အပိုင်း ၃၀၁
Viewers 87k

Chapter 301



တစ်ညနေခင်းလုံး ရိုက်ကူးရေး ပြုလုပ်ပြီးနောက် လင်းလော့ချင်းက ထမင်းစားနားချိန်တွင် သူ့၏ မိတ်ကပ်ပြင်ထားသည့် ဓာတ်ပုံများကို ကျိယွီရှောင်ထံ ပို့လိုက်သည်။ 


ကျိယွီရှောင်က တစ်ချက်ကြည့်ကာ အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။ 

"ကျောင်းက အချောဆုံး ဆင်းရဲတဲ့ ကျောင်းသားလေးပေါ့..."


"ဆင်းရဲတဲ့ ကျောင်းသားလေးပါပဲ..."


"မင်းလို ကျောင်းသားတွေ အတွက်ဆို အချောဆုံးကျောင်းသား ဘယ်လိုလုပ်ပြီး မဖြစ်နိုင်ရမှာတုန်း... မင်းက အချောဆုံး ကျောင်းသားပဲဖြစ်ရမယ်..."


လင်းလော့ချင်းက သူဤသို့ဖြစ်နေသည်ကိုမြင်ကာ ရယ်မောလိုက်သည်။ ကျိယွီရှောင်၏ စကားပြောစွမ်းရည်က အတန်ပင် နက်ရှိုင်းသည်ဟု ခံစားလိုက်ရသည်။ 


သူက ကျိယွီရှောင်နှင့် စကားအနည်းငယ် ပြောကာ ရိုက်ကူးရေးသို့ ပြန်သွားလိုက်သည်။ 


လင်းလော့ချင်း နောက်ဆုံးတွင် အလုပ်သိမ်းပြီး ဟိုတယ်သို့ အနားယူရန် ပြန်သွားသည့်အချိန်မှာ ည၁၀နာရီထိုးပြီ ဖြစ်၏။ 


သူက မနက်ဖြန်မနက်ခင်းတွင် အဓိက ရိုက်ကွင်းတစ်ခုရှိသေး၍ သူကျိယွီရှောင်နှင့် ဗီဒီယိုကော မခေါ်ဖြစ်သည့် ရှားပါးလှသော ညတစ်ညဖြစ်သည်။ သူတို့က စကားအနည်းငယ်သာ အပြန်အလှန်ပြောလိုက်ပြီး ရေချိုးကာ အနားယူလိုက်သည်။ 


နောက်တစ်နေ့ မနက်ခင်း စောစောတွင် ကောင်းကင်က တောက်ပနေသည်။ မနက်ခင်း နေမင်း၏ အလင်းက တိမ်များကို ဖောက်ထွက်ကာ အဝါရောင် မြေပြင်ပေါ်သို့ ကျရောက်နေသည်။ ကောင်းကင်နှင့် မြေကြီး၏ ဆုံချက်တွင် ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ 


အဖြူရောင် ရှပ်အင်္ကျီလက်တို၊ အပြာရောင် ဂျင်းနှင့် နက်မှောင်နေသော ဆံပင်များက ကခုန်နေသော အလင်းကို ညင်သာစွာ သယ်ဆောင်နေသည်။ သူ့နောက်တွင် ကောင်းကင်၏ အလင်းရှိကာ သူက လင်းလက်ခြင်း၊ လှပခြင်းနှင့် တောက်ပခြင်းတို့မှ ရောက်ရှိလာပုံရ၏။ 


ဤသည်က ယဲ့ယွီ ပရိသတ်ရှေ့သို့ ပထမဆုံးအကြိမ်အဖြစ် ပေါ်လာသည့် သွင်ပြင်ဖြစ်သည်။ 


ယွီကျားယုံက အလင်းကို အခြေခံကာ ဤအခန်းကို အကြိမ်များစွာ ရိုက်ကူးခဲ့သည်။ နောက်ဆုံးတွင် သူက လင်းလော့ချင်းကို လာကြည့်ရန် ခိုင်းလိုက်သည်။ 


လင်းလော့ချင်းက သိလိုစိတ်အပြည့်နှင့် အနားကပ်ကာ ကင်မရာထဲရှိ သူ့ကိုယ်သူကြောင့် မမျှော်လင့်ထားပဲ အံ့အားသင့်သွားလေသည်။ 


ယွီကျားယုံ၏ ဓာတ်ပုံအရည်အချင်းမှာ အမှန်ပင် ကောင်းမွန်လှသည်။ ရိုက်ကွင်းတစ်ခုလုံး၏ ဖွဲ့စည်းပုံက ရိုးရှင်းကာ သန့်ရှင်းသည်။ အပြာရောင် ကောင်းကင်မှာ လှလှပပ စီခြယ်ထားပြီး ကြီးမားလှသည့် အရောင်အဝါတစ်ခုက အသားအရေကို အဖြူရောင်ခြယ်ထားပြီး သူ့အား သန့်စင်ကာ အပစ်ကင်းအောင် လုပ်ထားသည်။ သူက လောကကြီးထဲသို့ လျှောက်ဝင်လာသည့် သားတစ်ဦးသာဖြစ်သည်။ 


သူက "လှလိုက်တာ..."ဟု မရေရွတ်ပဲ မနေနိုင်ပါချေ။ 


"ဟုတ်တယ်..."

ယွီကျားယုံမှာ ဤအခန်းကို အလွန်ကျေနပ်နေသည်။ 

"ဒါနဲ့ မင်းဆေးလိပ်သောက်တတ်လား..."


လင်းလော့ချင်းက ခေါင်းခါပြလိုက်သည်။


"ကောင်းတယ်..."

ယွီကျားယုံက ခေါင်းညိတ်လိုက်သည်။ 

"အခုထိ မသင်သေးနဲ့ဦး... ယဲ့ယွီ ပထမဆုံး ဆေးလိပ်သောက်တဲ့ အခန်းအထိစောင့်ပြီး အဲ့ဒါပြီးသွားမှ သင်လိုက်..."


"ဟုတ်..."

လင်းလော့ချင်းက နာနာခံခံ ပြန်ဖြေလိုက်သည်။ 


သူက ယဲ့ယွီက ရုပ်ရှင်ထဲတွင် ပထမဆုံး ဆေးလိပ်သောက်သည်ကို သတိရသွားလေသည်။ သူက မီးခိုးသည်းပြီး အကြိမ်များစွာ ချောင်းဆိုးခဲ့သည်။ ရှန်းကျန့်နှင့် တခြားသူများက သူအား ဆေးလိပ်မသောက်တတ်၍ ရယ်ခဲ့သည်။ ယဲ့ယွီက စုပုတ်နေသော မျက်နှာဖြင့် ဆေးလိပ်ဆက်သောက်ခဲ့၏။ 


သူက ထပ်၍ ဆိုးဆိုးဝါးဝါး ချောင်းဆိုးပြီး မျက်ရည်များပင် ထွက်လာတော့သည်။ 


ရှန်းကျန့်နှင့် တခြားများက ပို၍ ကျယ်ကျယ် ရယ်မောလိုက်သည်။ ယဲ့ယွီက သူတို့ရယ်သံကိုကြားပြီး သူကိုယ်တိုင်လည်း ရယ်လိုက်သည်။ မျက်ရည်များ မခြောက်သေးသော်လည်း သူက နှလုံးသားမရှိသကဲ့သို့ ရယ်မောနေခဲ့သည်။ 


ထိုနေ့မှစပြီး သူက လူတိုင်းနှင့်အတူ ကောင်းကောင်း လိုက်ရယ်တတ်သွား၏။ 


တခြားအကြောင်းပြချက်မရှိပေ။ တခြားသူများက ရယ်နေ၍ ဖြစ်သည်။ 


ယွီကျားယုံက ထိုအခန်းကို ပို၍သဘာဝကျစေရန် သူပထမဆုံး ဆေးလိပ်သောက်သည်ကို အမှန်အကန် ရိုက်ကူးလိုခြင်းမှာ သိသာလှသည်။ ထို့ကြောင့် သူက လင်းလော့ချင်းကို ဆေးလိပ်သောက်မသင်ခိုင်းခြင်းပင်။ 


လင်းလော့ချင်းမှာလည်း သည်းခံထားလိုက်သည်။ ဤသည်မှာ ယဲ့ယွီ ပထမဆုံးအကြိမ်အဖြစ် ဆေးလိပ်သောက်ခြင်းက သူစီးကရက်နှင့် ပထမဆုံး ထိတွေ့ရန်ဖြစ်၍ပင်။ 


သူက ယဲ့ယွီကဲ့သို့ အဆက်မပြတ်ချောင်းဆိုးခဲ့လေသည်။ 


ရှန်းကျန့်က သူ့ကို ဤသို့ဖြစ်နေသည်ကို ကြည့်ကာ ရယ်လိုက်သည်။ သူက ယဲ့ယွီကို ပခုံးဖက်ကာ သူ့ကို ရယ်လိုက်သည်။ 

"မင်းက ဆေးလိပ်တောင် မသောက်တတ်ဘူးလား... မင်းက စာမေးပွဲ ဖြေဖို့ပဲ သိတာပေါ့... သူဘာလို့ စာမေးပွဲမအောင်တာလဲ အံဩစရာမရှိတော့ပါဘူး..."


ယဲ့ယွီက စိတ်ထဲတွင် နေရခက်ပြီး ရှက်ရွံ့စွာ နားထောင်လိုက်သည်။ သူက ခေါင်းငုံ့ကာ ဆေးလိပ်ဆက်သောက်ရန်သာ တတ်နိုင်ပေသည်။ 


သူက မကြာမီတွင် ထပ်မံ ချောင်းဆိုးကာ ရှန်းကျန့်၏ရယ်သံက သူ့နားထဲတွင် ပဲ့တင်ထပ်နေလေသည်။


သူက ဒေါသထွက်နေပုံရပြီး လက်ထဲမှ ဆေးလိပ်ကို ဆက်သောက်နေသည်။ သို့သော် သူအလွယ်တကူ သောက်ချင်လေလေ ပို၍ ခက်ခဲလာလေလေဖြစ်သည်။ ဆေးလိပ်မီးခိုးများက သူ့လည်ပင်းကို ကြမ်းကြမ်းတမ်းတမ်း သည်းသွားပြီး ပိုပို၍ ချောင်းဆိုးလာတော့သည်။ သူက မျက်ရည်များပင် ကျလာတော့သည်။ 


ရှန်းကျန့်၏ ညီလေးက ထူးဆန်းစွာ ဆိုလိုက်သည်။ 

"သူက မျက်ရည်ကျအောင်ကို ချောင်းဆိုးနေတာပေါ့... ဟားဟားဟား..."


ရှန်းကျန့်က ၄င်းကိုမြင်ကာ အမှန်ဖြစ်သိကို သိသွားရာ ချက်ချင်းပင် ပို၍ ကျယ်ကျယ် ရယ်လိုက်သည်။ "မင်းဘာလို့ အဲ့လောက် တုံးတာလဲ..."

ယဲ့ယွီသည်လည်း တွေးနေလေသည်။ 

'ဟုတ်တယ်... ငါက ဘာလို့ အဲ့လောက်တုံးနေရတာလဲ...'


သူက သူ့ပတ်ဝန်းကျင်မှ ရယ်မောနေသော မျက်နှာများကို ကြည့်ကာ သူတို့နှင့်အတူ စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ခပ်တိုးတိုး လိုက်ရယ်လိုက်သည်။ 


လူတိုင်းက ရယ်မောကာ တောက်ပသော ကောင်းကင်က ပျော်ရွှင်သော ရယ်သံများနှင့် ပြည့်နှက်နေလေသည်။ 


လင်းလော့ချင်းက ထိုအခန်းကို ကောင်းကောင်းရိုက်ကူးနိုင်ခဲ့သည်။ အထူးသဖြင့် ဆေးလိပ်သောက်ပြီး မျက်ရည်ကျသည်အထိ ချောင်းဆိုးကာ နောက်ဆုံးတွင် အများအပြားရယ်သောအပိုင်းဖြစ်သည်။ 


သူက သနားစရာကောင်းလှသည်။ 


ကြည့်ရှုသူအများအပြားမှ မနေနိုင်ပဲ မျက်ရည်ကျမိတော့သည်။ 


လင်းလော့ချင်း၏ လည်ချောင်းက နာကျင်နေကာ သူက ဝူရှင်းယွမ်ကမ်းပေးသည့် ရေကို များစွာသောက်လိုက်သော်လည်း သူ့လည်ချောင်းက သက်သောင့်သက်သာမခံစားရဆဲပင်။ 


ဝူရှင်းယွမ်က သူ့အား ငုံဆေးပြားများ ထပ်ပေးလိုက်သည်။


လင်းလော့ချင်းက သူ့လက်ထဲမှ စီးကရက်ကို ကြည့်လိုက်သည်။ သူက အမှန်တွင် ဆေးလိပ်သောက်ရသည်ကို မကြိုက်သလို ဆေးလိပ်လည်း မသောက်ခဲ့ဖူးပေ။ 


သို့သော် ဤကဲ့သို့ သရုပ်ဆောင်ရသည့်အခါ သူကြိုက်သည်မကြိုက်သည်က အရေးမပါလှပေ။ ဇာတ်လမ်းထဲမှ ဇာတ်ကောင်က ဆေးလိပ်သောက်ရန် လိုအပ်၍ သူမကြိုက်လျှင်ပင် သောက်ရန် လိုအပ်သည်။ 


လင်းလော့ချင်း သူညပိုင်းတွင် ဆေးလိပ်သောက်ရသည့် အခန်းတစ်ခု ပါသည်ကို သတိရသွားသည်။ သူက လက်ထဲမှ ဆေးလိပ်ကို မြှောက်ကာ ဆက်လက် လေ့ကျင့်နေလိုက်သည်။ 


ဝူရှင်းယွမ်က သူ့ဘေးတွင် ထိုင်ချကာ ဆေးလိပ်သောက်နည်း သင်ပေးနေသည်။ 


စီးကရက်သောက်ပြီးနောက် လင်းလော့ချင်းက နောက်ထပ် တစ်လိပ်သောက်ကာ ခံစားချက်ကို တဖြည်းဖြည်း ရှာတွေ့သွားလေသည်။ 


ဤသည်က ဆေးလိပ်သောက်ခြင်းနှင့် ယဲ့ယွီ၏ ခံစားချက်ဖြစ်သည်။ 


သူက ထိုအချိန်က ယဲ့ယွီ၏ ခံစားချက်က မည်သည့် အမျိုးအစားဖြစ်သည်ကို စတင် နားလည်စပြုလာလေသည်။ 


အမှန်တကယ်တွင် ၄င်းက ခံစားချက်မဟုတ်ပေ။ သူ့ကံတရားကို အရှုံးပေးလိုက်ခြင်းသာဖြစ်သည်။ 


အချိန်အကြာကြီး အလုပ်ကြိုးစားခဲ့သော လူတစ်ယောက်ကို သူ့၏ ကံတရားအား အတင်းအကြပ် လက်ခံခိုင်းရန်မှာ ဆန္ဒကင်းမဲ့ကာ ရက်စက်လွန်းပေသည်။ 


ယဲ့ယွီက တစ်ညလုံး ဆေးလိပ်သောက်ကာ သူ့ကံတရားကို လက်ခံရန်အဆက်မပြတ် ခွင့်ပြုလိုက်သော်လည်း မသိစိတ်က လက်မခံလိုပေ။ 


၄င်းမှာ ဆေးလိပ်ကုန်သွားပြီး မီးများပွင့်လာကာ ယဲ့ယွီသူ့ကံတရားကို အရှုံးပေးသည့် အချိန်မတိုင်ခင်အထိ မဟုတ်ပါပေ။ 


ဤအခန်းက ရုပ်ရှင်တစ်ခုလုံးတွင် သူ့၏ စိတ်ဝင်စားဖွယ် အကောင်းဆုံး အခန်းဖြစ်သည်။ 


ယွီကျားယုံက ရိုက်ကွင်းအတွက် နေရာပင် ရွေးပြီးပြီဖြစ်သည်။ ယဲ့ယွီက အနက်ရောင် ဂျာကင်တစ်ထည်ကို မကြာခဏ ဝတ်လေ့ရှိသည့် အဖြူရောင် လက်တိုရှက်အင်္ကျီအပေါ်မှ ထပ်ကာ ဝတ်ဆင်ထားသည်။ သူက အဖြူမှ အမဲသို့ အလင်းမှ အမှောင်သို့ ပြောင်းလဲ သွားခြင်းပင်။ 


ညရောက်သည့်အခါ အိမ်ထဲမှ မီးများပွင့်လာပြီး အိမ်ပြင်တွင် မီးပွားများ တောက်ပနေသည်။ 


ခြံစည်းရိုးထဲတွင် ပန်းများပွင့်နေသော ခြံငယ်လေး တစ်ခုရှိနေသည်။ 


ယဲ့ယွီက တံခါးတွင် ထိုင်ပြီး ကောင်းကင်မှ ကြယ်များကိုကြည့်ကာ သူ့လက်ထဲမှ စီးကရက်ကို တဖြည်းဖြည်း သောက်နေလိုက်သည်။ 


မီးတောက်၏ အနီရဲရဲ အရောင်က ပိန်းပိတ်အောင် မှောင်မဲနေသည့် ညကောင်းကင်ယံကို တောက်ပနေသော ကြယ်များ သို့မဟုတ် ပွင့်နေသည့် ပန်းများကဲ့သို့ အလှဆင်နေသည်။ 


ယဲ့ယွီက ဆေးလိပ်တစ်လိပ်ကို တိတ်တဆိတ် သောက်နေစဉ်တွင် သူ့၏ မျက်လုံးများထဲတွင် ခံစားချက်မရှိပဲ ဗလာကျင်းနေလေသည်။ 


ယွီကျားယုံက ကင်မရာထဲမှ လူကိုကြည့်ကာ ရုတ်တရက် ဖော်မပြတတ်သည့် စိတ်မသက်သာမှုကို ခံစားလိုက်ရသည်။ သူက ဤအခြေအနေအထိ ရောက်လာသည့် ယခင်က သူ့ကိုယ်သူ တွေးနေဟန်ရပြီး ကံကောင်းစွာပင် နင်းယွီနှင့် တွေ့ခဲ့ရသည်။ 


ကံကောင်းသည်က နင်းယွီက သူ့လက်လျော့ခါနီး အချိန်တွင် သူ့ကို လက်ကမ်းပေးခဲ့သည်။ 


သူ့အကြည့်က လင်းလော့ချင်းအပေါ်တွင် ထပ်မံ အာရုံစိုက်သွားပြီး လင်းလော့ချင်းက ဆေးလိပ်ကို တိတ်ဆိတ် တည်ငြိမ်စွာ သောက်နေလေသည်။ သူက တစ်စုံတစ်ခုကို တွေးနေသကဲ့သို့ ဆေးလိပ်ကို အလွန်နှေးကွေးစွာ သောက်နေ၏။ သို့သော် သူက ဘာမှတွေးမနေဟန်လည်း ရပြန်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အထီးကျန်မှု အလွှာပါးပါး တစ်ခုရှိနေသည်။ 


တဖြည်းဖြည်းနှင့် သူက လှုပ်ရှားခြင်းကို ရပ်တန့်လိုက်ပုံရပြီး ဆေးလိပ်ဖင်ခံမှ အနီရဲရဲ မီးတောက်သည်လည်း ငြိမ်းသက်သွားကာ သူက လူသားတစ်ယောက်ဖြစ်နေဆဲကို ပြသနေသည်။


သူ့မျက်လုံးများမှ မျက်ရည်ကြည်တစ်ကြောင်း ကျဆင်းသွားသော်လည်း မည်သူမှမသိပါပေ။ သူက ခေါင်းငုံ့ကာ သက်ပြင်းချလိုက်သည်။ သူက မျက်ရည်သုတ်ရန် လက်တစ်ဖက်မြှောက်လိုက်ပြီး ပြုံးရန်အတွက် သူ့နှုတ်ခမ်းကို ခွဲခွာလိုက်သည်။ 


အပြုံးက စိတ်အေးစေကာ အလွန်ကြည်လင်လှသော ဖန်သားပြင်ပေါ်တွင် လှပပြီး စွမ်းအားကင်းမဲ့နေသည်။ 


သူက ပြုံးကာ ရယ်လိုက်ပြီး ထပ်မံ ငိုကြွေးကာ နောက်ထပ် ရယ်မောလိုက်ပြန်သည်။ 


သူက တခြားသူများ သူ့မျက်နှာကို မြင်ခြင်းမှ တားဆီးရန် ခေါင်းငုံ့လိုက်သည်။ လူငယ်လေးတစ်ယောက် ရှိခဲ့ဖူးသည် ဆိုခြင်းကို ပြသရန်အတွက် ဆေးလိပ်ဖင်ခံများသာ မြေပြင်တွင် ကျန်နေတော့သည်။ 


ယွီကျားယုံက သူ့မျက်လုံးများကို ပွတ်လိုက်သော်လည်း သူ့ကိုယ်သူ ငိုခွင့် မပြုခဲ့ပေ။ 


သူက ယဲ့ယွီနှင့် ပတ်သတ်သည့် အရာရာကို အလွန်နားလည်ကာ စာနာနိုင်သည်။ လင်းလော့ချင်း၏ သရုပ်ဆောင်နေစဉ် အသိတရားများက အလွန်တိကျလှ၍ ဤရုပ်ရှင်ရိုက်ကူးနေရင်း လင်းလော့ချင်းကြောင့် ရင်ထဲထိသွားလေသည်။ 


ကံကောင်းသည်က သရုပ်ဆောင်သည်မှာ သူကိုယ်တိုင်မဟုတ်၍ပင်။ ယွီကျားယုံက သူသာသရုပ်ဆောင်ပါက အမှန်တကယ်ပင် မူးလဲသွားနိုင်သည်ဟု ခံစားလိုက်ရသည်။ 


သူက သူ့ကိုယ်သူ ဤမျှ မရက်စက်လိုပါပေ။ 


လင်းလော့ချင်းက ဤအခန်းကို ယွီကျားယုံ နားလို့ရပြီဟု မပြောမချင်း အကြိမ်ကြိမ်သရုပ်ဆောင်ခဲ့ရသည်။ နောက်ဆုံးတွင် သူက ထရပ်ကာ ငိုကြွေးခြင်းကြောင့် အနည်းငယ် နာကျင်နေသော သူ့မျက်လုံးများကို ပွတ်လိုက်သည်။ 


သူက ဤအခန်းကြောင့် နှစ်နာရီကျော် အကြိမ်ကြိမ် ငိုခဲ့ရသည်။ ယွီကျားယုံက သူ့မျက်လုံးများက မနက်ဖြန်မနက်တွင် နာနေမည်ကို မှန်းဆမိ၍ သူ့အား နေ့တစ်ပိုင်း အနားပေးလိုက်သည်။ ဤနည်းဖြင့် သူက မနက်ဖြန် မနက်ခင်းတွင် ကောင်းကောင်းနားနိုင်ပြီး နေ့လည်ခင်းတွင် ရိုက်ကွင်းသို့ ပြန်လာနိုင်ပေမည်။ 


လင်းလော့ချင်းက သဘာဝကျကျပင် နှုတ်ဆက်ကာ ဟိုတယ်သို့ အိပ်ရန် ပြန်လာခဲ့သည်။ 


သူက အိပ်မက်တစ်ခုမက်ခဲ့သည်။ အိပ်မက်ထဲတွင် ယွီကျားယုံက သူ့မျက်နှာကို ဖုံးထားကာ တံစက်မြိတ်အောက်တွင် ခါးခါးသည်းသည်း ငိုကြွေးနေခဲ့သည်။ လက်ထောက် ဒါရိုက်တာက သူ့ကို ကြောင်ငေးကြည့်နေသော်လည်း သူက ပိုပို၍ပင် ငိုကြွေးနေတော့သည်။ လက်ထောက်ဒါရိုက်တာက သူ့ကိုဆွဲရန်လျှောက်လာသော်လည်း ယွီကျားယုံကို သူ့လက်ကို ဖယ်ထုတ်ပစ်သည်။ သူက နောက်ပြန်လှည့်ကာ ဤအခန်းကို ထပ်ခါထပ်ခါ ပြန်လုပ်ခိုင်းနေသည်။ 


သူက ယဲ့ယွီ၏ အဝတ်အစားကို ဝတ်ထားပြီး ယဲ့ယွီနေရာတွင် သရုပ်ဆောင်နေကာ နာကျင်စိတ်ပျက်စွာ ငိုကြွေးနေပြီး ထိုအခိုက်အတန့်တွင် သူက ယဲ့ယွီဖြစ်သည်။ 


လင်းလော့ချင်းက နိုးလာသည်အထိ ကြောင်အနေဆဲဖြစ်သည်။ သူမနေ့ညက မက်ခဲ့သည့် အိပ်မက်က ဤစာအုပ်ထဲရှိ ယွီကျားယုံ၏ ဘဝဖြစ်ရမည်ဟု မှန်းဆလိုက်သည်။ သူက လက်လျော့ရန် ဆန္ဒမရှိပဲ မင်းသားတစ်ယောက်အနေဖြင့် ရုပ်ရှင်ထဲတွင် ဝင်သရုပ်ဆောင်နေလေသည်။ ယဲ့ယွီ၏ အတွေ့အကြုံမှာ အလွန်တူညီနေခြင်းသာဖြစ်သည်။ ယဲ့ယွီက သူ့ကံတရားကို လက်ခံလိုက်သည့်ညတွင် သူ့၏ စိတ်ပိုင်းဆိုင်ရာ အရံအတားက ပြိုကျသွားပြီး ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။ 


ကံကောင်းသည်ဟု လင်းလော့ချင်းက တွေးလိုက်သည်။ ယွီကျားယုံက ဤတစ်ကြိမ်တွင် ငိုစရာမလိုသည်က ကံကောင်းလှ၏။ 


သူက ထိုကဲ့သို့ စိတ်အခြေအနေဖြင့် ရိုက်ကွင်းသို့သွားရာ ယွီကျားယုံက ရှစ်ကျန်းကို အပြုံးတစ်ခုနှင့် သင်ပြပေးနေသည်ကို တွေ့လိုက်သည်။ 


ရှစ်ကျန်းက ရုပ်ရှင်ထဲရှိ လူမိုက် ရှန်းကျန့်၏ အရောင်အဝါ ရှိနေပြီးဖြစ်သည်။ သူက ပေါ့ပေါ့တန်တန်နိုင်ကာ အလေးအနက်ထားတတ်သည့် လူတစ်ယောက်နှင့် လုံးဝ မတူတော့ပေ။


သူက ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေပြီး သူ့ စာကြောင်းများကို အလွတ်ရွတ်နေသည်။ သူက ပါးစောင်ကို လျှာဖြင့်ထိုးပြီး သူ့မျက်လုံးများက မှေးကျဉ်းနေကာ အတန်ပင် မိုက်ကန်းဟန်ရနေသည်။ 


ယွီကျားယုံက မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး အော်ဟစ်လိုက်သည်။

"ပြုံးတဲ့အခါ ပိုပြီး မိုက်ကန်းကန်းနဲ့ ပေါ့ပြက်ပြက်ဖြစ်အောင် လုပ်လိုက်..."


ရှစ်ကျန်းက မျက်လုံးထောင့်မှ သူ့ကိုလှည့်ကြည့်ကာ စိတ်ပျက်စရာကောင်းသည်ကို ဖော်ပြလိုက်သည်။ 


ယွီကျားယုံက ကျေနပ်သွားသည်။

"အဲ့ဒါပဲ... အဲ့ဒါမှန်တယ်... ခဏနေ ရုပ်ရှင်စရိုက်ရင် ဒီလိုမျိုး ဖြစ်သင့်တာ..."


လင်းလော့ချင်းက တွေးလိုက်သည်။

'...ဟုတ်ပြီ... အခုဆို ဒါရိုက်တာယွီက အရမ်းပျော်နေတဲ့ ပုံရပြီ... သူ ဒီရုပ်ရှင်ကြောင့် သက်ရောက်မှုရှိမှာ စိတ်ပူစရာမလိုဘူး...'


သူက စိတ်အေးသွားသည်။ 


လင်းလော့ချင်းက အနီးနားရှိ ထိုင်ခုံပေါ်တွင် ထိုင်ကာ ယွီကျားယုံက ရှစ်ကျန်း၏ အခန်းရိုက်နေသည်ကို ကြည့်လိုက်သည်။ 


နွေရာသီ အငွေ့အသက်လေးက ဆောင်းဦးရောက်လာသည် လွင့်စင်သွားခဲ့သည်။ တစ်နေ့ထက်တစ်နေ့ ရာသီဥတုအေးသည်နှင့်အမျှ ဆောင်းရာသီသည်လည်း ရွာထဲသို့ မသိလိုက်ပဲ ရောက်ရှိလာလေသည်။ 


ကွေးယွီ့မှာ ရှင်းရီ၏ ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်သည့် ရုပ်ရှင်ဖြစ်သည်။ ဒါရိုက်တာဖြစ်စေ သရုပ်ဆောင်ပိုင်းဖြစ်စေ ၄င်းက ရှင်းရီနှင့် သက်ဆိုင်ပေသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ရှင်းရီကအဓိကအဖြစ် ပါဝင်ခဲ့သည်။ ဤသည်က ရိုက်ကူးရေးတွင် အာရုံစိုက်စရာများစွာမရှိဟု ဆုံးဖြတ်ပေးသည်။ 


လင်းလော့ချင်း၏ ထောက်ပံ့ပေးမှုဖြင့် ယွီကျားယုံက ပြောရေးဆိုခွင့်အရှိဆုံးဖြစ်နေသည်။


သူက သရုပ်ဆောင်များနှင့် အချိန်ဇယားများကို ဆုံးဖြတ်နိုင်ကာ ၄င်းက သူအလိုရှိသလို ဓာတ်ပုံများနှင့် ဇာတ်ကွက်များ အပြီးသတ်ရန် ခွင့်ပြုပေးသည်။ သူက နေ့စဉ် ရိုက်ကူးရေး လုပ်နေစဉ် သူ့အလုပ်ကို ပြီးပြည့်စုံအောင် စိတ်ရှည်လက်ရှည် အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ 


မကြာမီတွင် နှစ်သစ်ရောက်လာပြီး လင်းလော့ချင်းက နှစ်သစ်ကို ရိုက်ကူးရေး အဖွဲ့ထဲတွင် ကုန်ဆုံးကာ လူတိုင်းက အတူတကွ နှစ်သစ်ကို ကြိုဆိုကြသည်။ 


ကမ္ဘာသုံး ပြက္ခဒိန်တွင် နှစ်သစ်ရောက်လာသည်မှာ နွေဦးပွဲတော်မှာ သိပ်မလိုတော့ဟု ဆိုလိုခြင်းပင်။ 

ကျိလဲ့ယွီက လင်းလော့ချင်းကို ဖုန်းအရင်ခေါ်လိုက်ပြီး သူတို့၏ နောက်ဆုံးစာမေးပွဲက ဇန်နဝါရီ ၁၅ရက်နေ့ဟု ပြောလိုက်သည်။ 


သူ့၏ နှစ်ဝက်စာမေးပွဲရလာဒ်မှာ အလွန်ကောင်းမွန်ပြီး ဒုတိယနေရာကို ထိန်းသိမ်းနိုင်ကာ လင်းဖေးထက် နှစ်မှတ်သာလျော့လေသည်။ လင်းဖေးက အလွန်ကျေနပ်ကာ သူ့ကို မှတ်စုစာအုပ်တစ်အုပ်ပေးလိုက်သည်။ 


ကျိလဲ့ယွီက လင်းလော့ချင်းကို မေးလိုက်သည်။ 

"ပါးပါး... သားစာမေးပွဲပြီးရင် ပါးပါးနဲ့ တွေ့လို့ရမလား..."


"ရတာပေါ့..."

လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။ 


သူက အမှန်တကယ်ပင် ရိုက်ကူးရေး ပြီးလုပြီဖြစ်သည်။ သူက ယခုတွင် ရုပ်ရှင်၏ နောက်ဆုံးအခန်းရိုက်ကူးရန် နှင်းကျသည်ကို စောင့်နေခြင်းဖြစ်ပြီး ထို့နောက် ၄င်းကို အပြီးသတ်နိုင်၏။ 


ကျိလဲ့ယွီက ပျော်ရွှင်စွာ အံ့အားသင့်သွားပြီး လင်းဖေးကို လှည့်ကြည့်လိုက်သည်။ လင်းဖေးက ကျိလဲ့ယွီကို သတိပေးသည်မှာ သူမဟုတ်သကဲ့သို့ ဂရုမစိုက်သလို ဟန်ဆောင်နေလိုက်သည်။ 

"မင်း ပါးပါးကို ဖုန်းမခေါ်ရတာ ကြာပြီလေ... သူ့ကို ဖုန်းခေါ်ပြီး နောက်ဆုံးစာမေးဖြေတော့မှာလို့ ပြောရမဲ့ အချိန်ရောက်ပြီ..."


ကျိလဲ့ယွီက လင်းဖေးစိတ်ထဲတွင် ဘာတွေးနေသလဲ ဆိုသည်ကို ဂရုမစိုက်ပေ။ သူက လင်းဖေး၏ မျက်နှာပေါ်မှ အမြဲလိုလို မခြားနားသည့် အမူအရာနှင့် အသားကျနေလေပြီ။ သူက လင်းလော့ချင်းကို ချိုမြိန်စွာ ဆိုလိုက်သည်။ 

"အဲ့ဒါဆို သားတို့ ဒယ်ဒီနဲ့အတူ ပါးပါးပြန်လာတာကို စောင့်နေမယ်နော်..."


"ဟုတ်ပြီ..."

လင်းလော့ချင်းက ဆိုလိုက်သည်။ 

"အဲ့အချိန်ရောက်ရင် ပါးပါးပြန်လာပြီး သားတို့ကို နောက်ဆုံးစာမေးပွဲအတွက် ဆုပေးမယ်နော်..."


“ဟုတ်ကဲ့...”


ကျိလဲ့ယွီက စကားပြောပြီးနောက် ဖုန်းချကာ လင်းဖေးကိုပြောလိုက်သည်။ 

"ပါးပါးက သားတို့ စာမေးပွဲပြီးရင် သူနဲ့ တွေ့လို့ရတယ်လို့ပြောတယ်..."


လင်းဖေးက အရေးမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

"အိုး..."


"သူက သူ့အတွက် ကိုကိုက သားကို နမ်းသင့်တယ်လို့ပြောတယ်..."

ကျိလဲ့ယွီက တမင်တကာဆိုလိုက်သည်။ 


လင်းဖေး - "..."


လင်းဖေးက သူ့စကားများကို မယုံကြည်ပေ။ 


သာက ခေါင်းပြန်လှည့်ကာ စာအုပ်ကို ငုံ့ကြည့်နေရာ ကျိလဲ့ယွီက သူ့နားကပ်လာပြီး သူ့လက်မောင်းပေါ်တွင် မေးတင်ထားလိုက်သည်။ 


"ဒါမှမဟုတ် သား ကိုကိုကို့ သူ့အတွက် နမ်းလို့ရတယ်တဲ့..."


"ဒါမှမဟုတ် မင်းက မင်းရဲ့ဦးလေးကို သူ့အတွက် နမ်းလို့ရတာပဲ..."

လင်းဖေးက အကြံပေးလိုက်သည်။ 


ကျိလဲ့ယွီ - ....


ဟုတ်သား... သူဘာလို့ အဲ့ဒါကို မတွေးခဲ့မိတာလဲ...


နောက်တစ်ခေါက်ကျရင် သူက လင်းလော့ချင်းကို နမ်းပြီး ကျိယွီရှောင်က လင်းလော့ချင်းကို သူ့အတွက် နမ်းပေးဖို့ ပြောတယ်လို့ ပြောလိုက်မယ်... ဒါဆိုရင် သူ့အန်တီက အရမ်းပျော်နေလောက်မှာ...


ကျိလဲ့ယွီက လင်းဖေးကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ 


သူ့ကိုကိုက တော်တော်လေး ဉာဏ်ကောင်းတာပဲ...