Chapter 106
သဘောကျတယ်
ဝေ့မင်ကျန်းက ထိုကိစ္စကို ထပ်မပြောတော့ပေ။ သူတို့သုံးယောက် ထမင်းစားခန်းထဲတွင် စားသောက်ရန်အတွက် ထိုင်လိုက်ကြသည်။
မဒမ်ဝေ့က ဝေ့မင်ကျန်း၏ ပန်းကန်ထဲသို့ ပုစွန်တစ်ပိုင်း ထည့်ပေးလိုက်ပြီး ပြောသည်။
"မင်ကျန်း…ကျန့်မိသားစုက မားကို ဆက်သွယ်ပြီး လက်ထပ်ဖို့ သဘောတူထားတဲ့ စာချုပ်ကိစ္စကို ဆွေးနွေးဖို့ ပြောလာတယ်…သားရော ဘယ်လိုထင်လဲ…”
ရှုနဉ်၏ လက်ချောင်းများပင် အေးစက်သွားသည်။ ထိုနောက်တွင်မူ သူ ဘာမှမဖြစ်ဟန်ဖြင့် ဆက်စားနေလိုက်သည်။
"လက်ထပ်ဖို့လား…”
ဝေ့မင်ကျန်း အံ့အားသင့်စွာ ခေါင်းမော့လိုက်သည်။
"ကျန့်ယောင်နဲ့လား…”
မဒမ်ဝေ့က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာက စိတ်လှုပ်ရှားနေကြောင်း သိသာသည်။
"ကျန့်မိသားစုက သူတို့ဘက်က လက်ထပ်ဖို့ ဆန္ဒရှိနေတုန်းပဲလို့ ထုတ်ပြောခဲ့တယ်…သူတို့က သားကို အရမ်းကျေနပ်နေတယ်…သားနဲ့ ကျန့်ယောင်ရဲ့ လက်ထပ်ဖို့ သဘောတူညီမှုစာချုပ်ကို ဖြည့်ဆည်းပေးစေချင်နေကြတယ်…”
"တောင်းပန်ပါတယ်…”
ဝေ့မင်ကျန်းက ခေါင်းခါပြလိုက်သည်။
"ကျွန်တော် မလုပ်ချင်ဘူး…”
မဒမ်ဝေ့ အံ့သြသွားသည်။
“ဘာလို့လဲ…”
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"သား ကျန့်ယောင်ကို မကြိုက်ဘူး…”
မဒမ်ဝေ့ စိတ်ရှုပ်သွားသည်။
"သားတို့က ငယ်သေးတာပဲလေ …တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ဖြည်းဖြည်းချင်း တည်ဆောက်လို့ ရနိုင်တယ်…ယောင်ယောင်က အရမ်းလှတယ်…သူက ဒေါသနည်းနည်းကြီးပေမယ့် သူနဲ့ပတ်သက်တဲ့ အရာအားလုံးက အရမ်းကောင်းပါတယ်…”
"ဒါပေမယ့် သား သူ့ကို မကြိုက်ဘူး…”
ဝေ့မင်ကျန်းက သူ့ တူများကိုချလိုက်ပြီး ကြည်လင်တောက်ပသော မျက်လုံးများဖြင့် မဒမ်ဝေ့အား စိုက်ကြည့်လိုက်သည်။
"သူတို့ လက်ထပ်ဖို့ကို တကယ်တောင်းဆိုလာခဲ့ရင် မား အစ်ကိုကြီးကို စဉ်းစားပေးလိုက်လို့ရတယ်…”
"ဝေ့ကျီဖိန်လား …လုံးဝမဖြစ်နိုင်ဘူး…”
မဒမ်ဝေ့က မဆိုင်းမတွ ငြင်းလိုက်သည်။
ဝေ့ကျီဖိန်က ဝေ့ယွမ်နင်း၏ ဇနီးဟောင်း၏သားဖြစ်သည်။ လက်ရှိတွင် သူက နိုင်ငံခြား၌ နေထိုင်နေသည်။
ဝေ့မင်ကျန်းလည်း ခဏ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလာသည်။
"ကျန့်ယောင်က သားကို မကြိုက်ဘူး…သားတို့ကို အတူတူနေခိုင်းရင် နေ့တိုင်း ရန်ဖြစ်ရလိမ့်မယ်…အဲဒါကလည်း မကောင်းဘူးလေ…”
မဒမ်ဝေ့က အလွန် စိတ်လှုပ်ရှားနေသည်။
"မင်ကျန်း သားက ငယ်သေးတော့ နားမလည်တာတွေ ရှိတယ်…ကျန့်ယောင်နဲ့ လက်ထပ်လိုက်တာက သားကို အကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်တယ်…သား အခု နားမလည်နိုင်ပေမယ့် ကြီးလာရင် နားလည်လာလိမ့်မယ်…နောက်မှနောင်တရလိမ့်မယ်…”
"အကျိုးကျေးဇူးတွေလား…”
ဝေ့မင်ကျန်းက မျက်ခုံးပင့်ကာ တိုးတိုးလေး ရယ်လိုက်သည်။
"မား ရည်ညွှန်းတဲ့ အကျိုးကျေးဇူးတွေက ငွေကြေးနဲ့ အာဏာတွေပဲ မဟုတ်လား …သားမှာ အဲဒီနှစ်ခုစလုံးကို ချို့တဲ့မနေဘူး…ပြီးတော့ အဲဒါတွေကိုလည်း သား သိပ်ဂရုမစိုက်ဘူး…”
မဒမ်ဝေ့လည်း အံ့ဩသွားသည်။
“ လက်ထပ်တာကနေ အဲ့ဒါတွေကို ရမှ ဖြစ်ရလောက်အောင် သားမှာ အရမ်းချို့တဲ့မနေဘူးလေ….”
ဝေ့မင်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
မဒမ်ဝေ့လည်း အလွန်တုန်လှုပ်သွားပုံရသည်။
“မင်ကျန်း သားမှာ ကြိုက်တဲ့လူရှိနေတာလား…”
မမေးမီ သူမ ခဏဝာာ ငြိမ်သက်နေသည်။
ဝေ့မင်ကျန်းက “မရှိပါဘူး”ဟု ပြောချင်သော်လည်း သူ့စိတ်ထဲတွင် ကြယ်ကြွေကျသွားသကဲ့သို့ ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ ထိုအတွေးလေးတစ်ခုကြောင့် မပြောမီ သုံးစက္ကန့်ခန့် ခေတ္တမျှ တွေဝေသွားမိသည်။
"သားတော့ အဲ့လို မထင်ပါဘူး…”
မဒမ်ဝေ့က ခဏတုံ့ဆိုင်းသွားသည်။
"သားမှာ ကြိုက်တဲ့လူမရှိဘူးဆိုရင် ယောင်ယောင်နဲ့ နည်းနည်းလောက် ဆက်ဆံကြည့်ဖို့ ကြိုးစားပါလား …သား သူ့ကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ…”
မဒမ်ဝေ့က ထိုအရာကို စွန့်လွှတ်နိုင်မည် မဟုတ်ဟု ဝေ့မင်ကျန်း သေချာပေါက် ပြောနိုင်သောကြောင့် သူ စိတ်မပါ လက်မပါနှင့် ပြောလိုက်သည်။
"မား တွေ့မှာပါ…”
ရှုနဉ်က သူ့ပါးစပ်ကို သုတ်လိုက်သည်။ ထမင်းစားပြီးသည်နှင့် သူအပေါ်ထပ်ကို တက်လာလိုက်သည်။ ဝေ့မင်ကျန်းလည်း ရှုနဉ်၏အခန်းသို့ ရောက်လာပြီး တစ်ခုခု ထူးဆန်းနေကြောင်း သိသောကြောင့် မေးလိုက်သည်။
"မင်း မပျော်ဘူးလား…ဘယ်သူက မင်းကို စိတ်မချမ်းသာအောင်လုပ်လိုက်တာလဲ…”
ရှုနဉ်က သူ့စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်အောင်သာ ပြင်ဆင်နေလိုက်ပြီး သူ့ကို မော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“ငါဘာမှမဖြစ်ပါဘူး…”
သူ့စိတ်ခံစားချက်များကို နားမလည်နိုင်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
သူက ဝေ့မင်ကျန်းကို အမှန်တကယ် စိတ်ဆိုးချင်နေသော်လည်း အနည်းငယ် တွေးပြီးနောက်တွင် သူ့ဒေါသများက မည်သည့်နေရာကမှ ထွက်မလာတော့သည်ကို သူခံစားလိုက်ရသည်။
ငါ့မှာ ဒေါသဖြစ်စရာ ဘာအကြောင်းမှကို မရှိဘူး….
ဝေ့မင်ကျန်းက သူ့နံဘေးသို့ လျှောက်လာလိုက်သည်။
"ရှုနဉ်..."
ရှုနဉ်က သူ့နားမှ လှည့်ထွက်သွားပြီး သူ့စားပွဲအံဆွဲကို ပိတ်လိုက်သည်။
"ငါ ရေချိုးတော့မယ်…မင်း အခုထွက်သွားသင့်ပြီ…”
ဝေ့မင်ကျန်းက သူရှိရာဘက်သို့ လျှောက်လာသည်။ ရှုနဉ် လှည့်ထွက်လာပြီး ရေချိုးခန်းဆီသို့ လျှောက်သွားပြန်သည်။
သန်မာသောလက်တစ်စုံက သူ့လက်ကို လှမ်းဆွဲလိုက်သည်။
ရှုနဉ် မျက်မှောင်ကြုတ်လိုက်သည်။ ဝေမင်ကျန်းအား လှည့်ကြည့်ရန်မှတစ်ပါး သူ့တွင် ရွေးချယ်စရာမရှိပေ။
"မင်း ဘာလုပ်တာလဲ…”
"ဒီနေ့ မင်းတစ်ခုခုဖြစ်နေတာလား…”
ဗီလိန်လေးက သူ့ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်လိုက်သည်။
"ငါ ဘာဖြစ်နေလို့လဲ…”
"မင်းဒီမနက်ကတည်းက စိတ်ဆိုးနေတာ…ငါ မင်းကိုစကားပြောဖို့ကြိုးစားတိုင်း ရှောင်နေတယ်…”
ဝေ့မင်ကျန်းက သူ့မေးစေ့ကို ရှုနဉ်၏ ပုခုံးနားတွင် မှီလိုက်သည်။
"ဘာဖြစ်နေတာလဲ…ငါ မင်းကို စိတ်ဆိုးအောင် လုပ်ထားမိတာလား…”
သူ့အသက်ရှုသံက ရှုနဉ်၏ နားထဲသို့ ရုတ်တရက် ဖြတ်သွား၍ ရှုနဉ်မှာ လန့်သွားသည့် ယုန်လေး တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သူ့ခေါင်းကို အမြန်လှည့်လိုက်သည်။
"မဟုတ်ပါဘူး…”
ဝေ့မင်ကျန်းက သူ့အနားသို့ ပိုမိုနီးကပ်လာသည်။
"ဒီနှစ်တွေထဲမှာ ငါ့ကို မင်းလိမ်နိုင်တယ်လို့ တကယ်ထင်နေခဲ့တာလား…ပြောပြစမ်းပါ ဘာတွေဖြစ်နေတာလဲ…”
ရှုနဉ် သူစိတ်ကို တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး ပြောလိုက်သည်။
"မင်း အဲဒါကို အရမ်းတွေးနေတာပဲ …ငါက ဘယ်အချိန်ပြန်ရမလဲဆိုတာကို တွေးနေတာပါ…”
ဝေ့မင်ကျန်းက သူ့ကို လွှတ်လိုက်ပြီး သူ့နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။
"မင်း ဒီကိစ္စကို စိတ်ပူနေတာလား…”
"ဟုတ်တယ် နောက်ထပ်ဘာတွေပြောစရာရှိသေးလဲ…”
ရှုနဉ်က သူ့လက်ကို ဖယ်ရန် အခွင့်အရေးယူလိုက်သည်။ ထို့နောက် သူ ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့သည်။
"မင်း မြန်မြန်သွားချင်လား ဒါမှမဟုတ် နောက်ကျမှ သွားချင်လား…”
သူ့နောက်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှုနဉ်က ရပ်လိုက်ပြီး ပြန်မေးလိုက်သည်။
"မင်းငါ့ကို မြန်မြန်ထွက်သွားစေချင်လား ဒါမှမဟုတ် နောက်ကျမှ ထွက်သွားစေချင်လား…”
အဖြေမရှိပေ။
ရှုနဉ်လည်း ရေချိုးခန်းထဲသို့ ၀င်သွားသည်။ သူ့ နောက်မှ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ငါ မင်းဆီက ဘာမှ မတောင်းဆိုချင်ဘူး…”
ဝေ့မင်ကျန်းကသာ ထိုအရာကို တောင်းဆိုလျှင် ရှုနဉ်က သူ မနေချင်လျှင်ပင် သူနှင့်အတူနေမည်မှာ သေချာသည်။
ရှုနဉ်က ဤနေရာ၌ မပျော်ပေ။ ဝေ့မင်ကျန်းကလည်း ထိုအရာကို မလိုချင်ပေ။
ရှုနဉ်က "အိုး" ဟုသာပြောပြီး တံခါးကို ပိတ်လိုက်သည်။ သူ ထူထဲသော မှန်တံခါးကို မှီပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
ငါ ဘာကိုများ အတိအကျ မျှော်လင့်နေမိတာလဲ…
"မင်းကို နေစေချင်တယ်…" လို့ပြောဖို့ကိုများ သူမျှော်လင့်နေမိတာလား……အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ….
ဝေ့မင်ကျန်းက ရှူနဉ်ကို ပြန်သွားရန် အကြံပြုခဲ့သူဖြစ်သည်။
ဝေ့မင်ကျန်းက သူ့ကိုယ်သူ ဂရုစိုက်နေနိုင်နေပြီမို့ ဘာလို့များ ရှုနဉ်ကို အနားမှာ ဆက်ထားနေရတော့မှာလဲ….
ဒါကို အရင်အချိန်တွေကတည်းက ငါ လက်ခံလိုက်သင့်တာပဲ မဟုတ်လား….
အခုတော့ ငါ ဘာတွေများ ဒီလောက်တောင် မျောပါသွားရတာလဲ…..
နောက်တစ်နေ့တွင် ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ ကျောင်းသို့ သွားကြသည်။ ရှုနဉ် တစ်ညတာလုံး သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်နေခဲ့သည်။
သူအမြဲဖြစ်နေတတ်သည့် နွေးထွေးသောအသွင်အပြင်ကို ပြန်လည်ရရှိရန် အကောင်းဆုံးကြိုးစားခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့စိတ်များ ပုံမှန်ပြန်ဖြစ်လာသည်။
သူ ယခင်ကဲ့သို့ပင် အတန်းဖော်များနှင့် ကစားလိုက်သည်။
ထိုထူးဆန်းသော စိတ်ခံစားမှုများကို ထင်ယောင်ထင်မှားအဖြစ် သတ်မှတ်တော့မည့် အချိန်တွင် ဝေ့မင်ကျန်းနှင့် ကျန့်ယောင်တို့ အားကစားကွင်းတွင် အချင်းချင်း စကားပြောနေသည်ကို တွေ့လိုက်ရသည်။
နေ့လယ်ခင်း အချိန်က ဖြစ်သည်။
ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ နေ့လည်စာစားရန် ကန်တင်းသို့သွားခဲ့ကြသည်။ စားပြီးသည်နှင့် ဝေ့မင်ကျန်းက သူ့တွင်လုပ်စရာရှိသည်ဟုဆိုကာ စောစောထွက်သွားသည်။ ရှုနဉ်လည်း သူ့အတွက် သောက်စရာ ဝယ်လိုက်ပြီး ကန်တင်းမှ ထွက်လာစဉ်အချိန်တွင် အမြန်သောက်လိုက်သည်။
ရာသီဥတုက အလွန်ကောင်းမွန်ပြီး နေသာနေသောကြောင့်ရှုနဉ်က စာသင်ခန်းသို့ ပြန်သွားရန် အစီအစဉ်မရှိပေ။ သူက အစားအသောက်ကို ကြေညက်စေရန်အတွက် အားကစားကွင်းတွင် အကြိမ်အနည်းငယ် လမ်းလျှောက်ချင်ခဲ့သည်။ အားကစားကွင်းအစပ်နားရှိ ဝေ့မင်ကျန်းနှင့်ကျန့်ယောင် တို့ကို မတော်တဆမြင်လိုက်ရသောအခါ သူ့ရင်တစ်ခြမ်း ကြေမွသွားသလိုခံစားလိုက်ရသည်။
ကောင်မလေးက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ သူမက ချစ်စရာကောင်းပြီး လန်းဆန်းတက်ကြွနေသည်။
ကောင်လေးက နက်ပြာရောင် ကျောင်းဝတ်စုံကို ၀တ်ထားပြီး အရပ်ရှည်ကာ ချောမောပြေပြစ်သည်။ သူမက ချောမောပြီး သူကလည်း ခန့်ညားလှသည်။ သူတို့ကို ကြည့်ရသည်မှာ ကာတွန်းဇာတ်ဝင်ခန်းတစ်ခု အသက်ဝင်လာသကဲ့သို့ပင်။
"ကျန့်ယောင်က အရမ်းလှတယ်…သူနဲ့ ဝေ့မင်ကျန်းက ပြီးပြည့်စုံတဲ့အတွဲပဲ…”
"ဝေ့ရှီမင်းက ဝေ့မိသားစုကနေ ထွက်သွားပြီဆိုတော့ လက်ထပ်ဖို့သဘောတူညီမှုစာချုပ်က ဝေ့မင်ကျန်း လက်ထဲကို ရောက်သွားလိမ့်မယ်…”
သူတို့အတန်းဖော်များ၏ မှတ်ချက်များက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ မျိုသိပ်ထားရသည့် ချဉ်သည့် (မနာလိုသည့်)ခံစားချက်က ရုတ်တရတ် ထပေါ်လာပြန်သည်။
ရှုနဉ် ရှေ့သို့ ခြေနှစ်လှမ်းတိုးပြီးနောက် ရပ်လိုက်သည်။ နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့ပြီး သူ ထွက်ခွာလာခဲ့သည်။
စာသင်ခန်းသို့ပြန်ရောက်သောအခါ စားပွဲပေါ်၌ လှဲလျောင်းကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ သူနှင့် မဝေးသည့်နေရာတွင် မိန်းကလေးသုံးယောက် စကားစမြည်ပြောနေကြသည့် စကားဝိုင်းက သူ့နားထဲကို စိမ့်ဝင်လာသည်။
"ဘုရားရေ… နင် စုနန်ကို တကယ်ကြိုက်တာလား…”
"ဟုတ်တယ်…ဒါပေမယ့် စုနန်မှာ ရည်းစားရှိတယ်…သူ့ကောင်မလေးက အရမ်းလှတယ်…ငါက သူ့ကို လုံးဝမယှဉ်နိုင်ဘူး…”
"ဒါက ….."
"ငါ သူ့ကို မကြိုက်သင့်ဘူးဆိုတာ ငါသိပါတယ်…ဒါပေမယ့် သူ့ကို တခြားကောင်မလေးတွေနဲ့တွေ့ရင် ငါတကယ်စိတ်မကောင်းဖြစ်ရတယ်…ငါလည်း မတတ်နိုင်ပေမဲ့ မနာလိုမဖြစ်ပဲနေလို့ကိုမရဘူး…”
ရှုနဉ်၏ မျက်တောင်များ တုန်လာသည်။ ရုတ်တရက် သူမျက်လုံးဖွင့်လိုက်သည်။
"ရှူး... နင် သူ့ကို နှိုးလိုက်မိသွားပြီ….”
ရှုနဉ် နိုးနေသည်ကို မိန်းကလေး သုံးယောက်က သဘောပေါက်သွားသည်။ သူတို့ စကားဝိုင်းအမြန်ရပ်ပြီး စာသင်ခန်းထဲမှ ထွက်သွားကြကာ သူတို့ စကားဝိုင်းကို စင်္ကြန်ဆီသို့ ရွှေ့လိုက်ကြသည်။
ရှုနဉ် ဖျက်ခနဲ ထထိုင်လိုက်သည်။ ထို့နောက် ဖုန်းကို ထုတ်ကာ ဖိုရမ်သို့ အမည်မသိ ပို့စ်တစ်ခု တင်ခဲ့သည်။
[ သူနဲ့ တခြားမိန်းကလေးတွေ အတူတူရှိနေတာကို တွေ့ရင် ငါ့နှလုံးသားက တုန်လှုပ်နေတတ်တယ်…သူ့ကို တခြားမိန်းကလေးတွေနဲ့ လိုက်ဖက်တယ်လို့ လူတွေကပြောကြတာကို ကြားရတဲ့အခါဆိုရင်လည်း ငါမပျော်ဘူး…ဘာလို့လဲ …]
ပို့စ်တင်ပြီးသည်နှင့် ရှုနဉ်အနည်းငယ်နောင်တရသွားသည်။ သူ ဖုန်းကိုပိတ်လိုက်ပြီး စားပွဲပေါ်ပြန်လှဲလိုက်သည်။ ငါးမိနစ်ခန့်အကြာတွင် ဖုန်းကို ဖြည်းညှင်းစွာဖွင့်ကာ ပို့စ်ကို နှိပ်ကြည့်လိုက်သည်။ ထို ငါးမိနစ်အတွင်းမှာပင် လူ ၃ ယောက်က ပြန်ဖြေပြီးသားဖြစ်နေသည်။
[ဘာလို့လဲဆိုတော့ မင်း သူ့ကို သဘောကျနေလို့…]
[ OP ဘယ်ကောင်လေးကို ကြိုက်တာလဲ…]
[ဒါက အချစ်ပါ…]
ရှုနဉ်၏မျက်နှာက ချက်ချင်းပင် နီရဲလာသည်။ ပထမဆုံးအကြိမ် သူတစ်ခုခုကို ခိုးပြီး မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူဖုန်းကို အမြန်ပိတ်လိုက်ပြီး စားပွဲပေါ်တွင် မှောက်ထားလိုက်သည်။
"ရှုနဉ် ….”
ထိုအသံကြောင့် သူ ထိုင်ခုံပေါ်မှ ခုန်ချလုနီးပါးဖြစ်သွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ ဝေမင်ကျန်းနှင့် မျက်လုံးချင်း ဆုံသွား၏။
ထိုအခိုက်အတန့်တွင် သူရုတ်တရက် ထွက်ပြေးချင်လာမိသည်။
သူအပြစ်ရှိစိတ်နှင့် အရှက်တရားတို့ကြောင့် ဤနေရာမှာပင် ချက်ခြင်း ပျောက်ကွယ်သွားချင်နေမိသည်။
"ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်…”
သူ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်သည်။ ထို့နောက်သူ သူ့စားပွဲကို ထားခဲ့ကာ စာသင်ခန်းထဲမှ အမြန်ပြေးထွက်သွားသည်။
ဝေ့မင်ကျန်းက တစ်ခုခုပြောချင်နေပုံရသော်လည်း ရှုနဉ်က ထွက်ပြေးသွားပြီဖြစ်သည်။ စာသင်ခန်းမှ ထွက်သွားပြီးနောက် ရှုနဉ်၏ နှလုံးခုန်သံက တဖြည်းဖြည်း ငြိမ်သက်လာသည်။ သူ့ခေါင်းလည်း ကြည်လင်လာသည်။
သူ ဝေ့မင်ကျန်းကို သဘောကျနေတာများလား…
သူယခင်က မိန်းကလေးများကို မကြိုက်ဖူးသကဲ့သို့ ယောက်ျားလေးများကိုလည်း မကြိုက်ဖူးခဲ့ပေ။
အခု လူတွေက ငါ ဝေ့မင်ကျန်းကို ကြိုက်နေတယ်လို့ ပြောနေကြတာလား…
ရှုနဉ် စင်္ကြန်လမ်းတွင် ရပ်နေရင်း စိတ်လွင့်သွားသည်။
မဖြစ်နိုင်ဘူး…
ရှုနဉ် သူ့ဖုန်းကို ပြန်ဖွင့်လိုက်သည်။ ဖိုရမ်ကို ဝင်လိုက်ပြီးနောက် သူ့ထံတွင် ယခုချိန်၌ ပြန်ကြားစာငါးခုရှိနေသည်ကို တွေ့လိုက်ရသည်။ အားလုံးက သူ ထိုကောင်လေးကို သဘောကျနေသည် ဟုသာ ပြောနေကြသည်။
ရှုနဉ် သူ့လက်မဖြင့် ဖုန်းကိုပွတ်လိုက်သည်။ သူက အံကြိတ်ပြီး ပြန်ဖြေလိုက်သည်-
[ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပါ…ပို့စ်က သူငယ်ချင်းအကြောင်း ပြောနေတာ…]
စက္ကန့်ပိုင်းအတွင်း တစ်ယောက်ယောက်က သူ့ကို အကြောင်းပြန်လာသည်။
[လိင်တူအချစ်လား…]
ရှုနဉ်က ရှင်းပြရန် မက်ဆေ့ချ်ကို အမြန်ရိုက်ခဲ့သည်။
[ဒါက လိင်တူချစ်တာ မဟုတ်ဘူး…ရင်းနှီးတဲ့ ခင်မင်မှုတစ်ခုပဲ ဖြစ်နိုင်တယ်…]
[သူငယ်ချင်းတဲ့…ငါ့ဖင်ကြီးကိုပဲ…]
[OP က ယုတ္တိရှိရှိ ပြောနေပေမဲ့လည်း သူက ငါတို့ကို မေးနေသေးလား မသေချာတဲ့အတွက် မေးတယ်ဆိုတာ ရှင်းပါတယ်…ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ မင်း ချစ်မိနေတာ ဖြစ်နိုင်ခြေများပါတယ်….]
[အခုဆို လူ့အဖွဲ့အစည်းက ပိုပွင့်လင်းလာပြီလေ….ဟိုမိုက ဒီလောက်ကြီးကျယ်တဲ့ ကိစ္စမဟုတ်တော့ပါဘူး…XX နဲ့ XX တို့ဆိုရင် ပွင့်ပွင့်လင်းလင်း လိင်တူအတွဲတွေ မဟုတ်ဘူးလား….ထပ်ပြောရရင် XXက XXနဲ့ တွဲနေကြတာပဲလေ…OP ဒါက မင်းဖုံးကွယ်ထားရမဲ့ ကိစ္စမဟုတ်ပါဘူး….]
အမျိုးသားဖြစ်ကြောင်း ကြေငြာချက်ကြောင့် ပို့စ်ကို လူအတော်များများက ပိုမိုတုံ့ပြန်ခဲ့ကြသည်။
ရှုနဉ် ပို၍ပင် စိတ်ပျက်လက်ပျက် ခံစားလာရသည်။
ဝေ့မင်ကျန်းကို ငါ တကယ် သဘောကျနေခဲ့တာလား…
ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူ ဝန်ခံခဲ့လျှင်ပင် ဝေ့မင်ကျန်းက သူယောက်ျားများကို ကြိုက်နေကြောင်းကို တစ်ကြိမ်မှ မပြသခဲ့ဖူးပေ။
သူတို့နှစ်ယောက်အိပ်ရာတစ်ခုတည်းတွင် အကြိမ်ပေါင်းများစွာ အတူတူ အိပ်ခဲ့ဖူးသည်။
သူတို့သာ အချင်းချင်း သဘောကျနေမည်ဆိုလျှင် သူတို့ အချင်းချင်းကြိုက်သည်မှာ ကြာနေလောက်ပြီဖြစ်သည်။
ရှုနဉ် သူ့ဆံပင်ကို ဆွဲဖွလိုက်သည်။ သူက ယောက်ျားလေးများကို နှစ်သက်သော်လည်း သူနှစ်သက်သောလူက ဝေ့မင်ကျန်းဖြစ်နေပြီး သူနှင့်အတူတူ ကြီးပြင်းလာသူလည်း ဖြစ်သည်။ ထိုအရာက လက်ခံရန် ခက်ခဲသည်ကို သူသိလိုက်ရသည်။ ထိုသဘောကျမှုက မှားနေသည်ဟု သူ ခံစားနေရသည်။ ထို့အပြင် ဝေ့မင်ကျန်းက သူ့ကလေးတစ်ယောက်ကဲ့သို့ပင်။
ငါ မြန်မြန်ထွက်သွားသင့်တယ်….
ရှုနဉ်က သူ၏ရှုပ်ထွေးနေသော ခံစားချက်များကို ပြုပြင်ပြောင်းလဲပြီး ဘာမှမဖြစ်ဟန်ဖြင့် စာသင်ခန်းသို့ ပြန်သွားခဲ့သည်။
ဝေ့မင်ကျန်းက သူ့ကို နှစ်ခါပင် သူ အဆင်ပြေ၊မပြေ မေးခဲ့သည်။ သူ ထူးထူးခြားခြား ပြုမူနေသည်ဟု ပြောခဲ့သော်လည်း ရှုနဉ်က သူ့ကို ပြန်မဖြေခဲ့ပေ။ ထို့အစား သူက စကားဝိုင်း၏ ခေါင်းစဉ်ကိုသာ ပြောင်းလိုက်သည်။
နှစ်ရက်က ဤနည်းဖြင့်သာ ကုန်ဆုံးသွားသည်။
ကျောင်းမှပြန်လာသောအခါ မဒမ်ဝေ့က လက်ထပ်ရန်သဘောတူညီမှု စာချုပ်အကြောင်း ကို ထပ်မံပြောလာပြန်သည်။
ဝေ့မင်ကျန်းကပြောလိုက်သည်။
"မား လွန်ခဲ့တဲ့ နှစ်ရက်က သား ကျန့်ယောင်နဲ့ စကားပြောခဲ့တာကို ပြောဖို့ မေ့သွားခဲ့တယ်…သားတို့နှစ်ယောက်လုံး ဒီအိမ်ထောင်ရေး သဘောတူညီချက်ကို ဆက်မလုပ်ချင်ကြဘူး…”
မဒမ်ဝေ့ ရုတ်တရက် စကားစ ရပ်သွားသည်။ ခဏအကြာတွင် သူမ မေးလိုက်သည်။
"တကယ်လား…”
"တကယ်ပါ…ကျန်ယောင်က သား နဲ့ အတူရှိနေရင် ဝေ့ရှီမင်းကို သတိရနေမိလိမ့်မယ် …အဲ့ဒါက တော်တော့်ကို ကိုးရို့ကားယားနိုင်တယ်…”
“အင်း…”
မဒမ်ဝေ့က ပြောလိုက်သည်။ ထိုကိစ္စအား သူမ ပြောနိုင်သည့်အရာ မရှိချေ။ သူမ၏ သား တစ်ဦးတည်းက ငြင်းဆန်ခဲ့လျှင် မျှော်လင့်ချက်အနည်းငယ်ရှိသေးသော်လည်း ကျန့်ယောင်ကပါ ငြင်းဆန်ခဲ့သည်။ ဤအိမ်ထောင်ရေး သဘောတူညီချက်အတွက် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။
"ကောင်းပြီလေ …အနာဂတ်မှာ လက်ထပ်ဖို့ သဘောတူညီချက်အကြောင်းကို မား ထပ် မပြောတော့ပါဘူး…”
မဒမ်ဝေ့ သက်ပြင်းချလိုက်သည်။ သူမတွင် ရွေးချယ်စရာလမ်းမရှိသောကြောင့် အရာအားလုံးကို စွန့်လွှတ်လိုက်သည်။
ကျန့်ယောင်အကြောင်း ဗီလိန်လေး ပြောသည်ကို ကြားလိုက်ရသည်နှင့် ရှုနဉ်လည်း သူ အားကစားကွင်းတွင် တွေ့ခဲ့ရသည့် မြင်ကွင်းကို မတွေးဘဲ မနေနိုင်ဖြစ်သွားသည်။
အဲဒီတုန်းက သူတို့ အိမ်ထောင်ရေး သဘောတူညီချက်ကို ဆက်မလုပ်ကြဖို့ ဆုံးဖြတ်နေခဲ့ကြတာများလား….
ရှုနဉ် ထိုအတွေးကို အမြန်ပင် ဖယ်ပစ်လိုက်သည်။
ငါနဲ့ ဘာဆိုင်လို့လဲ…