အပိုင်း ၂၉၉
Viewers 87k

Chapter 299




ယဲ့ယွီ၏ အိပ်မက်ထဲတွင် တစ်ခါတစ်ရံ စွန်များ ပျံသန်းသွားသည်မှာ သူက ကလေးတစ်ယောက်အဖြစ် တောင်ပေါ်တွင် ရပ်နေသော အခိုက်တွင် လေယာဉ်ပျံများကို မြင်ရသကဲ့သို့ပင်။ 


သူက ပျံသန်းလိုသလို လေယာဉ်လည်း တစ်ခါမှ မစီးဖူးပါပေ။ သူက စာအုပ်များထဲတွင်သာ လေယာဉ်အတွက် အင်္ဂလိပ်စာကို သင်ယူဖူး၏။ 


လေယာဉ်နှင့် ပျံသန်းပါက ခရီးမှာ လေအဟုန်အလိုက် မဟုတ်ပဲ လေဆန်အတိုင်း ဖြစ်ရမည်ဟု သူသင်ယူထားခဲ့သည်။ 


သူက အနီးနားမှ မြို့သို့သွားကာ အလုပ်ရှာလိုက်သည်။ သူက အလုပ်လုပ်ကာ ပိုက်ဆံစုရင်း စာလေ့လာနေသည်။ 


အလုပ်သမားများက ပထမပိုင်းတွင် သူ ဘာလုပ်နေသည်ကို မသိချေ။ သူတို့က သူက ယဉ်ကျေးသော လူတစ်ယောက်ဟု ခံစားရပြီး သူ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံကာ မနှောင့်ယှက်ပေ။  


ထို့နောက် ရှန်းကျန့်ရောက်ရှိလာရာ သူတို့က ယဲ့ယွီ၏ အကြောင်းကို သိသွားပြီး သူ့အား လက်လျော့ရန် သွေးဆောင်ကြသည်။ သူတို့က သူ့အား စာဆက်လုပ်စရာ မလိုဟု ပြောလိုက်သည်။ 

တက္ကသိုလ်ပြီးရင်လည်း သူက အလုပ်ရှာ၊ လက်ထပ်ပြီး ကလေးယူရမှာ မဟုတ်ဘူးလား...


၄င်းက သူတို့နှင့် အတူတူပင်။ 


ယဲ့ယွီက တစ်ခွန်းမှ မဆိုသော်လည်း ဆက်လက်ပြီး စာလေ့လာကာ ပိုက်ဆံဆက်ပြီး စုနေလေသည်။ 


သူက သူ့အိပ်မက်ကိုသိပြီး သူလုပ်သမျှမှာ သူ့အိပ်မက်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သူက နှစ်ပေါင်းများစွာ စာအုပ်များဖတ်ပြီး လူများက ဤကမ္ဘာပေါ်တွင် ဘာမှမဟုတ်ပဲ လာမနေသင့်ပေ။ သူတို့က ကြိုးစားရမည့် အတွေးအခေါ်များ ရှိသင့်ပေသည်။ 


သူက ပို၍ ဝေးဝေး သွားကြည့်လိုပေသည်။ 


ဤသည်မှာ အိပ်မက်က လှပပြီး အမှန်တရားက ရက်စက်လွန်းနေခြင်းသာ။ အလုပ်ပမာဏ အများအပြားက သူ့၏ စာကြည့်ချိန်ထဲသို့ ဝင်ရောက်လာပြီး သူသင်ယူခဲ့သည်ကို ပြန်ကြည့်ရန် မဖြစ်နိုင်အောင် လုပ်နေပေသည်။ 


ယဲ့ယွီက အစမ်းစာမေးပွဲများစွာ ဖြေခဲ့သော်လည်း သူ့ရလာဒ်များမှာ ကျေနပ်ဖွယ် မရှိပေ။ 


သူက ဒုတိယအဆင့် ကျောင်းကိုပင် မဝင်နိုင်သည့် အမှတ်ကိုကြည့်ကာ ရွာ၏ သရော်မှု၊ သူ့မိဘများ၏ လက်လျော့ခြင်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ၏ နားမလည်မှုကို ပြန်အမှတ်ရသွားသည်။ 


သူက သူတို့အတွက် ဟာသများ ထပ်မပေါင်းချင်၍ ဤနှစ်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေရန် စာရင်းမပေးလိုက်ပေ။ 


သူက အလုပ်ထွက်ကာ သူစုထားသော ပိုက်ဆံကို ယူပြီး နောက်နှစ်အတွက် စာမေးပွဲဖြေရန် ပြင်ဆင်လိုက်သည်။ 


ယဲ့ယွီ၏ မိဘများက သူ ဤနှစ်အတွက် ဝင်ခွင့်မဖြေသည်ကို သိကာ စိတ်အေး သွားကြသည်။ 


သူတို့က သူ့အား ကြီးပျင်းလာပြီဟု ပြောလုဆဲဆဲတွင် နောက်နှစ်အတွက် စာပြန်လေ့လာမည်ဟု ပြောသည်ကို ကြားလိုက်ပေသည်။ ဤတစ်နှစ်အတွက် သူက အလုပ်ထပ်မသွားတော့ချေ။ 


ယဲ့ယွီ၏ အဖေမှာ အလွန်ဒေါသထွက်သွားပြီးပန်းကန်လုံးကို ပစ်ချကာ သူ့အား ကောင်းကင်ထက်မြင့်သော နှလုံးသားရှိ၍ ဆူငေါက်လေတော့သည်။ 


"အခု မင်းအမေနဲ့ ငါ့အကြောင်းကို ရွာထဲမှာ ဘာတွေ ပြောနေကြသလဲ မင်းသိလား... မင်းအကြောင်းရော ဘာတွေ ပြောနေကြသလဲ သိလား... မင်းက ဘာလို့ အလုပ်ပဲ မလုပ်နိုင်ရတာလဲ... စာမေးပွဲ... စာမေးပွဲနဲ့... မင်းက ငတုံးလား... မင်းသိတာ စာမေးပွဲပဲ ရှိတာလား..."


ယဲ့ယွီ၏ အမေသည်လည်း ငိုကြွေးနေသည်။

"ထားလိုက်ပါတော့ ရှောင်ယွီရယ်... ငါတို့ ယဲ့မိသားစုမှာ ကံတရား မရှိပါဘူး... မင်းသေအောင် ကြိုးစားလို့ရတယ်... စာမေးပွဲတော့ အောင်မှာ မဟုတ်ဘူး... မင်းက အလုပ်ပဲလုပ်ပြီး ပိုက်ဆံရှာလို့မရဘူးလား... အဲ့ဒါက ပြီးမှ အရယ်ခံရတာနဲ့စာရင် တော်ပါသေးတယ်..."


ယဲ့ယွီက သူ့၏ ဒေါသထွက်နေသော အဖေနှင့် ငိုနေသော အမေကိုကြည့်လိုက်သည်။ သူက ထူးဆန်းကာ စိတ်ရှုပ်ထွေးသည်ဟု ခံစားလိုက်ရသည်။ 


သူက သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်ကာ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်မဟုတ်သလို ခံစားလိုက်ရသည်။ သူက စိတ်မအေးကာ မျိုးစုံဖြစ်နေသော ခံစားချက်များကို လက်မခံနိုင်၍ ပြောစရာမဲ့စွာ ငေးကြည့်နေရုံသာတတ်နိုင်သည်ဟု ခံစားရလေသည်။ 


ယဲ့ယွီက အာရုဏ်မတက်မီ ထွက်လာခဲ့သည်။ 


သူထွက်လာသည်နှင့် ကောင်းကင်တွင် လေယာဉ်များ ပျံနေသည်ကို တွေ့လိုက်သည်။ သူက မော့ကြည့်ကာ တွေးလိုက်သည်။ 

'ငါက ဘယ်တော့များမှ လေယာဉ်ပျံ စီးနိုင်မှာလဲ...'


မြို့ထဲတွင် အထူးကျောင်းတစ်ကျောင်းရှိ၏။ ယဲ့ယွီက နောက်တစ်နှစ်အတွက် အထက်တန်းကျောင်း၏ ဤအဆင့်ကိုသာ လိုက်နိုင်ပေသည်။ 


တစ်ရွာတည်းမှ လူများက သူ့ကိုမြင်သောအခါ စာမေးပွဲ သုံးကြိမ်ဖြေ၍ သူက စိတ်ကူးယဉ်ဆန်ကာ ကောင်းကင်ထက်မြင့်သော နှလုံးသားရှိသည်ဟု ပြောဆိုကာ လှောင်ရယ်ကြလေသည်။ 


"သူတို့မိသားစုက သူ့ကို ရွှေရောင် ဖီးနစ်တစ်ကောင်ဖြစ်ဖို့ မျှော်လင့်နေပေမဲ့ သူက အပယ်ခံ ဖြစ်သွားတာပဲ..."


အတန်းဖော်များက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ 


ယဲ့ယွီက နာကျင်ကာ မသက်မသာခံစားရပြီး ယခုတွင် 'ရွှေရောင် ဖီးနစ်'ယူသော စကားကြားလျှင် ဒေါသထွက်လာပေသည်။ 


တစ်ရွာတည်းမှ ကျောင်းသားများက သူတို့မိဘများဆီ ပြန်သွားကာ ပြောလိုက်ပြီး ထိုသူများက အိမ်နီးချင်းများကို ပြန်ပြောလိုက်လေသည်။ 


အိမ်နီးချင်းက သူ့၏ ချွေးမကို ပြုံးပြလိုက်သည်။ 

"ကြည့်ပါလား... ငါပြောတဲ့အတိုင်းပဲလေ... သူက ဒီနှစ် စာမေးပွဲဖြေလောက်တယ်လို့ ငါမပြောဘူးလား... ငါက သူ့ကို တကယ်ကို ကောင်းကောင်းကြီး သိတာပဲ..."


အတန်ကြာပြီးနောက် လူတိုင်းနီးပါးက ထိုအကြောင်းကို သိသွားပြီး ရယ်မောလိုက်ကြသည်။


အစပိုင်းမှ သူတို့၏ မနာလိုခြင်းက လက်ရှိတွင် ဟာသအဖြစ် ပြောင်းသွားလေသည်။ 


၄င်းမှာ ဤအချိန်တွင် သူ့အား နင်းခြေခြင်းက သူတို့က သာလွန်သည်ဟု ထင်ရအောင် ပြုလုပ်နေသကဲ့သို့ပင်။ 


သူတို့က ယဲ့ယွီ၏ မိဘများ ရောက်လာသည်ကိုတွေ့ကာ မေးလိုက်သည်။ 

"ယဲ့ယွီက စာလေ့လာနေတုန်းလား... ဘယ်နှနှစ်တောင် ရှိသွားပြီလဲ... 


လေးနှစ်တောင်ရှိပြီမဟုတ်လား... အဲ့ဒါက တက္ကသိုလ်ပြီးရမဲ့အချိန်ရောက်ပြီနော်... ဟားဟား..."


"အဲ့ဒါက စာမေးဖြေတာ လေးနှစ် စာလေ့တာ ခြောက်နှစ်ပေါ့... သူဆက်ပြီး စာလေ့လာနေရင် အဲ့ဒါက ခုခံရေး စစ်ပွဲလောက်တောင် ကြာနေတော့မယ်..."

တစ်စုံတစ်ယောက်က ဆိုလိုက်သည်။


"အဲ့လို မပြောပါနဲ့... ဒီလောက်အကြာကြီး စာလေ့လာပြီးတောင် သူက ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ချင်တာလေးပဲ မဟုတ်ဘူးလား... ဖန်ကျင်းက အသက်၅၀ရောက်မှ စာမေးပွဲအောင်သလို ယဲ့ယွီလည်း ဖြစ်နိုင်တာပဲလေ..."


ယဲ့ယွီ၏ မိဘများက သူတို့အား ရှက်ရွံ့စွာ အော်ဟစ်လိုက်သည်။ တခြားတစ်ယောက်က သူ့လက်ထဲမှ ဖရဲသီးစေ့အခွံများကို လွင့်ပစ်ပြီး ရွံ့ပြောလိုက်သည်။

"ဘာတွေ လာအော်နေတာလဲ... ငါတို့က ရှင်တို့ရဲ့ ရွှေရောင်ဖီးနစ်လေးကို မပျံနိုင်အောင်တားနေတာလည်း မဟုတ်ဘူး... ရှင်တို့ရဲ့ ရွှေရောင် ဖီးနစ်လေးက မပျံနိုင်တာလေ...နှစ်တွေတောင် ဒီလောက်ကြာနေပြီကို... သူက ဖီးနစ်မဟုတ်ပဲ အမွေးတွေဖွက်ထားတဲ့ ကြက်တစ်ကောင်ဖြစ်နေမှာပဲ စိုးတာပါ..."


ယဲ့ယွီ၏ မိဘများက အလွန်ဒေါသထွက်နေပြီး ရွာသားများနှင့် ရန်ဖြစ်ခဲ့သည်။ ရန်ဖြစ်ပြီးနောက် သူတို့က ယဲ့ယွီ၏ မသိတတ်မှုကြောင့် ဝမ်းနည်းနေကြသည်။ 


သူတို့က ကျောင်းကိုတွေ့ကာ ယဲ့ယွီအား လက်လျော့ရန် သိမ်းသွင်းလိုက်သည်။ သို့သော် ယဲ့ယွီက ၄င်းကိုလုံးဝ လင်မလျော့ရာ ယဲ့ယွီအဖေက သူ့ကို ရိုက်ပစ်လိုက်သည်။ သူ့အဖေက သူ့အား ကျိုးကြောင်းမဆီလျော်ကာ သူ့မိဘများ၏ အခြေအနေကို မည်သည့်အခါမှ မတွေးပေးကာ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဟုဆိုလိုက်သည်။ 


ယဲ့ယွီက ရုံးခန်းရှေ့ရှိ ဆရာရှေ့တွင် သူရိုက်နှက်ခြင်းကို ခံလိုက်ရပြီး စိတ်မရှည်ကာ စိတ်မအေးဖြစ်နေသော မိဘများကိုကြည့်ပြီး ဆရာ၏ အကြည့်ကို ခံစားလိုက်မိသည်။ 


သူက ဆရာ၏ မျက်လုံးထဲတွင် သနားစရာကောင်းနေမည်ဟု ခံစားလိုက်ရသည်။ 


သူက အနေရခက်ကာ ၄င်းကို သည်းမခံနိုင်သော်လည်း သူကိုယ်တိုင်လည်း သူ့ခန္ဓာကိုယ်ထဲမှ ခုန်ထွက်ကာ ပြဇာတ်တစ်ခုကြည့်နေသည်ဟု ခံစားလိုက်ရပေသည်။ သူက ကြောင်အနေသော အမူအရာဖြင့် ရပ်နေကာ မည်သို့ တုံ့ပြန်ရမည်ကို မသိပါပေ။ 


သူက နောက်ဆုံးတွင် ကျောင်းမထွက်ခဲ့ပေ။


သူက သူတစ်ခါမှမရောက်ဖူးသော နေရာတစ်ခုကိုသွားကာ တစ်ခါမှမစီးဖူးသည့် လေယာဉ္ စီးလိုသည့် သူ့အိပ်မက်ကို အကောင်အထည်ဖော်လိုဆဲဖြစ်သည်။ 


သို့သော် တစ်ခါတစ်ရန် သူက အဖြေလွှာများ ပြန်ကြည့်သည့်အခါ သူ့မိဘများ၏ နာကျင်ရသည့် ခံစားချက်များကို တွေးမိပြီး ရှန်းကျန့်သူ့ကို လှောင်ရယ်သည်ကို သတိရသွားလေသည်။ 

"ဒါက ဘယ်နှခေါက် ရှိပြီလဲ... လေးခေါက် မဟုတ်လား..."

သူက "သူတို့မိသားစုက အဲ့လိုဖြစ်နေတာတောင် သူတို့က တက္ကသိုလ်ကျောင်းသားတစ်ယောက် မွေးထုတ်ချင်သေးတာပေါ့... သူတို့က တကယ်ပဲ ဘိုးဘေးတွေရဲ့ အုပ်ဂူတွေကို မီးမှုတ်ချင်နေကြတာလား...."ဟုဆိုသော ရွာသားများကို အမှတ်ရပေသည်။ သူက သူ့မိဘများက "ဒါမင်းရဲ့ ကံတရားပဲ လက်ခံလိုက်ပါ..."ဟုပြောလာသည်ကိုလည်း တွေးမိ၏။


စာမေးပွဲရောက်သောအခါ ယဲ့ယွီက ဖျားနာလေသည်။ သူက နာမကျန်းသည့် ခန္ဓာကိုယ်အား စာမေးပွဲခန်းထဲသို့ ဆွဲခေါ်ကာ စာမေးပွဲကို ဝေဝေဝါးဝါးနှင့် ဖြေလိုက်လေသည်။ 


သူက ရွာသို့ပြန်ရောက်နေသည်ဟု ဝိုးတဝါးခံစားလိုက်ရပြီး ရွာထိပ်မှ ရွာဆုံးအထိ၊ ရွာအဆုံးမှ ရွာထိပ်အထိ သူဘာလုပ်နေသလဲ မသိတော့ပါချေ။ သူက စက်ဝိုင်းပုံအတိုင်းလျှောက်နေသော်လည်း ပြန်မထွက်နိုင်သည့်ပုံရပေသည်။ 


သူက စွန်ပြုတ်ကျသွာသည်ကိုမြင်ကာ ပြေးကောက်လိုက်သော်လည်း စွန်တွင် ကြိုးမရှိ၍ ပျံအောင် မလုပ်နိုင်ပါချေ။ 


သူက နားများ အူနေကာ မေးခွန်းများကို မူးဝေစွာဖြေခဲ့လေသည်။ 


တစ်ခါတစ်ရံတွင် ၄င်းက သူ့မိဘများက သူ့အား သူ့နှလုံးသားမှာ ကောင်းကင်ထက်မြင့်မားသည်ဟု ပြောနေခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် ၄င်းက ရွာထဲမှ လူများက သူ့အား 'ရွှေရောင် ဖီးနစ်'ဟု ရွဲ့ခေါ်ခြင်းပင်။ တစ်ခါတစ်ရံ ၄င်းမှာ သူ့၏ လုပ်ဖော်ကိုင်ဖကျများက သူ့အား အလုပ်လုပ်ကာ အိမ်ထောင်ပြုပြီး ကလေးယူရန် သိမ်းသွင်းနေခြင်း ဖြစ်နေ၏။ 


လူတိုင်းက သူ့ကို ဆွဲယမ်းကာ ရပ်တန့်ရန် ပြောနေခြင်းဖြစ်သည်။ 


တစ်နှစ်... နှစ်နှစ်... သုံးနှစ်... နှစ်တိုင်းပင်...


ယဲ့ယွီက ကောင်းကောင်း နားမလည်ခဲ့ပေ။ သူက သူ့၏ အိပ်မက်ကို သဘောပေါက်လိုခြင်းသာ။

သူတို့က ဘာလို့ သူ့ကို ရယ်တာလဲ...

သူက သူတို့ကို လျစ်လျူရှုကာ ရှေ့သို့ တစ်ယောက်တည်း ဆက်လျှောက်သွားရန် ကြိုးစားသော်လည်း သူက ပို၍နှေးနှေးလာသည်ကို တွေ့ရပေသည်။ 


ယဲ့ယွီ၏ သတိတရားက တဖြည်းဖြည်း ဖရိုဖရဲဖြစ်လာပြီး သူ့ဘောပင်က အဖြေကိုရေးနေသော်လည်း သူ့စိတ်က တိတိကျကျမတွေးတောနိုင်တော့ချေ။ 


သူက နောက်ဆုံး စာမျက်နှာတွင် 'ကံတရား...'ဟူသော စကားလုံးကို ရေးလိုက်သည်။ ကံတရားဆိုသည်က မည်သည်ကိုလဲ သူမသိပေ။

ဒါပေမဲ့... ဘာလဲ...


သူက ဤစကားလုံးကို အဘယ့်ကြောင့်ရေးနေသလဲဆိုခြင်းကိုပင် မသိတော့ချေ။


သူထင်ထားသည့်အတိုင်းပင် ဤတစ်ကြိမ်တွင်လည်း ရလာဒ်မကောင်းခဲ့ပေ။ 


ရွာထဲက လူများက အသားကျနေပြီဖြစ်ကာ ယဲ့ယွီ၏ မိဘများသည်လည်း အသားကျနေပြီး ယဲ့ယွီကိုယ်တိုင်ကပင် အသားကျနေဟန် ရ၏။ 


သူစုထားသည့်ပိုက်ဆံ ကုန်သွားသည့်အချိန်တွင် သူက အလူပ်ရှာရန် သွားလိုက်သည်။ သူက ပိုက်ဆက်စုကာ စာလေ့လာခြင်းကို ဆက်လက်လုပ်ကိုင်နေသည်။ 


သူက နေ့တစ်နေ့ အဆုံးသတ်သည့်အချိန်ရောက်သည့်အခါ လမ်းဘေးတွင်ထိုင်ကာ နေမင်းကြီးကိုကြည့်နေသည်။ 


အချိန်တိုင်းက အတူတူ၊ နေ့ရက်တိုင်းက တစ်ထပ်တည်း၊ နှစ်တိုင်းက တစ်ပုံစံတည်းပင်။ အရာရာက အမြဲတမ်း မပြောင်းလဲတော့ဟန်ရသည်။ 


၄င်းက သူအသက် ၁၈နှစ်ကလည်း အတူတူဖြစ်ပြီး ယခု သူအသက် ၂၂ရောက်သည့်အချိန်တွင်လည်း လေးနှစ်တိုင်တိုင် ထပ်တလဲလဲ ဖြစ်နေတော့သည်။


ရှန်းကျန့်က ဂိုထောင်ထဲမှ ထွက်လာစဉ် သူ့ကိုမြင်ပြီး လှမ်းခေါ်လိုက်သည်။

"ယို့... ရွှေရောင် ဖီးနစ်လေး... ဒီနေ့ ဘာလို့ စာသွားပြန်မလုပ်တာလဲ..."


ယဲ့ယွီက သူ နေဝင်ချိန်တွင် ဆေးလိပ်တစ်လိပ်သောက်နေသည်ကို ကြည့်လိုက်သည်။ ရှန်းကျန့်၏ ဟာသသည်ပင် သူအသက်၁၈နှစ်ကနှင့် တစ်ပုံစံတည်းဖြစ်သည်။ 


ယဲ့ယွီက ထရပ်ကာ ပြန်လျှောက်သွားလိုက်သည်။ 


ပထမဆုံးအကြိမ်အဖြစ် သူက လူများ အိပ်မက်လိုအပ်သည်ကို သံသယဝင်လာလေသည်။ 


ဖြစ်နိုင်သည်မှာ လူများက အိပ်မက်များမရှိလျှင် ပို၍ အလွယ်တကူနေနိုင်လောက်၏။ 


ယဲ့ယွီက သူ့စာအုပ်များကို လွင့်ပစ်ကာ သူ့လေ့ကျင့်ခန်းစာအုပ်များကို မီးရှို့ပစ်လိုက်သည်။ သူက လူတိုင်းနှင့်အတူ ဆေးလိပ်သောက်ရန်၊ အရက်သောက်ရန်နှင့် ဖဲကစားတတ်ရန် သင်ယူသည်။ 


သူ့မိဘများက သူတို့သား သာမန်ပြန်ဖြစ်လာသည်ကို ပျော်ရွှင်နေကြသည်။ 


သူတို့က သူ့ကို ပခုံးပုတ်ပေးကာ ပြောလိုက်သည်။

"အဲ့ဒါကောင်းတယ်... အဲ့ဒါကောင်းတယ်..."


ယဲ့ယွီ၏ အသံက ကျယ်လောင်သော်လည်း သူ့နှလုံးသားက အလွန်ဝမ်းနည်းနေလေသည်။ သူက ပန်းအပြည့်နှင့် ခြံထဲတွင် စီးကရက်တစ်လိပ်သောက်ကာ စိတ်ရှုပ်ထွေးစွာ ခေါင်းမော့လိုက်သော်လည်း ကောင်းကင်တွင် လေယာဉ်ပျံများ ထပ်ပျံနေသည်ကို မည်သည့်အခါမှ မတွေ့တော့ပေ။ 


သူက စွန်များကို မည်သည့်အခါမှ ထပ်ကာ အိပ်မက်မမက်တော့ချေ။ 


အသက် ၂၅နှစ်တွင် ယဲ့ယွီက အိမ်ထောင်ကျပြီး သူ့အိမ်ထောင်ဖက်မှာ ဘေးကပ်ရပ်ရွာမှ ကောင်မလေးတစ်ယောက်ဖြစ်လေသည်။ 


သူမက ပညာအရမ်းမတတ်သော်လည်း လှပ၏။ ရှန်းကျန့်က သူ့ပခုံးကို ပုတ်ကာ သူအမြတ်ရသည်ဟု ဆိုလာသည်။ 


ယဲ့ယွီသည်လည်း ရယ်မောကာ သူအမြတ်ရသည်ဟု ဆိုလိုက်သည်။ 


သူတို့က အတိတ်အကြောင်းပြောကာ ရှန်းကျန်းက ဆိုလိုက်သည်။

"စဉ်းစားကြည့်စမ်း... အဲ့တုန်းက မင်း ဘယ်လောက် တုံးလိုက်သလဲ... တက္ကသိုလ်တက်ချင်တယ်ဆိုပြီး ခေါင်းမာနေတာလေ... မင်းသာ စောစောလက်လျော့လိုက်ရင် မိန်းမနဲ့ကလေးရတာ ကြာလှပြီနေမှာ..."


"ဟုတ်တယ်..."

တခြားသူများက ရယ်မောလိုက်ကြသည်။


ရယ်သံများက ပွင့်လင်းကာ တောက်ပပြီး မြင်ကွင်းက အလွန် ပျော်စရာကောင်း၏။ 


ပြတင်းပေါက်အပြင်တွင် နှင်းကျနေပြီး ညတွင်းချင်းပင် အလွှာအထူကြီး ဖြစ်လာလေသည်။ 


ယဲ့ယွီအဝေးရောက်သွားသည့်အခါ သူက ရုတ်တရက် ယခင်က သူ့ကိုယ်သူ ပြန်အမှတ်ရလာသည်။ ထိုညက သူက တောက်ပသော နွေရာသီတွင် ထိုင်ကာ တစ်ညလုံး ဆေးလိပ်သောက်နေလိုက်သည်။ သူက ငိုကြွေးရယ်မောကာ နွေရာသီ၏ အထိန်းအကွပ်မဲ့ညတွင် သေဆုံးခြင်းကို တမ်းတနေ၏။ 


သို့သော် ၄င်းက အလွန်ဝေးကွာလှသည်မှာ သူ့၏ ယခင်ဘဝကဲ့သို့ပင်။ 


သူက နှင်းဖြူဖြူများကိုကြည့်ကာ တိတ်တဆိတ် ထရပ်လိုက်သည်။


နှင်းများသည်းထန်စွာကျနေပြီး သူ့ပေါ်ကို ကျဆင်းနေကာ သူက မတွေးတောနိုင်သော နှင်လူသားတစ်ယောက်ကဲ့သို့ပင်။ 


အတန်ကြာပြီးနောက် ယဲ့ယွီက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။


သူက ဆေးလိပ်တစ်ရှိုက်ရှိုက်ကာ နောက်ဆုံးတွင် မီးခိုးများမှုတ်ထုတ်လိုက်ပြီး ဇာတ်လမ်း အဆုံးသတ်သွားလေတော့သည်။