အပိုင်း ၂၅၄
Viewers 87k

Chapter 254




ကျိယွီရှောင်က ထမင်းစားပြီးနောက် ကုမ္ပဏီသို့ ပြန်သွားလိုက်သည်။ 


ကျိမူက သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ဈေးကွက်ရှာဖွေရေးဒါရိုက်တာရုံးခန်းသို့ ပြန်ပြောင်းသွားပြီဖြစ်၏။


ကျိယွီရှောင်က ရင်းနှီးကျွမ်း၀င်နေသော ရုံးခန်းကို မြင်သောအခါ ဤနေရာရှိ သူ့အစ်ကို၏ပုံရိပ်များကို ပြန်သတိရလာလေသည်။ ကံကောင်းစွာနှင့် ထန်ကျားကျိက ဤနေရာသို့ မရောက်ခဲ့ပေ။


ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရပြီး ကျိမူက ရုံးခန်းထဲ ၀င်လာလေသည်။


ကျိယွီရှောင်က ကျိမူရောက်လာသည်ကို မအံ့ဩပေ။ သူ မမျှော်လင့်ထားသည်က အစည်းအဝေးတွင် ကျိမူက ရာထူးချခြင်းကို အသာတကြည် လက်ခံခဲ့ခြင်းကိုပင် ဖြစ်လေသည်။


နှစ်ပေါင်းများစွာ ကြာပြီးမှ ကျိမူတွင် ဦးနှောက်ရှိလာလေသည်။


ကျိမူက ရင်းနှီးကျွမ်း၀င်နေသော ရုံးခန်းထဲ ၀င်လိုက်သည်။ မနက်အစည်းအဝေး မတိုင်မီကသူ့အခန်းဖြစ်ခဲ့သော်လည်း ယခုမူ သူ့အခန်းမဟုတ်တော့ပေ။


သူက ယင်းကို နားမလည်နိုင်ပေ။


ကျိယွီရှောင်က ဘာလို့ ပြန်လာတာလဲ။ .


ဘာလို့ ဒီအချိန်မှ ပြန်လာရတာလဲ...


သူက သူ့အစ်ကိုနေရာကို အစားထိုးပြီး ကျိဂရုရဲ့အထွေထွေမန်နေဂျာအသစ်ဖြစ်လာဖို့ စီစဉ်နေခဲ့တာလား...


ကျိမူ၏ဦးနှောက်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေလေသည်။


"မင်း ဘာလုပ်ချင်နေတာလဲ ကျိယွီရှောင်...မင်းသာ ဒီနေရာမှာ ထိုင်ချင်ရင် မင်းအစ်ကိုဆုံးသွားပြီးကတည်းက ထိုင်လို့ရတာပဲ...ဘာလို့ ဒီအချိန်မှလဲ...ဘာလို့ ငါ့ကို အဲ့နေရာမှာ အကြာကြီး ထိုင်ခိုင်းခဲ့တာလဲ...ကျိလဲ့ယွီကြောင့်လား...ငါက ဖန်ရှင်းကို ကျိလဲ့ယွီရှေ့ ပေါ်လာခိုင်းလိုက်လို့ ငါ့ကိုလက်စားချေနေတာလား..."


"အဲ့တာတွေက မင်းအထင်တွေပဲလေ..."


ကျိယွီရှောင်က ရယ်မောလိုက်သည်။


ကျိမူ မျက်မှောင်ကြုတ်လိုက်သည်။


"မဟုတ်ရင် ဘာလို့လဲ..."


ကျိယွီရှောင်က သူ့၏လက်စားချေမည့်အစီအစဉ်ကို သူနှင့်မရင်းနှီးသည့် ကျိမူကို ထုတ်ပြောရန်အစီအစဉ် မရှိပေ။


"မင်း သိဖို့မလိုဘူး...မင်းနဲ့လည်း မဆိုင်ဘူး...ကျိမူ နှစ်တွေ ဒီလောက်ကြာမှ မင်းက ဉာဏ်ကောင်းလာတာ...အစည်းအဝေးမှာ မင်းလုပ်ခဲ့ဝာာ ကောင်းတယ်...မသိတာကလည်း ပျော်ရွှင်မှုပဲဆိုတော့ ဒါကို စိတ်မ၀င်စားနဲ့..."


ကျိမူက ပိုမိုခေါင်းရှုပ်လာလေသည်။


"ငါ မင်းကို တကယ် နားမလည်တော့ဘူး..."


"မင်း နားလည်စရာလည်း မလိုပါဘူး...မင်းသာ ငြိမ်ငြိမ်လေး နေနေသရွေ့ ငါ မင်းကို ပစ်မှတ်ထားမှာ မဟုတ်ဘူး...ငါ့အစ်ကိုရှိတုန်းကလည်း မင်းက ဈေးကွက်ရှာဖွေရေးဒါရိုက်တာဆိုတော့ နဂိုရာထူးပြန်ရသွားတာပဲမလား...ဒါက အဆင်မပြေလို့လား..."


"မင်းက တကယ်အထွေထွေမန်နေဂျာဖြစ်ချင်တာလား..."


"ငါက အထွေထွေမန်နေဂျာမဖြစ်ချင်သလို ကျိဂရုကိုလည်း မလိုချင်ပါဘူး...ဒါတွေအားလုံးက ငါ့အစ်ကိုဟာတွေပဲ...အခု ငါ့အစ်ကိုက မရှိ‌တော့ဘူးဆိုတော့ ရှောင်ယွီဟာတွေဖြစ်သွားပြီ...ဘယ်သူကမှ ရှောင်ယွီဆီက လုယူလို့မရဘူး...ငါအပါအ၀င်ပဲ...ရှောင်ယွီက ဒီမှာထိုင်ဖို့ ငယ်လွန်းသေးတယ်... ငါက ဒါတွေကို သူ့အတွက် ထိန်းသိမ်းထားပြီး သူကြီးလာရင် အားလုံးပြန်ပေးမှာ..."


"ငါက ကျိဂရုကို စိတ်မ၀င်စား‌ပေမဲ့ ငါ့အစ်ကိုဟာတွေကို တခြားလူလက်ထဲ လွှဲပေးမှာ မဟုတ်ဘူး...နားလည်လား..."


ကျိမူ နားလည်သွားသည်။


သူက ထပ်မပြောတော့ပေ။ သူက ကျိယွီရှောင်၏နှလုံးသားထဲရှိ ကျိလဲ့ယွီအနေအထားကိုရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်ကာ ဤဘ၀တွင် ကျိဂရုက သူ့အပိုင် ဖြစ်လာနိုင်တော့မည်မဟုတ်ပေ။


ကျိယွီရှောင်က ကုမ္ပဏီကို စိတ်မ၀င်စားသော်လည်း ကျိကျန်းဟုန်၏သားအနေနှင့် ရာထူးဆက်ခံရန် အရည်အချင်း ပြည့်မှီပေသည်။


ကျိကျန်းဟုန်ကလည်း ကျိယွီရှောင်ကို ကျော်ကာ သူ့ကို ရွေးလိမ့်မည် မဟုတ်ပေ။ သူ့အိမ်မက်ကပြီးဆုံးသွားပြီဖြစ်၏။


"ဒီလိုဆို မင်း ထန်ကျားကျိကို သူက အထွေထွေ မန်နေဂျာရာထူးလိုချင်နေလို့ အလုပ်ထုတ်လိုက်တာလား..."


ကျိယွီရှောင်က ပြုံးပြလိုက်၏။


သူက ကျိလဲ့ယွီ၏နေရာကို လုယူမည်လူတိုင်းကို ဖယ်ရှားပစ်မည်ဖြစ်လေသည်။


ကျိမူ သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။


သို့သော် ခြေနှစ်လှမ်းခန့်သာ သွားရသေးစဉ် ကျိယွီရှောင်၏စကားကို ကြားလိုက်ရလေသည်။


"HRမန်နေဂျာကို ပြောလိုက်...ထန်ကျားကျိရဲ့အလုပ်ထုတ်စာကို အလျင်စလို လုပ်စရာမလိုဘူးလို့..."


ကျိမူ ရှုပ်ထွေးသွားသည်။


"ဘာဖြစ်လို့လဲ..."


"မင်း နောက်တော့ သိလိမ့်မယ်..."


ကျိယွီရှောင်က ညင်သာစွာ ပြောလိုက်သည်။


ကျိမူက ကျိယွီရှောင်ကို သွားရှာစဉ် ကျိကျန်းဟုန်ကလည်း ထန်ကျားကျိကို သွားရှာခဲ့လေသည်။


ထန်ကျားကျိက ကျိကျန်းဟုန်ကို မြင်သောအခါ စိုးရိမ်တကြီး မတ်တပ်ထရပ်လိုက်ပြီး သနားချင့်စဖွယ်ယောင်ဆောင်ကာ ပြောလိုက်သည်။


"အဖေ ဘာလို့ ဒီလိုဖြစ်လာတာလဲ..."


သူက ကျိကျန်းဟုန်၏လက်ကို ဆွဲလိုက်ပြီး သူ့မျက်လုံးများက စိတ်ထိခိုက်၀မ်းနည်းနေလေသည်။


"ကျွန်တော် ကျိဂရုက ထွက်မသွားချင်ဘူး...ကျွန်တော် လုပ်ချင်တာတွေ အများကြီးရှိသေးတယ်...အဖေ ကျွန်တော် ထွက်မသွားချင်ဘူး..."


ကျိကျန်ဟုန်က ထိုစကားကို ကြားသော်လည်း ထန်ကျားကျိကို ထွက်သွားခိုင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။


သူက ထန်ကျားကျိ၏လက်ကို ပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။


"အဆင်ပြေပါတယ်...မင်း ကုမ္ပဏီက အရင်ထွက်သွားလိုက်...နောက်မှ ငါ အခွင့်အရေးရှာပြီး မင်းကို ပြန်ခေါ်လိုက်မယ်..."


ထန်ကျားကျိက ယင်းကို မယုံကြည်ပေ။


"နောက်မှလား...ဘယ်အချိန်မှလဲ...ဘယ်အချိန်မှ အခွင့်အရေးက ရမှာလဲ...ကျွန်တော် ဒီရောက်လာတုန်းက အဖေ ပြောခဲ့တယ်လေ...ကျွန်တော် အဖေ့စကား နား‌ထောင်သ‌ရွေ့ ကုမ္ပဏီက ကျွန်တော့်ဟာပဲဆို...အခု ကျိယွီရှောင် ပြန်လာတော့ ကျွန်တော့်ကို ထွက်သွားခိုင်းပြီပေါ့...ကျွန်တော်ကလည်း အဖေ့သားပဲလေ..."


ကျိကျန်းဟုန် မျက်မှောင်ကြုတ်လိုက်သည်။


"ဒါက မင်းအတွက်ပဲ မဟုတ်ဘူးလား...မင်းသာ ကုမ္ပဏီမှာ ဆက်ရှိနေရင် ကျိယွီရှောင်က မင်းကိုသံသယဖြစ်လာလိမ့်မယ်...မင်း အရင်လုပ်ခဲ့တာတွေကို သူတွေ့သွားရင် ဘယ်လိုလုပ်မလဲ..."


“အဖေပြောတော့ သဲလွန်စတွေအကုန် ဖျက်ဆီးပြီးသွားပြီဆို...ဒီလောက်ကြာနေပြီ...သူက ဘာရှာတွေ့လို့လဲ..."


"အဲ့တုန်းက သူက မင်းရှိနေတာကို မသိသေးဘူး..."


ကျိကျန်းဟုန်က ထန်ကျားကျိကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။


"သူက မင်းအကြောင်းကို မသိသေးလို့ အများကြီး မစစ်ဆေးခဲ့တာ...အခု မင်းက ငါ့သားဖြစ်တာကိုရှာတွေ့သွားရင် မင်းက ကျိယွီလင်းနဲ့တွေ့ဖူးတာကို ရှာတွေ့သွားပြီး သူက ကျိန်းသေပေါက် သံသယတွေဖြစ်လာမယ်...အဲ့အချိန်ကျရင် ငြိမ်ငြိမ်ထိုင်နေတော့မှာ မဟုတ်ဘူး..."


သူက ထန်ကျားကျိပခုံးကို ပုတ်လိုက်ပြီး သူ့ကို ဖြောင်းဖြလိုက်သည်။


"ယွီရှောင်က ဒေါသကြီးပေမဲ့ သူ့အစ်ကိုနဲ့ငယ်ငယ်ကတည်းက အရမ်းဆက်ဆံရေးကောင်းတာ...မင်းသာ ကားမတော်တဆမှုမှာ ပတ်သတ်တာကို သိသွားရင် သူက ကျိန်းသေပေါက် ပြန်ပေးဆပ်ခိုင်းမှာပဲ..."


ကျိကျန်းဟုန်က ထိုအဖြစ်အပျက်ကို ပြန်တွေးမိသွားပြီး ၀မ်းနည်းသွားလေသည်။


ထန်ကျားကျိက တစ်စုံတစ်ယောက်ကို ရှာကာ ကျိယွီလင်းကို သတ်ခိုင်းလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။


သူက ထိုနေ့ကို ပြန်သတိရသွားသည်။ သူက ကျိယွီလင်း၏ကားမတော်တဆသတင်းကို ကြားရပြီး‌နောက် အိမ်ပြန်ရောက်သောအခါ ထန်ကျားကျိထံမှ ဖုန်းကို လက်ခံရရှိခဲ့လေသည်။


ထန်ကျားကျိက သူမှားသွားပြီဖြစ်ကြောင်း၊ သူ နောင်တရနေပြီဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ကြောင်း ငိုယိုကာ ပြောလာခဲ့သည်။


ထန်ကျားကျိက တစ်စုံတစ်ယောက်ကို ရှာကာ ကျိယွီလင်း၏ကားကို ၀င်တိုက်ခိုင်းခဲ့သည်။ ကျိယွီလင်းက သူ့အဖေနှင့်သူကို အတူမနေခိုင်းသည့်အတွက် ဒေါသထွက်ကာ ထိုသို့လုပ်ခဲ့မိခြင်းဖြစ်သည်ဟု ပြောလေသည်။


သူက ကျိယွီလင်းကို သင်ခန်းစာပေးချင်သောကြောင့် ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး ကျိယွီလင်း သေသွားလိမ့်မည်ဟု မ‌‌ထင်ခဲ့ကြောင်း၊ ကျိယွီလင်းကို ဒဏ်ရာရစေရုံသာ ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းအခြေအနေက ထိုသို့ဖြစ်လာလိမ့်မည်ကို မမျှော်လင့်ထားခဲ့ကြောင်း၊ သူနောင်တရနေပြီဖြစ်ကြောင်း၊ နောက်ထပ်လုပ်တော့မှာ မဟုတ်ကြောင်း ငိုကြွေးကာ ပြောခဲ့သည်။


သူက ထောင်ထဲမသွားချင်ကြောင်း၊ သူ့အဖေနှင့်အတူ နေချင်ခဲ့ရုံသာဖြစ်ကြောင်း ၊ ငယ်စဉ်ကတည်းက အခြားကလေးများတွင် အဖေရှိပြီး သူ့တွင် အဖေမရှိသောကြောင့် အဖေလိုချင်ခဲ့ပြီး အဖေနှင့်အတူတူနေချင်ခဲ့ရုံသာဖြစ်ကြောင်းပြောခဲ့သည်။


ထန်ကျားကျိက ငိုကြွေးကာ စကားလုံးများကိုကစားပြီး သနားချင့်စဖွယ် ဟန်ဆောင်နေခဲ့သည်။


သူ့သားထွေးက သူ့သားကြီးကို သတ်လိုက်သည့်သတင်းကို ကြားလိုက်ရသောအခါ ကျိကျန်းဟုန်အလွန် ထိတ်လန့်သွားပြီး ဖုန်းပင် မကိုင်နိုင်တော့ချေ။ သူက ယင်းကို အချိန်အတော်ကြာမှ လက်ခံနိုင်ခဲ့၏။


သူ့၏ဒေါသများက ကောင်းကင်ထက်သို့ လှိမ့်တက်လာခဲ့ပြီး ထန်ကျားကျိကို တစ်နာရီကျော်ကြာ ဒေါသတကြီး ကျိန်ဆဲခဲ့လေသည်။


သို့သော် ထန်ကျားကျိက သနားချင့်စဖွယ် ငိုကြွေးကာ သူ့အမေကိုသာ အားနာကြောင်း၊ သူထောင်ထဲရောက်သွားလျှင် အမေ့အုတ်ဂူကို သွားလည်နိုင်တော့မှာမဟုတ်ကြောင်း ဆက်လက်ပြောဆိုနေခဲ့သည်။


ကျိကျန်းဟုန်က ထိုစကားများကို ကြားသောအခါ သားတစ်ယောက်ကို ဆုံးရှုံးသွားပြီဖြစ်၍ နောက်သားတစ်‌ယောက်ကို ထပ်မံမဆုံးရှုံးစေချင်တော့ပေ။


ထန်ကျားကျိ၏လုပ်ရပ်က မှားယွင်းသော်လည်း ထန်ကျားကျိက သူ့သားသာဖြစ်ပြီး ငယ်စဉ်ကတည်းက အဖေ့မေတ္တာကို ငတ်မွတ်နေသည့်အတွက် လုပ်မိလုပ်ရာလုပ်ခြင်းသာ ဖြစ်လေသည်။


ထို့ကြောင့် လုပ်ရပ်က မှားယွင်းသည်ဆိုသော်ငြားလည်း ကျိကျန်းဟုန်က ထန်ကျားကျိကို မဆုံးရှုံးချင်တော့ပေ။


ထို့ကြောင့် သူက ထန်ကျားကျိကို နိုင်ငံခြားပို့လိုက်ပြီး ထန်ကျားကျိ၏ခြေရာလက်ရာများကို တစ်စုံတစ်ယောက်အား ရှာကာ ဖျက်ဆီးခိုင်းခဲ့သည်။


ထန်ကျားကျိကို ဝေးလံခေါင်သီသောနိုင်ငံရပ်ခြားရှိ ဘိုးဘွားရိပ်သာသို့ ပို့ခဲ့ပြီး တရုတ်နိုင်ငံရှိ မည်သူနှင့်မှ အဆက်အသွယ် မလုပ်ခိုင်းခဲ့ပေ။ ထန်ကျားကျိကလည်း နောင်တရကာ အပြစ်ဒဏ်ကို လက်ခံခဲ့သည်။


ထို့နောက် ကားမတော်တဆမှုကို ဖြစ်စေခဲ့သည့် ဒရိုင်ဘာကို ရှာတွေ့ပြီး ထောင်ထဲပို့ကာ မည်သူမေးမေး ထန်ကျားကျိအကြောင်း မပြောပြရန် သတိပေးခဲ့သည်။


သူက အရာအားလုံးကို ပြုလုပ်ပြီးနောက် ကျိယွီရှောင်နိုးလာမည့်အချိန်ကို ကြေကွဲစွာ စောင့်နေခဲ့ရလေသည်။


ကျိယွီရှောင် နိုးလာလျှင် မတော်တဆမှု မဟုတ်ကြောင်း သံသယ၀င်ကာ စုံစမ်းမည်ကိုကြောက်ရွံ့ပြီး ကျိယွီရှောင်က ထိုကိစ္စအား သတိမထားမိစေရန် ဆုတောင်းနေခဲ့ရသည်။ ဘုရားသခင်က သူ့ကို သနားခဲ့ခြင်းဖြစ်နိုင်သည်။ သူ့ဆန္ဒပြည့်သွားခဲ့သည်။ ကျိယွီရှောင်က ဒရိုင်ဘာကို သွားတွေ့ခဲ့‌သော်လည်း အဖြေတစ်ခုမှ မရခဲ့ပေ။


ထို့နောက် ကျိကျန်းဟုန်က အနာဂတ်တွင် ပြဿနာဖြစ်မလာစေရန် ဒရိုင်ဘာ၏သတ်သေမှုကို စီစဉ်ခဲ့သည်။


အားလုံးက လမ်းကြောင်းပေါ် ပြန်ရောက်သွားပြီဟု ထင်နေသော်လည်း ကျိယွီရှောင်က သူ့ခြေထောက်များကြောင့် သူ့ကိုယ်သူ အရှုံးပေးသွားလေသည်။


ကျိယွီရှောင်က သူ့အစ်ကိုရာထူးကို ဆက်ခံရန် ငြင်းဆိုသောကြောင့် ကျိမူကို အထွေထွေမန်နေဂျာရာထူး ခန့်အပ်ပေးခဲ့ရသည်။ သူက ကျိမူကို အကာအရံအဖြစ် အသုံးပြုခဲ့ခြင်းသာဖြစ်သည်။


သူက ကျိယွီရှောင် ဟန်ဆောင်နေမည်ကို စိုးရိမ်နေသည့်အချိန်တွင် ကျိမူ ထွက်ပေါ်လာခဲ့သည်။


သူက ကျိယွီလင်း၏မတော်တဆမှုမှ အကျိုးအမြတ်အများဆုံးရရှိသူကို ကျိမူဖြစ်လာစေပြီး ကျိယွီရှောင်၏အာရုံအားလုံးကို ‌ဆွဲဆောင်ရန် ကျိမူကို အသုံးပြုခဲ့သည်။


တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ တစ်နှစ်ပင် ပြည့်လုနီးပြီဖြစ်သော်လည်း ကျိယွီရှောင်ကသူ့ကိုယ်သူ အရှုံးပေးကာ အိမ်တွင်းပုန်းနေလေသည်။ သူက ကြယ်ပွင့်သေးလေးဖြစ်သည့် လင်းလော့ချင်းကိုပင် ရှင်းရီကို ပေးခဲ့ပြီး အဓိပ္ပာယ်မဲ့စွာ ရှင်သန်နေခဲ့သည်။


ကျိယွီရှောင်က လင်းလော့ချင်းကိုသာ အာရုံစိုက်နေစဉ်တွင် ကျိမူ၏ဂုဏ်သတင်းက တဖြည်းဖြည်းမြင့်မားလာလေသည်။ သူက ကျိမူကြီးထွားလာသည်ကို မလိုချင်ပေ။ ထိုသို့ ဆက်ဖြစ်နေလျှင် ကုမ္ပဏီကို ကျိကျန်းယန်က ပိုင်ဆိုင်သွားပေမည်။ ထို့ကြောင့် သူက အရဲစွန့်ကာ ထန်ကျားကျိကို တရုတ်နိုင်ငံသို့ပြန်ခေါ်ခဲ့သည်။


သို့သော် သူက ကျိယွီရှောင်၏အာရုံကို မဆွဲဆောင်ချင်သောကြောင့် ရောဟွာ၏အထွေထွေမန်နေဂျာကျောက် ယောင်ဆောင်ကာ ထန်ကျားကျိကို ကျိကျန်းကောင်းနှင့် မိတ်ဆက်ပေးခဲ့သည်။


ဤသို့ဖြင့် ကျိကျန်းကောင်းက ကျိကျန်းယန်နှင့်ရင်ဆိုင်ရန် ထန်ကျားကျိကို ကုမ္ပဏီထဲ ခေါ်သွင်းလာလေသည်။


‌ဤနည်းဖြင့် ထန်ကျားကျိက ကျိကျန်းကောင်း၏လူဖြစ်လာပြီး သူက ထန်ကျားကျိကိုနောက်ကွယ်မှကူညီပေးခဲ့သည်။


ကျိကျန်းယန်က သူ့ကို သံသယမ၀င်သလို ကျိကျန်းကောင်းကလည်း သူ့ကို သံသယမ၀င်ပေ။


ကျိမူပင်လျှင် သူ့ကို သံသယမ၀င်ချေ။


အရာအားလုံးက သူ စီစဉ်ထားသည့်အတိုင်း ဖြစ်နေခဲ့သည်။ ကျိမူက အောင်းယွီနှင့်ပူးပေါင်းဆောင်ရွက်မှုတွင် မအောင်မြင်သောအခါ သူက ထန်ကျားကျိကို ကူညီပြီး ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စေကာ လက်ထောက်အထွေထွေမန်နေဂျာရာထူးခန့်အပ်ပေးခဲ့သည်။


ထို့အပြင်တွင် သူက ကျိယွီရှောင်လက်ထဲမှရှယ်ယာများကို အားနည်းအောင် လုပ်ပြီး ထန်ကျားကျိလက်ထဲလွှဲပေးကာ ထန်ကျားကျိကို ကုမ္ပဏီတွင် အခြေခိုင်စေခဲ့သည်။


သူက ကျိမူကို ကျိယွီရှောင်အား ကိုင်တွယ်စေကာ ပုစဉ်းရင်ကွဲကို လိုက်နေသည့် ရှိခိုးကောင်နောက်မှ ငှက်ဖြစ်ချင်နေခြင်းဖြစ်သည်။


သို့သော် ကျိမူက လုံး၀အသုံးမ၀င်မည်ကို မထင်ထားခဲ့ပေ။


ကံကောင်းစွာနှင့် ကျိယွီရှောင်က ထန်ကျားကျိ၏အထောက်အထားအမှန်ကို မသိသေးပေ။


ထန်ကျားကျိက သူ့အစ်ကိုမတော်တဆမှုနှင့်ပတ်သတ်ကြောင်း မသိသေးပေ။ ထို့ကြောင့်ထန်ကျားကျိက စောစောထွက်သွားသရွေ့ လုံခြုံနေဦးမည်ဖြစ်သည်။


"ကျားကျိ အဖေပြောတာ နား‌ထောင်...အဖေက မင်းကောင်းဖို့ ပြောနေတာ...အနာဂတ်မှာအခွင့်အရေးရှိလာသရွေ့ မင်းကို ပြန်ခေါ်ဖို့ လုပ်မှာ လုပ်ပြီလား..."


"ဘယ်အချိန်ထိ စောင့်ရမှာလဲ...အတိအကျ ပြောလေ ‌အဖေ..."


ကျိကျန်းဟုန်က ထန်ကျားကျိ၏မနာခံသော အသွင်အပြင်ကို မြင်သောအခါ ဒေါသထွက်လာလေသည်။


"မင်း ငါ့ကို အရင်က ကတိမပေးထားဘူးလား...မင်းကို ပြန်ခေါ်တုန်းက ငါ့စကားကို နားထောင်မယ်လို့ ကတိပေးထားတယ်မလား..."


ထန်ကျားကျိက ကျိကျန်းဟုန်ကို ကြည့်လိုက်သည်။


"ဒါပေမဲ့ အဖေပြောတော့ ကျိယွီရှောင်က သူ့ကိုယ်သူ အရှုံးပေးလိုက်ပြီဆို...ကုမ္ပဏီကို စိတ်မ၀င်စားတော့ဘူးဆို...ကုမ္ပဏီက ကျွန်တော့်ဟာဆို...အခု သူက ကျွန်တော့်ကို တိုက်ခိုက်နေတာ သိသာတယ်..."


"အဲ့လို မပြောရင် သူက အသက်ရှင်နေဦးမယ် ထင်လို့လား..."


ကျိကျန်းဟုန်က ထန်ကျားကျိ၏ကြောင်သူတော်ပုံစံကို ဆုတ်ဖြဲလိုက်သည်။


"ငါသာ အဲ့လိုမပြောခဲ့ရင် သူက အခု ဝှီးချဲလ်ပေါ်မှာ ထိုင်နေနိုင်ဦးမှာလား...ထန်ကျားကျိ ငါက သုံးနှစ်သားမဟုတ်ဘူး...ကျိယွီလင်းကို ဒဏ်ရာရစေဖို့အတွက် တစ်ယောက်ယောက်ကို ကားနဲ့တိုက်ခိုင်းလိုက်တာကို ငါက ယုံတယ်ထင်နေလား..."


"ကားမတော်တဆ...ကားမတော်တဆက ဒဏ်ရာရရုံရမယ်လို့ မင်းထင်နေတာလား..."


ကျိကျန်းဟုန်က မျက်ရည်များ ဝဲလာလေသည်။


"ငါက ယွီလင်းအတွက် ဘာမှမခံစားရဘူးလို့ ထင်နေတာလား...သူက ငါ့ရဲ့သားကြီးပဲ...ငါဂုဏ်အယူဆုံးသား...ငါ သူ့ကို မင်းနဲ့ယွီရှောင်ထက် ပိုချစ်တယ်...ဒါပေမဲ့ မင်းက သူ့ကို သတ်လိုက်လို့ သူသေသွားပြီ...ငါ ဘာလုပ်နိုင်မှာလဲ...ငါ မင်းကို ထောင်ထဲ ပို့နိုင်မှာလား...ငါ့သားတစ်ယောက်ကို ဆုံးရှုံးပြီးသွားပြီ...နောက်သားတစ်ယောက်ကို ထပ်ဆုံးရှုံးမခံနိုင်တော့ဘူး..."


 “ငါ အဲ့လိုမလုပ်နိုင်လို့ မင်းကို ကူညီပေးခဲ့တယ်...ဒါပေမဲ့ ယွီရှောင်ကလည်း ငါ့သားပဲ...သူ့ကို ဒဏ်ရာမရစေချင်တော့ဘူး...မင်းကို အဲ့လိုမပြောရင် မင်း သူ့ကို ယွီလင်းကို လုပ်သလို မလုပ်ဘူးလို့ ပြောနိုင်လို့လား..."


"ငါ မင်းကို သတိပေးလိုက်မယ်...ထန်ကျားကျိ မင်း ယွီရှောင်ကို တစ်ခုခု လုပ်ခဲ့ရင် ငါ မင်းကို လုံး၀ခွင့်မလွှတ်ဘူး...ကုမ္ပဏီကို တခြားလူတွေဆီသာ ပေးရင် ပေးလိုက်မယ်...မင်းကို ပေးမှာမဟုတ်ဘူး..."