အပိုင်း ၂၅၅
Viewers 87k

Chapter 255




ထန်ကျားကျိ ထိတ်လန့်သွား၏။ သူက မျက်စိရှေ့ရှိလူကို ကြည့်လိုက်သည်။ သူ့ဖခင် အားလုံးသိရှိသွားမည်ကို မျှော်လင့်မထားခဲ့ပုံပင်။ 


မည်သို့ပင်ဖြစ်စေ သူ၏ဖခင်က သူ့ကိုကူညီခဲ့သည်။ ဒါဆို သူ့အဖေက သူ့ကို ဂရုစိုက်သေးတာပဲ မဟုတ်လား … 


သူက သားတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။ သားနှစ်ဦးအနက် တစ်ဦးသာ ကျန်ရှိတော့ချိန်၌ ထန်ကျားကျိအပေါ် လက်လျှော့မည် မဟုတ်ပေ။


ကျိယွီရှောင်သာ ဤနေရာ၌ ရှိနေပါက သူထိုကုမ္မဏီ၏ ရှယ်ယာတစ်ခုကိုပင် ပိုင်ဆိုင်နိုင်မည်မဟုတ်။ ဒါဖြင့် သူက ဘာလို့ လောင်းကြေးမထပ်ရမှာလဲ . 


ကျိယွီရှောင်သာ မသေရင် သူ့မှာ ဘာအခွင့်အရေးမှ ရှိလာမှာမဟုတ်ဘူး … ကျိယွီရှောင် သေသွားတာနဲ့ သူ့အတွက် အခွင့်အရေးရလာမှာ … 


ထျန်ကျားကျိ မျက်လွှာချကာ သနားစရာပြုမူလိုက်သည်။ “ကျွန်တော်က အဖေနဲ့ အတူရှိချင်တာပါ … ကျိယွီလင်နဲ့ ကျိယွီရှောင်မှာ အဖေရှိပြီး ကျွန်တော်ပဲ မရှိတာလေ …. သူတို့က တစ်ယောက်နဲ့တစ်ယောက် မှီခိုနိုင်ပေမယ့် ကျွန်တော့်မှာတော့ အမေဆုံးသွားကတည်းက အဖေပဲ ရှိတော့တာ …”


ကျိကျန်းဟုန် သက်ပြင်းချလိုက်၏။ သူက ထျန်ကျားကျိ မျက်ဝန်းထဲရှိ ဝမ်းနည်းမှုကြောင့် သူ့ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ “ငါ့စကားကို နားထောင် … အရင်သွားနှင့်တော့ … မင်းက ငယ်သေးတယ် …အနာဂတ်အတွက် စဉ်းစားပါ …"


“ဟုတ်ကဲ့ …” ထျန်ကျားကျိ နာခံလိုက်သည်။ 


ကျိကျန်းဟုန်က ထန်ကျားကျိ သဘောတူကြောင်း သိရပြီးနောက် ရုံးခန်းမှ ထွက်လာခဲ့၏။ 


သူက သူ၏ရုံးခန်းသို့ ပြန်သွားရန် အလျင်မလိုခဲ့ပဲ ကျိယွီရှောင်ကို ရှာလိုက်သည်။ သူက ကျိယွီရှောင်အား မေးစရာ ရှိနေ၏။ 


ကျိယွီရှောင်က ဖုန်းကို ကြည့်နေသည်။ သူ့ဖခင်အား တွေ့လိုက်သည့်အခါ သူကမေးလိုက်၏။ “ဘာဖြစ်လို့လဲ …”


“မင်းဘာလို့ ကုမ္မဏီကို ရောက်မလာခဲ့တာလဲ …” ကျိကျန်းဟုန် နားမလည်နိုင်ခဲ့။ “မင်းငါ့ကို ဘာလို့အရင်က ဘာမှမပြောခဲ့တာလဲ …” 


“ဘာမှမဟုတ်ပါဘူး … ဒီအတိုင်းတွေးမိသွားရုံပါ …”


ပါပါးကျိက မယုံခဲ့။ “မင်းမှာ ငါ့ကိုတောင် မပြောနိုင်တဲ့ အကြောင်းရင်း ရှိနေတာလား …”


ကျိယွီရှောင် ဖုန်းကိုမြှောက်ပြလိုက်သည်။ “ကျွန်တော် ဇနီးနဲ့ စကားပြောနေတယ် …”


ပါပါးကျိ ဒေါသက ရုတ်ချည်း မြင့်တက်လာသည်။ “မင်းက ကျိမူကို အထွေထွေမန်နေဂျာကနေ မောင်းထုတ်ပြီး မင်းအစ်ကိုရဲ့ အလုပ်ကို ယူလိုက်တယ်ဆိုတော့ မင်း အခုကစပြီး အလုပ်ကြိုးစားသင့်တယ် …အချစ်အကြောင်းပဲ တွေးနေတာ ရပ်တော့ …” 


“အိုး …” ကျိယွီရှောင်က ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်သည်။ 


ပါပါးကျိက တစ်စုံတစ်ခု ပြောချင်ခဲ့၏။ သို့သော် အသုံးမဝင်မှန်း သိသဖြင့် ဘာမှမပြောတော့ချေ။ 


ကျိယွီရှောင်က သူပြောသမျှ နားထောင်မည်မဟုတ်သလို ဂရုလည်းစိုက်မည်မဟုတ်။ သူ့ခြေထောက် ဒဏ်ရာရကတည်းက သူပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးက လွယ်လွယ်နှင့် အခြေအတင် ဖြစ်လာတတ်ကြပြီး တစ်ဦးနှင့်တစ်ဦး ပို၍ အမြင်မကြည်ဖြစ်ခဲ့ကြသည်။ 


သူတို့က အရင်းနှီးဆုံးလူများ ဖြစ်ခဲ့ကြသော်လည်း ယခုမူ ဝေးကွာသွားခဲ့ကြပြီဖြစ်၏။ 


ယခုဆိုပါက အဖေနှင့်သားသည် တစ်နေရာထဲတွင် ရှိနေသော်ငြား တစ်ဖက်လူ၏ အတွေးကို ပါပါးကျိ မပြောနိုင်ချေ။ 


ပါပါးကျိက ဒေါသထွက်လာသော်လည်း ထပ်မံမငြင်းခုန်လိုတော့။ “မင်းအနေနဲ့ ကျိအုပ်စုနဲ့ ပတ်သတ်ပြီး တာဝန်သိတတ်မှု ရှိမယ်လို့ ငါမျှော်လင့်တယ် … ကုမ္မဏီက မင်းအပေါ် မူတည်သွားပြီ … မင်း အရင်တုန်းကအတိုင်းနေနိုင်တယ် …” 


ကျိယွီရှောင်က ပြုံးကာ လှောင်လိုက်သည်။ 


သူက ပြော၏။ “အိုး …”


ပါပါးကျိက တစ်ဖက်လူ သူ့အား စကားပြောချင်စိတ် မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အလျင်မလိုတော့ပဲ ကျိယွီရှောင်၏ ရုံးခန်းမှ ထွက်လာခဲ့၏။ 


ကျိယွီရှောင်က သူ့နောက်ကျောကို စိုက်ကြည့်လိုက်မိသည်။ 


နေ့လည်တွင် ထန်ကျားကျိက သူ၏ ပစ္စည်းများကို သိမ်းဆည်းနေ၏။ သူက အထွေထွေမန်နေဂျာ ဖြစ်ခဲ့ရသည့် တိုတောင်းလှသော ကာလအကြောင်း တွေးနေမိသည်။ 


သူက ဖြည်းဖြည်းချင်း ရှင်းလင်းနေခဲ့သည်။ သူထွက်မသွားချင်ပေ။ သူက စားပွဲတွင် ထိုင်ချရင်း ကျိယွီရှောင် နောင်တရအောင် လုပ်မည်ဟု ကျိန်ဆိုလိုက်၏။ 


ကျိကျန်းဟုန်က နေ့လည်တွင် အလုပ်ဆင်းသွားကာ ထန်ကျားကျိ အလုပ်ထွက်ရန် အသင့်ဖြစ်မဖြစ် စစ်ဆေးလိုက်သည်။ ထို့နောက် သူက စိတ်သက်သာရာရသွား၏။ 


ကျိယွီရှောင်က ထွက်မသွားခဲ့။ သူက အားလုံး ကုမ္မဏီမှ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေခဲ့သည်။ 


ရှောင်လီက ထန်ကျားကျိနှင့် ကျိကျန်းဟုန်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း မနေ့ညက ထားခဲ့သည့် အသံသွင်းစက်များကို သိမ်းဆည်းလိုက်၏။ 


ကျိယွီရှောင်က အသံဖိုင်များကို နားမထောင်ခဲ့ဘဲ သူက လက်ထဲမှဓားကိုသာ ဖြည်းဖြည်းချင်း သုတ်နေပြီး ထိုအသံဖိုင်များအပေါ် မျှော်လင့်ချက်မထားချေ။ 


အရေးကြီး အကြောင်းအရာအချို့အား အသံဖမ်းခဲ့ပါက ကောင်းမွန်၏။ 


သို့သော် မဖမ်းမိခဲ့လျှင်လည်း ပြဿနာမရှိချေ။ 


သူက မည်သည့်ဖြစ်နိုင်ချေကိုမှ လွှတ်ပေးလိုစိတ်မရှိ။ သူ ရုတ်တရက် ရောက်လာကာ ထန်ကျားကျိအား အလုပ်ထုတ်လိုက်ပါက ထန်ကျားကျိ မကျေမနပ်ဖြစ်မည်မှန်း သူသိသည်။ သူက မပြောသင့်သည့် တစ်စုံတစ်ခုကိုပင် ပြောခဲ့မိနိုင်၏။


ထို့ကြောင့် သူက သူတို့ရုံးခန်းများတွင် အသံသွင်းစက်များ လျှို့ဝှက်တပ်ဆင်ရန် တစ်စုံတစ်ဦးကို စေခိုင်းခဲ့ခြင်း ဖြစ်သည်။ 


ထန်ကျားကျိ ဘာမှမပြောခဲ့လျှင်လည်း ကိစ္စမရှိချေ။ 


ကျိယွီရှောင်က ထက်မြသည့် ငွေဓားမြှောင်ကို ကြည့်လိုက်သည်။ ငွေရောင်လင်းက သွေးသောက်လိုသည့်အလား တောက်ပလျှက်ရှိ၏။ 


အပြုံးတစ်ခုက ကျိယွီရှောင် မျက်နှာထက် ပေါ်ပေါက်လာ၏။ 


ထန်ကျားကျိ အိမ်ပြန်ရောက်ချိန်တွင် ဖုန်းမြည်သံကို ကြားလိုက်ရဿည်။ သူက ဖုန်းကိုကြည့်လိုက်ချိန်၌ မရင်းနှီးသော နံပါတ်တစ်ခုအား တွေ့လိုက်ရ၏။ 


“ဟဲလို …” ထန်ကျားကျိ စိတ်မပါလက်မပါ ထူးလိုက်သည်။ 


“ငါပါ … ကျိယွီရှောင် …”


ထန်ကျားကျိ အံ့အားသင့်သွားသည်။ “မင်းငါ့ကို ရှာနေတာလား … ဘာဖြစ်လို့လဲ …”


“မင်းနဲ့အတည်ပြုချင်တာလေး ရှိလို့ပါ … ကုမ္မဏီကို ပြန်လာခဲ့လို့ ရမလား …”


“အထွေထွေမန်နေဂျာကျိ … ကျွန်တော့်ကို ခင်ဗျားကိုယ်တိုင် အလုပ်ထုတ်လိုက်မှန်း မေ့သွားတာလား … ကျွန်တော် ဘယ်လိုလုပ်ပြီး ကုမ္မဏီကို လာရဲပါ့မလဲ …” 


ကျိယွီရှောင် ရယ်လိုက်သည်။ “မလာဘူးပေါ့ …” 


သူက ထန်ကျားကျိကဲ့သို့ လူမျိုးအား မည်သို့ရန်စရမည်ဖြစ်ကြောင်း နားလည်သည်။ “မင်းက ငါ့တတိယဦးလေးရဲ့ မျက်လုံးထဲ ဝင်သွားတဲ့ပုံပဲ … မင်းမှာ ဒီအစွမ်းအစမျိုး ရှိနေပေမယ့် ဘာမှမလုပ်ရဲတာတော့ နှမြောစရာပဲ … ငါ့အချိန်တွေဖြုန်းလိုက်မိပြီ …” 


ထိုအချိန်မှာပင် ထန်ကျားကျိက ကျိယွီလင်း သူ့အား မောင်းထုတ်ခဲ့ချိန်ကို သတိရသွား၏။ ကျိယွီလင်း၏ မျက်လုံးများတွင် ခံစားချက် ကင်းမဲ့နေပြီး ထန်ကျားကျိအား အမှိုက်တစ်စကဲ့သို့ ကြည့်နေခဲ့သည်။ 


ယခု သူ့ညီက တူညီသည့်အလုပ်ကို ပြုလုပ်ခဲ့ပြန်၏။ 


ထန်ကျားကျိ လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ့နှလုံးသားတွင်းရှိ အမုန်းများက ပို၍ ကြီးမားလာ၏။ 


“ကောင်းပြီ … ငါလာခဲ့မယ် …” 


ထန်ကျားကျိ ကားထံ ပြန်သွားလိုက်သည်။ 


သူက သစ်သီးလှီးဓားကို ပြန်သိမ်းကာ ကားသော့ကို ယူ၍ ထွက်လာခဲ့၏။


အချိန်က အချိန်ကောင်းမဟုတ်ချေ။ ကျိယွီရှောင်က ကျိမူကို ရာထူးချကာ သူ့အား အလုပ်ထုတ်ခဲ့၏။ သူသာ ယခုအချိန် သေသွားပါက ထန်ကျားကျိနှင့် ကျိမူအား သံသယအဝင်ခံရလိမ့်မည်။ ကျိကန်းဟုန်က သူ့အား သေချာပေါက် ကူညီမှာဖြစ်သလို ကျိမူကိုလည်း ကျိကျန်းယန်က ကူညီမှာဖြစ်၏။ ထို့သို့ဆိုပါက သူသည် သံသယအဝင်သင့်ဆုံးလူ ဖြစ်သွားလိမ့်မည်။ 


“နေပါဦး …” ထန်ကျားကျိ တွေးလိုက်၏။ 


ကျိယွီရှောင် နောက်တစ်ကြိမ် အက်စီးဒန့်မဖြစ်ခင်အထိပဲ သူသည်းခံရမှာပါ .. 


မည်သို့ပင်ဖြစ်စေ ကျိယွီလင်းက စောစောသေသွားခဲ့သည်။ သူတို့က အလွန်ရင်းနှီးသည့် ညီအစ်ကိုများဖြစ်ကြသည်။ 


ထိုသို့ဆိုပါက သူသည် ကျိယွီရှောင်အား တူညီသော နည်းလမ်းအတိုင်း ပို့ဆောင်ပေးလိုက်မည်။ 


ထန်ကျားကျိ ကားကိုစက်နှိုးကာ ပြန်မောင်းသွားလိုက်၏။ 


ကျိအုပ်စု အဆောက်အဦးကြီးက တိတ်ဆိတ်နေပြီး ညနက်နေပြီဖြစ်ရာ ဝန်ထမ်းအားလုံး အလုပ်ဆင်းကုန်ကြြပီဖြစ်၏။ 


ကျိယွီရှောင်က ကျိလဲ့ယွီအား ခေါ်လိုက်သည်။ ကျိလဲ့ယွီဥ အစာစားပြီးသည်နှင့် လင်းဖေး ပေးထားသည့် မေးခွန်းလွှာများကို လေ့ကျင့်နေခြင်း ဖြစ်သည်။ 


“ဒယ်ဒီ …အလုပ်များနေလား …” 


“အင်း …” ကျိယွီရှောင် ညှင်သာစွာ ပြောလိုက်သည်။ “သားနဲ့ဖေးဖေး အိမ်စာအရင်လုပ်နှင့်နော် …ဒယ်ဒီဒီနေ့ နောက်ကျမယ် … သားတို့အရင် အိပ်ရာဝင်နှင့် … ဒယ်ဒီ့ကို မစောင့်နဲ့တော့ …”


“ဟုတ် …” ကျိလဲ့ယွီ နာခံစွာ တုံ့ပြန်လိုက်၏။ 


“သားက သိပ်လိမ္မာတာပဲ … ဒယ်ဒီ အလုပ်ပြန်လုပ်တော့မယ်နော် …” 


“ဟုတ်ကဲ့ …” 


ကျိယွီရှောင်က ဖုန်းချကာ လော့ကျားထံ စာပို့လိုက်သည်။ 


လော့ကျားက လင်းဖေး၏ အခန်းနှင့် မဝေးသည့် ဧည့်သည်ခန်းတွင်ရှိနေသည်။ သူက စာကိုတွေ့သည်နှင့် အမြန်စာပြန်လိုက်၏။ {ကျွန်တော် နားလည်ပါပြီ … စိတ်ချပါ … ကျွန်တော် ကလေးနှစ်ယောက်ကို ကြည့်ရင်း ကောချီကိုလည်း အကြောင်းကြားလိုက်ပါ့မယ် …}


ကျိယွီရှောင် စိတ်သက်သာရာရသွား၏။ 


သူက ထန်ကျားကျိကို စောင့်နေရန်သာ လိုအပ်တော့သည်။ 


ထန်ကျားကျိက ကျိအုပ်စုသို့ ပြန်ရောက်လာ၏။ သူက ရုံးခန်းလွတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိယွီရှောင်၏ ရုံးခန်းထံ လျှောက်လာသည်။ 


ကျိယွီရှောင်က ဖုန်းပြောနေ၏။ ထန်ကျားကျိ ရောက်လသာသည်ကို မြင်ချိန်၌ ဖုန်းတစ်ဖက်ရှိလူအား ပြောလိုက်သည်။ “လုပ်စရာလေးရှိလို့ … နောက်မှပြန်ဆက်လိုက်မယ် …”


ထို့သို့ပြောပြီးနောက် သူက ဖုန်းကို စားပွဲပေါ်တွင် မှောက်ထားလိုက်သည်။ 


ထန်ကျားကျိက အိတ်ကပ်ထဲ လက်ထည့်ရင်း ရုံးခန်းအတွင်းသို့ ဝင်လာသည်။ သူက ဆိုဖာထံ လျှောက်သွားပြီးနောက် ထိုင်ချလိုက်၏။ “ဘာဖြစ်လို့လဲ …”


“ကုမ္မဏီနဲ့ A ရဲ့ ပူးပေါင်းမှုမှာ ပြဿနာရှိနေတယ် …”


“ဘာပြဿနာလဲ …” ထန်ကျားကျိ လှောင်လိုက်သည်။ “မင်းဉက္ကဌကျောင်းကို မသိဘုးလား … ဉက္ကဌကျောင်းက မင်းအတွက် ပြဿနာရှင်းမပေးချင်ဘူးလား … မင်းဘာလို့ ငါ့ကိုရှာနေတာလဲ … သူ့ဆီပဲ တိုက်ရိုက်သွားလိုက်ပါလား …” 


“ဒါက A ဘက်က ပြဿနာရှိနေတာ မဟုတ်ဘူး … ငါတို့ဘက်က ပြဿနာရှိနေတာ … ထန်ကျားကျိ … ရန်ပုံငွေတွေ ရွှေ့ထားတယ် မဟုတ်လား …”


ထိုမျှမြန်မြန် ရှာတွေ့သွားလိမ့်မည်ဟု ထန်ကျားကျိ မမျှော်လင့်ထားခဲ့။ သူက ခေါင်းမာမာနှင့် ခံငြင်းလိုက်သည်။ “မင်းဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ …”


“ငါက အဓိပ္ပာယ်မရှိတာ ပြောတယ် ဟုတ်လား … မင်းပိုက်ဆံ တော်တော်များများ ခိုးထားမှန်း မင်းသိပါတယ် … မင်းကို ငါးနှစ်ကနေ ရှစ်နှစ်အထိ အသာလေးထောင်ချလိုက်လို့ရတယ် …”


ထန်ကျားကျိ နှာခေါင်းရှုံ့လိုက်၏။ “မင်းငါ့ကို ဒါပြောဖို့ ဒီလာခိုင်းတာဆို ငါသွားတော့မယ် …” 


ထန်ကျားကျိက ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်၏။ 


ကျိယွီရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းအခုထွက်သွားမယ်ဆို ငါရဲခေါ်ရလိမ့်မယ် …” 


ထန်ကျားကျိ အလွန်စိတ်ဆိုးသွားကာ ချက်ချင်းပြန်လှည့်လိုက်၏။ “ကျိယွီရှောင် … မင်းက ပိုက်ဆံလိုချင်တာ မဟုတ်လား … ငါမင်းကို နှစ်ရက်အတွင်း ပိုက်ဆံပြန်ပေးမယ် …”


“ကြည့်ရတာ မင်းကဝန်ခံလိုက်တာပဲ …”


ကျိယွီရှောင် ဖုန်းကိုကောက်ကိုင်လိုက်၏။ 


ထန်ကျားကျိ အလျင်စလို ဖြစ်သွားသည်။ “မင်း ဘာလုပ်မလို့လဲ …”


“မင်းဝန်ခံပြီဆိုတော့ ရဲကိုခေါ်ရတော့မှာပေါ့ ….” 


“မင်း လုပ်ရဲလား …”


“ငါက ဘာလို့မလုပ်ရဲရမှာလဲ …” ကျိယွီရှောင် ရယ်လိုက်သည်။ “ငါက ကုမ္မဏီရဲ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းနေတဲ့လူလေ … မင်းက ဒီလောက်ယူရတဲ့အထိ လောဘကြီးခဲ့တာပဲ မဟုတ်လား .. မင်းပါးစပ်ကြီးကို ကုမ္မဏီက ဘယ်လောက်ခွံ့နေရဦးမှာလဲ … ငါ ရုံးခန်းထဲ ဝင်လိုက်တာနဲ့ ဒီပြဿနာက ပေါ်လာတော့တာပဲ … အခု ရဲမခေါ်ဘူးဆိုရင် နောက်ပိုင်းကိုင်တွယ်ရခက်လာလိမ့်မယ် …”


“ငါပြင်ဆင်နိုင်တယ်လို့ ငါပြောနေတယ်လေ … သုံးရက်ပဲအချိန်ပေး … ငါပိုက်ဆံအကုန်ပြန်ပေးမယ် …” 


“တရားရုံးကျမှပြောဖို့ချန်ထား …” 


ကျိယွီရှောင် ခေါင်းငုံ့ကာ ရဲကိုခေါ်ရန် ပြင်လိုက်သည်။ 


ထန်ကျားကျိက ကျိယွီရှောင်လက်ထဲမှ ဖုန်းကို ဆွဲလုလိုက်၏။ သူ ဘယ်လိုလုပ်ပြီး ရဲတိုင်ခွင့်ပြုရမှာလဲ … 


အဲဒါက သန်း ၇၀ထဲမဟုတ်လား … သူဒါကို ပြန်ဖြည့်နိုင်ပါတယ် …


သူ သူ့အဖေကို ပြောလိုက်ရုံပဲ … သူ့အဖေက သူထောင်မကျအောင် ပိုက်ဆံသုံးပေးလိမ့်မယ် … 


သို့သော် ကျိယွီရှောင်က ရဲခေါ်လို့မရပေ။ 


ရဲခေါ်လိုက်သည်နှင့် သူတို့က ပိုက်ဆံ၏ ခြေရာလက်ရာများကို စတင်ရှာဖွေတော့မှာ ဖြစ်သည်။ ကျိကျန်းဟုန်နှင့် ထန်ကျားကျိကြားရှိ သားအဖဆက်ဆံရေးသည်လည်း ထွက်ပေါ်လာနိုင်၏။ 


ထိုသို့ဆိုပါက ကျိယွီလင်း၏ မတော်တဆမှုတွင် သူ့ပယောဂမကင်းကြောင်း ကျိယွီရှောင် သိသွားပေလိမ့်မည်။ 


ထန်ကျားကျိက ဖုန်းကိုလုကာ ပေါက်ခွဲပစ်ချင်ခဲ့သည်။ သို့သော် ကျိယွီရှောင်က ဖုန်းကိုမလွှတ်ပဲ အံ့အားသင့်စွာ မေးလိုက်၏။ “မင်းဘာလုပ်တာလဲ … ထန်ကျားကျိ … လွှတ်စမ်း … မင်းက အခုပြစ်မှုကျူးလွန်နေတာပဲ … မင်းလုပ်ရဲတယ်ပေါ့ …”


ထန်ကျားကျိ နှာခေါင်းရှုံ့လိုက်သည်။ “လွှတ်ရမယ့်လူက မင်းပဲ … အထွေထွေမန်နေဂျာကျိ … ဒီရုံးခန်းထဲမှာ ငါတို့နှစ်ယောက်ပဲ ရှိတာ … မင်းက မသန်စွမ်းလေ … ဘာလို့ငါနဲ့ယှဉ်တိုက်နေတာလဲ …” 


“မင်းဘာကို ပြောချင်တာလဲ … ထန်ကျားကျိ … မင်းက လူသတ်ချင်လို့လား … ငါ့ကို ခြိမ်းခြောက်နေတာလား …” 


“အထွေထွေမန်နေဂျာကျိ … ခင်ဗျားလည်း ကျုပ်ကို ခြိမ်းခြောက်နေတာပဲ မဟုတ်လား … ခင်ဗျားက ကျုပ်ကိုသေစေချင်မှတော့ ကျုပ်ဒီအတိုင်း ဘယ်ငြိမ်နေနိုင်တော့မှာလဲ … ဒါက ကျုပ်တို့နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့လမ်းကြောင်းပဲလေ …” 


ကျိယွီရှောင် ထိုစကားများကြားချိန်၌ သူ့ မျက်လုံးများတွင် မုန်းတီးမှုဖြင့် လက်သွား၏။ “ခင်ဗျားက အဲဒီ့လို လုပ်နိုင်မယ် … ရာထူးနဲ့တန်တယ်လို့ ထင်နေတာလား …” 


“ကျိယွီရှောင် …” 


“ခြိမ်းခြောက်နေတာ ရပ်လိုက်စမ်းပါ … ကျုပ်ကိုသတ်နိုင်ရင် အခုပဲသတ်လိုက် … မသတ်နိုင်ရင် ထောင်ထဲသွားလိုက် … ခင်ဗျားလောဘကြီးပုံက အခုဆို ခြိမ်းခြောက်တာတွေပါ ပါလာပြီ … လွှတ်စမ်း …” 


ထန်ကျားကျိ ဒေါသထွက်ရလွန်း၍ ရင်ဘတ်ပင် မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။ သူက သူ့အရှေ့ရှိလူအား ဒေါသတကြီးဖြင့် ကြည့်လိုက်၏။ ကျိယွီရှောင်က တိုက်တွန်းတာ … ကျိယွီရှောင်က … 


အကယ်၍ ကျိယွီရှောင်က သူ့ကိုဒီအတိုင်းလွှတ်မပေးရင် နောက်ဆက်တွဲကိစ္စကိုလည်း စဉ်းစားထားခဲ့သင့်တာပေါ့ …