Chapter 108
မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့မင်ကျန်းက ထိုနေ့ည၌ ပင်မအဆောက်အအုံသို့ အခေါ်ခံခဲ့ရသည်။
ရှုနဉ် အနည်းငယ် စိုးရိမ်သွားမိသည်။ တစ်ခါတစ်ရံတွင် ဗီလိန်လေး၏နည်းစနစ်များက အနည်းငယ် အရူးအမူးနိုင်လွန်းလှသည်။ သူက ယွမ်သန်းပေါင်းများစွာ လောင်းကြေးထပ်ရန်ပင် မကြောက်ခဲ့ပေ။
ရှုနဉ်က ဗီလိန်လေး၏ ဘေးတွင် အချိန်အတော်ကြာ နေခဲ့သောကြောင့် သူလည်း ထိုအရာများကို တဖြည်းဖြည်းနှင့် ရင်းနှီးလာခဲ့သည်။ သူတွေ့ဖူးသည့် ဝေ့ရှန်ဟယ့်ကဲ့သို့သော တစ်စုံတစ်ယောက်က ဒေါသထွက်နေမည်မှာ သေချာသည်။
မဒမ်ဝေ့နှင့် ဝေ့ယွမ်နင်းတို့က မည်သည့်အရာများဖြစ်ပျက်နေသည်ကို မသိကြ၍ ရှုနဉ်ကိုသာ မေးလိုက်ကြသည်။ ဝေ့ရှန်ဟယ့်က ဝေ့မင်ကျန်းကို အဘယ့်ကြောင့် ရုတ်တရက် ခေါ်သည်ကို သူတို့ သိချင်နေကြသည်။
ရှုနဉ်က ပြန်ဖြေလိုက်သည်။
"သူစာလေ့လာတဲ့အကြောင်း မေးနေတာ ဖြစ်နိုင်ပါတယ်…”
ဝေ့မင်ကျန်းက နှစ်နာရီကြာသည်အထိ ပြန်မလာသေးပေ။ မဒမ်ဝေ့နှင့် ဝေ့ယွမ်နင်းတို့က သူ့ကို ဖြစ်ပျက်ခဲ့သည်များအား အတင်းမေးနေကြသည်။ ဝေ့မင်ကျန်းကို အဘိုးဖြစ်သူက သူ့ပညာရေးနှင့် ပတ်သက်ပြီး မေးနေသည်ဟုသာ သူတို့ကို ပြောပြလိုက်သည်။
လင်မယားနှစ်ယောက်လုံး သံသယဖြစ်ခဲ့ကြသည်။
ရှုနဉ်လည်း တိတ်ဆိတ်နေခဲ့သည်။ သူတို့အခန်းထဲသို့ ပြန်ရောက်သည်နှင့် ရှုနဉ်က သူ့ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မင်းအဖိုးက ဘာတွေပြောလိုက်တာလဲ…”
"သူ ဘာများပြောနိုင်ဦးမှာလဲ…သူ ငါ့ကို ဆူလိုက်တာပေါ့… ငါ့ဆီက ရှယ်ယာတွေကို ပြန်သိမ်းလုနီးပါးပဲ…”
ဝေ့မင်ကျန်းက ထိုကိစ္စကို ဂရုစိုက်ပုံမရပေ။
ရှုနဉ်က သူ့စကားနောက်ကွယ်မှ ပိုမိုလေးနက်သော အဓိပ္ပါယ်ကို ကြားလိုက်ရသည်။
"သိမ်းလုနီးပါး တဲ့လား….မင်းသူကို မလွှဲပေးလိုက်ရဘူးမလား…”
"မပေးလိုက်ရဘူး…”
ဝေ့မင်ကျန်းလည်း ပြုံးလိုက်သည်။
"အန်ကယ်ရှုက ရံပုံငွေတချို့ကို စီမံခန့်ခွဲတဲ့နေရာမှာ ကူညီနိုင်လိမ့်မယ်လို့ ငါ သူ့ကို ပြောခဲ့တယ်…ဒါကြောင့် သူ ငါ့ကို လွှတ်ပေးလိုက်တာ…”
ရှုနဉ် : "..."
"ငါ့ပါပါးက ဘယ်အချိန်က စပြီး ရင်းနှီးမြုပ်နှံသွားရတာလဲ…အဲ့ဒါတွေအကုန်လုံးက မင်းပဲလေ…”
ဝေ့ရှန်ဟယ့်က ရှုကျွင်းကို ရင်းနှီးမြုပ်နှံမှုနတ်ဘုရား ဟု အမှန်တကယ်ထင်နေခဲ့ခြင်း ဖြစ်သည်။
ဝေ့မင်ကျန်းက သူ့ ပခုံးကိုတွန့်ပြလိုက်သည်။
"အဘိုးက အဲဒါကို မသိသေးဘူး…သူက အန်ကယ်ရှုကို အရမ်းသဘောကျနေတာ…ခဏလောက် လိမ်လိုက်ကြရအောင်…”
ရှုနဉ်: "..."
ငါ တကယ် ဘာပြောရမှန်းတောင် မသိတော့ဘူး…
သို့သော် သူ အမှန်တကယ် သိချင်နေခဲ့သည်။
"မင်း ပိုက်ဆံကို တကယ် စိတ်မဝင်စားဘူးလား…”
ဝေ့မိသားစုကို ပြန်ရောက်လာသည့်အချိန်မှစ၍ ဗီလိန်လေးက ငွေရှာသောအခါ ပိုပြီးတက်ကြွလာသည်ဟု သူခံစားနေရသည်။
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"ငါ ပိုက်ဆံကို သိပ်စိတ်မဝင်စားပေမယ့် ပိုက်ဆံမရှိရင် ပေကျင်းမှာ ကိုယ်လုပ်ချင်တာကို လုပ်ရတာ လွယ်မှာမဟုတ်ဘူး..ငါ ဖေးမာကျို့ကို သဘောကျတယ်…တစ်နေ့နေ့မှာ ငါ အဲ့ဒါကို ရနိုင်လိမ့်မယ်…”
"အဲဒါကို ငါပိုင်ပြီးတာနဲ့ ယွီကွမ်းမင်ကို ငါ့ကို သူဌေးလို့ခေါ်ခိုင်းလိုက်မယ်…ငါ သူ့ကို ခုန်ဖို့ပြောလိုက်ရင် သူခုန်ရမယ်…ငါ သူ့ကို တခုခုလုပ်ဖို့ပြောရင် သူလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး…”
ရှုနဉ် ရယ်မောလိုက်မိသည်။ ဤနှစ်များတစ်လျှောက်လုံး Darkeခေါ် ယွီကွမ်းမင် ကသာ ဗီလိန်လေးနှင့် ရန်ဖြစ်နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
“ဒါပြီးရင်တော့ ငါ့ရဲ့ဆော့ဖ်ဝဲလ် ဖန်တီးဖို့ကိုပဲအာရုံစိုက်မယ်…”
ဗီလိန်လေးက ပြောသည်။
“ငါလုပ်ချင်တာတွေကို ဖြစ်အောင်ကိုလုပ်မှာ..ဘယ်သူမှ နောက်ပြန်လှည့်ခိုင်းလို့ မရဘူး…”
ရှုနဉ်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါပြီ..ဟုတ်ပါပြီ…မင်းလုပ်နိုင်မယ်ဆိုတာ ငါကျိန်းသေသိတယ်…”
ရှုနဉ်က ဗီလိန်လေး၏ ကလေးဆန်ပြီး စိတ်အားထက်သန်သော အသွင်အပြင်ကို မြင်လိုက်သောအခါတွင် သူ၏နှလုံးသားက ပို၍ တင်းကျပ်လာသည်။ နောက်ဆုံးတွင် သူနားလည်သွားသည်။
သူက ဗီလိန်လေးကို အမှန်တကယ် နှစ်သက်သဘောကျပေသည်။ ဗီလိန်လေးက ချောမောပြီး အရပ်ရှည်ကာ ထက်မြက်ပြီး လိမ္မာသည်။ သူက အဆင့်အတန်းမြင့်ပြီး ကိုယ်ရည်ကိုယ်သွေးလည်းကောင်းသည်။ မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူက ပြီးပြည့်စုံသည့် ချစ်သူကောင်လေးမျိုးပင်။ ရှုနဉ်က သူ့ကို မကြိုက်လျှင် သာ ထူးဆန်းနေလိမ့်မည်။
ရှုနဉ် ခေါင်းအောက်ငုံ့ကြည့်လျက် သူ့စိတ်များ ရှုပ်ထွေးလာသည်။ ထိုအချိန်တွင် ချိုက်ချင်က သူ့ထံ စာတိုတစ်စောင်ပို့ထားသည်ကို သူမြင်လိုက်ရသည်။
[သားရေ...သားပါပါးက ဒီက ကျောင်းကိစ္စတွေ လုပ်ပေးထားတယ်…သား ဘယ်တော့ပြန်လာမှာလဲ…]
စာသားမက်ဆေ့ခ်ျကို လွန်ခဲ့သော တစ်နာရီက ပေးပို့ခဲ့သည်။
ရှုနဉ် အသက်ပြင်းပြင်းရှူပြီး ချိုက်ချင်ကို စာပြန်လိုက်သည်။
[မနက်ဖြန် ပြန်လာမယ်…]
"မင်ကျန်း…”
ရှုနဉ်က ဖုန်းကို ဖယ်လိုက်ပြီး ဝေ့မင်ကျန်းကို ခေါ်လိုက်သည်။ ဝေ့မင်ကျန်းက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
"ဟမ်…”
ရှုနဉ် ပြောလိုက်သည်။
"ငါ မနက်ဖြန် ချူကျိုးကို ပြန်တော့မယ်…”
ဝေ့မင်ကျန်း၏ ပြုံးနေသော နှုတ်ခမ်းများက အောက်သို့ ကွေးညွတ်သွားပြီး သူ့မျက်လုံးများက အံ့အားသင့်မှုကို ပြတ်ပြတ်သားသားပင် ဖော်ပြနေကြသည်။ ဝေ့မင်ကျန်းက သူ၏ စိတ်ခံစားမှုများကို ထုတ်ဖော်ပြသရန် ခဲယဉ်းသောကြောင့် ရှုနဉ် သူ အမှန်တကယ် အံ့အားသင့်နေမှန်း သိလိုက်သည်။
ရှုနဉ်က သူ ခံစားနေရသည်များကို သိသောကြောင့် ပြောလိုက်သည်။
"ငါ ချူကျိုးကို ပြန်မယ်လို့ မင်းကို ပြောပြီးပြီလေ…”
သူ ချူကျိုးသို့ ပြန်မည့်အကြောင်း ပြောထားသည်မှာ တစ်လပင် ပြည့်နေပြီဖြစ်သည်။ သူတို့ နှစ်ယောက်လုံး ထိုအရာအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ရှုနဉ်က သူ မပြောသင့်သည့်ကိစ္စများကို အစ ဆွဲထုတ်နေသည်ဟုပင် ခံစားမိလာသည်။ တစ်လလုံး အချိန်ယူနေသည့် အကြောင်းရင်းမှာ သူ၏တုံ့ဆိုင်းမှုကြောင့် မဟုတ်ပေ။ ကျောင်းပြောင်းရသည့် ကိစ္စကြောင့်လည်း ဖြစ်သည်။
ကျောင်းမှ ကိစ္စများကို မဖြေရှင်းရသေးသည့်အတွက် သူ ထပြီးထွက်သွား၍ မရနိုင်ပေ။
ချိုက်ချင်နှင့် ရှုကျွင်းတို့က သူ့ကို ကြုံရာကျပန်းကျောင်းတွင် ထားမည်မဟုတ်ပေ။ သူတို့နှစ်ယောက်က ရှုနဉ် ကို အများကြီးမတောင်းဆိုကြသော်လည်း ပုံမှန်(သို့)ပုံမှန်ထက်နိမ့်ကျသည့် ကျောင်းတစ်ကျောင်းသို့ ပို့ပြီး သူတို့၏ ကလေးကို ဗရုတ်သုတ်ခ မဖြစ်စေချင်ကြပေ။
တဖြည်းဖြည်းနှင့် ကိစ္စများက ပုံပေါ်လာသည်။
"ဟုတ်သားပဲ..မင်းပြောခဲ့တာပဲ…”
မူလက ဝေ့မင်ကျန်းသည် စားပွဲခုံပေါ်တွင် ပျင်းရိနေခဲ့သည်။ သို့သော် ယခုတွင် သူ မတ်တပ်ထရပ်လိုက်ပြီး အခန်းပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
"ဟုတ်သားပဲ …မင်း ထွက်သွားတော့မယ်လို့ ဟိုးအရင်ကထဲက မင်းပြောခဲ့တာပဲ…."
ရှုနဉ် သူ့ကို ခဏ စောင့်ကြည့်လိုက်သည်။ ထို့နောက် သူ ရုတ်တရက် ရယ်မောလိုက်သည်။
"ဘာလဲ…မင်းငါ့ကိုမခွဲနိုင်ဘူးလား..."
ဝေ့မင်ကျန်းက မတ်တပ်ရပ်လိုက်ပြီး သူ့ကို အပေါ်စီးမှ စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ထိုမျက်လုံးများက သူတို့ ပထမဆုံး အတူနေစဥ်အချိန်က ဝေ့မင်ကျန်း၏အကြောင်းအား ရှုနဉ်ကို သတိရသွားစေသည်။ ဗီလိန်လေးက စကားအများကြီး မပြောတတ်ပေ။
သူ့တွင် ထင်မြင်ယူဆချက်တစ်စုံတစ်ရာရှိလျှင် ရှုနဉ်ကို ထိုကဲ့သို့သော အကြည့်များဖြင့် စိုက်ကြည့်ပြီး သူလိုချင်သည်ကို ခန့်မှန်းရန် တွန်းအားပေးလိမ့်မည်ပင်။
ရှုနဉ်က ဝေ့မင်ကျန်း ပြန်ဖြေမည်ကို မမျှော်လင့်ထားသော်လည်း ဝေ့မင်ကျန်းက ရုတ်တရက် ခေါင်းညိတ်ပြီးပြောလိုက်သည်။
“အင်း...”
ရှုနဉ် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့နားထဲတွင် တစ်ခုခုမှားသည်ဟုပင် သံသယဖြစ်မိသွားသည်။
အခုပဲ "အင်း" ဆိုတဲ့ အသံကို ကြားလိုက်ရတာလား…
ဝေ့မင်ကျန်းက ခဏ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
“မင်းရဲ့ ခရီးဆောင်အိတ်ကို ကူထုပ်ပိုးပေးဖို့ လိုသေးလား…”
"မလိုပါဘူး…”
ရှုနဉ်က ပြုံးကာ ခေါင်းခါလိုက်သည်။ ဝေ့မင်ကျန်းက စကားမပြောတော့ဘဲ အခန်းထဲမှ လှည့်ထွက်သွားသည်။
တံခါးကို ဖြတ်လျှောက်သွားပြီး သူ့ကို မမြင်နိုင်တော့သည့် နေရာသို့ ရောက်သောအခါ စင်္ကြန်လမ်းဘေးရှိနံရံကို လက်သီးနှင့် ထိုးလိုက်သည်။ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသောအခါ သူ့စိတ်ထဲရှိ မကျေမနပ်ဖြစ်မှုများက အနည်းငယ်လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက ဝေ့ယွမ်နင်းကို ကိုင်တွယ်နိုင်ခဲ့ပြီး ဝေ့ကော်ပိုရေးရှင်းကို သူ၏စီးပွားရေးအတွက် ခြေနင်းကျောက်အဖြစ် အသုံးပြုနိုင်ခဲ့သည်။ သူ ဝေ့ရှန်ဟယ့်ကို စိတ်ကျေနပ်စေနိုင်ခဲ့ပြီး ဖေးမာကျို့ရှိ ပရောဂျက်သည်လည်း တိုးတက်နေသည်။ သူ အစက အလွန်ပင် စိတ်ကောင်းဝင်နေပြီး စိတ်ဓာတ်တက်ကြွနေခဲ့သည်။
သို့သော်လည်း ထိုပျော်ရွှင်မှု၊ စိတ်ကြီးဝင်မှု အားလုံးက ရှုနဉ်ပြောသည့် သူ မနက်ဖြန်ပြန်တော့မည်ဟူသော စကားကြောင့် သဲလွန်စပင် ရှာမရဘဲ အားလုံး ပျောက်ကွယ်သွား၏။
သူ၏ စိတ်လှုပ်ရှားမှုများက တစ်ဟုန်ထိုးရိုက်ခတ်လာသည့် လှိုင်းလုံးများကဲ့သို့ ပင်လယ်ထဲသို့ ပြန်ကျသွားပြီး ဖရိုဖရဲသဲသောင်ပြင်ကိုသာ ချန်ထားခဲ့သည်။ အပေါ်ယံ ငွေနှင့် ပါဝါတို့က နက်ရှိုင်းမှုမရှိဖြစ်တတ်သည်ကို သူ ရုတ်တရက် သဘောပေါက်သွားသည်။ ထိုအရာများ သူ့ထံ ယူဆောင်လာသည့် ပျော်ရွှင်မှုက အလွယ်တကူ ကွဲအက်သွားသည်။ အမှန်တကယ်အရေးကြီးသည့်အရာနှင့် ယှဉ်လိုက်ပါက ထိုအရာများက လုံးဝတန်ဖိုးမရှိတော့ပေ။ သူက စင်္ကြန်လမ်းတွင် ရပ်လိုက်ပြီး တစ်ဝက်ပိတ်နေသည့် တံခါးကို ပြန်ကြည့်လိုက်သည်။ သူ့မျက်လုံးများက တဖြည်းဖြည်း မည်းမှောင်လာလေသည်။
သူ၏ ထူးဆန်းသော အတွေးများနှင့် ဆိုးရွားနေသည့် ခံစားချက်များက တဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်းဖြစ်လာသည်။ သူ့ရှေ့တွင် အုံ့ဆိုင်းနေသည့် အဖုံးအကာတစ်ခု ရှိနေသကဲ့သို့ပင်။ သူအနည်းငယ်ခန့် စုံစမ်းလိုက်သည်နှင့် အမှန်တရားက ထင်ရှားလာလိမ့်မည်ဖြစ်သည်။
(သူလေးက အခုမှအလင်းပေါက် )
ဝေ့မင်ကျန်း အခန်းထဲမှထွက်သွားပြီးနောက် ရှုနဉ်သူ၏ ခရီးဆောင်အိတ်ကိုထုတ်ကာ သူ့အဝတ်အစားများကို စတင်ထုတ်ပိုးခဲ့သည်။ ညစာစားပြီးနောက် ရှုနဉ်က မဒမ်ဝေ့ထံသွားကာ သူထွက်သွားတော့မည့်အကြောင်း ပြောပြသည်။ မဒမ်ဝေ့က သူ့ကိုဆက်နေရန် တိုက်တွန်းခဲ့သော်လည်း ရှုနဉ်က ငြင်းဆိုခဲ့သည်။
ရှုနဉ် ထွက်သွားမည်ဆိုသည်ကို မဒမ်ဝေ့က သိထားပြီးဖြစ်သောကြောင့် သူမအနေနှင့် အထူးဝမ်းနည်းမနေမိပေ။ သူမကို ကျောင်းက အကြောင်းကြားထားပြီးသားဖြစ်သည်။
ထိုနေရာတွင် ဝေ့မိသားစု၏ လွှမ်းမိုးမှုနှင့်အတူ အရာအားလုံးက သဘာဝကျကျ ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။
မဒမ်ဝေ့က သူ့ကို စိတ်ပူရန်မလိုကြောင်း အာမခံလိုက်သည်။
ရှုနဉ်က သူမကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ညစာစားနေစဉ်တွင် ရှုနဉ်နှင့် မဒမ်ဝေ့တို့ကသာ စကားပြောနေသူများဖြစ်ကြပြီး ဝေ့မင်ကျန်းက စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ အချိန်တိုင်းလိုလို သူက ရှုနဉ်အား အဓိပ္ပါယ်အပြည့်အဝပါသည့် မျက်ဝန်းများဖြင့်သာ ကြည့်နေတတ်သည်။
နောက်တစ်နေ့တွင် ဝေ့မင်ကျန်းနှင့် မဒမ်ဝေ့တို့က ရှုနဉ်ကို လေဆိပ်သို့ လိုက်ပို့ပေးကြသည်။
မဒမ်ဝေ့က ရှုနဉ်၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့ကိုလွှတ်ပေးရန် တွန့်ဆုတ်နေသည့် သူမ၏ ခံစားချက်များကို ဖော်ပြနေသည်။
တစ်ဖက်တွင်မူ ဝေ့မင်ကျန်းက တည်ငြိမ်နေပြီး ဆွဲထားရန် မည်သည့် စကားလုံးကိုမှ မဖော်ပြခဲ့ပေ။
ရှုနဉ် သူ့ကို ခဏလောက် စောင့်ကြည့်လိုက်သည် ။ ဗီလိန်လေးက သူ့ကို အမှန်တကယ် မလိုအပ်တော့ဟု ခံစားမိလိုက်သည့်အတွက် ပေါ့ပေါ့ပါးပါး အပြုံးလေးနှင့်သာ နှုတ်ဆက်လိုက်သည်။
သူ ချူကျိုးသို့ ရောက်သည်နှင့် ချိုက်ချင်၊ ရှုကျွင်းနှင့် ရှုယန်တို့က သူ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ရှုနဉ်က ခရီးဆောင်အိတ်ကို သူနောက်မှ ဆွဲထုတ်လိုက်သည်။ ရှုယန်က သူ့တစ်ကိုယ်လုံးကို တွန့်လိမ်ပြီး ခေါ်လိုက်သည်။
“ကောကော..”
ချိုက်ချင်က သူ့ကို အောက်သို့ချပေးလိုက်သည့်အခါ ရှုယန်က ရှုနဉ်ဆီသို့ ပြေးသွားလိုက်သည် ။
"ကောကော ချီ…”
ရှုနဉ်က သူ့ကို ပွေ့ချီပြီး ကောင်လေး၏ပါးပြင်ပေါ်သို့ အာဘွားအကြီးကြီးတစ်ခု ပေးလိုက်သည်။
"ကော ကိုသတိရနေတာလား..”
ရှုယန်က ချစ်စရာကောင်းပြီး ကလေးဆန်သည့်အသံလေးနှင့် ပြောလိုက်သည်။
"သား ကောကောကိုလွမ်းတယ်…”
ထို့နောက် သူက မေးသည်။
"မင်ကျန်းကောကောရော ဘယ်မှာလဲ…”
ရှုနဉ် ခဏတာတွေဝေသွားသည်။ ထို့နောက် သူက ရှုယန်၏ အခြားပါးတစ်ဖက်ကို ထပ်နမ်းလိုက်သည်။
"သူက ပြန်မလာဘူး…”
"အမ်….”
ရှုယန် က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ပြန်မလာဘူးဆိုတာ ဘာကိုဆိုလိုတာလဲ…”
ရှုနဉ်က ခေါင်းညိတ်ပြလိုက်သည်။
"ဆိုလိုတာက အခုချိန်ကစပြီး မင်းကို နှောင့်ယှက်မယ့်သူက ငါပဲရှိတော့တယ်…”
မိသားစုလေးယောက် ဝမ်းသာအားရဖြင့် အိမ်သို့ ပြန်မောင်းလာကြသည်။ ကားမှန် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သောအခါ သူ့မွေးရပ်မြေမှ ရင်းနှီးနေသည့်လမ်းများကို တွေ့လိုက်ရသောကြောင့် ရှုနဉ်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် တဖြည်းဖြည်းချင်း ပြုံးလိုက်သည်။
ကျောင်းပြောင်းမှု လုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပင်။ ရှုနဉ်က မကြာမီတွင် အမှတ်တစ် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
ယခုက စာသင်နှစ်ကုန်ခါနီးဖြစ်သည်။ ထိုအချိန်တွင်မှ ရှုနဉ်က အမှတ်တစ် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းကြောင့် လူတိုင်း၏ သိချင်စိတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင်၊ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ဝမ်ရှန်ရှန်နှင့် စုန့်နျန် တို့ကလည်း အမှတ်တစ် အထက်တန်းကျောင်းတွင် ရှိနေကြသည်။ လုံချောင်က သူတို့နှင့် မဝေးသည့် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်နေသည်။
လုံချောင်၏အဆင့်များက သူတို့အားလုံးထဲတွင် အဆိုးဆုံးဖြစ်သောကြောင့် သူက အသက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းသို့ တက်ရလုနီးပါးဖြစ်သွားသည်။ သူ့မိဘများကသာ သူ့အတွက် နည်းလမ်းရှာမပေးလျှင် အသက်မွေးဝမ်းကြောင်း ကျောင်းတက်ရန်မှ လွဲ၍ သူ့တွင် ရွေးစရာလမ်းမရှိတော့သည်မှာ အမှန်ပင်။
ဝမ်ရှန်ရှန်၏ မိသားစု နောက်ခံက ကောင်းမွန်လှသည်။ သူ့အဆင့်များက နိမ့်သော်လည်း သူ့အဖေက အဆက်အသွယ် အနည်းငယ်သုံးကာ အမှတ်တစ် အထက်တန်းကျောင်းသို့ ဝင်နိုင်ခဲ့သည်။ စုန်နျန်၏ အဆင့်များက ကောင်းမွန်သောကြောင့် သူက အမှတ်တစ်အထက်တန်းကျောင်းသို့ တက်ရောက်ခွင့်ရခဲ့သည်။
ရလဒ်အနေနှင့် သူတို့ အလယ်တန်းကျောင်းသား သူငယ်ချင်းအဖွဲ့က အတူတူပြန်ကာ အုပ်စုဖွဲ့မိခြင်းဖြင့်အဆုံးသတ်ခဲ့သည်။ ရှုနဉ်က သူ့စိတ်ထဲရှိ မသာယာမှုများကို အမြန်ဖယ်ရှားနိုင်ခဲ့သည်။ လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က အလယ်တန်းကျောင်းတွင် ဗီဒီယိုဂိမ်းများကို စွဲလမ်းခဲ့ကြသော်လည်း အထက်တန်းကျောင်းသို့ရောက်သောအခါတွင် ၎င်းတို့၏စွဲလမ်းမှုမှာ မှော်ဆန်သွားပုံရသည်။ သူတို့က အခြားသော အထက်တန်းကျောင်းသားလေးများကဲ့သို့ ဗီဒီယိုဂိမ်းများ မကစားခဲ့ကြပေ။ သူတို့နှစ်ဦးက ဂိမ်းကစားခြင်းကို မစွဲလမ်းကြသော်လည်း အသားကင်ချောင်းများစားခြင်းနှင့် ကြွားလုံးထုတ်ခြင်းကို စွဲလန်းလာခဲ့ကြသည်။
ဆယ်ကျော်သက်လေးများက အသားကင်ချောင်းများ အတူတူစားသည့်အချိန်တိုင်း သူတို့၏ အိပ်မက်များကို သဘာဝကျကျပင် စတင်ပြောဆိုတတ်ကြသည်။