Chapter 113
ဖွင့်ပြောခြင်း
သူ့မွေးနေ့ရောက်သည်နှင့် သူတို့၏ လက်ဆောင်များက မယုံနိုင်အောင် ဈေးကြီးမည်မှာ သေချာသည်။ သူ့လက်ဆောင်တန်ဖိုးကသာ နည်းနေလျှင် မပို့သည်က ပိုကောင်းသေးသည်။ သို့မှသာ ယှဉ်ကြည့်ပါက အလွန် နိမ့်ကျနေပုံမပေါ်မည် ဖြစ်သည်။
သူ နှစ်ရက်လုံး စဉ်းစားခဲ့သော်လည်း အဖြေမထုတ်နိုင်သေးပေ။ ထို့အပြင် ဝေ့မင်ကျန်းကို တိုက်ရိုက်မေးရမည်ကလည်း ရှက်စရာကောင်းလွန်းလှသည်။
ထိုအရာက ဝေ့မင်ကျန်း နောက်တစ်ကြိမ် အလည်အပတ်လာချိန် မရောက်မချင်း ဖြစ်နေသည်။
ဝေ့မင်ကျန်းက သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေသည်ကို သဘောပေါက်သွားပုံရသည်။ ရှုနဉ် တစ်ခုခုပြောချင်နေသည်ကို သူသိနေသောကြောင့် မေးလိုက်သည်။
“မင်း ဘာပြဿနာဖြစ်နေတာလဲ…”
အဓိကဇာတ်ကောင်က ထိုကိစ္စကို ဖော်ထုတ်ရန် အစပြုခဲ့သောကြောင့် ရှုနဉ်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှုနဉ်က သူ့စကားနှင့်အတူ လိုက်ပြောရန် ဆုံးဖြတ်လိုက်ပြီး ရှက်ရွံ့စွာ မေးလိုက်သည်။
"မင်ကျန်း... သိပ်မကြာခင် မင်းမွေးနေ့ ရောက်တော့မယ်… ဘယ်လို မွေးနေ့လက်ဆောင် လိုချင်လဲ…”
ဝေ့မင်ကျန်းက သူ့ကို စိုက်ကြည့်လိုက်သည်။
"မင်းကြိုက်တာ ပေးလို့ရတယ်…ဘာပဲဖြစ်ဖြစ် ငါကြိုက်တယ်…”
ရှုနဉ် စကားပင် ပြန်မပြောနိုင်တော့ပေ။
"ငါ မင်းကို အနီရောင်ပန်းတစ်ပွင့် ပို့ပေးရင်ရော ဘယ်လိုလုပ်မလဲ…”
ဝေ့မင်ကျန်းက မျက်ခုံးပင့်လိုက်သည်။
"ဒါဆို ငါ့အခန်းထဲမှာထားပြီး နေ့တိုင်းကြည့်နေမယ်…”
"ဟား မင်းက အဲ့ဒါကို ဂုဏ်ပြုမှတ်တမ်းလွှာ ဒါမှမဟုတ် တစ်ခုခုလို့ ထင်နေလို့လား...”
"ဂုဏ်ပြုမှတ်တမ်းလွှာကလည်း သိပ်တော့ မဆိုးပါဘူး…”
ဝေ့မင်ကျန်းက သူ၏ တက်ဘလက်ကို ချလိုက်ပြီး ၎င်းကို စိတ်အားထက်သန်စွာ တွေးတောလိုက်သည်။
“အဲ့ဒီဂုဏ်ပြုမှတ်တမ်းလွှာမှာရေးသင့်တာက ‘ကမ္ဘာ့အကောင်းဆုံး……..”
ရှုနဉ်က ဝေ့မင်ကျန်း မည်သည်ကိုတွေးနေမှန်း သူ မသိသော်လည်း ဝေ့မင်ကျန်းက ခဏ ငေးငိုင်ရပ်တန့်သွားသည်။ ထို့နောက် သူက ပြောလိုက်သည်။
“ကမ္ဘာ့အကောင်းဆုံး မင်ကျန်း…”
ရှုနဉ်က သူ့အား သဘောကျသွားသည်။
" ကျေးဇူးပြုပြီး နည်းနည်းလောက် ရှက်လို့ရမလား …”
ဝေ့မင်ကျန်း ထိုမှတ်တမ်းလွှာကို အလွန်စိတ်ဝင်စားနေခဲ့သည်။
"ငါဆုံးဖြတ်ပြီးပြီ...ဒါပဲလိုချင်တယ်…”
ရှုနဉ် အံ့ဩသွားသည်။
"မင်း တကယ် အလေးအနက်ကြိီးပြောနေတာလား…”
ဝေ့မင်ကျန်း ခေါင်းညိတ်လိုက်သည်။
"နောက်နေတာမဟုတ်ဘူး..ငါဂုဏ်ပြုမှတ်တမ်းလွှာပဲ လိုချင်တယ်…ဒါပေမယ့် လိုအပ်ချက်တစ်ခုရှိတယ်…”
ရှုနဉ်က စပ်စုလိုက်သည်။
"ဘာလိုအပ်ချက်လဲ..”
ဝေ့မင်ကျန်းက ပြုံးပြီး ပြောလိုက်သည်။
"မင်းကိုယ်တိုင် လုပ်မှရမယ်…”
ရှုနဉ်က ထပ်မံအတည်ပြုခဲ့သည်။
"မင်းတကယ်ကြီး ဂုဏ်ပြုမှတ်တမ်းလွှာကို လိုချင်တာလား…”
ဝေ့မင်ကျန်းက ခေါင်းညိတ်လိုက်သည်။
“အင်း ဟုတ်တယ်…”
သူက ရုတ်တရက် ပြောလိုက်၍ ရှုနဉ် စိတ်ရှုပ်စွာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။
ဝေ့မင်ကျန်းက ပြုံးပြီး ပြောလိုက်သည်။
“မင်း ငါ့မွေးနေ့ပွဲကို လာနိုင်မယ်လို့ မျှော်လင့်ပါတယ်…ငါမင်းကိုပြောစရာရှိတယ်…”
ရှုနဉ်၏ နှလုံးခုန်သံ မြန်သွားသည်။
"ဘာလို့ အခု မပြောရတာလဲ…”
ဝေ့မင်ကျန်း ခေါင်းခါပြလိုက်ပြီး သူ့တက်ဘလက်ကို ကောက်ကိုင်လိုက်ကာ အစီရင်ခံစာကို ဆက်ဖတ်နေသည်။ ရှုနဉ်က သူ့ကို မနှောင့်ယှက်ချင်သောကြောင့် ဂုဏ်ပြုမှတ်တမ်းလွှာ လုပ်နည်းကို ရှာကြည့်ရန် သူ့ကွန်ပြူတာကို ဖွင့်လိုက်သည်။ ထိုအရာက ရိုးရိုးရှင်းရှင်း မွေးနေ့လက်ဆောင်တစ်ခုသာ ဖြစ်သည်မှာ ထင်ရှားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ ရှက်ရွံမှူကို ခံစားလိုက်ရသည်။
သိပ်မကြာမီမှာပင် ဇန်နဝါရီ ၉ ရက်နေ့သို့ ရောက်လာခဲ့သည်။
ရှုနဉ်တို့မိသားစုက ထိုနေ့ညနေပိုင်းတွင် ပေကျင်းသို့ လေယာဉ်ဖြင့်ထွက်ခွာလာခဲ့သည်။ ရှုနဉ်၏ အိတ်ထဲတွင် လက်ရေးဖြင့် ရေးသားထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာပါသော နူးညံ့သိမ်မွေ့သည့် ဘူးတစ်ခုကို ထည့်ထားသည်။ သူ့လက်ရေးက မကြည့်ကောင်းသောကြောင့် သူ အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရသည်။ နောက်ဆုံးတွင် စိတ်ကျေနပ်ဖွယ် ထုတ်ကုန်တစ်ခုကို မဖန်တီးနိုင်သေးမီ သူဂုဏ်ပြုမှတ်တမ်းလွှာလုပ်သည့် စာရွက်များစွာကို ဖြုန်းတီးပစ်လိုက်မိသည်။
သို့သော်လည်း သူပေးမည့်လက်ဆောင်အကြောင်း တွေးလိုက်မိသောအခါတွင် သူ အတော်ပင် ရှက်ရွံ့သွားသည်။ ချိုက်ချင်နှင့် ရှုကျွင်းတို့က အချိန် အတော်တော်ကြာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် မော်ဒယ်လ်ပုံစံတစ်ခုနှင့် အဆင်ပြေသွားခဲ့သည်။ ချိုက်ချင်က မရေမတွက်နိုင်သော အွန်လိုင်းပို့စ်များကို ဖတ်ပြီးမှ ၎င်းကို ရွေးချယ်ခဲ့သည်မှာ ထင်ရှားသည်။ သူ့ကို ထိုကဲ့သို့သော လက်ဆောင်မျိုး အခြားပေးမည့်သူ မရှိလောက်သည်မှာ သေချာသည်။
သူတို့က ထို းအကြံဥာဏ်ကို ရှုနဉ်အားပြောပြလာသောအခါ သူက ချီတုံချတုံနှင့် သဘောတူလိုက်သည်။
ထို့နောက်တွင်တော့ သူတို့ နှစ်ယောက်က ပုံစံများကို ရွေးချယ်၍ ငြင်းခုံနေကြသည်။ ရှုကျွင်းက Ultraman ကိုရွေးချယ်ခဲ့ပြီး ချိုက်ချင်က အသစ်ထွက်ရှိထားသောရုပ်ရှင်မှဇာတ်ကောင်တစ်ခုကို ရွေးချယ်ခဲ့သည်။ ရှုနဉ်လည်း ရုတ်တရက် အကြံတစ်ခုရလာသည်။
“သူ့ကို မဟာဩဂတ် ပဲ ပေးလိုက်ရအောင်…”
သူက ပြောလိုက်သည်။
"မဟာဩဂတ်...အဲဒါ ဘာလဲ…”
ချိုက်ချင်နှင့် ရှုကျွင်းတို့စိတ်ရှုပ်ထွေးသွားကြသည်။
“အဲ့ဒါက ငယ်ငယ်တုန်းက မင်ကျန်း အကြိုက်ဆုံး တီဗီစီးရီးပါ…”
ရှုနဉ်က ပြုံးပြီးပြောလိုက်သည်။
" ကျွန်တော်တို့ သူ့ကို လက်ဆောင်ပေးတာဆိုမှတော့ သူ့အတွက် အဓိပ္ပါယ်ရှိတဲ့ တစ်ခုခုကို ပေးရမှာပေါ့…”
ထို့ကြောင့် သူတို့ ထုတ်လုပ်သူထံ ဆက်သွယ်ခဲ့ပြီး မဟာဩဂတ် ရုပ်တုကို အမြန်ရခဲ့သည်။
ထိုလူက အောင်မြင်မှုဂုဏ်ပြုမှတ်တမ်းလွှာကဲ့သို့သော ရှက်စရာကောင်းသည့် အရာတစ်ခုကိုပင် တောင်းဆိုခဲ့သေးသည်။ သူ ဆယ့်ရှစ်နှစ် ပြည့်မည်ဖြစ်သောကြောင့် အမှတ်တရဖြစ်အောင် လုပ်ရမည်။ ရှုနဉ် စွန့်စားရန်သာ ဆုံးဖြတ်လိုက်သည်။ သူက ယခု မွေးနေ့ကို မင်ကျန်းဘယ်သောအခါမှ မမေ့နိုင်အောင် လုပ်ပေးမည်ပင်။
ဝေ့မင်ကျန်းက သူတို့ရောက်လာမည့်အချိန်အား မေးလာသည်။ ရှုနဉ်က လိမ်လိုက်ပြီး မနက်ဖြန်အထိ သူတို့ရှိနေမည်မဟုတ်ဟုသာ ပြောလိုက်သည်။ ထို့နောက် သူနှင့် သူ့မိဘများ ဟိုတယ်သို့ ၀င်သွားကြသည်။
ချိုက်ချင်နှင့်ရှုကျွင်းတို့က ဝေ့မိသားစုနှင့်အတူ မနေချင်ကြပေ။ သူတို့ သက်တောင့်သက်သာမရှိသည်ကို ခံစားရသောကြောင့် ဖြစ်သည်။
နောက်နေ့မနက်စောစောတွင် မိသားစုလေးဦး ဝေ့မိသားစု၏ ဗီလာရှေ့သို့ လက်ဆောင်များနှင့် ရောက်လာကြသည်။ နောက်ဆုံးတွင် ရှုနဉ်က ဝေ့မင်ကျန်းအား သူတို့ ဂိတ်ပေါက်ဝသို့ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
ချိုက်ချင်နှင့်ရှုကျွင်းတို့က ဝေ့မိသားစု၏ ကြီးကျယ်ခမ်းနားသော အိမ်ခြံဝင်းကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
သို့သော် သူတို့က သူတို့ကိုယ်ကို ထိန်းထားလိုက်နိုင်သည်။ သူတို့ နှစ်များစွာ နေထိုင်လာခဲ့ပြီး ဖြစ်သောကြောင့် အများအပြား တွေ့မြင်ခဲ့ဖူးပြီး ကနဦးအံ့ဩမှုအပြီးတွင် ပုံမှန်အတိုင်း ဆက်သွားနိုင်ခဲ့သည်။
ဝေ့မင်ကျန်းက သူ့တို့ကို နှုတ်ဆက်ရန် ထွက်လာသည်။သူက ကူကယ်ရာမဲ့ဟန်ဖြင့် မေးလိုက်သည်။
"မင်းငါ့ကို ဘာလို့ စောစော မပြောတာလဲ..."
“ဒါက မင်းမွေးနေ့လေ…မင်း အလုပ်ရှုပ်နေမှာသေချာတယ်...ငါ မင်းကို ဒုက္ခမပေးချင်ဘူး…”
ရှုနဉ်က ဆိုလိုက်သည်။ ဝေ့မင်ကျန်းက ပြုံးပြီး ရှုနဉ်၏ ခေါင်းကိုပွတ်သပ်ကာ သူတို့ အားလုံးကို ဖိတ်ခေါ်လိုက်သည်။ သူက ကား ခေါ်မလာပေ။ သူတို့ လမ်းလျှောက်လာလျက် ဝေ့မင်ကျန်းက ချိုက်ချင်နှင့်ရှုကျွင်းကို ပတ်ဝန်းကျင်နှင့် ဝေ့မိသားစုအခြေအနေများကို မိတ်ဆက်ပေးခဲ့သည်။
ရှုနဉ်က ထိုအကြောင်းများကို မလာမီကတည်းက သူတို့ကို ပြောပြထားပြီး ဖြစ်သည်။ ယခု ဝေ့မင်ကျန်းက အရာအားလုံးကို နောက်တစ်ကြိမ် ထပ်ရှင်းပြနေသည်။ ချိုက်ချင်နှင့်ရှုကျွင်းတို့က အားလုံးကို အလွတ်မှတ်သားထားနိုင်ခဲ့သည်။
"အန်တီတို့ မမှတ်မိရင်လည်း အရေးမကြီးဘူး…အန်တီတို့က ဧည့်သည်တွေပဲ…အန်တီတို့ အဆင်ပြေသလိုနေပါ…”
ဝေ့မင်ကျန်းကပြောသည်။
ဗီလာသို့ မရောက်မီတွင် မဒမ်ဝေ့နှင့် ဝေ့ယွမ်နင်းတို့က သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ မဒမ်ဝေ့က ချူကျိုးတွင် ခဏနေခဲ့ပြီး သူတို့ထံသို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့သည်။ သူက ရှုနဉ်၏မိသားစုကို အလွန်ကျေးဇူးတင်နေပြီး အလွန် စိတ်အားထက်သန်နေခဲ့သည်။
ရှုနဉ်နှင့်သူ့မိသားစုက ဝေ့မင်ကျန်းကို လက်ဆောင်များပေးခဲ့သည်။ ဝေ့မင်ကျန်းက ရှုနဉ်၏လက်ဆောင်ကို အပြုံးဖြင့်ဖွင့်လိုက်သည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာကို ထုတ်ယူလိုက်သည်။
"ကမ္ဘာ့အကောင်းဆုံး မင်ကျန်း”ဟူသော စကားလုံးများက နေ့ကဲ့သို့ ရှင်းလင်းနေသည်။ အနည်းငယ်ပင် လွဲချော်နေခြင်းမျိုး မရှိပေ။
ဝေ့မင်ကျန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "မဆိုးပါဘူး…”
ဂုဏ်ပြုမှတ်တမ်းလွှာကိုတွေ့လိုက်သောအခါ အခြားလူများ အားလုံး အံ့သြသွားကြသည်။ မဒမ်ဝေ့က သူ့ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။
"ဒီလက်ဆောင်က အရမ်းထူးခြားတာပဲ…”
ချိုက်ချင်နှင့်ရှုကျွင်းတို့က ရှုနဉ်၏လက်ဆောင်ကို အမှန်တကယ် ဂုဏ်ပြုမှတ်တမ်းလွှာဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ ရှုနဉ်ကို စူးစူးရဲရဲစိုက်ကြည့်ဘဲ မနေနိုင်တော့ပေ။
ရှုနဉ်လည်း သူ မှားယွင်း၍ အပြစ်တင်ခံရသည်ဟု ခံစားလိုက်ရသည်။ မွေးနေ့ရှင်ကောင်လေးက ထိုဂုဏ်ပြုမှတ်တမ်းလွှာကို သူ့သဘောနှင့်သူ ပြတ်ပြတ်သားသား တောင်းခံခဲ့ခြင်းဖြစ်သည်။
ချိုက်ချင်နှင့်ရှုကျွင်းတို့က သူတို့၏ကိုယ်ပိုင်လက်ဆောင်ကိုထုတ်ပြီး ဝေ့မင်ကျန်းအား ပေးအပ်ခဲ့သည်။ ဝေ့မင်ကျန်းက ထိုဘူးကြီးကို လက်ခံလိုက်သည်။ သူဖွင့်လိုက်ပြီး မျက်ခုံးပင့်လိုက်ပြီးနောက် ရှုနဉ်ကိုတစ်ချက်ကြည့်ပြီး ဘူးကို ပိတ်လိုက်သည်။
"မင်း စောင့်နေဦး…”
"သား ကြိုက်ရဲ့လား…”
ချိုက်ချင်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"ကြိုက်ပါတယ်.."
ဝေ့မင်ကျန်းက ခေါင်းညိတ်လိုက်သည်။ ရှုနဉ်လည်း ရယ်မောလိုက်သည်။
"မစ္စတာရှု…”
နွေးထွေးသော အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံး လှည့်ကြည့်လိုက်သောအခါ ဝေ့မိသားစု၏ အခြားအိမ်တော်နှစ်ခုမှ လူများ နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ ဝေ့မိသားစု၏ အခြားအိမ်တော်ခွဲနှစ်ခုက ဤနေရာသို့ ရင်းနှီးမြှုပ်နှံမှုနတ်ဘုရားအသစ် ရှုကျွင်းရောက်လာသည်ဟု ကြားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်လာကြသည်။ ရှုကျွင်းက ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
မကြာမီမှာပင် ဝေ့မိသားစုက အခြေအနေအမှန်ကို မသိကြောင်း ရှုကျွင်းလည်း သဘောပေါက်သွားသည်။ထို့ကြောင့် သူက သူတို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင် လိုက်သွားပြီး ဝေ့မင်ကျန်း၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန်အတွက် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သည့် မြေးဖြစ်သူ၏ အရွယ်ရောက်သည့်ပွဲဖြစ်သောကြောင့် ဝေ့ရှန်ဟယ့်က ကြီးကြီးမားမားပြုလုပ်လုပ်ပေးနေသည်ကို သိလိုက်ရသည်။ တစ်ဖက်တွင် ထိုအရာက ဝေ့မင်ကျန်းအပေါ် အားရကျေနပ်မှုကို ဖော်ပြပေးသကဲ့သို့ တစ်ဖက်တွင်လည်း ထိုအရာက ဝေမင်ကျန်းအတွက် လျော်ကြေးပေးသည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လူအများအပြားက သူတို့ဂုဏ်ပြုကြောင်း ပြသရန်အတွက် ခြံထဲသို့ ရောက်ရှိလာကြသည်။
ရှုနဉ်က ဝေ့မိသားစုနှင့်အတူ လအတော်ကြာနေထိုင်ခဲ့သော်လည်း လူအုပ်ထဲမှ လူအများအပြားကို မမှတ်မိနိုင်သေးပေ။ ထို့ကြောင့် သူက ချိုက်ချင်၊ ရှုကျွင်းတို့နှင့်အတူ ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရှုနဉ်က ကျန့်ယောင်ကို လူအုပ်ထဲတွင် တွေ့လိုက်ရသည်။ ကျန့်ယောင်က သူ့ကို သတိထားမိပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။ ရှုနဉ်က ခေါင်းပြန်ညိတ်ပြပြီး သူတို့ အသီးသီး လမ်းခွဲ လာခဲ့ကြသည်။ သူတို့ မည်သည့်စကားကိုမျှ မဖလှယ်ခဲ့ကြပေ။
ကျန့်ယောင်က မင်းသမီးလေးကဲ့သို့ပင် လှပနေသေးသည်။ သူမက ပရိသတ်များ၏ အာရုံကို အပြည့်အဝ ခိုးယူသွားခဲ့သည်။ ချောမောခန့်ညားသည့် ယောက်ျားများစွာက သူမပတ်ဝန်းကျင်တွင် စုဝေးကြပြီး သူမကလည်း သူတို့ထဲမှ တစ်ဦးနှင့် မျက်လုံးခြင်း ထိပ်တိုက်ဆုံသွားပုံရသည်။ သူမ၏ မျက်လုံးများ တောက်ပလာသည်။
ထိုသည်ကပင် သူမ၏ နောက်ထပ် ဆက်ဆံရေးတစ်ခု၏ အစဖြစ်လာနိုင်သည်။
ရှုနဉ် ထိုသို့ပင် တွေးလိုက်မိသည်။
ဧည့်ခံပွဲတွင် လူများစွာရှိနေသည်။ ဝေ့ရှန်ဟယ့်၊ လီယုံးနာ့နှင့် အခြားသူများက ရှုနဉ်နှင့် သူ့မိသားစုကို နှုတ်ဆက်ရန် ရောက်လာကြသည်။ သူတို့က အလွန်လေးစားသမှုရှိပြီး ယဉ်ကျေးကြသည်။
ဝေ့မိသားစုမှာ ဗီလိန်လေးရဲ့ အဆင့်အတန်းက အများကြီး တိုးတက်နေရမယ်….
ရှုနဉ်က သူ့ကိုယ်သူ တွေးနေမိသည်။
ဝေ့ရှန်ဟယ့်က ရှုကျွင်းကို အလွန်သဘောကျနေသည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ စကားများပြောနေကြသည်။ ချိုက်ချင်ကိုလည်း မဒမ်ဝေ့က စကားစမြည်ပြောရန် ဆွဲခေါ်သွားခဲ့သည်။ ရှုယန်ကို မူ အစေခံတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဝေ့မင်ကျန်းက ဧည့်သည်များကို နှုတ်ဆက်ပြီးနောက် ချိုက်ချင် ပေးထားသည့် ဘူးကြီးကို ကောက်ယူလိုက်ပြီး ရှုနဉ်ထံသို့ မေးငေါ့ပြကာ အပေါ်ထပ်သို့ တက်သွားရန် အရိပ်အမြွက်ပြလိုက်သည်။ ရှုနဉ်လည်း ဒုတိယထပ်သို့ လိုက်သွားကာ ဝေ့မင်ကျန်း၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။
"ဒါက မင်းအကြံပဲ မလား…”
ဝေ့မင်ကျန်း က မေးသည်။ သူ့စားပွဲပေါ်တွင် ဘူးကို တင်လိုက်ပြီး ထိုဘူးကို ပုတ်ပြလိုက်သည်။
ရှုနဉ်က သူ့နောက်ကျောကို လက်နှစ်ဖက်နှင့် လှမ်းကိုင်လိုက်သည်။
"ဘာလဲ..မင်းမကြိုက်ဘူးလား…”
ဝေ့မင်ကျန်း မျက်ခုံးပင့်ပြလိုက်သည်။
ရှုနဉ်က သေတ္တာကိုဖွင့်ရင်း အသံလွင်လွင်ဖြင့်ရယ်ကာ မဟာဩဂတ်ရုပ်တုကို ထုတ်ယူခဲ့သည်။ အဝါရောင်ဆံပင်နှင့် ထူးဆန်းပြီး ရုပ်ဆိုးသညိ့ အရုပ်တစ်ရုပ်ပင်။
"ငယ်ငယ်တုန်းက ဒါကို မင်း အရမ်းကြိုက်ဖူးတယ်မဟုတ်လား… ရှိုးကို နေ့တိုင်းကြည့်တယ်…ဆံပင်တုဝတ်ပြီး ခြေထောက်တွေတောင်လှုပ်နေသေးတယ်…”
ထိုအချိန်က ဝေ့မင်ကျန်းက မည်သို့သောပုံစံဖြစ်သည်ကို ပင် သူမှတ်မိနေသေးသည်။
ခြေထောက်ကို ဆန့်ထုတ်ပြီး မေးငေါ့ထားမယ်… ပြီးရင်သူ ခြေထောက်တွေကို လှုပ်နေလိမ့်မယ်...
ဝေ့မင်ကျန်းက သူ့လက်တစ်ဖက်ကို နဖူးပေါ်တင်လိုက်သည့်အခါ ရှုနဉ် ရယ်လိုက်သည်။
"ဘယ်လိုလဲ မင်းကြိုက်လား…”
ဝေ့မင်ကျန်းက ရှေ့သို့ တိုးလာသည်။
“လျှောက်စမနေနဲ့တော့…”
ရှုနဉ် အလွန်ပင် ပျော်နေခဲ့သည်။
"ငါ စဦးမှာပဲ…ငါသာ မင်းရဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းကို လူသိရှင်ကြား ထုတ်ဖော်လိုက်ရင် တခြားသူတွေ မင်းကို ဘယ်လိုထင်မယ်လို့ထင်လဲ…”
"မင်း မလုပ်ရဲပါဘူး…မင်း ဆက်ပြီး စနေရင် ငါ မင်းကို လိုက်ပို့ပေးမယ်…”
ဝေ့မင်ကျန်းက ပြောလိုက်သည်။ ရှုနဉ်က ယခု သူ့အပေါ် နိုင်ကွက် တစ်ခုရှိနေပြီဖြစ်သည်။ သူ အသာစီးရနေသည်ကို သူမြင်သောအခါ ချက်ချင်းပင် တောင်းဆိုလိုက်သည်။
"တောင်းပန်လေ..ဘယ်သူ့ကိုမှ မပြောခိုင်းဖို့ကို တောင်းပန်လိုက်…”
ဝေ့မင်ကျန်းက သူ့အနားသို့ ရုတ်တရက် ချဉ်းကပ်လာပြီး သူ့ကို တွန်းလိုက်သည်။
သတိဝင်လာသည်နှင့် ရှုနဉ်လည်း နောက်ပြန်ဆုတ်လိုက်သည်။ သူ့ခြေထောက်များက ကုတင်အစွန်းကို တိုက်မိသွားပြီး သူ့တစ်ကိုယ်လုံး ခုတင်ပေါ် သို့ တည့်တည့်ကျသွားသည်။
မဟာဩဂတ်အရုပ်က ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူ ပြန်ထတော့မည်အပြုတွင် ဝေ့မင်းကျန်းက သူ့ကို နောက်သို့ ပြန်တွန်းလိုက်သည်။ သူက ရှုနဉ် လှုပ်ရှားမည်ကိုတားဆီးရန် ရှုနဉ်၏လက်ကောက်ဝတ်များကို သူ့လက်ဖြင့် ချုပ်ထားလိုက်သည်။
"မင်း လျှောက်စနေဦးမှာလား..”
ဝေ့မင်ကျန်းက ရှုနဉ်၏ခါးနားတစ်ဝိုက်တွင် ကုတ်ခြစ်ပြီး ကလိထိုးလိုက်သည်။ ထိုသည်က ရှုနဉ် အကြောက်ဆုံးအရာဖြစ်သည်။ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး အသနားခံပေးရန် အမြန်တောင်းပန်လိုက်တော့သည်။
"မလုပ်ဘူး... ငါမလုပ်တော့ပါဘူး…”
"မင်းမှာ တခြားလူတွေကို ပြောဖို့ သတ္တိရှိသေးလား…”
"မဟုတ်ဘူး ငါဘယ်သူ့ကိုမှမပြောတော့ပါဘူး…”
ဝေ့မင်ကျန်းက သူ့ကို ဆက်ပြီး ကလိထိုးနေသည်။ ရှုနဉ် ရယ်ရလွန်း၍ ငိုမိတော့မတတ်ပင်။
"ရပ်လိုက်ပါ...ရပ်ပါတော့…”
ဝေ့မင်ကျန်းလည်း နောက်ဆုံးတွင် သူ့ကို ကလိထိုးနေသည်ကို ရပ်လိုက်ပြီး အခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။
ရှုနဉ်လည်း သူ ရယ်မောလိုက်ရသောကြောင့် မောပန်းသွားသည်။
ရုတ်တရက် သူတို့နှစ်ယောက်ကြားတွင် တစ်ခုခု မှားနေသည်ကို သူသိလိုက်သည်။
ဝေ့မင်ကျန်းက သူ့ကို ကုတင်ပေါ် ၌ ဖိထားပြီး သူတို့၏ခန္ဓာကိုယ်များက အလွန်နီးကပ်စွာ ကပ်လျက် ရှိနေသည်။ ဗီလိန်လေး၏ မျက်နှာက သူ့အထက် နှစ်စင်တီမီတာအကွာတွင် ရှိနေပြီး ဝေ့မင်ကျန်း၏ နှာသီးဖျားက ရှုနဉ်၏ နှာသီးဖျားကို ထိလုနီးပါးဖြစ်နေသည်။ သူ၏ နွေးထွေးသော အသက်ရှုသံကို ခံစားနိုင်ပြီး နက်မှောင်သော မျက်လုံးများနှင့် နှုတ်ခမ်းနီနီလေးများကိုလည်း မြင်နိုင်သည်။ သူတို့ အလွန့်အလွန်ပင် နီးကပ်နေကြသည်။
ရှုနဉ် ရုတ်တရက် နှလုံးခုန်သံမြန်လာသည်ကို ခံစားလိုက်ရသည်။ သူက ဝေမင်ကျန်းကို တွန်းထုတ်လိုက်သည်။ ရှုနဉ်၏အရပ်က ၁၈၀ စင်တီမီတာနီးပါးရှိသည်။ ထိုတွန်းချက်တွင် သူက ခွန်အားများစွာ ထည့်သွင်းထားခဲ့သည်။
သူ ဝေ့မင်ကျန်းကို ဘေးသို့ တွန်းချလိုက်ပြီး ကို့ရို့ကားရားဖြင့် သူ့ခေါင်းကို ဘေးသို့ လှည့်လိုက်မိသည်။
ရှုနဉ်က အထိတ်တလန့်နှင့် အိပ်ရာမှ ထလိုက်သည်။
"ငါ အရင်သွားလိုက်ဦးမယ်…”
ထိုသို့ ပြောပြီးနောက် သူ တံခါးဆီကို ပြေးသွားလိုက်သည်။
"နေပါဦး…”
သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ရှုနဉ်၏ နှလုံးက ခုန်လာသည်။ သူ ရပ်လိုက်ပြီး သဘာဝကျကျပြုမူရန် ကြိုးစားလိုက်သည်။
"ဟမ်…”
ဝေ့မင်ကျန်း၏ နှုတ်ခမ်းများက လှုပ်သွားသည်။ခဏအကြာတွင် သူက ပြောလာသည်။
“မင်းငါ့ကို ပြောစရာမရှိဘူးလား..”
ရှုနဉ်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ခဏအကြာတွင်တော့ သူရုတ်တရက် အသိတစ်ခုဝင်လာသည်။ သူက စမ်းသပ်ဟန်ဖြင့် မေးလိုက်သည်။
"Happy birthday လား…”
ဝေ့မင်ကျန်းက ရယ်မောလိုက်သည်။
ရှုနဉ်ကပြောလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ…အရွယ်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်…”
ထို့နောက် သူ နောက်တစ်ကြိမ် ထွက်သွားရန် ကြိုးစားပြန်သည်။
"ရပ်လိုက်..”
ထိုကြည်လင်ပြတ်သားသောအသံတွင် အမိန့်ပေးသံအနည်းငယ်ပါရှိသည်။ ရှုနဉ်လည်း အေးခဲသွားပြီး လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ…”
ဗီလိန်လေးက ဒီနေ့ နည်းနည်း ထူးဆန်းနေသလိုပဲ…
သူ့လက်တစ်ချောင်းပင် မလှုပ်ရဲပေ။
ဝေ့မင်ကျန်းက အနက်ရောင်ဝတ်စုံကို ၀တ်ထားပြီး သူက အရပ်ရှည်ကာ ချောမောပြီး သူ့ပုံသဏ္ဌန်က ပိုပိုပြီး ရင့်ကျက်နေပုံပေါ်သည်။ သူ၏ပခုံးများက အလွန်ကျယ်ဝန်းသည်။ သေချာသည်မှာ သူက 180 စင်တီမီတာထက် ပိုမြင့်နေသည်ပင်။ သူက အခြားလူများကို လုံးဝအရှုံးမပေးခဲ့ပေ။
ကလေးဆန်သည့် အသွင်အပြင်က သူ့ထံမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအရာကပင် ပိုပို၍ အန္တရာယ်ရှိပုံပေါက်လာသကဲ့သို့ ပိုပြီးလည်း ဆွဲဆောင်မှု ရှိလာစေသည်။