အပိုင်း ၁၀၅
Viewers 32k

Chapter 105

လက်ထပ်ရန် သဘောတူညီမှု



ဓါတ်ပုံဆရာမ မည်မျှပျော်နေသည်ကို သူမြင်လိုက်ရသောအခါ ဓာတ်ပုံများက ဆင်ခြေသက်သက်သာဖြစ်မည်ဟု ရှုနင် သံသယဖြစ်သွားသည်။ သူမ၏ အမှန်တကယ့်ရည်မှန်းချက်က WeChatအကောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။


မွန်းတည့်အချိန်အရောက်တွင် သူ့အစာအိမ်က အချက်ပြလာသည်။


ဝေ့မင်ကျန်းက ပြောလိုက်သည်။

 " နေ့လယ်စာစားဖို့ နေရာရှာရအောင်…”


သူ ဘေးပတ်ပတ်လည်သို့ လှမ်းကြည့်လိုက်သောအခါ လှပစွာ အလှဆင်ထားသည့် စားသောက်ဆိုင်တစ်ခုကို တွေ့လိုက်ရ၍ ထိုနေရာသို့ သွားရန် စီစဉ်လိုက်သည်။


ရှုနဉ်က ရုတ်တရက် သူ့ကို လှမ်းဆွဲလိုက်သည်။ 

"ဟေ့ မင်းက ဘာလို့ စားသောက်ဆိုင်ကို သွားနေတာလဲ…”


ဝေ့မင်ကျန်းလည်း မျက်တောင်ခတ်လိုက်သည်။ 

"ငါတို့ နေ့လယ်စာစားဖို့ ဘယ်ကိုသွားရမှာလဲ…”


"ငါတို့ လမ်းဘေးအစားအစာပဲ စားသင့်တာ သိသာနေတာပဲလေ ….”


သူက သူ့ ဆဲလ်ဖုန်းကို ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ငါတွေ့ပြီ….ဒီနေရာနဲ့ မလှမ်းမကမ်းမှာ ဈေးဆိုင်မျိုးစုံရှိတဲ့ လမ်းတစ်လမ်းရှိတယ်…ငါတို့လမ်းရဲ့တစ်ဖက်ကနေစပြီး လမ်းရဲ့တခြားတစ်ဖက်အထိ စားသွားလို့ရတယ်…”


ရှုနဉ် မည်မျှမျှော်လင့်နေသည်ကို သူတွေ့သောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည်။


“ဟုတ်ပြီလေ…”

သူတို့နှစ်ဦး GPS ၏ ညွှန်ကြားချက်များကို လိုက်နာပြီး တံတားတစ်ခုကို ဖြတ်ကျော်ခဲ့ကြသည်။ ထို့နောက် သူတို့ လိုရာခရီးကို မရောက်မီ အနည်းငယ် လမ်းလျှောက်ခဲ့ကြရသည်။ 


လမ်းတစ်လျှောက် ရုတ်တရက်ပို၍ စည်ကားလာပြီး လူများက နေရာပေါင်းစုံသို့ ရွေ့လျားနေကြသည်။


ဝေ့မင်ကျန်းက မည်သည့်အရာထက်မဆို လူအုပ်စုကြီးကို ပိုမုန်းသည်။ သူ အနည်းငယ် ငြင်းဆန်ချင်သလို ခံစားမိလာသည်။ 

"တကယ်သွားချင်တာလား..”


ရှုနဉ်က သူ့လက်ကို ကိုင်လိုက်သည်။

 "သွားကြရအောင်…”


"ငါက တခြားလူတွေနဲ့ မထိချင်ဘူး…”


"ဒါပေမယ့် ငါသွားချင်တယ်လေ…သွားရအောင်..." 


ရှုနဉ်က အကျင့်ပျက်ကလေးလေးကဲ့သို့ သရုပ်ဆောင်လိုက်သည်နှင့် ဝေ့မင်ကျန်း မည်သည့်ငြင်းဆန်မှုမှ မလုပ်နိုင်တော့ပေ။ သူ ရှုနဉ်နောက်မှလိုက်ကာ လူအုပ်ထဲသို့ သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ 


လမ်းတလျှောက်လုံးတွင် အစားအသောက်ကောင်းများ အများကြီးရှိသည်။ ကိတ်မျိုးစုံ၊ ပန်ကိတ်၊ မုန့်မျိုးစုံ၊ ချစ်စရာပုံသဏ္ဍာန်ဖြင့် ပြုလုပ်ထားသည့် ရေနွေ့ငွေ့ကိတ်များ၊ ကမာကင်နှင့်ခုံးကောင်များ၊ မုန့်ညက်ကြော်များ၊ တို့ဟူးပုပ်နှင့် အခြားဒေသထွက် အထူးဟင်းလျာများ ရှိသည်။ အွန်လိုင်းပေါ်ရှိ နာမည်ကျော် အချိုပွဲများနှင့် နို့လက်ဖက်ရည်များစွာလည်းရှိသည်။


ရှုနဉ်က ဝေ့မင်ကျန်းကို ဆွဲခေါ်ပြီး လမ်းထဲသို့ စတင်ဝင်သွားလိုက်သည်။


ဝေ့မင်ကျန်းက ထိုသို့ စားရသည်ကို ဝါသနာမပါပေ။ သူက လူစည်ကားသောနေရာများတွင် စားသောက်ခြင်းကိုလည်း မကြိုက်သောကြောင့် ရှုနဉ်ကို သူ့အစားအစာများ သယ်ပေးပြီး တစ်ရှူးများ ပေးရုံသာ ကူညီခဲ့သည်။ 


"အိုး…သူတို့မှာ ချူကျိုးက သကြားလူရုပ်တွေတောင် ရှိသေးတယ်..."

ရှုနဉ်က စျေးဆိုင်တစ်ခုအား ရုတ်တရက် တစ်ချက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။


ဝေ့မင်ကျန်းက သူ၏တစ်ဝက်သာ စားထားသော တို့ဟူးပူတင်းကို ကိုင်ထားဆဲဖြစ်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

 "မင်း ချူကျိုးမှာ မစားဖူးလို့လား…”


“ဟေ့ ဇာတိမြို့က ထူးထူးခြားခြားတွေဆိုတာ တွေ့ဖို့ခက်တယ်…”

ရှုနဉ်က ဈေးဆိုင်ဆီသို့ လျှောက်သွားပြီး သကြားရုပ်တစ်ရုပ်ပေးရန် တောင်းလိုက်သည်။ 


"မင်းရဲ့ တို့ဟူးပူတင်းကရော..စားဦးမှာလား…”

ဝေ့မင်ကျန်းက မေးလိုက်သည်။


 ရှုနဉ်က ပြန်ပြောလိုက်သည်။

 "မစားတော့ဘူး…”


"မင်း နှစ်ကိုက်ပဲစားရသေးတာလေ…”

ရှုနဉ်က အသံတလွင်လွင်ဖြင့်ရယ်ပြီး ပြောလိုက်သည်။ 


"မင်း ငါ့ကိုကူစားပေးပါလား…ငါသကြားရုပ်ကို စားချင်တယ်…”

ဝေ့မင်ကျန်းလည်း မတတ်နိုင်တော့သောကြောင့် ဇွန်းကိုယူကာ တိုဟူးပူတင်းကို အပြီးသတ်ရန်မှတပါး သူ့အတွက် ရွေးချယ်စရာမရှိပေ။ 


ရှုနဉ်က သူ့လက်ထဲတွင် သကြားရုပ်ကို ကိုင်ဆောင်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူက ဆိုင်တိုင်းကို သူစိတ်ဝင်စားပြီး အားလုံးကို စားချင်သည့် ပုံစံဖြစ်နေသည်။ သို့သော် သူ၏ စားချင်စိတ်က နည်းနေသဖြင့် အကုန်လုံးကို သူ မစားနိုင်ပေ။ နောက်ဆုံးတွင် အားလုံးက ဝေ့မင်ကျန်း၏ အစာအိမ်ထဲ၌သာ အဆုံးသတ်သွားကြသည်။


နာရီဝက်အကြာတွင် ရှုနဉ်က နာနတ်သီးထမင်းကြော်စစားရန်ပြင်နေသောအခါ ဝေ့မင်ကျန်းက သူ့အား ကြောက်လန့်တကြား ဆွဲခေါ်ထုတ်သွား လိုက်သည်။


နာနတ်သီး၏ အထဲတွင် ထမင်းအပြည့်ထည့်ထားသည်။ ထိုကောင်လေးက နှစ်လုတ်ပင် ကုန်အောင် စားနိုင်မည် မဟုတ်၍ အားလုံးကို စားရမည့်သူက သူသာ ဖြစ်လာလိမ့်မည်။ 


သူ့ဗိုက် အလွန်တင်းနေပြီဖြစ်သည်။ 


"နေပါဦး ….ဒါနောက်ဆုံးပဲလေ…”

ရှုနဉ်က ရုန်းကန်နေသည်။ 


"မရဘူး…မင်းအရမ်းစားပြီးသွားပြီ… ဒါက ကောက်ညှင်းနဲ့လုပ်ထားတော့ အစာကြေဖို့မလွယ်ဘူး…”

ဝေ့မင်ကျန်းက အေးစက်စွာ ငြင်းလိုက်သည်။


 "ကျေးဇူးပြုပြီး……" 

ဝေ့မင်ကျန်း က သူ့ကို အင်္ကျီကော်လာမှကိုင်ပြီး ဆွဲထုတ်လိုက်ချိန်တွင် ရှုနဉ်က တောင်းပန်လိုက်သည်။


“မရဘူး…”

ဝေ့မင်ကျန်းက ယခင်အတိုင်း အေးစက်နေဆဲဖြစ်သည်။ "မင်းဘယ်တုန်းက အရမ်းလောဘကြီးသွားရတာလဲ….”


"ကျေးဇူးပြုပြီး…မင်ကျန်းကောကော…”

ရှုနဉ်က အရှက်မရှိဟန် သရုပ်ဆောင်လိုက်သည်။ 


ဝေ့မင်ကျန်းရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်သည်။

 "မင်း တကယ်စားချင်တာလား…”


ရှုနဉ်က ပြုံးပြီး လက်တစ်ချောင်းကို မြှောက်လိုက်သည်။ 

"ငါ တစ်လုတ်လောက်ပဲ စားချင်တာပါ…”


အဆုံးတွင် ရှုနဉ်က နာနတ်သီးထမင်းကြော်နှင့်အတူ စျေးဆိုင်ထဲမှ ထွက်လာသည်။ အပြင်သို့လျှောက်လာစဉ် သူ ပြောလိုက်သည်။

 "အရမ်းပူတယ်…”


ဝေ့မင်ကျန်း က သူ့ကို စိုက်ကြည့်လိုက်သည်။

"မင်းကို အပူလောင်သွားပါစေလို့ ငါဆုတောင်းတယ်..”


သို့သော်လည်း နာနတ်သီးထမင်းကို မှုတ်ရန် သူက ကူညီပေးနေဆဲဖြစ်၏။ 


ရှုနဉ်က နှစ်လုတ်ထက်ပို၍ မစားနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ ဝေ့မင်ကျန်းလည်း အကုန်ကုန်အောင် မစားနိုင်သောကြောင့် မတတ်နိုင်ဘဲ နာနတ်သီးထမင်းကြော်ကို အမှိုက်ပုံးထဲသို့သာ ပစ်လိုက်ရတော့သည်။


“မင်းရဲ့မျက်လုံးတွေကတောင် မင်းရဲ့အစာအိမ်ထက် ပိုကြီးသေးတယ်…”

ဝေ့မင်ကျန်းက ပြောလိုက်သည်။


ရှုနဉ်က သူပြောသည်ကို မကြားချင်ယောင်ဆောင်နေလိုက်သည်။


သူတို့ နှစ်ယောက် ထိုနေရာမှ ထွက်လာလိုက်ပြီး အခြား သမိုင်းဝင်နေရာများဆီသို့ ဦးတည်လိုက်ကြသည်။ သူတို့က အခြားသူများ၏ဂိုက်များ ရှင်းပြသည်ကို အရှက်မဲ့စွာ အလကား လိုက်နားထောင် ကြသည်။ ထို့နောက် ကြာပန်းရေကန်ထဲရှိ ငါးကြင်းကြောင့် သူတို့ အာရုံပြောင်းသွားခဲ့ကြသည်။


သူတို့ ငါးအစာကျွေးရန် ငါးစာအိတ်နှစ်အိတ်ဝယ်လိုက်သည်။


ဝေ့မင်ကျန်း ပြောစရာ စကားပင် မရှိတော့ပေ။ 

"မင်း ဒီမှာ ရှုခင်း ကြည့်ဖို့လာတာလား ဒါမှမဟုတ် ငါးစာကျွေးဖို့လာတာလား..."


ရှုနဉ်က ငါးစာများကို ကန်ထဲသို့ ပစ်ချနေသည်။ အစာစားရန် ရောင်စုံငါးများ ကူးခတ်လာကြသည်ကို တွေ့သောအခါ သူ ရယ်မောကာ ဆိုလိုက်သည်။  

"နှစ်ခုလုံး မဟုတ်ဘူး…”


ဝေ့မင်ကျန်း မျက်ခုံးပင့်လိုက်သည်။ 


ရှုနဉ် : "ငါ မင်းနဲ့ပျော်ဖို့ ထွက်လာတာလေ…”


ယနေ့ ရာသီဥတုက ကောင်းပြီး နေသာနေသည်။ နေက မြောက်ဘက်တွင်ရှိနေပြီး တောက်ပကာ နွေးထွေးသည်။ နေရောင်က ကောင်လေး၏ အသက်ဝင်သည့် မျက်နှာကို လင်းလက်စေပြီး မည်သည့်အချိန်တွင်မှ မှေးမှိန်မသွားမည့် ဓာတ်ပုံတစ်ပုံကဲ့သို့ ဖြစ်နေသည်။ 


ဝေ့မင်ကျန်း၏နှလုံးသားက အကြောင်းပြချက်တစ်ခုကြောင့် ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက်တွင် ထိုတုန်လှုပ်မှုက ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။ 


နှစ်ယောက်သား ညနက်ချိန်အထိ အိမ်မပြန်ခဲ့ကြပေ။ 


ဝေ့မင်ကျန်းက ဓာတ်ပုံဆရာမကို ဆက်သွယ်လိုက်သည်။ ဓါတ်ပုံများရသည်နှင့် သူအမြဲလုပ်ခဲ့သည့်အတိုင်း သူ၏ "သူနှင့်ကျွန်တော် " ဟူသည့် ဓာတ်ပုံအယ်လ်ဘမ်တွင် ထိုဓါတ်ပုံများကို လေးလေးနက်နက် သိမ်းဆည်းခဲ့သည်။


သူ ရှုနဉ်တို့အိမ်တွင် စပြီး နေသည့်အချိန်ကတည်းက သူ့ကွန်ပြူတာထဲတွင် “သူနှင့်ကျွန်တော်” နှင့် “မိသားစုပုံတူ”ဟူသည့် ဓာတ်ပုံအယ်လ်ဘမ် နှစ်ခုကို ဖန်တီးထားခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် များပြားသည့် ဓါတ်ပုံစုစည်းမှုများကို သူ သိမ်းဆည်းထားနိုင်ခဲ့ပြီဖြစ်သည်။


ဝေ့မင်ကျန်းက ထိုဓာတ်ပုံတစ်ပုံချင်းစီကို ရိုက်စဉ်က ဖြစ်ပျက်ခဲ့သမျှတိုင်းကို အတိအကျမှတ်မိနိုင်ခဲ့သည်။ 


ဒီလိုမျိုး ပျော်ရွှင်စရာအချိန်တွေပါလား…


ထိုဓာတ်ပုံများကို သူကြည့်နေချိန်တွင် ဝေ့မင်ကျန်း ရုတ်တရက် နောင်တရသွားသည်။ ရှုနဉ်ကိုချူကျိုးသို့ ပြန်ခွင့်ပြုလိုက်ခြင်းအတွက် သူနောင်တရလာမိသည်။ သူ့ကိုယ်သူ ဤနေရာတွင် နေနိုင်ပြီး သူ့ကိုယ်သူ ဂရုစိုက်နိုင်မည်ဟု သူထင်ခဲ့သည်။


ရှုနဉ်လည်း သူ့ဘဝကိုသူ ပျော်ရွှင်စွာနေထိုင်နိုင်ရန် အိမ်ပြန်နိုင်မည်ဟု သူထင်ခဲ့မိသည်။ ယခုတွင် သူ ထိုဓာတ်ပုံများကို ပြန်ကြည့်မိသောအခါ ရှုနဉ်မရှိဘဲ မနေနိုင်ကြောင်းကို သိလိုက်ရသည်။


သို့သော်လည်း ရှုနဉ်က ချူကျိုးသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ မကြာမီအချိန်၌ သူ ထွက်သွားပေတော့မည်။


ဝေ့မင်ကျန်းက သူ၏ကွန်ပျူတာ အဟောင်းလေးကို ပိတ်ကာ ကုတင်ပေါ်သို့ တက်ပြီး အိပ်ရန်ကြိုးစားသော်လည်း မရခဲ့ပေ။


ဝေ့မင်ကျန်း တနင်္လာနေ့တွင် ကျောင်းသို့ရောက်လာသောအခါတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူက စားပွဲပေါ်၌ ခေါင်းငုံ့ကာ စိတ်လွတ်နေသည်။ 


ရှုနဉ်က သတိမထားမိခဲ့ပေ။ သူက အတန်းဖော်များနှင့် စကားစမြည်ပြောရင်း ယခင်ကကဲ့သို့ နောက်ပြောင်နေသည်။ တစ်စုံတစ်ယောက်က ရုတ်တရက်မေးလိုက်သည်။


 "ဟေး ရှုနဉ်...ဝေ့မင်ကျန်းနဲ့ ကျန့်ယောင်တို့ရဲ့ လက်ထပ်ဖို့ သဘောတူစာချုပ်ကရော ဘယ်လိုဖြစ်သွားလဲ…”


ရှုနဉ် ထိတ်လန့်သွားသည်။ 

"လက်ထပ်ဖို့သဘောတူစာချုပ်လား…ဘာလက်ထပ်ဖို့သဘောတူစာချုပ်လဲ…”


"ကျန့်မိသားစုနဲ့ ဝေ့မိသားစုကြားက လက်ထပ်ဖို့ သဘောတူစာချုပ်လေ…”

တစ်ဖက်လူက ပြောလိုက်သည်။


"ဝေ့ရှီမင်းက ဝေ့မင်ကျန်းရဲ့ အိမ်ထောင်ရေး သဘောတူညီချက်ကို ယူထားပေမယ့် အခုတော့ သူက နှင်ထုတ်ခံလိုက်ရပြီလေ… လက်ထပ်ဖို့သဘောတူစာချုပ်က မူလပိုင်ဆိုင်တဲ့သူဆီကို ပြန်ရောက်သင့်တာ သဘာဝကျတာပေါ့…”


ရှုနဉ် တိတ်ဆိတ်သွားသည်။ ထိုအကြောင်းကို သူ မေ့လုနီးပါးပင်။ ကျန့်ယောင်က မူလတွင် ဝေ့မင်ကျန်းနှင့် လက်ထပ်ရန် သဘောတူညီမှု ရှိထားခဲ့သည်။ ဝတ္ထုထဲတွင် ကျန့်ယောင်နှင့် ဝေ့ရှီမင်းတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ကြပြီး လမ်းခွဲရန် ငြင်းဆန်ခဲ့ကြသည်။


ဗီလိန်လေး သေဆုံးပြီးနောက် သူတို့နှစ်ဦး ပေါင်းဖက်ခဲ့ကြသည်။ ယခုအခါတွင် ဝေရှီမင်းက ဝေ့မိသားစုမှ ထုတ်ပယ်ခံခဲ့ရပြီး ဗီလိန်လေးက အလွန်ပစားပေးခံနေရကာ ကျန့်ယောင်သည်လည်း ဝေ့ရှီမင်းနှင့် လမ်းခွဲခဲ့သည်။ 


အခြေအနေက သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ လက်ထပ်ရန် သဘောတူညီမှုစာချုပ်ကို ဝေမင်ကျန်းက ပြန်လည်ရရှိနိုင်မည်မှာ သဘာဝပင်။


ရှုနဉ်က ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။

 "ငါတော့ ဘာမှ မကြားမိသေးဘူး…”


“ဘယ်သူမှ မပြောကြဘူး…”


 “အခုတော့ ဘယ်သူမှ မပြောသေးပေမယ့် အနာဂတ်မှာ တော့ သူတို့ အဲ့ဒီအကြောင်းကို သေချာပေါက် ပြောလိမ့်မယ်…”


“ဘာလို့လဲ…”


"ဒါက ကျန့်မိသားစုနဲ့ ဝေ့မိသားစုကြားက လက်ထပ်ဖို့သဘောတူစာချုပ်လေ…ကျန့်ယောင်နဲ့ မင်ကျန်းတို့ပဲ ဖြစ်မယ်ဆိုတာ သိသာတယ်…”


 "ဟုတ်တယ်…ကျန့်ယောင်က အရမ်းလှတယ်…ဝေ့မင်ကျန်းကလည်း အရမ်းချောတယ်…သူတို့တွေက ကောင်းကင်က ဖန်တီးပေးထားတဲ့ အတွဲတွေနဲ့တူတယ်…”


"သူတို့က ပြီးပြည့်စုံတဲ့စုံတွဲလို့ ခေါ်လို့ရတာပဲ…”


ချီးကျူးစကားများက သူ့ နားထဲသို့ တိုးဝင်လာသည်။


ရှုနဉ်က အဖွဲ့ထဲမှ ထွက်လာပြီး သူ့ထိုင်ခုံဆီသို့ ပြန်သွားရန် ပြင်လိုက်သည်။

 "ကျန့်ယောင်က မင်ကျန်းနဲ့ ဘယ်တော့မှ မတွဲဘူးလို့ ပြောထားပြီးသား….”


 "တကယ်လား…”

အခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။


“သူ ကိုယ်တိုင်ပြောတာပဲ…”


"ဟုတ်ပြီလေ၊ဒါဆို သူတို့ နှစ်ယောက် တွဲဖြစ်သွားရင် မင်းဘယ်လိုထင်လဲ…”


ရှုနဉ်: "..." 


ရှုနဉ်က ဝန်လေးစွာ ပြောလိုက်သည်။ 

 "သူတို့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မိသွားရင် ငါ သူတို့ကို အဆင်ပြေဖို့ ဆုတောင်းပေးမယ်…”


ထိုစကားကို ပြောပြီးနောက် ရှုနဉ် အနည်းငယ် စိတ်ပျက်သွားသည်။ ကျန့်ယောင် မရှိလျှင်ပင် ဗီလိန်လေးနှင့် တွဲမည့် အခြားမိန်းကလေး ရှိလာမည်ကို သူသိသည်။ 

သူတို့က အိမ်ထောင်ပြုကြမှာ… ကလေးလည်း ယူကြလိမ့်မယ်….အနာဂတ်မှာ ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းကြလိမ့်မယ်….


ဒါပေမဲ့ ဗီလိန်လေးနဲ့ ခွဲရတော့မယ်ဆိုတဲ့ အတွေးကြောင့် ဘာလို့ ငါ့နှလုံးသားကို ဆွဲညှစ်ထားသလို ခံစားနေရတာလဲ...


သူတို့ ဗီလာသို့ ပြန်ရောက်သည်နှင့် မဒမ်ဝေ့က သူတို့နှစ်ယောက်လုံးအား ဝမ်းသာအားရ ပြောလာသည်။

 "သားတို့ ပြန်လာပြီလား …စားစရာတွေ အဆင်သင့်ဖြစ်နေပြီ ချက်ချင်း စားလို့ရပြီ…”


ဝေ့မင်ကျန်းက တောက်ပပြီး ကျယ်ဝန်းသည့်ထမင်းစားခန်းကို ကြည့်ပြီးမေးလိုက်သည်။ 

"ပါးက ဒီနေ့ ပြန်မလာဘူးလား…”


မဒမ်ဝေ့၏ နူးညံ့သိမ်မွေ့သော မျက်နှာက တင်းမာသွားပြီး သူမ၏ အမူအရာကလည်း ခဏမျှ အနည်းငယ် ထူးဆန်းသွားသည်။ 


သို့သော်လည်း မကြာမီမှာပင် သူမ ပုံမှန်ပြန်ဖြစ်လာပြီး ရှုနဉ်ကို ပြုံးပြလိုက်သည်။ 


ထို့နောက် သူမက ဝေ့မင်ကျန်းအား ပြန်ပြောလိုက်သည်။

"သူ ညစာစားပွဲရှိလို့ပါ…”


"သူက ညစာစားပွဲကို သုံးရက် ဆက်တိုက် လုပ်နေတာလား…”

ဝေ့မင်ကျန်း က သူ့ကျောင်းလွယ်အိတ်ကို မျက်လုံးများအထိ မရောက်သည့် အပြုံးဖြင့် ပြုံးပြနေသည့် အစေခံတစ်ယောက်ဆီသို့ ပေးလိုက်သည်။


မဒမ်ဝေ့၏ မျက်နှာက အေးစက်သွားသည်။ 


ရှုနဉ်က ဝေ့မင်ကျန်း၏ အင်္ကျီလက်စကို ညင်သာစွာ လှမ်းဆွဲလိုက်သည်။ 


ဝေ့ယွမ်နင်းက သူ့မယားငယ်ကိုသာချစ်ပြီး မဒမ်ဝေ့ကို လျစ်လျူရှုနေသည်ကို ဧည့်သည်ဖြစ်သည့် သူပင်သိသည်။ 

ဝေ့မင်ကျန်းက ဘာလို့များ မဒမ်ဝေ့ရဲ့အနာရှိတဲ့ နေရာကို ဆားဖြူးနေရတာလဲ…


"သူက အမြဲတမ်းလိုလို ညစာစားပွဲတွေ အများကြီးကို တက်တယ်လေ…”


မဒမ်ဝေ့က တုံ့ဆိုင်းစွာ ပြုံးပြလိုက်သော်လည်း သူမ၏ မျက်လုံးများကမူ နက်မှောင်နေသည်။ သူမက ကြည့်ကောင်းရန်အတွက်သာ ပြုံးနေခဲ့သည်။ 


ဝေ့မင်ကျန်းက ထိုကိစ္စကို ထပ်မပြောတော့ပေ။ သူတို့သုံးယောက် ထမင်းစားခန်းထဲတွင် စားသောက်ရန်အတွက် ထိုင်လိုက်ကြသည်။