အပိုင်း ၁၂၂
Viewers 22k

🍬Chapter 122




ကုတင်ပေါ်တွင် နှစ်ယောက်သား ဘေးချင်းကပ်လျက်၊ ရွှီလော့ယန်က ချီချန်အန်း၏လက်ကို လက်ညိုးဖြင့် ညင်သာစွာ ပွတ်သပ်ပြီး ဝံ့ကြွားနေသော လေသံလေးဖြင့် 


"ငါ အသေးစိတ် သေသေချာချာ စီစဉ်ပြီးပြီ"


ချီချန်အန်းက သူ့လက်ကို လက်နောက်ပြန်ဆွဲ၍ဆုပ်ကိုင်လိုက်ကာ "ကိုယ့်အနေနဲ့ဒီအစီအစဥ်အကြောင်း သိခွင့်ရှိမလား" ဟုမေး၏။


"မရဘူး မရှိဘူး..." ဟု အမြန်ငြင်းလိုက်ပြီး ရွှီလော့ယန်က အဝေးသို့အကြည့်လွှဲကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် 


"ဘာပဲဖြစ်ဖြစ် မင်းက ငါနဲ့ ပူးပေါင်းဖို့ပဲလိုတယ် မင်းကို အံ့အားသင့်သွားအောင် လုပ်ပေးချင်တာမို့လေ..." 


ဟုဆိုကာ ချီးချန်အန်း၏ ရင်ခွင်ထဲမှီတွယ်နေကာ၊ ချွဲတဲတဲလေသံလေးနှင့် 


"ချန်အန်းကော၊ အဆင်ပြေရဲ့လား..

" ဟုမေးလိုက်သည်။


ချီးချန်အန်းက သူ့နဖူးလေးကို နမ်းလိုက်ကာ "အဆင်ပြေပါတယ်..." ဟု ပြန်ဖြေလေ၏။


နံနက် ဆယ်နာရီထိုးပြီးနောက်၊ ရွှီလော့ယန်က ယို့လိအင်တာတိန်းမန့်ဆီသို့ အပြေးအလွှားလေးရောက်ရှိလာလေသည်။ ရုံးခန်းတံခါးကိုဖွင့်၍ဝင်လာသည့်အခါ ကျန်းသုန့်က ရောက်နေပြီဖြစ်ပြီး၊ လုထုပြန်ကြားရေးလက်ထောက် ရွှယ်ယင်း၏အနောက်တွင်ရပ်ကာ၊ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ကာ ကြည့်နေပြီဖြစ်သည်။ 


သူ့အင်္ကျီကို ချွတ်ပြီး ချိတ်ဆွဲလိုက်သည်နှင့် ရွှီလော့ယန်က သူ့ထံလှမ်းပြောလာသည့် ရွှယ်ယင်း၏အသံကို ကြားလိုက်ရသည်။ 


" ရွှီကော၊ မင်းရဲ့ ရိုက်ချက်အကြီးကြီးတွေက တကယ်ကို ပြောစမှတ်တွင်စရာပဲ..." 


သူမရဲ့ မျက်လုံးများက တောက်ပလာပြီး အရမ်း စိတ်လှုပ်ရှားနေသည်မှာသိသာလှသည်။ 


 "ဒီမနက်က ကျွန်မရဲ့ ကောလိပ်ကျောင်းဖော် တစ်ယောက်က ကျွန်မကို ဖုန်းဆက်ပြီး အော်ဟစ်လာတယ် မနက်ခြောက်နာရီကျော်ကျော်ပဲရှိသေးတာကို အချိန်ပိုအလုပ်ဆင်းဖို့ ကုမ္ပဏီက သူမကို လှမ်းခေါ်လိုက်တယ်ဆိုပြီးတော့လေ Weibo မှာ ရွှီကောကြေငြာချက်ထုတ်လိုက်တာမို့၊ ကြီးကြီးမားမား တစ်ခုခုဖြစ်သွားနိုင်လို့၊ ဆာဗာက မထိန်းနိုင်တော့မှာကို စိုးရိမ်နေကြလေရဲ့ ဒါပေမယ့်လည်း ရွှီကောရဲ့ရိုက်ချက်က အကြီးစား သတ်ဖြတ်နိုင်စွမ်းကို သူတို့ မထင်ထားကြဘူးလေ သူတို့သုံးယောက် အချိန်ပိုအလုပ်ဆင်းဖို့ အပြေးအလွှား ပြန်သွားကြပေမယ့် မထိန်းနိုင်ဘဲ ဆာဗာလည်း ပျက်သွားလေရဲ့...”


ရွှီလော့ယန်က အကျင့်ပါနေသည့်အတိုင်း သူ့ပါးစပ်ထဲ လည်ချောင်းငုံဆေးကိုထည့်လိုက်ကာ၊ လျှောက်လာရင်း 


" Weibo ပျက်သွားတာကို သိလိုက်ရတော့ ငါလည်း အံ့သြသွားတယ်၊ ဒါပေမယ့် ငါ လူသိရှင်ကြားချမပြရသေးဘဲနဲ့ ဘာလို့ ဆာဗာကပျက်သွားတာလဲ..."


ထိုစကားကိုပြောပြီးသည်နှင့် ရွှယ်ယင်းနှင့် ကျန်းသုန့်တို့ နှစ်ယောက်လုံးက သူ့ကိုအထူးအဆန်းသတ္တဝါတစ်ကောင်ကို မြင်နေရသည့်အလား ခေါင်းလှည့်ကြည့်လာတာကို သတိထားမိလိုက်လေသည်။ 


“?”


ရွှယ်ယင်းက တုံ့ဆိုင်းစွာနှင့် မေးခွန်းထုတ်လာလေသည်။  


"ရွှီကော၊ 'လူသိရှင်ကြားချပြတယ်’ ဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာများလား...“


ရွှီလော့ယန်၏ အူကြောင်ကြောင်မျက်နှာလေးကို မြင်လိုက်ရသည့်အခါ၊ ရွှယ်ယင်းက အလျင်စလို ထပ်မေးလာ၏။ 


“ဒါဆို လူသိရှင်ကြား ချပြတယ်ဆိုတဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေသုံးတယ်လို့ ထင်လဲ...”


"ငါ့ခံစားချက်တွေကို ဝန်ခံရမယ်၊ ဒါမှမဟုတ် တိုက်ရိုက်လက်ထပ်ခွင့်တောင်းလိုက်တာ..." 


စကားမဆုံးခင်မှာ ရွှီလော့ယန်က နားတွေ ပူလာပြီး သူ့စိတ်ထဲမှာ မနေနိုင်ဘဲ အမျိုးမျိုးသော မြင်ကွင်းတွေကို စိတ်ကူးကြည့်မိသွားရသည်။ 


"..." 


ရွှယ်ယင်းက ရွှီလော့ယန်ကိုကြည့်ကာ၊ မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်မိလေ၏။


"ဒါက ဝန်ခံတာပဲ မဟုတ်ဘူးလား...” 


ငါတော့ အလကားသက်သက် ခွေးစာတွေစားလိုက်မိပြီ... နောက်ဆုံးမှာ ချန်ထားခဲ့တဲ့ အကြီးစားရိုက်ချက်ကြီး ရှိနေသေးတာကို ယုံတောင်မယုံနိုင်ဘူး...


ဤအခိုက်အတန့်တွင် သူမသည် မနေနိုင်ဘဲ၊ သူမကပဲ အမြင်တိုလွန်းနေသလား၊ သို့မဟုတ် ရွှီလော့ယန်၏အဆင့်ကပဲ အလွန်မြင့်မားလွန်းနေသလားဟု မေးခွန်းထုတ်မိသွားရသည်။ 


ကျန်းသုန့်က လက်ထဲမှ ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး "Weibo ပြန်ကောင်းသွားပြီ မင်းတို့ ကြည့်ကြည့်လိုက်... “


ရွှီလော့ယန်က ခေါင်းညိတ်ကာ သူ့ဖုန်းကို ထုတ်လိုက်ပြီး ကျန်းသုန့်၏စကားအတိုင်း Weibo ထဲသို့ login ဝင်လိုက်သည် ။ထို့နောက် ဆော့ဖ်ဝဲလ်က နှေးနေကာ၊ လေးကြိမ်ဆက်တိုက် ဝင်ရန်ကြိုးပမ်းပြီးမှ၊ နောက်ဆုံးတွင် ရွှီလော့ယန်က ခက်ခက်ခဲခဲနှင့် Weibo သို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။ 


ပေါက်ကွဲထွက်မတတ် တတောင်တောင်တက်လာနေသည့် နိုတီများကို လျစ်လျူရှုထားပြီး ရွှီလော့ယန်က သူ့ရဲ့ Weibo ကို နှိပ်လိုက်သည်နှင့် ညခုနစ်နာရီမှာ သူတင်ထားသည့် ပိုစတာမှာ သုံးနာရီသာကြာသေးသော်လည်း ကောမန့်နှင့်မှာ တစ်သန်းကျော်နေပြီဖြစ်ပြီး Like အရေအတွက်ဟာ နှစ်သန်းကျော်သွားခဲ့ပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ 


ထိုကိန်းဂဏန်းများကို ကြည့်ကာ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နောက်တကြိမ် ပြန်ဖတ်ကာ၊ သူအမြင်မမှားသည်မှာ သေချာသွားသည့်နောက်၊ လက်ထဲမှ ဖုန်းကို ပစ်ချမိလုနီးပါးပင်။ 


သူ့နံဘေးမှ ကျန်းသုန့်က "ကောမန့်တွေကို အရင်ဖတ်ဖို့ အလျင်မလိုနဲ့၊ ပြီးတော့ hot search ကို အရင်ကြည့်လိုက်...” ဟု သတိပေးလာလေသည်။


အသက်ပြင်းပြင်းရှူပြီး hot search ကိုဖွင့်ပြီးနောက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း ရွှီလော့ယန်က ထိတ်လန့်နေဆဲပင်။


အချိန်နှင့်တပြေးညီ ရှာဖွေမှုစာရင်းတွင် သူနှင့် ချီချန်အန်း သည် ထိပ်ဆုံးမှဆယ်နေရာအနက် ခုနစ်နေရာကို သိမ်းပိုက်ထားသည်။ အစီအစဥ်အရ ၎င်းတို့သည် #ကုချန်cp#၊ #ရွှီလော့ယန်၏ဝန်ခံချက်#၊ #ချီချန်အန်း#၊ #ရွှီလော့ယန်#၊ #AlbumTitleSong#၊ #အသဲပုံမြေပုံ# နှင့် #ချန်အန်း# တို့ဖြစ်ပြီး မီးတောက်သဏ္ဍာန်လေးကလည်း တွဲလျက်ပါနေလေရာ လွန်စွာမှ မျက်စိဖမ်းစားနိုင်လေသည်။ 


ရွှီလော့ယန်က ထိတ်လန့်သွားစဉ်ပင် ရွှယ်ယင်းက ပြောလာလေသည်။ 


"ဒေတာက ဆက်လက်မြင့်တက်နေတယ် နေ့လည်တစ်နာရီလောက်ဆို မှတ်ချက်အရေအတွက် 1.3 သန်းအထိ ရောက်လာသင့်တယ်...ဘာပဲဖြစ်ဖြစ်၊ လက်ရှိမှာ ကုချန် CP က အဓိက platform အားလုံးကို နေရာယူထားပြီးပြီ ပင်မစာမျက်နှာနဲ့ ခေါင်းစီးသတင်းတွေ အားလုံးနီးပါး အဲ့ဒီအကြောင်းပဲ...” 


ရွှယ်ယင်းက အနည်းငယ် သမ်းဝေလိုက်ကာ၊ စိတ်လှုပ်ရှားနေသော လေသံဖြင့်၊ 


"ဒါပေမယ့်၊ ရွှီကောရဲ့ သိမ်မွေ့တဲ့ အစီအစဥ်က အရမ်းထိရောက်နေတုန်းပဲ၊ အခြေခံအားဖြင့် မင်းရဲ့ အမျိုးမျိုးသော ပရိသတ်အားလုံးကို CP ပရိသတ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ။ sunspot တွေ နည်းနည်းတော့ ရှိလာပေမယ့်၊ ထည့်တွက်စရာမလိုလောက်အောင် အရမ်းနည်းတယ်။အခုချိန်ထိ မင်းနဲ့မစ္စတာချီ က ပရိသတ်တွေ မဆုံးရှုံးသေးတဲ့အပြင် အရင်ကထက် နည်းနည်းတောင် ပိုတိုးလာသေးတယ်...”


“အာ” ရွှီလော့ယန်က ထပ်မံထိတ်လန့်သွားရသည်။


 “ပိုစတာတင်လိုက်တာနဲ့ ရူးသွပ်သွားမယ့်ပရိသတ်တွေဆီကနေ အဆဲခံရဖို့ ငါကြိုပြီး စိတ်ပြင်ဆင်ထားတာ... မဟုတ်သေးဘူးလေ... ငါ တရားဝင် ချပြဝန်ခံချက်ကိုတောင် မထုတ်ပြရသေးဘူးလေ... ဟုတ်တယ်မို့လား...” 


ရွှယ်ယင်း၏အကြည့်များကို လျစ်လျူရှုလိုက်ကာ သူက မေးလိုက်ပြန်သည်။  


"အင်တာနက်ပေါ်က အခြေအနေကဘယ်လိုလဲ...ချန်အန်းကို ရေဆိုးတွေပက်နေတဲ့လူများရှိလား...”


"..."


ကျန်းသုန့်မှာ သက်ပြင်းကိုသာချ၍ တဖန်နောက်တစ်ကြိမ်မြင့်တက်လာမည့်သူ၏ ဒေါသများကိုသာ ပြန်လည်ဖိနှိပ်လိုက်ရင်း၊ သူထပ်ပြီး ရုန်းကန်လိုစိတ်မရှိတော့ပေ။ 


 "မင်းတို့ စကားစမြည်ပြောလိုက်ကြဦး... ‘ကိုယ့်ချစ်သူ’ ဖျော်ဖြေပွဲအကြောင်း ဆွေးနွေးဖို့ ဖုန်းခေါ်လိုက်ဦးမယ်...”


ရုံးခန်း၏တံခါးက ပိတ်သွားပြီးနောက်၊ ရွှီလော့ယန်က ရွှယ်ယင်း၏အနောက်၊ ခြေလှမ်းအနည်းငယ်အကွာ၌ရပ်နေကာ၊ ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ ဒေတာစောင့်ကြည့်ရေးဇယားများကို အတူတူကြည့်နေလေ၏။ 


"ကျန်းကောက မနေ့ညက ကြိုတင်ကာကွယ်ဆေးထိုးပေးပြီးတော့၊ ရွှီကောအတွက်ပြဿနာဖြစ်လာနိုင်တာမို့၊ ဖုန်းမပိတ်ထားနဲ့လို့ ပြောခဲ့တာ... သူမျှော်လင့်ထားတဲ့အတိုင်းပဲ၊ မနက်ခြောက်နာရီလောက်မှာ ကျွန်မကို ကျန်းကောက ဖုန်းဆက်လာပြီး ဒေတာကိုကြည့်ခိုင်းတယ်...”


ရွှယ်ယင်းက ထပ်မံသန်းဝေလိုက်ရင်း 


"ရွှီကောအနေနဲ့၊ လူထုကိုချပြတယ်လို့ထင်ထင်၊ မချပြရသေးဘူးလို့ပဲထင်ထင်၊ ကောရဲ့ ပရိသတ်တွေကတော့ ကောက ပွင့်ပွင့်လင်းလင်းချပြလိုက်ပြီလို့ပဲ ထင်နေကြတာ...ဒါပေမယ့်၊ ပိုထူးဆန်းတာက၊ ရွှီကောက ပိုစတာကိုတင်ပြီးတော့ နာရီဝက်အကြာမှာ လူထုအမြင်က ဒီဘက်လမ်းကြောင်းကို ပြောင်းသွားတာပဲ...” 


ရွယ်ယင်းကစခရင်ရှော့တစ်ခုကို ဖွင့်ပြလိုက်စသည်။ ၎င်းက အောက်ပါကောမန့်များနှင့် ပြည့်နေလေ၏။ 


"——??? မင်းဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ သူတို့နှစ်ယောက်အတူတူရှိနေကြတာကြာလှပြီမဟုတ်ဘူးလား၊ နေပါဦး၊ မဟုတ်သေးဘူး ချီး၊ အရင်က ငါ ဘာမဟုတ်တာတွေကိုဘဲ ခွေးစာစားမိခဲ့တာလား...”


"——အား အား အား အား ရိုမန့်တစ်ဆန်လွန်းလို့ ပေါက်ကွဲထွက်တော့မတတ်ပဲ ငါ့ရဲ့ ကုချန် cp က မယိမ်းယိုင်နိုင်ဘူး အား မြေပုံအတွက်လည်း 100% အမှတ်ပြည့်ပဲ ဟေး ဟေး ...ငါ့အတွက်ငါလည်း အချိန်ယူရဦးမယ်...”


"——ငါတို့ရဲ့ ချစ်စရာ CP က တရားဝင် အချိုတွေ မကြာခဏ ကျွေးတတ်ပေမယ့် ဒီနေ့အတွက် အချိုကတော့ အရမ်းကို ချိုလွန်းတယ် မရဘူး၊ ငါထပ်ပြီး မြည်းစမ်းကြည့်ဦးမယ်...ဒီနေ့ အချိုတွေက နည်းနည်းတော့ ကွာခြားနေပုံပဲ...”


ရွှီလော့ယန် ဖတ်လို့ပြီးပြီဆိုသည်နှင့် ရွှယ်ယင်းက နောက်ထပ် စခရင်ရှော့တစ်ခုကို ထပ်ဖွင့်ပြလေ၏။ 


"—အိုး၊ ငါအော်ဟစ်နေပါပြီးနော်... ဒီနေ့ အချိုကျွေးတာက ခါတိုင်းလိုမဟုတ်ဘူးဆိုတာ ငါအခုမှ သဘောပေါက်တယ် လော့ယန်က ဝန်ခံခဲ့တယ်တဲ့ ငါ အိပ်မက်မက်နေသလို ခံစားရတယ်... ငါမနိုးနိုင်သေးဘူး...”


"—ယောက်ျားလေး... လူထုကိုချပြတယ်…. နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်... ကိုယ်တိုင်ကိုယ်ကျ အကင်ခံရင်းနဲ့ ဒီ CP ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်လာတယ်ဆိုပေမယ့်၊ အရမ်းစိတ်လှုပ်ရှားဖို့ မကောင်းဘူးလား... ပန်းနုရောင် CP က တကယ်ကြီးအစစ်အမှန်တဲ့လား၊ တကယ်ကို လူသိရှင်ကြား ထုတ်ပြလိုက်တာလား... အား…”


"—— နှစ်ယောက်သား၊ ဆင်တူဝတ်စုံနဲ့၊ Silver Award ကိုရတဲ့အချိန်ကစလို့၊ ဒီလိုမျိုး တစ်ရက်‌ေတာ့ ဖြစ်လာမယ်ဆိုတာ ငါသိနေတယ် ကောင်းချီးတွေပေးပါတယ်... အား...တကယ့်ကို ချိုတာပဲ ကုချန် cp ထာဝရတည်တံ့ပါစေ ချန်အန်းကို ချစ်တယ် လော့ယန်ကိုချစ်တယ် လူထုကိုချပြဖို့ဆိုတာ တကယ် သတ္တိရှိဖို့လိုတယ်...ဟုတ်ပါပြီ... ခုတော့ ပြီးဆုံးသွားပြီပေါ့... ငါကတော့ မြက်ခင်းပြင်ပေါ်မှာ ခွေးတစ်ကောင်လို ဆက်လက်အော်ဟစ်နေဦးမယ်...”


"ဒါနဲ့၊ မင်းတို့ရဲ့ဆက်ဆံရေးကို ပိုလိမ္မာပါးနပ်တဲ့နည်းနဲ့ လူထုကို ချပြနေတဲ့အကြောင်း၊ မင်းရဲ့ပရိသတ်တွေက ရိပ်မိနေတယ်ထင်တယ်... ဒါကြောင့် ဒီ Weibo အောက်မှာ ကောမန့်တွေက တရစပ် ထိုးတက်လာနေတာ ဒေတာတွေရဲ့ စောင့်ကြည့်မှုဘားတွေကလည်း ကြောက်စရာကောင်းလောက်အောင် နီရဲနေတာပဲ ပြီးတော့ သိပ်မကြာဘူး...Weibo ကျသွားတော့တာပဲ...”


သူမရဲ့ လက်နှစ်ဖက်ကို ဖြန့်ပြကာ ရွှယ်ယင်းက


" ဒါပေမယ့်လည်း၊ Weibo ကျသွားတာနဲ့ ပရိသတ်အဖွဲ့တွေ၊ ပို့စ်ဘားတွေ၊ ဖိုရမ်တွေမှာ ဆွေးနွေးမှုတွေ သိသိသာသာ မြင့်တက်လာတယ် ဒါပေမယ့် ကောတို့နှစ်ယောက်ရဲ့ Weibo မှာ တိတ်ဆိတ်နေပြီး နောက်ဆက်တွဲ ထုတ်ပြန်ချက်လည်း မရှိသေးဘူးလေ ဒါက တရားဝင်လူထုကိုချပြတာ ဟုတ်၊မဟုတ်က တရားဝင်တံဆိပ်တုံးရဲ့ စစ်မှန်မှုတစ်ခုပဲလိုတော့တယ်...”


ရွှီလော့ယန်က ခဏလောက်ရပ်ကာ တွေးတောနေပြီးနောက် "ငါ အခုပဲ Weibo ပို့စ်တစ်ခု တင်လိုက်မယ်..."


ရွှယ်ယင်းက သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ပြောလာ၏။ 


"ခဏလေးနေပါဦး၊ ပို့စ်တင်ဖို့ နှိပ်လိုက်တာနဲ့ ကျွန်မကို အရင်ပြောစေနော် ကျွန်မအရင်ဆုံး မန့်ချင်လို့...” 


သို့သော်၊ အသိသာကြီးပင်။ ရွှီလော့ယန်၏ သတိချက်ကို ရရှိထားသော်လည်း၊ ရွှယ်ယင်း၏ ကောမန့်က မိုင်တစ်ထောင်အကွာသို့ တွန်းပို့ခံလိုက်ရလေသည်။ နှစ်မိနစ်အတွင်း ချီချန်အန်းက ရွှီလော့ယန်၏နောက်ဆုံးတင်ထားသည့် Weibo ပို့စ်ကို ထပ်မံမျှဝေခဲ့သည်။


//ချီချန်အန်း: ကိုယ်သေချာပေါက် အရောက်လာခဲ့မယ်။// ရွှီလော့ယန်: မင်းကိုစောင့်နေမယ်။ @ချီချန်အန်း//


မကြာမီပင် ကောမန့်များ ထောင်တက်လာတော့သည်။ 


"—ဖျော်ဖြေပွဲမှာ စောင့်နေမယ်တဲ့လား မင်းက ဝန်ခံချင်တယ်ပေါ့လေ အား... ဒါဆို ငါတို့ နားလည်မှု မလွဲဘူးပေါ့ ဟုတ်တယ်မို့လား သွားပါပြီ... ပြီးပြီ ဒီတစ်ခါတော့ လက်မှတ်ရဖို့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိပြင်းထန်နေမယ်ဆိုတာ ခန့်မှန်းလို့ရနေပြီ...”


"—ပွင်ပွင်...ငါ့ကို စောင့်နေတာမဟုတ်ပေမယ့်၊ ငါကတော့ သေချာပေါက်ကို အရောက်လာခဲ့ဦးမယ် လော့ယန်ကနေ ချန်အန်းအထိ...”


"—ရိုက်ချက်အကြီးစားပဲ Weibo စဖွင့်ကတည်းက အခုထိ မနက်စာ မစားရသေးပေမယ့် ငါ ဘာလို့ ဗိုက်ပြည့်နေတာလဲ...အိုး၊ ကုချန် တံဆိပ် စိန်စီထားတဲ့ ခွေးစာတွေ စားနေတာမို့လို့လေ...”


ထို့နောက် ဧပြီလ ၁၀ ရက်နေ့တွင် ဖျော်ဖြေပွဲ လက်မှတ်များ ကြိုတင်ရောင်းချမှု၌၊ ပထမအကြိမ် လော့ယန်စတေရှင်အတွက် လက်မှတ်များ ပထမအသုတ် အကြိုရောင်းချမှုတွင် တစ်မိနစ်အတွင်း လက်မှတ်ပေါင်း 20,000 ရောင်းကုန်သွားခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယအကျော့အတွက် လက်မှတ် ၁၀,၀၀၀ သည်လည်း စက္ကန့် ၂၀ မပြည့်မီတွင် ရောင်းထွက်သွားခဲ့သည်။


ရွှီလော့ယန်၏ အယ်လ်ဘမ်အသစ် "ချန်အန်း" ကို ဧပြီလ ၂၇ ရက်နေ့တွင် ဖြန့်ချီခဲ့သည်။ ပထမအပတ်၌ အချပ်ရေ 900,000 ကျော်ရောင်းချနိုင်ခဲ့သည်။ ပရိသတ်များက Weibo တွင် ကောမန့်များ တစ်ခုပြီးတစ်ခု တင်ထားကြလေ၏။ 


“ဒီသီချင်းကို နားထောင်ပြီးသွားတော့ ဒါက အယ်လ်ဘမ်တစ်ခုသာမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်... ဒါက ရည်းစားစာပဲ... ရည်းစားစာတွေ... ငါ့ဆီကို ရေးထားတာတော့ မဟုတ်ဘူးပေါ့...အသည်းတွေကွဲ...”


မေလ ၂၆ ရက်၊ လော့ယန်မြို့။


အားကစားခန်းမတွင် ဖျော်ဖြေပွဲသို့လာရောက်ကြသော ပရိသတ်များဖြင့် ပြည့်ကျပ်လျက်ရှိပြီး၊ စင်မြင့်ပေါ်ရှိ မီးများက မှိန်ဖျောနေဆဲ။ ပွဲကျင်းပရာခန်းမက အင်မတန်မှ ကျွတ်ကျွတ်ညံနေလေ၏။ ခြောက်နာရီငါးဆယ့်ကိုးမိနစ်တွင်၊ တစ်ချိန်လုံး မည်းမှောင်နေခဲ့သည့် ဖန်သားပြင်ကြီးက ရုတ်တရက်လင်းလာပြီး၊ ‘ချန်အန်း’ ဟူသည့် စကားလုံးကြီး နှစ်လုံး ပေါ်လာလေ၏။ ထို့နောက် ချက်ချင်းပင် မီးများ ရုတ်တရက်ပွင့်လာပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ပရိသတ်များက ဆူညံစွာ အော်ဟစ်လိုက်ကြသည်။


ရွှီလော့ယန်က Stu မှ သူ့အတွက် အထူးတလှယ်ချုပ်လုပ်ထားပေးသည့် ဖျော်ဖြေရေးဝတ်စုံကို ၀တ်ဆင်ထားပြီး နားကြပ်နှင့် မိုက်ခရိုဖုန်းကို နောက်ဆုံးအကြိမ်အဖြစ် စစ်ဆေးနေသည်။ မိတ်ကပ်ဆရာက သူ့အိုင်းလိုင်နာကို အမြန်ဆွဲပေးလိုက်ကာ သေချာအဆင်ပြေစေရန် ပြုလုပ်ပေးပြီးနောက်၊ သူ့နံဘေး၌ ရပ်နေလိုက်သည်။ 


တစ်ချိန်တည်း၌ပင်၊ သံပြိုင်ဂဏန်းစဉ်များ ရေတွက်သည့်အသံကို ခန်းမထဲတွင် ကြားနေရသည်။ ရွှီလော့ယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ထဲတွင် မိုက်ခရိုဖုန်းကိုင်ကာ၊ စင်မြင့်ပေါ် မြင့်တင်ပေးမည့် lift ပေါ်တွင် ရပ်နေလိုက်သည်။


Lift က တဖြည်းဖြည်းမြင့်တက်လာစဉ်၊ ပရိသတ်များ၏ ရေတွက်သံက သုညအထိရောက်သွားလေသည်။ ထိုအခိုက်ပင်၊ စင်မြင့်ပေါ်၌ ရွှီလော့ယန် ပေါ်ထွက်လာလေ၏။ 


ဖန်သားပြင်ထက် ရွှီလော့ယန်၏ ကိုယ်လုံးပေါ်ပုံရိပ်ကို ပြသထားသည်။ သူက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဂျာကင်အင်္ကျီ၏ညာဘက်ပခုံးတွင် ပန်းဖွားများတပ်ဆင်ထားလေသည်။ အလင်းအောက်တွင် ဖိနပ်မှရွှေရောင်အလှတပ်ကွင်းများက တောက်ပစွာလင်းလက်နေပြီး အဖြူရောင်ဘောင်းဘီရှည်ကလည်း ပြီးပြည့်စုံသောခြေထောက်သဏ္ဌာန်ကို ပေါ်လွင်စေလေသည်။ အထင်ရှားဆုံးမှာ သူ၏ညာဖက်လက်တွင် ငွေရောင် လက်အိတ်တစ်စုံကို ၀တ်ဆင်ထားပြီး၊ သူ့လက်ထဲတွင်လည်း လှပစွာပြုလုပ်ထားသည့် မိုက်ခရိုဖုန်းကိုလည်း ကိုင်ဆောင်ထားလေသည်။ ထို မိုက်ခရိုဖုန်းမှာကိုယ်ထည်တစ်ခုလုံးကို ငွေဖြင့် ပြုလုပ်ထားပြီး၊ အလင်းရောင်အောက်တွင်ငွေရောင်မိုက်ခရိုဖုန်းက ရောင်ပြန်ဟပ်လျက်ရှိသည်။ 


စင်ပေါ်မှာရပ်နေသည့် ရွှီလော့ယန်မှာ၊ မိုင်ခရိုဖုန်းတွင်ထွင်းထုထားသည့် စကားလုံးများကို သူ့လက်ချောင်းများဖြင့် အသာအယာထိကိုင်လိုက်လာ၊ မနေနိုင်ဘဲ ပြုံးရယ်လိုက်မိသည်။ထိုအပြုံးမှာ ဖန်သားပြင်ကြီးထက် ပေါ်ပေါက်လာလေရာ၊ ပရိသတ်များ၏ တခဲနက်အားပေးမှုကို ရရှိပြန်လေ၏။ 


“ဒီအထိလာရောက်ပြီး ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်...”


သူ့စကားမှာ အဆုံးပင်မသတ်ရသေးခင်၊ အောက်မှပရိသတ်များ၏ အော်ဟစ်အားပေးသံကြား နစ်မြုပါသွားလေသည်။ 


ရွှီလော့ယန်၏အပြုံးက ပို၍ကျယ်ပြန့်လာခဲ့ပြီး စင်အောက်ဘက်မှ ပရိသတ်များကို မျက်နှာမူလိုက်ကာ"ကျွန်တော်ကို ပြောပြပေးနိုင်မလား၊ ဒီဖျော်ဖြေပွဲ နာမည်က ဘာတဲ့လဲ...” ဟု မေးလိုက်သည်။ 


စက္ကန့်မဆိုင်းဘဲ၊ ပရိသတ်များထံမှ သံပြိုင်အော်ဟစ်သံ ထွက်ပေါ်လာလာတော့သည်။  


"ချန်အန်း”


"ဟုတ်တယ်၊ ချန်အန်း " 


ထိုသူ၏ အမည်နာမကို ပြောရုံဖြင့်ပင် ရွှီလော့ယန်၏အကြည့်များက နူးညံ့လာကာ၊ လက်ထဲက မိုက်ခရိုဖုန်းကို လှုပ်ရှားလိုက်ရင်း 


"ပြီးခဲ့တဲ့နှစ်၊ မတ်လ ၂၂ ရက်နေ့မှာ Weibo မှာ စာတစ်ပုဒ် တင်ခဲ့တယ် အနာဂတ်မှာသီဆိုမယ့် သီချင်းတိုင်းကို ဒီမိုက်ခရိုဖုန်းကို သုံးပြီးဆိုမယ်လို့ ပြောခဲ့တာ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက ‘ဆည်းဆာချိန်’ဆိုတဲ့ သီချင်းပဲ ကျွန်တော်အကြိမ်နှစ်ဆယ်လောက်ပြန်ဆိုခဲ့တဲ့ သီချင်းစာသားကို အားလုံးပဲမှတ်မိကြသေးလား”


တီးဝိုင်းကလည်း အချိန်မီပင်လိုက်ပါတီးခတ်ပေးခဲ့ပြီး၊ တစ်ချိန်တည်း၌ ရွှီလော့ယန်နှင့် စင်အောက်မှပရိသတ်များက သီချင်းစာသားကို သီဆိုလိုက်ကြသည်။


 “ကိုယ့်မျက်လုံးတွေ ဖွင့်လိုက်ရင်၊ ကိုယ်နဲ့အတူတူအိပ်မောကျနေတဲ့ မင်းကို မြင်ရဖို့ နေ့တိုင်းပဲ စောင့်မျှော်နေ…” 


အားလုံး ပြန်လည်တိတ်ဆိတ်သွားပြန်သည့်နောက်၊ ရွှီလော့ယန်က ပြုံးလျက်နှင့် ပြောလာလေသည်။ 


“မင်းတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် ဒီသီချင်းက စာသားကို တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီးဆိုခဲ့တာလေ ဒီစာသားကို စုစုပေါင်း ၂၁ ကြိမ်တောင် ဆိုခဲ့တာ...” 


စင်အောက်မှ အော်ဟစ်သံများက နားစည်ပင် ကွဲမတတ်ပင်။ 


ရွှီလော့ယန်က ခေါင်းငုံ့အလေးပြုလိုက်ကာ၊ ရယ်မောလိုက်ပြီး နောက်တကြိမ် မတ်မတ်ရပ်လိုက်သည်။ သူ့မျက်ခုံးလေးများကမူ ကွေးညွှတ်နေလေ၏။  


"ဒီနေ့ ပထမဆုံး သီချင်းက ကျွန်တော့်အယ်လ်ဘမ်အသစ်ရဲ့ ခေါင်းစဉ်သီချင်းပါ... သီချင်းရဲ့ ခေါင်းစဉ်က သီချင်းနာမည်နဲ့ အတူတူပါပဲ...” သူက ရုတ်တရက် ရပ်သွားကာ၊ တစ်ဖက်သို့လှည့်၍ မနေနိုင်ဘဲရယ်မိပြန်သည်။ 


ထို့နောက် ရှက်ကိုးရှက်ကန်းလေးဖြင့် “နာမည်ကိုတော့ ကျွန်တော်မပြောတော့ဘူး”ဟု ဆိုလိုက်သည်။ 


ထိုညင်သာနူးညံ့သည့် အပြုအမူများက ဖန်သားပြင်ကြီးပေါ်တွင် ပေါ်နေလေရာ၊ စင်အောက်မှ အားလုံးက မြင်လိုက်ရသည်။ စင်အောက်မှ ပရိသတ်များက သီချင်းခေါင်းစဉ်ကို ကူညီအော်ပြောပေးလေ၏။ နောက်ဆုံးတော့၊ ရွှီလော့ယန်က မိုက်ခရိုဖုန်းကိုယူကာ လေးလေးနက်နက်ပြောလိုက်တော့သည်။ 


 "အင်း၊ ဒါက သီချင်းခေါင်းစဉ်ပါပဲ...” 


————


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး : 


ငါကအခုထိ အကြီးကြီး မလှုပ်ရှားရသေးဘူးလေ။


____


Translated By IQ-Team.