အပိုင်း ၂၈၂
Viewers 87k

Chapter 282



ကျိလဲ့ယွီက သူ့ကိုဂရုစိုက်သည့်အပြင် သူ၏ နှစ်သက်မှုကို ဖော်ပြရန်လည်း ကြိုးစားသည်။ ကျိလဲ့ယွီက အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲသွားမည်ပင်။ တစ်နေ့နေ့တွင် သူသည် နှလုံးသားထဲရှိ အန္တာရာယ်အား သူ့ကိုယ်ပိုင် အသိဉာဏ်ဖြင့် ထိန်းနိုင်လိမ့်မည်။ 


လင်းလော့ချင်းက သူ့ခေါင်းလေးကို အပြုံးဖြင့် ထိလိုက်သည်။ သူက ကျိလဲ့ယွီ၏ နဖူးလေးကို နမ်းရှိုက်လျှက် သူလိုချင်သည့် ချီးမွမ်းမှုအား ပေးလိုက်၏။ 


ကျိလဲ့ယွီ မျက်နှာပေါ်ရှိ အပြုံးက ပို၍ တောက်ပလာသည်။ ထိုအပြုံးက ချစ်စဖွယ်ကောင်းလှ၏။ 


‘ဒါက ငါ့ကလေးလေးပဲ …’ လင်းလော့ချင်း တွေးလိုက်သည်။ ကျိလဲ့ယွီသည် သူအစိုးရိမ်ဆုံးဖြစ်ပြီး ဂရုအစိုက်ရဆုံး ကလေးလည်းဖြစ်၏။ သူက များသောအားဖြင့် ပြဿနာရှာတတ်သော်ငြား လိမ္မာပြီး ချစ်စဖွယ်ကောင်းသည်။ 


သူက သူ့ကလေးများကို အလွန်ချစ်သည်။


သူ့မျက်လုံးထဲတွင် ထိုကလေးများသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ကလေးလေးများ ဖြစ်ကြ၏။ 


မုန့်ဖိုးပေးပြီးသည့်နောက် ကျိလဲ့ယွီက သူနှင့်အတူ ခဏကြာ စကားပြောနေခဲ့သည်။ ထို့နောက် လင်းလော့ချင်း ပေါင်ပေါ်မှ ခုန်ဆင်းလျှက် လင်းဖေးကို သွားရှာလိုက်သည်။


“သား ပါပါးကိုမုန့်ဖိုး ပေးခဲ့တယ် …” သူက ပျော်ရွှင်စွာ ဆိုသည်။ “ပါပါးက အရမ်းပျော်နေတဲ့ပုံပဲ …”


လင်းဖေးက ပုံမှန်အတိုင်း ပြန်ဖြေ၏။ “အင်း …” 


ကျိလဲ့ယွီ သူ့အနားကပ်လာသည်။ “သားတို့ အချိန်ပိုင်း ထပ်လုပ်ရဦးမှာလား …”


“အချိန်ရရင် လုပ်ကြတာပေါ့ …” 


ကျိလဲ့ယွီက ခေါင်းမော့လိုက်သည်။ “ဘယ်အချိန်မှ အချိန်ရမှာလဲ …”


“ဆောင်းတွင်းရယ် … နွေရာသီ အားလပ်ရက်ရယ် …” လင်းဖေး သူ့ကိုကြည့်လိုက်သည်။ “မဟုတ်ရင် ငါတို့ပညာရေးကို နှောင့်နှေးစေလိမ့်မယ် …” 


သူက တွေးတွေးဆဆဖြင့် ကျိလဲ့ယွီကို သတိပေးလိုက်သည်။ “နွေရာသီမှာလုပ်ရမယ့် အိမ်စာတွေ မပြီးသေးဘူး မဟုတ်လား …” 


ကျိလဲ့ယွီ “…” 


သူအချိန်ပိုင်းလုပ်ရတာ ကြိုက်တယ်လို့ … အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းတယ် … သူ့ကို အလုပ်လုပ်ခွင့်ပေးပါ …


ကျိယွီရှောင်က အလုပ်ပြီးချိန်တွင် လင်းလော့ချင်းကို လာရှာ၏။ လင်းလော့ချင်းက စိတ်အခြေအနေ ကောင်းနေပုံဖြင့် သီချင်းညည်းကာ ထုပ်ပိုးနေသည်။ 


ကျိယွီရှောင်က သူ့ကို မေးလိုက်၏။ “မင်းရဲ့သားဆီက မုန့်ဖိုးရထားတာလား …” 


လင်းလော့ချင်းက ဂုဏ်ယူစွာ ခေါင်းညှိတ်လိုက်၏။ “ငါ့သားလေးက အရမ်းချစ်စရာကောင်းတယ် …” 


ကျိယွီရှောင်က ညှင်သာစွာဆိုသည်။ “သားရူးလေး …” 


လင်းလော့ချင်းက သူ့ကို သားရူးလို့ ဘယ်လိုများခေါ်နိုင်ရတာလဲ … အဲဒါက လင်းလော့ချင်းကိုယ်တိုင်မှန်း ဒီလောက်သိသာတာကို … 


လင်းလော့ချင်းက သူ့ကိုလှည့်ကြည့်ကာ ကျိလဲ့ယွီပေးခဲ့သည့် ကဒ်အား ထုတ်ပြလိုက်သည်။ “ဒီမှာ …”


“ဘာလို့မင်းကိုယ့်ကို ပေးနေတာလဲ … ဒါက မင်းရဲ့သား မင်းကိုပေးတဲ့ မုန့်ဖိုးလေ … ကိုယ်မယူဝံ့ပါဘူးနော် …” 


လင်းလော့ချင်းက ရယ်လိုက်သည်။ သူက ရှင်းပြလိုက်၏။ “ရှောင်ယွီ့မှာ ဘယ်လိုလုပ် ကဒ်ရှိမှာလဲ … ဒါက မင်းကဒ်မဟုတ်လား … ဒီအထဲမှာ သူ့လခထက် ပိုပါနေမှာပေါ့ … မင်းဒါကို ပြန်ယူလိုက်နော် …” 


သူက ကျိယွီရှောင်၏ လက်ကိုယူကာ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ “ငါက သူ့နှလုံးသားကို ယူပြီးသွားပြီ … ဒါက မလိုပါဘူး …” 


ကျိယွီရှောင်က သူ့လက်ကို ဆုပ်ကိုင်ထားပြီး ပြန်မလွှတ်ပေးခဲ့ချေ။ 


လင်းလော့ချင်း ဇဝေဇဝါဖြစ်သွား၏။ “ဘာလဲ …” 


ကျိယွီရှောင်က သူ့လက်ကိုဖြန့်စေလျှက် ကဒ်ကို ပြန်ထည့်ပေးလိုက်၏။ “သူမင်းကို ပေးခဲ့မှတော့ ဒါအားလုံးက မင်းပိုင်တာပါပဲ …” 


“ဒီလောက်ထိမလိုပါဘူး …” လင်းလော့ချင်းက ပြောလိုက်သည်။ 


“လိုတာပေါ့ကွာ …” ကျိယွီရှောင်က ရယ်လိုက်၏။ “ဒီအထဲက လစာအကုန်လုံးက ကိုယ့်ဇနီးလေးကို အပ်ထားတာပဲလေ …” 


သူက လင်းလော့ချင်းအား ညှင်သာစွာ ချဉ်းကပ်လိုက်သည်။ “ဟုတ်တယ်မဟုတ်လား ဇနီးလေး …” 


လင်းလော့ချင်း “…”


လင်းလော့ချင်း ရှက်သွေးဖြာလာ၏။ သူက ခေါင်းငုံ့လိုက်ပြီး ကဒ်ကို ပြန်မပေးတော့ချေ။ 


ကျိယွီရှောင်က ပြုံးကာ သူ့လက်ကလေးကို ဆွဲယူနမ်းရှိုက်လိုက်၏။ “ကောင်းတယ် … အခုမင်းမှာမုန့်ဖိုးရှိလာပြီ …” 


လင်းလော့ချင်းက သူ့ကိုကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။ သို့သော် သူက စိတ်ဆိုးနေခြင်းမဟုတ်ပဲ စိတ်ကြီးဝင်လာခြင်းသာ ဖြစ်၏။ 


ကျိယွီရှောင် သူ့ပါးလေးကို ဆွဲညှစ်လိုက်သောအခါ လင်းလော့ချင်းက သူ့လက်ကို ကိုက်လိုက်သည်။ ကျိယွီရှောင်က လက်ကို အမြန်ပြန်ရုတ်လိုက်ရင်း လင်းလော့ချင်းအား သူ့လက်မောင်းတွင်း ဆွဲသွင်းလိုက်၏။ 


“ဘာလို့ ကိုယ့်ယောက်ျားကိုယ် ကိုက်နေတာလဲ … ရက်စက်လိုက်တာ …” 


လင်းလော့ချင်း နှာခေါင်းရှုံ့ကာ အံကြိတ်လိုက်သည်။ “ဘာဖြစ်လဲ …”


ကျိယွီရှောင်က ထိုအပြုအမူလေးကို အသဲတယားယား ဖြစ်သွားပြီး သူ့အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။ သူက လင်းလော့ချင်းသည် အလွန်ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ 


ထိုညက သူတို့လေးဦး အတူတကွ အိပ်စက်ခဲ့ကြသည်။ လင်းလော့ချင်းနှင့် ကျိယွီရှောင်က အစွန်တွင်အိပ်ကာ ကလေးနှစ်ဦးကမူ အလယ်တွင် အိပ်စက်ကြ၏။ သူတို့နှစ်ဦးက ချစ်စဖွယ်ကောင်းစွာ အိပ်စက်နေကြသည်။ 


သူတို့ မြို့သို့ပြန်ရောက်ချိန်တွင် ဒါရိုက်တာလီက ကျိလဲ့ယွီအတွက် ကိတ်ဝယ်ပေးခဲ့သည်။ ကျိလဲ့ယွီက ကိတ်မုန့်စားရင်း လင်းလော့ချင်းနှင့် အခြားလူများ၏ ရိုက်ကူးရေးကို ကြည့်ခဲ့၏။ 


ကျိလဲ့ယွီနှင့် လင်းဖေး၏ ရိုက်ကွင်းများက ပြီးသွားပြီဖြစ်သည်။ သို့သော် လင်းလော့ချင်းက မပြီးပြတ်သေးချေ။ သူတို့နှစ်ဦးက နွေရာသီအားလပ်ရက် ရထားပြီး ကျိယွီရှောင်သည်လည်း အလုပ်မအားမဖြစ်ရာ အမြန်ပြန်စရာ မလိုအပ်ချေ။


ဂျူလိုင်လကုန်ဆုံးပြီး ဩဂတ်စ်လသို့ ရောက်ချိန်မှသာ လင်းလော့ချင်း ရိုက်ကူးရေး အဆုံးသတ်သွား၏။ 


နောက်ဆုံးရိုက်ကွင်း ပြီးသည့်နောက် သူက ဒါရိုက်တာလီအား သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် ချင်ဝူအား ဖန်တီးပေးရန် တောင်းဆိုထားသည့် သီချင်းသုံးပုဒ်ကို ထုတ်ပြကာ အသုံးပြုနိုင်ခြင်း ရှိမရှိ မေးခဲ့၏။ 


ဒါရိုက်တာလီက သီချင်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ပြီးပြီဖြစ်သည်။ သို့သော် ချင်ဝူ၏ ကြည်လင်ပြတ်သားသော အသံအား ကြားချိန်တွင် သူ၏ နှလုံးသားက လှုပ်ရှားလာခဲ့၏။ ၎င်းက ရေစီးကျသံနှင့်တူပြီး ခရီးသွားရာ၌ နားထောင်ရန်သင့်တော်လှသည်။ 


“မင်းရဲ့သူငယ်ချင်းလား …” ဒါရိုက်တာလီ သူ့ကိုမေးလိုက်သည်။ 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ “ကျွန်တော် ရုပ်ရှင်ရိုက်နေတာ သူမ သိတယ်လေ … ဒါ့ကြောင့် ဒီသီချင်းတွေ ရေးပေးခဲ့တာ … အဖွဲ့က ဒါကို သဘောကျရင် သူမ ဒီအတိုင်းပေးလိုက်ပါ့မယ်တဲ့ …” 


ဒါရိုက်တာလီက သူ့ကိုကြည့်ကာ စနောက်လိုက်သည်။ “သူမက မင်းအပေါ် အရမ်းကောင်းပါလား …” 


“သူက မထင်ရှားသေးတော့ ရောင်းလို့မရသေးဘူးလေ … ဒီတော့ ရုပ်ရှင်သာ နာမည်ကြီးလာရင် သူ့အတွက်လည်း အကျိုးရှိတာပေါ့ …” 


ထိုအရာမှာမှန်၏။ ဒါရိုက်တာလီ ခေါင်းညှိတ်လိုက်သည်။ 


သို့သော် သူက အခြားလူများအပေါ် အခွင့်ကောင်းမယူတတ်ချေ။ သူက လင်းလော့ချင်းအား သီချင်းဒါရိုက်တာထံ သွားရောက်၍ ဈေးညှိနှိုင်းရန် ပြောလိုက်သည်။


“မင်းသူ့ကို ဒီလိုကူညီနေတာ ကျိယွီရှောင်ရော သိလား …”  ဒါရိုက်တာလီက ပြောလိုက်သည်။ 


လင်းလော့ချင်း “…”


ထိုလူတစ်ခုခု မြင်လိုက်ပြီဟု လင်းလော့ချင်း ခံစားမိလိုက်၏။ 


ဒါရိုက်တာလီ ရပ်တန့်သွားသည်။ “မင်း သူ့ကိုဘာလို့မပြောတာလဲ …” 


“သူသိပါတယ် …” လင်းလော့ချင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။ “ဒါရိုက်တာ အရမ်းစိတ်ပူတတ်တာပဲ … ရိုက်ကွင်းထဲမှာရော … အပြင်လောကကိုရော စိတ်ပူနေတာ မပင်ပန်းဘူးလား …”


“ဖရဲသီးစားရတာ ဘယ်သူက ပင်ပန်းမှာလဲ …” ဒါရိုက်တာလီက ပုံမှန်အတိုင်းဆို၏။ “ဖရဲသီးခွဲရတဲ့လူတွေပဲ ပင်ပန်းမှာလေ … ဖရဲသီးစားရတဲ့လူတွေက စားပြီးရင်းထပ်စားချင်မှာပဲ …” 


လင်းလော့ချင်း “…” 


လင်းလော့ချင်းက သူ့အတွက် ဖရဲသီးခွဲပေးရန် ငြင်းဆန်ကာ လှည့်ထွက်လာ၏။ 


ဒါရိုက်တာလီက သူ၏ အပြုအမူကြောင့် ပျော်ရွှင်စွာ ရယ်လိုက်သည်။ ထိုအရာမှာ စိတ်ဝင်စားဖွယ်ပင်။ လင်းလော့ချင်းနှင့် ကျိယွီရှောင်ကြား၌ တစ်စုံတစ်ခု ရှိနေ၏။ သူက သူတို့ ထုတ်ဖော်ကြေငြာသည်အထိ စောင့်ဆိုင်းရပေမည်။ 


လင်းလော့ချင်းက သီချင်းဒါရိုက်တာနှင့် ညှိနှိုင်းကာ ချင်ဝူအား သတင်းကောင်း ပြောပြလိုက်သည်။ 


ချင်ဝူက သူမ၏ သီချင်းများ ရောင်းထွက်သွားကြောင်း သိရချိန်တွင် အလွန်ပျော်ရွှင်သွားသည်။ {တကယ်လား …ကောင်းလိုက်တာ }

သူမက ကုမ္မဏီအတွက် ငွေရှာပေးနိုင်ပြီပဲ …


ချင်ဝူ {ကျေးဇူးပါ … ရှောင်လင်းလောင်ရှီး}


လင်းလော့ချင်းက တွေးလိုက်သည်။ ‘ငါ့ရဲ့ အလုပ်သမားလေးတွေက အကောင်းဆုံး ပိုက်ဆံရှာပြီး ငါ့ကို ကျေးဇူးတင်နေကြတယ် … ဒီခံစားချက်က တကယ့်ကို ကောင်းတာပဲ …’


ဤနှစ်တွင် အထူးချွန်ဆုံး အလုပ်သမားသည် သူမဖြစ်သည်။ 


သိကြားမင်း ဆင်းလာလျှင်ပင် ချင်ဝူသည်သာ အလုပ်အကြိုးစားဆုံး အလုပ်သမား ဖြစ်ပေလိမ့်မည်။ 


သူက ချင်ဝူအား စာပြန်ရန်ပြင်စဉ် အသံတစ်ခုအား ကြားလိုက်ရ၏။ “ရှောင်လင်းလောင်ရှီး …”


လင်းလော့ချင်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် နင်းယွီကို တွေ့လိုက်ရသည်။ သူက ဇာတ်ညွှန်းရေးဆရာများအနက် တစ်ဦးဖြစ်သည်။ 


သူက ဖုန်းကိုချကာ နင်းယွီအား ကြည့်လိုက်သည်။ “ဟဲလို … ဇာတ်ညွှန်းရေးဆရာမနင်း …” 


“လောင်ရှီး ပြီးပြီလား …” နင်းယွီက သူ့ကိုမေးလိုက်၏။ 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ပြီးသွားပြီ …” 


“ဂုဏ်ပြုပါတယ် …” နင်းယွီက ညှင်သာစွာ ပြုံးလိုက်သည်။ “လောင်ရှီး ဒီတစ်ခါ သရုပ်ဆောင်တာ အရမ်းကောင်းတယ် … ဒါရိုက်တာလီနဲ့ ကောလောင်ရှီးက တစ်ချိန်လုံး ချီးကျုးနေကြတာ …” 


“ကျေးဇူးပါ …” လင်းလော့ချင်း သူ့ကို ကြည့်လိုက်၏။ “ကျွန်တော့်ကိုရှာတာ ကိစ္စများရှိလို့လား …” 


နင်းယွီ ရှက်သွားသည်။ “ကျွန်တော် တောင်းဆိုချင်တာလေးရှိလို့ပါ … လောင်ရှီးအတွက် အဆင်မပြေဖြစ်စေမလား မသိဘူး …” 



“ဘာများပါလိမ့် …” လင်းလော့ချင်း သိချင်လာ၏။


သူက နင်းယွီအား ကောင်းကောင်းမရင်းနှီးချေ။ ယခု နင်းယွီက သူ့ထံလာရောက်၍ တောင်းဆိုရန် ကိစ္စရှိကြောင်း ပြောနေ၏။ 


လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ ဘာများပါလိမ့် … ရိုက်ကူးရေးပြီးသွားပြီဆိုတော့ ဇာတ်ညွှန်းကိစ္စလည်း မရှိလောက်တော့ဘူး မဟုတ်လား …


နင်းယွီက ရေးပြီးသား ဇာတ်ညွှန်းကို သူ့ထံကမ်းပေးလိုက်သည်။ “ရှောင်လင်းလောင်ရှီး … အချိန်ရရင် ဒါလေး ကြည့်ပေးနိုင်မလား …” 


သူက လင်းလော့ချင်းက မျှော်လင့်တကြီး ကြည့်လိုက်၏။ “ဒါကစာပေအကြောင်း ရိုက်ကူးမယ့် ဇာတ်ညွှန်းပါ … ဒါကိုဖတ်ပြီး တစ်ခုခုတွေ့မိတာမျိုး ရှိရင် ကျွန်တော့်ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ် … ကျွန်တော် လိုရမယ်ရပြောထားတာပါ … ဒါရိုက်တာက ဒါရိုက်တာလီလိုမျိုး နာမည်မကြီးပါဘူး … ဒီတော့ လုပ်အားခက လောင်ရှီး ရသင့်သလောက် မပေးနိုင်လောက်ဘူး …”


လင်းလော့ချင်း နားလည်သွား၏။ 


နင်းယွီက ရုပ်ရှင်အတွက် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် တကူးတက ဇာတ်ညွှန်းလာပေးခြင်းပင်။ 


လင်းလော့ချင်းက ယူကာ မေးလိုက်၏။ “ဒါက ခင်ဗျားရေးထားတာလား …” 


နင်းယွီခေါင်းယမ်းလိုက်၏။ “ဒါကို ဒါရိုက်တာ ရေးထားတာပါ … ဇာတ်ကောင်အတွက် လောင်ရှီးက သင့်တော်မယ်လို့ ကျွန်တော် ထင်တာကြောင့် လောင်ရှီးကို လာပေးတာပါ … တစ်ချက် ကြည့်ကြည့်ပေးပါနော် … ဇာတ်ညွှန်းက တကယ့်ကို ကောင်းပါတယ် …” 


“ကောင်းပါပြီ …” လင်းလော့ချင်း ဇာတ်ညွှန်းကို မြှောက်ပြကာ ပြောလိုက်သည်။ “ကျွန်တော် ကြည့်ပြီးရင် အကြောင်းပြန်ပါ့မယ် …” 


“ဟုတ်ကဲ့ ..” နင်းယွီ ပြန်ဖြေ၏။ 


သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက လင်းလော့ချင်း သဘောတူလိမ့်မည်ဟု သိခဲ့၏။ လင်းလော့ချင်းသည် သူသဘောကျသော သရုပ်ဆောင်များအနက် တစ်ဦးဖြစ်သည်။ သူက ဇာတ်ကောင်အပေါ် လေးစားပြီး သရုပ်ဆောင်ကောင်းမွန်၏။ ထို့အပြင် လူသိများပြီး ကြည့်ကောင်းသေးသည်။ ထိုသို့သော လူတစ်ဦးကို နောက်ထပ် ရှာမတွေ့နိုင်ချေ။ 


နင်းယွီ ထိုသို့တွေးကာ လင်းလော့ချင်းအား ကျေးဇူးစကားဆိုပြီးနောက် ပြန်လှည့်ထွက်သွားခဲ့သည်။ 


လင်းလော့ချင်းက လက်ထဲမှ ဇာတ်ညွှန်းကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူကစာပေရုပ်ရှင်များကို မရိုက်ကူးဖူးသေးချေ။ 


လင်းလော့ချင်းက နားနေခန်းသို့ ပြန်လာလိုက်၏။ သူက အထုပ်အပိုးဆက်ပြင်လိုက်သည်။ ညနေတွင် နှုတ်ဆက်ပွဲရှိသည်။ ထို့နောက် ကျိယွီရှောင်၊ ကလေးများနှင့်အတူ အိမ်သို့ ပြန်မှာဖြစ်သည်။ 


ဝူရှင်းယွမ်က ဇာတ်ညွှန်းကို ကြည့်ကာ မေးလိုက်သည်။ “ဒါက …” 


“ဇာတ်ညွှန်းရေးဆရာနင်း ပေးသွားတာ … ကျွန်တော့်ကို စိတ်ဝင်စားရင် အကြောင်းပြန်ပေးပါတဲ့ …” 


ဝူရှင်းယွမ် အနည်းငယ် အံ့အားသင့်သွား၏။ “သူက ရုပ်ရှင်စရိုက်တော့မှာလား …” 


“မဟုတ်ဘူး …” လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။ “ဒီဇာတ်ညွှန်းက တခြားလူရေးထားတာ … ဒါပေမယ့် ဘယ်သူလို့ ပြောမပြသွားဘူး … ကြည့်ရတာ နာမည်ကြီးထဲက မဟုတ်ဘူးထင်တယ် …” 


‘ဒါက သိပ်တော့ အရေးမကြီးပါဘူး …’ လင်းလော့ချင်း တွေးလိုက်သည်။ အားလုံးက မထင်မရှားဘဝမှ တက်လာကြခြင်း ဖြစ်သည်။ မည်သူကမှ ကျော်ကြားသော ဒါရိုက်တာတစ်ဦးအဖြစ် ပွဲထွက်ခဲ့ခြင်း မဟုတ်ချေ။ သူက ဇာတ်ညွှန်းကို ကြည့်ရပေမည်။ 


ဇာတ်ညွှန်းကောင်းမွန်နေလျှင် အားလုံး ဆွေးနွေးနိုင်၏။ 


ဝူရှင်းယွမ်သည်လည်း သူနှင့်အတွေးအတူတူပင်။ သူက ခေါင်းညှိတ်လိုက်သည်။ “ဒါဖြင့် အရင်ကြည့်လိုက်ပြီးမှ အစ်ကို့ကိုပြော …” 


“ဟုတ်ကဲ့ပါ …” 


“ပြီးတော့ “Radiance” ကမကြာခင် ထုတ်လွှင့်တော့မယ်လို့ ထုတ်လုပ်သူက ဆက်သွယ်လာတယ် … ဩဂတ်စ် ၁၅ ရက်နေ့ဖြစ်လိမ့်မယ်တဲ့ … မင်း ဘာမှ မစီစဉ်ထားသေးဘူး မဟုတ်လား …”


“ဟုတ်တယ် …” 


“အိုခေ … အဲဒါဆို မင်းရက်နည်းနည်းလောက် အဖွဲ့နဲ့ လိုက်သွားရမယ်ထင်တယ် … အချိန်ဇယားသိရရင် ပို့ပေးလိုက်မယ်နော် …” 


“ကောင်းပါပြီ …” 


လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။ 


ထိုရုပ်ရှင်သည် သူအမှန်တကယ် ရိုက်ကူးခဲ့ရသည့် ရုပ်ရှင်ဖြစ်ရာ ရလဒ်ကို သိချင်နေမိ၏။ 


ရုပ်ရှင်၏ ဂုဏ်သတင်းသာ အဆင်ပြေပါက သူ၏ အနာဂတ်သည်လည်း ပိုမိုကျယ်ပြန့်လာနိုင်သည်။ ယခုကဲ့သို့ အိုင်ဒေါလ်ရုပ်ရှင်များကိုသာ ရိုက်ကူးနေရမှာ မဟုတ်တော့ချေ။


လင်းလော့ချင်းက နင်းယွီပေးခဲ့သည့် ဇာတ်ညွှန်းကို ကြည့်လိုက်သည်။ ထိုဇာတ်ညွှန်းကောင်းမွန်ရန် သူမျှော်လင့်မိ၏။ ထိုသို့ဆိုပါက သူတစ်ခုခု အသစ်လုပ်နိုင်လိမ့်မည်။ 


လင်းလော့ချင်းက ဇာတ်ညွှန်းကို ချက်ချင်းဖတ်ချင်သော်ငြား ယခုအချိန်က အချိန်ကောင်းမဟုတ်သေးချေ။ သရုပ်ဆောင်များနှင့် ဝန်ထမ်းများက သူနှင့်အတူ ဓာတ်ပုံရိုက်လိုကြသည်။ 


လင်းလော့ချင်းက မငြင်းပဲ အားလုံးကို လက်မှတ်ထိုးပေးပြီး ဓာတ်ပုံတူတူ ရိုက်ပေး၏။ 


သူက ဓာတ်ပုံရိုက်ပြီးနောက် ပျော်ရွှင်စွာ ထွက်ခွာသွားကြသည့် လူများကို ကြည့်ရင်း အကြည့်များ နူးညံ့လာခဲ့သည်။ 


အောက်ခြေဘဝမှ ရုန်းကန်လာရသူများသာ အောက်ခြေဘဝ၏ အခက်အခဲများကို သိကြ၏။ 


သူ ဇာတ်ပို့အဖြစ် သရုပ်ဆောင်ရစဉ်က သူလေးစားရသည့် သရုပ်ဆောင်များ ရှိခဲ့သည်။ သူက အခွင့်အလမ်းရလျှင် ထိုသူများနှင့် ဓာတ်ပုံတွဲရိုက်ခွင့်ရချင်မိ၏။ 


သူ့တွင် ထိုသို့သော အိပ်မက်မျိုး ရှိသည့်အလျှောက် အခြားလူများ၏ အိပ်မက်ကိုလည်း ဖျက်ဆီးပစ်မည် မဟုတ်ပေ။ 


ဝူရှင်းယွမ်က သူ့ကိုကြည့်ရင်း လင်းလော့ချင်းသည် သဘောကောင်းလှသည်ဟု တွေးနေမိ၏။ သူက နာမည်ကြီးသွားသော်လည်း ဘဝင်မြင့်ခြင်းမရှိချေ။ 


လင်းလော့ချင်းက လက်မှတ်ထိုးပေး၊ ဓာတ်ပုံတွဲရိုက်ပေးပြီးနောက် ဟိုတယ်သို့ ပြန်လာကာ အထုပ်အပိုး ဆက်ပြင်လိုက်သည်။