အပိုင်း ၁၁၁
Viewers 32k

Chapter 111

တစ်ပတ်တစ်ခါ ပြန်လာခြင်း



ချန်ယွမ်ယွမ်၏စကားကိုကြားပြီးနောက် ရှုနဉ် ကပွဲမှ မိန်းကလေးများကို ရုတ်တရက်သတိရသွားသည်။ သူတို့က ထူးဆန်းသည့် စကားများ ပြောပြီး သူ့ကို ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်ကြသည်။


ရုတ်တရက်ကြီး သူ ဖိအားများလာသည်ကို ခံစားလိုက်ရသည်။


 "အဲ့လို မဟုတ်ပါဘူး…”

သူအလိုလို ငြင်းလိုက်မိသည်။ 

"ငါတို့က အဲ့လိုဆက်ဆံရေးရှိတာမျိုး မဟုတ်ဘူး…”


ချန်ယွမ်ယွမ်က အရေးမစိုက်ဟန် ပခုံးတွန့်ပြသည်။ 

"ဒါက ကိစ္စမရှိပါဘူး…ဘာပဲဖြစ်ဖြစ် နင်က ငါနဲ့ သက်ဆိုင်တာမှ မဟုတ်တာ…ငါ ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါက နင်နဲ့ဝေ့မင်ကျန်း အတူတူရှိနေတာကိုတောင် ပိုကြိုက်တယ်… နင် တခြားမိန်းကလေးနဲ့ အတူတူရှိနေတယ်လို့ တွေးတိုင်း ငါ မနာလိုဖြစ်မိတယ်လေ အခုလောလောဆယ်တော့ အဲ့လိုဖြစ်နေတုန်းပဲ…”


 ရှုနဉ် မည်သည့်စကား ပြောရမည်ကို မသိတော့ပေ။ သူ ခဏစဉ်းစားပြီးနောက် လေးလေးနက်နက်ပြောလိုက်သည်။

“တကယ်တော့ မင်းအထင်လွဲနေတာပါ..ငါက ငါ့မာမား ပြောသမျှကို နားထောင်တာမို့ ရည်းစားမရှိဘူး…ငါ့မာမားက ငါ့ကို ချိန်းတွေ့ခွင့်မပေးရင် ငါမလုပ်ဘူး…အရာအားလုံးက ငါ့မာမားနဲ့ပဲ ဆိုင်တယ်... ငါက အမေချစ်သားလေး(mama’s boy)ပဲဆိုတာကို ငါသိပါတယ်…”


ချန်ယွမ်ယွမ် အံ့အားသင့်သွားသည်။ 

"တကယ်လား..”


ရှုနဉ် သတိထားပြီး ခေါင်းညိတ်လိုက်သည်။ 

"တကယ်ပေါ့…ငါက မင်းထင်သလောက် မတော်ဘူး…"


“နင်သာ တကယ်ကြီး အမေချစ်သားလေးဆိုရင် နောက်ကျရင် ရည်းစားရှာဖို့ ခက်လိမ့်မယ်…”

ချန်ယွမ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ 


"ဟေး ငါက မာမား ပြောတာကို နားထောင်ရုံပါပဲ..." 

ရှုနဉ်က သူ့လက်ကိုယမ်းပြလိုက်သည်။ 


"သူပြောသမျှကို ငါလုပ်တယ်… ငါ့ရဲ့စားဝတ်နေရေး အတွက် ငါ့မာမားကို အားကိုးနေရတုန်းပဲလေ…ငါ့မှာ ဘာ အိပ်မက်မှ မရှိဘူး…အနာဂတ်မှာ ငါ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး နေချင်တယ်…ငါ့မိသားစုက ငါ့ကို ဂရုစိုက်ပေးလိမ့်မယ်…ငါက သူ မဟုတ်ရင် ဘယ်သူပြောတာကို နားထောင်ရမှာလဲ ..နောက်ပြီး အမေချစ်သားလေး

ဖြစ်ရတာ အရမ်းကောင်းတယ်လို့ ငါတော့ ထင်တာပဲ…”



ချန်ယွမ်ယွမ်က တစ်ခုခု ပြောချင်ပုံရပြီး သူမ နှုတ်ခမ်းများ ခဏမျှ လှုပ်သွားသည်။ သို့သော်လည်း နောက်ဆုံးတွင်၊ သူမက အခြားသူများ၏ မိသားစုအရေးကို မှတ်ချက်မပေးရန်သာ ဆုံးဖြတ်ပြီး ပြောခဲ့သည်။  

"နင်ပျော်နေသ၍ပေါ့…”


“ရှုနဉ်… " 


သူတို့ နှစ်ယောက် လှည့်ကြည့်မိလိုက်ကြသည်။ သူတို့နှင့် မဝေးသည့် နေရာတွင် အရပ်ရှည်ရှည် သွယ်လျသော ပုံစံနှင့်သူကို တွေ့လိုက်ရသည်။ သူ့မျက်နှာက မဂ္ဂဇင်းထဲမှ ထွက်လာသကဲ့သို့ပင်။ သူကအနက်ရောင် ပေါ့ပေါ့ပါးပါး အဝတ်အစားကို ဝတ်ထားပြီး သူ့ဘေးရှိ လေထုက သိမ်မွေ့ပြီး မွန်မြတ်သည်။ သူ့ကို ကြည့်ရသည်မှာ ရှိုးပွဲလျှောက်ရန်အတွက်ပင် အဆင်သင့်ဖြစ်နေပုံရသည်။ 


သူ့ကို ဤနေရာသို့ ခေါ်လာပေးသည့် ဝန်ထမ်းပင် ရှက်ရွံ့သွားပုံရသည်။ သူမ၏မျက်လုံးများတွင် ကြယ်များဖြင့် ပြည့်နေသည်။ 


ရှုနဉ်က ထိုသို့သော စွဲမက်ဖွယ်အမူအရာမျိုးနှင့် အလွန်ကို ရင်းနှီးနေကျပင်။


ချန်ယွမ်ယွမ်ပင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာအောင် စကားများ တောက်လျှောက်ထစ်သွားသည်။

 "ယင်း… ဝေ့မင်ကျန်းလား…”


ရှုနဉ် အလွန်ပျော်သွားပြီး အမြန်လျှောက်သွားလိုက်သည်။ 

"မင်ကျန်း…”


ဝေ့မင်ကျန်းက အမြန်လာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။


ရှုနဉ် လန့်သွားသည်။ သူ့ကို နှုတ်ဆက်ရန်သာ လျှောက်လာခဲ့ခြင်းဖြစ်ပြီး ပွေ့ဖက်ရန် စီစဉ်မထားခဲ့ပေ။


ထို့အပြင် သူတို့ ဝေးကွာခဲ့သည်က ဆယ့်လေးရက်သာ ရှိသေးသည်။ 

"မင်ကျန်း..." 


ဝေ့မင်ကျန်းက သူ့ကို ပွေ့ဖက်လိုက်သည်။ သူက ရှုနဉ်၏ ပုခုံးပေါ် တွင် သူ့မေးစေ့ကို တင်ကာ လွှတ်မပေးမီ ငါးစက္ကန့်ကြာအောင် ဆုပ်ကိုင်ထားသည်။ 


"သွားကြစို့…”


ဝေ့မင်ကျန်းက ပြတ်ပြတ်သားသားပြောလိုက်ပြီးနောက် သူ့လက်ကိုဆွဲကာ ကာရာအိုကေခန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ချန်ယွမ်ယွမ်လည်း သူမ၏ မသိစိတ်အလိုအရ ရှောင်ထွက်သွားခဲ့သည်။ ရှုနဉ်က သူတို့နှစ်ယောက်ကို အမြန်မိတ်ဆက်ပေးလိုက်သည်။

 "ဒါက ချန်ယွမ်ယွမ်တဲ့…အလယ်တန်းကျောင်းတုန်းက ငါတို့ရဲ့ အတန်းဖော်…မင်း သူနဲ့ အရင်က တွေ့ဖူးတယ်…”


ဝေ့မင်ကျန်းက ချန်ယွမ်ယွမ်ကို ခေါင်းညိတ်ပြလိုက်သည်။


ချန်ယွမ်ယွမ်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြ ပြီးပြန်ပြောလိုက်သည်။ 

 “ဟယ်လို…”


ဝေ့မင်ကျန်းက ရှုနဉ်ကို ကာရာအိုကေခန်းထဲသို့ ခေါ်သွားသည် ။ 


အခန်းတွင်းရှိ အလင်းရောင်က မှိန်ဖျော့ဖျော့လေးဖြစ်နေသော်လည်း တံခါးနားရှိကျောင်းသားတော်တော်များများ အခန်းထဲကို မျက်နှာသစ်(မတွေ့ဖူးသည့်လူ)ဝင်လာသည်ကို သတိထားမိသွားသည်။ 

"ဘယ်သူလဲ…”


 "ဘုရားရေ...ရှုနဉ် ဒီလူချောလေးက ဘယ်သူလဲ….”


 "နောက်ထပ်ချောတဲ့ကောင်လေးတွေရှိသေးလား…ဘယ်မှာလဲ..ဘယ်မှာလဲ…”


ဆိုဖာပေါ်တွင် ထိုင်နေသော လူများက ကြည့်ရှုရန်အမြန်ပြေးလာကြသည်။ ကျန်းယွီက ရုတ်တရက် မီးများကို ဖွင့်လိုက်သည်။ သူတို့က ထိုသူကို နောက်ဆုံးတွင် တွေ့လိုက်ရသောအခါ အားလုံးအသက်ပြင်းပြင်းရှူလိုက်ကြသည်။


တစ်ချို့က ဝေ့မင်ကျန်းကို သိသွားကြပြီး တစ်ချို့ကမသိခဲ့ကြပေ။ သို့သော် ဝေ့မင်ကျန်း၏ စတိုင်လ်နှင့် ထင်ရှားသော အသွင်အပြင်က သူ့ကို မသိသောသူများကိုပင် အကြည့်မလွှဲနိုင်ဖြစ်စေသည်။ 


ကျန်းယွီက သီချင်းကို အမြန်ပိတ်လိုက်သည်။ မိုက်ခရိုဖုန်း၏ စူးရှသောအသံမှလွဲ၍ အခန်းတွင်း၌ မည်သည့်အသံမျှမရှိပေ။ 


"ဝေ့မင်ကျန်း…အိုဘုရားရေ…အဲ့ဒါ ဝေ့မင်ကျန်းပဲ…”


ကျိုးလန်က မိုက်ခရိုဖုန်းကိုကိုင်လျက် အော်လိုက်သည်။ ထိုအာမေဋိတ်တစ်ခုကပင် သူ၏ကိုယ်ပိုင်လက္ခဏာကို ထင်ရှားသွားစေသည်။ လူတိုင်းက အံ့ဩပြီး အံ့ဩသွားကြသည်။ 


"ဒါဆို သူက ဒဏ္ဍာရီလာ ဝေ့မင်ကျန်းလား…”


 "ဝေ့မင်ကျန်း လူအစစ်ကြီးလား…”


"ဝေ့မင်ကျန်းအစစ်ကို ငါတွေ့နေရတယ်…”


အချို့က တိတ်တဆိတ် ဓာတ်ပုံရိုက်ကြသည်။ ရှုနဉ်က ဝေ့မင်ကျန်း၏ ခါးကို ကုတ်လိုက်သည်။

"မင်းရဲ့ဂုဏ်သတင်းက မင်းထက်သာနေတာပဲ ဝေ့သခင်လေးရေ…”


 သူက စနောက်လိုက်သည်။ 


ဝေ့မင်ကျန်းက ခေါင်းလှည့်ပြီး တစ်ချက်ကြည့်လိုက်သည်။ 


“မင်းတို့ လုပ်လက်စကို ဆက်လုပ်လို့ ရပါတယ်.. ငါ့အတွက် စိတ်မပူပါနဲ့…”


လူအုပ်ကြီးက ပြောလိုက်သည်။ 

"ဝေ့သခင်လေး…မင်းဘာလို့သီချင်းမဆိုတာလဲ…”


ကျန်းယွီက ဖိတ်ခေါ်သည့် အမူအရာလုပ်လိုက်သည်။ ကျိုးလန်က မိုက်ခရိုဖုန်းကို ဝေ့မင်ကျန်းအား အမြန် ပေးလိုက်သည့်အခါ သူက ခေါင်းခါပြလိုက်သည်။ 

"မင်းတို့ ဆိုကြပါ…ငါ သီချင်းမဆိုတတ်ဘူး…”


ရှုနဉ်ကလည်း ဝင်ပြောလိုက်သည်။

 "မင်းတို့တွေပဲ သီချင်းဆိုကြပါ…မင်ကျန်းက သီချင်းဆိုနည်းကို တကယ်မသိဘူး…”


ယခင်က ကာရာအိုကေဆိုသည့်အခါတိုင်း ဗီလိန်လေးက ထောင့်တစ်နေရာ၌သာ ထိုင်ပြီး စောင့်ကြည့်နေလေ့ရှိပြီး သီချင်းဆိုရန် ငြင်းဆန်လေ့ရှိသည်။ ရှုနဉ်လည်း သူသီချင်းမဆိုသည့် အကြောင်းပြချက်ကို အမှန်တကယ်ပင် မသိခဲ့ပေ။ 


အခြားသူများက ဝေ့မင်ကျန်းကို သီချင်းဆိုရန် ဖိအားပေးလျှင် သူ့မျက်နှာတွင် အကျည်းတန်သည့် အမူအရာ ပေါ်လာမည် ဖြစ်သည်။ ရှုနဉ်က သူ သီချင်းဆိုရသည်ကို အမှန်တကယ်မကြိုက်ကြောင်း ပြောနိုင်သောကြောင့် သူ့ကို အတင်းအကြပ်ဆိုခိုင်းရန် မကြိုးစားပေ။


ကာရာအိုကေခန်းထဲရှိ အငွေ့အသက်များက တဖြည်းဖြည်း လန်းဆန်းလာသည်။ ရှုနဉ်က သူတို့နှင့် အချိန်အတန်ကြာအောင် ကစားခဲ့သည်။ သစ်တုံးကဲ့သို့ ထောင့်တွင် ထိုင်နေသည့် ဗီလိန်လေးကို သူတွေ့လိုက်ရသောအခါ ယွမ် ၅၀၀၀ ကို ကျန်းယွီအားလွှဲပေးပြီး နောက်မှငွေရှင်းရန် ပြောလိုက်သည်။ ထို့နောက် သူက ဗီလိန်လေးနှင့်အတူ ထွက်ခွါလာခဲ့သည်။ 


ကာရာအိုကေဆိုင်မှ သူတို့ ထွက်လာသည်နှင့် ညလေအေးက တိုးဝင်တိုက်ခတ်လာပြီး ဆူညံသံများ ပျောက်ရှသွားသည်။


သူ့ခေါင်းက ပို၍ကြည်လင်လာသည်။


ရှုနဉ် သူ့အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆွဲလိုက်ရင်း မေးလိုက်သည်။ 


“မင်းဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ…”


"ငါ ပြန်လာချင်တာနဲ့ ဒီတိုင်းပဲ ပြန်လာလိုက်တာ…”


ဝေ့မင်ကျန်းက လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး အခြားလက်တစ်ဖက်ကို တက္ကစီခေါ်ရန် အသုံးပြုလိုက်သည်။ တက္ကစီခေါ်ပြီးနောက် သူက ရှုနဉ် ဘက်ကို လှည့်ပြီး ပြောလိုက်သည်။ 

 "ဘာ အရေးကြီးကိစ္စမှ မရှိဘူးဆိုရင် ငါ အခုကစပြီး စနေ တနင်္ဂနွေ နေ့တိုင်း လာလည်မယ်…”


ရှုနဉ် ထိတ်လန့်သွားသည်။ 

"...စနေ၊ တနင်္ဂနွေတိုင်းလား...”


ဝေ့မင်ကျန်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဘာလဲ…မင်းက ငါ့ကို မကြိုဆိုဘူးလား… “


"မဟုတ်ဘူး..မဟုတ်ဘူး…မဟုတ်ပါဘူး…”

ရှုနဉ် မယုံနိုင်အောင် ပျော်နေသော်လည်း သူ တုံ့ဆိုင်းနေမိသည်။

“အဲ့ဒါက မင်းအတွက် ဒုက္ခမများဘူးလား…”


"ဒါက နှစ်နာရီခွဲလောက်ပဲ ကြာတဲ့ လေယာဉ်စိီးရတာလေ…ဘာအခက်အခဲရှိရမှာလဲ…”

ဝေ့မင်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ တက္ကစီရောက်လာပြီးနောက် သူတို့နှစ်ယောက် ကားပေါ်တက်ပြီး ဗီလာသို့ အတူတူ ပြန်လာခဲ့ကြသည်။


သူတို့ကားထဲမှာရှိနေစဉ် ရှုနဉ် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ 

"ဒီနေ့သောကြာနေ့…မင်း ၉ နာရီ မှာရောက်တယ်ဆိုတော့ မင်းရဲ့လေယာဉ်ထွက်ချိန်က ၆နာရီခွဲပါ့…မင်းလေဆိပ်ကို နာရီဝက်စောရောက်မယ်ဆိုရင်၊ မင်း ၆နာရီမှာ ရောက်ရမယ်... ကားအသွားအလာမရှိဘူးဆိုရင်တောင် ဆိုက်ယောင်ကနေ လေဆိပ်ကို ကားမောင်းဖို့ တစ်နာရီလောက်ကြာသေးတယ် ….မင်း ဒီနေ့နေ့လည် အတန်းကို မတက်ဘူးလား…”


ဝေ့မင်ကျန်းက သူ့လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံ ဖြတ်ပြလိုက်သည်။ 

"မင်းမှားတယ်… ငါ ကျောင်းကို အလေးထားပြီးသွားပါတယ်…လေယာဉ်မတက်ခင် ဆယ်မိနစ်အလိုမှ ရောက်သွားတာ…ငါ အချိန်မှီလေး ထွက်လာခဲ့ရတာလေ…”


“မင်း အတန်းမတက်ရင် အန်တီစု(မဒမ်ဝေ့) မပျော်ပဲနေလိမ့်မယ်…”

ရှုနဉ်က မဝံ့မရဲပြောလာသည်။ 


ဝေ့မင်ကျန်းက လက်ပိုက်ပြီး အရေးမစိုက်ဟန် လုပ်လိုက်သည်။


"ဒါက အထက်တန်းကျောင်းလေးပဲလေ…ဘာသင်ယူစရာရှိသေးလို့လဲ…အလယ်တန်းကျောင်းတုန်းကလိုပဲ ငါစာမေးပွဲမှာ ပထမရနေသရွေ့ မားရော အန်တီချိုက် ရော ငါ့ထက် ပိုပျော်နေမှာပါ…”


ရှုနဉ် မရယ်ဘဲ မနေနိုင်တော့ပေ။ နောက်ဆုံးတွင် သူပြောသည်က အမှန်ပင်။

 "ဒါပေမယ့် မင်း အပတ်တိုင်း ပြန်လာမယ်လို့ ပြောတာမဟုတ်ဘူးလား…အပတ်တိုင်း အတန်းတွေ ပျက်မှာလား…အဲဒါ သိပ်မကောင်းဘူး…”


ဝေ့မင်ကျန်းက သူ့ကို စိုက်ကြည့်လိုက်သည်။ 

"မင်းငါ့ကို အတန်းမပျက်စေချင်ရင် နောက်ကျ ငါ ပိုနောက်ကျတဲ့ လေယာဉ်ကိုစီးဖို့ စီစဉ်လိုက်မယ်…”


 "မင်း အဲ့လိုလုပ်လို့မရဘူး…”

ရှုနဉ် က ပြောလိုက်သည်။

 “ညဥ့်နက်မှ ခရီးသွားရင် မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး…”


"ငါခံနိုင်တယ်…" 


"အပတ်တိုင်း ပြန်လာဖို့လည်း မလိုဘူး…" 


ဝေ့မင်ကျန်းက လက်ပိုက်ထားသည်ကို ဖြုတ်ချလိုက်ပြီး ရှုနဉ်ကို စိုက်ကြည့်လိုက်သည်။ 

"အဲဒါဆို မင်းငါ့ကို မပြန်လာစေချင်ဘူးထင်တယ်…”


ရှုနဉ် သူ့ကိုယ်သူပင် မရှင်းပြတတ်တော့ပေ။ 

“မဟုတ်ဘူး…ငါမင်းကို တကယ်ပြန်လာစေချင်တယ်…”


ဝေ့မင်ကျန်းက ရှုနဉ်၏ မျက်နှာကို လှမ်းညှစ်လိုက်သည်။ သူက ဘဲနှုတ်သီးနှင့်တူစေရန်ရည်ရွယ်ပြီး ရှုနဉ်၏နှုတ်ခမ်းနားကို ညှစ်လိုက်သည်။ 


"လူဆိုးကောင်လေး မင်းဆိုလိုတာက ... ငါ့ကိုအိမ်မပြန်စေချင်ဘူး အဲ့လိုမလား…”


ရှုနဉ်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာကို မညှစ်တော့ရန် ကြိုးစားလိုက်သည်။ 

"မဟုတ်ဘူး…အားထုတ်ရကျိုးမနပ်ဘူးလို့ ငါထင်လို့ပါ အချိန်က အရမ်းကျပ်နေတယ်လေ…”


ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာပြီး ရုတ်တရက်မေးလိုက်သည်။

 “ဒီလောက် အချိန်တိုလေးနဲ့ မင်း ဘယ်လိုလုပ် ညစာစားရဦးမှာလဲ…”


"ငါ လေယာဉ်ပေါ်က ညစာပဲ စားလာတယ်…”


"မင်း အဲ့လို မကောင်းမကန်းတွေ စားလာတာလား…”


 "ငါ ပေါင်မုန့်နဲ့ ဘီစကွတ်တွေလည်း စားလို့ရတယ်လေ…”


 ရှုနဉ် သူ့ရင်ထဲတွင် ချဉ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ 

"မင်ကျန်း…မင်း အဲ့လိုလုပ်ဖို့ မလိုပါဘူး…”


ဝေ့မင်ကျန်းက သူ့မျက်နှာကို လွှတ်လိုက်သည်။ သူက ခေါင်းကို ပွတ်သပ်ရင်း တိုးတိုးလေးပြောလိုက်သည်။


“ငါတော့ လိုတယ်ထင်တာပဲ…”



သူတို့ အိမ်ပြန်ရောက်သည်နှင့် ချိုက်ချင်နှင့် ရှုကျွင်းတို့ ထပ်မံ၍ ထိတ်လန့်သွားကြသည်။


ရှုနဉ်က ဝေ့မင်ကျန်း ညစာ မစားရသေးကြောင်း ပြောပြီးသည်နှင့် ချိုက်ချင်က မီးဖိုချောင်ထဲသို့ဝင်ပြီး စွပ်ပြုတ်အိုးကို ပြန်နွှေးလိုက်သည်။ သူမက သူ့ကို လွှတ်မပေးမီ ထိုစွပ်ပြုတ်ကို အတင်း သောက်ခိုင်းသည်။


သူတို့အားလုံး ခေတ္တမျှ စကားပြောပြီးနောက် ချိုက်ချင်က ဝေ့မင်ကျန်း ခရီးပန်းနေနိုင်သည်ဟု ထင်သောကြောင့် နှစ်ယောက်လုံးကို အပေါ်တက်ပြီး အနားယူရန် ပြောလိုက်သည်။


မူလတွင်မူ ရှုနဉ်က ဝေ့မင်ကျန်းအတွက်အခန်းကို သန့်ရှင်းရေးလုပ်ပေးရန် စီစဉ်ထားသော်လည်း ဝေ့မင်ကျန်းက တံခါးပိတ်ပြီး သူ့လမ်းကို ပိတ်ထားလိုက်သည်။

“မလိုတော့ဘူး…”


ရှုနဉ် မျက်တောင်ခတ်လိုက်သည်။ 

"ငါ ဒီမှာ နှစ်ရက်ပဲနေမှာမို့ မင်းကို ဒုက္ခပေးနေစရာ မလိုဘူး…မင်းနဲ့ပဲ အတူအိပ်လိုက်မယ်လေ…”


 ရှုနဉ် "…..”


သူ ငြင်းဆန်လိုသော်လည်း ဝေ့မင်ကျန်းက ရှုနဉ်ကို ဘေးဘက်ရှိ အိပ်ခန်းထဲသို့ ဆွဲခေါ် သွားပြီးနေပြီ ဖြစ်သည်။ သူက ဗီရိုထဲမှ ညအိပ်ဝတ်စုံကို ဆွဲထုတ်လိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။


ရေကျနေသည့် အသံကို နားထောင်လျက် ရှုနဉ် ရင်တုန်လာကာ တံတွေး မျိုချလိုက်မိသည်။


သူနှင့် ဝေ့မင်ကျန်းတို့က နှစ်အတော်ကြာအောင် အတူတကွနေထိုင်ခဲ့ကြပြီး သူတို့ မကြာခဏပင် အတူတူ အိပ်လေ့ရှိသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် အလွန် ရင်းနှီးလွန်းနေခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အလွန် သဘာဝကျသကဲ့သို့ ခံစားနေရခြင်းကြောင့်လည်း ဖြစ်နိုင်သောကြောင့် သူ့စိတ်က တခြားအရာသို့ လှည့်မသွားခဲ့ဖူးပေ။


သို့သော်လည်း ယခုမူ သူ အိပ်ယာပေါ်တွင် လှဲလျောင်းနေလျက် သူ ခံစားနေရသည့် အရာများကို သိလာသည်။


ရှုနဉ်က သူ၏အိပ်ရာကြီးကို ကြည့်လျက် မျက်နှာကို ပွတ်လိုက်မိသည်။


ငါတို့… ငါတို့အရင်ကလို အတူတူနေကြတာလည်း ဖြစ်နိုင်တာပဲလေ…


ဝေ့မင်ကျန်းရေချိုးပြီးသည်နှင့် ရှုနဉ်လည်း ရေချိုးလိုက်သည်။ သူ သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ဝေ့မင်ကျန်းက အိပ်ယာပေါ်တွင် ထိုင်နေရင်း သူ့တက်ဘလက်ကို ကြည့်နေသည်။


ယခုတစ်ခါတွင်မူ သူက အိတ်တစ်လုံးကိုသာ ယူလာခဲ့သည်။ ထိုအိတ်ထဲတွင် ဒေတာကြိုးများ၊ အားသွင်းကြိုးများ၊ သူ့တက်ဘလက်၊ သူ့ဖုန်း အစရှိသည့် အရာများပါရှိသည်။ သူက မည်သည့် အဝတ်အစားမှ ယူမလာခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ ဤအိမ်တွင်လည်း သူ့အဝတ်အစား များစွာရှိနေသည်ပင်။ သူ့ကျောင်းစာအုပ်များကလည်း သူနှင့်အတူ ပါမလာခဲ့ပေ။ 


သူ့ ထိုင်နေသည်ကိုတွေ့သောအခါ ရှုနဉ် ရုတ်တရက် ခုတင်ပေါ်သို့ မတက်ချင်တော့ပေ။


အဆင်မပြေဖြစ်နေသည်ကို ဖြေလျှော့ရန်အတွက် အိမ်စာလုပ်ရန် သူ့ဖတ်စာအုပ်ကို တမင်ဆွဲထုတ်လိုက်သည်။ အထက်တန်းကျောင်းသို့ရောက်လာသည်နှင့် သူ၏စာလေ့လာမှုများက ပို၍ခက်ခဲလာသည်။ အမှတ်တစ် အထက်တန်းကျောင်းကို အဓိက အထက်တန်းကျောင်းအဖြစ် သတ်မှတ်ထားကြခြင်းဖြစ်၍ ဆရာ၊ဆရာမများ အားလုံးက အလွန်တင်းကြပ်ကြပြီး အားလုံးက အိမ်စာများ အများအပြား ပေးကြသည်။ အမှတ်တစ် အထက်တန်းကျောင်းမှ ပထမနှစ်ကျောင်းသားများက ညနေပိုင်းသင်တန်းများကို တက်ရောက်ရန် မလိုအပ်သော်လည်း ကျောင်းစာများ အပြင်းအထန် ပြုလုပ်ရမည်ဖြစ်သောကြောင့် အိမ်ပြန်ရောက်လျှင်ပင် ဆယ့်တစ်နာရီ၊ဆယ့်နှစ်နာရီအထိ အိမ်စာလုပ်ရပေသည်။


ယှဉ်ကြည့်မည်ဆိုလျှင် ဆိုက်ယောင်က ပိုကောင်းပေသည်။ ဆိုက်ယောင်က အခြေခံအားဖြင့် အိမ်စာမပေးဖူးပေ။ ဝင်ခွင့်နှုန်းကို တိုးမြှင့်ရန် ရွေးချယ်ထားသော ကျောင်းသားများမှလွဲ၍ အခြားကျောင်းသားများကထိုနေရာတွင်အချိန်ကုန်ရန်သာ ရှိနေကြခြင်းဖြစ်သည်။ ထို့အပြင် ကျောင်းကလည်း အချိန်ကုန်ခံရန်သာ ရှိနေသည်ကို သိသောကြောင့် သူတို့ကို များများစားစား ဖိအားမပေးခဲ့ပေ။ 


ရှုနဉ်က ဝေ့မင်ကျန်းကို မနာလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 

"မင်းမှာ အိမ်စာမရှိဘူးလား…”


ဝေ့မင်ကျန်းက မော့ကြည့်ပြီး ပြောလိုက်သည်။ 

"မရှိဘူး…”


"ကောင်းတာပေါ့ အမှတ်တစ် အထက်တန်းကျောင်းက အိမ်စာတွေ အများကြီးပေးတယ်…ငါ အဲဒါနဲ့လုံးဝ အသားမကျသေးဘူး…” 

ရှုနဉ်က ပြောလိုက်သည်။ 


ငါက ပေါ့ပေါ့နေပေါ့ပေါ့စားလေး ပဲ ဖြစ်ချင်တာပါ…


သူက အလုပ်ကြိုးစားချင်သူမဟုတ်ပေ။ အခြာ

းကျောင်းသားများက ကောလိပ်ကောင်းကောင်းတက်ချင်သောကြောင့် အလုပ်ကြိုးစားနေကြခြင်းဖြစ်ပြီး သူတို့ထံတွင် လှုံ့ဆော်မှုအပြည့်ရှိကြသည်။ တစ်ဖက်တွင်မူ ထိုကဲ့သို့သောဆန္ဒမျိုး သူ့တွင် မရှိသော်လည်း သူက ထိုလူများနှင့် အတူတူ အိမ်စာများစွာကို လိုက်လုပ်နေရဆဲပင်။