Chapter 283
သူ့တွင် သိမ်းစရာများများစားစား မရှိချေ။ ပစ္စည်းအများစုက ကျိယွီရှောင်ရှိနေသည့် ဟိုတယ်တွင်ဖြစ်၏။
လင်းလော့ချင်း ထုပ်ပိုးပြီးချိန်၌ ဝူရှင်းယွမ်က နှုတ်ဆက်ပွဲ စတော့မည်ဖြစ်ကြောင်း အသိပေးလာသည်။
သူက ဇာတ်ညွှန်းကို အသာထားကာ ပါတီပွဲသို့ သွားရန်ပြင်ဆင်လိုက်၏။
ဖူရှီသည် တတိယဇာတ်လိုက်သာဖြစ်သော်ငြား ဇာတ်ကောင်၏ အရေးပါမှုသည် အမျိုးသားဇာတ်လိုက်နှစ်ဦးနှင့် မကွာလှချေ။ ထို့ကြောင့် သူ၏ နှုတ်ဆက်ပွဲသည်လည်း ဇာတ်လိုက်နှစ်ဦးကဲ့သို့ပင် ခမ်းနား၏။
ဝမ်ကျစ်မင်နှင့် ဟို့ဝမ်ယွီသည် သူ့ထက်ပို၍ အသက်ကြီးကြသည်။ သူတို့က သူတို့၏ တူလေတစ်ဦးသဖွယ် လင်းလော့ချင်းကို မြင်ကြသည်။ ကိတ်မုန့်လှီးပြီးနောက် သူတို့က သူ့မျက်နှာပေါ်သို့ ခရင်မ်များ လိုက်သုတ်ကြသည်။ လင်းလော့ချင်းက ဒါရိုက်တာလီနောက်တွင် လျင်မြန်စွာ ပုန်းလိုက်၏။ ဝမ်ကျစ်မင်က ဒါရိုက်တာလီ၏ မျက်နှာပေါ်သို့ပါ ခရင်မ်များ သုတ်လိုက်လေသည်။
အားလုံးက အရယ်မရပ်နိုင်ဖြစ်သွားကြ၏။ သူက ရယ်နေစဉ်မှာပင် ဒါရိုက်တာလီက သူ့ကိုဆွဲခေါ်ကာ ခရင်မ်နှင့် ပြန်သုတ်လိုက်သည်။
ဤတစ်ကြိမ်၌ ရယ်နိုင်သူမှာ ဒါရိုက်တာလီဖြစ်သည်။
ထိုညတွင် အားလုံးက အချိန်ကြာမြင့်စွာ စကားပြောနေခဲ့ကြသည်။ အသက်ဝင်သော နှုတ်ဆက်ပွဲက အချိန်အတော်ကြာမှ အဆုံးသတ်သွား၏။
“နောက်မှဆုံကြမယ် ….” လင်းလော့ချင်းက ဒါရိုက်တာလီ၊ ဝမ်ကျစ်မင်နှင့် ဟို့ဝမ်ယွီအား နှုတ်ဆက်လိုက်သည်။
“ကောင်းပြီ …” လူများက သူ့ကားထဲသို့ ဝင်သွားသည်အထိ လက်ပြကျန်ခဲ့ကြ၏။
လင်းလော့ချင်း၏ အဝတ်အစားသေတ္တာသည် ကားထဲသို့ ရောက်နှင့်ပြီဖြစ်သည်။ ထို့ကြောင့် သူက ကားမောင်းသူအား ကျိယွီရှောင်ရှိနေသည့် ဟိုတယ်သို့ မောင်းခိုင်းလိုက်၏။
ကျိယွီရှောင်က သူယနေ့ ရိုက်ကူးရေး ပြီးဆုံးမည် ဖြစ်ကြောင်းနှင့် အဖွဲ့သားများအား အချိန်ပေးမည်ဖြစ်ကြောင်း သိရှိထားသည်။
သူက ကလေးနှစ်ဦး၏ အထုပ်ပြင်ခြင်းကို ကူညီလျှက်ရှိ၏။
လင်းဖေးသည် အလွန်မှန်ကန်သော ဘဝနေထိုင်မှုပုံစံ ရှိသည်။ သူက အဝတ်များနှင့် အတွင်းခံများကို လျှော်ပြီး ခေါက်ထားနှင့်ပြီဖြစ်၏။ ထို့အပြင် သူက ဝတ်နေကျ အဝတ်များကိုသာ ထည့်ယူလာခဲ့သည်။ သူ၏ ထုပ်ပိုးခြင်းက မြန်မြန် ပြီးဆုံးသွား၏။
တစ်ဖက်တွင်မူ ကျိလဲ့ယွီ၏အဝတ်များက နေရာအနှံ့ ပြန့်ကျဲနေသည်။ အချို့က လျှော်ဖွပ်ပြီးဖြစ်ပြီး အချို့ကမူ ဝတ်ပင်မဝတ်လိုက်ရချေ။ ကျိယွီရှောင်က သူ၏ အပြစ်ကင်းသော မျက်နှာလေးကို ကြည့်ကာ လင်းဖေးအား ညွှန်ပြလိုက်သည်။ “အစ်ကိုကြီးဆီက သင်ယူပါဦး …”
ကျိလဲ့ယွီက မျက်တောင်ပုတ်ခပ်ကာ ပြောလိုက်၏။ “ဒါဆို ဒီမိသားစုမှာ အစ်ကိုကြီးနှစ်ယောက် ရှိလာမှာပေါ့ ဒယ်ဒီရဲ့ …”
ကျိယွီရှောင် “….”
ကျိယွီရှောင် သူ့မျက်နှာလေးကို ညှစ်လိုက်၏။ “သားကတော်တော် တတ်နေပါလား … သားရဲ့ ဦးနှောက်လေးက မြန်မြန်လည်နေတာပဲ …”
ကျိလဲ့ယွီ ပြုံးလိုက်သည်။ “သားက တော်ပြီးသားပါနော် …”
“သားဒီလောက်တော်နေတယ် ဆိုတော့ မြန်မြန် အဝတ်ခေါက်တော့ … ဒီညအထုပ်ပြင်ပြီး မနက်ဖြန်မနက် ထွက်ကြမယ် …”
“ပါပါးလည်း ပါမှာလား …”
“အင်း …” ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။
ကျိလဲ့ယွီ ပျော်သွားသည်။ သူက အဝတ်များကို ကုတင်ပေါ် တင်လိုက်ပြီးနောက် နှေးနှေးလေး ခေါက်နေ၏။
လင်းဖေးက ကျိယွီရှောင်နှင့် ကျိလဲ့ယွီတို့ အဝတ်ခေါက်နေသည်ကို မြင်ချိန်၌ အတူတူ ကူခေါက်ပေးခဲ့သည်။
ကျိယွီရှောင်က သူ့ကိုပြုံးပြလိုက်၏။ သူ့မျက်ဝန်းများက နူးညံ့လာကာ လင်းဖေး၏ ဦးခေါင်းလေးကို ချစ်ခင်စွာ ပုတ်ပေးလိုက်သည်။
လင်းလော့ချင်း ရောက်လာချိန်တွင် သားအဖ သုံးဦးလုံး အထုပ်ပြင်ပြီးပြီ ဖြစ်သည်။
လင်းလော့ချင်းက သူတို့ကို ကြည့်ရင်း အမှန်တကယ် အိမ်ပြန်ရတော့မည်ဟု ခံစားချက်ရလိုက်၏။ သူတို့က နေ့တိုင်းအတူတူရှိနေသော်လည်း မကြေညာရသေးချေ။ ထို့ကြောင့် တစ်ခုခုလုပ်ခါနီးတိုင်း ချင့်ချိန်နေရသည်။ အိမ်သို့ရောက်ပါက ပို၍လွတ်လပ်သွားမှာ ဖြစ်၏။
သူက ထိုသို့တွေးပြီးနောက် တရားဝင်ကြေညာမည့် ကိစ္စအား အရေးကြီးကိစ္စအဖြစ် သတ်မှတ်လိုက်သည်။
သူတို့၏ ဆက်ဆံရေးကို ကြေညာရန် အချိန်ကောင်းတစ်ခုလည်း လိုအပ်၏။ အနည်းဆုံး သူက ကျိယွီရှောင်နှင့် သူ့ကြားတွင် ဆက်ဆံရေးတစ်ခု ရှိကြောင်း အားလုံးကို သိခွင့်ပေးရမည်။ ထိုမှသာ သူတို့က အနာဂတ်တွင် လိုက်လျောညီထွေ နေထိုင်နိုင်မှာပင်။
ဘယ်တော့မှ အခွင့်အရေးရပါ့မလဲ …
‘ထားလိုက်တော့ …’ လင်းလော့ချင်း တွေးလိုက်၏။ ‘လှေက တံတားဆီကို အခက်အခဲမရှိ ရောက်သွားမှာပဲ … အချိန်ကောင်းကို စောင့်ကြတာပေါ့ …’
သူက ပြုံးကာ ကလေးနှစ်ဦးအား ကိတ်မုန့်ကမ်းပေးလိုက်သည်။ ထို့နောက် ကျိယွီရှောင်နှင့်အတူ တီးတိုးပြောရင်း အိပ်ခန်းထံ ပြန်လာလိုက်၏။
လင်းလော့ချင်းက ကျိယွီရှောင် ရေချိုးနေစဉ် ဇာတ်ညွှန်းကို ဖတ်လိုက်သည်။
သူက အိပ်ရာကိုမီကာ ခပ်လျှောလျှောထိုင်ရင်း စတင်ဖတ်ရှုလိုက်၏၊
ထိုဇာတ်ညွန်းသည် သူနှင့်ထိတွေ့ဖူးသည့် ဇာတ်ညွှန်းများနှင့် မတူချေ။ ၎င်းက နင်းယွီပြောခဲ့သည့်အတိုင်း စာပေရုပ်ရှင်ဖြစ်သည်။ စာကြောင်းတစ်ကြောင်းချင်းစီ၌ ဝမ်းနည်းမှုများ ပါဝင်နေ၏။
ဇာတ်ညွှန်းအကြောင်းအရာက မရှုပ်ထွေးချေ။ သို့သော် အနှစ်များစွာ ပါဝင်၏။ အကူအညီမဲ့မှု၊ ရုန်းကန်ရမှု၊ ရှက်ရွံ့မှု၊ မလိုလားမှုနှင့် အဓိကဇာတ်လိုက်၏ ရုန်းကန်ရမှုများကို နက်နဲသိမ်မွေ့စွာ ဖော်ပြထားသည်။ ၎င်းက သူကိုယ်တိုင် သို့မဟုတ် သူ၏ သူငယ်ချင်းတစ်ဦး၌ ဖြစ်ပျက်သွားခဲ့သည့်အတိုင်းပင်။ ထို့ကြောင့် လင်းလော့ချင်းက ဇာတ်ညွှန်း တစ်ဝက်ကျိုးသည်အထိ ဖတ်လိုက်မိ၏။
ကျိယွီရှောင် ရေချိုးခန်းထဲ ရောက်လာချိန်တွင် ဝမ်းနည်းသော အမူအရာဖြင့် အိပ်ရာထက်၌ ထိုင်နေသည့် လင်းလော့ချင်းကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ …” သူက မေးလိုက်၏။
လင်းလော့ချင်း ခေါင်းယမ်းကာ လက်တွင်းရှိ ဇာတ်ညွှန်းကို ပြလိုက်သည်။ “ဒီဇာတ်ညွှန်းထဲမှာ မျောသွားတာ …”
ကျိယွီရှောင် ထိတ်လန့်သွားသည်။ “မင်း ဇာတ်ညွှန်းအသစ်ကို ဒီလောက်မြန်မြန် ရလာတယ်လား …”
သူ့ဇနီးလေးက အရမ်းရက်စက်တာပဲ …
သူတို့ မကြာခင် ခွဲရဦးမှာပေါ့ …
သူက သနားဖို့ကောင်းလိုက်တာ …
သူက အမြဲအလုပ်ရှုပ်နေသည့် ဇနီးလေးကို စိတ်ဓာတ်ကျစွာ ပွေ့ဖက်လိုက်သည်။
လင်းလော့ချင်းက သူ၏ စိတ်ဓာတ်ကျမှုနှင့် အံ့အားသင့်သော အမူအရာကြောင့် ရယ်ချင်သွား၏။
“အဖွဲ့ထဲက ဇာတ်ညွှန်းရေးဆရာတစ်ယောက် ပေးလိုက်တာ … ကြည့်ပေးဖို့လေ … ဘာမှ မဆုံးဖြတ်ရသေးပါဘူး …”
“အခု ဖတ်ပြီးတော့ လက်ခံချင်စိတ်ပေါ်လာလား …”
လင်းလော့ချင်း တုံ့ဆိုင်းနေသည်။ သူက ရုပ်ရှင်ကို အမှန်တကယ် လက်ခံလိုသည်။ သို့သော် ဇာတ်ညွှန်းက လွှမ်းမိုးလွန်းသဖြင့် အချိန်အတော်ကြာ ရုန်းမထွက်နိုင်ဖြစ်မည်ကိုလည်း စိုးရိမ်မိသည်။
“ဖတ်ကြည့်ဦးမယ်လေ …” လင်းလော့ချင်းက ပြော၏။ “ဖတ်လို့တောင် မပြီးသေးဘူး …”
“ကောင်းပြီလေ …” ကျိယွီရှောင်က သူ့ရွေးချယ်မှုကို မနှောင့်ယှက်ခဲ့ချေ။ “သဘောကျရင် လက်ခံလိုက် … သဘောမကျရင် လက်မခံနဲ့ … မင်းငြင်းလိုက်ရင် အနားယူချိန် ပိုရတယ် … လက်ခံလိုက်ရင်လည်း ဒီလိုရုပ်ရှင်တွေက ဆုရတတ်တာကြောင့် မင်းအတွက် အခွင့်အရေးပိုကောင်းလာနိုင်တယ် …”
လင်းလော့ချင်းက သူ့မျက်ဝန်းအတွင်းရှိ နူးညံ့မှုကို တွေ့လိုက်ရသည်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်လာသဖြင့် ကျိယွီရှောင်အား ပွေ့ဖက်လိုက်၏။
သူက ဆုရခြင်းမရခြင်းကို အလေးမထားတော့။ သူ့ကို ထောက်ပံ့ပေးနေမည့် လူတစ်ဦး ရှိနေသည်ကပင် အရာရာ ပြည့်စုံနေပြီဖြစ်သည်။
ရုပ်ရှင်ထဲမှ ဇာတ်ဆောင်သည် ဆုံးရှုံးမှုများပြီး ရှက်ရွံ့တတ်၏။ သူက မတူချေ။ သူ့တွင် ကောင်းမွန်သောဘဝနှင့် ကောင်းမွန်သော ချစ်သူတစ်ဦး ရှိသည်။ သူက ဇာတ်ကြောင်းအတွင်း ပိတ်လှောင်ခံမည် မဟုတ်ပေ။ သူက ထိုဇာတ်ကောင်၏ ဘဝကို ဖြတ်သန်း၍ ဇာတ်ကောင်၏ ခံစားချက်များကို တွေ့ကြုံရပေလိမ့်မည်။ သူ့လမ်းကြောင်းနှင့်သူ သွားသည်က ပို၍ကောင်းမွန်၏။
လင်းလော့ချင်းက နင်းယွီအား အကြောင်းပြန်ရန် အလျင်မလိုခဲ့။ သူက အိမ်ပြန်ရောက်ပြီး ဇာတ်ညွှန်းကို ပြီးအောင် ဖတ်လိုက်သည်။ ထို့နောက် နင်းယွီကို ဖုန်းခေါ်ကာ မေးလိုက်၏။
“ဒါရိုက်တာက ဘယ်သူများလဲ … ဇာတ်ညွှန်းက အဆင်ပြေပါတယ် … ကျွန်တော် ဒါရိုက်တာကိုပဲ သိချင်ရုံပါ …”
နင်းယွီ ဝမ်းသာသွားသည်။ သူက ရက်အတန်ကြာ စောင့်နေခဲ့ရခြင်းဖြစ်၏။
“ဒါဆို ရှောင်လင်းလောင်ရှီး … ရုပ်ရှင်ကို စိတ်ဝင်စားတယ်လို့ ပြောတာလား …”
“စိတ်ဝင်စားပါတယ် …”
“ကောင်းလိုက်တာ … ဒါရိုက်တာက ယွီကျားယုံလေ … သူက နာမည်မကြီးပေမယ့် သူ့ဇာတ်ညွှန်းတွေကတော့ မဆိုးပါဘူး … ရှောင်လင်းလောင်ရှီး … ဘယ်လိုထင်လဲ …”
လင်းလော့ချင်း သိချင်သွားသည်။ “ခင်ဗျား ဒီရုပ်ရှင်ကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ … ဒါရိုက်တာယွီနဲ့ ဆက်ဆံရေးကောင်းတယ်ထင်တယ် … ခင်ဗျားနည်းနည်း စိုးရိမ်နေသလိုပဲ …”
နင်းယွီ ရှက်သွားပုံပေါ်၏။ “သူက ကျွန်တော့်သူငယ်ချင်းပါ …”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ဒီလိုကိုး …”
“ကောင်းပြီ … ကျွန်တော် အချိန်ရရင် သူ့အလုပ်ကို ကြည့်လိုက်ပါ့မယ် … ပြီးရင်ကျန်တာပြောကြတာပေါ့ …”
“ဟုတ်ကဲ့ …” နင်းယွီ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“စကားမစပ် ခင်ဗျားကျွန်တော့်ကို ဇာတ်ညွှန်းပေးခဲ့တာ ဒါရိုက်တာရော သိလား …” သူက နင်းယွီကို မေးလိုက်သည်။ “ကျွန်တော့်ဘက်က ပြဿနာမရှိပေမယ့် သူက ကျွန်တော့်ကို စိတ်မဝင်စားရင်ရော …”
“အဲဒီ့လိုမဖြစ်နိုင်ပါဘူး …” နင်းယွီ၏ အသံက တိုးသွား၏။ “သူက လောင်ရှီးကို သေချာပေါက် ကျေနပ်မှာပါ … အရိုးသားဆုံး ပြောရရင် လောင်ရှီးက အရမ်းကျော်ကြားတယ်လေ … သူက လူသိများတဲ့ ဒါရိုက်တာမှ မဟုတ်ပဲ … သူက လောင်ရှီးကို စိတ်မဝင်စားတာ ဖြစ်နိုင်ပါ့မလား … ”
“ဒီလိုလည်း မဟုတ်သေးဘူးလေ …” လင်းလော့ချင်းက မြန်မြန်ပြောလိုက်သည်။
“သရုပ်ဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအပေါ် မူတည်နေတာ … သူက နာမည်ကြီးကြီးမကြီးကြီး ကျွန်တော် သူ့ကို အသိအမှတ်ပြုနေဦးမှာပဲ … ခင်ဗျားလိုမျိုးပေါ့ ဇာတ်ညွှန်းဆရာနင်းယွီ … ခင်ဗျားက ဒါရိုက်တာကောလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ “အနောက်အရပ်သို့ ခရီးသွားခြင်း” ရေးနိုင်တာပဲ … ကျွန်တော် အသိအမှတ်ပြုမှာပါ …”
နင်းယွီက မသိစိတ်ဖြင့် ပြုံးလိုက်မိ၏။ “ဒါက ဒါရိုက်တာကောရဲ့ အကောင်းဆုံးလက်ရာပဲ … လင်းလောင်ရှီး … ခင်ဗျားက တကယ့်ကို အပြောကောင်းတာပဲ …”
သူက ခေါင်းငုံ့ကာ ပြောလိုက်သည်။ သူက လင်းလော့ချင်းသည် အလွန်ကောင်းမွန်သည်ဟု တွေးနေမိ၏။ သူက လူသိများရန်ထိုက်တန်သည်။ သူက သရုပ်ဆောင်ကောင်းရုံတင်မက ဉာဏ်ပညာလည်း မြင့်မား၏။ သူ လူသိမများခြင်းကသာ လက်မခံနိုင်စရာ ဖြစ်မှာပင်။
ထိုသို့တွေးပြီးသည့်နောက် ယွီကျားယုံ၏ ခေါင်းမာသော မျက်နှာအား မြင်ယောင်လာမိသည်။ ဤတစ်ကြိမ်၌ သူသည် လင်းလော့ချင်း အကူအညီဖြင့် အောင်မြင်လာသင့်၏။
သူက တစ်ဖက်လူ၏ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော အပြုံးနှင့် မလိုလားသည့် မျက်ဝန်းများကို တွေးလိုက်မိသည်။ သူက နှလုံးသားအောက်ခြေမှ အထီးကျန်ခြင်းကို စတင်ခံစားလာရ၏။
နင်းယွီက လင်းလော့ချင်းအား ယဉ်ယဉ်ကျေးကျေး ဖုန်းချလိုက်ပြီးနောက် အခြားနံပါတ်တစ်ခုကို ဖုန်းဆက်လိုက်သည်။
ထိုအချိန်တွင် လင်းလော့ချင်းသည် မတွေ့တာကြာပြီဖြစ်သည့် တစ်စုံတစ်ဦး၏ ခေါ်ဆိုမှုအား လက်ခံရရှိခဲ့သည်။
“ငါနင့်အဖေနဲ့ ကွာရှင်းတော့မလို့ …” ချန်ဖုန်းက တည့်ပြောလိုက်သည်။ “ငါ ထွက်သွားတော့မှာ … မင်း သူနဲ့အတူ အောင်ပွဲခံလို့ရတယ် …”
“အိုး …” လင်းလော့ချင်းက အေးစက်စက် တုံ့ပြန်လိုက်သည်။
“ငါ သူအဲဒီ့အချိန်ကျ ဘယ်လိုဖြစ်နေမလဲ တကယ်မြင်ချင်မိတယ် … မင်းသူ့ကို ဗီဒီယို ရိုက်ထားပေးနိုင်မလား …”
လင်းလော့ချင်းက သူမ အတွေးလွန်နေပြီဟု ခံစားလိုက်ရသည်။ “သူ့ကို မုန်းတယ်ဆိုတိုင်း ခင်ဗျားကို သဘောကျတယ်လို့ မဆိုလိုဘူးနော် … ခင်ဗျားအတွက် ဗီဒီယိုရိုက်ပေးဖို့ စိတ်ရှိမနေဘူး …”
ချန်ဖုန်းက သူ၏ ငြင်းဆန်မှုကို ခန့်မှန်းပြီးဖြစ်ပုံရသည်။ သူမက တစ်ခွန်းသာ ပြန်ပြော၏။
“ဒါဆို ငါဖုန်းချတော့မယ် … မင်းသူ့ကို စိတ်ဆိုးလွန်းလို့ သေသွားစေခဲ့ရင် ငါ့အတွက် အသုဘဖိတ်စာ ပို့ပေးဖို့ မမေ့နဲ့နော် …”
လင်းလော့ချင်း ရယ်လိုက်သည်။ သူသည်လည်း ထိုသို့ဖြစ်စေချင်၏။ သို့သော် ပါပါးလင်းက ထိုကဲ့သို့ အလွယ်တကူ စိတ်ဆိုးမည်မဟုတ်ပေ။
သူက ချန်ဖုန်းနှင့် အဓိပ္ပာယ်မရှိသည်များကို ထပ်မပြောတော့ပဲ ဖုန်းချလိုက်၏။ ထို့နောက် မေးကိုပွတ်ကာ စဉ်းစားနေမိသည်။ ဤတစ်ကြိမ်၌ နောက်ကျောကို ဓားနှင့်ထိုးရန် အကောင်းဆုံးပင်။
သူက ချစ်လှစွာသော ဖခင်ထံမှ မည်ကဲ့သို့ တုံ့ပြန်မှုမျိုး ရရှိလိမ့်မည်မသိ။ သူ ၎င်းအား အမှန်တကယ် မျှော်လင့်နေမိသည်။
လင်းလော့ချင်းက ပါပါးလင်းကို သွားရှာရန် အလျဉ်မလိုခဲ့ချေ။ အကြောင်းမှာ ရိုးရှင်း၏။ လင်းပေါ်အတွက် သူ၏ အငယ်ဆုံးသားသည် ထောင်ကျသွားပြီး ဇနီးဖြစ်သူက ကွာရှင်းသွားခဲ့ခြင်းမှာ မလွယ်ကူလှချေ။ လင်းလော့ချင်းသည် သူ၏ တစ်ဦးထဲသော မိသားစုဝင်ဖြစ်သည်။ လင်းလော့ချင်း သူ့အား သွားမရှာရသေးခင် လင်းပေါ်က အရင်လာရှာလိမ့်မည်ပင်။
ထို့အပြင် လင်းပေါ်၏ လွှဲပြောင်းခြင်း သဘောတူချက်က သူ့လက်ထဲ၌ ရှိနေသေးသည်။ လင်းပေါ်က လင်းလော့ချင်းကို အမှန်တကယ် မပေးချင်ခဲ့သော်ငြား ချန်ဖုန်းအတွက်လည်း ပေါပေါပဲပဲ မလုပ်ပေးချင်ခဲ့။ ယခု ချန်ဖုန်းက သူ့ကို ကွာရှင်းလိုက်ပြီဖြစ်သည်။ လင်းပေါ်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ထားအရ သူသည် လင်းလော့ချင်းဆီမှ ထိုအရာများ ပြန်ယူရန် စိတ်စောနေမှာ သေချာ၏။
ထိုသို့ဆိုပါက သူအဘယ့်ကြောင့် ပါပါးလင်းထံသို့ အဆောတလျှင် သွားရောက်ရမည်နည်း။
သူက ဒါရိုက်တာ ယွီကျားယုံကိုသာ ပိုမိုစိုးရိမ်၏။
လင်းလော့ချင်းက သေချာပြန်တွေးကြည့်လိုက်သည်။ ထိုသူသည် ဝတ္ထုထဲတွင် မပေါ်လာခဲ့သည့် နာမည်ဖြစ်၏။
သူက အင်တာနက်ပေါ်တွင် ဒါရိုက်တာအကြောင်း ရှာကြည့်ခဲ့သည်။
ရလဒ်အနေဖြင့် သူက အနည်းငယ်သာ ရှာတွေ့ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယွီကျားယုံဟူသည့် ဒါရိုက်တာသည် မထင်ရှားလှချေ။
သူ၏ ဓာတ်ပုံများ မရှိသလို အသက်အရွယ် အကြောင်းကိုရော၊ အကျင့်စရိုက်ကိုပါ ထည့်သွင်းဖော်ပြထားခြင်း မရှိ။ သူက ရုပ်ရှင်ကျောင်း ရိုက်ကူးရေး ဌာနမှ ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် ရုပ်ရှင်နှစ်ခု ရိုက်ကူးခဲ့၏။
လင်းလော့ချင်းက ထိုရုပ်ရှင်များကို ကြည့်ဖူးရန် မဆိုထားနှင့်၊ ကြားပင်မကြားဖူးခဲ့။
သူက ထပ်မံရှာဖွေလိုက်သည်။ ထိုစဉ် သူ့ဖုန်းမြည်လာ၏။
နင်းယွီက wechat မှ စာပို့လာခြင်းဖြစ်သည်။ {လင်းလောင်ရှီး … ကျွန်တော် ဒါရိုက်တာယွီရဲ့ ရုပ်ရှင်တွေကို ပို့ပေးထားတယ် … လိုအပ်ရင် ကြည့်လို့ရအောင်ပါ }
လင်းလော့ချင်းက စာပြန်လိုက်၏။ {ကောင်းပါပြီ }
စာပြန်ပြီးနောက် သူက အီးမေးလ်ကို ဖွင့်စစ်လိုက်သည်။
လင်းလော့ချင်းက ရုပ်ရှင်များကို ဒေါင်းလုဒ်ဆွဲလိုက်၏။ အင်တာနက်ပေါ်ရှိ အချက်အလက်များနှင့် မတူစွာပင် ရုပ်ရှင်မှာ သုံးခုရှိနေလေသည်။
နောက်ထပ်ရုပ်ရှင်တစ်ခုက “အမှောင်ထု” ဟု အမည်ရ၏။ လင်းလော့ချင်းက သိချင်စိတ်ဖြင့် ထိုရုပ်ရှင်ကို အရင်ကြည့်လိုက်သည်။ ထိုအခါမှသာ ရုပ်ရှင်အဘယ့်ကြောင့် လူထုရှေ့သို့ ပေါ်ထွက်မလာရခြင်းဖြစ်ကြောင်း သူနားလည်သွားသည်။ ရုပ်ရှင်မှာ တစ်ဝက်သာ ရိုက်ကူးရသေး၏။
ရုပ်ရှင်၏ ရိုက်ချက်များက အလွန်ကောင်းမွန်ပြီး ခပ်မှိန်မှိန် အရောင်ကို လိုက်ဖက်စွာ အသုံးပြုထားသည်။ ဇာတ်ကောင်များ၏ သရုပ်ဆောင်မှုများမှာလည်း ပြောင်မြောက်၏။ ဇာတ်ကြောင်းက နောက်ကြောင်းပြန်ခြင်းထဲတွင် မြှုပ်ကွက်များစွာ ပါရှိနေသည်။ နောက်ကြောင်းပြန်လိုက်တိုင်း လူများကို ပို၍ပို၍ ဝမ်းနည်းလာစေ၏။
သို့သော် ရုပ်ရှင်သည် မိနစ်လေးဆယ်သာ ကြာမြင့်သည်။ ၎င်းက ဟာကွက်များစွာနှင့် အလျင်စလို အဆုံးသတ်လိုက်ရပုံပေါ်၏။
ရုပ်ရှင်ပြီးသည့်နောက် နင်းယွီ၏ ရှင်းပြချက် ထွက်ပေါ်လာသည်။ ရုပ်ရှင်က မပြီးသေးကြောင်းနှင့် ပုဂ္ဂိုလ်ရေး ကိစ္စများကြောင့် အလျင်စလို အဆုံးသတ်လိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထား၏။ သို့သော် ရုပ်ရှင်၏ ဇာတ်ကြောင်းမှာ သိသာနေပြီ ဖြစ်သည့်အလျောက် တင်သွင်းထားခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်းက ထိုရုပ်ရှင်သာ အပြီးထိ ရိုက်ကူးခဲ့ရလျှင် မည်သို့ ဖြစ်လာမည်ကို သိချင်လာ၏။ သူက ပူးပေါင်းမှုအကြောင်း အတည်ပြုပြီးသည်နှင့် ရုပ်ရှင်၏ ဇာတ်ညွှန်းကို နင်းယွီထံမှ တောင်းကြည့်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ နင်းယွီနှင့် ဒါရိုက်တာ ယွီကျားယုံသည် သာမန်ထက် ပိုသော ဆက်ဆံရေးမျိုး ရှိပုံရသည်။ သူက ဒါရိုက်တာ၏ ဇာတ်ညွှန်းကို ကိုင်ထားရုံသာမက ရိုက်ကူးမပြီးသေးသည့် ရုပ်ရှင်လည်း ရှိ၏။ နင်းယွီက လင်းလော့ချင်းကို အားတက်သရော ကမ်းလှမ်းခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ သူ၏ သူငယ်ချင်းအတွက် အလွန်အလုပ်ကြိုးစားပေးခဲ့ခြင်း ဖြစ်သည်။
လင်းလော့ချင်းက သူတို့နှစ်ဦး၏ သူငယ်ချင်းသံယောဇဉ်ကြောင့် ပြုံးကာ သက်ပြင်းချလိုက်မိ၏။ သူက ယွီကျားယို့၏ နောက်ထပ် ရုပ်ရှင်နှစ်ခုကို ဆက်ကြည့်လိုက်သည်။
“အမှောင်ထု” ကဲ့သို့ပင် ရုပ်ရှင်နှစ်ခု၏ ရိုက်ချက်များမှာလည်း အလွန်ကောင်းမွန်လှသည်။ ဒါရိုက်တာက ရိုက်ကူးရေး၌ အလွန်ထူးချွန်သည်ပင်။ သူက လူများ၏ လှပထင်ရှားသော အပြုအမူကိုသာမက စိတ်ထားကိုပါ ထင်ဟပ်အောင် ရိုက်ပြနိုင်စွမ်းရှိသည်။
ချမ်းသာခြင်း၊ တောက်ပခြင်း၊ အထီးကျန်ခြင်း၊ အလင်းရောင်။ သူ၏ မှန်ဘီလူးများ အောက်ရှိ လူများသည် အလွန်ထင်ရှားပြီး အသက်ဝင်၏။ ၎င်းက စိတ်လှုပ်ရှားစရာပင်။
ထိုကဲ့သို့သောလူသည် ပါရမီရှိသော ဒါရိုက်တာသာ ဖြစ်ရမည်။ ထိုသို့မဟုတ်ပါက ပြောင်မြောက်သော ရိုက်ကွင်းမျိုးကို ဖန်တီးနိုင်ခဲ့မည် မဟုတ်ပေ။