Chapter 114
ဖွင့်ပြောခြင်း
အစပိုင်းတွင် ရှုနဉ်က သူနှင့် ဟာသလုပ်နေခြင်းသာဖြစ်ပြီး ယခုတွင်မူ ဝေ့မင်ကျန်းသာ သူနှင့် တွဲမကစားပါက ရှုနဉ် ဟာသလုပ်နိုင်တော့မည် မဟုတ်ပေ။ သူ ထိုလူကို ရန်မစရဲသည်မှာ သိသာသည်။ သူ၏ပုံစံက ခေါင်းဆောင်တစ်ဦးနှင့်တူနေသည်။ သူက အန္တရာယ်ရှိသည့် သားရဲတစ်ကောင်ကဲ့သို့ပင်။ သူ့ကိုမြင်သောအခါ လူအများ၏ တုံ့ပြန်မှုက ပြေးရန် သို့မဟုတ် သူ့ကို ရှောင်ကြဥ်ရန်သာဖြစ်ပြီး မည်သူကမှ သူ့ကို ပွေ့ဖက်ရန် သို့မဟုတ် စနောက်ရန် ဘယ်သောအခါမှ အလျင်စလို လုပ်မည်မဟုတ်ပေ။
ယခု သူတို့နှစ်ယောက် ဟာသလုပ်နေရသည့် အကြောင်းရင်းမှာ ဝေ့မင်ကျန်းက သူနှင့် ဝိုင်းရယ်ရန် ဆန္ဒရှိသောကြောင့်ပင်။ သူသာ ယခုကဲ့သို့ အမြဲတမ်း တည်ကြည်နေပါက ရှုနဉ် သူ့ရှေ့တွင် သူ့ခြေထောက်များကို လှုပ်ရန်ပင် သတ္တိရှိမည်မဟုတ်ပေ။
ရှုနဉ်က သူ့ရှေ့တွင်ရပ်နေသည့်သူက ဆယ်ကျော်သက် ကလေးသာသာကောင်လေး မဟုတ်တော့သည်ကို သူ လေးလေးနက်နက် သဘောပေါက်လာသည်။
ယင်းအစား ထိုသူက ငွေရေးကြေးရေးလောကတွင် မိမိကိုယ်တိုင် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး အခြားသူများကို အခွင့်ကောင်းယူကာ စတော့ဈေးကွက်ကို လောင်းကစားလုပ်နိုင်သူဖြစ်သည်။
သူက တည်ငြိမ်ပြီး ထိန်းချုပ်နိုင်ကာ တွက်ချက်တတ်ပြီးမရိုးဖြောင့်သူသာဖြစ်သည်။ သူက သားကောင်ကို လိုက်နေသည့် ဝံပုလွေနှင့်တူသည်။ ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများကို ဝေ့မင်ကျန်းက သူ့ထံမှ ဖုံးကွယ်မထားခဲ့ဖူးပေ။ သို့သော်လည်း ဝေ့မင်ကျန်း၏ ရံဖန်ရံခါ ရှက်ပြုံးလေးနှင့်ရင်းနှီးသည့် အခိုက်အတန့်များက ရှုနဉ်ကို ထိုအရာများအား မေ့သွားစေခဲ့သည်။
သူ့ရင်ထဲရှိ ထူးဆန်းသည့် ခံစားချက်များက ပျောက်ကွယ်သွားခဲ့သည်။ ရှုနဉ် တိတ်တိတ်လေး အသက်ရှူထုတ်ပြီး မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ…”
ဝေ့မင်ကျန်းက သူ့နဖူးကိုထိရန် လက်ကို မြှောက်လိုက်သည်။ သူ ရှုနဉ် အနီးသို့ရောက်လာသောအခါ သူ့ပုံစံက အနည်းငယ် အားကိုးရာမဲ့နေပုံရသည်။
"ကောင်းပြီလေ ...ငါမင်းကိုပြောစရာရှိတယ်...”
ရှုနဉ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဘာကိုလဲ...”
ချူကျိုးတွင် ရှိစဉ်က ဝေ့မင်ကျန်းက သူ့ကို ပြောစရာရှိသည်ဟု ပြောခဲ့သည်ကို သူ မှတ်မိသွားသည်။
အဲ့ဒါများလား…
ရှုနဉ် လန့်သွားသည်။
ထိုအရာက ဝေ့မင်ကျန်းကိုပင် စကားလွှဲသွားစေခဲ့သောကြောင့် အလွန်အရေးကြီးသည့်အရာပင် ဖြစ်ရမည်။ ဝေ့မင်ကျန်းက စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင်သာ တိတ်တဆိတ် ရပ်နေခဲ့၍ ရှုနဉ် အံ့ဩသွားသည်။ သူစကားပြောခါနီးတွင် ဝေမင်ကျန်းက စိတ်လှုပ်ရှားစွာနှင့် သူ့လက်များကို ဆုပ်ကိုင်ထားသည်ကို သူ သတိပြုမိသည်။
သူ စိတ်တွေလှုပ်ရှားနေတာလား…
ဒီကောင်ကလည်း စိတ်လှုပ်ရှားတတ်သေးတာလား…
ရှုနဉ်အံ့သြသွားသည်။
ထူးဆန်းသည်မှာ ဗီလိန်လေး စိတ်လှုပ်ရှားနေသည်ကိုမြင်ရသည်က ရှုနဉ်၏ စိတ်လှုပ်ရှားမှုများကို ပျောက်ဆုံးသွားစေသည်။ သူ့စိတ်ထဲတွင် စူးစမ်းလိုစိတ်တစ်ခု ပေါ်လာသည်။
"ငါ့ကို ပြောပြလေ…”
သူက မပြောသေးပေ။ ရှုနဉ် ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
“မင်းပြောစရာမရှိရင် ငါအရင် အောက်ထပ်ကို ဆင်းနှင့်တော့မယ်…”
"နေပါဦး…”
ရှုနဉ်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
"မင်း ဘာကိုများ ပြောချင်နေတာလဲ…”
ဝေ့မင်ကျန်းက သူ့ထံသို့ အမြန်လျှောက်လာသည်။ သူက ရှုနဉ်ကို အားအပြည့်ဖြင့် ဆွဲထားလိုက်သောကြောင့် ရှုနဉ် သူ့လက်မောင်းပြင်းပြင်းထန်ထန် ထိခိုက်သွားသည်ဟု ခံစားလိုက်ရသည်။
"ငါ့နောက်မွေးနေ့အတွက် နောက်ထပ်ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခု ရနိုင်မလား…”
ဝေ့မင်ကျန်းက ထုတ်ပြောလာသည်။
ရှုနဉ်: "..."
ဝေ့မင်ကျန်းက အရေးကြီးသည့် အရာတစ်ခုပြောမည်ဟု သူထင်ခဲ့သော်လည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပတ်သက်၍ ဖြစ်နေသည်။
သူ အံသြသွားပြီး ပြောလိုက်သည်။
"ဒါပဲလား…ကောင်းပြီလေ…မင်းလိုချင်ရင် ငါပေးမှာပေါ့…”
ဝေ့မင်ကျန်းက သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ "အဲဒါမှာ မင်းကို ရေးစေချင်တာတစ်ခုရှိတယ်…”
"ဟုတ်ပြီ 'ကမ္ဘာ့အကောင်းဆုံး မင်ကျန်း' မဟုတ်လား…”
"မဟုတ်ဘူး…”
ဝေ့မင်ကျန်းခေါင်းယမ်းလိုက်သည်။
ရှုနဉ်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်လိုက်သည်။ ဝေ့မင်ကျန်းက သူ့မျက်လုံးများကို စိုက်ကြည့်ကာ စကားတစ်ခွန်းကို တဖြည်းဖြည်းချင်းပြောလာသည်။
"မင်းကို 'ကမ္ဘာ့အကောင်းဆုံး ချစ်သူ' လို့ ရေးစေချင်တယ်…”
ရှုနဉ် မျက်လုံးပြူးသွားပြီး ထိုနေရာ၌ပင် မိုးကြိုးပစ်ချခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
"မင်း…မင်းးဘာကိုဆိုလိုတာလဲ…”
ရှုနဉ် လန့်သွားပြီး နှလုံးခုန်သံလည်း မြန်တန်လာသည်။ သူ့နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်တော့မည်ဟုပင် ခံစားလိုက်ရသည်။
သူ တစ်ကြိမ်ထုတ်ပြောပြီးသည်နှင့် အရာအားလုံးက လွယ်ကူသွားပြီ ဖြစ်သည်။
ဝေ့မင်ကျန်း ခေါင်းငုံ့ပြီး ရှုနဉ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက နက်နဲပြီး နူးညံ့နေသည်။
"မင်း နားမလည်ဘူးလား…”
ရှုနဉ်၏ ပါးပြင်များပါ တဖြည်းဖြည်း ပူလာသည်။ သူက ခေါင်းယမ်းပြီး ပြောလိုက်သည်။
“နားမလည်ဘူး…”
ထို့နောက် သူ့ခေါင်းကို လှည့်လိုက်သည်။ ရှုနဉ် သူ့ကိုကြည့်ရန် သတ္တိပင် မရှိတော့ပေ။
ဝေ့မင်ကျန်း အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်အားထက်သန်မှုအပြည့်နှင့် ပြောလိုက်သည်။
"ငါ မင်းကိုချစ်တယ်...မင်းရဲ့ချစ်သူ ဖြစ်ချင်တယ်…မင်း အခု နားလည်ပြီလား…”
ထိုအရာအတွက် သူကြာမြင့်စွာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အမှန်တကယ်ကြားရသောအခါ မတူတော့ပေ။ ရှုနဉ်၏ မျက်နှာကနီရဲလာပြီး ခေါင်းပင် မူးလာသည်။ အံ့အားသင့်မှု၊ ပျော်ရွှင်မှု၊ ထိန်းချုပ်မရသော ထိတ်လန့်မှု စသည့်မရေတွက်နိုင်သော ခံစားချက်များက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။
“မင်းတကယ် ပြောနေတာလား…”
သူက မေးလိုက်သည်။
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"မင်းကို အဲဒါအတွက် သက်သေပြဖို့ လိုသေးလား…”
ရှုနဉ် ထိတ်လန့်သွားသည်။
"မင်း ဘယ်လိုသက်သေပြမှာလဲ…”
ဝေ့မင်ကျန်း ရယ်လိုက်သည်။ ရုတ်တရက် သူက ရှုနဉ်ရှေ့သို့ တိုးလာသည်။ ရှုနဉ် တုံ့ပြန်ရန်ပင် အချိန်မရသေးမီ၊ ဝေ့မင်ကျန်းက သူ့မျက်နှာကိုစောင်းပြီး ရှုနဉ်ကို နမ်းလိုက်သည်။
ရှုနဉ်: "……”
သူ့မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး အေးခဲသွားသည်။ သူခုခံရန်ပင် မေ့နေခဲ့သည်။
သူ့စိတ်များ လွတ်သွားခဲ့သည်။
ထို့နောက် ဝေ့မင်ကျန်းက သူ့ကို လွှတ်လိုက်သည်။ သူက ရှုနဉ် ၏အမူအရာကို ဂရုတစိုက်လေ့လာကြည့်လိုက်သောအခါ အံဩပြီး မိန်းမောနေခြင်းသာဖြစ်ပြီး စက်ဆုပ်ရွံရှာခြင်းမရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာကပင် သူ့နှလုံးသားကို ဖိစီးနေသည့် ကြီးမားသော အလေးချိန်ကို နောက်ဆုံးတွင် ဖယ်ရှားလိုက်နိုင်သွားသည်။
"မင်း ငါ့အနမ်းတွေကို မုန်းတဲ့ပုံမပေါ်ဘူး…”
ရှုနဉ် အသိပြန်ဝင်လာသည်။ မသိစိတ်အလိုအရ သူ့ပါးစပ်ကိုအုပ်ပြီး နောက်ပြန်ဆုတ်သွားလိုက်သည်။
"မင်းရူးနေလား…”
ဝေ့မင်ကျန်းက ပို၍ပင်နီးကပ်လာ၍ ရှုနဉ်လည်း နောက်ကို ပြန်ဆုတ်သွားပြန်သည်။ နောက်ဆုံး ကုတင်ဘေးသို့ မရောက်မီအထိ သူတို့နှစ်ယောက် တစ်ယောက်က ရှေ့တိုးလျှင် နောက်တစ်ယောက်က ပြန်ဆုတ်သွားသည်။
ရှုနဉ်က သူ့လက်ကို ဝေ့မင်ကျန်း၏ ရင်ဘတ်ပေါ်သို့ အမြန် တင်လိုက်သည်။
"ခဏလေး...မင်ကျန်း မင်းနောက်နေတာလား…”
ဝေ့မင်ကျန်းက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးတစ်ချိန်တည်းတွင် ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ငါ ဟာသ မလုပ်ဘူး…ငါလည်း သိထားပြီးသား…မင်းလည်း ငါ့ကို သဘောကျတယ် မလား…”
ရှုနဥ်လန့်သွား၍ ခေါင်းမော့ပြီး ထုတ်မေးလိုက်မိသွားသည်။
"မင်း ဘယ်လိုလုပ်သိတာလဲ…”
သူက ထိုအရာကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ဝေ့မင်ကျန်းက သူ့ကို သဘောကျနေတာကို ဘယ်လိုများ သိသွားရတာလဲ….
သူ ပြောသည်ကို သဘောပေါက်သွားသည်နှင့် ရှုနဉ်၏မျက်နှာက နီရဲလာသည်။ ထိုနေရာမှာပင် ကြွက်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး သူ့ကိုယ်သူ တွင်းထဲဝင်ပုန်းရန်မှလွဲ၍ သူ မည်သည့်အရာမှ မလိုချင်တော့ပေ။
ဝေ့မင်ကျန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ လွတ်မြောက်ရန်ကြိုးစားနေသည့် ကြွက်ပေါက်စလေးကို သူ့ဘက်ကိုအမြန်ဆွဲလိုက်သည်။
"ကြည့်ရတာတော့ မင်းလည်း ငါ့ကိုတကယ်ကြိုက်နေပုံရတယ်…ဒါဆို အားလုံးပြေလည်သွားပြီမဟုတ်လား…”
သူ ထပ်ခါတလဲလဲ အကဲခတ်ကြည့်ရာမှ ရှုနဉ်ကလည်း သူ့ကို အနည်းငယ် စိတ်ဝင်စားပုံပေါ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မဟုတ်လျှင် သူ့ခံစားချက်များကို ဝန်ခံမည်မဟုတ်ပေ။
နောက်ဆုံးတွင် သူ ဝန်ခံရန် ဆုံးဖြတ်လိုက်သော်လည်း သူ့နှလုံးသားက ထိတ်လန့်နေဆဲပင်။
သူလုပ်ပုံလုပ်နည်းက သူ့ကို အမြဲတမ်းလိုလို ပင်ပန်းစေခဲ့သည်။ သူက အစမှအဆုံးအထိ အစစအရာရာ အသေးစိတ်ကို ဂရုတစိုက် စီစဉ်ထားခဲ့သည်။ သူ မည်သည့် ရင်းနှီးမြုပ်နှံမှုမျိုးကို လုပ်သည်ဖြစ်စေ အရာရာကို ယုံကြည်မှုရှိရှိဖြင့် လှမ်းကိုင်နိုင်ခဲ့သည်။
သို့သော်လည်း ယနေ့တွင် သူ ကမ္ဘာကြီးအကြောင်း မည်သည်မျှမသိသည့် အချိန်ကာလကို ပြန်ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ သူ လုပ်နိုင်သည့်အရာ မရှိပေ။ သူက အခြားသူများအပေါ် မျှော်လင့်ချက်ထားပြီး သူ့ကိုသနားကြရန် ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့သည်။ အားနည်းပြီး အားကိုးရာမဲ့သည့် ကလေးတစ်ယောက် ပြန်ဖြစ်လာသည်။ ရှုနဉ်ကသာ သူ့ကို ငြင်းပယ်ပြီး တွန်းထုတ်လိုက်ပါက သူ သည်းမခံနိုင်သည့် ဝေဒနာနွံထဲသို့ ရောက်သွားမည်မှာ သေချာသည်။
ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်က ကရုဏာထားပေးခဲ့သည်။ အဆိုးဆုံးအရာများ ရောက်မလာခဲ့ပေ။
ဝေ့မင်ကျန်း၏နှလုံးသားက ရုတ်တရက် ငြိမ်သက်သွားသည်။
ရှုနဉ် အနည်းငယ် ကြောင်အသွားသည်။
"ခဏနေပါဦး ဘာကို ပြေလည်သွားတာလဲ…”
"ငါတို့ဆက်ဆံရေးလေ…”
ဝေ့မင်ကျန်းက အရေးပါသည့်ဖြစ်စဉ်တစ်ခုလို ပြောလိုက်သည် ။
"ငါက မင်းကို ကြိုက်တယ်...မင်းလည်း ငါ့ကို ကြိုက်တယ်လေ…ငါတို့ ဆက်ဆံရေးက တော်တော်လေး ပြီးသွားပြီ မဟုတ်လား…”
ရှုနဉ်: "..."
ဟမ်…သူပြောတာ ဟုတ်တယ်လို့ထင်ရပါတယ်...
ဝေ့မင်ကျန်းက သူ့ပုခုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူ့လက်များက အနည်းငယ်တုန်နေသော်လည်း သူ့အသံကမူ တည်ငြိမ်ပြီး ထိန်းချုပ်ထားနိုင်ဆဲပင်။
"တွေဝေနေတာကို ရပ်လိုက်ပါတော့ …ဒါက တစ်နဲ့ တစ်ပေါင်းရင် နှစ်နဲ့ညီသလောက်ကို ရိုးရှင်းတယ်လေ…မင်းက ဘာအတွက် တွေဝေနေရတာလဲ…”
ရှုနဉ်လည်း ဝေ့မင်ကျန်း၏ ယုံကြည်မှုများကြောင့် ခရီးဆက်နိုင်သွားခဲ့သည်။ ဝေ့မင်ကျန်းပြောသည်က အဓိပ္ပါယ်ရှိသည်ဟု သူ စတင်ခံစားလာရသည်။
နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် သဘောကျနေမှတော့ ဘာ့လို့များ ချီတုံချတုံ ဖြစ်နေရမှာလဲ…
“ဒါ…”
သူ ချက်ချင်း ချေပရန် အကြောင်းပြချက်ကို ရှာမတွေ့ပေ။
ဝေ့မင်ကျန်းက လေးလေးနက်နက် ပြောလာသည်။
"ဒါဆိုလဲ ဆုံးဖြတ်လိုက်ပြီနော် …အခုကစပြီး ငါကမင်းရဲ့ရည်းစား…မင်းက ငါ့ရဲ့ရည်းစားလေးပဲ…”
ရှုနဉ် သူ့ကို ချေပရန် မည်သည့် စကားမှ မပြောနိုင်ပေ။ သူ့ဦးနှောက်က ဆူပွက်နေသည်ကို ခံစားနေရသည်။
"အာ..."
"အဲဒါ ဟုတ်တယ်လို့ပြောတာလား…”
ဝေ့မင်ကျန်းက က ဆက်ပြောလာသည်။
ရှုနဉ်က ထိတ်လန့်တကြားပြောလိုက်သည်။
"ငါက ဘာလို့ ရည်းစားလေး ဖြစ်ရတာလဲ.. မင်းကပဲ ရည်းစားလေးဖြစ်လို့ မရဘူးလား…”
ဝေ့မင်ကျန်း၏ မျက်လုံးများက တောက်ပလာသည်။ "ကောင်းပါပြီ…ငါက ရည်းစားလေးပါ…မင်းက ရည်းစားကြီးပဲ…”
ရှုနဉ်၏ မျက်နှာက နီမြန်းနေသည်။ သူက ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ ချစ်စရာကောင်းပြီး လတ်ဆတ်နေသည်။
ဝေ့မင်ကျန်း မနေနိုင်ဘဲ ရှုနဉ်၏ မျက်နှာကို ကိုင်ပြီး နက်နက်ရှိုင်ရှိုင်း နမ်းလိုက်သည်။
ထို အနမ်းက ယခင် အနမ်းနှင့် မတူပေ။ ယခင် အနမ်းက နူးညံ့ပြီး တွေဝေနေသော်လည်း ယခုအနမ်းကမူ နက်နဲပြီး ရှည်ကြာလွန်းလှသည်။ သူတို့နှစ်ယောက်လုံးက ထိုနေရာတွင် မကျွမ်းကျင်ကြသောကြောင့် အနည်းငယ် ကြမ်းတမ်းလွန်းနေသည်။
"ဟင့်…”
ရှုနဉ် ဝေ့မင်ကျန်းကို အမြန်တွန်းထုတ်လိုက်သည်။ ဝေ့မင်ကျန်းက သားရဲတစ်ကောင်ကဲ့သို့ နမ်းနေသည်။ သူက ရှုနဉ်၏ တစ်ကိုယ်လုံးကို မျိုချချင်နေပြီး ရှုနဉ်ကိုပင် နာကျင်စွာ တုန်လှုပ်သွားစေခဲ့သည်။ ဝေ့မင်ကျန်းက နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ မောဟိုက်နေပြီး ရှုနဉ်ကို ဝံပုလွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။
ရှုနဉ်၏ ဦးရေပြားများပင် တုန်ရီလာသည်။ သူ တိတ်တိတ်လေး နောက်သို့ ထပ်ဆုတ်လိုက်မိသွားသည်။
ခဏအကြာတွင် ဝေ့မင်ကျန်း သူ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပုံရသည်။ သူ့အသံက ပေါ့ပါးပြီး တည်ငြိမ်လာသည်။
"ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ငါအရင်ဆင်းသွားလိုက်မယ်…”
ထို့နောက်သူက လှည့်ကြည့်ကာ အခန်းထဲမှ ထွက်သွားသည်။
ရှုနဉ် : "..."
ရှုပ်ပွနေသည့် အိပ်ခန်းထဲတွင် သူ ခဏရပ်နေခဲ့သည်။နောက်ဆုံးတွင် သူ့အသိစိတ်အာရုံများ ပြန်မရောက်လာမီအချိန်အထိ အချိန်တော်တော်ကြာသွားခဲ့သည်။ ထို့နောက်သူ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တိတ်တိတ်လေး အော်ဟစ်လိုက်သည်။
ငါ ဘာလုပ်လိုက်တာလဲ… ငါ တကယ်ပဲ ဝေ့မင်ကျန်းနဲ့ တွဲဖို့ သဘောတူခဲ့တာပဲ … ငါနဲ့ ဝေ့မင်ကျန်းက အခုဆို သမီးရည်းစားဆက်ဆံရေးရှိနေပြီလေ…
ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားပြီးနောက် ရှုနဉ် သူ့ကိုယ်သူ စောင်ထဲသို့ ဝင်ပုန်းနေလိုက်သည်။ သူ ပြင်ပလောကကို ရင်ဆိုင်ရန် သတ္တိမရှိတော့ပေ။
ရှုနဉ်က မွေးနေ့ပွဲတစ်ခုလုံးတွင် အထူးသဖြင့် မဒမ်ဝေ့သို့မဟုတ် ဝေ့ယွမ်နင်း နှင့် အတူရှိနေသောအခါ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ သူတို့ကိုကြည့်ရသည်ကိုပင် သူ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ သူက ချိုက်ချင်၊ရှုကျွင်းတို့နှင့် စကားပြောရသည်ကိုလည်း စိတ်မသက်မသာဖြစ်နေသည်။
ဝေ့မင်ကျန်းနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ကမ္ဘာပေါ်ကလူတွေကို သူဘယ်လိုများ ရှင်းပြရပါ့မလဲ…
ချူကျိုးသို့ ပြန်ရောက်သောအခါတွင်လည်း ရှုနဉ် က စိတ်မသက်မသာဖြစ်နေရဆဲပင်။ ရှုကျွင်းနှင့်ချိုက်ချင်တို့အား သူတို့၏ဆက်ဆံရေးကို ဝန်ခံရန် သူ့တွင် သတ္တိမရှိပေ။
ဝေ့မင်ကျန်း လာလည်သောအခါ ရှုနဉ်၏ စိတ်ထဲ၌ ပြဿနာများ ရှိနေသည်ကို သတိထားမိပြီး ထိုအကြောင်းကို မေးလာသည်။ ထပ်ခါတလဲလဲ အမေးအမြန်းခံရပြီးနောက်၊ ရှုနဉ်က သူ၏စိုးရိမ်မှုများကို နောက်ဆုံးတွင်ထုတ်ဖော်ပြောပြလာခဲ့သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လူသိရှင်ကြားမပြောရန် တောင်းဆိုခဲ့သည်။
ဝေ့မင်ကျန်းက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။
ရလဒ်အနေနှင့် သူတို့၏ ဆက်ဆံရေးကို တစ်နှစ်လုံး ဖုံးကွယ်ထားခြင်းဖြင့်သာ အဆုံးသတ်လိုက်သည်။
ထိုနှစ်တွင်၊ ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံပုံက ယခင်ကထက် များစွာပြောင်းလဲခြင်းမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ရှုနဉ်က သီးခြားအခန်းများတွင် အိပ်ရန် အတင်းအကြပ် မလုပ်တော့ပေ။ အံ့ဩစရာအကောင်းဆုံးမှာ သူတို့နှစ်ယောက် အိပ်ရာပေါ်၌ အတူတူအိပ်ကြသော်လည်း နမ်းရှုံ့သည်မှလွဲ၍ အခြားအရာများ မဖြစ်ခဲ့ကြပေ။ အတန်ကြာသောအခါ ရှုနဉ် စိတ်ရှုပ်လာလေသည်။