Chapter 271
ဒါရိုက်တာလီက ချောင်းဟန့်လိုက်ပြီး ပျာယာခတ်သွားသည့် အမူအရာနှင့်ပြောသည်။
"မဆိုးပါဘူး...မင်းက တော်တော်လေးရင်းနှီးနေပြီပဲ... ဒါဆိုသွားရအောင်"
သူကပြောပြီးသည်နှင့် လှည့်ထွက်သွားသည်မှာ လေဟုန်စီးသွားသကဲ့သို့ပင်။
လင်းလော့ချင်းသည် သူနောက်ထပ် တစ်စက္ကန့်မျှပင် မနေချင်သလိုမျိုး လျင်မြန်စွာထွက်ပြေးသွားသည်ကိုမြင်ပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။အကြီးအကျယ် လက်စားချေလိုက်ရသလို သူခံစားရ၏။
ဟမ့် ... သူ့ကို ဘယ်သူက နေ့တိုင်း ဆိုးဆိုးရွားရွားနည်းလမ်းတွေနဲ့စနောက်ခိုင်းလို့လဲ...
သူက လင်းဖေး၏ ခေါင်းလေးကို ပွတ်လိုက်သည်။
တကယ့်ကို သူ့ရှောင်ဖေးဖေးဖြစ်ဖို့ ထိုက်တန်ပါပေတယ်...တကယ် အစွမ်းထက်တယ်...
"ငါတို့လည်းသွားရအောင်"
လင်းလော့ချင်း ပြောပြီးသည်နှင့် ကျိယွီရှောင်၊ လင်းဖေးနှင့် ကျိလဲ့ယွီ တို့နှင့်အတူ ရိုက်ကွင်းသို့ ပြန်လာခဲ့သည်။
လင်းဖေးနှင့်တွေ့ဆုံပြီးနောက် ဒါရိုက်တာလီက သူ့အချိန်ပေါ်မူတည်ပြီး ဇာတ်ဝင်ခန်းရိုက်ကူးရေးအချို့ကို ပြန်လည်ပြင်ဆင်ခဲ့၏။
သူက အခြားသူများ၏ရိုက်ကူးရေးအချိန်ကို မရွှေ့ဘဲ လင်းဖေးနှင့် ဝမ်ကျစ်မင်အတွက် အချိန်လွတ်စေရန်အတွက် လင်းလော့ချင်းနှင့်ဝမ်ကျစ်မင် ၏အခန်းအချို့၏ ရိုက်ကူးချိန်ကို ပြောင်းလဲရန် လင်းလော့ချင်းနှင့် ဆွေးနွေးခဲ့သည်။
"ဖေးဖေး ဒီမှာရှိနေတုန်း ကျစ်မင်နဲ့ အရင်ရိုက်ပါစေ...ကျစ်မင်နဲ့ မင်းရဲ့ အပြိုင်ခန်းတွေကို နည်းနည်း နောက်ရွှေ့လိုက်ပါ အိုကေ..."
လင်းလော့ချင်းမှာ သဘာဝအတိုင်း ကန့်ကွက်စရာမရှိပေ။ ထို့ကြောင့် ယနေ့တွင် လင်းဖေးတစ်ယောက် တရားဝင် အလုပ်စတင်ပြီး ရိုက်ကူးရေးသို့ ဝင်ရောက်ခဲ့သည်။
"အဆင်သင့်ဖြစ်ပြီလား"
ဒါရိုက်တာလီက လင်းဖေးကို မေးသည်။
လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"
ဒါရိုက်တာလီ သူ၏ အေးဆေးတည်ငြိမ်သောပုံစံကို မြင်ပြီး 'သူက အတော်လေး တည်ငြိမ်တာပဲ' ဟု စိတ်ထဲမှာ တွေးလိုက်မိသည်။
'ကင်မရာဖွင့်ပြီး ကင်မရာတွေနဲ့ မျက်နှာချင်းဆိုင်ရရင်သာ စိတ်လှုပ်ရှားပြီး ကျောက်ရုပ်ကြီးလိုဖြစ်မသွားပါစေနဲ့'
ယခုလိုကလေးတွေ သူအများကြီး မြင်ဖူးသည်။
အထူးသဖြင့် အရင်က တစ်ခါမှ မရိုက်ဖူးသည့် ကလေးတွေဖြစ်၏။
သူက ခေါင်းလှည့်ပြီး သူ့လက်ထောက်ကို ဝမ်ကျစ်မင်ကို သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် သူလင်းဖေးကို ရိုက်ကူးရေးနေရာသို့ ခေါ်သွားကာ ကင်မရာကိုမျက်နှာမူပြီး မည်သို့မည်ပုံ လှုပ်ရှားရမည်ကို စတင်ပြောပြခဲ့သည်။
လင်းဖေးက သူ့နောက်ကို လိုက်ကာ ဂရုတစိုက် နားထောင်သည်။
ဒါရိုက်တာလီက သူ့ကိုမေးသည်။ "မှတ်မိလား"
"အင်း"
လင်းဖေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဒါရိုက်တာလီ:"……"
ဒါရိုက်တာလီ သူ၏ အေးစက်စက်နှင့် စိတ်မဝင်စားဟန်မျက်နှာလေးကို ကြည့်ပြီး နားမလည်နိုင်အောင် သွားတို့ကြည့်လိုက်ချင်မိသည်။ သို့သော် အဆုံးတွင် သူ မလုပ်ဖြစ်ခဲ့။ဤအတောအတွင်းမှာ မှားပြီးမရွေ့ရ၊ မဟုတ်လျှင် ကင်မရာဘောင်ထဲတွင် ရှိနေမည် မဟုတ်ကြောင်းသာ သတိပေးလိုက်သည်။
လင်းဖေး: "အိုး"
"ဒါပေါ့ မင်း ကင်မရာကို တမင်တကာ ကြည့်လို့မရဘူး၊ကင်မရာကို တမင်တကာ မကြည့်ဘဲနေလို့လည်းမရဘူး... မင်း ပိုပြီး သဘာဝကျရမယ်...ပုံမှန်အတိုင်း လှုပ်ရှားနေရမယ် နားလည်လား"
"ဟုတ်..."
ဒါရိုက်တာလီ:"……"
ကလေး...မင်းက အမြဲတမ်း စကားနည်းနည်းပဲပြောတာလား...
သူက ရွှေကဲ့သို့ စကားလုံးများကို တန်ဖိုးထားလွန်းနေသည်။
ဒါရိုက်တာလီတစ်ယောက် ရုပ်ရှင်လောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သည့်အတွင်း ဤကဲ့သို့အေးစက် သည့်ကလေးမျိုး တခါမှ မတွေ့ဖူးပေ။
ဤပုံစံကြောင့် သူ့(ဒါရိုက်တာ)တွင် ဆိုးသွမ်းသော ရည်ရွယ်ချက်များ ရှိစေခဲ့ပြီး လင်းဖေးတစ်ယောက် ကင်မရာကရှေ့သို့ တိုးလာသည်ကို မြင်သောအခါ ထိတ်လန့်သွားလိမ့်မည်ဟု စိတ်မပါ့တပါမျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူက ကလေးကို ရုပ်တည်တည်ဖြင့် တမင်တကာစလိုက်သည်။
"နားမလည်ဘူးလား...စိတ်မလှုပ်ရှားဘူးလား...မင်းကြည့်ရတာ သိပ်တည်ငြိမ်နေတဲ့ပုံမပေါ်ဘူးလားလို့... ဟုတ်ပါတယ်လေ မင်းက ကလေးပဲရှိသေးတာကို"
အာ... သူစိတ်လှုပ်ရှားနေဖို့ ငါတကယ်မျှော်လင့်တယ်...
ဒါရိုက်တာလီနှင့် လင်းဖေးတို့ စကားပြောပြီးနောက် ကျိလဲ့ယွီက ချက်ချင်း ရှေ့ကို တိုးလာပြီးမေးသည်။
"သားကရော...သားက ပြီးရင် ဘာလုပ်ရမှာလဲ"
ဒါရိုက်တာလီ တန့်သွားသည်။ ဒီကောင်လေးကို သူမေ့လုနီးပါးဖြစ်နေတာ...
ဒါရိုက်တာလီက သူ့ကိုကြည့်ကာ တွေးနေတော့သည်။ဤကလေးက အလွန်ကြည့်ကောင်းသည်။သူ့ကို နောက်ခံအဖြစ်သုံးရသည်က စိတ်မကောင်းစရာဖြစ်၏။သူက ကိတ်မုန့်ပေါ်မှသကာလေးဖြစ်လျှင်ပင် ဤပန်းလေးကို လူတွေမမြင်အောင် နောက်မှာ ဝှက်ထား၍မရပေ။
"ဒါမှမဟုတ် အိမ်စာလုပ်ဖို့ ဖူရှီဆီလာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ သူ့ကို အိပ်ခန်းထဲမှာ နေခိုင်းလိုက်ပါလား... သူ့မျက်နှာကို ပြဖို့ တံခါးဖွင့်ထားလို့ရတယ်"
လင်းလော့ချင်း သူစကားမပြောသည်ကိုမြင်ပြီး ဒါရိုက်တာက ကျိလဲ့ယွီကို ဘယ်နေရာမှာထားရမည် မသိဖြစ်နေသည် ထင်သောကြောင့် စမ်းအကြံပြုလိုက်သည်။
ကျိလဲ့ယွီက ခေါင်းလေးစောင်းကာတွေးလိုက်သည်။သရုပ်ဆောင်နေရင်းတောင် သူက ဘာလို့ အိမ်စာတွေ လုပ်နေရသေးတာလဲ...
အိမ်စာမလုပ်ချင်ဘူး...ပြန်သွားတဲ့အခါလည်း လုပ်ရဦးမယ်...
ဒါရိုက်တာလီက စကားမပြောပေ။ သူက ကျိလဲ့ယွီ၏ အလွန်လှပပြီး နူးညံ့သိမ်မွေ့သော မျက်နှာလေးကိုသာ စိုက်ကြည့်နေသည်။
"သူ့ကို ဒီအခန်းမှာ မပေါ်လာခိုင်းရင်ရော"
အချိန်အတော်ကြာမှ သူကချီတုံချတုံပြောလာသည်။
လင်းလော့ချင်း: '??? ဟင်'
လင်းလော့ချင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ကျိလဲ့ယွီကို နောက်ခံဇာတ်ရုပ်လေးအဖြစ် သုံးလို့ရတယ်လို့ သူပဲပြောခဲ့တာမဟုတ်ဘူးလား...အခုမှ ဘာ မပေါ်လာတော့နဲ့လဲ...
ယင်း သူ့ကို မျှော်လင့်ချက်ပေးပြီးမှ စိတ်ပျက်သွားစေခြင်းဖြစ်၏။ကျိလဲ့ယွီ အဆင်မပြေမှာ သေချာသည်။
"ဒီဇာတ်ဝင်ခန်းက သူ့အတွက် အဆင်မပြေလို့လား...နောက်ဇာတ်ဝင်ခန်းမှပါရင်ရော အဆင်ပြေလား"
"အဲလိုမျိုး မဟုတ်ဘူး"
ဒါရိုက်တာလီက လင်းလော့ချင်းကိုကြည့်ပြီးနောက် ကျိလဲ့ယွီကိုကြည့်သည်။
"မင်းအစ်ကိုနဲ့သရုပ်ဆောင်မှရမှာလား"
သူကမေးသည်။
"အခြားတစ်ယောက်နဲ့ဆိုရင်ရော အဆင်ပြေလား... ဥပမာ မင်းရှုရှုနဲ့"
သူက ပြောရင်း လင်းလော့ချင်းကို လက်ညှိုးထိုးပြသည်။
လင်းလော့ချင်း: "???"
ဒါက ဘာကို ဆိုလိုတာလဲ...
လင်းလော့ချင်း ပို၍ပင် ရှုပ်ထွေးသွားသည်။ အရင်က ပြောခဲ့တဲ့စကားတွေနဲ့ ဘာကြောင့် မတူတာလဲ...
ကျိလဲ့ယွီလည်း ယခုလိုဖြစ်လာရန် မမျှော်လင့်ထားခဲ့ပါချေ။သူက လင်းဖေး နှင့် သရုပ်ဆောင်မည်ဟု အမြဲထင်ခဲ့သည်။လင်းလော့ချင်းနှင့်ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။
လင်းလော့ချင်းနှင့်ဆိုလျှင်လည်း အဆင်ပြေပါသည်။သူ သူ့ရှန့်ရှန့်(အဒေါ်/အဖေ့ညီ၏ဇနီး)နှင့်လည်း တွဲသရုပ်မဆောင်ဖူးပေ။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ရှန့်ရှန့်နဲ့တွဲသရုပ်ဆောင်ရမယ်ဆိုရင် အဲဒီလူက သူ့ဒယ်ဒီဖြစ်သင့်တာမဟုတ်ဘူးလား...
သူ၏ CP ကို စက္ကန့်တိုင်းမှာ ပြတ်ပြတ်သားသား ကာကွယ်လေ့ရှိသူ ကျိလဲ့ယွီက ကျိယွီရှောင်ကို ချက်ချင်း လက်ညှိုးထိုးပြကာမေးသည်။
"အဲဒါကို သားဒယ်ဒီ လုပ်လို့ရလား"
ဒါရိုက်တာလီ:"……"
ကျိယွီရှောင် ရယ်ရမလား ငိုရမလား မသိပေ။
"ဒယ်ဒီက ဒါကို စိတ်မဝင်စားပါဘူး... ဒယ်ဒီကိုထားလိုက်...သားဘာသာသား လုပ်ချင်လားမလုပ်ချင်လားတွေးကြည့်"
"သားကလုပ်လို့ရပါတယ်"
ကျိလဲ့ယွီ၏ အသံက ပြတ်သား၍နေသည်။
"ဒါပေမဲ့ ဒယ်ဒီ ရှုရှုနဲ့ တွဲသရုပ်မဆောင်ချင်ဘူးလား"
ကျိယွီရှောင်: "……"
ကျိယွီရှောင် လင်းလော့ချင်းကို တိတ်တိတ်လေး ကြည့်လိုက်သည်။ဖြစ်ချင်သောအခါ လင်းလော့ချင်းကလည်း သူ့အား ပြန်ကြည့်လာသည်။
မျက်လုံးနှစ်စုံက အကြည့်ချင်းဆုံသွားပြီး နှစ်ယောက်လုံး အတော်လေးကိုးရိုးကားယားဖြစ်သွား၏။
လင်းလော့ချင်းက အလျင်အမြန် အကြည့်လွှဲသွားကာ ကျိယွီရှောင်ကလည်း ကျိလဲ့ယွီ၏ ပုခုံးကို ပုတ်လိုက်သည်။
"သားကိုယ့်အပိုင်းကိုယ်သာ ကောင်းကောင်းသရုပ်ဆောင်... ကျန်တာတွေအတွက် စိတ်မပူနဲ့"
ဒါရိုက်တာလီက သူတို့နှစ်ဦးကြားရှိ ဟိုလိုလိုသည်လိုလို မရေမရာအနေအထားကို မြင်လိုက်ရသည်။ ခဏလေး၊ ကျိယွီရှောင် နဲ့ လင်းလော့ချင်းရဲ့ ဆက်ဆံရေးက ဘာလဲ...
သူ့သားက လင်းလော့ချင်းကို ဦးလေးလို့ခေါ်တယ်...အဲဒီတော့ သူက လင်းလော့ချင်းရဲ့ ....ယောက်ဖလား ???!!!
ဒီသမီးယောက်ဖနှစ်ယောက်က… အာ… ဒါရိုက်တာလီ သူ အတွေးလွန်နေခြင်းဖြစ်မည်ဟု ခံစားရသည်။
"လူကြီးမင်းကျိက လော့ချင်းရဲ့…"
သူ စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။
"အစ်ကို"
ကျိယွီရှောင်က ဖြေသည်။
"ဝမ်းကွဲလား"
ဒါရိုက်တာ လီ အံ့ဩသွားသည်။ ဒါမှမဟုတ် ယောက်ဖလိုမျိုးအစ်ကိုလား...
ကျိယွီရှောင်က လင်းလော့ချင်း နှင့် သူ၏ဆက်ဆံရေးသည် ယခုအချိန်တွင် ဒါရိုက်တာလီ၏စိတ်ထဲတွင် အမှန်တကယ်ရှုပ်ထွေးနေပြီဖြစ်ကြောင်း မသိခဲ့ဘဲ သူ၏အသံမှာ ရှင်းလင်းပြတ်သားနေသည်။
"သူ့ထက်အသက်ကြီးတဲ့ အစ်ကို"
ဒါရိုက်တာလီ စိတ်သက်သာရာရသွားသည်။ယောက်ဖလည်းမဟုတ်၊ ဝမ်းကွဲလည်း မဟုတ်ဘူး... သွေးသားတော်စပ်နေတာမျိုးမဟုတ်သလို ကျင့်ဝတ်အရ တော်စပ်နေတာမျိုးလည်း မရှိဘူး... ဒါက အရမ်းကောင်းတယ်...
ဒါပေမဲ့ ယောက်ဖမဟုတ်ရင် ကျိလဲ့ယွီက လင်းလော့ချင်းကို ဘာလို့
'ဦးလေး' လို့ ခေါ်တာလဲ...
ဒါရိုက်တာလီ သူတို့၏ ဆက်ဆံရေးက အတော်လေးရှုပ်ထွေးသည်ဟု ခံစားရ၏။
သို့ရာတွင် ဤသည်က သူများ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၏။ထို့အပြင်၊ တစ်ခါတစ်ရံတွင် ကလေးများသည် ဆွေမျိုးတစ်ဦးချင်းစီတိုင်း၏ နာမည်ကောင်းကောင်း ခွဲခြားမခေါ်တတ်ကြသောကြောင့် ဒါရိုက်တာလီ ဤအရာကို ခေါင်းရှုပ်ခံ ဆက်တွေးမနေတော့ပေ။
သူက ပြုံးပြီး ကျိလဲ့ယွီကို ပြန်ကြည့်လိုက်သည်။
"ရှောင်ယွီ သားရဲ့ရှုရှုနဲ့အတူတူ တွဲသရုပ်ဆောင်ဖို့ ဆန္ဒရှိလား"
"ဆန္ဒရှိပါတယ်"
"ကောင်းပြီ ...ဒါဆို မင်း အခု မပါတော့နဲ့...နောင် သားရှုရှုရဲ့ အခန်းကျမှ ပါတော့နော်"
"အိုး"
ကျိလဲ့ယွီက မျက်တောင်ခတ်လိုက်သည်။
လင်းလော့ချင်း သူတို့နှစ်ဦးကြားက စကားဝိုင်းကို နားထောင်ပြီး အခုဘာတွေဖြစ်နေတာလဲဟု တွေးမိသည်။
ဒါရိုက်တာလီ ခင်ဗျား သူ့ကို ဖူရှီအငယ်လေးအတွက် နောက်ခံဇာတ်ရုပ်အဖြစ် သုံးမှာမဟုတ်ပဲ၊ သူ့ကို ဖူရှီအကြီးအတွက် နောက်ခံဇာတ်ရုပ်အဖြစ် သုံးမှာလား...
သူအနည်းငယ်ခေါင်းရှုပ်သွားသည်။
သူတို့စကားပြောနေစဥ် ဝမ်ကျစ်မင် ရောက်လာသည်။
ဒါရိုက်တာလီက ဝမ်ကျစ်မင်ကို ဆွဲခေါ်ပြီး လင်းဖေးနှင့် မိတ်ဆက်ပေးသည်။ "ဒါက ရုပ်ရှင်ထဲက မင်းဦးလေးလုမင်"
ဝမ်ကျစ်မင် သူ့ရှေ့က ဖူရှီအငယ်လေးကို ကြည့်လိုက်သည်။ထို့နောက် သူသည် သူ့ဘေးတွင်ရပ်နေသော ဖူရှီအကြီးကို ကြည့်ကာ သိချင်စိတ်ဖြစ်ပြီးမေးလိုက်သည်။
"အဲ...ဒါက တကယ်ကို တူတာပဲ... ဒါရိုက်တာကြီး လော့ချင်းနဲ့ ဒီလောက်တူတဲ့ ကလေးကို ဘယ်မှာသွားရှာလာတာလဲ"
မေးခွန်းကောင်းပဲ...လင်းလော့ချင်းတို့ မိသားစုက သွားရှာလာတာလေ...
ဒါရိုက်တာလီက မိတ်ဆက်ပေးလိုက်၏။
"ဒါက လော့ချင်းရဲ့တူလေး လင်းဖေးလို့ခေါ်တယ်"
ဝမ်ကျစ်မင် အံ့သြသွားသည်။
"လော့ချင်းမှာ တူရှိတာလား"
လင်းလော့ချင်းက ပြုံးလိုက်သည်။ "ဟုတ်ကဲ့...နောက်တစ်ယောက်ရှိသေးတယ်"
ဒါရိုက်တာလီ၏ တခြားတစ်ဖက်တွင် လင်းဖေးနှင့် အသက်အရွယ်တူ ချစ်စရာကောင်းသော ကလေးတစ်ဦးလည်းရှိနေကြောင်း ဝမ်ကျစ်မင် သတိပြုမိလိုက်သည်။
"မင်းရဲ့တူလေးနှစ်ယောက်က ဒီလောက်ကြည့်ကောင်းတယ်လား"
ဝမ်ကျစ်မင် အံ့သြမှင်တက်သွားသည်။ "ငါ့တူလေးကို ချောလှပြီထင်တာ...လက်စသတ်တော့ မင်းတို့မိသားစုက တူလေးနှစ်ယောက်မှ သေအောင်ချောတာကွာ... သူတို့က ငါ့တူထက်တောင် ပိုချောသေးတယ်"
လင်းလော့ချင်းက ဂုဏ်ယူနေ၏။
"ဟုတ်ပါပြီ...ဟုတ်ပါပြီဗျာ... သူတို့ နှစ်ယောက်က ကလေးအများစုထက် ပိုကြည့်ကောင်းကြတယ်"
ဝမ်ကျစ်မင်:'...ဒီအချိန်မှာ နှိမ့်ချတဲ့စကား ပြောသင့်တာမဟုတ်ဘူးလား' ဒီအုပ်ထိန်းသူက တကယ်ကို နည်းနည်းမှ မနှိမ့်ချတတ်ဘူးပဲ...
"ဒါပေမဲ့ ငါ့တူလေးက စာအရမ်းတော်တာကွ... သူက သူတို့နှစ်အတွက် ထိပ်ဆုံးငါးယောက်ထဲမှာပါတယ်"
ဝမ်ကျစ်မင်က ပြောသည်။
လင်းလော့ချင်းက ပြုံးလိုက်သည်။ "ဖေးဖေး နဲ့ ရှောင်ယွီလည်း မဆိုးကြပါဘူး...ဖေးဖေး ပထမ၊ရှောင်ယွီ ဒုတိယလေ"
ဝမ်ကျစ်မင်:"……"
"ငါ့တူက စန္ဒယားလည်းတီးတတ်တယ်"
"ရှောင်ယွီရဲ့ ဝါသနာက ပန်းချီလေ"
"ငါ့တူလေးက အရမ်းလိမ္မာတာ... သူ့မိဘတွေကို အိမ်မှုကိစ္စတွေ နေ့တိုင်းကူညီပေးတယ်"
"ရှောင်ယွီနဲ့ ဖေးဖေးက အိမ်မှုကိစ္စ သိပ်မလုပ်ကြပေမဲ့ မွေးနေ့လက်ဆောင်တွေ ကိုယ်တိုင်လုပ် ပေးကြတယ်"
လင်းလော့ချင်းက ပြောပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။
"ဝမ်ကော...ကောကြည့်ချင်လား...ဖေးဖေး လုပ်ထားတဲ့ မွေးနေ့ကတ်ပြားက သုံးဖက်မြင်3Dကတ်လေးဗျ... အရမ်းချစ်စရာကောင်းတယ်"
ဝမ်ကျစ်မင်: '... ငါရှုံးပါပြီကွာ... ငါ့မှာ မွေးနေ့ကတ်ပြား မရှိဘူး'
"ဒါပေမဲ့ မင်းရဲ့တူလေးက အရင်က သရုပ်မဆောင်ဖူးဘူးမလား"
လင်းလော့ချင်းက ခေါင်းခါလိုက်သည်။သူက နှိုင်းယှဉ်နေမှုကို ရပ်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။
"ဒါဆို ကျေးဇူးပြုပြီး ဝမ်ကော.. သူ့ကို ဂရုစိုက်ပြီး နည်းနည်း ပိုသည်းခံပေးဖို့ ကျွန်တော် ကောကို ဒုက္ခပေးရဦးမယ်... ဖေးဖေးရဲ့သရုပ်ဆောင်မှုမှာ အမှားအယွင်းတွေရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ...ကျွန်တော် သင်ပေးလိုက်ပါ့မယ်"
"အိုကေ"
ဝမ်ကျစ်မင်က ရွှင်မြူးစွာပြောသည်။ "နားမလည်တာရှိရင် ငါ့ကိုမေးနော် ဖေးဖေး"
သူစကားပြောရင်း လင်းဖေး၏ခေါင်းကိုထိရန် လက်လှမ်းလိုက်သည်။လင်းဖေးက ခေါင်းစောင်းကာ ရှောင်လိုက်ပြီး တစ်ဖက်လူလာမထိအောင် သူ့မျက်နှာလေးကို တည်ထား၏။
ဝမ်ကျစ်မင်: "……"
ဒါရိုက်တာလီက တဟားဟား ရယ်သည်။
"ဘယ်လိုလဲ... ဘယ်လိုလဲ သူက ဖူရှီနဲ့ အရမ်းတူတယ်မဟုတ်ဘူးလား...ရိုက်ကူးရေးထဲမှာ မင်း မထိနိုင်သလို ရိုက်ကူးရေးအပြင်မှာလည်း ထိလို့မရဘူး"
ဝမ်ကျစ်မင်: "……"
ဝမ်ကျစ်မင်က ရွေးချယ်စရာမရှိဘဲ သူ့ကို လှည့်ကြည့်လိုက်သည်။
ခင်ဗျားက ဘာလို့ဒီလောက်ပြုံးပျော်နေတာလဲ...
ကျွန်တော့်သူ့ကိုမထိနိုင်တာက ခင်ဗျားဒီလောက်ပျော်ဖို့ ထိုက်တန်တယ်ပေါ့...
ခင်ဗျားကကျသူ့ကိုထိနိုင်တာကျ...
ဝမ်ကျစ်မင်က သူ့လက်ကို ရုတ်လိုက်ပြီး ရုပ်တည်လေးနှင့်လင်းဖေးကို သေချာကြည့်လိုက်သည်။အနှီတူဝရီး၏ ပင်ကိုယ်စရိုက်က အဘယ်ကြောင့် ဤမျှ ကွာခြားနိုင်ရသည်ကို သူ သိချင်နေခဲ့သည်။
လင်းလော့ချင်းက အလွန်သဘောကောင်းပြီး နူးညံ့သည်။အဘယ်ကြောင့် သူ့တူလေးက ဤမျှလောက်အေးစက်ရသည်မသိ။
လင်းဖေးက သူ့ဦးလေး၏ သရုပ်ဆောင်စွမ်းရည်ကို အမွေဆက်ခံခဲ့သလားဆိုသည်ကို သူမသိပေ။
ဒါရိုက်တာလီက ဝမ်ကျစ်မင်နှင့် လင်းဖေးအား စကားအနည်းငယ်ထပ်ပြောခဲ့ပြီး စမ်းရိုက်ရန်ပြင်ဆင်လိုက်သည်။
"ဖေးဖေး စိတ်မလှုပ်ရှားနဲ့နော်" ဒါရိုက်တာလီက သူ့ကို ပြောလိုက်၏။
"ခုနက ငါပြောတဲ့အတိုင်းသာ လုပ်"
"အိုး"
လင်းဖေး၏ လေသံက ယခင်အတိုင်းပင် တည်ငြိမ်နေ၏။
ဒါရိုက်တာလီက မော်နီတာဆီသို့ လျှောက်သွားကာ ရိုက်ကူးရေးစတင်ရန် ပြင်ဆင်နေသည်။
ဝမ်ကျစ်မင်က သူ့ကိုနှစ်သိမ့်လေသည်။
"အဆင်ပြေပါတယ်... အချိန်ကျရင် သက်တောင့်သက်သာနဲ့ ရဲရဲသာ သရုပ်ဆောင်...သားမှာ ပြဿနာရှိရင် ဦးလေး ကူညီမယ်"
"ကျေးဇူးတင်ပါတယ်"
လင်းဖေးက ယဉ်ကျေးစွာပြောသည်။
"ရပါတယ်...ငါက မင်းရဲ့ရှုရှုနဲ့ ဆက်ဆံရေးကောင်းရှိတော့ မင်းကို သဘာဝအတိုင်း ဂရုစိုက်မှာပါ"
ဝမ်ကျစ်မင်က အကြာကြီးကြိုးစားတိုက်ခိုက်ရန် ပြင်ဆင်နေရင်း ပြောလိုက်သည်။
ရုပ်ရှင်ရိုက်သည့်အခါ အခက်ခဲဆုံးက ကလေးတွေ၊ တိရိစ္ဆာန်တွေနှင့် ရိုက်ကူးရခြင်းပင်။အထူးသဖြင့် လင်းဖေးက ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်ပြီး သရုပ်ဆောင်သည့်အခါ သတိထားလွန်းနေသည်မျိုး သို့မဟုတ် ချဲ့ကားလွန်းနေသည်မျိုး ဖြစ်နိုင်သည်။သူက ကလေးများစွာနှင့် အလုပ်လုပ်ခဲ့ဖူးပြီး အကြိမ်တိုင်းမှာ ရိုက်ရန် အချိန်အတော်ကြာခဲ့သည်။
သူက ၎င်းကိုကျင့်သားရနေသည်မှာ ကြာပြီဖြစ်ပြီး ၎င်းကိုပေါ့ပေါ့ပါးပါးသာတွေးထားလိုက်သည်။
"ရိုက်ကူးချိန်က အရမ်းကြာရင်လည်း စိတ်မပူနဲ့...သားလိုအရွယ်ကလေးတိုင်းက ဇာတ်ကွက်တစ်ခုကို အကြိမ် ၁၀-၂၀ လောက် ရိုက်ကူးကြရတတ်တယ်... ဒါက ပုံမှန်ပါပဲ"
လင်းဖေး:"????"
အကြိမ်တစ်ဆယ် နှစ်ဆယ်...
ဘယ်လောက်အချိန်ဖြုန်းရာကျလိုက်သလဲ...
လင်းဖေးက ရုပ်ရှင်ကို စောစီးစွာ ပြီးအောင်ရိုက်ချင်ပြီး လုပ်အားခကို စောစီးစွာ ရယူလိုဆဲဖြစ်သည်။
သူက ဘာမှမပြောလိုက်ဘဲ ဒါရိုက်တာက 'အက်ရှင်' ဟု အော်သည်အထိ စောင့်ပြီး ကြမ်းစတိုက်လိုက်သည်။
လုမင် ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်သောအခါ ဖူရှီလေး မရှိဘူးဆိုသည်ကို တွေ့လိုက်ရ၏။လှည့်ပတ်ကြည့်လိုက်ရာတွင် မီးဖိုချောင်ထဲမှာ သူ့ကိုတွေ့ရသည်။
"ဘာလို့ ကြမ်းကို ထပ်သုတ်နေတာလဲ...ငါ့ကိုအရင်ပြော... မင်းအမေ ဘယ်သွားတာလဲ"
လင်းဖေးက သူ့ကို လျစ်လျူရှုထားသည်။
၎င်းကိုမြင်သောအခါ ဝမ်ကျစ်မင်က လင်းဖေး သုတ်ထားသည့် ကြမ်းပြင်ပေါ်မှာ ခြေရာအနည်းငယ်ကို တမင်တကာ ချလိုက်သည်။
"မင်း မပြောရင် မင်းသုတ်ထားတဲ့နေရာတိုင်းကို ငါ လိုက်နင်းမှာနော်...အဲဒါဆိုရင် မင်းသုတ်ထားတာက အလကားဖြစ်သွားမှာ"
လင်းဖေး: "……"
ထိုအချိန်တွင်ပင် လင်းဖေးက ခေါင်းမော့လာပြီး သူ့မျက်လုံးများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နေသည်။
ဝမ်ကျစ်မင် သူ၏အသက်ဝင်သောမျက်လုံးများကို မြင်လိုက်ရပြီးနောက် အနည်းငယ် အံ့သြသွားသည်။လင်းဖေး သူ့ကို မော့ကြည့်ပြီးနောက် ခေါင်းကို တဖန်ငုံ့ကာ ဆက်လက် ကြမ်းတိုက်နေသည်။ယခုနက သူ့အကြည့်က 'ခင်ဗျားက အရမ်းငြီးငွေ့စရာကောင်းတယ်'နှင့် 'ခင်ဗျားကို အာရုံစိုက်ဖို့ အရမ်းပျင်းနေတယ်' ဟူသော အထင်အမြင်သေးမှုနှင့် အကူအညီမဲ့ခြင်းတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။
ဝမ်ကျစ်မင်:'...သူ့မျက်လုံးထဲကအကြည့်က ကောင်းလွန်းတယ်'
အရင်က တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ကလေးတစ်ယောက်မှာ ဒီလို့ အကြည့်ကောင်းကောင်းရှိနေတာက သိပ္ပံနည်းကျရဲ့လား...
ဝမ်ကျစ်မင် အံ့သြလွန်း၍ ထိုအခိုက်အတန့်မှာ သူ့လိုင်းတွေကို ပြောရန်မေ့သွားသည်။
ဒါရိုက်တာလီ:"????"
ဒါရိုက်တာလီ လုမင်နှင့် ဖူရှီအငယ်လေးတို့ကြားက ပထမဆုံးအခန်းရိုက်ကူးရေးတွင် 'ကဒ်' ဟုအော်ရခြင်းမှာ လင်းဖေးကြောင့်မဟုတ်ဘဲ ဝမ်ကျစ်မင်ကြောင့်ဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
"ကျစ်မင်... ဒီအချိန်မှာ မင်းမှာ လိုင်းတွေရှိနေသေးတယ်ဆိုတာ မင်းသိသင့်တယ်မဟုတ်လား"
ဒါရိုက်တာလီက သူ့ကို မေးသည်။
ဝမ်ကျစ်မင်း:"……"
လင်းဖေးက သူ့အား လှည့်ကြည့်ကာစိတ်ထဲမှာသိချင်သွားသည်။
သူက သူ့လိုင်းတွေကို မကျက်ရသေးဘူးလား...
ဒါဆို သူ ဒါရိုက်တာဆီက နှစ်ကြိမ်ကူးရေးခိုင်းပြီး အပြစ်ပေးခံရမှာလား...
ကင်မရာမဖွင့်ခင်မှာ ဝမ်ကျစ်မင် ပြောခဲ့သည့်စကားနှင့် သူနှင့် လင်းလော့ချင်းက ဆက်ဆံရေးကောင်းသည့်အကြောင်းပြောခဲ့သည်ကို သူ သတိရသွား၏။သူ သူ့ဘက်ကနေလက်ဦးမှုယူကာပြောလိုက်သည်။
"အဆင်ပြေပါတယ် စိတ်မပူပါနဲ့...အကြိမ်10-20ရိုက်ကူးရတာက ပုံမှန်ပါပဲ"
ဝမ်ကျစ်မင်:"……"
ဒီစကားတွေက ဘာကြောင့် ဒီလောက်ရင်းနှီးနေပါလိမ့်... ဒါ သူခုနက ပြောခဲ့တဲ့စကားတွေ မဟုတ်ဘူးလား...
သို့သော် သူပြောသည့်စကားမှာ လင်းဖေး၏အရွယ် ကလေးတစ်ဦးက အခန်းတစ်ခန်းကို အကြိမ်တစ်ဆယ်နှစ်ဆယ်ထပ်ပိုရိုက်ရသည်က ပုံမှန်ဖြစ်သည်ဟု၍ဖြစ်သည်။
သူအသက်အရွယ်လူကြီးတစ်ယောက်အတွက်က ပုံမှန်မဟုတ်ဘူးလေ...
လင်းဖေးက သူ၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်လိုက်သည်။လင်းဖေးအနေဖြင့် ရိုက်ကူးရေးကို စောစောစီးစီး ပြီးအောင်လုပ်ချင်ပြီး လုပ်အားခ ရ မရ မေးချင်သည့်အတွက် ဤလူကို အနည်းငယ် ပိုနှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့...ခင်ဗျားမှာ ပြဿနာရှိရင် ကျွန်တော်ကူညီနိုင်ပါတယ်"
"…ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
လင်းဖေး ဤလူ ခုနက သူ့ကို ပေးထားသည့် အကြောင်းပြချက်ကိုပဲ ပြန်သုံးလိုက်သည်။
"ခင်ဗျားနဲ့ ကျွန်တော့်ရှုရှုက ဆက်ဆံရေးကောင်းကြတယ်လေ"
ဝမ်ကျစ်မင်:'...ဒါဆိုလည်း မင်းရှုရှုကို တကယ်ကျေးဇူးတင်ပါတယ်'
(🤣🤣)