Chapter 257
လင်းလော့ချင်းက သူ၏ပုံမှန်အသံကို နားထောင်ရင်း စိတ်သက်သာရာရသွားသည်။ သူ့နှလုံးသားက ခုန်ပေါက်လာသဖြင့် ကျိယွီရှောင် တစ်စုံတစ်ခု ဖြစ်မည်ကို သူစိုးရိမ်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုသို့မဖြစ်ခဲ့ချေ။
“ဘယ်သူက မင်းကို လွမ်းလို့လဲ … ငါဒီတိုင်း မင်းဘာလုပ်နေလဲ သိချင်ရုံပါနော် …”
ကျိယွီရှောင် ခပ်ဖွဖွ ရယ်လိုက်သည်။ လင်းလော့ချင်းက သူ့ရယ်သံကို နားထောင်ရင်း ထိုသူသည် သူ့အား ရယ်နေခြင်း ဖြစ်ကြောင်း ခံစားလိုက်မိ၏။ သူအနည်းငယ် ရှက်သွားသည်။
“ဘာရယ်တာလဲ …”
“မင်းက ချစ်ဖို့ကောင်းလို့လေ …”
ကျိယွီရှောင် နွေးထွေးစွာ ဖြေလိုက်သည်။
လင်းလော့ချင်း “…”
လင်းလော့ချင်း စကားလွှဲလိုက်၏။ “မင်းဘာလုပ်နေတာလဲ …”
“ငါ စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးနေတာ ..” ကျိယွီရှောင်က တည်ငြိမ်စွာ ဖြေသည်။ “မင်းကရော .. ရိုက်ကူးရေး ပြီးသွားပြီလား …”
“အင်း …. ဒီနေ့ စောပြီးတာ …” ကျိယွီရှောင် အခြားလူတစ်ဦးနှင့် စကားပြောနေခြင်း ဖြစ်ကြောင်း သိရသဖြင့် လင်းလော့ချင်း ပိုရှက်သွားသည်။
“ဒါဖြင့် အလုပ်များနေမှာပဲ … ဖုန်းချလိုက်မယ်နော် … မင်းအားမှ ဖုန်းပြောကြမယ် …”
“အိုခေ …”
လင်းလော့ချင်း ဖုန်းချလိုက်သည်။ ထို့နောက် ဇာတ်ညွှန်းကို ဆက်ဖတ်နေ၏။၊ ရိုက်ကူးရေးပြီးချိန်တွင် သူက ကျိယွီရှောင်နှင့် ကလေးနှစ်ဦးကို မြန်မြန်ပြန်တွေ့နိုင်မှာ ဖြစ်သည်။
သူက ကျိယွီရှောင်အား ထိုကိစ္စနှင့် ပတ်သတ်၍ မပြောခဲ့ချေ။ သူက ကျိယွီရှောင်ကို အံ့အားသင့်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
လင်းလော့ချင်းက ကျိယွီရှောင် အံ့အားသင့်သွားမည်ကို တွေးရင်း ပြုံးလိုက်မိသည်။ သူက ရိုက်ကူးရေး မြန်မြန်ပြီးကာ အိမ်သို့ မနက်ဖြန်ပြန်နိုင်ရန် မျှော်လင့်နေ၏။
ဝေ့ကျွင်းဟယ်က အမြန်ရောက်လာခဲ့သည်။ သူက ဆေးဝန်ထမ်းများအား ထန်ကျားကျိကို လာရောက်ခေါ်ဆောင်စေခဲ့ပြီး သင့်လျော်စွာ ကုသပေးစေခဲ့၏။
ကျိယွီရှောင်က ညှင်သာစွာ ပြောလိုက်၏။
“သူ မနက်ဖြန်နိုးလာရင် ငါ့ကိုပြော …”
“ကောင်းပြီ …”
ဝေ့ကျွင်းဟယ်က သူ့အား ဓာတ်လှေကားအတွင်းသို့ တွန်းပေးလိုက်ပြီး ကားထံသို့ လျှောက်သွားလိုက်၏။ “ဒါဖြင့် ငါမင်းကို အခု မင်းအဖေအိမ် လိုက်ပို့ပေးရမှာလား …”
“အေး …”
ကျိယွီရှောင်က မတ်တပ်ထလိုက်ပြီး ကားတံခါးကို ဆွဲဖွင့်၍ ကားထဲဝင်လိုက်သည်။
ဝေ့ကျွင်းဟယ် “…”
“မင်း ဘယ်ကတည်းက ပြန်ကောင်းသွားတာလဲ …”
ကျိယွီရှောင် ရယ်လိုက်၏။ “အံ့ဩသွားလား …”
“ဒါပေါ့ဟ …. မင်း အရင်တုန်းကလို ပြန်ပြီး လမ်းလျှောက်နိုင်နေပြီလေ …”
ကျိယွီရှောင်က ဝေ့ကျွင်းဟယ် မျက်လုံးထဲမှ ပျော်ရွှင်မှုကို အသိအမှတ်ပြုလိုက်၏။
“ကျေးဇူး …”
သူအက်ဆီးဒန့်ဖြစ်ပြီး ပြန်နိုးလာစဉ်ကတည်းက သူ၏ သူငယ်ချင်းများသည် အလွန်ဂရုစိုက်ခဲ့ကြသည်။ အထူးသဖြင့် ဝေ့ကျွင်းဟယ်ပင်။ သူက ဆေးရုံသွားသည့်အခါတိုင်း အတူတူလိုက်ပေးလေ့ရှိသည်။ သူက ကျိယွီရှောင် ပြန်ကောင်းလာရန် အလွန်မျှော်လင့်နေခဲ့သူဖြစ်၏။
ကျိယွီရှောင် သူ့အား အလွန်ကျေးဇူးတင်မိသော်လည်း မထုတ်ဖော်ပြမိခဲ့ချေ။ ယခုမူ ထိုစကားလုံးများကို သူပြောခဲ့လေပြီ။
ဝေ့ကျွင်းဟယ် ခပ်ဖွဖွ ရယ်လိုက်၏။
“ဘာလို့အရမ်းယဉ်ကျေးနေတာလဲ …”
သူက ပြုံးလိုက်ရင်း ကျိယွီရှောင်၏ ဝှီးချဲလ်ကို ကားနောက်ခန်းတွင်းသို့ သွင်းလိုက်သည်။ ထို့နောက် ယာဉ်မောင်းသူ နေရာ၌ ဝင်ထိုင်လိုက်၏။
“လော့ချင်းရော မင်းပြန်ကောင်းလာတာ သိလား …”
“သူ မသိသေးဘူး … ငါသူ့ကို အံ့အားသင့်အောင် လုပ်မလို့လေ …”
ကျိယွီရှောင် ညှင်သာစွာဆို၏။ သူက တစ်စုံတစ်ခုအား တွေးနေဟန်ဖြင့် မျက်လုံးများ နူးညံ့သွားသည်။
“ဒီကိစ္စတွေအားလုံး ပြီးတာနဲ့ ငါသူ့ကို သွားတွေ့မှာ … အဲဒီ့အခါကျရင် ငါသူ့ကို ရပ်စောင့်နေလို့ ရပြီ …”
“ကောင်းပြီ …” ဝေ့ကျွင်းဟယ်က အပြုံးဖြင့်ဆို၏။ “ငါပြန်ရောက်တာနဲ့ ကျွမ်းရွယ်နဲ့ တခြားလူတွေကို ပြောလိုက်မယ် … သူတို့ ဝမ်းသာကြမှာပဲ …”
“အလျင်မလိုပါနဲ့ …” ကျိယွီရှောင်က ပြော၏။ “ဒီကိစ္စအားလုံး ပြီးသွားတဲ့အထိ စောင့်ကြတာပေါ့ …”
“ကောင်းပြီလေ … ဒါဖြင့် ငါမင်းအတွက် လျှို့ဝှက်ထားပေးမယ် …”
“ကောင်းတယ် …”
နာရီဝက်အကြာ၌ သူတို့ ပါပါးကျိအိမ်သို့ ရောက်သွားကြသည်။
ဝေ့ကျွင်းဟယ် ကားကိုရပ်ကာ စိုးရိမ်ဟန်ဖြင့် ပြောလိုက်၏။
“ငါမင်းနဲ့ လိုက်ခဲ့ရမလား …”
“မလိုဘူး …” ကျိယွီရှောင် ငြင်းလိုက်သည်။ “ဒီမှာပဲစောင့်နေပါ …”
သူက ဝှီးချဲလ်ကို ထုတ်ကာ ၎င်းအပေါ်တွင် ထိုင်လိုက်၏။
ဝေ့ကျွင်းဟယ် သူ့အား စိုးရိမ်လာသည်။
“တစ်ခုခုဆို ခေါ်လိုက်နော် …”
“အိုခေ …” ကျိယွီရှောင် သဘောတူလိုက်၏။
ပါပါးကျိက ဧည့်ခန်းအတွင်းတွင် တီဗီကြည့်နေသည်။ သူက လှုပ်ရှာသံကြားသဖြင့် လှည့်ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်အား တွေ့လိုက်ရ၏။
“မင်းဘာလို့ ဒီမှာရောက်နေတာလဲ …”
“ခင်ဗျားနဲ့ ပြောစရာရှိလို့ …”
ပါပါးကျိက တီဗွီကို ပိတ်လိုက်၏။ ထို့နောက် စာကြည့်ခန်းအတွင်း သွားရန်အတွက် လှေကားထံဦးတည်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်အထိ ကျိယွီရှောင် လိုက်မလာခဲ့။ သူက ပြန်လှည့်ကြည့်လိုက်ချိန်တွင် ဝှီးချဲလ်ပေါ်မှ သူ့အား တိတ်ဆိတ်စွာ ကြည့်နေသည့် ကျိယွီရှောင်ကို တွေ့လိုက်ရသည်။
ထိုအခါမှသာ ကျိယွီရှောင်၏ ခြေထောက်များ မသန်စွမ်းဖြစ်နေခြင်းနှင့် သူ လှေကားပေါ် တက်ရန်မဖြစ်နိုင်ကြောင်း ပါပါးကျိ သတိရသွား၏။
“ဧည့်ခန်းမှာပဲ ပြောကြတာပေါ့ …”
ပါပါးကျိက လှေကားမှ ပြန်ဆင်းလာ၏။
ကျိယွီရှောင်က လှေကားများကို ကြည့်နေရင်း ရုတ်တရက်ပြောလိုက်သည်။
“ကျွန်တော် ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ …”
ပါပါးကျိက ရပ်သွားကာ သူ့ကို ပြန်လှည့်ကြည့်လိုက်၏။
ကျိယွီရှောင် ခေါင်းလှည့်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ ကျိယွီရှောင်၏ မျက်ဝန်းများက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။
“တစ်နှစ်တောင် ရှိတော့မယ် … ဒီနေရာကတော့ တစ်ခုမှ မပြောင်းလဲဘူးပဲ …”
“အရင်ကလည်း ဓာတ်လှေကားမရှိခဲ့သလို အခုလည်းမရှိနေဘူး … နောက်ပိုင်းလည်း ရှိလာဖို့ လိုအပ်တော့မှာ မဟုတ်ဘူး …”
ပါပါးကျိသည် သူ ထိုကိစ္စအား ရုတ်တရက် ထုတ်ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ကားအက်စီးဒန့် ဖြစ်ခဲ့ချိန်က သူသည် ကျိယွီရှောင် သာမန်လူများနှင့် ကွဲပြားသွားပြီဖြစ်ကြောင်း သတိမပြုမိခဲ့။ ထို့ကြောင့် သူက ဓာတ်လှေကားမတပ်ခဲ့ချေ။ နောက်ပိုင်းတွင် သူထိုအရာအား သတိပြုခဲ့မိသော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကြောင့် ဓာတ်လှေကားမတပ်ပေးဖြစ်ခဲ့။
ကျိယွီရှောင်အပေါ် သူ၏ ခံစားချက်များမှာ ရှုပ်ထွေးလှသည်။ တစ်ဖက်တွင် သူက ကျိယွီရှောင်အား ချစ်ခင်ပြီး သားအဖြစ် အသိအမှတ်ပြုသည်။ ကျိယွီရှောင်က ကောင်းမွန်စွာ ကြီးပြင်းလာပြီး အလွန်ထူးချွန်လှ၏။ အခြားတစ်ဖက်တွင်မူ သူက ကျိယွီရှောင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး သူ မကြည်ဖြူသည့် လက်ထပ်ပွဲအား ပြုလုပ်ခဲ့ခြင်းအပေါ် မုန်းတီးလေသည်။
တစ်ချိန်ထဲမှာပင် ကျိယွီလင်းသည် ကျိယွီရှောင်အား ကျိလဲ့ယွီ၏ အုပ်ထိန်းခွင့်ပေးခဲ့ခြင်းကိုလည်း မနာလိုဖြစ်နေခဲ့သည်။ ကျိယွီလင်း၏ သေတမ်းစာကြောင့် မဟုတ်ပါက အနည်းဆုံး အုပ်ထိန်းခွင့်တစ်ဝက်သည် သူနှင့် သက်ဆိုင်နေမည်ဖြစ်ပြီး ကျိယွီရှောင်၌ သူ့ထက်ပိုများသည့် ရှယ်ယာများ ရှိနေမည်ကို စိုးရိမ်စရာမလိုချေ။
ကျိယွီလင်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျိယွီရှောင်သာ ဆန္ဒရှိပါက ပါးပါးကျိသည်လည်း ရှယ်ယာ တစ်ဝက်ရနိုင်၏။ သို့သော် ကျိယွီရှောင်က ထိုသို့မပေးခဲ့သဖြင့် ပါပါးကျိ သူ့အပေါ် ပို၍ မကျေမနပ်ဖြစ်လာခဲ့သည်။
ယခုမူ ကျိယွီရှောင်က ဓာတ်လှေကားအကြောင်း ထုတ်ပြောလာသဖြင့် ပါပါးကျိနှလုံးသားတွင်းရှိ သားအဖ ဆက်နွယ်မှုက လှုပ်ရှားလာခဲ့၏။ သူက လျစ်လျူရှုခဲ့မိခြင်း ဖြစ်သည်။ ကျိယွီရှောင်သည် အချိန်အကြာကြီး မသန်စွမ်း ဖြစ်နေခဲ့သည်။ သူ အိမ်ကို လာသည့်အချိန်တိုင်း လင်းလော့ချင်းကသာ သူ့အား လှေကားပေါ် သယ်ပေးခဲ့ရသည်။ ကျိယွီရှောင်က သန်မာသော လူတစ်ဦးဖြစ်သော်ငြား ထိုသို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။
သူ အိမ်သို့လာရန် တွန့်ဆုတ်ခဲ့သည်မှာ အံ့ဩစရာမရှိတော့။
“မင်းလိုချင်ရင် ငါမနက်ဖြန် တစ်ယောက်ယောက်ကို တပ်ခိုင်းလိုက်မယ်လေ …” ပါပါးကျိ သူ့အား နှစ်သိမ့်လိုက်သည်။
ကျိယွီရှောင် ခေါင်းယမ်းလိုက်၏။ “မလိုတော့ပါဘူး …”
ပါပါးကျိက နားမလည်ချေ။
“ဘာလို့မလိုရမှာလဲ … မင်းနောက်ပိုင်း ဒီကို မလာတော့ဘူးလား …”
ကျိယွီရှောင် ပြုံးလိုက်၏။
“အဖေ … ကျွန်တော့်မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ် … ဘာကို အရင်ကြားချင်လဲ …”
ပါပါးကျိ ဇဝေဇဝါဖြစ်သွားသည်။ သူက သားဖြစ်သူအား ကြည့်လိုက်၏။
“သတင်းကောင်းကဘာလဲ …”
“ကျွန်တော် ကျွန်တော့်အစ်ကိုကို သတ်ခဲ့တဲ့ လူသတ်သမားအစစ်ကို တွေ့ခဲ့ပြီ …” ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါ့အပြင် ကျွန်တော့်အစ်ကို အတွက်လည်း လက်စားချေနိုင်ခဲ့ပြီ …”
ပါပါးကျိ ရှော့ခ်ရသွားသည်။ သူက ကျိယွီရှောင်အား အထိတ်တလန့် ကြည့်လိုက်၏။
ကျိယွီရှောင်က ညှင်သာစွာ ပြောလိုက်သည်။
“သတင်းဆိုးကိုရော သိချင်လား …”
ပါပါးကျိက တည်ငြိမ်အောင် ထိန်းလိုက်ရင်း မေးလိုက်၏။
“ဘာလဲ …”
“နှမြောစရာက … လူသတ်သမားက အဖေ့ရဲ့ တရားမဝင်သား ထန်ကျားကျိ ဖြစ်နေခဲ့တာပဲ …”
ပါပါးကျိ မသိစိတ်ဖြင့် လက်သီးဆုပ်လိုက်ရင်း မယုံနိုင်ဟန် ကြည့်လိုက်၏။
သူ … ဘယ်လိုသိသွားတာလဲ …
သူ ဘယ်လိုများ ရှာတွေ့သွားတာလဲ …
ပါပါးကျိက တည်ငြိမ်ယောင် ဆောင်လိုက်သည်။ သူက နားမလည်သည့်ပုံစံဖြင့် မေးလိုက်၏။
“ရှောင်ရှောင် … မင်းဘာတွေပြောနေတာလဲ … အဖေ့မှာ တရားမဝင်သားမရှိပါဘူး … ထန်ကျားကျိက မင်းရဲ့ တတိယဦးလေး အလုပ်သွင်းပေးထားတဲ့ လူမဟုတ်လား …”
ကျိယွီရှောင်က ကြောင်သူတော်ဖခင်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်၏။
“အဖေ … ခုထိ ဟန်ဆောင်ချင်တုန်းလား …”
သူက ပျင်းလာသည်။
“သက်သေ အတိအကျမရှိရင် ကျွန်တော် အဖေ့ဆီ ဒီလိုလာပြောပါ့မလား …”
ပါပါးကျိ ခေါင်းယမ်းလိုက်၏။
“ရှောင်ရှောင် … အဖေတော့ မင်းဘာပြောချင်မှန်း နားမလည်တော့ဘူး …”
“ဒါဖြင့် အဖေပိုပြီး စိတ်ရှုပ်သွားမယ့် တစ်ခုခုကို ပြောပြမယ် …”
ကျိယွီရှောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ထန်ကျားကျိ ဒဏ်ရာရသွားလို့ ဆေးရုံရောက်နေတယ် … သူ့အတွက် လူနာတင်ကား ခေါ်ပေးလိုက်တာ ကျွန်တော်ကိုယ်တိုင်ပဲ … အဖေ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး … မနက်ဖြန် အဖေ့တရားမဝင်သား နိုးလာတဲ့အခါကျရင် ရဲတွေက သူ့ကိုလာခေါ်တော့မှာ … ပြစ်မှုက ကုမ္မဏီရဲ့ ရန်ပုံငွေကို အလွဲသုံးစားလုပ်လို့လေ … အဖေ့ရဲ့ တရားမဝင်သား ထန်ကျားကျိက အောင်းယွီနဲ့ ပူးပေါင်းမှုကနေ သန်း၇၀ ယူသုံးထားတယ် …”
“အဖေ ဘာတွေးနေမှန်း ကျွန်တော်သိတယ် … သန်း ၇၀ ဆိုတာက ပါးပါးလေးပဲ မဟုတ်လား … သူ့ကို ပိုက်ဆံပေးပြီး ထောင်ကထုတ်ပေးဖို့ တွေးနေတာ မဟုတ်လား … ဒါပေမယ့် အဲဒါက ဖြစ်လာမှာ မဟုတ်ဘူး … ကျွန်တော် ဒီကိုလာတာက အဖေ သူ့ကို ပိုက်ဆံထုတ်ပေးလိုက်ရင် ထန်ကျားကျိ ကံဆိုးသွားမယ်လို့ သတိပေးတာပဲ …”
“အဖေ အသက်ရှင်နေတုန်းတော့ သူ့ကို ကာကွယ်နိုင်မှာပါ … ဒါပေမယ့် အဖေက ဒီအသက်အရွယ်ပဲ ရောက်နေပြီလေ … သူ့ထက် ပိုပြီး အများကြီးအသက်ကြီးတယ် မဟုတ်လား … အဖေ သူ့ကို ဒီတစ်ခါ ကူညီလိုက်ရင် အဖေ သေသွားတဲ့အခါ တစ်ခါထဲ ခေါ်သွားဖို့ သတိရပေါ့ … အဖေ သေတာနဲ့ ကျွန်တော် သူ့ကို ထပ်ပြီး နှိပ်စက်မှာ … သူ့ကို မျှော်လင့်ချက်ပေးပြီးမှ မတရားခံရသလို ခံစားရအောင် လုပ်မှာ …”
“အခုတော့ သူ့လက်ချောင်းတွေကို တစ်ချောင်းပြီး တစ်ချောင်း ချိုးမယ် … ပြီးရင် သူ့ခြေထောက်တွေကို ဖျက်ဆီးပစ်မယ် … ပြီးရင် သူ့ကို ဆေးကုပေးမယ် … ပြီးမှတစ်ခုချင်း ပြန်ချိုးပစ်မယ် … ကျွန်တော် သူ့ကို ထောင်ထဲမှာပဲ ထားမှာ …”
“ဒါပေါ့ … လွန်လွန်ကျူးကျူးတော့ ဘယ်လုပ်ပါ့မလဲ … ကျွန်တော်က ဒီဖြစ်စဉ်တစ်ခုလုံးကို ပြန်စရမှာပေါ့ … သူ့ကို ထောင်ထဲမှာ နှစ်နည်းနည်းလောက် ထားမယ် … ပြီးရင် ထွက်ခွင့်ပေးမယ် … ပြီးရင် ထောင်ထဲ ပြန်ထည့်မယ် … အဖေ အဖေ့သားကို သိပါတယ် … ထန်ကျားကျိ အကျင့်အတိုင်းဆို သူ့ကို ထောင်ချဖို့က မခက်ပါဘူး … ဟုတ်တယ် မလား …”
“အဖေ လောင်းချင်လား … ကျွန်တော် ဘယ်လိုလူစားမျိုးလဲ ဆိုတာလေ … ဘာပဲဖြစ်ဖြစ် သူသေသွားတာနဲ့ ကျွန်တော် အဖေ့ဆီ သူ့ပြာတွေ ယူလာခဲ့ပေးမှာပါ … အဖေ့ အုတ်ဂူရှေ့မှာပဲ အဲဒီ့ပြာတွေကို ခွေးကျွေးပြမယ်လေ …”
“ရလဒ်က လက်ခံချင်စရာပဲ မဟုတ်လား … ကျွန်တော် သူ့ကို အဲဒီ့လို ဆက်ဆံရင် အဖေတစ်ယောက်အနေနဲ့ ကျေနပ်မယ် မဟုတ်လား …”
ပါပါးကျိက ဘာမှမပြောနိုင်ပဲ ကြောင်အနေ၏။
သူက ကျိယွီရှောင်သည် ကျိယွီလင်းနှင့် မတူပဲ အငြိုးကြီးတတ်ကြောင်း ကောင်းစွာသိ၏။ သူသည် ကလေးဘဝကတည်းက ပြဿနာရှာတတ်သည်။ ပါပါးကျိက ကျိယွီရှောင် သူ့အား ထိုသို့သော လေသံမျိုးဖြင့် ပြောလာလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့။
သူက ဘယ်သူလဲ …
သူ့ကို ခြိမ်းခြောက်နေတာလား …
ထန်ကျားကျိ လက်ကျန်ဘဝနဲ့ သူ့ကို ခြိမ်းခြောက်နေတာပဲ …
“အဖေ သူ့ကို ဒီတစ်ကြိမ် ကူညီပေးလို့ရပါတယ် …”
ကျိယွီရှောင်၏ အသံမှာ ပုံမှန်သာဖြစ်ပြီး ဒေါသတစ်စုံတစ်ရာပင် မပါရှိချေ။ သို့သော် သူ၏ ထိုအမူအရာက သူ ထန်ကျားကျိကို လွှတ်ပေးမည် မဟုတ်ကြောင်း ပါပါးကျိ ပို၍ ရှင်းလင်းစွာ နားလည်သွားစေသည်။ ကျိယွီရှောင်၏ စိတ်ထဲတွင် ထန်ကျားကျိသည် သေလူသာ ဖြစ်သည်။
“ဒါပေမယ့် အဖေ ကျွန်တော့ကို သတ်လိုက်မှ ရမယ် … မဟုတ်ရင် နောက်တစ်ကြိမ်ဆိုတာ ရှိလာဦးမှာပဲ … သူက နောက်ထပ် ပြစ်မှုတစ်ခု ထပ်တိုးလာပြီး ထောင်ထပ်ကျဦးမှာပဲ … ကျွန်တော် သူ့ကို ကျွန်တော့်အစ်ကိုရဲ့ အသက်အတွက် ပြန်ပေးဆပ်ခိုင်းမှာ … ကျွန်တော် သေရမယ်ဆိုရင်တောင် သူလည်း အတူတူလိုက်သေရမယ် … မဟုတ်ရင် ကျွန်တော် ငရဲကပြန်တက်လာပြီး သူ့ကိုလာသတ်မှာ …”
“ယွီရှောင် …” ပါပါးကျိ သူ့အမည်ကို ခေါ်လိုက်မိသည်။
ကျိယွီရှောင် ခေါင်းငဲ့ကာ တည်ငြိမ်စွာ ဖြေလိုက်၏။
“အဖေ သူ့ကို ဒီတစ်ခါ ကူညီပေးတာနဲ့ ကျွန်တော် ဒီမိသားစုထဲက လူအားလုံးကို ထန်ကျားကျိအကြောင်း ပြောပြလိုက်မယ် … အဖေ ကျွန်တော့်ရဲ့ တတိယနဲ့ ဒုတိယဦးလေးအပြင် ကျိမူကိုပါ ဒိုင်းအနေနဲ့ သုံးခဲ့ကြောင်း အားလုံးကို ပြောလိုက်မယ်လေ … အဖေ့ရဲ့ ညီလေးတွေ ဒါကိုသိသွားရင် ဘယ်လိုတုံ့ပြန်လောက်လဲ … အထူးသဖြင့် တတိယဦးလေးက အဖေ့ကို သူ့ရဲ့ အစ်ကိုကြီးအဖြစ် တွေးပါဦးမလား …””
“ကျိယွီရှောင် … မင်းက ငါ့ကို ခြိမ်းခြောက်နေတာပဲ …”
“ဘာဖြစ်လဲ ..” ကျိယွီရှောင် မေးကိုချီလျှက် ပြောလိုက်၏။
“ကျွန်တော် ဒီကိုလာတာက ထန်ကျားကျိ ထောင်ထဲမဝင်ရရင် အဖေ့လျှို့ဝှက်ချက် ပေါ်သွားမယ်ဆိုတာ သတိလာပေးရုံပဲ … အဖေ့ရဲ့ အသုံးမဝင်တဲ့ အတွေးတွေကို လွှင့်ပစ်လိုက်စမ်းပါ … အဖေ တခြားလူတွေကတစ်ဆင့် ပိုက်ဆံကြိတ်ပေးနိုင်မယ်လို့ စဉ်းတောင်မစဉ်းစားနဲ့ … သူဒီတစ်ခါထောင်မကျဘူးဆိုရင် ကျွန်တော် အဖေ့ကိုပဲ စွပ်စွဲမှာ … အဖေ့ကိုရော ထန်ကျားကျိကိုရော ကျွန်တော် လွှတ်ပေးမှာ မဟုတ်ဘူး …”
“အဖေ ထန်ကျားကျိအတွက် တစ်ခါရှင်းလင်းပေးခဲ့ပြီးပြီ … နောက်တစ်ခါ ထပ်လုပ်ရင် ကျွန်တော့်ကို ကျေးဇူးကန်းတဲ့သားအဖြစ် အပြစ်မတင်ပါနဲ့ ...”
ပါပါးကျိက တစ်ဖက်လူမျက်ဝန်းထဲရှိ ပြတ်သားမှုကို တွေ့လိုက်ရသည်။
သူက ကျိယွီရှောင် ထိုသို့ သေချာပေါက်လုပ်မည်မှန်း သိ၏။ ကျိယွီလင်းသည် သူဂရုအစိုက်ဆုံးသော အစ်ကိုကြီးဖြစ်သည်။ သူက ကျိယွီလင်အပေါ်တွင် မှီခိုရင်း ကြီးပြင်းလာခြင်း ဖြစ်၏။ ဖခင်ထက်ပင် သူ၏ အစ်ကိုအား ပိုမိုတွယ်တာလေသည်။
“အခုကျွန်တော့်ကို သတ်လိုက်လည်း ပြဿနာမရှိဘူး …” ကျိယွီရှောင် ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “ကျွန်တော်သေသွားရင် ထန်ကျားကျိ ပိုပြီးတော့တောင် အန္တရာယ်ရှိလာလိမ့်မယ် …”
ပါပါးကျိ မယုံနိုင် ဖြစ်သွားခဲ့သည်။
“ငါမင်းကိုသတ်မယ်လို့ မင်းထင်နေတာလား … ယွီရှောင် … မင်းငါ့ကို ဒီလိုမြင်တယ်ပေါ့ …”
သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါမလုပ်သင့်တာ တစ်ခုခု လုပ်ခဲ့မိတယ် ဆိုရင်တောင် ငါ့ကလေးတွေကို ကယ်တင်ချင်ခဲ့ရုံပဲ … ငါ့မှာ သားသုံးယောက်ပဲရှိတာ … ငါဘယ်သူ့ကိုမှ အဆုံးရှုံးမခံချင်ခဲ့ဘူး …”
ကျိယွီရှောင်၏ မျက်ဝန်းများက ပြတ်သားလှ၏။
“သနားစရာပဲ … အဖေ နောက်ထပ်သားတစ်ယောက် ထပ်ဆုံးရှုံးဦးမှာ …”
“ယွီရှောင် … သူကမင်းညီလေးလေ … မင်းဘာလို့ …”
“ကျွန်တော့်မှာ ဘာညီမှမရှိပါဘူး …”
သူထိုစကားကို မည်ကဲ့သို့ ပြောထွက်မှန်း ကျိယွီရှောင် နားမလည်နိုင်ခဲ့။
“ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ပဲရှိတယ် … သူသတ်လိုက်တဲ့အစ်ကိုကြီးလေ ..ကျိကျန်းဟုန် … သူက ကျွန်တော့်အစ်ကိုကို သတ်ခဲ့တယ် … အခုသူသေရမယ် … ကျွန်တော် စကားကုန်ပြောခဲ့ပြီးပြီ… သေချာစဉ်းစားပြီး နောင်တရစရာဘာမှမလုပ်ဖို့ အကြံပေးချင်တယ် …”
သူက စကားဆုံးသည်နှင့် ဝှီးချဲလ်ကိုလှည့်ကာ တံခါးထံဦးတည်လိုက်သည်။
xxxxxxx