အပိုင်း ၁၁၆ (End of Extra)
Viewers 32k

Chapter 116 [EXTRA ]

ထုတ်ဖော်ပြောဆိုခြင်း



ရှုနဉ်က သူ ဝေ့မင်ကျန်းနှင့် ချစ်သူရည်းစားဆက်ဆံရေးရှိနေသည့်အချက်ကို သူတို့မိသားစုမှ လက်မခံနိုင်မည်ကို အမြဲစိုးရိမ်နေခဲ့သည်။ သူက ထိုကိစ္စနှင့်ပတ်သတ်၍ တစ်နှစ်ကျော်ကြာသည်အထိ ရုန်းကန်နေခဲ့ရပြီး တစ်နှစ်ကျော်ကြာသည်အထိ ဖုန်းကွယ်ထားခဲ့ရသည်။ 


သူ အရွယ်ရောက်ပြီးသည်နှင့် ဤဆက်ဆံရေးကို လျှို့ဝှက်ထားတော့မည်မဟုတ်ဟု ရှုနဉ် တွေးထားသည်။ ထို့အပြင် သူနှင့် ဝေ့မင်ကျန်း၏ ဆက်ဆံရေးက ပြစ်မှုတစ်ခု မဟုတ်ပေ။ သူတို့ကလည်း တွဲနေကြပြီဖြစ်သောကြောင့် လူသိရှင်ကြားထုတ်ဖော် ပြောလိုက်ရုံသာဖြစ်သည်။


ထို့ကြောင့် ချိုက်ချင်အတွက် ပစ္စည်းများစွာကို ဝယ်ပေးခဲ့ပြီး သူမနှင့် အချိန်အနည်းငယ်ကြာ အချိန်ဖြုန်းပေးခဲ့သည်။ သူမ ပျော်ရွှင်ပြီး စိတ်ကောင်းဝင်နေသည်ကို အခွင့်ကောင်းယူပြီး သူက တိုးတိုးလေးပြောလိုက်သည်။ 


"ချိုက်ချိုက် သား မာမားကို ပြောချင်တာတစ်ခုရှိတယ်..”


"ဘာကိစ္စများလဲ…”

ချိုက်ချင်က မေးလိုက်သည်။ 


ရှုနဉ်က ရှုယန်၏လက်ထဲသို့ အရုပ်ကားတစ်စီးကို ထည့်လိုက်ပြီး ပြောလိုက်သည်။ 

"ယန်ယန် အန်တီနဲ့ သွားကစားလိုက်ဦးနော်…”


အိမ်တော်ထိန်းက ရှုယန်ကိုခေါ်ပြီး ထွက်သွားသည်။ ဧည့်ခန်းထဲတွင် ရှုနဉ်နှင့်ချိုက်ချင်တို့သာ ကျန်ခဲ့သည်။ ရှုနဉ် တွံတွေးမျိုချလိုက်ပြီး ခေါ်လိုက်သည်။

"မာမား ..." 


ချိုက်ချင်က သူ၏ ကြောက်ရွံ့မှုကို သတိပြုမိပြီး တဖြည်းဖြည်း ပိုစိုးရိမ်လာသည်။ 

"သား ဘာကို ပြောချင်နေတာလဲ…”


ရှုနဉ် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက်တွင် သူ အချိန်အကြာကြီး ပြင်ဆင်ထားသည့် စကားများကို ထုတ်ပြောလိုက်သည်။

“သား မင်ကျန်းနဲ့ တွဲနေတာ..."


ချိုက်ချင် အေးခဲ တောင့်တင်းသွားသည်။ 


သူမ မည်သည်ကိုမှ မတုံ့ပြန်သောအခါ ရှုနဉ်လည်း တိုးတိုးလေး ထပ်ပြောလိုက်သည်။

 "သား တို့ချိန်းတွေ့နေတာ…”


ချိုက်ချင်က သူမ၏မျက်ခုံးများကို ပွတ်လိုက်သည်။ 


“အာ …”


"သားတို့ နှစ်ယောက်က တွဲနေကြပြီလား…”


ရှုနဉ်လည်း သူမက သူ့ကို အော်ငေါက်သည်ကိုခံရရန် ကြိုတင် ပြင်ဆင်ထားပြီးသော်လည်း ချိုက်ချင်ကအံ့ဩစရာကောင်းအောင် တည်ငြိမ်နေခဲ့၍ သူက ပြောလိုက်သည်။ 


"ဟုတ်ကဲ့…”


 ချိုက်ချင် ခေါင်းညိတ်ပြလိုက်သည်။ 

"အင်း…”


အင်းးး တဲ့လား….


ဒါပဲလား…


ရှုနဉ် မျက်လုံးပြူးသွားသည်။ 

"မား မင်ကျန်းနဲ့သား တွဲနေတယ်…”


"မား သိတယ်လေ…”


ချိုက်ချင်က ပြောလာ၍ ရှုနဉ် ပို၍ပင်အံ့ဩသွားသည်။

"မား သိနေတာလား…ဘယ်တုန်းက သိတာလဲ…”


ချိုက်ချင်က တုန့်ပြန်လိုက်သည်။

"မား ခန့်မှန်းမိတာ..”


“မား ခန့်မှန်းခဲ့တာလား…”


"မင်းတို့နှစ်ယောက်က ငါ့မျက်စိအောက်မှာ အမြဲတတွဲတွဲရှိနေတာလေ…ငါက ငတုံးမဟုတ်ဘူး…”


ရှုနဉ်:”……..”


 ရှုနဉ် ခဏမျှ တိတ်ဆိတ်သွားသည်။ သူက ချိုက်ချင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေပြီး သူ့လက်ခြေများ ငြိမ်နေကာပြီး စည်းစနစ်တကျ ထိုင်နေသည်။


"မား...မားရော ဘယ်လိုထင်လဲ" 


"ငါက ဘာကိုထင်ရဦးမှာလဲ…”

ချိုက်ချင်က သူမ၏မျက်ခုံးကြားရှိနေရာကို ပွတ်သပ်လိုက်သည်။ 


"သားတို့နှစ်ယောက်လုံးက မားရဲ့သားလေးတွေပဲလေ...မားက ဘယ်သူ့ကို အပြစ်တင်ရမှာလဲ…”


ရှုနဉ် သူ့ခေါင်းကို ငုံ့လိုက်သည်။ 


သူ စိတ်ဓာတ်ကျသွားသည်ကို သူမ သတိပြုမိသွားသောအခါ ချိုက်ချင်က ပြုံးပြီးပြောလိုက်သည်။


 "ဝမ်းနည်းမနေပါနဲ့ မား သားကို အပြစ်တင်ဖို့ မရည်ရွယ်ထားပါဘူး... မား ပထမဆုံးသိလိုက်ရတဲ့အချိန်တုန်းက ဘာလုပ်ရမှန်းမသိလို့ တုန်လှုပ်သွားသေးတယ်နောက်တော့ မား ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ အကြောင်း နည်းနည်းထပ်လေ့လာကြည့်တော့ တဖြည်းဖြည်းနဲ့ နည်းနည်းပိုနားလည်လာတယ်…”


 "မားရဲ့ သားလေး ပျော်နေသရွေ့ ဘာကိစ္စရှိရမှာလဲ မားက မင်ကျန်းကိုလည်း ပျော်စေချင်တယ် သူ့အတွက် ကလည်း မလွယ်ကူဘူးလေ…”


ရှုနဉ် အံ့အားသင့်သွားပြီး ခေါင်းကို မော့ကြည့်လိုက်မိကာ သူ့မျက်လုံးများကလည်း တဖြည်းဖြည်းနီလာသည်။


 “မား …” 


ချိုက်ချင် သိပြီးသားဖြစ်မည်ဟု သူ မမျှော်လင့်မိခဲ့ပေ။ သူမက ထိတ်လန့်သွားသော်လည်း သူတို့ကို မဆူခဲ့ဘဲ နှောင့်လည်း မနှောင့်ယှက်ခဲ့ပေ။ ထို့အစား သူမက သင်ယူရန်နှင့် နားလည်ရန် နည်းလမ်းကိုသာ ရွေးခဲ့သည်။ ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုရှိသည့် မိဘမျိုးရှိရန်က အမှန်တကယ်ပင် ရှားပါးလွန်းလှသည်။ 


ရှုနဉ် မနေနိုင်ဘဲ ချိုက်ချင်ဆီသို့သွားကာ ပွေ့ဖက်ထားရင်း သူ့ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာသည်။ ချိုက်ချင်က သူ့ကို ပြန်ပွေ့ဖက်ပြီး ပြောလိုက်သည်။

 "မငိုပါနဲ့တော့…သား အသက်က ဘယ်လောက်ရှိပြီ

 ထင်လို့လဲ...”


ရှုနဉ်က မျက်ရည်များကို သုတ်လိုက်ပြီးမေးလိုက်သည်။

 "ပါပါးရော သူလည်းသိတာလား…”


"မား သူ့ကို ပြောပြလိုက်တယ်...သူက နည်းနည်းတော့ ခေတ်နောက်ကျတယ်..ယောင်္ကျားလေးနှစ်ယောက် အတူတူရှိမယ်ဆိုရင် ကလေးယူလို့ရမှာ မဟုတ်ဘူးတဲ့…သူက အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ဝန်လေးနေတယ်…”


ချိုက်ချင်ကပြောလိုက်သည်။ 


"ဒါပေမယ့်၊ သူက သားနဲ့ မင်ကျန်းကို ဆန့်ကျင်တာတော့ မဟုတ်ဘူး...သားတို့မှာကလေးမရှိရင် မင်းတို့ အသက်ကြီးလာတဲ့အခါကျရင် ဂရုစိုက်ပေးမဲ့သူ မရှိမှာကို သူက နည်းနည်း စိတ်ပူနေတာပါ…”


ရှုနဉ်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ…


"ပါပါး က အများကြီးကြိုတွေးနေတာပဲ…”


"ဘယ်လိုလုပ် အများကြီးဖြစ်ရမှာလဲ ဒါက အမှန်ပဲလေ…”

ချိုက်ချင်က ပြောလိုက်သည်။ 


ရှုနဉ် : "တကယ်လို့ သားတို့သာ ကလေးလိုချင်တယ်ဆိုရင် နည်းနည်းလောက် မွေးစားလို့ရတယ်လေ…”


"မွေးစားမှာလား...ဘယ်နှစ်ယောက်လဲ..”

ချိုက်ချင် အံ့သြသွားသည်။ 


ရှုနဉ် : "တစ်ယောက်ဆိုရင် အဆင်ပြေပါတယ်..ဒါပေမယ့် သားက နောက်ထပ်နည်းနည်း မွေးစားချင်သေးတယ်…ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့ မသန်စွမ်း ကလေးနှစ်ယောက်...ကျန်တာတွေကိုတော့ ကျွန်တော်တို့ နောက်ပိုင်းမှပဲ အကုန်ပြောပြမယ်လေ…”


ချိုက်ချင် အံ့သြသွားသည်။ 

"မ…မသန်စွမ်းကလေးတွေလား…”


ရှုနဉ် ခေါင်းညိတ်လိုက်သည်။ 

"မင်ကျန်းက အဲဒါကို တောင်းဆိုခဲ့တာ..ပြီးတော့ ကျွန်တော်လည်း သဘောတူတယ်…အခြေအနေတွေကသာ ခွင့်ပြုမယ်ဆိုရင် မသန်စွမ်းကလေးနှစ်ယောက်ထပ်ပိုပြီး မွေးစားဖြစ်လိမ့်မယ်…”


ချိုက်ချင် ခဏတုံ့ဆိုင်းသွားပြီးနောက် သူမက ပြောလိုက်သည်။

 "ရုပ်ပိုင်းဆိုင်ရာ ရုပ်ပျက်ဆင်းပျက်မရှိတဲ့ ကလေးတွေကိုပဲ မွေးစားဖို့ ဖြစ်နိုင်မလား…”


 ရှုနဉ်က မေးလိုက်သည်။

“ဘာလို့လဲ မား…”


ချိုက်ချင်က ပြောလာသည်။

 "မား သူတို့ကိုတွေ့တိုင်း ကြောက်လန့်ပြီး စိတ်မသက်မသာဖြစ်ရတယ်…”


ရှုနဉ် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်တော့ သူက ပြောလိုက်သည်။

"အချိန်တန်ရင် သားတို့တွေ့ရမှာပဲ… ကံတရားအတိုင်းပဲ ထားလိုက်ကြရအောင်….”


ချိုက်ချင်က ပြောလိုက်သည်။


 "သား သူတို့ကို ကြိုက်ရင် ပိုက်ဆံပေးပြီး တခြားတစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ခိုင်းလို့ရတယ်လေ ဒီလိုရုပ်ပျက်ဆင်းပျက်ဖြစ်တာမျိုးက မားကို တကယ်ကြောက်လန့်သွားစေတယ်... မား ငယ်ငယ်တုန်းက ပြင်းပြင်းထန်ထန် မီးလောင်ခံထားရတဲ့ ကလေးကို မြင်ဖူးတယ်…အဲ့ဒါက မားအတွက် အိပ်မက်ဆိုးကြီးလိုပဲ… ဒါက မှားနေတယ်ဆိုတာကိုလည်း သိပါတယ်…ဒါပေမယ့် ဒါကို မားတို့ နှစ်ယောက်ကြားထဲမှာပဲထားလိုက်ရအောင်ပါ…အဲ့လိုမျိုးတွေကို မား တကယ်ကြောက်တယ်…”


စကားဝိုင်း၏ ခေါင်းစဉ်က ဗီရိုထဲမှ ထွက်လာသည်(gayဖြစ်ကြောင်း come outလုပ်သည်)မှ ကလေးများကို ပြုစုပျိုးထောင်ခြင်းဆီသို့ ရောက်သွားခဲ့သည်။ ရှုနဉ်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ 


"ဟုတ်ပါပြီ…”


ရှုနဉ်က သူ အဆုံးသတ်ရန်အတွက် တစ်နှစ်ပတ်လုံး ပြင်ဆင်နေခဲ့သည့်တိုက်ပွဲက စတောင် မစလိုက်ရမည်ကို သူ မမျှော်လင့်ခဲ့မိပေ။ သူ စိုးရိမ်နေခဲ့သော အတားအဆီးများက သူ့စိတ်ကူးထဲတွင်သာ ရှိတော့သည် ။ 


ဒိီလိုဖြစ်နေမှတော့ ငါ ဘာလို့များ ရုန်းကန်နေရဦးမှာလဲ….


သူက ဝေ့မင်ကျန်းကိုဖုန်းဆက်ပြီး သူတို့၏ ဆက်ဆံရေးအကြောင်း ချိုက်ချင်ကို ရှင်းရှင်းလင်းလင်းပြောပြလိုက်ပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ ဝေ့မင်ကျန်း၏ အသက်ရှုသံများ မြန်လာပြီး ရှားရှားပါးပါး တုန်လှုပ်ချောက်ချားမှုကို ထုတ်ဖော်ပြသလာသည်။ 


"မား ဘာပြောသေးလဲ...”


ရှုနဉ် ရယ်မောလိုက်သည်။ 

"မှန်းကြည့်လေ…”


ဝေ့မင်ကျန်းက အမြဲလိုလို ယုံကြည်မှုရှိနေတတ်ပြီး သူ့အား မည်သည့်အရာကမှ ဒုက္ခပေးနိုင်မည် မဟုတ်ပေ။ သူ့ကို ယခုမှစပြီး စိတ်လှုပ်ရှားအောင် လုပ်ရမည်မှာ တကယ့်ကို ကောင်းလှသည်။


ဝေ့မင်ကျန်း ရုတ်တရက် ရယ်မောလိုက်သည်။ 

"ကြည့်ရတာ အဆင်ပြေသွားပုံပဲ…”


ရှုနဉ်: "အာာာ၊ မင်းဘယ်လိုလုပ်သိတာလဲ…”


ဝေ့မင်ကျန်း: "မင်းရဲ့အသံကို နားထောင်ပြီးတော့လေ…”


ရှုနဉ်: "..." 


ထိုအရာက တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းသိနေကြသည့် စုံတွဲ၏ အားနည်းချက်ပင်ဖြစ်သည်။ 


ဘာမှ ဖုံးကွယ်ထားလို့ကို မရဘူး….


တစ်ဖက်သား တွေးနေသည့်အရာကို သူတို့အမြဲသိနေသည်။ မည်သည့် သည်းထိတ်ရင်ဖိုမှ မရှိပေ။ 


ရှုနဉ်- "မင်းမသိသလို ဟန်ဆောင်ပြီး ငါနဲ့လိုက်ကစားပေးလို့မရဘူးလား..”


ဝေ့မင်ကျန်း: "ကောင်းပြီ…”


သူ့အသံနေအသံထားကို ချိန်ညှိပြီး ကြောက်ရွံ့နေဟန်ဆောင်လိုက်သည်။

 "ငါထင်တာတော့ မား စိတ်ဆိုးနေပြီထင်တယ်...”


ရှုနဉ်က ပြောလိုက်သည်။

"ဟမ့် မင်းထင်တာ မှားသွားပြီ... မားက ငါတို့ရဲ့ဆက်ဆံရေးအကြောင်းကို ဟိုးအရင်ကထဲက သိပြီးသား…”


ဝေ့မင်ကျန်းက အံ့ဩတကြီး ပြောလာသည်။

 "ဝိုး ဒါက အရမ်းမိုက်တယ်။ မားက အရမ်းတော်တာပဲ..”


ရှုနဉ် ခဏရယ်လိုက်သည်။ ထိုစကားဝိုင်းလေးက ကလေးဆန်ပြီး မည်သည့်အဓိပ္ပါယ်မျှ ရှိမနေဟု သူခံစားမိလိုက်သည်။ သို့သော်လည်း သူက ဝေ့မင်ကျန်းနှင့် ဤကဲ့သို့ အဓိပ္ပာယ်မဲ့သော စကားများ မကြာခဏ ပြောတတ်သည်။သူတို့သာ သတိမထားမိလျှင် တစ်နာရီလုံး ထိုသို့ စကားပြောရင်း ပြီးသွားတတ်သည်။ ဝေ့မင်ကျန်းက သူ့ကို နောက်တစ်ကြိမ် မေးလာသည်။


"ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး…”


ရှုနဉ် စိတ်အားတက်ကြွမှု အပြည့်ဖြစ်နေသည်။

 "ဒီတော့ ဒီနေ့က သာယာလှပပြီး နေသာတဲ့ နေ့လေးတစ်နေ့ဖြစ်နေတယ်…ကောင်းကင်ကြီးကလဲ ကြည်လင်နေပြီး လေပြည်လေးညှင်းလေးတွေကလဲ အေးမြတယ်…ငါ မင်းအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကို တကယ်လုပ်ခဲ့တယ်…”


ဝေ့မင်ကျန်းကလည်း သူနှင့်အတူ လိုက်ကစားပေးခဲ့သည်။ 

“အံ့ဩစရာပဲ...တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ…”


ရှုနဉ်က သူတို့ စကားပြောဆိုခဲ့ပုံအကြောင်းကို အသေးစိတ်ပြောပြခဲ့သည်။ ထို့နောက် ဝေ့မင်ကျန်းက ပြောလိုက်သည်။

“မားက အကောင်းဆုံးပဲ...”


နှစ်ယောက်သား ခဏတာခန့် တောင်စဉ်ရေမရ စကားများ ပြောဆိုနေမိကြသည်။ ထို့နောက် ရှုနဉ်က ချီတုံချတုံဖြင့် မေးလိုက်သည်။

"ဝေ့မိသားစုကရော ... ငါတို့အကြောင်း သိသွားပြီလား…”


"သူတို့ မသိသေးဘူး…”

ရှုနဉ် အနည်းငယ် စိတ်ပျက်သွားသည်။ 


"ဟုတ်လား…”


"သူတို့ကရော ငါတို့ရဲ့ဆက်ဆံရေးကို သဘောတူပါ့မလား…”

သူ စိုးရိမ်နေမိသည်။ 


ဝေ့မင်ကျန်းက သူ ထူးဆန်းနေသည်ကို သိသွားသည်။ "ဘာလို့ သူတို့ကို သဘောတူစေချင်တာလဲ…”


ရှုနဉ်လည်း ဤမေးခွန်းကြောင့် အံ့အားသင့်သွားသည်။ "ငါက ဘာလို့သူတို့သဘောမတူစေချင်ရမှာလဲ…”


ဝေ့မင်ကျန်းကတုံ့ပြန်လိုက်သည်။

 "ငါက မင်းကိုပဲ ချစ်မယ်လို့ ဆုံးဖြတ်ပြီးပြီ…သူတို့ ကန့်ကွက်ရင်တောင်မှ ကိစ္စမရှိပါဘူး…စိတ်မပူပါနဲ့ သူတို့ သဘောတူလိမ့်မယ်…”


သူတို့ အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ဖုန်းချလိုက်ကြသည်။


ရှုနဉ် အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း ငေးမောနေသည်။ သူ အမှန်တကယ် စိတ်ပူနေခဲ့သည်။ ဝေ့မင်ကျန်းက သူ့ မိသားစုနှင့် ကွဲပြားသည်။ ဝေ့မိသားစုက အိမ်ထောင်ပြုရန် စီစဉ်ပေးတတ်သော မိသားစုမျိုးဖြစ်၏။ ထိုမိသားစုက ချစ်သူရည်းစားဆက်ဆံရေးလေး တစ်ခုကပင် သတင်းပေါ်တွင်ပါလာခြင်းဖြင့် အဆုံးသတ်သွားနိုင်သည့် မိသားစုတစ်ခုဖြစ်သည်။ အကယ်၍ သတင်းခေါင်းစဉ်ထဲတွင် ဝေ့မင်ကျန်း၏ ချစ်သူက ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့ပါက သတင်းစာတိုင်း၏ ရှေ့စာမျက်နှာဖုံးတွင် ခေါင်းစီးသတင်း ဖြစ်လာရန် သေချာသည်။ 


ထို့အပြင် အခြားသော စိတ်ဝင်စားမှုများစွာလည်း ရှိနေသေးသည်။ ပင်မအိမ်တော်က ဝေ့မင်ကျန်းကို ရည်းစားကောင်လေးရှိသည်ကို ခွင့်ပြုရန် မဖြစ်နိုင်ပေ။ 


ယခုတွင်မူ အားလုံးက ဝေ့မင်ကျန်းနှင့်သာ သက်ဆိုင်တော့သည်။ 


ရှုနဉ် ခုတင်ပေါ်တွင် လူးလှိမ့်နေရင်း ဝေ့မင်ကျန်း အိပ်လေ့ရှိသည့် ကုတင်ဘက်ခြမ်းသို့ လှိမ့်သွားလိုက်သည်။ သူက ခေါင်းအုံးတစ်လုံးကို ပွေ့ဖက်ရင်း ဝေမင်ကျန်း ပြန်လာသည်ဟု ဟန်ဆောင်ထင်မှတ်လိုက်ရင်း အိပ်ပျော်သွားသည်။


ထိုတစ်ပတ်၏ ပိတ်ရက်တွင် ဝေ့မင်ကျန်းက ရှုနဉ်အား သူတွင် လုပ်စရာရှိ၍ ပြန်မလာဖြစ်တော့ကြောင်း ပြောခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ဝေ့မင်ကျန်းက ရှုနဉ်ကို သူ့မိသားစုအား သူတို့၏ဆက်ဆံရေးအကြောင်း ပြောပြခဲ့ပြီး အတားအဆီးများ ရှင်းသွားပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ 


ရှုနဉ် အလွန်ပင် အံ့ဩသွားသည်။ ဝေ့မင်ကျန်း၏ ရှုပ်ထွေးသော မိသားစုအခြေအနေကြောင့် ထိုပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မည်ဟု တွေးကြည့်ရန်မှာ သူ့အတွက် ခက်ခဲလွန်းလှသည်။ 


"မင်း သူတို့ကို ဘယ်လို စည်းရုံးခဲ့တာလဲ…”


 "ဒါက ရိုးရိုးလေးပါပဲ… ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အရပဲလေ …”


ရှုနဉ် အံ့သြသွားသည်။ 

"ဟင်...’”


“အဘွားနဲ့ အဘိုးက ငါ့ကို သဘောကျတယ်လေ…မိသားစုရဲ့ ဒုတိယနှင့် တတိယအိမ်တော်ခွဲက လူတွေက ဒီကိစ္စကို အမြဲတမ်း စိုးရိမ်နေခဲ့တာ ... အခုငါထုတ်ပြောလိုက်တာက သူတို့အတွက်ကောင်းတဲ့ကိစ္စပဲဆိုတော့ သူတို့က ငါ့ဘက်က နေပေးကြတယ်…”


ရှုနဉ်: "အို...”


ဝေ့မင်ကျန်းက ဆက်ပြောလိုက်သည်။

"ငါ့ပါးပါးရဲ့ ဇနီးဟောင်းမှာ ကလေးနှစ်ယောက်ရှိတယ် ပြီးတော့ သူ့မှာ တရားမ၀င်ကလေးတစ်ယောက်လည်း ရှိတယ်လေ..သူ ငါ့ကို လုံးဝသဘောမကျတဲ့အတွက် ဗီရိုထဲက ထွက်လာတာဖြစ်ဖြစ် မထွက်လာတာဖြစ်ဖြစ် အရေးမကြီးဘူး… သူ့ဂုဏ်သိက္ခာနဲ့ သူ့ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကိုပဲ သူဂရုစိုက်တာ… ငါသူ့ကို အကျိုးအမြတ် နည်းနည်းလောက် ပေးလိုက်တာနဲ့ သူက ငါတို့ဆက်ဆံရေးကို ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူပေးလိုက်တယ်…”


"ငါ့မာမားကတော့ တကယ်ကို စိတ်ပူနေခဲ့တာ... နောက်ဆုံးတော့ ငါက သူ့ရဲ့ တစ်ဦးတည်းသောသားပဲလေ... ငါ သူ့ကို အချိန်တော်တော်ကြာအောင် စည်းရုံးခဲ့ရတယ်... အခုတော့ သူ ကွာရှင်းလိုက်ပြီ…”


ရှုနဉ် အလွန်တုန်လှုပ်သွားပြီး အော်ဟစ်လုမတတ်ပင်။ 


"ဘာ ကွာရှင်းလိုက်တာလား…”


ယခင်ကမူ မဒမ်ဝေ့က မကွာရှင်းရန် ဆုံးဖြတ်ထားခဲ့သည်။ ဝေ့မင်ကျန်းကပြောလိုက်သည်။


 "ဟုတ်တယ်..သူက ဝေ့မိသားစုထဲမှာ ဘာပိုင်ဆိုင်မှုမှမရှိဘူး…ပြီးတော့ ပါးကလည်း သူ့ကို မချစ်ဘူးလေ …ဒီနောက်ပိုင်းမှာတောင် သူ ဘာတစ်ခုမှ မရခဲ့ဘူး… သူက ကွာရှင်းရမလား မကွာရှင်းရဘူးလားဆိုပြီး စဉ်းစားနေတာ ကြာပြီ...”


“ငါ သူ့ကို ကွာရှင်းမှုကနေ ပိုင်ဆိုင်မှုတွေ အများကြီးရအောင် ကူညီပေးလိုက်တယ်… ပြီးတော့ သူ့နာမည်နဲ့ကုမ္ပဏီတစ်ခုဖွင့်ပေးမယ်လို့လဲ ကတိပေးလိုက်တယ်…အိုး ငါပြောဖို့မေ့နေတာ... သူ့မှာ လက်မထပ်ခင်က ချစ်သူတစ်ယောက်ရှိတယ်… ငါ သူတို့နှစ်ယောက်ကိုတွေ့ဖို့ စီစဉ်ပေးလိုက်တယ်…အဲ့လိုနဲ့ပဲ သူ ကွာရှင်းပြီး ငါ့ရဲ့လိင်စိတ်ခံယူမှုကို လက်ခံပေးလိုက်တော့တာပဲ...”


ရှုနဉ်:”…..”


အချို့သောအကြောင်းပြချက်များကြောင့် ရှုနဉ်အနည်းငယ် ရှုပ်ထွေးသည်ကို ခံစားလိုက်ရသည်။


ချိုက်ချင်က ဝေ့မင်ကျန်းနှင့် သူ၏ဆက်ဆံရေးအကြောင်း သိသွားသောအခါတွင် တုန်လှုပ်သွားပြီး သံသယများကို ထိန်းထားလိုက်သည်။ သူမက သူ့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် မေးခွန်းထုတ်ခြင်းများ မပြုလုပ်ခဲ့ပေ။ ထိုအစား သူမ ကိုယ်တိုင်သာ တိတ်တိတ်ဆိတ်ဆိတ်နှင့် သုတေသနလုပ်ခဲ့သည်။ သူမက ထိုကိစ္စကို သိရှိသွားပြီး နောက်ဆုံးတွင် ၎င်းကို လက်ခံပေးခဲ့သည်။ သူမ ရှုကျွင်းကိုပင် သူတို့နှစ်ယောက်အား နားလည်လက်ခံလာအောင် ဆွဲဆောင်ခဲ့သေးသည်။


သို့သော်လည်း ဝေမင်ကျန်းကမူ သူ၏ဆက်ဆံရေးကို မိသားစုဝင်များ လက်ခံနိုင်စေရန်အတွက် အပေးအယူများစွာ ပြုလုပ်ခဲ့ရသည်။ ရှုနဉ်ပင် သူ့မိသားစုက တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာမှု ကင်းမဲ့နေသည်ဟု မနေနိုင်မထိုင်နိုင် ခံစားမိသွားသည်။ 


"ဝမ်းနည်းမနေပါနဲ့…”

ဝေ့မင်ကျန်းက သူ တွေးနေသည်များကို သိပုံရသည်။ 


“မားက ဘာမှ ထူးထူးခြားခြား ဆိုးနေတယ်လို့ ငါတော့မထင်ပါဘူး... အရင်က မင်းပြောဖူးသလိုပဲလေ… ငါ့မားက အမှားလုပ်တတ်တဲ့ သာမန်လူတစ်ယောက်ပဲ... သူက သူတော်စင်လည်း မဟုတ်ဘူးလေ… အဲဒါကြောင့် သူက လူဆိုးတစ်ယောက်လို့ရော ငါ့အပေါ် ဆိုးဆိုးရွားရွား တစ်ခုခုကို လုပ်ခဲ့တယ်လို့ရော ငါ မထင်မိပါဘူး..." 


"သူ ငါ့ကို တကယ်ချစ်တယ်ဆိုတာ ငါပြောနိုင်တာမို့ ငါ ဝမ်းနည်းမနေတော့ပါဘူး… ငါက မားကို ငါ့ရဲ့လိင်စိတ်ခံယူချက်ကို အပြုံးလေးနဲ့ပဲ လက်ခံပေးပါလို့တော့ သွားပြောလို့မရဘူးလေ...ငါ တောင်းဆိုတာက အရမ်းလွန်သွားလိမ့်မယ်…”


ရှုနဉ် ဝေ့မင်ကျန်းပြောတာကိုကြားသည်နှင့် သူ့မျက်လုံးများက မျက်ရည်ဝဲလာသည်။ 

"မင်း အဲ့လိုတွေးတာ ကောင်းပါတယ်…”


ထိုကဲ့သို့သော စိတ်ထားမျိုးရှိမှသာလျှင် သူ ပျော်ရွှင်နိုင်မည်ဖြစ်သည်။ ဝေ့မင်ကျန်းက ရှုနဉ်မျှော်လင့်ထားခဲ့သည့်အတိုင်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ သန်မာသည့်လူမျိုး ဖြစ်လာခဲ့သည်။


“မင်းအဘိုးကကော...”

ရှုနဉ်က မေးလိုက်သည်။ ဝေ့မင်ကျန်းက အနာဂတ်တွင် ဝေ့မိသားစု၏ အလုပ်ကို သွားလုပ်မည်ဖြစ်သောကြောင့် ထိုအရာက အတော်လေး အရေးပါလှသည်။ 


"သူ လက်မခံဘူး… ဒါပေမယ့် သူ ငါ့ကိုဘာမှ မလုပ်နိုင်ဘူး…”


ဝေ့မင်ကျန်းက အမှုမဲ့ အမှတ်မဲ့ ပြန်ဖြေလိုက်သည်။ 

“အစကတော့ ငါ့ကို သူ့ရဲ့ အမွေဆက်ခံသူအဖြစ် ပျိုးထောင်ပေးဖို့ စီစဉ်ခဲ့တာ… သူက ငါ့အတွက် ဖြစ်နိုင်ချေရှိတဲ့ အိမ်ထောင်ဖက်လောင်းတွေကိုလည်း ရှာနေပေမယ့် အခုအချိန်မှာတော့ အဲ့ဒါတွေအကုန်လုံး အငွေ့ပျံသွားပြီလေ… လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ငါ့ကိုတွေ့တိုင်း ကြိမ်းမောင်းနေတာပဲ…”


ရှုနဉ် သူ့ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ 

"သူ... မင်းကို သူ့ရဲ့ အမွေဆက်ခံသူအဖြစ် ပျိုးထောင်ပေးချင်နေတာလား…”


 ဝေ့မင်ကျန်း ရယ်မောလိုက်သည်။ 

"အဲ့ကိစ္စက ပုံစံတောင် မပေါ်သေးပါဘူး... မင်းက ဘာတွေစိုးရိမ်နေတာလဲ… ငါက အဲ့လို အခြေအမြစ်မရှိတဲ့ကိစ္စအတွက် မင်းကို တကယ်လက်လျှော့လိုက်မယ်လို့ ထင်နေတာလား… ပြီးတော့ ဝေ့မိသားစုအတွက်နဲ့ အရာအားလုံးကို လက်လွှတ်ပေးဖို့ကရော တန်လို့လား…”


စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဝေ့မင်ကျန်းက က နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

"မင်းက ငါ့အတွက် အရေးကြီးဆုံးပဲ…ငါက ငါလိုချင်တာ ကို အတိအကျသိတယ်…”


ဝေ့မင်ကျန်းက ဤကဲ့သို့ ချစ်စဖွယ်

စကားမျိုး ပြောခဲလှသည်။ ထိုသို့ ပြောလိုက်သည့်အချိန်တိုင်း သူ့အား ထူးခြားသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ 


ဥပမာအားဖြင့် ယခုအချိန်တွင် ရှုနဉ်၏နှလုံးသားကို နွေးထွေးသော အမွေးနုလေးများဖြင့် ဝန်းရံထားသကဲ့သို့ ခံစားလိုက်ရပြီး ထိုအရာက အလွန့်အလွန်နူးညံ့သည်ဟု ခံစားနေရသည်။ 

အထက်တန်းကျောင်းပြီးဆုံးသည့်ပွဲတွင်...


မျက်စိတစ်မှိတ်အတွင်းမှာပင် အထက်တန်းကျောင်းပြီးဆုံးသည့် အချိန်ရောက်လာပြီဖြစ်သည်။ 


ရှုနဉ်က စာကို ကြိုးစားပမ်းစား မလေ့လာခဲ့ပေ။ 


သူ့အဆင့်များက ပျမ်းမျှထက် အနည်းငယ်သာ ပိုသာသည်။ ယခု သူ တက္ကသိုလ်ဝင်ခွင့် လျှောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။


မူလက သူ့အိမ်နှင့်နီးသော မြို့ထဲရှိကျောင်းကိုသာ လျှောက်ထားရန် စီစဉ်ခဲ့သော်လည်း ဝေ့မင်ကျန်း လာရသည့် အသွားအပြန်ခရီးကို စဉ်းစားပြီးသည့်နောက် ပေကျင်းတွင်သာ ကျောင်းတက်ရန် ဆုံးဖြတ်ခဲ့သည်။


ဝေ့မင်ကျန်းက ပြောလာ၏။

 "ငါ ချူကျိုးက တက္ကသိုလ်ကိုပဲ လျှောက်လိုက်တော့မယ်…”


ရှုနဉ် ထိတ်လန့်သွားသည်။ ဝေ့မင်ကျန်း၏ အဆင့်နှင့် အရည်အချင်းများကို သူသိသည်။ ချူကျိုးတက္ကသိုလ်ကို လျှောက်ထားသည်က သူ့အတွက် ဖြုန်းတီးမှုပင်။ ထို့အပြင် သူသာ ချူကျိုးသို့ လာပါက ဝေ့မိသားစုနှင့် ဝေးကွာနေမည်ဖြစ်၍ သူ့အတွက် အများကြီး ဆုံးရှုံးသွားဖွယ်ရှိသည်။


 "မဟုတ်ဘူး ငါ ပေကျင်းမှာရှိတဲ့ တက္ကသိုလ်တစ်ခုကိုပဲ လျှောက်လိုက်မယ်…"


"မဟုတ်ဘူး၊ ငါဆုံးဖြတ်ပြီးပြီ…”

ဝေ့မင်ကျန်းက အခိုင်အမာပြောလိုက်သည်။ 

"ငါပြန်လာပြီး မင်းနဲ့အတူရှိချင်တယ်…”


ရက်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက်တွင် သူတို့နှစ်ဦး ဒေသရှိ အကျော်ကြားဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော ချူကျိုးတက္ကသိုလ်ကို လျှောက်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံအဆင့်တက္ကသိုလ်များနှင့် ယှဉ်လျှင် ထိုတက္ကသိုလ်က အမှန်ပင် အထင်ကြီးစရာ မရှိပေ။


ဝေ့မင်ကျန်းက ဘဏ္ဍာရေးဘာသာရပ်ကို အဓိကရွေးချယ်ခဲ့သည်။ ထိုအချိန်တွင် ရှုနဉ်က ပျင်းရိကာ ဂျာမန်ဘာသာမေဂျာကိုသာ ရွေးချယ်ခဲ့သည်။ 


ဝမ်ရှန်ရှန် အမှန်ပင် နားမလည်နိုင် ဖြစ်သွားရသည်။ သူက ပေကျင်းဒရာမာ အကယ်ဒမီသို့ တက်ရောက်ခဲ့သည်။ သူက ပေကျင်းတွင် မင်ကျန်းကောနှင့် ဆက်သွယ်ပြီး သူ့အင်္ကျီစကိုဆွဲကာ ဒါရိုက်တာတစ်ယောက် ဖြစ်လာရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူဆွဲရမည့် အင်္ကျီစက ပြေးထွက်သွားခဲ့သည်။ ဝမ်းနည်းမျက်ရည်ကျရုံမှတပါး သူ အခြားအရာများ မလုပ်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် စုန့်နျန်က ပေကျင်းရှိတက္ကသိုလ်ကောင်းတစ်ခုသို့ တက်ရောက်ခွင့်ရခဲ့ပြီး စာရင်းကိုင်ပညာကို လေ့လာခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုး နိုင်မည်ဖြစ်သည်။ 


လုံချောင်၏ အဆင့်များက အလွန်ဆိုးရွားသောကြောင့် သူတက်နိုင်သည့်တစ်ခုတည်းသော ကောလိပ်မှာ အငယ်တန်းကောလိပ်လေးသာဖြစ်သည်။ သူ့မိသားစုက သူ့ကို အတန်းပြန်တက်စေချင်သော်လည်း သူက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ ထိုအစား သူက အချက်အပြုတ်ကျောင်းတက်ပြီး သူ့အမေကို မျက်ရည်ကျအောင် လုပ်ခဲ့သည်။ သူ့အမေက လုံချောင်ကို ဘာလုပ်ရမည်မှန်းမသိဖြစ်ကာ အလွန် ငိုနေသောကြောင့် ဝေ့မင်ကျန်းက သူ့ကို နိုင်ငံခြားရှိ အချက်အပြုတ်ကျောင်းသို့ ပို့လိုက်သည်။ လုံချောင်၏ အမေလည်း ငိုယိုနေခြင်းကို ရပ်တန့်သွားသည်။ 


လုံချောင်က "ဘာကြောင့်လဲ"ဟု မေးသောအခါ ဝေ့မင်ကျန်းက ပြောလိုက်သည်။


 "အဲဒီတုန်းက ပေးခဲ့တဲ့ အဝတ်အစားတွေအတွက် အဖွားလီကို ငါ ပြန်ပေးဆပ်တာပါ…”


လုံချောင် တွေဝေသွားသည်။ 


ရှုနဉ် အလွန်ပင် ခံစားသွားရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့မင်ကျန်းက ထိုအချိန်က အရာအားလုံးကို မှတ်မိနေသေးသည်။ ဝေ့မင်ကျန်းက လုံချောင်ကို ဂရုမစိုက်ဟု သူ ခံစားခဲ့ရဖူးသော်လည်း ယခုတွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က အဘွားလီက ဝေ့မင်ကျန်းကို အဝတ်အစားတချို့ ပေးခဲ့သော်လည်း လုံချောင်က ထိုအဝတ်များကို ပြန်ပေးခိုင်းခဲ့သည်။ ဝေ့မင်ကျန်းက ထိုကိစ္စကို အမြဲမှတ်မိနေခဲ့သည်။ သူသာ အနည်းငယ် ပို၍ ရန်လိုနေခဲ့မည်ဆိုပါက လုံချောင်ကို လက်စားချေ၍ ရနိုင်သည်။ ဝေ့မင်ကျန်းက အရာအားလုံးကို မှတ်မိသော်လည်း သူ့ဒေါသကို ဘေးဖယ်ထားပြီး ခွင့်လွှတ်ပေးခဲ့သည်။


နောက်ပိုင်းတွင်တော့…


ရှုနဉ်၏ ရည်ရွယ်ချက်မှာ ပေါ့ပေါ့ပါးပါးနေရန်သာ ဖြစ်သောကြောင့် သူက ဂျာမန်ဘာသာကို လေ့လာရန် ရွေးချယ်ခဲ့သည်။ သူ့အတန်းကိုလည်း လွန်စွာ အလေးအနက်မထားခဲ့ပေ။ သူ့အရည်အချင်းက ဆရာတစ်ယောက် ဖြစ်လာရန် လုံလောက်နေပြီဖြစ်သည်။ 


သူက ကျောင်းတက်နေစဉ်အတွင်း ဖောင်ဒေးရှင်းလေးတစ်ခုကို ထူထောင်ခဲ့သည်။ ၎င်း၏ အဓိက ရင်းနှီးမြှုပ်နှံသူက ဝေ့မင်ကျန်း ဖြစ်သည်။ 


ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးရန်နှင့် မသန်စွမ်းကလေးငယ်များအား အကူအညီများပေးရန်ဖြစ်သည်။ မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်ရန်လည်း စီစဉ်နေပြီး ကလေးသူငယ်များ ထပ်မံပျိုးထောင်ပေးရန်လည်း စီစဉ်လျက်ရှိသည်။


ချိုက်ချင်နှင့် စကားပြောပြီးနောက်တွင် ချိုက်ချင်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး တတ်သိနားလည်သူတစ်ဦးကလည်း မသန်စွမ်းကလေးများအပေါ် ကြောက်ရွံ့မှုများ ရှိနေနိုင်သည်ကို သူ နားလည်ခဲ့သည်။ သူက ထိုကလေးများ နေ့စဉ်ခံစားနေရသည့် ကုသမှုများကို စိတ်ကူး၍သာ ကြည့်နိုင်သည်။ 


မည်သို့ပင်ဆိုစေကာမူ သူ့တွင် ထို့ထက် ပိုကောင်းသည့် လုပ်စရာလည်း ရှိနေသည် မဟုတ်ပေ။ အိမ်တွင်းအကြမ်းဖက်ခံရသူများ၊ မသန်စွမ်းကလေးများအတွက် သူ့ ကြိုးပမ်းအားထုတ်မှုများက အနည်းငယ်အကူအညီပေးနိုင်မည်ဟုသာ မျှော်လင့်ထားနိုင်သည်။ 


မမျှော်လင့်ဘဲ ဖောင်ဒေးရှင်းက ချူကျိုးတက္ကသိုလ်မှ ကျောင်းသားများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သည်။ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ အားလုံးမှ အလှူငွေများ လှူဒါန်းခဲ့ပြီး အကူအညီပေးသော စေတနာ့ဝန်ထမ်းများလည်း ရှိလာသည်။ ကောလိပ်ကျောင်းသားများက ဘဝ၏ ဖိအားများကို မတွေ့ကြုံရသေးသောကြောင့် ဖြစ်နိုင်သည်။ သူတို့ထံတွင် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်အပြည့်ရှိသောကြောင့် သူတို့က ပို၍တက်ကြွလာကြသည်။ 


တစ်နေ့တွင် သူ၏ဖောင်ဒေးရှင်းကို ပိုမိုကောင်းမွန်လာစေရန် အကောင်အထည်ဖော်နိုင်မည်ပင် ဖြစ်သည်။


Story ends. 💖


( ရှုနဉ်နဲ့ ဝေ့မင်ကျန်းတို့ရဲ့ ချစ်စရာ‌ဇာတ်လမ်းလေးက ဒီမှာပဲ ပြီးသွားခဲ့ပါပြီရှင့် အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်novelတွေမှာ ပြန်တွေ့ကြမယ်နော် 💖 )