Chapter 107
မနက်ဖြန် ပြန်တော့မယ်
ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ ကျောင်းမှ အိမ်ပြန်ရောက်သောအခါ မဒမ်ဝေ့က ပြုံးပြီး နှုတ်ဆက်လာသည်။
"အိမ်ကနေ ကြိုဆိုပါတယ်…”
ဝေ့မင်ကျန်း လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒီနေ့ ညစာ ဘာစားကြမှာလဲ…”
မဒမ်ဝေ့၏ မျက်လုံးများက တောက်ပနေပြီး သူမ အလွန်ပျော်နေပုံရသည်။
"မားတို့ ဒီည အသားကင်စားမယ်…မင်ကျန်း ရှုနဉ် မားတို့ ခဏတော့ စောင့်ရလိမ့်မယ်…သားရဲ့ ပါးက ဒီည ပြန်လာမှာ...ရှစ်နာရီအထိ စောင့်ရလိမ့်မယ်…”
ရှုနဉ် သဘောပေါက်သွားသည်။
မဒမ်ဝေ့ အလွန် ပျော်နေသည်မှာ အံ့ဩစရာမရှိတော့ချေ။ ဝေ့ယွမ်နင်းက နောက်ဆုံးတွင် ညစာစားရန် အိမ်သို့ ပြန်လာနေပြီဖြစ်သည်။
"ကောင်းပါပြီ…”
ဝေ့မင်ကျန်းက မည်သည့်ထင်မြင်ချက်ကိုမျှ မပြောဘဲ တိတ်တိတ်လေး ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ည ခုနှစ်နာရီခွဲဝန်းကျင်တွင် အစေခံတစ်ဦးက ဝေ့မင်ကျန်း နှင့် ရှုနဉ်ကို ညစာစားရန်အတွက် ဖိတ်ခေါ်ရန် အပေါ်ထပ်သို့တက်လာသည်။
ရှုနဉ်က အချိန်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ်ထူးဆန်းသွားသည်။ မဒမ်ဝေ့က ထိုသူ ရှစ်နာရီတွင် ပြန်လာမည်ဟု ပြောခဲ့သော်လည်း ယခုတွင်မူ ခုနစ်နာရီခွဲသာရှိသေးသည်။
ဘယ်လိုဖြစ်လို့ ညစာစားချိန်ရောက်သွားရတာလဲ…ဝေ့ယွမ်နင်း စောစောပြန်လာခဲ့တာများလား….
သူတို့နှစ်ယောက် ထမင်းစားခန်းသို့ အစေခံများနောက်မှ လိုက်သွားကာ ထမင်းစားပွဲ၌ တစ်ယောက်တည်း ထိုင်နေသော မဒမ်ဝေ့ကို သူတို့ မြင်လိုက်ရသည်။ သူတို့ နှစ်ယောက်ကို တွေ့လိုက်သောအခါတွင် သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်ကျန်း၊ ရှုနဉ်…”
ဝေ့မင်ကျန်းက သူ့အနားသို့ လျှောက်သွားကာ ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။
"ပါးက ဘယ်မှာလဲ…”
မဒမ်ဝေ့က ပြောလိုက်သည်။
" ခုနကမှ ညစာစားပွဲရှိလာလို့ဆိုပြီး သူပြန်မလာတော့ဘူး….”
"ညစာစားပွဲဆိုတာကို ယုံနေတာလား…”
ဝေ့မင်ကျန်းက မေးလိုက်သည်။ ရှုနဉ် ထိတ်လန့်သွားပြီး မဒမ်ဝေ့ကို လှမ်းကြည့်လိုက်သည့်အခါ မဒမ်ဝေ့၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
"ဟုတ်ပါတယ် ညစာစားပွဲပဲ လာ လာ…စားကြရအောင်…”
ဝေ့မင်ကျန်းက မည်သည့်အရာကိုမှ မပြောတော့ပေ။ သူတို့သုံးယောက် စားပွဲ၌ဝင်ထိုင်ပြီး ညစာစားလိုက်ကြသည်။
ထမင်းစားနေစဉ် တစ်ဝက်တွင် ဝေ့မင်ကျန်းက ရုတ်တရက် မေးလိုက်သည်။
"ပါး အဲဒီလို ရှုပ်နေတာကို မား အဆင်ပြေရဲ့လား…”
မဒမ်ဝေ့က သူမ၏ အပြုံးကို မထိန်းနိုင်တော့ဘဲ တူများကို ချလိုက်သည်။
"မင်ကျန်း...ဒီနေ့ သား ဘာတွေဖြစ်နေတာလဲ…”
ဝေ့မင်ကျန်းကလည်း သူ့တူများကို ချလိုက်သည်။
“မား…ကွာရှင်းဖို့ စဉ်းစားပြီးပြီလား…”
သူက မဒမ်ဝေ့အား လေးနက်စွာ ပြောလိုက်သည်။
"ကွာရှင်းဖို့လား…”
မဒမ်ဝေ့ အံ့ဩသွားသည်။
ဝေ့မင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။
"မင်ကျန်း...သား ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောရတာလဲ…”
မဒမ်ဝေ့၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဝေ့မင်ကျန်းက ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ မား ပျော်နေတယ်လို့ မထင်လို့လေ…”
မဒမ်ဝေ့ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဝေ့မင်ကျန်းက ဆက်ပြောလာသည်။
“သူ့တရားမဝင်သားက ဆယ့်နှစ်နှစ်ရှိနေပြီ…သူက သူ့အချိန်တစ်ဝက်ကို အခြားမိန်းမနဲ့ ဖြုန်းနေတယ်….မားက ငယ်ပြီးလှနေသေးတယ်…ဘာလို့ သူ့လိုလူနဲ့ ပေါင်းနေရမှာလဲ…”
မဒမ်ဝေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲဒါကို ဘယ်လိုလုပ်သိတာလဲ…”
ထို ကိုယ်ရေးကိုယ်တာကိစ္စများကို လျှို့ဝှက်ထားခဲ့ပြီး ဝေ့မင်ကျန်းအား ထိုအကြောင်းကို မည်သူကမျှ မပြောခဲ့ပေ။ သူမကလည်း ဝေ့မင်ကျန်းအား ထိုအကြောင်းပြောဆိုခြင်းကို ရှောင်ခဲ့သည်။ ဝေ့ယွမ်နင်းသာ အိမ်ပြန်မလာလျှင် သို့မဟုတ် ဝေ့မင်ကျန်းကို ဂရုမစိုက်ခဲ့လျှင်ပင် မဒမ်ဝေ့က ပျော်ရွှင်စရာကောင်းသည့် မိသားစုကို ဖန်တီးရန် သူ့အတွက် ဆင်ခြေမျိုးစုံကို ရှာဖွေပေးနေဆဲပင်။
ဝေ့မင်ကျန်း၏ နှုတ်ခမ်းထောင့်များက ကွေးသွားပြီး ပြုံးပြသည်။
“မားထင်ထားတာထက် သား ပိုသိတယ်…ဝေ့ယွမ်နင်းရဲ့ ဇနီးဟောင်း သေသွားတာနဲ့ သူက မားကို ချက်ချင်း လိုက်ခဲ့တယ်...မားကလည်း သူ့ကိုလက်ထပ်ရတာကို ပျော်တယ်…ဒါပေမဲ့ မား သူနဲ့လက်ထပ်ပြီးတာနဲ့ သူ့ဇနီးဟောင်းရဲ့ သားသမီးတွေကြောင့် မပျော်မရွှင်ဖြစ်လာတော့ သူတို့ကို နိုင်ငံရပ်ခြားကို ပို့ခိုင်းလိုက်တယ်…”
"ဝေ့ယွမ်နင်းက အစပိုင်းမှာ ဝန်လေးပေမယ့် မား ကလေးမွေးပြီးတာနဲ့ သူက အစ်ကိုနဲ့ အစ်မကို နိုင်ငံခြားကို ပို့ဖို့ ရုတ်တရက် သဘောတူလိုက်တယ်…သူတို့ နှစ်ယောက် အခုထိ ပြန်လာလို့မရသေးဘူး…”
မဒမ်ဝေ့က သူမ၏မျက်နှာပေါ်၌ စိုးရိမ်တကြီးအမူအယာဖြင့် ကြည့်နေသည်။
"မင်ကျန်း..."
"မား အလျင်စလို ငြင်းဖို့ မလိုပါဘူး…သားက မားကို အပြစ်တင်ဖို့လည်း မရည်ရွယ်ဘူး…”
ဝေ့မင်ကျန်းက တိုးတိုးလေး ပြောလိုက်သည်။
“မိထွေးဖြစ်သူက ဇနီးဟောင်းရဲ့ သားသမီးတွေကို သူ့ကိုယ်ပိုင်သားသမီးအဖြစ် မှတ်ယူဖို့က ခက်တယ်…လူတော်တော်များများ လုပ်နိုင်မှာ မဟုတ်ဘူး…နောက်ပြီး ဒီမိသားစုမှာ ပိုက်ဆံတွေ အများကြီးရှိတယ်… ဒီလိုအခြေအနေမျိုးမှာ စိတ်ဝင်စားစရာ ပဋိပက္ခတွေလည်း ရှိတယ်…ဒီလိုအတွေးမျိုးရှိတာက သဘာဝကျပါတယ်…”
မဒမ်ဝေ့၏ နှင်းလို ဖြူဖွေးသွားသည့် အသားအရေက အနည်းငယ် တိုးတက်လာသည် ။
"ဒါကြောင့်ပဲ မားက ဖိအားတွေ အများကြီး ခံနေရတယ်…မားက ဇနီးဟောင်းရဲ့ သားသမီးတွေကို နှင်ထုတ်တယ်လို့ လူတိုင်းက ထင်နေကြတာ…”
"ဒါက မဟုတ်လို့လား…”
ဝေ့မင်ကျန်းက ပြုံးပြီး ခေါင်းယမ်းပြလိုက်သည်။
"ဟုတ်ပါတယ်…ဒါပေမဲ့ ဝေ့ယွမ်နင်းက မားကို မကြိုက်ဘူး…သူ မားရဲ့စကားကို ဘာလို့ နားထောင်နေတာလဲ…”
မဒမ်ဝေ့၏ မျက်နှာက ပြာနှမ်းသွားသည်။
"သား ရိုးရိုးသားသားပဲပြောမယ်…မား စိတ်မဆိုးနဲ့…သူက မားကိုသာ တကယ်ချစ်ရင် တခြားမိန်းမကို သူ့အနားမှာ ထားမှာ မဟုတ်ဘူး…သူ့တရားမဝင်ကလေးက အသက်ဆယ့်နှစ်နှစ်ရှိနေပြီ…”
ဝေ့မင်ကျန်း၏ မျက်လုံးများက အလွန်တည်ငြိမ်နေသည်။
"မားက အခုထိ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို မရသေးဘူး ပြီးတော့ မိသားစုကိစ္စမှာလည်း မပါဝင်သေးဘူး…အဲ့ဒီ ကလေးနှစ်ယောက်ကို သွားခိုင်းမလား ဒါမှမဟုတ် ဆက်နေခိုင်းမလား ဆုံးဖြတ်နိုင်ရအောင် မားမှာ ဘာအာဏာရှိလို့လဲ…”
သူက မဒမ်ဝေ့ကို နာကျင်သွားအောင် ရိုက်နိုင်ခဲ့သည်။ သူမ ထရပ်လိုက်သည်။
"မင်ကျန်း….”
"မား သား ပြန်ရောက်တာ နှစ်လနီးပါးရှိပြီ…သား ဝေ့ယွမ်နင်းနဲ့ ခဏလေးပဲ တွေ့ဖူးပြီးတော့ သူအိမ်ပြန်ရောက်တာလည်း အကြိမ်နည်းနည်းပဲရှိတယ်…အဲ့ဒါကပဲ ရှင်းရှင်းလင်းလင်းကို သိသာနေတယ် မဟုတ်ဘူးလား…”
ထမင်းစားခန်းထဲရှိ လေထုက တင်းမာနေသည်။ ယခုကဲ့သို့ ကြုံလာတိုင်း ရှုနဉ်က သူ ထိုနေရာတွင် ရှိမနေသင့်ဟု ခံစားရသည်။
သူ နောက်တစ်ကြိမ် ထပ်ပြီး ထွက်ခွာသွားရန် ကြံရွယ်ခဲ့သည်။
"အဲဒါက ဒီမိန်းမက ဖျားယောင်းရတာကို ကြိုက်လို့လေ…သူက ချော့မော့ပြီး လှည့်စားတတ်တယ်….”
မဒမ်ဝေ့က အံကြိတ်ရင်း ပြောလိုက်သည် ။
ဝေ့မင်ကျန်းက သူ့မျက်ခုံးကို ပင့်လိုက်သည်။
"မား အဲ့ဒါကို တကယ်လို့ ထင်နေတာလား…”
မဒမ်ဝေ့က ဟုတ်တယ် ဟု ပြောချင်သော်လည်း ဝေ့မင်ကျန်းက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူမ ဘာမှ မတုံ့ပြန်နိုင်တော့ဘဲ ကုလားထိုင်ပေါ်ပြန်ထိုင်ချလိုက်ပြီးပြောလိုက်သည်။
"အဲ့ဒီကိစ္စတွေကိုဘာလို့ ဒီထိ သယ်လာတာလဲ…စားကြရအောင်…”
"မား သူ့ကို မကွာရှင်းချင်ရင် သူ့ကို ထိန်းထားနိုင်ဖို့ နည်းလမ်းတစ်ခုခု သား ကူရှာပေးနိုင်မှာပါ…”
ဝေ့မင်ကျန်းက ထိုသို့ဆိုသည့်အခါ မဒမ်ဝေ့ ရုတ်တရက် မော့ကြည့်လိုက်သည်။
"တကယ်လား…”
ဝေ့မင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။ ရှုနဉ်က သူ၏ တည်ငြိမ်သော အမူအရာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ဗီလိန်လေးက နောက်တစ်ကြိမ် ပြဿနာရှာတော့မည်ပင်။
သူ ဗီလိန်လေးနှင့် အချိန်အတော်ကြာအောင်နေပြီးနောက် သူ့ကို ကောင်းကောင်းနားလည်နိုင်နေပြီဖြစ်သည်။ သေချာသည်မှာ နောက်နှစ်ရက်အတွင်းတွင် ဝေယွမ်နင်းနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားစရာ သတင်းများ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ သူ၏ တရားမ၀င်ကလေး၏ ဓာတ်ပုံများလည်း ပေါက်ကြားသွားခဲ့သည်။
ဝေ့ရှန်ဟယ့် အလွန် ဒေါသထွက်သွားသည်။ သူ အမှန်တကယ် ဝေ့ယွမ်နင်းကို လွှတ်ထားခဲ့မိသည်။
မူလက မိသားစု၏ ဒုတိယအိမ်တော်ခွဲကသာ ထိုကဲ့သို့သော အချစ်ရေးဇာတ်ရှုပ်များ အများဆုံး ဖြစ်သည်။ထို့ကြောင့် ဝေ့ရှန်ဟယ့်က ဒုတိယအိမ်တော်ခွဲကို သဘောမကျပေ။ သို့သော် ဝေ့ယွမ်နင်း၏ အချစ်ရေးက ယခုတွင် ကြီးမားသော ဆူပူမှုကို ဖြစ်စေခဲ့သည်။ လူတိုင်းက သူတို့၏ ကံမကောင်းမှုကို ဝမ်းသာအားရစိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ထိုကိစ္စက ပွင့်လင်းသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ လူအတော်တော်များများက ထိုကိစ္စကို သတိထားမိပြီးသားဖြစ်သည်။ သို့သော် ထိုသို့ သတိထားမိခြင်းက ကိစ္စတစ်ခုသာဖြစ်ပြီး ထိုအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောသည်က မတူညီသည့် နောက်ကိစ္စတစ်ခုပင်ဖြစ်သည်။ ဤပြဿနာ၏ အဓိကအချက်မှာ သတင်းထွက်လာသည့်အချိန်က အလွန်ထူးခြားနေခြင်းဖြစ်သည်။
ဝေ့ရှန်ဟယ့်က ရှန်ခယ့်နှင့် ဖေးမာကျို့၏ ရှယ်ယာများကို ဝေ့မင်ကျန်းအား ပေးခဲ့သည်။ သူက ပင်မအိမ်တော်ခွဲ၏ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ပင်မအိမ်တော်ခွဲက ဒုတိယ သို့မဟုတ် တတိယ အိမ်တော်ခွဲများထက် ရှယ်ယာများနှင့် ပိုင်ဆိုင်မှု ပိုများနေသည်။ ထို့ကြောင့် ဒုတိယနှင့် တတိယအိမ်တော်ခွဲများက မကျေမနပ်ဖြစ်ခဲ့ပုံရသည်။ ဝေ့ရှန်ဟယ့်က ပင်မအိမ်တော်ခွဲအတွက် လမ်းခင်းပေးရန် ကြိုးစားနေသည်ဟု အားလုံးက ထင်နေကြသည်။
ထို့အတွက်ကြောင့် ဒုတိယနှင့် တတိယအိမ်တော်ခွဲများက ပင်မအိမ်တော်ခွဲနှင့် ပတ်သက်သည့် အချက်အလက်များကို စတင်စုဆောင်းနေပြီဖြစ်သည်။ ယခုတွင်မူ ဝေ့ယွမ်နင်း၏ အချစ်ရေးအရှုပ်တော်ပုံက လုံးလုံးလျားလျား ပေါ်ထွက်လာခဲ့၏။
ဝေ့ကော်ပိုရေးရှင်းအတွင်း၌ ဝေ့ယွမ်နင်း လုပ်ဆောင်ခဲ့သည့် အရှုပ်များ နှင့် ပတ်သက်နေသူများလည်း ရှိနေသည်။ သူတို့က ထိုအချက်အလက်အားလုံးကို စုဆောင်းပြီး ဝေ့ရှန်ဟယ့်ထံ သတင်းပို့ကြသည်။
ဝေ့ရှန်ဟယ့်က အလွန်ပင် ဒေါသထွက်သွားသည် ။ ဝေ့ယွမ်နင်းအား ရာထူးမှ ဖယ်ရှားကာ အိမ်၌ ဆင်ခြင်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။ ထိုဝေဖန်မှုများကြောင့် ဝေ့ယွမ်နင်းက သူ့အငယ်အနှောင်းကို မတွေ့ရတော့ပေ။
သူ့အတွက် ဗီလာသို့ပြန်လာပြီး မဒမ်ဝေ့နှင့် အချိန်ဖြုန်းရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
သူ့ပုံရိပ်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် သူက မဒမ်ဝေ့နှင့် ဝေ့မင်ကျန်းတို့ကို ပျော်စရာခရီးများ ခေါ်သွားရန် အထူးတလည် ကြိုးစားခဲ့သည်။ သူက သူတို့ကို ဧည့်ခံပွဲများသို့ ခေါ်ဆောင်သွားခဲ့ပြီး ချစ်တတ်သည့် ခင်ပွန်းသည်နှင့် ဖခင်တစ်ယောက်အဖြစ် ပြုမူရန်အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။
ထိုရက်များအတွင်း မဒမ်ဝေ့၏ မျက်နှာက တောက်ပနေပြီး သူမ၏ စိတ်ဓါတ်ကလည်း တက်ကြွနေသည်။
ယခုအချိန်တွင် ဝေ့ယွမ်နင်းက ကုမ္ပဏီအတွင်းမှ ရာထူးကို ဆုံးရှုံးသွားပြီးနောက် ဒုတိယနှင့် တတိယအိမ်တော်ခွဲများက ဝေ့ယွမ်နင်းအား ပစ်မှတ်ထားခြင်းမရှိတော့ပေ။
သူတို့က ဝေ့မင်ကျန်းနှင့် ဝေ့ယွမ်နင်းတို့ တစ်ဖွဲ့တည်း ဖြစ်မည်ဟု ယုံကြည်နေကြသည်။ ထို့အပြင် ဝေ့မင်ကျန်းက ကလေးတစ်ယောက်သာဖြစ်၍ သူတို့က သူ့ကို မစိုးရိမ်ကြပေ။ သူ့ထံတွင် ရှန်ခယ့်နှင့်ဖေးမာကျို့မှ ရှယ်ယာများ ရှိလျှင်ပင် သူက ခေတ္တခဏထိန်းသိမ်းထားရုံသာ ဖြစ်သောကြောင့် သူတို့ သတိကို လျှော့ချလိုက်ကြသည်။
ဝေ့မင်ကျန်းက ဤအခွင့်အရေးကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သူက ရှန်ခယ့်အတွင်းမှ အဆက်အသွယ်အချို့ကို ဆွဲထုတ်ရန်အတွက် ရှယ်ယာရှင်တစ်ဦးဖြစ်သည့် သူ၏အထောက်အထားကို အသုံးပြုခဲ့သည်။ ထို့နောက် မည်သူမှမသိဘဲ ကုမ္ပဏီမှ ရန်ပုံငွေများကို စတင် ရွှေ့ပြောင်းခဲ့သည်။
ဤကိစ္စများ အားလုံးပြုလုပ်နေစဉ်တွင် ရှုနဉ်က ဝေ့မင်ကျန်းအနားတွင်သာ ရှိခဲ့သည်။ သူက ဝေ့မင်ကျန်း လုပ်နေသည်များကို ရှင်းရှင်းလင်းလင်း သိနေသည်။
အဘယ်ကြောင့်ဆိုသော် ဝေ့မင်ကျန်းက သူလုပ်ခဲ့သော အရာများကို ရှုနဉ်ရှေ့၌ မည်သည့်အချိန်ကမှ ဖုံးကွယ်ထားဖူးခြင်းမရှိသောကြောင့်ဖြစ်သည်။ ဝေ့ကော်ပိုရေးရှင်းကို သူ့ခြေနင်းကျောက်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည့် သူ့ရည်မှန်းချက်ကိုပင် ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ ဗီလိန်လေးက သူ့အဖေ၏အရှုပ်တော်ပုံ အချစ်ရေးအကြောင်းကို ကြေညာလိုက်ပြီး သူ့ကို ကုမ္ပဏီမှ နှင်ထုတ်ခဲ့သည်။သူက သူ့ လူအိုကြီးကို လူမြင်ကွင်း၌ ခေါင်းမထောင်နိုင်ရန် ပြုလုပ်ထားပြီး မဒမ်ဝေ့၏အနားတွင် နေခိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူက ဝေ့ကော်ပိုရေးရှင်းကို တိတ်တဆိတ် စတင် ဖမ်းဆုတ်ခဲ့သည်။
တစ်ခါတစ်ရံတွင် သူ၏နည်းလမ်းများက ရုပ်ရှင်များတွင်ပါသည့် ငါးမန်းကဲ့သို့သော(အမြတ်ကြီးစားသော)ရင်းနှီးမြှုပ်နှံသူများအကြောင်းကိုပင် ရှုနဉ်အား သတိရမိသွားစေသည်။ ထိုသူတို့က အမှန်တကယ် ရက်စက်ကြမ်းကြုတ်သောသူများဖြစ်သည်။ သူက သူလိုချင်သည့် နေရာကို ရောက်ရန် သူ့အဖေကို နင်းပြီးတက်ရန်ပင် ဆန္ဒရှိခဲ့သည်။ ထိုအရာက သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ရှုနဉ်က ထူးဆန်းသည်ဟုသာ ထင်ခဲ့သည်။
ဝေ့မင်ကျန်းက မဒမ်ဝေ့ကို ဝေ့ယွမ်နင်းရဲ့ ကိစ္စတွေကို ဘာလို့ ရုတ်တရက် ထပြောလိုက်ရတာလဲ….
သူ ယခု စဉ်းစားကြည့်လိုက်သောအခါ ဝေ့မင်ကျန်းက ရှေးယခင်ကတည်းက စပြီးပြင်ဆင်ထားခြင်းမျိုး ဖြစ်နိုင်သည်။ သူက အချိန်မှန်ကို စောင့်နေခြင်းသာ ဖြစ်သည်။
ပထမဦးစွာ သူက ဖေးမာကျို့အဖွဲ့အစည်းနှင့် ရှန်ခယ့်ရင်းနှီးမြှုပ်နှံမှု နှစ်ခုလုံး၏ ရှယ်ယာများကို ရယူရန် ဝေ့ရှီမင်းနှင့် ကျိုးကျွမ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ဒုတိယအိမ်တော်ခွဲနှင့် တတိယအိမ်တော်ခွဲတို့ကို ဒေါသထွက်စေခဲ့သည်။
ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က အသေအချာပင် အရေးယူရန် ဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က ရိုက်ချရန် အဆင်သင့်ဖြစ်နေသည့် အချိန်တွင် သူက ရွှံ့ရေများဖြင့် ဝေ့ယွမ်နင်းကို ပက်လိုက်သည်။
ဒုတိယနှင့် တတိယအိမ်တော်ခွဲတို့က ထိုကိစ္စက ပင်မအိမ်တော်ခွဲကို တိုက်ခိုက်ရန် အခွင့်ကောင်းဟု ယူဆသောကြောင့် ဝေ့ယွမ်နင်းကိုကိုက်ရန် ပြေးသွားကြသည်။
ဝေ့ယွမ်နင်းလည်း သားကောင်အဖြစ် ယဇ်ပူဇော်ခံလိုက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာမှ မလုပ်နိုင်ခဲ့ပေ။
သို့သော် ဝေ့မင်ကျန်းက ငယ်ရွယ်သောကြောင့် အခြားအိမ်တော်ခွဲများက သူ့ကို လျစ်လျူရှုထားလိုက်ကြသည်။ သူက လျိုဟုန့်နှင့် ကျန့်ဝေ့ကို ပေကျင်းသို့ ပြောင်းခိုင်းပြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအသစ်တစ်ခု စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဝေ့ကော်ပိုရေးရှင်းမှ ရန်ပုံငွေများကို ထိုကုမ္ပဏီသို့ စတင်ပြောင်းရွှေ့ခဲ့သည်။ ယခင်က သူ့အရင်းအနှီးက ယွမ်သန်းသုံးရာသာ ရှိသည်။ ထိုပမာဏက ကြီးကျယ်ခမ်းနားသည့် အစီအစဉ်များလုပ်ရန် မလုံလောက်ပေ။ ယခုအခါတွင် ဝေ့ကော်ပိုရေးရှင်းမှ ရန်ပုံငွေများကို ထုတ်ယူနိုင်ပြီဖြစ်၍ သူရထားသည့် အရင်းအနှီး ပမာဏက ချက်ချင်း တိုးလာသည်။ ထိုအရာက သူ့ကို ပို၍ပင် ကြောက်စရာကောင်းသွားစေသည်။
သူကိုယ်တိုင် ပိုက်ဆံများကို ရွှေ့ရန် မဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သေချာသည်မှာ ရှန်ခယ့်တွင် သူနှင့် အတူတူအလုပ်လုပ်သည့် လူများ ရှိနေသည်။ သူက ရှယ်ယာများရပြီးသည်နှင့် သူ့အနားမှ လူများကို စတင်စုဆောင်းထားသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဘယ်သူကရော သိမှာလဲ…
ထို့ထက် စောသည့်အချိန်ကတည်းက စီစဉ်နေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သူက သူ့ကို ရှေ့သို့တွန်းပို့ရန်(တိုးတက်ရန်)အတွက် မိသားစု၏ရန်ပုံငွေများကို အသုံးပြုခဲ့သည်။ သူ၏ စည်းစိမ်ဥစ္စာ စုဆောင်းမှု အရှိန်က သဘာဝကျကျပင် ကောက်ယူနေသကဲ့သို့ လျင်မြန်လွန်းလှသည်။
သို့သော်လည်း အခြားသူများသာ အမှန်တကယ် ထဲထဲဝင်ဝင် ကြည့်မည်ဆိုပါက သူ့နည်းစနစ်များက တရားဝင်ဖြစ်နေဆဲပင် ဖြစ်သည်။
ဝေ့မိသားစုမှ လူတိုင်းက ဝေ့ယွမ်နင်းကိုသာ မျက်စိကျနေကြပြီး ဝေ့မင်ကျန်းက ငယ်ရွယ်သည့်အပြင် မိသားစုသို့ ပြန်ရောက်ရုံသာ ရှိသောကြောင့် မည်သူမျှ စောင့်ကြည့်မနေခဲ့ပေ။
"မင်းက တကယ်ကို အံ့ဩစရာကောင်းတယ်…”
ရှုနဉ်က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"ဒါကို ခဏလောက်ပဲ လုပ်နိုင်မှာ…အချိန်အတိုင်းအတာတစ်ခုကြာလာတာနဲ့ အလုပ်မဖြစ်တော့ဘူး…”
ဝေ့မင်ကျန်းက ယခုပင် VR visualization အကြောင်း ယွီကွမ်းမင်နှင့်ဖုန်းပြောပြီး ရန်ဖြစ်နေခဲ့သည်။ သူ့ဖုန်းကို စားပွဲပေါ်ပစ်ချလိုက်ပြီး မျက်ခုံးမွှေးကို ပွတ်သပ်လိုက်သည်။
“တခြားသူတွေက မသိနိုင်ပေမယ့် အဘိုးကတော့ ငါဘာတွေလုပ်နေတယ်ဆိုတာ အတိအကျသိတယ်…သူ့အာဏာကို တိုက်ရိုက် စိန်ခေါ်တာမျိုးမဟုတ်လို့ နှာစေးဖို့(မသိချင်ယောင်ဆောင်) ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်…”
ရှုနဉ် မျက်တောင်ခတ်လိုက်သည်။
"မင်းအဘိုးက သိနေတာလား…”
ဝေ့မင်ကျန်းက ခေါင်းညိတ်ပြပြီး ပြောလာသည်။
"ဒါပေါ့ သူသိပါတယ်…သိပ်မကြာခင်က တော်တော် အန္တရာယ်များတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုကို ငါလုပ်ခဲ့တယ်…သိပ်မကြာခင်မှာပဲ သူငါ့ကို ဒီအကြောင်းပြောဖို့ ခေါ်တာမျိုး ဖြစ်နိုင်တယ်…”
ထိုသို့ပြောပြီးနောက် သူက ပခုံးတွန့်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး…သူငါ့ကို စကားပြောချင်တယ်ဆိုရင်လည်း သူလုပ်နို
င်တယ်…အဆိုးဆုံးမှ ငါ့ရှယ်ယာတွေကို ပြန်သိမ်းရုံလောက်ပဲလေ…ဒါပေမယ့် ငါ့မှာ ရန်ပုံငွေကတင် ယွမ်တစ်ဘီလီယံဖိုးလောက်တောင် ရှိနေပြီ…ငါ အရင်ကထက်ပိုပြီး သူနဲ့ ဆွေးနွေးနိုင်စွမ်းရှိနေပြီ…”
ရှုနဉ် : "..."