အပိုင်း ၃၀၂
Viewers 87k

Chapter 302



လင်းလော့ချင်းတို့ တစ်ပတ်ခန့်စောင့်ဆိုင်းပြီးနောက်မှာ ဤနှစ်ဆောင်းရာသီ၏ ပထမဆုံးနှင်းများကျဆင်းလာခဲ့သည်။


ယ်ွီကျားယုံ ဝမ်းသာသွားသည်။ သူက နေရာပြောင်းကာ မြို့မှ ရွာသို့ အမြန်လာပြီး ယဲ့ယွီ၏ နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးရန်စောင့်မျှော်နေလေသည်။


ဤအခန်းက ရုပ်ရှင်၏ဇာတ်သိမ်းဖြစ်လေသည်။


ညနေပိုင်းတွင် ယဲ့ယွီ နှင့် ရှန်းကျန့် တို့သည် ရယ်မောကာ သူ့အိမ်ထောင်ရေးအကြောင်း စကားစမြည်ပြောကြသည်။ ထို့နောက် သူ ရှန်းကျန့် နှင့် အခြားသူများကို အပေါက်ဝထိ လိုက်ပို့သည်။


တံခါးဖွင့်လိုက်သည်နှင့် တံခါးအပြင်ဘက်တွင် နှင်းများ ထူထပ်စွာကျဆင်းနေသည်ကို သူတွေ့လိုက်ရသည်။


ရှန်းကျန့်နှင့် တခြားသူတွေက နှင်းတွေပေါ် ကနင်းပြီး သူ့ခြံထဲက ထွက်သွားကြသည်။ယဲ့ယွီလည်း သူတို့နောက်ကို လိုက်သွားသည်။


သူ သူ့အိမ်ရှေ့တွင် ရပ်လိုက်ပြီး ရှန်းကျန့်တို့ သူ့ကို နှုတ်ဆက်စကားပြောသည်ကို နားထောင်သည်။ထို့နောက် ညအမှောင်ထဲ သူတို့ လျှောက်သွားသည်ကို ကြည့်နေခဲ့သည်။ 


သူ ဂရုမစိုက်ဘဲ ခေါင်းကို လှည့်လိုက်သော်လည်း ယခုနကဖြူစွတ်နေသော နှင်းများပေါ်တွင် ညစ်ပတ်နေသည့် ရွှံ့ခြေရာများ ရှိနေသည်ကိုတွေ့လိုက်ရသည်။


သူ့ရှေ့က မဖြူတော့သည့် နှင်းတွေကို ကြည့်ပြီး အချိန်အတော်ကြာ ငေးကြောင်နေခဲ့မိသည်။ထို့နောက် ခြေရာအချို့ပေါ်မှ ထပ်နင်းကာတံစက်မြိတ်အောက်ကိုပြန်ဝင်လာခဲ့သည်။


ဆောင်းရာသီ၌ သစ်ပင်များ အကုန်သေကုန်ကြပေပြီ။ခြံထဲတွင် ပန်းများမရှိတော့သလို စိမ်းလန်းသော အရိပ်အယောင်များလည်း မရှိတော့။ နှင်းဖြူဖြူတွေပင် အနင်းခံရပြီး ညစ်ပတ်နေကြသည်။


တစ်ခါက ရောင်အသွေးစုံလင်ကာ အသက်ဝင်မှုတို့ပြည့်နေသော ပန်းများအပြည့်နှင့် ဤခြံကြီးကို ယဲ့ယွီ ရုတ်တရက် တွေးလိုက်မိသည်။


ယခုမူကား ပြာများသာ ကျန်ရှိတော့သည်။


အသက်ဝင်မြူးကြွနေသည့် နွေလယ်ခေါင်မှာ တစ်ညလုံး ဆေးလိပ်သောက်ရင်း ဝင်းထဲမှာ တစ်ယောက်တည်း ထိုင်နေခဲ့သည်ကို သူ သတိရမိသည်။ မီးငြိမ်းသွားသည့်တိုင် သူ့နှလုံးသားက ထပ်ခါထပ်ခါ ခုန်လှုပ်နေခဲ့သည်။


တစ်နေ့တွင် သူ တောက်ပပြီး လင်းထိန်နေသော နွေရာသီတွင် သေချင်သည်။


တကယ်လည်း နွေရာသီမှာ သူသေသွားနိုင်လောက်၏။ယဲ့ယွီ နံရံထောင့်ရှိ သစ်ရွက်ကင်းစင်နေသော သစ်ပင်များကို ကြည့်လိုက်သည်။ နှင်းတွေဖုံးလွှမ်းနေသည်ကလွဲ၍ဘာမှမရှိပေ။


နွေလယ်ညတုန်းကလိုပဲ သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ကာ ဖြည်းညှင်းစွာ မီးညှိလိုက်သည်။ သူ ဆေးလိပ်သောက်လိုက်သည်။


မီးပွားများနှင့် မီးခိုးများသည် တစ်ခုကတောက်ပပြီး တစ်ခုမည်းမှောင်နေသည်။သူက သတိလစ်နေသကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့၏။


တဖြည်းဖြည်းကျနေသည့်နှင်းများက သူ့အပေါ်မှာရော သူ့စီးကရက်ပေါ်မှာပါ ကျနေသည်။


အဝေးမှကြည့်လျှင် သူ့ကို နှင်းလူသားကဲ့သို့ လွဲမှားပြီး ထင်နိုင်စရာရှိလေ၏။


သူ သူ၏ နောက်ဆုံးဆေးလိပ်ကို ဖွာလိုက်သည်။ဆေးလိပ်မီးငြိမ်းသွားသည်နှင့် သူ့ဇာတ်လမ်းက ပြီးသွားလေသည်။


ဘုရားသခင်၏ကြင်နာမှုကြောင့် ည၏ ဒုတိယထပ်ဝက်တွင် နှင်းများ ထပ်မံကျလာပြီး ဇာတ်ကွက်၏ နောက်ဆုံးမှာ နှင်းကျမှုကို ပြီးပြည့်စုံသွားစေသည်။


လင်းလော့ချင်း ဆေးလိပ်မီးငြိမ်းသွားသည့်အခိုက်တွင် သူ့အပိုင်းကို အပြီးအပိုင်အဆုံးသတ်လိုက်သည်။


ဝူရှင်းယွမ်က အမြန်ရောက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းမှုန်များကို အမြန်ကူခါပေးကာ လင်းလော့ချင်း နွေးအောင်ကိုင်ထားရန် ရေနွေးပုလင်းကိုလည်း ပေးခဲ့သည်။


လင်းလော့ချင်းက အနည်းငယ် ငေးကြောင်နေဆဲဖြစ်သည်။သူစိတ်က ဇာတ်ကောင်ထဲမှာပဲရှိနေသေးပြီး ထွက်မလာသေးချေ။


ယဲ့ယွီက တဖန်သေဆုံးသွားပုံရပြီး တစ်ခါက အသက်ရှင်ကျန်ခဲ့ဖူးသော လူငယ်လေးတစ်ဦးကို လွမ်းဆွတ်နေပုံရသည်ဟုလည်း ယောင်ဝါးဝါး ခံစားရသည်။


သူ့ကမ္ဘာက မြင့်မြတ်မြေကို ဆုံးရှုံးခဲ့သည်မှာ ကြာပြီဖြစ်၏။သူ့ဘဝက လုံးလုံးလျားလျား ရပ်တန့်သွားပြီး သူက သူ့ကိုယ်သူ လက်လျော့လိုက်သည့်အတွက် သူက ယဲ့ယွီမဟုတ်တော့ပေ။


သူ့နှလုံးသားထဲမှာ ယဲ့ယွီက နွေရာသီမှာ တကယ်ပဲ သေဆုံးသွားခဲ့သည်။


ဝူရှင်းယွမ် လင်းလော့ချင်းကို ကားပေါ်သို့ ခေါ်သွားကာ ရေနွေးတစ်ခွက်ငှဲ့ပေးပြီး သူ့ခန္ဓာကိုယ်နွေးသွားအောင် အနည်းငယ် သောက်ခိုင်းလိုက်သည်။


လင်းလော့ချင်း ကားပေါ်ရှိ အပူပေးစက်ကြောင့်အသိဝင်လာပြီး ရေခွက်ကို ကိုင်လိုက်သည်။အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူပြန်လည်ကောင်းမွန်လာခဲ့သည်။


ယခုလိုဖြစ်သည်က တကယ်တမ်းတွင် ပထမဆုံးအကြိမ် မဟုတ်ပေ။ဤဇာတ်ကားကို ရိုက်ကူးနေရင်း အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သည်။ယွီကျားယုံက ၎င်းကို ပထမဆုံးတွေ့ရှိသူဖြစ်သည်။ယွီကျားယုံ အလွန်ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် သူ့ဘေးတွင် ဝင်ထိုင်ကာ သူနှင့် အပြန်အလှန် စကားပြောကာ ဟာသများကို ပြောပြသည်။လင်းလော့ချင်း ဇာတ်ကောင်ထဲကနေ ရုန်းမထွက်နိုင်တော့မှာကို သူစိုးရိမ်နေခဲ့၏။


"မင်းကထင်ထားတာထက် ပိုခံစားလွယ်တယ်"


သူက လင်းလော့ချင်းကို နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ 


"မင်း ဇာတ်ကောင်ထဲကို ဒီလောက်နစ်ဝင်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး...လင်းလော့ချင်း အနာဂတ်မှာ ဇာတ်ကောင်တွေကိုလက်ခံတဲ့နေရာမှာ သတိထားသင့်တယ်...ဒီအဆင့်ထက်ပိုတဲ့ဇာတ်ရုပ်မျိုးလက်မခံနဲ့... မင်း ဇာတ်ကောင်ထဲကနေ ရုန်းထွက်နိုင်မှာကို ငါကြောက်တယ်"



ယွီကျားယုံက အနုပညာကို သူ့ဘာသာသူလေ့လာလိုက်စားပြီး အနုပညာက တခြားသူများကို နှောင့်နှေးစေခြင်းအားခွင့်မပြုချင်သော ရှားရှားပါးပါး ဒါရိုက်တာများထဲမှ တစ်ဦးဖြစ်သည်။


ဇာတ်လမ်းတွေကို ပြောပြရန်နှင့် ခံစားချက်တွေကို ဖွင့်ဟရန်အလို့ငှာ ရုပ်ရှင်တွေကို သူကြိုက်သည်။ထို့ကြောင့် သူကြိုက်သည့်အရာအတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ပေမဲ့ သူ့အကြိုက်ကြောင့် တခြားသူတွေ၏ ဘဝကို မပျက်စီးစေချင်ပေ။


သရုပ်ဆောင်တော်တော်များများ အဆိုးမြင်စိတ်တွေ၏လွှမ်းမိုးမှုခံရပြီး မှုန်မှိုင်းထုံထိုင်းသွားကြသည််ကို သူမြင်ခဲ့ဖူးသည်။ အထူးသဖြင့် တောက်ပသော အနာဂတ်ရှိသည့် လင်းလော့ချင်းကို တခြားသရုပ်ဆောင်တွေကဲ့သို့ ဖြစ်မသွားရန် သူမျှော်လင့်မိသည်။


လင်းလော့ချင်းက သူ သူ့ကို ယခုလိုပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူ သူ့ကိုယ်သူ ယဲ့ယွီနှင့် ပိုနီးစပ်လာသလို ရံဖန်ရံခါ ခံစားခဲ့ရသော်လည်း သူသိပ်ပြီးအလေးအနက်မယူခဲ့ပေ။သူ ဤဇာတ်ကားမှာ ကောင်းကောင်း သရုပ်ဆောင်ချင်သည်။


သူ ယဲ့ယွီနှင့် နီးကပ်လာတိုင်း သူက ပိုပျော်ပြီး ဆုရရန်အတွက် ယုံကြည်မှုအနည်းငယ် ပိုရှိလာသည်။


သူက အမြဲတစေ လေးနက်သည့် သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့၏။ ယခင်အလုပ်တိုင်းတွင် 100% လေးနက်စွာ လုပ်ဆောင်ခဲ့လျှင် ဤတစ်ကြိမ်တွင် ယွီကျားယုံအား နှောင့်နှေးစေမည်ကို စိုးရိမ်သောကြောင့် 200% လေးနက်မှုကို အသုံးပြုခဲ့သည်။


"ကျွန်တော် နားလည်ပါပြီ"

လင်းလော့ချင်းပြောလိုက်သည်။ "အနာဂတ်မှာ အာရုံစိုက်ပါ့မယ်"


ယွီကျားယုံက ဤတစ်ကြိမ်လောက် ရင့်ကျက်ခဲလှသည်။ သူက ထပ်ပြောလာသည်။

"မင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အသက်ရှင်နေတဲ့လူတစ်ယောက်ဖြစ်တာကို သတိရရမယ်...ဒီကမ္ဘာမှာ ဘယ်သူမဆို ရုပ်ရှင်တစ်ကားမရှိဘဲ နေနိုင်ပေမဲ့ မင်းမရှိရင် လူတော်တော်များများရဲ့ ဘဝတွေက နာကျင်စရာတွေ ဖြစ်လာလိမ့်မယ်... ကိုယ့်ကိုကိုယ် မဖျက်စီးဘဲ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ရမယ်၊ဇာတ်ကောင်ထဲမှာ အပြည့်အဝကြီးစိတ်နှစ်မပစ်နဲ့..."


"ဒါက ဒါရိုက်တာတစ်ယောက်ပြောသင့်တဲ့စကားမျိူး မဟုတ်ဘူး" 


လင်းလော့ချင်းက သူ့ကို ပြုံးကာ ကြည့်နေသည်။ 

"ခင်ဗျားတို့လို ဒါရိုက်တာတွေက သရုပ်ဆောင်တစ်ယောက် ဇာတ်ကောင်ထဲမှာ နစ်မြုပ်နေတာကို တွေ့ရရင် ပျော်မယ်လို့ ထင်ခဲ့တာ"


"ဒါပေါ့... သရုပ်ဆောင်တွေ ဇာတ်ကောင်ထဲမှာ နစ်မြှုပ်နေတာက ကျေနပ်စရာကောင်းပေမဲ့ မင်းလိုအရမ်းကြီးနစ်မြုပ်နေရင်တော့ လူတွေကို စိုးရိမ်ရစေတယ်...ဒါရိုက်တာကောင်းတိုင်းက အရည်အချင်းကို နှစ်သက်ကြပါတယ်...အရည်အချင်းကို နှစ်သက်တဲ့ ဒါရိုက်တာတစ်ယောက်က သူသဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ကိုဘယ်သောအခါမှ သူ့အလုပ်ကြောင့် ပြဿနာဖြစ်စေချင်မှာမဟုတ်ဘူး..."

ယွီကျားယုံက အလေးအနက် ရှင်းပြခဲ့သည်။


လင်းလော့ချင်းက အဓိကအချက်ကို တန်းဆုပ်ကိုင်မိသည်။ 

"ဒါဆို ခင်ဗျားက ကျွန်တော့်ကို အရမ်းသဘောကျတာလား"


ယွီကျားယီု့: '??? ဒါက အခုချိန် ပြောသင့်တဲ့စကားလား...ဒါက အဓိကအချက်လား...နောက်ပြီး ငါကမင်းကို ဘာလို့သဘောကျရမှာလဲ... မင်းရဲ့စကားတွေက ဟိုလိုလိုသည်လိုလို မရှင်းမရှင်းဖြစ်လွန်းတယ် သိရဲ့လား'


ယွီကျားယုံ သူ ဤမျှမြန်မြန်ဆန်ဆန်တွေးနိုင်သေးပုံထောက်လျှင် စိတ်လွတ်မသွားသေးလောက်ဟုခံစားရသည်။


သူက လင်းလော့ချင်းကို မောက်မာစွာ စိုက်ကြည့်လိုက်သည်။ 

"မင်းကိုသဘောကျဖို့က ကျိယွီရှောင်တာဝန် ..."


ထို့နောက် သူ မတ်တပ်ထရပ်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်သည်။



လင်းလော့ချင်း သူ့နောက်ကျောကို ကြည့်ကာ ရယ်လိုက်သည်။ယခုအချိန်တွင် ယွီကျားယုံက ဝတ္ထုထဲကကဲ့သို့ မာနကြီးပြီး မောက်မာသူမဟုတ်ဟု သူခံစားရသည်။


…လင်းလော့ချင်း သူ့အရင် အခြေအနေကို တွေးပြီး သက်ပြင်းချလိုက်မိ၏။


ဤဇာတ်ကားမှာ သူတကယ် ကောင်းကောင်းသရုပ်ဆောင်ချင်သည်။


ရုတ်တရတ် အေးစက်သောလေနှင့်အတူ နှင်းပွင့်များ လွင့်ပျံလာသည်။လင်းလော့ချင်း လေတိုက်ခံရပြီး သူ့အတိတ်အမှတ်တရများထဲမှ ထွက်လာသောအခါ ယွီကျားယုံကို မြင်လိုက်ရသည်။


"မင်းပြန်တော့" 

ယွီကျားယုံကပြောသည်။


 "ကောင်းကောင်းအနားယူ ...မနက်ဖြန် မင်းအတွက် နှုတ်ဆက်ပွဲလေးလုပ်ပြီးရင် မင်းအိမ်ပြန်လို့ရပြီ"


"ကောင်းပြီ"

လင်းလော့ချင်းက ပြန်ဖြေသည်။


ယွီကျားယုံက ကားတံခါးကိုပိတ်လိုက်ပြီး လင်းလော့ချင်း ထိုင်ခုံနောက်မှီကို မှီလိုက်သည်။


ရိုက်ကူးရေးပြီးသွားပြီဖြစ်၏။ယခုအချိန်တွင် သူ့စိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးကို စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်လေသည်။


လင်းလော့ချင်းက အချိန်အများစုတွင် ရုပ်ရှင်ရိုက်ကူးရခြင်းကို နှစ်သက်သည်။ သို့သော် ဤပျော်ရွင်မှုသည် ဆုတစ်ခု၏ အချုပ်အနှောင်များ ရှိလာသည်နှင့် တစ်ပြိုင်နက်၊ သူကဲ့သို့ ပွင့်လင်းမြင်သာသော တစ်စုံတစ်ယောက်သည်ပင်လျှင် မလွဲမသွေ စိတ်တို့လေးလံနေပေလိမ့်မည်။


ထို့ကြောင့် သူ့ထံတွင် ဇာတ်ကောင်ထဲမှာ အလွန်အမင်းနစ်မြုပ်သွားသည့်အခြေအနေမျိုး ဖြစ်လာခြင်းဖြစ်၏။


ကံကောင်းထောက်မစွာပဲ သူနောက်ဆုံးမှာ ပြီးသွားပြီး ဇာတ်ကောင်ထဲကနေ ရုန်းထွက်နိုင်ခဲ့သည်။


လင်းလော့ချင်း ဟိုတယ်သို့ ပြန်သွားကာ ရေချိုးပြီးနောက် ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။


အံ့သြစရာကောင်းသည်က သူရှားရှားပါးပါး တစ်ရေးအိပ်လိုက်ခြင်းက နောက်တစ်နေ့မွန်းတည့်ချိန်မှနိုးလာသည်။


ထမင်းစားပြီးနောက် လင်းလော့ချင်း ရိုက်ကွင်းသို့ အမြန်သွားခဲ့သည်။


ရှစ်ကျန်းက ရုပ်ရှင်ရိုက်ရန် ဇာတ်ကွက်အနည်းငယ်သာ ကျန်ရှိသော်လည်း မပြီးသေးပေ။လင်းလော့ချင်းက အဝေးမှ ကြည့်နေခဲ့ပြီး ရှစ်ကျန်း၏ သရုပ်ဆောင်စွမ်းရည်သည် အမှန်တကယ် ပိုပိုကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။


ယွီကျားယုံက လူတွေကို ရှာဖွေဖော်ထုတ်နိုင်သည့် ဒါရိုက်တာတစ်ဦးဖြစ်သည်။သရုပ်ဆောင်အသီးသီး၏ စရိုက်လက္ခဏာတွေအရ သူတို့နှင့် ဇာတ်ကောင်ကြားက အံဝင်ခွင်ကျဖြစ်မှုများကို ရှာတွေ့နိုင်ပြီး အံဝင်ခွင်ကျဖြစ်မှုကို နက်ရှိုင်းလာစေသည်။ဤသည်ကသူတို့ကို ဤဇာတ်ရုပ်မှာ ပိုသက်တောင့်သက်သာဖြစ်စေပြီး တခြားသူတွေကို သူတို့အား ထိုသူ(ဇာတ်ကောင်)ဟုထင်မှတ်လာစေလိမ့်မည်။


ရှစ်ကျန်းက ရွှင်လန်းတက်ကြွသောလူဖြစ်သော်လည်း ဒါရိုက်တာ၏ တူးဖော်မှုအောက်တွင် သူသည် ယခုအခါ လမ်းပေါ်ရှိ လူမိုက်တစ်ယောက်နှင့်ဘာမှ မခြားတော့ပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက ကြယ်ပွင့်တစ်ပွင့်ပါဟု ပြောရခက်လေသည်။


ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးပြီးနောက် ရှစ်ကျန်းက သူ့ကို အဝေးမှမြင်ပြီး လျှောက်လာခဲ့သည်။


"ဒါရိုက်တာယွီ ပြောတာကြားတယ် ရိုက်ကူးရေးပြီးပြီဆို" 

သူကမေး၏။


လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။ 

"မင်းလည်း ပြီးတော့မှာထင်တယ်"


"ဟုတ်တယ် နောက်ရက်နည်းနည်းနေရင်ပြီးပြီ"


"ဒါဆိုလည်း ကံကောင်းပါစေကွာ"


သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် နဥ်ယွီ ဤဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရပြီး ရှစ်ကျန်းက သူ့ကို မျက်ရိပ်ပြလာသည်။


လင်းလော့ချင်း သူ့ရှေ့မှ နဥ်ယွီကိုကြည့်ကာတမင်တကာ ပြောလိုက်သည်။

"ဇာတ်ညွှန်းရေးဆရာနဥ်... ကျွန်တော့်ကို ဇာတ်ညွှန်းထပ်ပေးချင်ပြန်ပြီလား"  


နဥ်ယွီ ကြောင်သွားသည်။ ထို့နောက် 'အနောက်အရပ်သို့ခရီး' ဇာတ်ကားရိုက်ကူးရေး ပြီးသွားသည့်နေ့ကို သတိရသွားသလိုမျိူး ရယ်မောလေသည်။


"ဘယ်ဟုတ်မလဲ" ဟုသူကပြောသည်။ 


"ငါမင်းကို ကျေးဇူးတင်ဖို့ လာခဲ့တာ... မင်းရဲ့အကူအညီမရှိရင် ကျားယုံ အခုအချိန်မှာ အရမ်းအဆင်မပြေဖြစ်နေလောက်တယ်...သူက ယဲ့ယွီလောက် သနားစရာမကောင်းပေမဲ့ သူရဲ့စိတ်ဝိညာဉ်ကမ္ဘာကလည်း ဒီနွေမှာ သေဆုံးသွားလိမ့်မယ်..."


လင်းလော့ချင်း ညင်သာစွာပြုံးပြီးပြောလိုက်သည်။ 


"ဒါဆို ခင်ဗျားကိုယ့်ကိုကိုယ် ပိုကျေးဇူးတင်ရမယ်...ခင်ဗျားသာ သူ့ကိုကူပြီး ဇာတ်ညွှန်းကို ကျွန်တော့်ကို မပေးခဲ့ဘူးဆိုရင် ဒီလိုအံ့သြစရာကောင်းတဲ့ဇာတ်ညွှန်းကို ကျွန်တော်ဘယ်လိုလုပ်မြင်မှာလဲ ...သူနဲ့ဘယ်လိုလုပ်ပူးပေါင်းနိုင်မလဲ"


"နဥ်ယွီ...ခင်ဗျားကသာ ပိုကျေးဇူးတင်သင့်တဲ့လူပဲ"


နဥ်ယွီ ထိုစကားကိုကြားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။


ယွီကျားယုံဘက်မှာ ပြီးဆုံးခြင်းအမှတ်တရကိတ်မုန့်ကို ပြင်ဆင်ပြီးပြီဖြစ်သည်။

"လင်းလော့ချင်း လာ...ကိတ်မုန့်လှီးလှည့်... အဖွဲ့လိုက် ဓာတ်ပုံရိုက်ရအောင်"


"အိုကေ"

လင်းလော့ချင်း... နဥ်ယွီကို ဆွဲပြီး သူတို့နှစ်ယောက် အတူတူ သွားကြသည်။


သူတို့သည် စိမ်းလန်းသော တောင်ကုန်းတစ်ခုရှေ့တွင် ရပ်နေကြသည်။လင်းလော့ချင်းက ယွီကျားယုံ နှင့် ရှစ်ကျန်း အကြားတွင် ရပ်နေကာ ယွီကျားယုံ တစ်နေရာရာမှ ခူးဆွတ်ထားသော ပန်းများကိုကိုင်ဆောင်ထားသည်။


အားလုံးက ကင်မရာကို ကြည့်နေကြသည်။ ဓာတ်ပုံဆရာ၏ 'သုံး၊ နှစ်၊ တစ်'ရေသံအောက်မှာ ၎င်းတို့သည် "ပျော်ရွှင်စရာ ရိုက်ကူးရေးပါ" ဟု အတူတူကြွေးကြော်ခဲ့ကြသည်။


ဓာတ်ပုံထဲမှာ လူတိုင်းက ပြုံးပျော်ပြီး ပျော်ရွှင်နေကြသည်။ လူတိုင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ရှိနေကြ၏။


ဝတ္ထုထဲတွင် သူ(ယွီကျားယုံ)သည် အထီးကျန်သော ရွာကလေးတွင် တစ်ယောက်တည်း ရပ်နေပြီး သူ့နှလုံးသားထဲက အိပ်မက်ကို တိတ်တဆိတ် ပြည့်မြောက်စေခဲ့ရကြောင်း ယွီကျားယုံမသိပေ။ကိတ်မုန့်မရှိ၊ ပန်းလည်းမရှိ၊ သူမြင်နိုင်သော အနာဂတ်ဟူ၍လည်းမရှိ။


ရှစ်ကျန်းကဲ့သို့ပင်။ဝတ္ထုထဲကသူသည် ယခုအချိန်တွင် ရိုက်ကူးရေးအဖွဲ့ထဲမှာ တစ်နေ့ပြီးတစ်နေ့ ဇာတ်ကောင်အသေးလေးနေရာမှာပဲသရုပ်ဆောင်နေရဆဲဖြစ်သည်။အရှုံးပေးချင်လား၊ ဆက်ပြီး ကြိုးစားချင်သလားဟု သူ့ကိုယ်သူ ညစဥ်ညတိုင်း အိပ်ရာထဲတွင် လူးလိမ့်ရင်း မေးခွန်းထုတ်နေရဆဲဖြစ်၏။


ထို့အပြင် နဥ်ယွီတစ်ယောက်လည်း ဝတ္ထုထဲတွင် အဆုံးအထိ သူ့သူငယ်ချင်း၏ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ခဲ့ကြောင်းကိုလည်း သိလိမ့်မည်မဟုတ်ပေ။ယွီကျားယုံ စင်ပေါ်ကနေ သူ့ကိုရှာဖို့ ဆင်းလာသည့်အခါ သူ့အခင်ဆုံးသူငယ်ချင်းဟောင်းကို ကြည့်ပြီး ယွီကျားယုံ... ကိုယ်တိုင်ရေး၊ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ကို ကြည့်ခဲ့သည်။နဥ်ယွီသည် သူ မမှားမှန်း သိပေမဲ့ အရင်ကျောပေးပြီး ထွက်လာခဲ့မိသည်ကို သူအမြဲတမ်း အပြစ်ရှိသလိုခံစားရဆဲဖြစ်၏။


ယခု သူတို့အားလုံးသည် ဤကမ္ဘာတွင် ပေါ်လာခြင်းမရှိသင့်သော လင်းလော့ချင်း အနီးတဝိုက်တွင် စုရုံးနေကြသည်။ လူတိုင်းသည် မိမိတို့ကိုယ်ကို ဂုဏ်ယူနေကြပြီး လှပသောအိပ်မက်ကိုယ်စီနှင့် လူငယ်များဖြစ်နေကြဆဲဖြစ်သည်။


လင်းလော့ချင်းအတွက် ရိုက်ကူးရေး ပြီးသွားသော်လည်း တခြားသူများက နောက်ထပ် တစ်ရက် နှစ်ရက်လောက် ရိုက်ကူးရန် လိုအပ်နေသေးသည်။ 


ကျိယွီရှောင် နှင့် သူ့ကလေးနှစ်ယောက်အကြောင်း သူတွေးနေသောကြောင့် သူ အဖွဲ့ထဲတွင် ဆက်မနေတော့ပေ။မြို့ကို အရင်ပြန်သွားခဲ့သည်။


ကျိယွီရှောင်က သူပြန်လာမည်ဆိုသည်ကိုသိပြီး ဟင်းပေါင်းများစွာချက်ပြုတ်ရန် အန်တီကျန်းကို အထူးတလည်ခိုင်းထားသည်။ဤတစ်ခေါက် သူ ကောင်းကောင်းမစားရခဲ့မှာကို သူစိုးရိမ်နေသည်။


လင်းလော့ချင်းက လင်းဖေး နှင့် ကျိလဲ့ယွီကို ဦးစွာသွားကြိုခဲ့သည်။


'အလင်းရောင်' ကို ထုတ်လွှင့်ခဲ့သည်မှာ လအနည်းငယ်ကြာနေပြီဖြစ်သော်လည်း နွေဦးပွဲတော် နီးကပ်လာကာ 'အနောက်အရပ်သို့ခရီး' အတွက် ပရိုမိုးရှင်းဆင်းမှုက စတင်နေပြီဖြစ်သောကြောင့် သူ၏မျက်နှာမှာ လူသိများနေဆဲဖြစ်သည်။


လင်းလော့ချင်း ကားပေါ်မှ မဆင်းခဲ့ပေ။ သူ ကလေးနှစ်ယောက်ကို စပရိုက်လုပ်လိုသောကြောင့် ကားပေါ်တွင်ထိုင်ကာစောင့်နေသည်။


ကျိလဲ့ယွီက လင်းဖေးကို ကားထဲသို့ ဆွဲခေါ်သွားသည်။ ကားထဲမှာ လင်းလော့ချင်းထိုင်နေသည်ကိုမြင်သောအခါ သူတကယ်အံ့သြသွားပြီး လင်းလော့ချင်း၏ရင်ခွင်ထဲကို ချက်ချင်း ပစ်ဝင်လိုက်သည်။


လင်းလော့ချင်း သူ့ကို ဖက်ရင်း ဘယ်ဘက်လက်ကို ဆန့်လိုက်သည်။ သူက လင်းဖေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ နှစ်ယောက်လုံးကို တစ်ယောက်ပြီး တစ်ယောက် နမ်းလိုက်သည်။ 

"ပါးပါးရဲ့ပေါင်ပေ့လေးတွေ"


ကျိလဲ့ယွီက လိမ်လိမ်မာမာဖြင့်

သူ့ကိုကျော်ဖြတ်သွားပြီး သူ့တစ်ဖက်တွင် ဝင်ထိုင်လိုက်ကာ လင်းလော့ချင်းကို သူ နှင့် လင်းဖေး ကြားတွင် ထိုင်ခွင့်ပေးလိုက်သည်။


"ပါးပါး ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေနိုင်မှာလဲ" 

ကျိလဲ့ယွီ ချစ်စဖွယ်ကောင်းစွာမေးလိုက်သည်။