Chapter 333
သူတို့နှစ်ယောက် မနက်စာစားနေကြစဉ် အပြင်မှ ကားသံကို ကြားလိုက်ရပြီး ကျိလဲ့ယွီက ပြေး၀င်လာလေသည်။
“ပါးပါး ပြန်လာပြီ…”
သူ လင်းလော့ချင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။
“ဦးလေးလီပြောတာ ပါးပါး ဆုရသွားတယ်ဆို…ပါးပါးက အရမ်းအံ့ဩစရာကောင်းတာပဲ…”
လင်းလော့ချင်းက ပြုံးကာ ကျိလဲ့ယွီ၏ခေါင်းကို ထိပြီးနောက် လင်းဖေးနှင့်ရှောင်လီ ၀င်လာသည်ကိုတွေ့လိုက်ရလေသည်။
ရှောင်လီက ကလေးနှစ်ယောက်ကို လုံခြုံစွာ ပြန်ပို့ပြီးနောက် လင်းလော့ချင်းကို ဂုဏ်ပြုကြောင်းပြောလိုက်ပြီး မိသားစုလေးယောက်ကို မနှောင့်ယှက်တော့ပေ။
လင်းဖေးက တောက်ပသောမျက်လုံးများဖြင့် လင်းလော့ချင်းကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
လင်းလော့ချင်းက လင်းဖေးကို လက်ယပ်ခေါ်လိုက်ပြီး ကလေးနှစ်ယောက်ကို ဘာစားချင်သလဲဟု မေးလိုက်သည်။
ကလေးနှစ်ယောက်က အာလူးထောင်းစားချင်ကြောင်း ဖြေလာသောအခါ လင်းလော့ချင်းက ခွံ့ကျွေးလိုက်လေသည်။
လင်းဖေး ပါးစပ်ဟရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ပါးစပ်ဟပေးလိုက်ပြီး သူ့ပါးပြင်များက နီရဲနေခဲ့၏။
စားသောက်ပြီးနောက် လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ဒုတိယထပ်သို့ ခေါ်သွားလိုက်သည်။
“ပါးပါးအခန်းဆီ သွားကြစို့…ပါးပါး သားတို့ကို ပြစရာရှိတယ်…”
လင်းလော့ချင်း ပြောလိုက်သည်။
“ဘာပြမှာလဲဟင်…”
ကျိလဲ့ယွီ မေးလိုက်သည်။
“သွားကြည့်ရင် သိမှာပေါ့…”
“ဟုတ်ကဲ့…”
သူတို့ အခန်းထဲ ၀င်ခါနီးတွင် လင်းလော့ချင်းက ကလေးနှစ်ယောက်ကို မျက်လုံးမှိတ်ထားခိုင်းလိုက်လေသည်။
“ပါးပါး ဖွင့်ဆိုမှ ဖွင့်နော်…”
ကျိလဲ့ယွီ လက်မြှောက်ကာ မျက်လုံးအုပ်ထားလိုက်၏။
လင်းဖေးက လင်းလော့ချင်းကို သံသယဖြစ်နေသော်လည်း လက်မြှောက်ကာ မျက်လုံးအုပ်ထားလိုက်လေသည်။
လင်းလော့ချင်းနှင့်ကျိယွီရှောင်တို့ အချင်းချင်းပွေ့ဖက်ကာ ကလေးနှစ်ယောက်ကို ရှားစောင်းပင်လေးရှေ့ ခေါ်သွားလိုက်သည်။
“ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား…”
လင်းလော့ချင်း မေးလိုက်သည်။
လင်းဖေး :”...”
“ဟုတ်…”
ကျိလဲ့ယွီ အလွန်တက်ကြွစွာ ဖြေလိုက်သည်။
“ဒါဆို အခု မျက်လုံးဖွင့်ကြည့်လို့ရပြီ…”
လင်းလော့ချင်း ပြောလိုက်သည်။
လင်းဖေး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှားစောင်းပင်လေးကို မြင်လိုက်ရပြီး နေရောင်အောက်တွင် တောက်ပစွာ ပွင့်လန်းနေသည့် ရှားစောင်းပန်းဖြူလေးကိုလည်း မြင်လိုက်ရလေသည်။
လင်းဖေး အံ့ဩသွားသည်။
သူ လင်းလော့ချင်းကို ပေးခဲ့တဲ့ ရှားစောင်းပင်လေးက ပန်းပွင့်နေတာပဲ…
လင်းဖေး သတိထားကာ ပန်းဖြူလေးနား ကပ်သွားလိုက်ပြီး နူးညံ့စွာ ထိတွေ့လိုက်သည်။
လေတိုက်ရင် လွင့်ပါသွားလောက်အောင် နူးညံ့တာပဲ…
သို့သော် ရှားစောင်းပန်းလေးက ထိုသို့လွင့်ပါသွားမည် မဟုတ်ကြောင်း သိလေသည်။ ရှားစောင်းပန်းတွင် သူ့အိမ်ဖြစ်သည့်ပန်းအိုးရှိပြီး dandelionပန်းနှင့်မတူပေ။
လင်းဖေး အလွန် ပျော်ရွှင်နေပြီး သူ့ပျော်ရွှင်မှုကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။
“ပန်းပွင့်နေပြီ…”
သူက လင်းလော့ချင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်…ပန်းပွင့်နေပြီ…”
ထို့နောက် လင်းလော့ချင်းက ခါးကိုင်းကာ လင်းဖေးကို ပွေ့ချီလိုက်ပြီး ပါးကို နမ်းလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဖေးဖေး…ရှားစောင်းပန်းကို ပထမဆုံးမြင်ဖူးတာပဲ…”
ဤကား လင်းဖေးအတွက်လည်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။
ယခင်က စာအုပ်များထဲမှ ပုံများကိုသာ မြင်ဖူးခဲ့ပြီး ယခု တကယ့်ရှားစောင်းပန်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
လင်းဖေး ပြုံးလိုက်ပြီး လင်းလော့ချင်းပခုံးပေါ် ခေါင်းတင်လိုက်သည်။
“ပါးပါး ဆုရတာ ပျော်လား…”
လင်းဖေး တိုးတိုး မေးလိုက်သည်။
“ပျော်တယ်…မင်းရော ပျော်လား…”
သူ လင်းလော့ချင်းအတွက် လက်ဆောင်ပြင်ထားကြောင်း ပြောချင်သော်လည်း ပြောရမည်ကို ရှက်ရွံ့လေသည်။
ကျိလဲ့ယွီသည်လည်း ရှားစောင်းပန်းပွင့်လာမည်နေ့ကို စောင့်မျှော်နေခဲ့သော်လည်း သူ့ရှားစောင်းပင်အစား လင်းလော့ချင်း၏ရှားစောင်းပင်က ပန်းပွင့်လာခဲ့သည်။
“အရမ်းလှတာပဲ…”
“သိပ်မကြာခင် သားရဲ့ရှားစောင်းပင်လေးလည်း ပန်းပွင့်လာတော့မှာပါ…”
ကျိယွီရှောင် ပြောလိုက်သည်။
ကျိလဲ့ယွီက ကျိယွီရှောင်၏ရှားစောင်းပင်ကို ကြည့်လိုက်၏။
ဒယ်ဒီဟာလည်း မပွင့်သေးဘူးဆိုတော့ သူ့ဟာက ပန်းပွင့်တာ နောက်မကျလောက်ပါဘူး…
ကလေးနှစ်ယောက်က လင်းလော့ချင်း၏အခန်းတွင် အချိန်အတော်ကြာ နေခဲ့ပြီး ဓာတ်ပုံများစွာ ရိုက်ပြီးမှ သူတို့အခန်းဆီ ပြန်လာကြလေသည်။
လင်းဖေးက အံ့ဆွဲကို ဖွင့်လိုက်ပြီး လင်းလော့ချင်းအတွက် ပြင်ဆင်ပေးထားသည့်လက်ဆောင်ကို ထုတ်လိုက်ကာ လင်းလော့ချင်း၏အခန်းဆီ ပြန်သွားလိုက်သည်။
တံခါးခေါက်သံကြား၍ လင်းလော့ချင်း တံခါးဖွင့်ကြည့်လိုက်သောအခါ စာအိတ်ကြီးတစ်ခုကို ပွေ့ထားသည့် လင်းဖေးကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်လို့လဲ…”
လင်းလော့ချင်း မေးလိုက်သည်။
ထိုအခါ လင်းဖေးက လက်ထဲမှ စာအိတ်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ဆုရတဲ့အတွက် ဂုဏ်ပြုပါတယ်…”
လင်းလော့ချင်း ပြုံးကာ စာအိတ်ကို ဖွင့်ရန် ပြင်လိုက်သည်။
လင်းဖေး ရှက်ရွံ့နေပြီး သူ့အခန်းသို့ ပြန်သွားတော့မည်ဖြစ်သော်လည်း လင်းလော့ချင်းက သူ့လက်မောင်းကို ဆုပ်ကိုင်လာလေသည်။
“ဘာလို့ ပါးပါး ဖွင့်မကြည့်ရသေးခင် ပြန်ချင်နေတာလဲ…”
လင်းဖေး :”...”
လင်းဖေး နာခံစွာ ရပ်နေရုံသာ တတ်နိုင်တော့သည်။
လင်းလော့ချင်းက စာအိတ်ကို ဂရုတစိုက် ဖွင့်ကြည့်လိုက်သောအခါ ရွှေဖီးနစ်ဆုကို တွေ့လိုက်ရလေသည်။
သူရခဲ့သည့်ဆုနှင့် ကွာခြားစွာ ဤရွှေဖီးနစ်ဆုက ကတ္ထူပြားပေါ်တွင် ဆွဲထားခြင်းဖြစ်ပြီး သေချာသပ်ရပ်စွာ ဖြတ်တောက်ထားခြင်းဖြစ်သည်။
လင်းလော့ချင်းက လင်းဖေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“သား လုပ်ထားတာလား…”
လင်းဖေး ပြန်မပြောပေ။
လင်းလော့ချင်းက လင်းဖေးကို ပွေ့ဖက်လိုက်ပြီး ပါးနှစ်ဖက်ကို နမ်းလိုက်သည်။
“အရမ်း လှတာပဲ…ပါးပါး အရမ်းကြိုက်တယ်…”
လင်းဖေး၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်ငြားလည်း စိတ်ထဲတွင်မူ ပျော်ရွှင်နေလေသည်။
လင်းလော့ချင်းက ရွှေဖီးနစ်ဆုပေးပွဲသို့ မတက်ရောက်မီ သူ့ကို နိုင်ငံခြားသို့ သွားရသည့်အကြောင်းရင်းကို ပြောပြခဲ့သည်။
သူဆုရတိုင်း လင်းလော့ချင်း အလွန်ပျော်ရွှင်နေခဲ့သောကြောင့် မေးခဲ့သည်။
“ပါးပါး ဆုရမှာလား…”
လင်းလော့ချင်း ခေါင်းခါလိုက်သည်။
“မသေချာဘူး…”
“ဒါဆို ဆုရချင်လား…"
“ရချင်တာပေါ့…”
လင်းလော့ချင်းက လင်းဖေးကို ပွေ့ဖက်လိုက်သည်။
“ဆုပေးပွဲကို သွားရမှာတော့ ဆုလည်း လိုချင်တာပေါ့…”
လင်းဖေးက လင်းလော့ချင်း ခရီးဆောင်အိတ်အား ထုတ်ပိုးနေသည်ကို ကြည့်နေခဲ့လေသည်။
သူ ဆုမရရင် အရမ်း၀မ်းနည်းသွားမှာပဲ…
ထို့ကြောင့် လင်းလော့ချင်း ထွက်မသွားမီ ဆုပုံစံကို မေးမြန်းခဲ့သည်။
လင်းလော့ချင်းက လင်းဖေးကို ဗဟုသုတများ ရှာဖွေနေသည့်ကလေးဟုသာ ထင်သောကြောင့် အင်တာနက်ပေါ်မှ ရွှေဖီးနစ်ဆုပုံများကို ပြခဲ့သည်။
“လှတယ်…”
လင်းဖေး ပြောလိုက်သည်။
လင်းလော့ချင်းက လင်းဖေးကို သံသယမ၀င်ခဲ့ပေ။ ထိုအဖြစ်အပျက်ကိုလည်း ပေါ့ပေါ့ပါးပါးသာသဘောထားခဲ့လေသည်။
လင်းလော့ချင်းထွက်သွားပြီးနောက် လင်းဖေးက အင်တာနက်ပေါ်မှ ပုံများကို ပြန်ရှာလိုက်ပြီး ကတ္ထူပြားပေါ်တွင် ဆွဲလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီထက် ပန်းချီဆွဲရာတွင် ပိုထူးချွန်ပြီး ထိုဆုကို ရေးဆွဲရန် မခက်ခဲခဲ့ချေ။ အချိန်အနည်းငယ်အကြာတွင်ပင် ဆွဲပြီးလုနီးပါးဖြစ်သွားပြီဖြစ်သည်။
လင်းဖေးက လင်းလော့ချင်းအတွက် လက်လုပ်ရွှေဖီးနစ်ဆုကို ဖန်တီးခဲ့သည်။
လင်းလော့ချင်း ၀မ်းနည်းသွားမည်ကို စိုးရိမ်သောကြောင့် ဤဆုဖြင့် နှစ်သိမ့်ပေးချင်ခဲ့သည်။
သို့သော် ရှောင်လီထံမှ လင်းလော့ချင်းဆုရသွားကြောင်းကို ကြားသည့်အခါ ဤလက်လုပ်ရွှေဖီးနစ်ဆုကို သိမ်းထားရန် စိတ်ကူးခဲ့သည်။
သို့သော် ရှားစောင်းပန်းလေးက ပွင့်လာလေသည်။ သူ လင်းလော့ချင်းကို ပေးထားသည့် ရှားစောင်းပင်လေးက ပန်းပွင့်လာခဲ့လေသည်။
လင်းဖေး အလွန်ပျော်ရွှင်နေသည့်အတွက် လင်းလော့ချင်းနှင့် ပိုနီးကပ်ချင်ခဲ့သည်။ ထို့ကြောင့် ဤလက်လုပ်ရွှေဖီးနစ်ဆုလေးကို ထုတ်ပေးခဲ့ခြင်းဖြစ်လေသည်။
“ဒါ ကျွန်တော် ပေးတဲ့ဆု…သူတို့က ပါးပါးကို ကြိုက်လို့ ပါးပါးကို ဆုပေးတယ်…ဒါက ကျွန်တော်ပေးတဲ့ဆုပဲ…’’
ကျွန်တော် ပါးပါးကို ကြိုက်လို့ပေးတဲ့ဆုပဲ…
ထိုနောက်ဆုံးစကားကိုမူ သူ မပြောပြခဲ့ပေ။
သို့သော် လင်းလော့ချင်းက ယင်းကို နားလည်လောက်ပေသည်။
လင်းလော့ချင်းက လင်းဖေးကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“အိုကေ…ဒီလိုဆို ပါးပါးမှာ ဆုနှစ်ဆုတောင်ရှိပြီ…ပါးပါး အရမ်းပျော်တာပဲ…”
လင်းဖေးက လင်းလော့ချင်းကို ကြည့်ကာ မျက်နှာထက်၌ အပြုံးတစ်ပွင့်ဖြစ်တည်လာလေသည်။
“ဒီဆုနှစ်ဆုထဲက ပါးပါး ဘယ်ဆုကို ပိုကြိုက်တယ်ထင်လဲ…”
လင်းလော့ချင်း မေးလိုက်သည်။
လင်းဖေးက တုံ့ဆိုင်းမှုမရှိစွာ ပြန်ဖြေလိုက်သည်။
“အစစ်ကို ပိုကြိုက်တာပေါ့…”
လင်းလော့ချင်း ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး…သား ပေးတဲ့ဟာကို ပိုကြိုက်တာ…ဘာလို့လဲသိလား…”
လင်းဖေး :’လင်းလော့ချင်းက သူ့ကို အကြိုက်ဆုံးဖြစ်လို့ သူ့ဆုကို ပိုကြိုက်တာလား…’’
“ဘာလို့ဆို ဒါက သားပေးထားတာမို့လို့ပဲ…နိုင်ငံခြားကနေ ရခဲ့တဲ့ဆုက တခြားလူတွေလည်း ရဖူးတယ်…အရင်ကလည်း ရဖူးတယ်…အခု ပါးပါး ရတယ်…နောက်ကြရင်လည်း တခြားလူတွေကထပ်ရဦးမှာ…သားပေးတဲ့ဆုကြတော့ ပါးပါးတစ်ယောက်တည်းအပိုင်လေ…ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး…”
လင်းဖေး၏နားရွက်များက နီရဲလာပြီး အလျင်စလိုပြောလိုက်သည်။
“ကျွန်တော် စာအုပ်သွားဖတ်တော့မယ်…”
ပြောပြီးနောက် သူ့အခန်းဆီသို့ အမြန်ပြန်လိုက်လေသည်။
လင်းလော့ချင်းက ယင်းကို ပြုံးကာ ကြည့်နေလေသည်။
“ချစ်စရာကောင်းလိုက်တာ…”
ထို့နောက် လက်ထဲမှဆုကို နမ်းလိုက်ပြီး အခန်းထဲ ပြန်၀င်လိုက်သည်။
လင်းလော့ချင်းနှင့်လင်းဖေးတို့ အခန်း၀တွင် ရပ်ကာ စကားပြောနေကြသည်မှာ ကြာနေပြီဖြစ်သောကြောင့် ကျိယွီရှောင် သွားကြည့်ရန်လုပ်စဉ် လင်းလော့ချင်းက ပျော်ရွှင်စွာ လျှောက်လာလေသည်။
“ဘာဖြစ်လို့လဲ…ဖေးဖေးက ဘာလုပ်လိုက်ပြန်ပြီလဲ…”
ကျိယွီရှောင် မေးလိုက်သည်။
လင်းလော့ချင်းက လက်ထဲမှ ကတ္ထူဆုလေးကို ကျိယွီရှောင်မျက်လုံးရှေ့ ဝှေ့ယမ်းပြလိုက်သည်။
“လှလား…”
ကျိယွီရှောင် အံ့ဩသွားလေသည်။
“ဖေးဖေး လုပ်ထားတာလား…”
လင်းလော့ချင်း ကူရာမဲ့စွာ ပျော်ရွှင်နေ၏။
“ဟုတ်တယ်…သူက ငါ ဆုမရလို့ ၀မ်းနည်းသွားမှာကို စိုးရိမ်ပြီး ငါ့ကို နှစ်သိမ့်ပေးဖို့ လုပ်ခဲ့တာဖြစ်မယ်…”
“သူက ပြောတယ်…သူတို့ ငါ့ကို ကြိုက်လို့ ဆုပေးတာတဲ့…ပြီးတော့ ဒီဆုက သူပေးတာတဲ့…”
လင်းလော့ချင်း ရယ်မောလိုက်သည်။
“သူက ရှက်လို့ ရှင်းရှင်းလင်းလင်း မပြောတာ…သူ ငါ့ကို ကြိုက်လို့ ဒီဆုကို ပေးတာလို့ ပြောချင်တာသိသာတယ်…”
“ဖေးဖေးက ကလေးတွေကြားက ဘုရင်ပဲ…ကလေးတွေကြားမှာ ချွန်ထွက်နေတဲ့သူ…”
ကျိယွီရှောင် ပြောလိုက်သည်။
“အမှန်ပဲ…”
လင်းလော့ချင်း ပြောလိုက်သည်။
ထို့နောက် လင်းလော့ချင်းက လက်လုပ်ကတ္ထူရွှေဖီးနစ်ဆုကို ဓာတ်ပုံရိုက်လိုက်ပြီး WeChat momentပေါ်တွင် တင်လိုက်သည်။
ထို့အပြင် ဝူရှင်းယွမ် ၊ ဒါရိုက်တာလီနှင့် ၀မ်ကျစ်မင်တို့ထံလည်း wechatမက်ဆေ့ခ်ျများ ပို့လိုက်လေသည်။
[ချစ်စရာမကောင်းဘူးလား…ကျွန်တော် ဆုမရလို့ ၀မ်းနည်းသွားမှာကို စိုးရိမ်ပြီး နှစ်သိမ့်ပေးဖို့ လုပ်ထားတဲ့ဆုလေး…]
ဒါရိုက်တာလီ :[ချစ်စရာကောင်းတယ်…အရမ်းချစ်စရာကောင်းတယ်…]
ဝူရှင်းယွမ် :’လင်းလော့ချင်းက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်နေလဲ တကယ်သိချင်မိတယ်…’
လင်းဖေးနဲ့သူ့ကလေးတွေက တစ်လိုင်းတည်း မရှိသလိုပဲ…
၀မ်ကျစ်မင်၏တုံ့ပြန်မှုက ပိုတည့်တိုးဆန်လေသည်။ သူက ဘေးတွင် ရှိနေသည့် သူ့တူလေးကို မေးလိုက်သည်။
“ဟေ့…မင်း ဒီလိုမျိုး လုပ်တတ်လား…”
တူလေး :”???”
မြတ်စွာဘုရား…
ထပ်လုပ်ပြန်ပြီလား…
အချင်းချင်း နှိုင်းယှဉ်တာ မကောင်းဘူး…
သူက သာမာန်မူလတန်းကျောင်းသားလေးပါ…
ဘာလို့ အပိုအိမ်စာတွေ လုပ်နေရတာလဲ…
ဝူး…ဝူး…
ယနေ့ ၀မ်ကျစ်မင်၏တူလေးက ဘုရင်လင်းဖေးကြောင့် ဒုက္ခရောက်ရပြန်ပြီဖြစ်၏။
***
လင်းလော့ချင်းက ကြွားဝါပြီးနောက် ကျေနပ်သွားသည်။
ညနေတွင် မိသားစုလေးယောက် အတူတူ ညစာစားနေကြစဉ် လင်းလော့ချင်းက ကျိလဲ့ယွီ၏ပန်းကန်ထဲသို့ ဟင်းအချို့ ခပ်ထည့်ပေးလိုက်သည်။
ထိုအခါ ကျိလဲ့ယွီက တစ်စုံတစ်ခုကို ရုတ်တရက် ရှာတွေ့သွားပြီး လင်းလော့ချင်း၏လက်ကို စိုက်ကြည့်လိုက်၏။
"ပါးပါး လက်စွပ်၀တ်ထားတယ်..."
လင်းလော့ချင်း :"..."
သူ လက်ရုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြန်ပြောလိုက်၏။
"ဘာလို့လဲ...၀တ်လို့ မရလို့လား..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"အရင်က မ၀တ်ဖူးလို့လေ...ပြီးတော့ လက်သူကြွယ်မှာ ၀တ်ထားတာလေ..."
ထို့နောက် တစ်စုံတစ်ခုကို သိသွားပြီး ကျိယွီရှောင်နှင့်လင်းလော့ချင်းကို ကြည့်လိုက်ကာ ချိုမြိန်စွာ ပြုံးပြလိုက်သည်။
"ဒယ်ဒီ ပေးထားတာလား..."
ကျိယွီရှောင်က ထိုစကားကြောင့် ရှက်ရွံ့သွားပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရာ လင်းဖေးက သူ့ကို စိုက်ကြည့်နေ၏။
လင်းလော့ချင်း ချောင်းဟန့်လိုက်ပြီး ကျိလဲ့ယွီကို ပြောလိုက်သည်။
"သားက တော်တော်သိတာပဲ..."
"သားအမေ ပြောပြတာ...သူက ပြောတယ် သားအဖေပေးထားတဲ့ လက်စွပ်တွေကို လက်သူကြွယ်မှာပဲ ၀တ်ရတာတဲ့...ပြီးတော့ သားအဖေပေးတဲ့ လက်စွပ်တွေကိုပဲ အမေက ၀တ်တာတဲ့..."
ကျိယွီရှောင် ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်...ဒယ်ဒီ ပေးထားတာ..."
ထိုစကားကို ကြားသောအခါ ကျိလဲ့ယွီ၏မျက်လုံးများ ကွေးညွှတ်သွားပြီး ညစာဆက်စားလိုက်သည်။
လင်းဖေးက လက်သူကြွယ်တွင် လက်စွပ်၀တ်ရသည့်အဓိပ္ပာယ်ကို မသိသောကြောင့် လင်းလော့ချင်းကို မေးလိုက်သည်။
"ဘာလို့ လက်သူကြွယ်မှာ ၀တ်ရတာလဲ..."
ထိုအခါ ကျိလဲ့ယွီက ကြားမှ ဂုဏ်ယူစွာ ပြန်ဖြေလိုက်၏။
"ကိုကိုက မသိဘူးပဲ...လက်သူကြွယ်မှာ လက်စွပ်၀တ်ရင် လက်ထပ်တော့မှာ ဒါမှမဟုတ် လက်ထပ်ပြီးပြီလို့ ဆိုလိုတာ..."
လင်းဖေး နားလည်သွားသည်။
လင်းလော့ချင်းနဲ့ကျိယွီရှောင်က လက်ထပ်ပြီးပြီပဲ...
ထိုအခါ လင်းဖေးက တစ်စုံတစ်ခုကို တွေးမိသွားပြီး မေးလိုက်သည်။
"ဘာလို့ အရင်က မ၀တ်ခဲ့တာလဲ..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက ကျိယွီရှောင်ကို လှည့်ကြည့်သောအခါ ကျိယွီရှောင် ရှင်းပြလိုက်၏။
"ဘာလို့ဆို...ဒယ်ဒီက ပါးပါးအတွက် လက်စွပ်ကို ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး ကိုယ်တိုင် လုပ်ပေးချင်တာ...အဲ့ဒါ အခုမှပြီးလို့ အခုမှ ပေးရတာ..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး လင်းလော့ချင်း၏လက်ကို ပြန်ကြည့်လိုက်သည်။
လင်းလော့ချင်း လက်ဆန့်ထုတ်လိုက်ပြီး ကလေးများကို အနီးကပ်ကြည့်ခိုင်းလိုက်၏။
ကျိလဲ့ယွီလည်း ချက်ချင်းအပြေးလာကြည့်စဉ် လက်စွပ်ပေါ်မှ တိမ်တိုက်လေးကို တွေ့လိုက်ရလေသည်။
"တိမ်လေးပဲ..."
"ဟုတ်တယ်..."
"ဒယ်ဒီက တိမ်လေးပဲ...ရှောင်ဆိုတာက တိမ်ကို ဆိုလိုတာ..."
"သား သိတာပဲ..."
"ဒယ်ဒီက သားကို ပြောပြဖူးတယ်...သား မှတ်မိတာပေါ့..."
"သားက အံ့ဩစရာကောင်းလိုက်တာ..."
လင်းလော့ချင်း ချီးကျူးလိုက်သည်။
ကျိလဲ့ယွီ ပြုံးလိုက်ပြီး လက်စွပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အရမ်းလှတာပဲ..."
"သားလိုချင်ရင် သားဒယ်ဒီကို လုပ်ခိုင်းလိုက်မယ်လေ..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"မလိုပါဘူး...ပါးပါး ၀တ်ထားမှတော့ ဒါက ပါးပါးပဲ ပိုင်တဲ့တိမ်လေးပဲ..."
လင်းလော့ချင်း :'တော်တော် နောက်တတ်တဲ့ကလေး...'
ကျိယွီရှောင်က ကျိလဲ့ယွီကို ပြုံးကာ ကြည့်လိုက်သည်။
သူ့နာမည်သုံးလုံး၏အဓိပ္ပာယ်ကို ကျိလဲ့ယွီအား ပြောပြခဲ့ဖူးသည်။ ယင်းကို ကျိလဲ့ယွီ မှတ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ထက်မြက်ပြီး ဂရုစိုက်တတ်တဲ့ကလေးပဲ...
ထို့နောက် သူက လင်းလော့ချင်းနှင့်သူ့၏ မင်္ဂလာပွဲကို တွေးလိုက်လေသည်။
အဲ့အချိန်ရောက်ရင် ရှောင်ယွီနဲ့ဖေးဖေးက ပန်းကြဲရတဲ့ ကလေးတွေဖြစ်မှာ...
သူ့အစ်ကိုနှင့်မရီး၏မင်္ဂလာပွဲတွင် ပန်းကြဲရန်မိန်းကလေးနှစ်ယောက်အား ရှာဖွေခဲ့ရသည်။ ထိုအချိန်က လင်းဖေးနှင့်ကျိလဲ့ယွီ မရှိကြသေးချေ။
အခန်းထဲသို့ ပြန်ရောက်သောအခါ ကျိယွီရှောင်က လင်းလော့ချင်းကို သူ့အတွေးအား ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းလော့ချင်းက ၀တ်စုံပြည့်၀တ်ထားကာ အေးစက်သည့်မျက်နှာဖြင့် ပန်းခြင်းတောင်းကိုင်ထားသည့် လင်းဖေးကို မြင်ယောင်မိသွားလေသည်။
တော်တော် ချစ်ဖို့ကောင်းနေမှာ...
"အိုကေ...မင်္ဂလာဓာတ်ပုံ ရိုက်တဲ့အချိန်ကြရင် ကလေးနှစ်ယောက်ကိုပါ ခေါ်သွားရအောင်...အဲ့ဒါဆို ငါတို့ မိသားစုဓာတ်ပုံပါ တွဲရိုက်လိုက်လို့ရတယ်..."
မိသားစုဓာတ်ပုံကို လက်ထပ်လက်မှတ်မရမီက ရိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ထပ်မံရိုက်ရန် သင့်တော်လေသည်။
"ကောင်းပြီ..."
ကျိယွီရှောင် သဘောတူလိုက်သည်။
သို့သော်လည်း ဤအရာများအားလုံးကို လူသိရှင်ကြား တရား၀င်ကြေညာပြီးမှ ရနိုင်လေသည်။
မကြာမီပင် ကျိယွီရှောင်နှင့်လင်းလော့ချင်းတို့ စောင့်မျှော်နေသည့် ချီရှီပွဲတော်က နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။
ချီရှီပွဲတော်၏ညသန်းခေါင်ယံအချိန်တွင် လင်းလော့ချင်း ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်လိုက်သည်။
[လက မိုးမခပင်ထက်မှာ သာနေတယ်...ကျိယွီရှောင်နဲ့ ချိန်းတွေ့နေကြပြီ...]
အောက်တွင် သူနှင့်ကျိယွီရှောင်၏ ဆယ်ဖီပုံပါ ပူးတွဲတင်လိုက်သည်။
ကျိယွီရှောင်က ထိုပို့စ်ကို လျင်မြန်စွာ ပြန်တင်လိုက်သည်။
[ချီရှီပွဲတော်မှာ လင်းလော့ချင်းနဲ့ ချိန်းတွေ့နေပါပြီ...]