အပိုင်း ၁၂၃ (Final)
Viewers 22k

🍬Chapter 123(Final)



မေလ ၂၆ ရက်နေ့၊ လော့ယန်။ 


ဇွန်လ ၂ ရက်နေ့၊ လင်းချန်။


ဇွန်လ ၉ ရက်၊ ယုံကျိုး။ 


ဇွန်လ ၁၆ ရက်နေ့၊ ယဲ့ကျိုး။ 


ဇွန်လ ၂၃ ရက်နေ့၊ မင်းနန်။ 


ဇွန်လ ၃၀ ရက်နေ့၊ ချူချန် ။


ဇူလိုင်လ ၇ ရက်နေ့၊ ချန်အန်း။ 


ည ၇ နာရီမှ ၉း၃၀ အချိန်တွင်တော့ ဖျော်ဖြေပွဲ ပြီးဆုံးပေလိမ့်မည်။ နွေပူပူ၏ ညဘက်တိုက်ခတ်လာသည့် လေပြည်လေညင်းက အေးမြမှုအနည်းငယ်ယူဆောင်လာကာ နေ့အပူကို မောင်းထုတ်လိုက်သည်။ ခန်းမအတွင်းတွင် မီးရောင်များက တလက်လက်တောက်ကနေပြီး မရေမတွက်နိုင်သော မီးချောင်းများက တောက်ပသော ဂလက်ဆီတစ်ခုသဏ္ဍာန် ချိတ်ဆက်ထားသည်။


နောက်ဆုံးအပိတ်သီချင်းကို သီဆိုပြီးသွားသည့်အခါ၊ နှစ်မီတာအမြင့်ရှိသည့် စက်လှေကားသည် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ခန်းမထဲရှိ လှပသော မီးရောင်များနှင့် ဖန်သားပြင်ကြီး၏ အလင်းရောင်တို့သည် ချက်ချင်း ငြိမ်းသက်သွားပြီးနောက် ဆလိုက်မီးထိုးတစ်ခု ထွက်ပေါ်လာလေ၏။ ထို့ကြောင့် ခန်းမတစ်ခုလုံးထဲတွင် ရွှီလော့ယန်ရှိနေသည့်တစ်နေရာတည်းကသာလျှင်၊ လင်းထိန်တောက်ပနေသည်။


ကခုန်ခြင်းကြောင့် အနည်းငယ်ရှုပ်ပွနေသည့် သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ပြန်လုပ်ပြီးနောက် ရွှီလော့ယန်က စင်မြင့်ပေါ်တွင် ရပ်ကာ အသက်ရှုချိန်ကိုညှိလိုက်ပြီး နားကြပ်ကို ချွတ်လိုက်သည်။ 


သူက မိုက်ခရိုဖုန်းကို ကိုင်ထားကာ ပြုံး၍မေး၏။


"တဆိတ်လောက်၊ မင်းရဲ့အချိန်ကို ခဏလောက် ယူလို့ရနိုင်မလား...”


တောက်ပသည့်အလင်းရောင်များက သူ့ဦးခေါင်းထိပ်ပေါ်သို့ ဖျာကျနေကာ၊ သူ၏ချောမွတ်သည့်နဖူးပြင်ထက်ရှိ ချွေးစကလေးများ၊ စိုရွဲနေသည့် ဆံပင်ထိပ်ဖျားနှင့် သူ၏အပြုံးမျက်လုံးလေးတို့ကို မြင်နိုင်လေသည်။ 


ခန်းမအတွင်းနှင့်အပြင်တွင်ရှိနေသော လူပေါင်းခုနစ်သောင်းကျော်က တစ်ပြိုင်နက်တည်း ပြန်လည်တုံ့ပြန်လာသည်။ 


“ရပါတယ်” 


"ကျေးဇူးတင်ပါတယ်၊ ကျွန်တော်..." 


ပြောမယ့်စကားများက ရုတ်တရက် ထွက်မလာတော့ပေ။ ရွှီလော့ယန်က နောက်ပြန်ခြေနှစ်လှမ်းဆုတ်လိုက်ပြီး၊ အောက်သို့ငုံ့ကာ၊ မီးပုံးနားရှိ ရေသန့်ပုလင်းကို ယူလိုက်၏။ 


ပုလင်းအဖုံးကိုဖြုတ်ပြီးနောက် မသောက်ဘဲ ခေါင်းပေါ် တိုက်ရိုက်လောင်းချလိုက်သည်။ ထို့နောက် စိုစွတ်နေသော ဆံပင်များကို ဘယ်ဘက်လက်ဖြင့် သပ်လိုက်လေ၏။ အေးမြသောရေသည် လည်ပင်းအောက်သို့ စီးဆင်းသွားကာ သူ၏ အဝတ်များကို စိုစွတ်စေပြီး တိကျသည့် ကြွက်သားလိုင်းများကို ပေါ်လွင်စေသည်။


အနည်းငယ် စိတ်ပြန်ငြိမ်သွားသည့်အခါမှသာ ရွှီလော့ယန်က မိုက်ခရိုဖုန်းကိုကိုင်ကာ စကားပြန်ပြောလေသည်။ သူ့စကားပြောသံက အနည်းငယ် နှေးကွေးလေးလံနေကာ၊ အနည်းငယ် စိတ်ကြည်းကြပ်နေသည့်ဟန်လည်း ပေါ်လွင်၏။  


"ကျွန်တော် အခု၊ အရမ်းစိတ်လှုပ်ရှားနေတယ်”  


ထိုသို့ပြောပြီးနောက် သူက အသေးစိတ်ထပ်ပြီး ပြောပြလေသည်။ 


“ကျွန်တော် တစ်ခါမှ ဒီလောက်ထိ စိတ်မလှုပ်ရှားဖူးဘူး... စင်ပေါ်မှာ ပထမဆုံး သီချင်းဆိုဖူးတဲ့ အကြိမ် ဒါမှမဟုတ် ကင်မရာရှေ့မှာ ပထမဆုံး သရုပ်ဆောင်ဖူးတဲ့အချိန်ထက် ပိုပြီးစိတ်လှုပ်ရှားနေတယ်..."


သူစကားစပြောသည့်အချိန်မှစ၍ ခန်းမသည် အလွန်အမင်းတိတ်ဆိတ်သွားကာ ၊ မီရောင်တောက်ပနေသည့် light stickတောင်တန်းများနှင့်ပင်လယ်ပြင်ကြီးသာ ငြိမ်သက်စွာ လင်းလက်နေလေ၏။ 


"မကြာသေးခင်ကစပြီး၊ ငါ နံပါတ် 'ခုနစ်' ကို အရမ်းကြိုက်လာတယ်...” 


သူ့စကားဆုံးသည်နှင့် နဂိုကတိတ်ဆိတ်နေသည့်နေရာသည် အော်ဟစ်သံများ ထွက်ပေါ်လာပြီး lightstickများကို အဆက်မပြတ် ဝှေ့ယမ်းနေကြသည်။ 


"ချန်အန်း"ဟူသည့်အမည်ကို လူအများအော်နေကြသည်ကိုကြားသည့်အခါ ရွှီလော့ယန်က သူ့မျက်နှာအနေအထားကိုတည်တံ့စေလိုက်ပြီး ပရိသတ်ထံတစ်ချက်ဝေ့ကြည့်ကာ တစ်ခုချင်း ရေတွက်လိုက်သည်။ 


"အယ်လ်ဘမ်မှာ သီချင်းခုနစ်ပုဒ်ပါတယ် ဖျော်ဖြေပွဲပေါင်းခုနစ်ပွဲ၊ ဖျော်ဖြေပွဲတစ်ခုစီတိုင်းက ခုနစ်ရက်ကြာတယ် ဖျော်ဖြေပွဲတစ်ခုစီရဲ့ ပထမဆုံးသီချင်းကို ခုနစ်နာရီမှာ စဆိုခဲ့တယ် ဒီနေ့မှာ၊ စုစုပေါင်း လူ ၇၀,၀၀၀ ကဖျော်ဖြေပွဲကိုတက်ရောက်လာပေးတယ်..."


ထိုအခိုက်၊ သူက ထပ်၍ ရယ်မောကာ "ဒါပေမယ့် မင်းတို့တွေ အရမ်းတော်တာပဲ။ လက်မှတ်ပေါင်း 70,000 ကို တစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်သွားပြီး ဝက်ဘ်ဆိုဒ်က ပြုတ်ကျလုနီးပါးပဲ..." 


ထိုသို့ ပြောပြီးနောက်၊ သူ့အသံကပြန်၍ပျော့ပြောင်းလာကာ၊ လေးလေးနက်နက် ပြောလိုက်သည်။ 


"အခုလို လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..."


နောက်ထပ်အော်သံများကြားတွင် မိုက်ခရိုဖုန်းကိုကိုင်ဆောင်ထားသည့်၊ ရွှီလော့ယန်၏လက်ချောင်းများက အနည်းငယ်တင်းကြပ်သွားလေသည်။ အော်သံများ ရပ်တန့်သွားသည့်အခါ သူက ထပ်၍ပြောလေသည်။  


“ဒီနေ့တော့၊ ကျွန်တော်ရဲ့ နယ်လှည့်ဖျော်ဖြည်ပွဲကြီးက အဆုံးသတ်ပါတော့မယ်...” 


ထိုအချိန်တွင်၊ ဖန်သားပြင်ထက်ရှိ ရုပ်ပုံက ပြောင်းလဲသွားလေသည်။


မီးခိုးရောင်မျဉ်းကြောင်းများဖြင့် ဖော်ပြထားသော မြေပုံအကြမ်းပေါ်တွင်၊ ကြယ်ပုံသဏ္ဍာန်ရှိသော အလင်းအစက် ခုနစ်လုံးသည် တစ်ခုပြီးတစ်ခု ထွန်းတောက်လာသည်။ အပြင်ဘက်ရှိ အလင်းအစက်ခြောက်လုံးကို နှလုံးပုံသဏ္ဍာန်အဖြစ် မျဉ်းကြောင်းများဖြင့် ချိတ်ဆက်ထားသည်။


ဖြည်းညှင်းစွာဖြင့်၊ အစဦးမှတ်လော့ယန်မြို့ကို ကိုယ်စားပြုသည့် အလင်းပွိုင့်မှ သေးငယ်သည့်မျဉ်းကြောင်းသည် တဖြည်းဖြည်း ဆန့်ထွက်ကာ နောက်ဆုံးတွင် နောက်ဆုံးအဆုံးသတ်အမှတ် "ချန်အန်း" ကိုကိုယ်စားပြုသည့် အလင်းပွိုင့်နှင့် ချိတ်ဆက်ထား၏။


ပုံစံက နောက်ဆုံးတွင်တော့ အပြည့်အဝပုံပေါ်လာပြီဖြစ်သည်။  


ဖန်သားပြင်ကြီးပေါ်က ပုံစံကိုကြည့်ကာ ရွှီလော့ယန်၏ နှုတ်ခမ်းလေးများက ကွေးညွတ်သွားလေသည်။  


"မေလ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ခုနစ်ရက်နေ့အထိ လော့ယန်ကနေ ချန်အန်းကိုရောက်တဲ့အထိ၊ ကျွန်တော်လျှောက်လာခဲ့တယ်...“ 


ထို့နောက်၊ စက္ကန့်အနည်းငယ်ခန့်၊ ရပ်တန့်လိုက်ကာ


 “ဖျော်ဖြေပွဲကျင်းပမယ့်မြို့ကို ကြေညာလိုက်ကတည်းက အယ်လ်ဘမ်ရဲ့ ပရိုမိုးရှင်းပိုစတာ၊ ဖျော်ဖြေပွဲရဲ့ ပရိုမိုးရှင်းပိုစတာကနေ၊ အယ်လ်ဘမ်ထွက်ရှိချိန်အထိ၊ ဖျော်ဖြေပွဲတိုင်းရဲ့အစမှာ ကျွန်တော်ဆိုလေ့ရှိတဲ့ တူညီတဲ့ သီချင်းတစ်ပုဒ် ကျွန်တော်ဒီမှာရပ်ပြီး အဲ့ဒီသီချင်းကိုသီဆိုနေတဲ့အချိန်မှာ၊ ဒီအချိန်အတောအတွင်းမှာ၊ အင်တာနက်ပေါ်မှာ မှတ်ချက်တွေ အမျိုးမျိုးပေါ်လာတယ်...”


ဤအခိုက်အတန့်တွင်၊ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏မျက်လုံးများက စင်မြင့်၏အလယ်ဗဟိုရှိ ရွှီလော့ယန်အား စူးစိုက်ကြည့်နေလေ၏။ 


ဆယ်စက္ကန့်နီးပါးကြာပြီးနောက်၊ ရွှီလော့ယန်က


 "ကျွန်တော်ပြောချင်တာက၊ အဲဒါတွေက ကောလာဟလတွေ၊ အရှုပ်တော်ပုံတွေ၊ နားလည်မှုလွဲမှားမှုတွေ၊ စန်းတင်နေတာတွေ မဟုတ်ဘူး အဲဒါတွေအားလုံးက အမှန်တွေပဲ...” 


"ကျွန်တော် သဘောကျနေတဲ့လူတစ်ယောက်ရှိတယ်၊ သူ့နာမည်က ချီချန်အန်းတဲ့..."


တိတ်ဆိတ်နေသောခန်းမ၌ တီးတိုးပြောသံများ ကြိတ်ကြိတ်ကြိတ်ကြိတ် ထွက်ပေါ်လာပြီးနောက်၊ ထိုအသံများက မြစ်ငယ်များကဲ့သို့ စုစည်းသွားသည့် လှိုင်းလုံးကြီးများကဲ့သို့ဖြစ်လာလေသည်။ ဖျော်ဖြည်ပွဲသို့တက်ရောက်လာကြသည်၊ မရေမတွက်နိုင်သောလူများက သူတို့က ထင်ယောင်ထင်မှားဖြစ်နေပြီဟုပင် ထင်မှတ်သွားသည်။


သူဘာပြောလိုက်တာ…


မိုက်ခရိုဖုန်းပေါ်၌ ထွင်းထုထားသည့် သူ့အမည်ကို လက်ချောင်းကလေးများဖြင့်ထိတွေ့လိုက်ကာ ရွှီလော့ယန်၏ နားစည်များက သူ့နှလုံးခုန်သံနှင့်ထပ်တူ တုန်ခါနေလေသည်။ 


 "ကျွန်တော် သူ့နာမည်ကို အသုံးပြုပြီး အယ်လ်ဘမ်တစ်ချပ်ကို ထုတ်ခဲ့တယ် သူ့နာမည်ကို သီချင်းခေါင်းစဉ်အဖြစ် သုံးခဲ့တာ သူ့အတွက် သီချင်းတစ်ပုဒ်လည်း ရေးခဲ့သေးတယ် သူ့အတွက် ကျွန်တော်ရဲ့နှလုံးသားကို အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းလောက် ထုတ်ပြသီဆိုချင်ပေမယ့် မလုံလောက်သေးဘူး.."


ဤအချိန်မှသာ၊ ရွှီလော့ယန်က ဘာကိုပြောချင်နေတာလဲဆိုသည်ကို ဖျော်ဖြည်ပွဲရှိပရိသတ်များက ရိပ်မိသွားလေသည်။ မရေမတွက်နိုင်သော လူများက ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်ကြပြီး ကြီးမားသော ဖန်သားပြင်ပေါ်တွင် ပြသထားသည့် မြင်ကွင်းတွင် လူအများအပြားက ရွှင်မြူးကာ၊မျက်ရည်များကျလျက် အားပေးနေသည်ကို တွေ့မြင်နိုင်လေ၏။ 


အော်ဟစ်အားပေးသံများက နှစ်မိနစ်ခန့်နီးပါး ကြာမြင့်သွားလေသည်။ 


ထိုအသံများငြိမ်သက်သွားပြီးနောက်၊ ရွှီလော့ယန်က လေးလေးနက်နက် ဦးညွှတ်လိုက်ကာ "ကျေးဇူးတင်ပါတယ်" ဟု တတိယအကြိမ်မြောက် ထပ်မံပြောဆိုလိုက်သည်။ 


တည့်မတ်စွာပြန်ရပ်လိုက်ပြီး၊ မျက်ဝန်းထဲတွင် နွေးထွေးသည့်အပြုံးတို့လွှမ်းခြုံကာ၊ ရွှီလော့ယန်က ငွေရောင်မိုက်ခရိုဖုန်းကို သူ့နှုတ်ခမ်းနား ထပ်မံနီးကပ်စေလိုက်သည်။ 


"ဒီနေ့၊ ဇူလိုင်လ ခုနစ်ရက်နေ့က ချန်အန်းရဲ့မွေးနေ့ပဲ”


“ချန်အန်း” ဟူသည့်အမည်အား သူက လွန်စွာ နူးညံ့စွာရွတ်ဆိုခဲ့သည်မှာ၊ နာမည်လေးအားရေရွတ်ရုံမျှဖြင့် သူ့အား အလိုအလျောက် နူးညံ့သွားစေမိသည်ကို သတိမထားမိနိုင်သည့်အထိပင်။ 


ရွှီလော့ယန်က သူ့နှုတ်ခမ်းထက် အမြဲတစေအပြုံးတစ်ခုကို ပန်ဆင်ထားတတ်သည်။ သူက သက်တောင့်သက်သာဖြစ်မည့်ဟန်ဖြင့်၊ စင်ပေါ်တွင် ပေါ့ပေါ့ပါးပါးတင်ပျဉ်ခွေထိုင်လိုက်သည်။ ဝန်ထမ်းများထံမှ လှမ်း၍ပေးလာသည့် ပုံထွင်းထုထားသည့်အဖြူရောင်ဖယောင်းတိုင်ပန်းကန်မှ ဖယောင်းတိုင်များကို လှမ်းယူကာ၊ မီးထွန်းညှိလိုက်ပြီး ပြောလာသည်။ 


“ချန်အန်း.. ပျော်ရွှင်စရာ ပထမဆုံးမွေးနေ့၊ ပျော်ရွှင်စရာ ဒုတိယမွေးနေ့၊ ပျော်ရွှင်စရာ တတိယမြောက်မွေးနေ့... ပျော်ရွှင်စရာ နှစ်ဆယ့်ခုနစ်နှစ်မြောက် မွေးနေ့ဖြစ်ပါစေ၊ ပျော်ရွှင်စရာ နှစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...”


စုစုပေါင်း ဖယောင်းတိုင် နှစ်ဆယ့်ရှစ်တိုင် ရှိလေသည်။ 


နောက်ဆုံးအပိုင်းသို့ရောက်သည့်အခါ၊ ဖယောင်းတိုင်မီးရောင်အောက်တွင် ရွှီလော့ယန်၏ မျက်လုံးများက အနည်းငယ်နီရဲနေကာ၊ သတိထားမိရန်မလွယ်ကူသည့် နှာသံလေးကပါ ကပ်ပါနေသော်လည်း၊ သူ့စကားလုံးတိုင်းက အလွန်နူးညံ့နေလေ၏။ 


"ချန်အန်း… အရင်တုန်းက မင်းရဲ့အနားမှာ မရှိခဲ့တာ တောင်းပန်ပါတယ် ဒါပေမယ့် ထပ်ပြီးတော့ ဒီလိုဖြစ်မှာမဟုတ်တော့ဘူးမင်းဘေးမှာ အမြဲရှိနေပေးမှာပါ...”


"ဒီလိုရည်းစားအကြောင်းအယ်လ်ဘမ်ထုတ်ပြီး ၊ ကောင်လေးအကြောင်းဖျော်ဖြေပွဲကို လုပ်ရမလား၊ မလုပ်ရဘူးလားဆိုပြီး အရင်က တုံ့ဆိုင်းနေခဲ့တာ...ဒါပေမယ့်၊ နောက်တော့ ငါလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ ချန်အန်းက အရမ်းကိုကောင်းပြီး၊ ငါ မင်းအတွက် ဂုဏ်ယူမိတယ် ငါတို့အသက်ကြီးသွားတဲ့အခါမှာ၊ ဒီအသက်အရွယ်တုန်းက၊ လူထောင်ပေါင်းများစွာရှေ့မှာ ဖုံးကွယ်ထားခြင်းမရှိဘဲ မင်းကိုချစ်တယ်လို့ ပြတ်ပြတ်သားသားပြောခဲ့ဖူးတယ်ဆိုတာကို ငါအမှတ်ရနေချင်ပြီးတော့၊ မင်းနဲ့အတူ ထာဝရရှိနေချင်တယ်..."


ထိုသို့ပြောပြီးနောက်၊ ရွှီလော့ယန်က သူ့ခေါင်းကို ငုံ့လျက် ပြုံးကာ၊ အသာလေး သက်ပြင်းချလိုက်ပြီး၊ 


“ကောင်းပြီ၊ အခု သူ့ကိုကူညီပြီး ဖယောင်းတိုင်မီးမှုတ်ပေးလိုက်ဦးမယ်...” 


ခန်းမထဲတွင် ဦးဆောင်သူ၊သို့မဟုတ် လက်တွဲခေါ်ယူသူမရှိသော်လည်း "Happy Birthday" ဟူသည့် သီချင်းသံက နေရာပေါင်းစုံမှ ပရိသတ်ထိုင်ခုံများမှ စုရုံးထွက်ပေါ်လာလေသည်။


ဤအခိုက်အတန့်တွင် ခန်းမ၏အသံထုတ်လွှင့်စက်မှ အခြားသောအသံတစ်ခု ထွက်ပေါ်လာသည်။ 


“မင်း ကိုယ့်အတွက် မီးညှိထားပေးတဲ့ ဒီဖယောင်းတိုင်တွေကို ကိုယ်ကိုယ်တိုင် မှုတ်လို့ရမလား...” 


ထိုအသံက အလွန်နူးညံ့ပြီး၊ အသံပိုင်ရှင်ကပြုံးနေပုံရ၏။ စကားအဆုံးသတ်တွင် အသံက အနည်းငယ်မြှင့်တက်လာပြီး နွေးထွေးသည့်လေသံဖြစ်နေစေသည်။ 


ရွှီလော့ယန်က အသက်ရှူအောင့်လိုက်မိကာ၊ မသိလိုက်ပါဘဲ ဖယောင်းတိုင်မီးခွက်ကို ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားပြီးနောက်၊ ပရိသတ်များထံမှ၊ အော်ဟစ်အားပေးသံများ ထပ်မံထွက်ပေါ်လာလေသည်။ 


အဲ့ဒါက ချီချန်အန်းပဲ...


လရောင်နှင့် ပြည့်နေသော မျက်ဝန်းများနှင့်အတူ ရွှီလော့ယန်က စင်မြင့်အောက်မှ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်ကာ "ကောင်းပြီလေ” ဟု နူးညံ့တဲ့ အသံဖြင့် ပြောလိုက်လေသည်။ 


စက္ကန့်အနည်းငယ်အကြာတွင်၊ ချီချန်အန်းက စတိတ်စင်မြင့်ပေါ်၌ရပ်နေပြီဖြစ်သည်။ သူက ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး အနည်းငယ် formal ကျသည့်ဟန်ရှိနေသည်။ အင်္ကျီလက်အနားစများကို နှစ်ခေါက်ခေါက်ထားသဖြင့်၊ သူ့ လက်ကောက်ဝတ်များက ပေါ်ထွင်နေကာ၊ လက်သူကြွယ်ရှိ လက်စွပ်က ပို၍ပင် တောက်ပနေသည်။ ထိုလက်စွပ်မှာ ရွှီလော့ယန် ဝတ်ဆင်ထားသည့် လက်စွပ်နှင့် တစ်ထပ်တည်းနီးပါးတူညီလေ၏။လက်စွပ်၏မျက်နှာပြင်ထက်၊ ထွင်းထုထားသည့် ပုံစံငယ်လေးရှိနေပြီး ၎င်းမှာ ရွှီလော့ယန်၏ အမည်ပင်။ 


သူတို့နှစ်ဦးကြားတွင် အနီရောင်ဖယောင်းတိုင်နှစ်ဆယ့်ရှစ်ခုရှိကာ ဖယောင်းတိုင်မှ မီးရောင်က သူတို့နှစ်ဦး၏ မျက်ဝန်းထက် ရောင်ပြန်ထင်ဟပ်နေလေသည်။

ချီချန်အန်းက ရွှီလော့ယန်ကို မေးလေ၏။ 


“ကိုယ် မွေးနေ့ဆုတောင်းတစ်ခု တောင်းလိုက်မယ်ဆို၊ အဲ့ဒီဆုတောင်းက တကယ်ပြည့်လာမှာလား...” 


တစ်ဖက်လူထံမှ လှည့်စားခံလိုက်ရသလိုပင်၊ ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။ 


“အင်း...တကယ်ပြည့်မှာ...” 


သူ့နှုတ်ခမ်းထက် နူးညံ့သည့်အပြုံးတစ်ခုဖြင့် ချီချန်အန်းက ပြောလာ၏။


“ပြီးခဲ့တဲ့ မွေးနေ့နှစ်ဆယ့်ခုနစ်ခုလုံးလုံး၊ ကိုယ်ဘာဆုတောင်းမှ မတောင်းခဲ့ဘူး...” 


မျှော်မှန်းချက် ဒါမှမဟုတ် မျှော်လင့်ချက်မရှိတဲ့အတွက်၊ ထပ်ပြီး ကိုယ့်အနေနဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ရပြီး ပျော်ရွှင်မှုဆိုတာကို ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့တာမို့ပဲ။


အသက်ရှူမဝသလို တုန်လှုပ်သွားကာ ရွှီလော့ယန်က မျက်လုံးမှိတ်လျင်၊  


"ဒါဆို မင်းအရင်က မလုပ်ဖူးခဲ့တဲ့ မွေးန့ဆုတောင်းကို ဒီနေ့ လုပ်လို့ရပြီ မင်းဆန္ဒရှိသရွေ့၊ သေချာပေါက် ဆုတောင်းပြည့်မှာ” 


သူ့ခေါင်းကို ခါယမ်းကာ၊ ချီးချန်အန်းက


 "ဒါပေမယ့် ကိုယ့်မှာ ဆန္ဒတစ်ခုပဲရှိတယ်၊ပြီးတော့ မင်းတစ်ယောက်ကပဲ ကိုယ့်ကို ဆုတောင်းပြည့်အောင် ကူညီပေးနိုင်မှာ...” 


ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်ရှိ မီးရောင်များ၊ ခန်းမအတွင်းရှိ တီးတိုးသံများ၊ ဓာတ်ပုံရိုက်သံများနှင့် အသံများအားလုံးကို သူလျစ်လျူရှုလိုက်ပြီဖြစ်သည်။ ရွှီလော့ယန်က ချီချန်အန်းအား အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ဖြင့်ကြည့်လိုက်မိသည်။ 


“ဘာဆုတောင်းလဲ”


“ကိုယ် လူတစ်ယောက်ကို ချစ်မိသွားပြီ၊ သူ့နာမည်က ရွှီလော့ယန်တဲ့"  


ချီချန်အန်းက လွန်စွာ၊ ရှင်းရှင်းလင်းလင်းပြောလိုက်ပုံမှာ စကားလုံးတစ်ခုတိုင်းက ဘဝ၏အလေးချိန်ဖြင့်ပြည့်နှက်နေသည့်အလား...


“လော့ယန်၊ ကိုယ့်ရဲ့တောင်းဆိုချက်ကို လက်ခံပေးနိုင်မလား..."


ထိုအချိန်တွင်၊ ကမ္ဘာကြီးတစ်ခုလုံး လင်းလက်တောက်ပနေသလိုပင်။ 


စက္ကန့်မဆိုင်း၊ တစ်ဖက်လူ၏ စကားပင်မဆုံးသေးခင်၊ ရွှီလော့ယန်က သူ၏မျက်နှာထက်အပြုံးတစ်ခုဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ 


ချီချန်အန်းကလည်း ခေါင်းငုံ့ကာ မွေးနေ့ဖယောင်းတိုင် နှစ်ဆယ့်ရှစ်တိုင်ကို မှုတ်လိုက်သည်။


နှစ်ပေါင်းများစွာတောင့်တလာခဲ့ရတဲ့ ကိုယ့်ရဲ့ဆန္ဒတွေအားလုံး အခုဒီအချိန်မှာ ပြည့်ဝသွားပြီ။ 


ဖယောင်းတိုင်မီး ငြိမ်းသွားပြီးနောက်၊ မျက်နှာထက် တောက်ပသော အပြုံးတစ်ခုဖြင့်၊ ရွှီလော့ယန်က ချီချန်အန်းကို ကြည့်ကာ၊ 


“ဟယ်လို၊ ငါ့နာမည်က ရွှီလော့ယန်၊ ~အေးမြတဲ့ လေပြည်လေညင်း~ဆိုတဲ့ ရွှီ ၊ ~ချန်အန်းလော့ယန်~ဆိုတဲ့ စာလုံးက လော့ယန်"


သူတို့ပထမဆုံးတွေ့ဆုံစဉ်က သူပြောခဲ့သည့်အတိုင်းပင်။ 


ချီချန်အန်းကလည်း သူနှင့်အတူ ရယ်မောလိုက်ကာ၊ “ဟယ်လို၊ ကိုယ့်နာမည်က ချီချန်အန်း... ဝမ်းနည်းခြင်းက ချီ၊ ချန်အန်းလော့ယန်က ချန်အန်း.." 



————


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး;


သက်ဆုံးတိုင် တစ်ယောက်ကိုတစ်ယောက် ဖေးမသွားကြရအောင်။ 



————ပြီးပါပြီ———


__


Translated By IQ-Team.