Chapter 284
ရုပ်ရှင်သုံးခု ကြည့်ပြီးသည့်နောက် လင်းလော့ချင်းက တစ်စုံတစ်ခုကို သိလိုက်၏။ ဒါရိုက်တာယွီသည် ကြည့်ရှုသူ၏ စိတ်အစဉ်အား ခပ်မှိန်မှိန် အရောင်များဖြင့် ဖမ်းစားလိုသည့် ဒါရိုက်တာမျိုး ဖြစ်သည်။ သူက ထိုအရောင်ရွေးချယ်မှုကြောင့် ကြည့်ရှုသူ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်အားတက်ကြွမှု မရှိခြင်းတို့ ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့ခြင်းမရှိပဲ ရဲဝံ့စွာ ရွေးချယ်ခဲ့သည်။
၎င်းက အလွန်တွေးရမည့် အလုပ်ဖြစ်၏။
ပါရမီရှိပြီး အကြံဉာဏ်ကောင်းသော ဒါရိုက်တာ တစ်ဦးအပေါ် သူက သေချာပေါက် ရင်းနှီးမြှပ်နှံသင့်သည်။
လင်းလော့ချင်းက ကုလားထိုင်ပေါ် မှီလိုက်ရင်း ရုပ်ရှင်အား ရပ်လိုက်သည်။
သူက သရုပ်ဆောင်တစ်ဦး၊ အဖေတစ်ဦး၊ ချစ်သူတစ်ဦး ဖြစ်သည်သာမက ရှင်းယီ၏ ဘော့စ်လည်းဖြစ်၏။
ရုံးခန်းထဲတွင် ထိုင်၍ မှတ်တမ်းများ ဖတ်ရှုနေသည်ထက်စာလျှင် ပါရမီရှင်များကို မြေတောင်မြှောက်ကာ ကုမ္မဏီအတွက် အကျိုးဖြစ်ထွန်းစေသည်က ပိုမိုသင့်လျော်သည်။ ထိုသို့ဆိုပါက ရှင်းရီသည်လည်း တန်ဖိုးမြင့်လာလိမ့်မည်။
ယွီကျားယုံက အလွန်သင့်လျော်၏။
ယွီကျားယုံ၏ ကင်မရာချိန်ပုံ ရှုထောင့်ကို ကြည့်လျှင်ပင် သူက အိုင်ဒေါလ်ဒရမ်မာနှင့် ခေတ်သစ်ဒရမ်မာများကို ရိုက်ကူးရာ၌ သေချာပေါက် ကျွမ်းကျင်ပေလိမ့်မည်။ အဆုံးသတ်တွင် ယနေ့ခေတ်၌ ရုပ်ရှင်ကောင်းများမှာ ရှားပါး၏။ ထို့အပြင် သူက လူသားများ၏ စိတ်နေသဘောထားကိုလည်း ရိုက်ကူးနိုင်သေးသည်။
သူ၏ ကျွမ်းကျင်မှုကို အတည်ပြုပြီးပြီဖြစ်ရာ လင်းလော့ချင်း ပိုက်ဆံဆုံးမည်ကို စိုးရိမ်စရာ မလိုအပ်ချေ။
လင်းလော့ချင်း မျက်မှောင်ကြုတ်လိုက်၏။ ယွီကျားယုံ၏ ရုပ်ရှင်များအရ သူသည် အလွန်လေးနက်သူတစ်ဦး ဖြစ်မည်မှာ မလွဲပေ။ ထိုဒါရိုက်တာက အိုင်ဒေါလ်ဒရမ်မာများကို ရိုက်ကူးလိုမည်မဟုတ်။ စာချုပ်ထဲတွင် တစ်ဖက်လူအား အိုင်ဒေါလ်ဒရမ်မာများကို ရိုက်ကူးပေးရန် ထည့်သွင်းချုပ်ဆိုမှသာ တစ်ဖက်လူက သဘောတူကောင်း တူပေလိမ့်မည်။
လင်းလော့ချင်း လက်ပိုက်ကာ ယွီကျားယုံအား လူချင်းတွေ့၍ စကားပြောသည်က ပိုကောင်းမည်ဟု တွေးလိုက်၏။
သူတွေးနေချိန်တွင် ယွီကျားယုံသည်လည်း တွေးနေခဲ့သည်။
“လက်လျှော့လိုက် …” ယွီကျားယုံက နင်းယွီကို ဖုန်းထဲမှ ပြောလိုက်၏။ “လင်းလော့ချင်းက အခု အရမ်းနာမည်ကြီးနေတာ … ငါကရော … ငါ့နောက်ဆုံးရုပ်ရှင် ပြသခဲ့တာ ဘယ်လောက်ကြာခဲ့လဲ … တစ်ပါတ်လား … ပိုက်ဆံကရော … တစ်သိန်းတောင် ရခဲ့လို့လား ... သူက ငါ့ရုပ်ရှင်မှာ လာသရုပ်ဆောင်ပေးရအောင် အရူးမှ မဟုတ်တာ …”
“ဒါပေမယ့် မင်းရဲ့ ဇာတ်ညွှန်းကို စိတ်ဝင်စားနေတယ် …” နင်းယွီက ခပ်တိုးတိုး ပြောလိုက်၏။
ယွီကျားယုံ နှာမှုတ်လိုက်သည်။ “သူက ယဉ်ကျေးနေတာပါ … သူဘာပြန်ပြောမယ် မင်းထင်လဲ … ဖားပြုတ်က ငန်းသားစားချင်လို့ ရမလား ... သူရပ်နေတဲ့ နေရာကိုလည်း ကြည့်ဦး … မင်းက သူ့ကို ကမ်းလှမ်းလိုက်သေးတယ် … မင်း သူ့ရဲ့ အားနာမှုကို ဒီအတိုင်းမှတ်ယူလို့ မရဘူးလေ …”
နင်းယွီက ထိုသို့ မဟုတ်ကြောင်း ခံစားမိ၏။
“လင်းလောင်ရှီးက အဲဒီ့လိုမဟုတ်ဘူး …. ငါတို့အရင်က တွဲလုပ်ဖူးတယ် … သူက ဇာတ်ကောင်တွေ ပိုပြီး ရုပ်လုံးကြွလာဖို့ တစ်ချို့ ရိုက်ကွင်းတွေကို ဖျက်ပစ်ဖို့ ပြောခဲ့တဲ့လူမျိုးပဲ … သူက ဇာတ်ညွှန်းနဲ့ ဇာတ်ကောင်ကိုပဲ ဂရုစိုက်တာ … သူစိတ်ဝင်စားတယ် ပြောရင် သူတကယ် စိတ်ဝင်စားလို့ပဲ …”
သူက အလွန်တုံးသည်ဟု ယွီကျားယုံ တွေးလိုက်မိသည်။
“ကောင်းပြီ … နင်းယွီ … ထားပါတော့ … မင်းကိုငါအပြစ်မတင်တော့ပါဘူး … ငါတို့အခု လမ်းတွေမတူတော့ဘူးဆိုတာ လက်ခံလိုက်ရအောင် … အနာဂတ်မှာ မင်းရဲ့လမ်းက နေရောင်ခြည်ဖြာနေလိမ့်မယ် … ငါ ဒီတံတားကို ထပ်မကူးချင်တော့ဘူး .. ဒီတော့ ရှိစေတော့ … ငါမင်းရဲ့ အနာဂတ်အလုပ်မှာ အောင်မြင်ဖို့ ဆုတောင်းပါတယ် …”
ယွီကျားယုံက ပြောပြီးပြီးချင်း ဖုန်းချလိုက်သည်။
နင်းယွီက ဖုန်းပြန်ခေါ်သော်လည်း တစ်ဖက်လူက ဖုန်းမကိုင်တောချေ။
သူက ဆက်ခေါ်ရန် ပြင်လိုက်ချိန်မှာပင် အခြားခေါ်ဆိုမှုတစ်ခုက ဝင်ရောက်လာ၏။ ထိုခေါ်ဆိုမှုက လင်းလော့ချင်းထံမှ ဖြစ်သည်။
နင်းယွီက အမြန်ဖုန်းကိုင်လိုက်ချိန်တွင် လင်းလော့ချင်း၏ ညှင်သာသော အသံကို ကြားလိုက်ရသည်။ “ကျွန်တော် ဇာတ်ညွှန်းဖတ်ပြီးသွားပြီ … ဇာတ်ညွှန်းရေးဆရာ နင်း … ဘယ်အချိန်လောက် ခင်ဗျားရယ်၊ ဒါရိုက်တာယွီရယ်နဲ့ တွေ့လို့ အဆင်ပြေမလဲ … နေ့လည်စာစားရင်း ရုပ်ရှင်အကြောင်း ဆွေးနွေးရအောင် …”
နင်းယွီ ဝမ်းသာသွား၏။ “လင်းလောင်ရှီး … အခု ရုပ်ရှင်မှာပါမယ်လို့ ပြောတာလား …”
“ကျွန်တော် ပါမှာပါ … ဒါပေမယ့် တခြားအခြေအနေလေးတွေ ရှိသေးလို့ … ကျွန်တော်တို့ တွေ့တဲ့အခါ ပြောကြတာပေါ့ … ခင်ဗျားနဲ့ ဒါရိုက်တာယွီ ဒါကို သဘောတူမယ်လို့ မျှော်လင့်ပါတယ် …”
“ကောင်းပါပြီ …” နင်းယွီ စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ “ကျွန်တော် သူ့ကို သတင်းကောင်း ပြောလိုက်ဦးမယ် …”
သူက ဖုန်းချကာ ယွီကျားယုံအား ဖုန်းခေါ်လိုက်သည်။ သို့သော် တစ်ဖက်လူက ခေါင်းမာစွာပင် ဖုန်းကိုမကိုင်ခဲ့။
နင်းယွီက wechat မှ စာပို့လိုက်၏။ {လင်းလောင်ရှီး သဘောတူလိုက်ပြီ … မင်းအချိန်ရရင် အပြင်မှာတွေ့ပြီး စကားပြောချင်ပါတယ် တဲ့ …}
ခဏအကြာ၌ ယွီကျားယုံက သူ့ကိုဖုန်းခေါ်လာသည်။
“မင်းနောက်နေတာလား …” ယွီကျားယုံ မယုံနိုင်စွာ မေးလိုက်၏။ “သူ သဘောတူလိုက်တာလား … ဘာလို့လဲ … သူက ဒါရိုက်တာ ပြောင်းချင်တယ်တဲ့လား …”
“ဘယ်ကသာ …” နင်းယွီက ပြော၏။ “ငါသူ့ကို မင်းရုပ်ရှင်တွေ ပို့ပေးလိုက်တာ … သူက ရုပ်ရှင်ကြည့်ပြီး ဆုံးဖြတ်ချက် ချလိုက်ပုံပဲ … မင်းလက်ခံမယ်ဆို သူက ရုပ်ရှင်ရိုက်ချင်ပါတယ်တဲ့ …”
ယွီကျားယုံက အစစ်အမှန်မဟုတ်ဟု ခံစားနေရသည်။ “သူက ဆင်းရဲမွဲတေမှု လျှော့ချရေးကလား … ဘာလို့ သူဒါကို လုပ်တာလဲ …”
“မင်းရဲ့ ဇာတ်ညွှန်းကို သဘောကျလို့ပေါ့ … ငါပြောသားပဲ … လင်းလောင်ရှီးက ဇာတ်ညွှန်းတွေကို အရမ်းကြိုက်တာပါဆို …”
ယွီကျားယုံ တွေးလိုက်သည်။ ‘ကမ္ဘာပေါ်မှာ ဒီလို သရုပ်ဆောင်စစ်စစ် ရှိနေသေးတာလား … မယုံနိုင်စရာပဲ …’
“နေဦး .. သူ့မှာ တခြားအခြေအနေတွေ ရှိနေသေးတယ် … ငါတို့ အချိန်ကျလာရင် သိမှာပါ …”
“မင်း ပြောတော့ သူက အရမ်းလူသိများတယ်ဆို … သေချာပေါက် တခြားအခြေအနေ ရှိနိုင်တာပေါ့ … ငါတို့ နားထောင်ကြည့်ပြီး တတ်နိုင်သမျှ သဘောတူလိုက်မယ် … လင်းလောင်ရှီးက အရမ်းကြင်နာတတ်တယ်လေ … သူက လွန်လွန်ကျူးကျုး တောင်းဆိုမှာ မဟုတ်ပါဘူး …”
ယွီကျားယုံ မကျေမနပ်ဖြစ်သွား၏။ “မင်းက သူ့ကိုယုံတယ်ပေါ့ … သူ့ကိုသိတာ ဘယ်လောက်ကြာသေးလို့ ဒီလောက်ယုံနေရတာလဲ …”
သူက ငေါ့တော့တော့ ပြောလိုက်၏။ “မင်းသူ့ကို ဒီလောက်ယုံနေမှတော့ ဘာလို့ ဆွေးနွေးနေဦးမှာလဲ … တစ်ခါထဲ သဘောတူလိုက်တော့လေ … ငါက ဒီအတိုင်း ခေါင်းပဲညိတ်ပြီး ကျော်သွားပေးမယ် … ပျော်စရာပဲ မဟုတ်လား …”
နင်းယွီ “…”
“မင်းသူနဲ့တွေ့တဲ့အခါ ဒီလိုမပြောဖို့ အကြံပေးပါရစေ … မင်းက အရမ်းကလေးဆန်လွန်းတယ် … ရှားရှားပါးပါး ရထားတဲ့ သရုပ်ဆောင်လေး ထွက်ပြေးသွားဦးမယ် …”
ယွီကျားယုံ “…”
ယွီကျားယုံ နှာခေါင်းရှုံ့လိုက်၏။ “ကောင်းပြီလေ … သူနဲ့ နောက်နှစ်ရက်ကြာရင် တွေ့ကြတာပေါ့ … အချိန်နဲ့နေရာကို သူပဲရွေးပါစေ …သူဒီလိုဆို လန့်မပြေးလောက်ဘူး မဟုတ်လား …”
“မင်းစကားကောင်းကောင်း ပြောနေသရွေ့ပေါ့ …” နင်းယွီ သက်ပြင်းချလိုက်သည်။
ယွီကျားယုံက ရယ်ကာပြော၏။ “ဟုတ်တာပေါ့ … ငါသူ့ကို လှန့်လိုက်ရင် ငါတို့ ဇာတ်ညွှန်းရေးဆရာ နင်း မပျော်မရွှင် ဖြစ်သွားမှာပဲ … ဒီလိုဆို ငါအပြစ်မကင်းသလို ခံစားရတော့မှာ …”
နင်းယွီ “…”
သူက စတင်၍ ထေ့ငေါ့နေပြီ ဖြစ်ရာ ပုံမှန်ပြန်ဖြစ်လာပြီဟု နင်းယွီ ခံစားမိလိုက်သည်။
“ငါဖုန်းချတော့မယ် …” သူက စကားကို အဆုံးသတ်လိုက်ပြီး လင်းလော့ချင်းကို စာပို့ကာ နောက်နှစ်ရက်အကြာတွင် တွေ့ပါက အဆင်ပြေမပြေ မေးလိုက်၏။ နေရာကိုမူ သူရွေးနိုင်ကြောင်း တစ်ပါတည်း ပြောလိုက်သည်။
လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ {အဆင်ပြေပါတယ် }
တစ်ဖက်လူ အဆင်ပြေကြောင်း သိရသည်နှင့် နင်းယွီက သူနောင်တရပြီး ပြန်ရုတ်သိမ်းမည်ကို စိုးရိမ်စွာဖြင့် ဒါရိုက်တာလီနှင့် ဇာတ်ညွှန်းရေးဆရာကောကို သဘက်ခါ ခွင့်ရက်ပေးရန် ခွင့်တောင်းလိုက်သည်။
လင်းလော့ချင်းက တွေ့ရန် ဆုံးဖြတ်ပြီးသည်နှင့် သူ၏ လိုအပ်ချက်နှင့် အခြေအနေများကို စတင်တွေးလာ၏။
သူက ဆင်းရဲမွဲတေမှု လျှော့ချရန် အလှူပေးနေခြင်း မဟုတ်ပေ။ သူက ရှင်းရီအား ပို၍ကောင်းမွန်သော ကုမ္မဏီအဖြစ် ပျိုးထောင်လိုခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ယွီကျားယုံသည် ပရိတ်သတ်မသိသေးသည့် ဒါရိုက်တာ ဖြစ်၏။ လင်းလော့ချင်းသာ သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ထောင်လိုက်ပါက ရှင်းရီသည် အနာဂတ်တွင် သူ၏ရုပ်ရှင်များကို ထုတ်လုပ်ရောင်းချနိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ရှင်းရီ၏ သရုပ်ဆောင်များသည်လည်း အခြားလူများ၏ ရင်းမြစ်များအား မှီခိုရန် မလိုအပ်တော့ချေ။
ထို့ကြောင့် သူက ယွီကျားယုံနှင့် ရုပ်ရှင်အကြောင်း ဦးစွာ ဆွေးနွေးမည်။ ထို့နောက် ရှင်းရီက ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ရှင်းရီ၏ သရုပ်ဆောင်များက ပါဝင်နိုင်လိမ့်မည်။ ရှင်းရီနှင့် ဒါရိုက်တာယွီကြားတွင် စာချုပ်စာတမ်း ဆက်ဆံရေးတစ်ခု ရှိလာမည်ဖြစ်ပြီး ရှင်းရီ၏ ဒါရိုက်တာတစ်ဦး ဖြစ်လာပေလိမ့်မည်။
ယွီကျားယုံ သဘောမတူပါက သူက ခြေတစ်လှမ်းပြန်ဆုတ်ကာ ရှင်းရီနှင့် ရေတိုပူးပေါင်းရန် ကမ်းလှမ်းနိုင်သေး၏။ ရှင်းရီက သူ၏ ရုပ်ရှင်များတွင် ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းမှာဖြစ်၏။
လင်းလော့ချင်းက ကျိယွီရှောင်အား သူ့အတွေးများကို ပြောပြလိုက်သည်။ ကျိယွီရှောင်က သူ့ကို အပေါ်အောက် စုန်ချီဆန်ချည် ကြည့်လာ၏။ “မင်း ဒီလိုလုပ်နေမှတော့ ရှင်းရီက မြန်မြန် တိုးတက်လာတော့မှာပဲ …”
“ဒါက မသင့်တော်ဘူးလို့ ထင်လား …”
“မထင်ပါဘူး …” ကျိယွီရှောင် ခေါင်းယမ်းလိုက်၏။ “ဒါက အရမ်းသင့်တော်တယ် … မင်းဒီလို မြန်မြန် တွေးတတ်လိမ့်မယ်လို့ ကိုယ် မထင်ခဲ့ဘူး …”
လင်းလော့ချင်းက ရှင်းရီအား ဝင်ရောက်ခဲ့သည်မှာ မကြာသေးချေ။ စီအီးအို ဖြစ်လာခဲ့သည်မှာ နှစ်ဝက်သာရှိသေး၏။ ကျိယွီရှောင်က သူ့ကို ရှင်းယီအတွက် အစီအစဉ်ချတတ်ရန် သင်ကြားပေးရဦးမည်ဟု တွေးထားခဲ့သည်။
ထို့ကြောင့် သူက လွန်ခဲ့သော နှစ်ဝက်အတွင်း ရှင်းရီနှင့်ပတ်သက်၍ မည်သည့် ညွှန်ကြားချက်မှ မလုပ်ခဲ့သလို လင်းလော့ချင်းနှင့်လည်း မတိုင်ပင်ခဲ့ချေ။ သူက လင်းလော့ချင်းသည် ကြီးမားသော လှည့်ကွက်များ ပြုလုပ်ရန် အစပျိုးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
အမှန်စင်စစ် ၎င်းက ရုတ်တရက်ဆန်လွန်း၏။ လင်းလော့ချင်းသည် လူများကို အလုပ်ခန့်ရာ၌ အလွန်တွေးတတ်လွန်းသည်ဟု ကျိယွီရှောင် ယူဆလိုက်သည်။ ထိုသို့မဟုတ်ပါက ရှစ်ကျန်း၊ ချင်ဝူတို့နှင့် စာချုပ်ချုပ်မည့်အကြောင်းကို ကျိယွီရှောင်အား ဦးစွာ ပြောပြမည် မဟုတ်ပေ။
သူက သူ၏ အင်အားကို ကောင်းစွာသိပြီး ကုမ္မဏီအား သင့်တင့်စွာ စီမံခန့်ခွဲ၏။ ထို့ကြောင့် သူက ကျိယွီရှောင်အပေါ်သာ နောက်ပိုင်းကိစ္စများကို ယုံကြည်ချက်အပြည့်ဖြင့် လွှဲပေးလိုက်သည်။ သူကိုယ်တိုင်ကမူ ကုမ္မဏီအား အကျိုးဖြစ်ထွန်းစေမည့် ပါရမီရှင်များ ဆက်လက်ရှာဖွေနေ၏။
ထို့ကြောင့် သရုပ်ဆောင်များနှင့် အဆိုတော်များကို စာချုပ်ချုပ်ဆိုပြီးနောက် ကိုယ်ပိုင်ရုပ်ရှင်များ ရိုက်ကူးနိုင်ရန် ဒါရိုက်တာနှင့် စာချုပ်ချုပ်ရန်ပင် တွေးနေပြီဖြစ်သည်။ ထိုသို့ဆိုပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်၏။ ရုပ်ရှင်များ၏ အရည်အသွေးမှာလည်း ပိုမိုကောင်းမွန်လာနိုင်ပြီး ကုမ္မဏီရှိ အနုပညာရှင်များအတွက်လည်း အခွင့်အလမ်း ပိုရလာပေလိမ့်မည်။
“ကိုယ်မင်းကို သဘောတူတယ် … သူက ဘယ်လို ဒါရိုက်တာမျိုးလဲတော့ ကိုယ်မသိဘူး … ဒါပေမယ့် ကိုယ်မင်းကို ယုံတယ် …” ကျိယွီရှောင် ပြုံးကာပြောသည်။ “မင်းရှင်းရီအတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုတော့ ရှစ်ကျန်းက ဒီရုပ်ရှင်ထဲမှာပါပြီး ချင်ဝူက သီချင်းဆိုပေးမှာ မဟုတ်လား … ကိုယ်ဒါကို တခြားပြောစရာမရှိပါဘူး … တစ်ခုပဲ သတိပေးချင်တာ …”
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။ “မင်းရဲ့ အကြံက အရမ်းကောင်းပြီးတော့ မင်းကလည်း အရမ်းတော်တယ် … တခြားလူတွေကလည်း တော်ကောင်းတော်မှာပါ … ဒါပေမယ့် မင်းတစ်ယောက်ထဲမှာပဲ ထိခိုက်နိုင်ချေရှိမှန်း သိထားရမယ် … မင်းအောင်မြင်မလားဆိုတာ ကိုယ်မသိဘူး … မင်း ရှုံးရင်လည်း ရှုံးနိုင်တယ် … ဒါပေမယ့် မကြိုးစားရင် ဒီနေရာမှာပဲ ဆက်ရှိနေမှာပဲ … ဆက်လျှောက်မှ မင်းအတွက် ပန်းနဲ့ လက်ခုပ်သံတွေ ရောက်လာမှာ … မင်းက အရှုံးနဲ့ ရင်ဆိုင်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ် … ဟုတ်ပြီလား …”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ သူက အဆိုးဆုံး ရလဒ်ကို တွေးထားပြီးဖြစ်၏။ သို့သော် မည်မျှ ဆိုးဝါးနေသည်ဖြစ်စေ၊ အဆိုးဆုံးရလဒ်မှာ မူလနေရာမှ မရွေ့ခြင်းသာ ဖြစ်၏။
သူက ထိုစိတ်ကူးကို တွေးမိခဲ့ပြီဖြစ်ရာ မကြိုးစားကြည့်လျှင် နောင်တရနေလိမ့်မည်။ ငယ်ရွယ်တုန်း တိုက်ခိုက်ရပေမည်။ သူရှုံးနိမ့်သွားလျှင်ပင် ပြန်ရပ်နိုင်သေး၏။
ကျိယွီရှောင် သူ့ကို ဖက်လိုက်သည်။ “ဒါဆိုလုပ်သာလုပ် …”
သူက ပြုံးကာဆို၏။ “မင်းအသင့်ဖြစ်နေသရွေ့ ကျန်တာ စိတ်ပူစရာ မလိုဘူး … ဒီအတိုင်း ရှေ့ဆက်လိုက် …”
လင်းလော့ချင်းက သူ့မျက်ဝန်းထဲရှိ အားပေးမှုကိုကြည့်ရင်း ခေါင်းညှိတ်လိုက်သည်။
ကျိယွီရှောင်က ပြုံးကာ သူ့ကိုနမ်းလိုက်၏။ “မစိုးရိမ်နဲ့ … အဆိုးဆုံးမှ ပိုက်ဆံဆုံးရုံပဲ … ကျန်တဲ့ကိစ္စအားလုံး ဖြေရှင်းလို့ရတယ် … မင်းရဲ့ ခင်ပွန်းက အရမ်းချမ်းသာတယ်လေ …”
လင်းလော့ချင်းက ပျော်ရွှင်သွား၏။ သူက ကျိယွီရှောင်ကို ဖက်ကာ သူ့လက်မောင်းကြား မှီလိုက်သည်။ သူ့နှလုံးသားထဲတွင် မည်သည့်အရာမှ အရေးမပါတော့။
မည်သို့ပင်ဖြစ်စေ၊ သူက ချမ်းသာ၏။ သူက ချမ်းသာရုံသာမက သူ့ကို အဖော်ပြုပေးမည့်လူလည်း ရှိနေသည်။ သူက ရှုံးသွားလျှင်ပင် ကိစ္စမရှိချေ။
လင်းလော့ချင်းက နင်းယွီနှင့် ယွီကျားယုံတို့အား ချိန်းဆိုထားသည့် ဟိုတယ်သို့ ဦးစွာရောက်လာခဲ့သည်။
ယွီကျားယုံသည် သူခန့်မှန်းထားသကဲ့သို့ အသက်ကြီးကြီး ဒါရိုက်တာတစ်ဦး မဟုတ်ချေ။
သူက အလွန်ငယ်ရွယ်ပြီး ကြည့်ကောင်းသော ရုပ်ရည်ရှိသည်။ သူ၏ မျက်ဝန်းထဲတွင် အနုပညာရှင်တစ်ဦး၏ ဝင့်ထည်မှုမျိုး ကိန်းအောင်းနေ၏။ ထိုသို့သော လူမျိုးတွင် နူးညံ့သော အတွေးများ ရှိနေခဲ့သည်။ လင်းလော့ချင်းက တိတ်တဆိတ် အံ့အားသင့်သွား၏။
နင်းယွီက သူ့ကို ထိုင်ရန် လက်ဟန်ပြသည်။ သူက လင်းလော့ချင်း၏ ခွက်တွင်းသို့ ပန်းလက်ဖက်ရည် လောင်းထည့်ပေးကာ မည်သည့်အရာကို စားလိုကြောင်း မေးမြန်း၏။
လင်းလော့ချင်းက စားသောက်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သူက သူနှစ်သက်သည့် ဟင်းပွဲအနည်းငယ်ကိုသာ မှာလိုက်ပြီး လိုရင်းကို ပြောလိုက်၏။
“ကျွန်တော် ဒီအလုပ်အကြောင်း ပိုသိချင်တယ် …” လင်းလော့ချင်းက ယွီကျားယုံကို မေးလိုက်သည်။ “ဥပမာ … ရင်းနှီးမြှုပ်နှံသူ၊ ဘတ်ဂျက်၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင် … အစရှိသဖြင့်ပေါ့ …”
ယွီကျားယုံက ထိုမေးခွန်းများကို မျှော်လင့်ထားပြီးဖြစ်ရာ ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။
“ရင်းနှီးမြှုပ်နှံသူကို မရှာရသေးပါဘူး … ခင်ဗျားသရုပ်ဆောင်မယ်ဆိုတော့ အရင်ထက် ပိုကောင်းလာမှာပါ … ဘတ်ဂျက်က သန်း သုံးဆယ်ပါ … ဒါက ထုတ်လုပ်မှုကြီး မဟုတ်တော့လေ … ဇာတ်ညွှန်းရေးဆရာကတော့ ကျွန်တော်နဲ့ ရှောင်နင်းပါ … ကျွန်တော် သရုပ်ဆောင်တွေကို ရှာထားပေမယ့် ခင်ဗျားလိုမျိုး ကျော်ကြားတဲ့လူတော့ မပါပါဘူး …”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “ကျွန်တော် ဒါရိုက်တာယွီကို ကူညီနိုင်ပါတယ် …”
သူက ပြောသည်။ “ရှင်းရီက ဒီရုပ်ရှင်မှာ သန်းငါးဆယ် ရင်းနှီးမြှုပ်နှံပေးမှာပါ … ဇာတ်ညွှန်းရေးဆရာက ခင်ဗျားနဲ့ ဆရာနင်းပါပဲ … သရုပ်ဆောင်ပိုင်းမှာတော့ ကျွန်တော် သရုပ်ဆောင်တစ်ယောက် ညွှန်းပေးချင်ပါတယ် .. ကျွန်တော်က သီချင်းပိုင်းမှာ အဆင်ပြေမယ့်လူကိုလည်း ရှာပေးနိုင်သေးတယ် … ခင်ဗျားဘယ်လိုသဘောရလဲ …”
“ခင်ဗျားက ကြင်နာတတ်တာပဲ … သဘောတူညီချက်ကရော …” ယွီကျားယုံက စိုးရိမ်စွာ မေးလိုက်၏။
လင်းလော့ချင်းက မဖုံးကွယ်ခဲ့။ “အမှန်အတိုင်း ပြောရရင် ဒါရိုက်တာယွီရဲ့ ဇာတ်ညွှန်းက ကောင်းမွန်ပြီး ရိုက်ကူးရေးပုံစံကိုလည်း သဘောကျပါတယ် … ဒါပေမယ့် ခင်ဗျားက ရုပ်ရှင်ပိုင်းမှာ မကျော်ကြားသေးတာ ခင်ဗျားကိုယ်တိုင်လည်း သိမှာပါ … ကျွန်တော့်အတွက်ကတော့ ဒီအလုပ်ကို လက်ခံတာက အလောင်းအစားတစ်ခုပါပဲ …”
“အကယ်၍ ရုပ်ရှင်သာ ကောင်းကောင်းပြီးသွားရင် ခင်ဗျားရော ကျွန်တော်ရောမှာ မှတ်တိုင်တစ်ခု ရှိလာလိမ့်မယ် … ဒါက အကောင်းဆုံး ရလဒ်ပဲ … ဒါပေမယ့် ရလဒ်ကသာ စိတ်ကျေနပ်စရာ မရှိရင် ကျွန်တော်က လူသိများနေတဲ့ လပိုင်းတွေကို ဖြုန်းတီးမိသလို ဖြစ်သွားမှာ … ဒါ့ကြောင့် ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် အကျိုးရှိစေမယ့် အပေးအယူတစ်ခု လုပ်ချင်ပါတယ် …”
“ဘယ်လိုမျိုးပါလိမ့် …” ယွီကျားယုံက မေးလိုက်သည်။
“ဥပမာ ခင်ဗျားသာ ရှင်းရီနဲ့ စာချုပ်ချုပ်မယ်ဆိုရင် ကုမ္မဏီက ဒီဇာတ်ကားအပေါ် ရင်းနှီးမြှုပ်နှံသလို ဖြစ်သွားပြီ … ကုမ္မဏီက အကျိုးအမြတ်ရပြီးတော့ ခင်ဗျားနဲ့ ကျွန်တော်က အလုပ်သဘောအရ ဆက်ဆံတာ ဖြစ်သွားပြီ … ဒီလိုဆို ရလဒ်က ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်လက်ခံရမှာပဲ …”
ယွီကျားယုံက ထိုကဲ့သို့ အခြေအနေမျိုးဖြင့် ကမ်းလှမ်းလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ “ရှင်းရီနဲ့ စာချုပ်ချုပ်ရမှာလား … မဖြစ်နိုင်တာ …ရှင်းရှက တကယ်ကျွန်တော်နဲ့ စာချုပ်ချုပ်ချင်မှာ တဲ့လား …”
“ကုမ္မဏီက မလိုလားဘူးဆိုရင် ကျွန်တော်က ခင်ဗျားကိုကမ်းလှမ်းပါ့မလား …”
ယွီကျားယုံ ပို၍ပင် ရှုပ်ထွေးသွားသည်။ “ခင်ဗျားက သရုပ်ဆောင်လေ … ခင်ဗျားက သူဌေးအတွက် သရုပ်ဆောင်ပေးရမှာ မဟုတ်လား … ခင်ဗျားက ကျွန်တော်နဲ့ ဒီမှာထိုင်ပြီး အလုပ်အကြောင်း ဆွေးနွေးနေတယ် … ခင်ဗျားရဲ့ အနေအထားက ဒီလောက်တော့ မမြင့်ဘူးမဟုတ်လား …”
လင်းလော့ချင်း ပြုံးလိုက်သည်။ “အဆင်ပြေပါတယ် … ကျွန်တော်က ရှင်းရီမှာ တာဝန်ရှိတဲ့လူနဲ့ ရင်းနှီးတယ်လေ … ရှင်းရီကို ပိုပြီး တိုးတက်လာဖို့ ကျွန်တော် သေချာပေါက် မျှော်လင့်တာပေါ့ …”
“ခင်ဗျားက ရှင်းရီရဲ့ ရှယ်ယာရှင်များလား …” ယွီကျားယုံက မေးလိုက်၏။
လင်းလော့ချင်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် … နည်းနည်းပေါ့ …”
ယွီကျားယုံ “…” တကယ်ကြီးဟ …
သူက တစ်ဖက်လူ ပိုက်ဆံအကြောင်း ဆွေးနွေးလာချိန်သည် အလွန်မြန်လွန်းသည်ဟု မထင်ချေ။ လင်းလေ
ာ့ချင်း၏ ကုမ္မဏီအတွက် စဉ်းစားပေးပုံအရ သူသည်လည်း သေချာပေါက် ပိုက်ဆံရှာနိုင်ပေလိမ့်မည်။
“ဒါရိုက်တာယွီ ဘယ်လိုထင်လဲ …” လင်းလော့ချင်း ထပ်မေးလိုက်၏။
ယွီကျားယုံက မျက်မှောင်ကြုတ်ကာ တိတ်သွားသည်။