End of Story [STTA]
•Extra အဆက်
အထက်တန်းကျောင်းပြီးဆုံးသည့်ပွဲတွင်...
မျက်စိတစ်မှိတ်အတွင်းမှာပင် အထက်တန်းကျောင်းပြီးဆုံးသည့် အချိန်ရောက်လာပြီဖြစ်သည်။
ရှုနဉ်က စာကို ကြိုးစားပမ်းစား မလေ့လာခဲ့ပေ။
သူ့အဆင့်များက ပျမ်းမျှထက် အနည်းငယ်သာ ပိုသာသည်။ ယခု သူ တက္ကသိုလ်ဝင်ခွင့် လျှောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
မူလက သူ့အိမ်နှင့်နီးသော မြို့ထဲရှိကျောင်းကိုသာ လျှောက်ထားရန် စီစဉ်ခဲ့သော်လည်း ဝေ့မင်ကျန်း လာရသည့် အသွားအပြန်ခရီးကို စဉ်းစားပြီးသည့်နောက် ပေကျင်းတွင်သာ ကျောင်းတက်ရန် ဆုံးဖြတ်ခဲ့သည်။
ဝေ့မင်ကျန်းက ပြောလာ၏။
"ငါ ချူကျိုးက တက္ကသိုလ်ကိုပဲ လျှောက်လိုက်တော့မယ်…”
ရှုနဉ် ထိတ်လန့်သွားသည်။ ဝေ့မင်ကျန်း၏ အဆင့်နှင့် အရည်အချင်းများကို သူသိသည်။ ချူကျိုးတက္ကသိုလ်ကို လျှောက်ထားသည်က သူ့အတွက် ဖြုန်းတီးမှုပင်။ ထို့အပြင် သူသာ ချူကျိုးသို့ လာပါက ဝေ့မိသားစုနှင့် ဝေးကွာနေမည်ဖြစ်၍ သူ့အတွက် အများကြီး ဆုံးရှုံးသွားဖွယ်ရှိသည်။
"မဟုတ်ဘူး ငါ ပေကျင်းမှာရှိတဲ့ တက္ကသိုလ်တစ်ခုကိုပဲ လျှောက်လိုက်မယ်…"
"မဟုတ်ဘူး၊ ငါဆုံးဖြတ်ပြီးပြီ…”
ဝေ့မင်ကျန်းက အခိုင်အမာပြောလိုက်သည်။
"ငါပြန်လာပြီး မင်းနဲ့အတူရှိချင်တယ်…”
ရက်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက်တွင် သူတို့နှစ်ဦး ဒေသရှိ အကျော်ကြားဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော ချူကျိုးတက္ကသိုလ်ကို လျှောက်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံအဆင့်တက္ကသိုလ်များနှင့် ယှဉ်လျှင် ထိုတက္ကသိုလ်က အမှန်ပင် အထင်ကြီးစရာ မရှိပေ။
ဝေ့မင်ကျန်းက ဘဏ္ဍာရေးဘာသာရပ်ကို အဓိကရွေးချယ်ခဲ့သည်။ ထိုအချိန်တွင် ရှုနဉ်က ပျင်းရိကာ ဂျာမန်ဘာသာမေဂျာကိုသာ ရွေးချယ်ခဲ့သည်။
ဝမ်ရှန်ရှန် အမှန်ပင် နားမလည်နိုင် ဖြစ်သွားရသည်။ သူက ပေကျင်းဒရာမာ အကယ်ဒမီသို့ တက်ရောက်ခဲ့သည်။ သူက ပေကျင်းတွင် မင်ကျန်းကောနှင့် ဆက်သွယ်ပြီး သူ့အင်္ကျီစကိုဆွဲကာ ဒါရိုက်တာတစ်ယောက် ဖြစ်လာရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူဆွဲရမည့် အင်္ကျီစက ပြေးထွက်သွားခဲ့သည်။ ဝမ်းနည်းမျက်ရည်ကျရုံမှတပါး သူ အခြားအရာများ မလုပ်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် စုန့်နျန်က ပေကျင်းရှိတက္ကသိုလ်ကောင်းတစ်ခုသို့ တက်ရောက်ခွင့်ရခဲ့ပြီး စာရင်းကိုင်ပညာကို လေ့လာခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုး နိုင်မည်ဖြစ်သည်။
လုံချောင်၏ အဆင့်များက အလွန်ဆိုးရွားသောကြောင့် သူတက်နိုင်သည့်တစ်ခုတည်းသော ကောလိပ်မှာ အငယ်တန်းကောလိပ်လေးသာဖြစ်သည်။ သူ့မိသားစုက သူ့ကို အတန်းပြန်တက်စေချင်သော်လည်း သူက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ ထိုအစား သူက အချက်အပြုတ်ကျောင်းတက်ပြီး သူ့အမေကို မျက်ရည်ကျအောင် လုပ်ခဲ့သည်။ သူ့အမေက လုံချောင်ကို ဘာလုပ်ရမည်မှန်းမသိဖြစ်ကာ အလွန် ငိုနေသောကြောင့် ဝေ့မင်ကျန်းက သူ့ကို နိုင်ငံခြားရှိ အချက်အပြုတ်ကျောင်းသို့ ပို့လိုက်သည်။ လုံချောင်၏ အမေလည်း ငိုယိုနေခြင်းကို ရပ်တန့်သွားသည်။
လုံချောင်က "ဘာကြောင့်လဲ"ဟု မေးသောအခါ ဝေ့မင်ကျန်းက ပြောလိုက်သည်။
"အဲဒီတုန်းက ပေးခဲ့တဲ့ အဝတ်အစားတွေအတွက် အဖွားလီကို ငါ ပြန်ပေးဆပ်တာပါ…”
လုံချောင် တွေဝေသွားသည်။
ရှုနဉ် အလွန်ပင် ခံစားသွားရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့မင်ကျန်းက ထိုအချိန်က အရာအားလုံးကို မှတ်မိနေသေးသည်။ ဝေ့မင်ကျန်းက လုံချောင်ကို ဂရုမစိုက်ဟု သူ ခံစားခဲ့ရဖူးသော်လည်း ယခုတွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က အဘွားလီက ဝေ့မင်ကျန်းကို အဝတ်အစားတချို့ ပေးခဲ့သော်လည်း လုံချောင်က ထိုအဝတ်များကို ပြန်ပေးခိုင်းခဲ့သည်။ ဝေ့မင်ကျန်းက ထိုကိစ္စကို အမြဲမှတ်မိနေခဲ့သည်။ သူသာ အနည်းငယ် ပို၍ ရန်လိုနေခဲ့မည်ဆိုပါက လုံချောင်ကို လက်စားချေ၍ ရနိုင်သည်။ ဝေ့မင်ကျန်းက အရာအားလုံးကို မှတ်မိသော်လည်း သူ့ဒေါသကို ဘေးဖယ်ထားပြီး ခွင့်လွှတ်ပေးခဲ့သည်။
နောက်ပိုင်းတွင်တော့…
ရှုနဉ်၏ ရည်ရွယ်ချက်မှာ ပေါ့ပေါ့ပါးပါးနေရန်သာ ဖြစ်သောကြောင့် သူက ဂျာမန်ဘာသာကို လေ့လာရန် ရွေးချယ်ခဲ့သည်။ သူ့အတန်းကိုလည်း လွန်စွာ အလေးအနက်မထားခဲ့ပေ။ သူ့အရည်အချင်းက ဆရာတစ်ယောက် ဖြစ်လာရန် လုံလောက်နေပြီဖြစ်သည်။
သူက ကျောင်းတက်နေစဉ်အတွင်း ဖောင်ဒေးရှင်းလေးတစ်ခုကို ထူထောင်ခဲ့သည်။ ၎င်း၏ အဓိက ရင်းနှီးမြှုပ်နှံသူက ဝေ့မင်ကျန်း ဖြစ်သည်။
ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ အိမ်တွင်းအကြမ်းဖက်မှုကို တားဆီးရန်နှင့် မသန်စွမ်းကလေးငယ်များအား အကူအညီများပေးရန်ဖြစ်သည်။ မိဘမဲ့ဂေဟာတစ်ခု ဖွင့်လှစ်ရန်လည်း စီစဉ်နေပြီး ကလေးသူငယ်များ ထပ်မံပျိုးထောင်ပေးရန်လည်း စီစဉ်လျက်ရှိသည်။
ချိုက်ချင်နှင့် စကားပြောပြီးနောက်တွင် ချိုက်ချင်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး တတ်သိနားလည်သူတစ်ဦးကလည်း မသန်စွမ်းကလေးများအပေါ် ကြောက်ရွံ့မှုများ ရှိနေနိုင်သည်ကို သူ နားလည်ခဲ့သည်။ သူက ထိုကလေးများ နေ့စဉ်ခံစားနေရသည့် ကုသမှုများကို စိတ်ကူး၍သာ ကြည့်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် ထို့ထက် ပိုကောင်းသည့် လုပ်စရာလည်း ရှိနေသည် မဟုတ်ပေ။ အိမ်တွင်းအကြမ်းဖက်ခံရသူများ၊ မသန်စွမ်းကလေးများအတွက် သူ့ ကြိုးပမ်းအားထုတ်မှုများက အနည်းငယ်အကူအညီပေးနိုင်မည်ဟုသာ မျှော်လင့်ထားနိုင်သည်။
မမျှော်လင့်ဘဲ ဖောင်ဒေးရှင်းက ချူကျိုးတက္ကသိုလ်မှ ကျောင်းသားများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သည်။ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ အားလုံးမှ အလှူငွေများ လှူဒါန်းခဲ့ပြီး အကူအညီပေးသော စေတနာ့ဝန်ထမ်းများလည်း ရှိလာသည်။ ကောလိပ်ကျောင်းသားများက ဘဝ၏ ဖိအားများကို မတွေ့ကြုံရသေးသောကြောင့် ဖြစ်နိုင်သည်။ သူတို့ထံတွင် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်အပြည့်ရှိသောကြောင့် သူတို့က ပို၍တက်ကြွလာကြသည်။
တစ်နေ့တွင် သူ၏ဖောင်ဒေးရှင်းကို ပိုမိုကောင်းမွန်လာစေရန် အကောင်အထည်ဖော်နိုင်မည်ပင် ဖြစ်သည်။
Story ends. 💖
ရှုနဉ်နဲ့ ဝေ့မင်ကျန်းတို့ရဲ့ ချစ်စရာဇာတ်လမ်းလေးက ဒီမှာပဲ ပြီးသွားခဲ့ပါပြီရှင့် အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်novelတွေမှာ ပြန်တွေ့ကြမယ်နော် 💖
TRANSLATED BY - IQ TEAM
THANKS ❤️