလို ခံစားနေရကာ လုံးဝထပ်မအိပ်ချင်တော့ပေ။ 


ရုတ်​တရက်​ပင် ​အရှေ့ဘက် ​ဆေးခန်းဆီမှ အလျင်စလိုအော်​ဟစ်​သံ​ကြောင့် ရွှီချင်းမှာ အမြန်​ထရပ်​ပြီး ပြောလိုက်၏။ "ဘာဖြစ်တာများလဲ? တစ်ချက်သွားကြည့်ပါဦး" လီချန်ဖုန်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။ 


အဒေါ်မာသည် ပွန်းပဲ့ရောင်ရမ်းနေသော မာဖူကွေ့ကို တွဲကူလာကာ လင်းမိသားစုဆေးခန်းဆီ ရောက်လာခဲ့၏။ "သမားတော်ရေ! ကျုပ်သားလေးကို လာကြည့်ပေးပါဦး! အဲ့ဒီနှလုံးသားမရှိတဲ့ကောင်ကတော့! သူတို့က ဘယ်လိုလုပ် ဒီလောက်ရက်စက်နိုင်ရတာလဲ!" 


သမားတော်ကြီးလင်းသည် လင်းဖန်းလျန်ကို မသွားခိုင်းဘဲ သူ့ဘာသာသူ မာဖူကွေ့ရဲ့ ဒဏ်ရာတွေကို သွားကြည့်လိုက်၏။ "ဒါတွေက အသားပေါ်က ဒဏ်ရာလေးတွေပါပဲ။ ၂ပတ်ဆို ပျောက်သွားလိမ့်မယ်" 


မာဖူကွေ့က သူ့ခေါင်းကို လုံးဝမမော့ချင်ခဲ့ပေ။ ဤရက်တွေထဲ၌ သူက ယန်ရှောင်ချွမ်းနှင့် ရန်ဖြစ်သည့်အခါတိုင်း အရိုက်ခံလိုက်ရခြင်းနှင့်သာ အမြဲအဆုံးသတ်ခဲ့ရသည်ပင်။ သည့်အပြင် အကြိမ်တိုင်းမှာလည်း ယန်ရှောင်ချွမ်းက သူ့မျက်နှာကို ရိုက်ရသည်ကို စတင်သဘောကျလာပုံရ၏။ ထို့ကြောင့်ပင် မာဖူကွေ့မှာ လူများရှေ့တွင် ခေါင်းမထောင်ဝံ့တော့။ 


လင်းဖန်းလျန်က ဆေးဗီရိုဘေးတွင် ရပ်ကာ မာဖူကွေ့ရဲ့ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ရှုနေရင်း သူ့လက်ထဲတွင် ဆေးပင်တစ်ချို့နှင့် ဆော့ကစားနေလျက်။ ထိုကဲ့သို့ "သန်မာသော"ကောတစ်ယောက်ကို မာဖူကွေ့အတွက် အောင်သွယ်လုပ်ပေးခဲ့သည်မှာ သူနှင့် လီချန်ဖုန်းတို့နှစ်ယောက်ရဲ့ ပြောင်မြောက်လှတဲ့ အကြံဥာဏ်ဖြစ်ကြောင်းကို ပို၍ခံစားမိလာရသည်။ 


ရှဲ့ယွီထွက်လာသည်နှင့် မာဖူကွေ့ကို တွေ့သောအခါ သူ့ခြေလှမ်းများ ရပ်တန့်သွားရ၏။ 


"ရှောင်... ရှောင်ယွီ?" 


မာဖူကွေ့က သည်လူကို အတော်လေးရင်းနှီးနေသလို ခံစားနေမိသော်လည်း ရှောင်ယွီက ရွာက သူ့အိမ်မှာရှိနေရမှာ မဟုတ်ဘူးလား? သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ? သူ့ဘေးမှာ ရပ်နေတဲ့ အမျိုးသားနဲ့ ဘာကြောင့်များ ဒီလောက်ရင်းရင်းနှီးနှီးဖြစ်နေရတာလဲ? 


ရှဲ့ယွီ ထိုသို့သောအခြေအနေမျိုးတွင် မာဖူကွေ့နှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့မိချေ။ သို့ရာတွင် သူက အဒေါ်မာနှင့် မာဖူကွေ့တို့ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။ အဒေါ်မာက ရှဲ့ယွီကို မြင်လိုက်သည်နှင့် ပါးစပ်ဖွင့်ကာ "မင်း ဒီမှာ ဘာလုပ်နေတာလဲ?" 


ရှဲ့ယွီ ဘာမှပြန်မပြောခင်မှာပင် လင်းဖန်းလျန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ငါ့ဇနီးက ဘာလို့ ငါနဲ့အတူရှိမနေရမှာလဲ?" 


မာဖူကွေ့က မယုံနိုင်စွာ ရုတ်​ချည်း မတ်တပ်ထရပ်​ကာ "မင်း​နောက်​ထပ်​အိမ်​​ထောင်​ပြုပြီးသွားပြီလား?" 


ရှဲ့ယွီ ခေါင်းညိတ်လိုက်ပေမယ့် စကားပြန်မပြောခဲ့ဘဲ ထိုအစား သူက ခေါင်းငုံ့ကာ သူကျွမ်းကျင်တဲ့ ဆေးဆိုင်မှ အလုပ်တစ်ချို့ကို အာရုံစိုက်လုပ်နေလိုက်၏။ 


မာဖူကွေ့မှာ ခေါင်းငုံ့ထားတဲ့ ရှဲ့ယွီကို ကြည့်နေမိကာ ဤသတင်းအတွက် သူ့မှာ လုံးဝပြင်ဆင်ထားခြင်းမရှိခဲ့။ ရှဲ့ယွီက သူနဲ့ ပြန်သင့်မြတ်ကာ သူ့ကို ပြန်လာခွင့်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့ ထင်ထားခဲ့သည်ပင်။ ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ ထင်မှာလဲကွာ! ဟင်း! 


အဒေါ်မာသည် ရှဲ့ယွီက သူတို့မိသားစုမှ ထွက်သွားပြီးနောက် ဒီလောက်မြန်မြန်ကြီး နောက်အိမ်ထောင်ပြုသွားခဲ့သည်ကို ကြားလိုက်ရသည်နှင့် ရုတ်ချည်း ထခုန်ကာ ရှဲ့ယွီအား လက်ညှိုးထိုး၍ ကျယ်လောင်စွာ ဆဲဆိုလေ၏။ "ဒီတော့ ဒါက ငါ့သားနဲ့ အမြဲတမ်း အိပ်ရာခွဲအိပ်ရတဲ့ အကြောင်းရင်းပေါ့လေ! မင်းမှာက တခြားတစ်ယောက် ရှိနှင့်နေပြီးသားပေါ့!" 


ရှဲ့ယွီမှာ ထိုစကားကိုကြားသည်နှင့် ခေါင်းမော့လာကာ အဒေါ်မာကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်၏။ "လူတိုင်းက ခင်ဗျားတို့လိုမျိုး စက်ဆုပ်စရာကောင်းတယ်လို့ ထင်မနေနဲ့!" 


လင်းဖန်းလျန်က ရှဲ့ယွီကို သူ့အနောက်မှာ ချက်ချင်းကာကွယ်ပေးလိုက်ပြီး အဒေါ်မာအား မကျေမနပ် စိုက်ကြည့်လိုက်ရင်း "ခင်ဗျားရဲ့ ပါးစပ်နံဟောင်နေရင် သန့်ရှင်းဖို့ ဆေးနည်းနည်းပြန်ယူသွားသင့်တယ်နော်! ဒါပေမဲ့ ခင်ဗျားရဲ့အခြေအနေက တော်တော်ဆိုးရွားနေပြီလို့ ကျုပ်မြင်တယ်။ ခင်ဗျားရဲ့ကျန်ဘဝတစ်လျှောက်လုံးမှာ ဆေးသောက်ရတော့မှာပဲ။ ခင်ဗျားရဲ့ နံဟောင်နေတဲ့ ပါးစပ်ပုတ်ကြီးကို ကုလို့တောင်မရနိုင်တော့ဘူး!" 


အဒေါ်မာမှာ ဒီလိုမျိုးပုတ်ခတ်ပြောဆိုမှုကို သည်းမခံနိုင်တော့ဘဲ လင်းဖန်းလျန်ကို ချက်ချင်း တိုက်ခိုက်ချင်ခဲ့၏။ မာဖူကွေ့က သူ့ကို အလျင်အမြန် ပြန်ဆွဲထားကာ ပြောလိုက်သည်။ "အမေ! ထားလိုက်တော့! ပြန်ကြရအောင်" 


မာဖူကွေ့ သူ့မျက်နှာပေါ်မှာ ဒဏ်ရာတွေမရှိခဲ့ရင် ရှဲ့ယွီအရှေ့မှာ သူ့တည်ရှိမှုကို ပြဖို့ ပေါ်လာနိုင်သေးတယ်လေ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ ဝက်ခေါင်းလို မျက်နှာမျိုးနှင့် ရှဲ့ယွီနေပြန်ကောင်းလာသဖြင့် ဝင်းပနေတဲ့ မျက်နှာလေးကို ကြည့်ရင်း သူတို့ဟန်းနီးမွန်းအချိန်အခါကို ပြန်သတိရမိကာ သူ့ခေါင်းကို ထပ်မံမမော့ရဲတော့ပေ။ အရမ်းရှက်စရာကောင်းတာပဲ! 


အဒေါ်မာ အပြင်းအထန် ရုန်းကန်နေလျက် "မင်းဘာတွေပြောနေတာလဲ! အပုတ်နံ့ထွက်နေတယ်လို့ပြောတာက သူပဲလေ! ငါ့ပါးစပ်ကို နံဟောင်နေတယ်လို့ သူပြောနေတာ! ဟမ်? ငါ့မှာ အနံ့ဆိုးရှိနေလို့လား?! ရှိလို့လား? ငါ့ကိုလွှတ်! ငါ့ကိုလွှတ်စမ်း! ဒီနေ့ ငါ အဲ့ဒီကောင်ရဲ့ ပါးစပ်ကို သေချာပေါက် ဆွဲဖြဲပြီးတော့ တကယ်ပဲ ဘယ်သူ့ပါးစပ်က အပုတ်နံ့ထွက်နေတာလဲဆိုတာ သိအောင်လုပ်ပြရမယ်!"


xxx


XH: ဒီမာမိသားစုကတော့လေ....