အပိုင်း ၁၁၀
Viewers 32k

Chapter 110

တစ်ပတ်တစ်ခါ ပြန်လာခြင်း



ညစာစားချိန်ရောက်ပြီဖြစ်သောကြောင့် ရှုနဉ်က သူတို့အားလုံးကို ငါးပေါင်းအစပ်ရသည့် စွပ်ပြုတ်ဆိုင်ကို ခေါ်သွားလိုက်သည်။


ထို့နောက် ချန်ယွမ်ယွမ်က အထက်တန်းကျောင်းအနီးရှိ ကာရာအိုကေဆိုင်သို့ ခေါ်ဆောင်သွားပြီး အခန်းငှားလိုက်ကြသည်။


ရှုနဉ်က ဘီယာနှစ်ပုလင်း၊ သစ်သီးဗန်းနှင့် အဆာပြေအချို့ကို မှာလိုက်သည်။


 "မဟုတ်ဘူး..မဟုတ်ဘူး…ငါတို့ ဒီလောက် မစားနိုင်ဘူး…”

ချန်ယွမ်ယွမ်က အနည်းငယ် ဆိုးရွားသည်ဟု ခံစားရသောကြောင့် ငြင်းဆန်ချင်သည်။ ရှုနဉ်က က သူတို့ညစာအတွက် ငွေရှင်းပေးပြီး ယခုလည်း သူတို့ ကာရာအိုကေအတွက် ငွေရှင်းပေးနေပြန်သည်။ သူမ စိတ်မကောင်းဖြစ်သွားသည်။ 


"ငါပေးမယ်လို့ပြောခဲ့တယ်လေ…အဲဒါအတွက် စိတ်မပူပါနဲ့…”

ရှုနဉ်ကပြောလိုက်သည်။ 


“မှန်တယ်…တစ်စုံတစ်ယောက်က ပိုက်ဆံပေးလာပြီဆိုတော့ ငါတို့က အဲဒါကို အခွင့်ကောင်းယူရမှာပဲ …”

အခြားကောင်လေးသုံးယောက်က ဝမ်းသာအားရရယ်မောလိုက်သည်။ 


"ဒီမှာ ငါတို့ငါးယောက်တည်းနဲ့ မလောက်ဘူး…”


"တခြားလူတွေကရော အားကြလား…သူတို့အားလုံးကို ကစားဖို့ ခေါ်လိုက်လေ…”



ရှုနဉ် က အကြံပြုသည်။ သူက သူ့အတန်းဖော်များနှင့် ရင်းနှီးလိုသောကြောင့် သူတို့အားလုံးကို ချက်ချင်းဖိတ်ရန် ဆုံးဖြတ်လိုက်သည်။ 


"သူတို့ကို ခေါ်လိုက်ပါ…မြန်မြန်ခေါ်လိုက်…”


 "ငါ့ကောင်က လူတိုင်းကို ပြုစုပေးတော့မှာ… မလာရင် ဖြုန်းတီးတာပဲ…”


ကျန်းယွီနှင့် အခြားသူများက သူတို့၏ ဖုန်းကို ထုတ်ကာ WeChat မက်ဆေ့ခ်ျများ စတင်ပို့ကြသည်။ 


"မြန်မြန်…ပိုက်ဆံရှင်းပေးမဲ့သူတစ်ယောက်ရှိနေတယ်…ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ…”


ထိုကဲ့သို့သော စာများကို သူတို့သိသည့် လူတိုင်းအား ပို့ပြီးနောက် လူအတော်များများ ရောက်လာကြသည်။


ရှုနဉ်က အစောင့်တစ်ယောက်ကို ခေါ်ပြီး နောက်ထပ် သစ်သီးလင်ပန်းနှင့် ဘီယာတချို့ကို မှာခိုင်းလိုက်သည်။


ချန်ယွမ်ယွမ်က ယခုအချိန်တွင် ပို၍ပင် ရှက်သွားသည်။ သူမ၏ မျက်နှာက နီရဲလာသည်။


 "ရှုနဉ်...ငါတို့ဘာလို့ ငွေကို တစ်ဝက်စီ မရှင်းတာလဲ…”


ညစာစားခြင်းတစ်ခုတည်းဆိုလျှင် အဆင်ပြေသော်လည်း သူက ကာရာအိုကေအတွက်ပါ ငွေရှင်းပေးနေသည်။ စျေးကနည်းမည် မဟုတ်၍ လူပိုများလာသည်နှင့် ပိုက်ဆံပိုကုန်မည် ဖြစ်သည်။


ရှုနဉ် ခဏ အံ့ဩသွားပြီးနောက် ပြုံးပြီးပြောလိုက်သည်။

 "စိတ်မပူပါနဲ့…ငါ ပိုက်ဆံရှင်းလိုက်မယ်…”


ဆိုက်ယောင်ကျောင်းသားများ ပိုက်ဆံကို မည်ကဲ့သို့ သုံးစွဲသည်ကို မြင်ပြီးနောက် ယွမ်ထောင်ဂဏန်း အနည်းငယ်က အမှန်တကယ် ဘာမှဟုတ်မနေပေ။ 


"ယွမ်ယွမ် မင်းဘာကိုကြောက်တာလဲ…ရှုနဉ်နဲ့ ဝမ်ရှန်ရှန်တို့က ဘယ်လောက်ချမ်းသာတယ်ဆိုတာ ငါတို့အားလုံးသိတယ်…”


ကျိုးလန်က ချန်ယွမ်ယွမ်ကို ပြုံးပြပြီး မတ်တတ်ရပ်လိုက်သည်။ 


"ဒါက သူ့အတွက်တော့ ဘာမှမဟုတ်သလိုပဲ…”


အလယ်တန်းကျောင်းတက်စဉ်က ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့က ချမ်းသာပြီး ချောမောသောကြောင့် မရေမတွက်နိုင်သည့် မိန်းကလေးများ၏ စံပြချစ်သူ ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်တွင် မည်သည့် တစ်ယောက်က ကျောင်း၏ အချောဆုံးကောင်လေးဖြစ်သည်ကို ငြင်းခုံမှုများ အများအပြား ရှိခဲ့သည်။ 


ထိုငြင်းခုံမှုများ ဖြစ်ရသည့် အကြောင်းရင်းမှာ ဝေ့မင်ကျန်းအား ရှုမိသားစုမှ ပျိုးထောင်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူက အမှန်တကယ် ချမ်းသာသူ မဟုတ်ပေ။ ရှုနဉ်ကသာ ချမ်းသာပြီး ချောမောသူဖြစ်သည်။ 


နောက်ပိုင်းတွင် ကျောင်းသားအများစုက ဝေ့မင်ကျန်း၏ ချောမောလှပသည့် မျက်နှာကို မကြည့်ပဲ မနေနိုင်ကြတော့ပေ။ သူတို့ကအခြားအရာအားလုံးကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ဆုံးတွင် ကျောင်းတွင် အချောဆုံးကောင်လေးအဖြစ် "အခြားသူများကို အားကိုးနေရသည့်” ဝေ့မင်ကျန်းကို ရွေးချယ်ခဲ့ကြသည်။ 


ဝေ့မင်ကျန်းက အလယ်တန်းကျောင်း တတိယနှစ်တွင် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းသွားမည်ဟု မည်သူကမှ မခန့်မှန်းထားခဲ့ကြပေ။ ရုတ်တရတ် သူက ဝေ့မိသားစု၏ အကြီးဆုံး သခင်လေးဖြစ်လာသည်။


ထိုအဖြစ်အပျက်များအားလုံးက ယမန်နေ့ညကကဲ့သို့ပင် သူ့စိတ်ထဲ၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ 


ငါ ဘာလို့များ သူ့အကြောင်းကို ထပ်တွေးနေရပြန်တာလဲ…


ရှုနဉ် ခေါင်းခါလိုက်ပြီး ထိုအတွေးများကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။ 


သူနှင့် ဝေ့မင်ကျန်းတို့က တစ်ကြိမ်မှ မခွဲခွာဖူးခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ ရုတ်တရက်ကြီးခွဲခွာလာခဲ့ရသည်နှင့် အသားကျမနေသေးပေ။ ရှုနဉ်က တစ်စုံတစ်ယောက်အကြောင်းကို မကြာခဏ တွေးတောလျက် အတိတ်ကို သတိရနေမိသည်။ 


"စိတ်မပူပါနဲ့…ငါဒီည အားလုံးကို ဒကာခံပါ့မယ်..”

ရှုနဉ်က ကြေညာခဲ့သည်။ သူက လူစုလူဝေးနှင့် ရောနှောပြီး သူ့ခေါင်းထဲရှိ ထိုအတွေးများကို ဖယ်ရှားပစ်ချင်ခဲ့သည်။ 


"ဝူးဟူး….”

လူအုပ်ကြီးက အားပေးလိုက်ကြပြီး စပီကာအသံအများကို မြှင့်လိုက်ကြသည်။ ကျန်းယွီ က ပထမဆုံး သီချင်းကို စတင်သီဆိုလိုက်သည်။ သူ့အသံက သေခါနီး ဝက်တစ်ကောင်အော်နေသကဲ့သို့ ဖြစ်နေသောကြောင့် ကောင်လေးအတော်များများက သူ့ကို မိုက်ခရိုဖုန်းနားမှ အတင်း ဆွဲထုတ်လိုက်ကြသည်။ 


တစ်ယောက်ပြီး တစ်ယောက်နှင့် တခြားကျောင်းသား အတော်များများ သူတို့၏ ကာရာအိုကေခန်းထဲသို့ ရောက်လာကြသည်။ အချို့က အတန်းတူများဖြစ်ပြီး အချို့က တခြားအတန်းမှ ဖြစ်သည်။ ကာရာအိုကေခန်းက အလွန်ပင် တက်ကြွသက်ဝင်နေပြီး ကျယ်လောင်လွန်းသောကြောင့် အချင်းချင်း အော်ပြောနေကြရသည်။ မဟုတ်လျှင် သူတို့ လုံးဝမကြားရပေ။


ရှုနဉ်က သူတို့နှင့်အတူ ကစားနေပြီး သူ့ကို သီချင်းဆိုရန် ဆွဲခေါ်သွားကြသည်။ 


ရွေးထားသည့် သီချင်းက အချစ်သီချင်းပင်။ 


အစက သူက ကျန်းယွီကို သူနှင့် အတူတူ ဆိုခိုင်းရန်ဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ကျန်းယွီက ထွက်ပြေးသွားပြီး အော်ဟစ်လိုက်သည်ကိုပင်။


 "ယွမ်ယွမ်…လာပြီးသီချင်းဆိုပါ…”


 လူအုပ်ကြီး၏ လှောင်ပြောင်သံများကြားတွင် ချန်ယွမ်ယွမ်လည်း ရှက်ရွံ့သွားသည်။ သူမက မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှုနဉ်နှင့် အတူ သီချင်းဆိုခဲ့သည်။


ရှုနဉ်က အစပိုင်းတွင် အထူးရှက်ရွံ့ခြင်းမရှိသော်လည်း သီချင်း အလယ်ပိုင်း ရောက်သည်နှင် ချန်ယွမ်ယွမ် ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများက သီချင်းစာသားများကဲ့သို့ ချိုမြိန်ပြီး ဖျားယောင်းနေသည်။ သူမ၏ အကြည့်များက သူ့ကိုပြောစရာရှိနေပုံရ၍ ရှုနဉ် ရုတ်တရက် ခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။ 


ဘယ်လိုမျှမဖြစ်နိုင်...


သူက အဝေးကို အမြန် မျက်လုံးလွှဲလိုက်ပြီး သူ့အသံက ကီးလွဲသွားသည်။ သူက ချန်ယွမ်ယွမ် မဟုတ်သည့် မျက်နှာကြက် နှင့်ကြမ်းပြင်တို့ကိုသာ ကြည့်နေလိုက်သည်။ 


သူသေချာပေါက် သူမနှင့် တွဲကစားပေးနိုင်မည် မဟုတ်ပေ။ 


သီချင်းပြီးသွားသည်နှင့် သူက မိုက်ခရိုဖုန်းကို အမြန်ချပြီး ထောင့်တွင် ထိုင်လိုက်သည်။ အခြားသူများကလည်း သူတို့ ကောင်းကောင်း သီဆိုနိုင်ကြသည်ဟု အားပေးနေကြပြီး မရေမတွက်နိုင်လောက်အောင် မရှင်းမလင်းဟာသများ(သူတို့ကို တွဲပေးသလို စတဲ့ဟာသတွေ) ပြုလုပ်ကြသည်။ 


အံ့ဩစရာကောင်းသည်မှာ ချန်ယွမ်ယွမ်က စိတ်ဆိုးသွားခဲ့ခြင်းမျိုးမရှိဘဲ သူမ မျက်နှာတစ်ခုလုံး နီမြန်းနေသည်။


ထိုအရာက ပိုဆိုးသည်ဟု ရှုနဉ် ခံစားလိုက်ရသည်။ သူ ဖုန်းလာဟန်ဆောင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ 


ရှုနဉ် သူ့နောက်ဘက်မှ စူးစူးရှရှအသံများကြောင့် တံခါးကိုပိတ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ မူလက စင်္ကြန်တွင် ခဏနေရန် စီစဉ်ထားသော်လည်း သူ့နောက်မှ တံခါးက ရုတ်တရက် ပွင့်လာသောကြောင့် ဖုန်းကို အမြန်ယူကာ သန့်စင်ခန်းဆီ လျှောက်သွားခဲ့သည်။ 


သူ့မျက်လုံးထောင့်မှ ကြည့်လိုက်သောအခါ အခန်းထဲမှ ထွက်လာသည့်သူက ချန်ယွမ်ယွမ်ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။ သူမလည်း သန့်စင်ခန်းဆီသို့ လျှောက်လာသည်။ 


ရှုနဉ် အားကိုးရာမဲ့သွားသည်ဟု ခံစားလိုက်ရသည်။ သူ့ဖုန်းကို လက်ထဲတွင် ကိုင်လျက် အမျိုးသားသန့်စင်ခန်းထဲသို့ ၀င်ရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ 


ချန်ယွမ်ယွမ်၏ အပြုအမူက ……....


မိန်းကလေးများစွာ၏ ချဉ်းကပ်ပြီး ဝန်ခံခြင်းကို ခံရပြီးနောက်၊ ရှုနဉ်က သူတို့၏ ခံစားချက်အပေါ် တဖြည်းဖြည်း ပို၍ အထိမခံသည့်ပုံ ဖြစ်လာခဲ့သည်။ 


ရှုနဉ် သူ့မျက်ခုံးများကို ပွတ်သပ်ရင်း တွေးနေစဥ် ရုတ်တရက် သူ့ဖုန်းက မြည်လာသည်။


ရှုနဉ် အမြန်ငုံ့ကြည့်လိုက်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။ 


မင်ကျန်း….


****

 သန့်စင်ခန်းထဲဝင်လာသော လူနှစ်ယောက်သည် သန့်စင်ခန်းအလယ်တွင် ရပ်နေသော ရှုနဉ်ကို စိုက်ကြည့်နေမိကြသည်။ 


ရှုနဉ် ဖုန်းကိုင်လိုက်သည်။

 "ဟယ်လို…”


"မင်းဘယ်မှာလဲ…”

သန့်စင်ခန်းထဲသို့ ဝင်လာသည့်လူများ တဖြည်းဖြည်းနှင့် များလာပြီး နောက်ဆုံးတွင် ရှုနဉ် ထွက်လာခဲ့ရသည်။


ချန်ယွမ်ယွမ်က သန့်စင်ခန်းဘေးရှိ စင်္ကြန်တွင် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းကို သူ တွေ့လိုက်ရသည်။ 


ရှုနဉ် သူ့စိတ်ကို တင်းထားလိုက်သည်။

“ငါ အပြင်မှာ…”


ဖုန်းတစ်ဖက်က အသံက ခဏရပ်သွားသည်။

 "ကိုးနာရီတောင်ထိုးနေပြီ ဘာလို့အပြင်ထွက်နေသေးတာလဲ…”


"ငါ့ အတန်းဖော်တွေနဲ့ အတူတူ ကာရာအိုကေ ဆိုနေတာ…”


"ဝမ်ရှန်ရှန်နဲ့ တခြားသူတွေနဲ့ ပဲလား…”


"မဟုတ်ဘူး…သူတို့က ငါ့ရဲ့ အတန်းဖော်အသစ်တွေပါ…”


 "ယောက်ျားလေးလား…မိန်းကလေးလား…ဘယ်နှစ်ယောက်လဲ….”


ရှုနဉ် ရယ်လိုက်သည်။ 

"ယောက်ျားလေးရော မိန်းကလေးရော လူတစ်ဒါဇင်လောက်ရှိတယ်…မင်းကျေနပ်ပြီလား….”


ခဏခန့် တိတ်ဆိတ်သွားသည်။ 

"ဘယ်မှာလဲ…”


ရှုနဉ်က မေးလိုက်သည်။ 

 "ဘာလဲ….ငါပြောရင် မင်းလာခဲ့မလို့လား…”


“အင်း…”


"အင်း ဆိုတာက မင်း ဘာကိုဆိုလိုတာလဲ…”


ရှုနဉ်က ပြုံးပြီး မေးလိုက်သည်။ ထို့နောက် သူ့မျက်နှာ ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများ အနည်းငယ် ပြူးသွားသည်။ 


"မင်း ပြန်လာပြီလား…”


"ငါ ပြန်လာခွင့်မရှိဘူးလား…”


ရှုနဉ် အံ့ဩတကြီး မတ်တပ်ရပ်လိုက်သည်။ သူ ပုံမှန် ပြန်ဖြစ်ရန် ခဏအချိန်ယူလိုက်ရသည်။ 

"ဘယ် ဘယ်တုန်းက ပြန်ရောက်တာလဲ…”


သူ့အသံက မည်မျှပျော်ရွှင်နေသည်ကို သူမသိလိုက်ပေ။ 


"အခုပဲ…”


ရှုနဉ် သူ့သွေးစီးဆင်းမှူပင် မြန်လာသကဲ့သို့ ခံစားလိုက်ရသည်။ 

"မင်းငါ့ကိုဘာလို့မပြောရတာလဲ…ငါလာကြိုမယ်…မင်း ငါ့ကို ဘာလို့ကြိုမပြောတာလဲ…”


 "ငါ မင်းကို အံ့ဩစေချင်လို့လေ…”

သူက ပြောလိုက်သည်။

"ဒါပေမယ့် အခုတော့ ကြည့်ရတာ ငါမင်းကို စိတ်အနှောင့်အယှက်ပေးလိုက်မိပုံပဲ…”


"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး….”

ရှုနဉ်က အမြန်ငြင်းလိုက်သည်။


ချန်ယွမ်ယွမ်က သူ့ဆီ လှမ်းလာပြီး တိတ်တဆိတ် နေလိုက်သည်။ 


ချန်ယွမ်ယွမ်က ကြည့်နေသည်ကို သူတွေ့သောအခါ ရှုနဉ်က သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ 

"ငါ အမှတ်တစ် အထက်တန်းကျောင်းနားက Meihaodi KTV အခန်းနံပါတ် ၁၂၀၈ မှာ…”


"ကြည့်ရတာတော့ သိပ်ဝေးပုံမပေါ်ဘူး စောင့်နေနော်…”

တစ်ဖက်က ဖုန်းချသွားသည်။


ရှုနဉ်က သူ့ဖုန်းကို ကိုင်ထားရင်း အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေသည်။ 


မင်ကျန်းက တကယ့်ကို ဒီမှာပဲ…


အိုးးး ဘုရားရေ….


ငါ ဘာလို့များ အရမ်းစိတ်လှုပ်ရှားနေရတာလဲ…ငါတို့ ဝေးနေတာ လဝက်လောက်ပဲ ရှိသေးတယ်….


 "နင် ခုနက ဘယ်သူနဲ့ဖုန်းပြောနေတာလဲ… အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ…”

ချန်ယွမ်ယွမ်က သူမ၏ မျက်တောင်များကို တဖျက်ဖျက်ခတ်ရင်း မေးလိုက်သည်။ 


ရှုနဉ်က ပြန်ဖြေလိုက်သည်။

 "မင်ကျန်းလေ…”


ထို့နောက် သူက ထပ်ရှင်းပြလိုက်သည်။

 "ယင်းမင်ကျန်း…သူ့နာမည်ကို ဝေ့မင်ကျန်းလို့ ပြောင်းလိုက်ပြီ….”


ချန်ယွမ်ယွမ်က ပြောလိုက်သည်။ 

"အိုး….”


သူမ အံ့ဩသွားပုံမပေါ်ပေ။

 "ဒါဆို သူပေါ့…. နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းနေတာပဲ….”


 "ဟုတ်တယ်….”


"နင်တို့က ခွဲထားလို့ကို မရဘူး…”


"အမှန်ပဲ…”


သူ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်နှင့် ချန်ယွမ်ယွမ်လည်း ယခုအတိုင်းလေးသာ ယင်းမင်းကျန်းအကြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။ ရှုနဉ်က သတိမထားမိပေ။ သူက စင်္ကြန်တွင် သူမနှင့် အချိန်အတော်ကြာ ပျော်ရွှင်စွာ စကားစမြည်ပြောခဲ့သည်။


ရှုနဉ် မနေနိုင်ဘဲ သူမကို ဝေ့မင်ကျန်းအကြောင်း များစွာပြောမိခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။


ခဏအကြာတွင် သူခေါင်းအေးအေး ထားနိုင်သွားသည်။ ရှုနဉ်လည်း သူ ဝေ့မင်ကျန်းအကြောင်း ပြောနေခြင်းက အတန်ကြာနေပြီကို သိလိုက်သောကြောင့် စကားစမြည်ပြောခြင်းကို ခေတ္တရပ်လိုက်သည်။ 

"ငါတို့အခန်းထဲ ပြန်သွားမယ်လေ…”


ချန်ယွမ်ယွမ်က တိုးညှင်းစွာ သဘောတူလိုက်သည်။ 

“အင်း…”


နှစ်ယောက်သား ကာရာအိုကေခန်းဆီသို့ ပြန်လျှောက်သွားကြသည်။ ကာရာအိုကေခန်းသို့ ရောက်ခါနီးတွင် ချန်ယွမ်ယွမ်က ရုတ်တရက် ခေါင်းလှည့်ပြီး ခေါ်လိုက်သည်။ 

“ရှူနဉ်….”


ရှုနဉ် ရပ်လိုက်သည်။ 


ချန်ယွမ်ယွမ်က ရှက်သွေးဖြာနေပြီး အသက်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"နင် ငါ့ရည်းစားဖြစ်ပေးနိုင်မလား…”


ရှုနဉ်: "..." 


ရှုနဉ်၏အမူအရာက အဆင်မပြေဖြစ်လာသည်။ 


ချန်ယွမ်ယွမ်က အချိန်အတန်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူက မတုံ့ပြန်ခဲ့သောကြောင့် သူမ၏ မျက်လုံးများက မှေးမှိန်သွားခဲ့သည်။ သူမက ပြုံးပြီး သက်ပြင်းချလိုက်သည်။ 

"ငါ မျှော်လင့်ထားသလိုပါပဲ…နင် မဖြစ်ပေးနိုင်ဘူး…”


 ရှုနဉ်က တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်..."


 "တောင်းပန်တယ်လို့ မပြောပါနဲ့…”


ချန်ယွမ်ယွမ်က ပြုံးပြီး သူ့ ပခုံးကို ပုတ်လိုက်သည်။ "အငြင်းခံရဖို့ ငါ့ကိုယ်ငါ ပြင်ဆင်ထားပြီးသားပါ…အခွင့်အရေးက နည်းနေမှန်းငါသိပါတယ်…အလယ်တန်းကျောင်းတက်ကတည်းက နင့်ကို သဘောကျနေခဲ့တာ…ဒါပေမယ့် အငြင်းခံရမှာကို အရမ်းကြောက်နေတော့ ဝန်မခံဖြစ်ခဲ့ဘူး…နောက်တော့ နင် ရုတ်တရက် ပေကျင်းကို ထွက်သွားတော့ ငါ အရမ်းနောင်တရတယ်…အဲဒီတုန်းက ခံစားချက်တွေကို ထုတ်မပြောနိုင်ခဲ့မိလို့ နောင်တရမိတယ်…”


"ငါ့ရဲ့ခံစားချက်တွေကို နင့်ကိုသာပြောပြနိုင်မယ်ဆိုရင် ငါအငြင်းခံရရင်တောင်မှ ငါ့ရဲ့ အလယ်တန်းကျောင်းက အချစ်ကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ထင်တယ်…နင် ချူကျိုးကို ပြန်လာမယ်လို့ ငါမမျှော်လင့်ခဲ့မိပေမဲ့ နင်က အမှတ်တစ် အထက်တန်းကျောင်းကိုတောင် ပြောင်းလာခဲ့သေးတယ်…”


"ဒါ့ကြောင့်ပဲ ငါ ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တာ…”

ချန်ယွမ်ယွမ်၏အသံက ခိုင်မာနေသည်။ 


ရှုနဉ်က ချန်ယွမ်ယွမ်၏ ပြတ်သားသည့်ပုံစံကိုကြည့်လျက် ဘာပြောရမည်ကို မသိတော့ပေ။ 


သို့သော်လည်း ချန်ယွမ်ယွမ်က သူ့ပုခုံးထက်မှ အလေးချိန်ကို လျော့ချပစ်လိုက်နိုင်သွားပုံရသည်။ 

"ကောင်းပြီလေ…နောက်ဆုံးတော့ ငါဖွင့်ပြောနိုင်သွားပြီ… ငါ အခု ပိုနေလို့ကောင်းလာသလို ခံစားရတယ်… အငြင်းခံရတာကို ငါ မအံ့သြပါဘူး… ရိုးရိုးသားသားပြောရရင် ကမ္ဘာပေါ်မှာ နင် နဲ့ဝေ့မင်ကျန်းကြားကို ဝင်နိုင်တဲ့ မိန်းကလေး တစ်ယောက်မှ ရှိမှာမဟုတ်ဘူး…”


ရှုနဉ် အချို့သောအကြောင်းပြချက်များကြောင့် ရုတ်တရတ် ထိတ်လန့်သွားသည်။ 

"ဘာလို့လဲ…”


ချန်ယွမ်ယွမ်က ပြုံးပြီးပြောလိုက်သည်။

"နင် မသိဘူးလား…အလယ်တန်းကျောင်းတုန်းက ဝေ့မင်ကျန်းက နင့်ကို မကြိုက်ဖို့ တခြားသူတွေကို သတိပေးခဲ့တယ်လေ... နင့် စာလေ့လာဖို့ကိုပဲ အာရုံစိုက်ဖို့လိုတယ်လို့ သူပြောခဲ့တာ…”


ရှုနဉ် ထိတ်လန့်သွားသည်။ 

"သူ အဲ့လိုလုပ်ခဲ့တာလား…”


ချန်ယွမ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။

 "တစ်ယောက်ယောက်က နင့်ကို ရည်းစားစာတစ်စောင် ပို့ခိုင်းရင် သူက ချက်ခြင်း ဖြဲပစ်လိုက်လိမ့်မယ်…အိုး ငါကြားဖူးတာတော့ သူက နင့်ရဲ့ စားပွဲခုံထဲမှာ ရည်းစားစာရှိနေတဲ့အချိန်တိုင်း ဖြဲပစ်လိုက်လိမ့်မယ်…”


ရှုနဉ်: "..." 


"နင့်အမေက သူ့ကို ဒီလိုလုပ်ခိုင်းတာလို့ ငါကြားဖူးတယ်…”


ရှုနဉ်"..." 


ချန်ယွမ်ယွမ်က စပ်စုဟန်ဖြင့် မေးလာသည်။

 "နင့်အမေက အရမ်းစည်းကမ်းတင်းကြပ်တယ်လို့ ငါကြားဖူးတယ်…နင် ချိန်းတွေ့တာကို သူက သဘောမကျဘူးတဲ့…ဒါအမှန်ပဲလား…”


ရှုနဉ် သူ့ပါးစပ်ကို ဟလိုက်သည်။ ချန်ယွမ်ယွမ်၏ မျက်လုံးများကို သူတွေ့လိုက်သောအခါတွင် သူ ခေါင်းညိတ်လိုက်သည်။

 "ဟုတ်တယ်…”


"ဟမ် နင့်အမေက အရမ်းစည်းကမ်းကြီးတာပဲ….”


ချန်ယွမ်ယွမ်က ပြောလိုက်သည်။

 “ဝေ့မင်ကျန်းက နင့်ကို အရမ်းအနီးကပ် စောင့်ကြည့်နေခဲ့တာ…နင်တို့က တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းကပ်နေတော့ တခြားလူတွေက နင်နဲ့ တစ်ယောက်တည်း တွေ့ဖို့ဆိုတာ တကယ့်ကိုခက်တယ်…”


"အိုး…တကယ်လား…”


 "တကယ်ပေါ့…”


 ချန်ယွမ်ယွမ်က ပြောလိုက်သည်။

 "နင်တို့နှစ်ယောက်ကို တချို့လူတွေက အဲ့ဒါနဲ့တူတယ်လို့ ပြောနေတာ နင်မသိဘူးလား..”


"အဲ့ဒါနဲ့ တူတယ်တဲ့လား …”

ရှုနဉ် အလွန် အံ့သြသွားသည်။ ချန်ယွမ်ယွမ်က သူ့မျက်နှာကို ခဏစိုက်ကြည့်လာသည်။ ထို့နောက် သူမက ခေါင်းညိတ်ပ့သည်။


 "နင် တကယ်မသိတဲ့ပုံပဲ…”


ထို့နောက် သူမက ပြုံးလိုက်သည်။ 

"နင်တို့ နှစ်ယောက်က ရည်းစားဆက်ဆံရေး ရှိတယ်လို့ လူတွေက ထင်နေကြတယ်…ငါတို့ ကျောင်းမှာ နင်တို့ နှစ်ယောက်ပုံတွေ စုထားတဲ့လူတွေ ရှိ

တယ်…သြော် Fanart တွေလည်း ရှိတယ်…မိန်းကလေး တွေက ယောက်ျားလေးတွေနဲ့ တခြားယောက်ျားလေးတွေ ကို လိုက်shipရတာ ကြိုက်တယ်လေ...“


ချန်ယွမ်ယွမ်၏စကားကိုကြားပြီးနောက် ရှုနဉ် ကပွဲမှ မိန်းကလေးများကို ရုတ်တရက်သတိရသွားသည်။ သူတို့က ထူးဆန်းသည့် စကားများ ပြောပြီး သူ့ကို ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်ကြသည်။