Chapter 256
ထန်ကျားကျိ လက်သီးတင်းတင်းဆုပ်လျှက် ကျိယွီရှောင်ထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။
ကျိယွီရှောင်က ၎င်းကို ရှောင်တိမ်းရင်း မယုံနိုင်ဟန်ဖြင့် ပြောလိုက်၏။
“မင်းငါ့ကို တကယ်ပဲ သတ်ချင်တာလား …”
“မင်းရဲကိုဖုန်းမခေါ်ရဘူး … ငါ့ကိုအချိန်သုံးရက်ပေး …” ထန်ကျားကျိက အလေးအနက် ပြောလိုက်သည်။
ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်၏။
“အိပ်မက်မက်နေလိုက် …”
ထန်ကျားကျိက ကျိယွီရှောင်အား လက်သီးဖြင့် ထိုးလိုက်သည်။ ကျိယွီရှောင်က နာကျင်မှုဖြင့် ညည်းညူလိုက်ရင်း ဖုန်းကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်၏။ ထန်ကျားကျိက ဖုန်းကို ကြမ်းခင်းပေါ်သို့ လွှင့်ပစ်လိုက်သည်။
သူက ကျိယွီရှောင်အား ညှိနှိုင်းလိုဟန် ကြည့်လိုက်၏။
“မင်း ရဲကိုဖုန်းခေါ်ဦးမှာလား …”
ကျိယွီရှောင်က သူ့အား မထီမဲ့မြင်ပြုလျှက် လှောင်ပြောင်သလို ကြည့်လိုက်သည်။
“သေချာပေါက် ခေါ်မှာပေါ့ … ငါကရဲကိုခေါ်ကိုခေါ်မှာ …”
ထန်ကျားကျိက တစ်ဖက်လူ၏ အကြောက်အလန့် ကင်းမှုကြောင့် ချက်ချင်း ရှင်းလင်းပစ်ချင်လာသည်။
သူက ကျိယွီရှောင်အား လက်သီးဖြင့် ဒေါသတကြီး ထိုးလိုက်သည်။ ကျိယွီရှောင်က ထိုလက်သီးကို ဖမ်းဆုပ်လိုက်ရင်း ထန်ကျားကျိ မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ဓားကိုထုတ်၍ ထန်ကျားကျိ၏ လက်အား ထိုးစိုက်လိုက်သည်။
ထန်ကျားကျိက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ သူက ကျိယွီရှောင် ခုခံနိုင်စွမ်း ရှိမည်ဟု မမျှော်လင့်ခဲ့သလို လက်နက်ဆောင်ထားမည်ဟုလည်း မထင်ထားခဲ့။
ကျိယွီရှောင်က ဓားကို ဆွဲထုတ်လိုက်သည်။ သွေးများက ငွေရောင်ဓားသွားပေါ်မှ စီးကျလျှက်ရှိ၏။
သူက ထန်ကျားကျိကို ကြည့်ရင်း ပြုံးလိုက်သည်။
ထန်ကျားကျိက တိုက်ခိုက်ချင်သော်လည်း နောက်တစ်စက္ကန့်မှာပင် ကြောင်အသွားခဲ့ရ၏။ ကျိယွီရှောင်က ဝှီးချဲလ်ပေါ် ထိုင်နေရာမှ ထရပ်လိုက်ခြင်းကြောင့် ဖြစ်သည်။
ထန်ကျားကျိ ထိတ်လန့်သွားခဲ့သည်။ သူ့မျက်လုံးများက ကျိယွီရှောင်၏ ခြေထောက်ပေါ်၌သာ ရှိနေပြီး သူ့လက် သွေးထွက်နေသည်ကိုပင် ဂရုမစိုက်နိုင်ခဲ့။ သူက မယုံနိုင်ဟန်ဖြင့် ခေါင်းယမ်းလိုက်၏။
မဖြစ်နိုင်တာ … မဖြစ်နိုင်ဘူး … သူက မသန်စွမ်း မဟုတ်လား …
သူက ဘယ်လိုလုပ် မတ်တပ်ရပ်နိုင်မှာလဲ …
“မင်း ခြေထောက်တွေက ဒဏ်ရာရထားတာ မဟုတ်လား …”
သူက သိလိုစိတ်ဖြင့် မဆိုင်းမတွ မေးလိုက်၏။
ကျိယွီရှောင် ရယ်လိုက်သည်။
“အံ့အားသင့်သွားလား …”
ထို့နောက် ထန်ကျားကျိ၏ မျက်နှာအား ထိုးချလိုက်၏။
ထန်ကျားကျိက ပြန်တိုက်ခိုက်ချင်သော်လည်း အလေးမသာခဲ့။ သူက ရုံးခန်းကြမ်းပြင်နှင့် ဖိကပ်ခံလိုက်ရကာ ကျိယွီရှောင် သူ့အား ရိုက်နှက်တော့မည်ကို တွေးရင်း ထိတ်လန့်လာ၏။
သူက နာကျင်မှုကြောင့် ကိုယ်ကိုကွေးလိုက်ရင်း တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
ကျိယွီရှောင်က သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့အသံမှာ ညှင်သာလှ၏၊
“နာလား …”
ထန်ကျားကျိက တစ်ဖက်လူအား ဒေါသတကြီး ကြည့်လိုက်သည်။ ကျိယွီရှောင်က ထိုအကြည့်ကြောင့် ကျေနပ်စွာ ရယ်လိုက်၏။
“မင်း ဒေါသထွက်နေတာလား …” သူက တောက်ပစွာ ပြုံးလိုက်သည်။ “ဒါဖြင့် ငါနဲ့မတူဘူးပဲ … ငါကခုအရမ်းပျော်နေတာ …”
ထိုသို့ပြောပြီးနောက် သူက ဓားကိုကိုင်လိုက်ရင်း ဓားထိပ်ဖျားဖြင့် ထန်ကျားကျိ၏ လည်ပင်းကို ပွတ်ဆွဲလိုက်သည်။
“မင်းသိလား … ငါဘာလို့ပျော်နေရတာလဲ ဆိုတာ …”
ထန်ကျားကျိက ဓားထိပ်ဖျား၏ အထိအတွေ့ကြောင့် အလွန်တရာ ထိတ်လန့်လာခဲ့သည်။
သူက ဘောင်းဘီအိတ်အား လက်ဖြင့် စမ်းလိုက်သည်။ ထို့နောက် အိတ်တွင်းရှိ အသီးလှီးဓားကို ထုတ်ယူရန် ပြင်လိုက်၏။
သူက အလွန်သတိကြီးစွာဖြင့် အိတ်ကိုထိလိုက်သည်။ သို့သော် ဓားကို မယူနိုင်ခင်မှာပင် သူ့လက်ပေါ်၌ နာကျင်မှုအား ခံစားလိုက်ရသည်။
ထန်ကျားကျိ နာကျင်စွာ အော်လိုက်၏။
ကျိယွီရှောင်က ဂရုတစိုက် မေးလိုက်သည်။
“မင်းတစ်ခုခု ယူမလို့လား … ငါကူပေးမယ်လေ …”
သူက အိတ်ကိုနှိုက်ကာ သော့တွဲကို ထုတ်ယူလိုက်၏။ သော့တွဲ၌ တွဲလောင်းကျနေသော အသီးလှီးဓားကိုလည်း တွေ့လိုက်ရသည်။
“အိုး … ဒါလား …”
ကျိယွီရှောင် ခေါင်းတညှိတ်ညှိတ် လုပ်လိုက်သည်။
“မင်းဒါကိုလိုချင်လား …”
ထန်ကျားကျိက ကျိယွီရှောင်၏ တည်ငြိမ်သော အပြုံးနှင့် အပြုအမူကြောင့် အလွန်ထိတ်လန့်သွား၏။
အရူးပဲ … သူက တွေးလိုက်သည်။ ကျိယွီရှောင်က တကယ့်အရူးပဲ … သူက ပုံမှန်မဟုတ်ဘူး …
“စိတ်မပူနဲ့ … ငါမင်းကို နောက်ကျပြန်ပေးမှာပါ …” ကျိယွီရှောင်က ခင်မင်ရင်းနှီးစွာ ပြောလိုက်သည်။
ထို့နောက် သော့တွဲကို အိတ်ထဲထည့်လိုက်၏။
“အခု တခြားကိစ္စတွေကို ပြောရအောင် …”
ထိုသို့ပြောပြီးသည်နှင့် သူက ထန်ကျားကျိ၏ ပုခုံးအား ဓားဖြင့် ရုတ်တရက်ထိုးချလိုက်၏။
ထန်ကျားကျိ သနားစဖွယ် အော်လိုက်သည်။ သူက အသက်လုရှူနေရပြီး စကားပင် မပြောနိုင်ပေ။
နာတယ် … အရမ်းနာတာပဲ …
သူက သူ့အရှေ့ရှိ လူကို ကြည့်ရင်း ကျိယွီရှောင် ဓားကို ဆွဲထုတ်တော့မည်မှန်း ခံစားမိလိုက်၏။
“မင်းဘာလုပ်ချင်လို့လဲ …”
ထန်ကျားကျိ တုန်ရီစွာဖြင့် မေးလိုက်သည်။
“မင်း ငါ့ကိုသတ်ချင်လို့လား …”
“ဘယ်ကသာ …”
ကျိယွီရှောင်က သွေးများစီးကျနေသည့် ပုခုံးကို ကြည့်ရင်း အပြုံးနှင့် ပြန်ဖြေလိုက်၏။
“လူသတ်တာက တရားမဝင်ဘူးလေ … မင်းအတွက် ဉပဒေချိုးဖောက်စရာလား …”
ထန်ကျားကျိက ၎င်းမှာ အလွန်ရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။
“ကျိယွီရှောင် … ငါအခု ဒဏ်ရာရသွားပြီ … မင်းယုံချင်ယုံ မယုံချင်နေ …. ငါမင်းကို တရားစွဲမှာ …”
“ငါယုံပါတယ် …”
ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။
“မင်း ငါ့ကို အရင်ဆုံး သတ်မယ်လို့ ဒေါသတကြီး ခြိမ်းခြောက်ခဲ့တာလေ … ငါရဲကို ဖုန်းမဆက်အောင် တားဖို့ပေါ့ … ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့ ကြိုးစားခဲ့ရုံပဲ … ဒါက ဘာမှားလို့လဲ …”
“ဒါ့အပြင် …”
ကျိယွီရှောင် ပြုံးလိုက်သည်။
“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ … မင်းလည်း ဓားယူလာတယ်နော် …”
ထန်ကျားကျိ ချက်ချင်း နားလည်သွား၏။
“မင်းဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား …မင်းငါ့ကို ဖုန်းဆက်ကတည်းက ဒီလိုလုပ်ဖို့ ကြံစည်ပြီးသားပဲ …”
“လုပ်စရာလား … ငါက မင်းကို မင်းအလွဲသုံးစားလုပ်ထားတဲ့ ကုမ္မဏီပိုက်ဆံအကြောင်း ပြောဖို့ ပြန်ခေါ်လိုက်တာလေ … မင်းကိုယ်တိုင် ဖြစ်သွားခဲ့တဲ့ ကိစ္စပဲ မဟုတ်လား … မင်းက ငါ့ကိုရန်ပြုဖို့ ကြံစည်ခဲ့တာ … မင်းငါ့ကို ထိုးခဲ့တယ်ဆိုတာ မေ့သွားပြီလား …”
ထန်ကျားကျိက တစ်ဖက်လူ၏ အကြံအစည်ထဲသို့ ရောက်သွားကြောင်း သိလိုက်သဖြင့် ပို၍ပင် ထိတ်လန့်လာသည်။
“မင်းဒါကို ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာ … မင်း ဒါကို ရှောင်လို့ရရဲ့သားနဲ့ သက်သက် မရှောင်ပဲအရိုက်ခံခဲ့တာ …”
ကျိယွီရှောင်က ဓားကို ပြန်နှုတ်လိုက်ပြီး ထန်ကျားကျိ၏ မေးရိုးတစ်လျှောက် ပွတ်ဆွဲလိုက်သည်။ ဓားပေါ်ရှိ သွေးများက သူ့မျက်နှာထက် စွန်းထင်းကုန်၏။
“တကယ်လား …”
သူက မေးလိုက်သည်။
“ဒါဖြင့် ငါဘာလို့ ဒီလိုလုပ်လဲ မင်းခန့်မှန်းနိုင်လား …”
ထန်ကျားကျိ၏ နှလုံးသားက တင်းကျပ်သွားကာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာ၏။
သူ သိသွားတာလား …
အခု သူ့အစ်ကိုအတွက် လက်စားချေချင်နေတာလား …
ထန်ကျားကျိ စကားမပြောဝံ့တော့။ သူက ကျိယွီရှောင် ဘာမှမသိစေရန် တိတ်တဆိတ် ဆုတောင်းနေမိသည်။
သို့သော် ကျိယွီရှောင်၏ နောက်ထပ်စကားများက သူ၏ မျှော်လင့်ချက်များကို ပျက်သုန်းသွားစေခဲ့သည်။
“အခု ငါတို့ ဘယ်ရောက်နေလဲ မင်းသိလား …”
ကျိယွီရှောင် သူ့ကိုမေးလိုက်သည်။
ထန်ကျားကျိ ပြန်မဖြေခဲ့.
“ဒါ ငါ့အစ်ကိုရဲ့ ရုံးခန်းပဲ …”
“မင်း ဒီကို ရောက်ခဲ့တယ် …”
ကျိယွီရှောင်က တည်ငြိမ်စွာ ပြောသည်။
“မင်းသူနဲ့တွေ့ပြီး စကားပြောခဲ့တယ် … ဒါပေမယ့် သူက မင်းကို ထိခိုက်အောင် မလုပ်ပဲ ဒီအတိုင်းသွားခွင့်ပြုခဲ့တယ် …”
“မင်းက ဒီမှာထိုင်ချင်တာလား …”
“မင်းက ဒီနေရာမှာထိုင်ပြီး ရုံးခန်းပိုင်ရှင် ဖြစ်ချင်နေခဲ့တာ မဟုတ်လား … ငါ့အစ်ကိုနေရာကို အစားဝင်မယ်ပေါ့လေ …”
“ဒါ့ကြောင့် မင်းသူ့ကိုသတ်ခဲ့တယ် … မင်းက တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး ငါ့အစ်ကိုရဲ့ကားကို တမင်သက်သက် ဝင်တိုက်စေခဲ့တယ် … မင်း သူ့ကို သေစေချင်ခဲ့တာ … သူသေမှ မင်းမှာ အခွင့်အရေးရှိလာမှာ မို့လို့လေ …”
ကျိယွီရှောင်၏ ဓားက ထန်ကျားကျိ၏ လည်ပင်းကို ထိသွားသည်။ သူက မေးလိုက်၏။
“မှန်လား …”
ထန်ကျားကျိ ပင့်သက်ရှိုက်လိုက်ရင်း မည်သည့်စကားမှ မဆိုဝံ့တော့။
သူက ကျိယွီရှောင်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီနေ၏။
သူက ဓားအောက်မှ လွတ်မြောက်ချင်သော်ငြား ရုန်းထွက်ရန် ခွန်အားမရှိချေ။
“မဟုတ်ဘူး …”
သူက ငြင်းရန် ကြိုးပမ်းလိုက်သည်။
“အထွေထွေမန်နေဂျာကျိ … ဒါက မင်းထင်သလို မဟုတ်ဘူး … ငါ … အား ...”
ထန်ကျားကျိ နာကျင်မှုဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
ကျိယွီရှောင်က ဓားဖြင့် တစ်ဖက်လူ၏ ပုခုံးကိုခြစ်ချကာ ဖြည်းညှင်းစွာ ပြောသည်။
“ငါဒီနေရာကို မင်းရှင်းပြတာ နားထောင်ဖို့ ရောက်လာတာ မဟုတ်ဘူး … မင်း ဝန်ခံခံ မခံခံ ငါမင်းကိုထောင်ထဲပို့မှာပဲ …”
“မင်းအလွဲသုံးစား လုပ်ခဲ့တဲ့ ပိုက်ဆံက မင်းငါးနှစ်စာ ထောင်ကျဖို့ လုံလောက်တယ် … အဲဒီ့ငါးနှစ်အတွင်း ဆုတောင်းပေါ့ … ရဲတွေက ငါ့အစ်ကိုကို မင်းသတ်တယ်ဆိုတာ သက်သေရှာတွေ့သွားခဲ့ရင်တော့ မင်းပျော်ပျော်ကြီး သေလို့ရပြီ … မဟုတ်ရင်တော့ ငါမင်းကို ထပ်ခါထပ်ခါ ထောင်ထဲထည့်မှာ … မင်းပြန်လွတ်လာတိုင်း ငါမင်းကို ထောင်ထဲပြန်ဝင်ရအောင် လုပ်ပစ်မယ် … နောက်ဆုံးကျရင် မင်းအားပြတ်ပြီး တစ်ဘဝလုံး ထောင်ထဲမှာပဲ ကုန်ဆုံးရလိမ့်မယ် …”
ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်သည်။
“မင်းဘဝက အရမ်းနုံချာလွန်းတယ် … မင်းဆယ်ခါပြန်သေရင်တောင် ငါ့အစ်ကိုနဲ့ မရီးရဲ့သေဆုံးမှုကို အဖက်ဆည်မရနိုင်ဘူး … ကံဆိုးချင်တော့ မင်းမှာ အသက်တစ်ခုပဲ ရှိတာလေ … ဒီတော့ ငါမင်းကို ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခိုင်းရတော့မှာပေါ့ …”
သူက စကားဆုံးသည်နှင့် ဓားဖြင့် ထန်ကျားကျိ၏ မျက်နှာကို ထိလိုက်သည်။
“ငါမင်းကို ဘယ်နှခါ ဓားနဲ့ထိုးပြီးပြီလဲ …”
ထန်ကျားကျိ ပြန်မဖြေခဲ့။ သူက ကျိယွီရှောင် မည်သည့်အရာကို မေးချင်မှန်းမသိသဖြင့် မည်သို့ ပြန်ဖြေရမည်ကိုလည်း မသိချေ။
ကျိယွီရှောင်က သူ့အဖြေကို မလိုအပ်ခဲ့။
“သုံးချက် … ဟုတ်တယ်မဟုတ်လား … နောက်ဆုံးတစ်ချက်ကို ထည့်မရေဘူး … မင်းအရမ်းစကားများနေလို့ ငါထိုးလိုက်ရတာ …”
ထန်ကျားကျိက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
“မဟုတ်ဘူး … မလုပ်နဲ့ …”
ကျိယွီရှောင်က တစ်ဖက်လူ မျက်လုံးထဲရှိ ကြောက်ရွံ့မှုကြောင့် အပြုံးဖြင့် ပြောလိုက်၏။
“ငါ့အစ်ကို … ငါ့မရီး … ငါ့တူနဲ့ ငါ … စုစုပေါင်း လေးချက်ထိုးရမှာပဲ …”
“ဒီတော့ ဓားတစ်ချက်စာ ကျန်နေသေးတာပေါ့ …”
သူက ဓားကိုမြှောက်ကာ ထန်ကျားကျိ၏ ခြေထောက်အား ထိုးစိုက်လိုက်သည်။
ထန်ကျားကျိ နာကျင်စွာ အော်လိုက်၏။
နောက်တစ်စက္ကန့်၌ ကျိယွီရှောင်က သူ့အား သတိမေ့သွားအောင် ရိုက်လိုက်သည်။
သူ မတ်တပ်ရပ်လိုက်ချိန်တွင် တံခါးဝ၌ ရပ်နေသည့် ရှောင်လီအား တွေ့လိုက်ရ၏။ ကျိယွီရှောင်က လက်ဆန့်ထုတ်လိုက်သည်။ ရှောင်လီက သူ့အား ဖုန်းကမ်းပေးလိုက်၏။
သူက ဝေ့ကျွင်းဟယ်ကို ဖုန်းဆက်လိုက်သည်။
“လူနာတင်ယာဉ်၊ ယုံကြည်ရတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ လွှတ်ပေးပါ …”
ဝေ့ကျွင်းဟယ် စိတ်ပူသွားသည်။
“မင်းသူ့ကို သတ်လိုက်တာတော့ မဟုတ်ဘူးမလား …”
“မဟုတ်ပါဘူး … ငါ့စိတ်ငါ ထိန်းနိုင်ပါတယ် … ငါသူ့ကို နည်းနည်းလောက် ဓားနဲ့ထိုးလိုက်ရုံပါ … သူဒီလောက်နဲ့ မသေပါဘူး …”
ဝေ့ကျွင်းဟယ် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ငါအခုဖုန်းကောလ်ကို အသံသွင်းထားတယ် … သူမင်းကို စရိုက်တဲ့ အချိန်ကနေ မင်း အရိုက်ခံရလို့ အော်လိုက်တဲ့အထိ …”
“ကောင်းတယ် …”
ကျိယွီရှောင် အပြုံးဖြင့် ပြောလိုက်၏။
“ဒါက အချိန်ကိုက် ဖြစ်သွားတာပဲ … ရှောင်လီ ရုံးခန်းကို ရှင်းရမယ် … မင်း ငါ့ကို ငါ့အဖေအိမ် လိုက်ပို့ပေးပါ …”
“အခုလား …”
“အေး …” ကျိယွီရှောင် ရယ်လိုက်၏။ “သူတို့နှစ်ယောက်က နက်ရှိုင်းတဲ့ သားအဖဆက်ဆံရေး ရှိကြတယ် မဟုတ်လား … ဒီလိုဆိုမှတော့ ထန်ကျားကျိ သူ့ရဲ့ချစ်လှစွာသော အဖေကို ကိုယ်တိုင်ဝန်ခံခွင့် ပြုပေးသင့်တာပေါ့ …”
“ထန်ကျားကျိ မနက်ဖြန် နိုးလာတာနဲ့ သန်း၇၀ အပေါက်ကို ဖြည့်ပေးဖို့ သူ့အဖေကို သွားရှာဦးမှာပဲ … ကံမကောင်းချင်တော့ သူအဲဒါကို စောင့်ယူနိုင်မှာမဟုတ်တော့ဘူးလေ … ငါ သူ့ကို ထောင်ထဲမှာ ဒီအတိုင်းနေသွားတာ မလိုချင်ဘူး … ငါသူပြိုလဲသွားတာ လိုချင်တာ … ဒီလိုဆို သူထောင်ထဲမှာ ကောင်းကောင်းနေရမှာ မဟုတ်တော့ဘူး …”
“မဟုတ်ရင် သူ့ရဲ့ဈေးပေါပေါ ဘဝလေးက ဘယ်လိုလုပ် ငါ့အစ်ကိုနဲ့ မရီးရဲ့ သေဆုံးမှုနဲ့ တန်မှာတဲ့လဲ …”
ကျိယွီရှောင် အမုန်းများဖြင့် အံကြိတ်လိုက်သည်။
******
လင်းလော့ချင်း ဇာတ်ညွန်းဖတ်နေရင်း သူ့နှလုံးသား တစ်ချက်ပြင်းပြင်းခုန်သွားသည်ကို ခံစားမိလိုက်သည်။ သူ တစ်ခုခုမှားနေကြောင်း ခံစားမိကာ မျက်မှောင်ကြုတ်လိုက်မိသည်။
သူက စိုးရိမ်လာသဖြင့် ဇာတ်ညွှန်းဆက်မဖတ်နိုင်တော့ချေ။ ဖုန်းကိုထုတ်ကာ ကျိယွီရှောင်အား ဖုန်းဆက်လိုက်၏။
ကျိယွီရှောင် ဖုန်းမြည်သံ ကြားလိုက်ရချိန်တွင် သူက အဝတ်လဲကာ ဝှီးချဲလ်ပေါ် ပြန်ထိုင်နေပြီဖြစ်သည်။
သူက အကြာကြီး မတ်တပ်ရပ်ခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေ၏။
ရှောင်လီက မှန်ကွဲနေသည့် ဖုန်းကို ယူလာပေးခဲ့သည်။ သူက ဖုန်းထဲရှိ ကဒ်ကိုထုတ်၍ ကျိယွီရှောင် သုံးနေကျ ဖုန်းထဲသို့ ထည့်ပေးလိုက်၏။
ထိုသို့အခြေအနေမျိုးအတွက် အခြားဖုန်းတစ်ခုတွင် ကဒ်ကို တပ်ဆင်ခဲ့ကြခြင်း ဖြစ်သည်။
ကျိယွီရှောင် ဖုန်းကိုကြည့်လိုက်ချိန်တွင် လင်းလော့ချင်း အမည်အား တွေ့လိုက်ရ၏။ သူထိတ်လန့်သွားခဲ့သည်။ သူက လင်းလော့ချင်း ဖုန်းခေါ်လာမည်ဟု မမျှော်လင့်ခဲ့ချေ။
သူ့နှလုံးသားထဲရှိ ဒေါသက ဖြည်းဖြည်းချင်း မှိန်ဖျော့သွားကာ ဒီရေကဲ့သို့ ကျဆင်းသွား၏။ အမုန်းနှင့် ဒေါသများက ချစ်ခင်မှု၊ နူးညံ့မှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။
ကျိယွီရှောင်က လင်းလော့ချင်းဖုန်းကို ချက်ချင်း မကိုင်ချင်ခဲ့။ သူက ရေမချိုးရသေးရာ သူချစ်ရသူအား ညစ်ပတ်နေသော လက်များဖြင့် မျက်နှာချင်းမဆိုင်ချင်ချေ။
သို့သော် သူဖုန်းမကိုင်ပါက လင်းလော့ချင်း စိတ်ပူနေလိမ့်မည်။
သူက တစ်ရှူးကိုထုတ်ကာ ဆေးကြောပြီးသားဖြစ်သည့် လက်များကို ထပ်မံပွတ်သုတ်လိုက်သည်။ ထို့နောက် ဖုန်းကိုင်လိုက်၏။
“ဘာဖြစ်လို့လဲ …”
သူ့အသံက ပုံမှန်အတိုင်း နူးညံ့နေ၏။ သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ချိတ်ဆွဲလျှက်ရှိပြီး လင်းလော့ချင်းအား စနောက်လိုက်သည်။
“ကိုယ့်ကို လွမ်းနေပြီလား …”
xxxdxxx