Chapter 103
သူတို့ နေရမည့်နေရာကို စီစဉ်ပြီးသည်နှင့် လီယုံးနာ့က ဝေ့ရှန်ဟယ့်ကို ဖုန်း ခေါ်လိုက်သည်။
သူမက အဖြစ်အပျက်အလုံးစုံကို ပြောပြပြီးနောက် ဝေ့ရှန်ဟယ့်ကို ချော့မော့တောင်းဆိုရန် ကြိုးစားလိုက်သည်။
“ရှန်ဟယ့်…ဖေးမာကျို့မှာရှိတဲ့ ကျွန်မတို့မိသားစုရဲ့ အစုရှယ်ယာတွေကို မင်ကျန်းကို ပေးလို့ရမလား…”
ဝေ့ရှီမင်းက သူ့ပိုင်ဆိုင်မှုများအားလုံးကို လွှဲပြောင်းထားလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ထိုပိုက်ဆံများ၏တည်နေရာကို ယခုချိန်၌ မသိရသေးပေ။ ထို့ကြောင့် ဝေ့မင်ကျန်းက ၎င်းတို့ကို ပြန်လိုချင်ပါက အချိန်ကြာမြင့်စွာ စောင့်ရမည်ဖြစ်သည့်အပြင် မူလပမာဏနှင့်လည်း တူညီမည်မဟုတ်ပေ။ သူမ အလွန် အပြစ်ရှိသလို ခံစားခဲ့ရသည်။
ဝေ့ရှန်ဟယ့်၏ အသံက တည်ငြိမ်ပြီး အလျင်မလိုပေ။ "ဖေးမာကျို့က အခု အရမ်းတိုးတက်နေတယ်…ငါတို့ နောက်ဆုံးမှ သူတို့ရဲ့ ရှယ်ယာဆယ်ရာခိုင်နှုန်းကိုပဲ ရဖို့စီစဉ်နိုင်ခဲ့တာ…မင်းက ငါ့ကို အဲ့ဒီရှယ်ယာတွေ မင်ကျန်းကို ပေးစေချင်နေတာလား…”
လီယုံးနာ့က ဖေးမာကျို့အဖွဲ့အစည်း အကြောင်း အနည်းငယ်မျှသာ ကြားဖူးသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့နာမည်အောက်မှာ ကုမ္ပဏီတွေ အများကြီးနဲ့ စတော့တွေ အများကြီးရှိနေတာပဲလေ…ဒါကို သူ့ကို ပေးရင် ဘာဖြစ်မှာမို့လို့လဲ…ဒီနှစ်တွေထဲမှာ သူဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ ရှင်မသိပါဘူး…စိတ်ထားအရမ်းကောင်းတဲ့ အဲ့ကလေးက ရိုက်နှက်ခံ၊ညှဉ်းပန်းနှိပ်စက်ခံရပြီး အဆုံးသတ်ခဲ့ရတယ်…သူ အိမ်ပြန်ရောက်လာတာတောင်မှ ခွဲခြားဆက်ဆံခံရသေးတယ်… ရှင်က သူ့အဖိုးပဲလေ…တစ်ခုခုလုပ်မပေးနိုင်ဘူးလား…အဲ့ဒီစတော့တွေက ရှင့်မြေးထက် ပိုအရေးကြီးလား…ဘာပဲဖြစ်ဖြစ် ကျွန်မ သဘောတူပြီးသွားပြီ…ရှင်လည်း သဘောတူရမယ်…”
ဝေ့ရှန်ဟယ့် သက်ပြင်းချလိုက်သည်။
"ဒါက အဲ့လောက် မလွယ်ဘူး…အဲ့ဒီ ရှယ်ယာတွေ ရဖို့အတွက် ငါ ရှန့်ခယ်ကရင်းနှီးမြှုပ်နှံမှုတွေကို သုံးခဲ့တာ…ဖေးမာကျို့က ရှယ်ယာတွေကို ဝေ့မင်ကျန်းကို ပေးလိုက်မယ်ဆိုရင် ရှန်ခယ့်က ရှယ်ယာတွေကိုလည်း ပေးရလိမ့်မယ်…ဒီကလေးက သေချာကို ကောင်းကောင်း စီစဉ်ထားတာပဲ…”
လီယုံးနာ့လည်း အံ့အားသင့်သွားသည်။ ရှန်ခယ့် ရင်းနှီးမြှုပ်နှံမှုက ဝေ့အဖွဲ့အစည်း၏ အလွန်အရေးကြီးသော လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သူမ၏သားအချို့ကလည်း ၎င်းကို အချိန်အတော်ကြာ မျက်စိကျနေသည်။ အကယ်၍ သားများကိုကျော်ပြီး မြေးကို ပေးလိုက်ပါက ပြဿနာများနိုင်ပေသည်။
လီယုံးနာ့က ခဏစဉ်းစားလိုက်သည်။
"ရှင်က ရှန်ခယ့်ရဲ့ ရှယ်ယာတွေကို ဘာလို့ တခြားကုမ္ပဏီတစ်ခုအောက်မှာ မထည့်တာလဲ…အဲ့လိုသာဆို မင်ကျန်းကို ဖေးမာကျို့က ရှယ်ယာတွေ ပေးနိုင်သွားပြီလေ…”
ဝေ့ရှန်ဟယ့်က ပြန်ပြောလိုက်သည်။
"ငါတို့ ဘာလို့ ဒီလောက်ဒုက္ခတွေ ခံနေရမှာလဲ…အဲ့လိုသာဆို သူပျော်မှာမဟုတ်သလို တခြားသူတွေလည်းပျော်မှာမဟုတ်ဘူး…အဲလိုလုပ်ရင် ငါတို့ဘက်က တွန့်တိုတဲ့ပုံပေါက်သွားမှာမလား…ငါတို့ သူ့ကို ဒီတိုင်းပဲ ပေးလိုက်ရအောင်…”
လီယုံးနာ့က ပြန်မေးလိုက်သည်။
"... သူ့ကို ဒီတိုင်းပဲ ပေးလိုက်မှာလား…”
တစ်နည်းဆိုရလျှင် သူက မင်ကျန်းကို ရှန်ခယ့်ရှယ်ယာများကိုပါ ပေးလိုက်ရမည် ဖြစ်သည်။
တစ်ခုခု မှားနေသည်ကို သူမ အနည်းငယ် ခံစားလိုက်ရသည်။ ဝေ့ရှန်ဟယ့်က မိသားစု၏ရှယ်ယာများကို ပေးရန် အနည်းငယ် စိတ်အားထက်သန်နေသည်။ ဝေ့ရှန်ဟယ့်က မည်သူ့ကိုမဆို ရက်ရောတတ်သည့် လူမျိုး မဟုတ်ပေ။
သူ ဝေ့မင်ကျန်းကို သဘောကျနေလို့များ ဖြစ်နိုင်လောက်လား…
" ကလေးကို လက်ဆောင်ပေးချင်တာဆို မင်းကောင်းကောင်းပေးရမယ်လေ….”
ဝေ့ရှန်ဟယ့်က ပြောလိုက်သည်။ ဤနေ့သည်သာ သာမန်နေ့တစ်နေ့ ဖြစ်မည်ဆိုပါ လီယုံးနာ့ သဘောတူမည်မဟုတ်သော်လည်း ဖြစ်ပျက်ခဲ့သည်များကို တွေးကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ သက်ပြင်းချပြီး သဘောတူလိုက်သည်။
“ကောင်းပါပြီ..."
ဝေ့ရှန်ဟယ့်က နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလာသည်။
"ဝေ့ရှီမင်းအကြောင်း မင်းကို ငါမေးချင်တယ်…ဒါကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ…”
ဝေ့ရှီမင်း လုပ်ခဲ့သည့်အရာများက သူ့ကို ထောင်ထဲပို့သင့်သော်လည်း ဝေ့ရှန်ဟယ့်က လီယုံးနာ့ကို ကောင်းကောင်းနားလည်ပြီး သူမ၏အမြင်ကို သူကြားချင်သည်။
လီယုံးနာ့လည်း သူမ၏ နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ သူမ ခဏစဉ်းစားကြည့်လိုက်သည်။
"ကျွန်မတို့ သူ့ကို ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ခဲ့တာပဲလေ…သူ့နာမည် ပျက်သွားပြီး သူ့ပိုင်ဆိုင်မှု အများစုကိုလည်း ပြန်ရထားတာဆိုတော့ သူ့ကို လွှတ်ပေးလိုက်သင့်ပါတယ်…”
ဝေ့ရှန်ဟယ့် အံ့ဩသွားပုံမပေါ်ပေ။
"ငါ မင်းပြောသလိုပဲ လုပ်လိုက်မယ်…”
သူက ကျိုးကျွမ်အကြောင်းကို မမေးခဲ့ပေ။ မေးစရာလည်း မလိုအပ်ချေ။
နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များက အလွန် ရိုးရှင်းသည်။ နောက်တစ်နေ့တွင် မဒမ်ဝေ့က ကျိုးကျွမ်နှင့် ဝေ့ရှီမင်းကို အိမ်ထောင်စုစာရင်း လွှဲပြောင်းရယူရန် ခေါ်သွားခဲ့သည်။ အရေးကြီးကိစ္စများက အမြဲလိုလိုပင် အထူးဂရုစိုက်မှုကို ရရှိသည်။ သူတို့ ချူကျိုးသို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ထိုကိစ္စကို အမြန်ဖြေရှင်းခဲ့သည်။ ကျိုးကျွမ်နှင့်ဝေ့ရှီမင်းတို့ မည်သို့မည်ပုံ ဆက်ပြီး ဆက်ဆံနေထိုင်ကြမည်က သူတို့၏ ကိုယ်ပိုင်ကိစ္စပင်ဖြစ်သည်။ သို့သော် သူတို့က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာကြမည်မဟုတ်သည်မှာ သေချာသည်။
ထိုအချိန်မှစ၍ ဝေ့မိသားစုက ဝေ့ရှီမင်းနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့သည်။
ဝေ့မင်ကျန်းက ရှန်ခယ့်နှင့် ဖေးမာကျို့ နှစ်ခုလုံး၏ ရှယ်ယာများကို ရရှိခဲ့သည်။
ဤလှုပ်ရှားမှုက အခြားမိသားစုဝင်များကို ထိတ်လန့်သွားစေသည်။ မူလက သူတို့ဘေးမှ ဒရာမာထိုင်ကြည့်နေရုံသာဖြစ်သော်လည်း ယခုမူ ထိုင်ကြည့်မနေနိုင်တော့ပေ။ ရှန်ခယ့်ဖြစ်စေ ဖေးမာကျို့ဖြစ်စေ ၎င်းတို့အားလုံးက တန်ဖိုးရှိသည့် စတော့ရှယ်ယာများဖြစ်ကြသည်။ ထိုရှယ်ယာများက စျေးကြီးရုံသာမက၊ ပိုအရေးကြီးသည်မှာ ၎င်းတို့ကို ကိုင်ဆောင်သူက ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာများစွာကိုလည်း ရနိုင်သည်။
ဝေ့သခင်ကြီးက ဘာကိုဆိုလိုတာလဲ…
ဝေ့ယွမ်နင်း မယုံနိုင်အောင်ပင် ပျော်ရွှင်သွားသည်။ သားဖြစ်သူက မိသားစုထံ ပြန်ရောက်သည်နှင့် ပိုင်ဆိုင်မှုအမြောက်အမြားကို ရရှိခဲ့သည်။ ထိုကိစ္စက သူ့အတွက် အမှန်ပင် ကောင်းမွန်သည်။ မူလက သူ ဝေ့မင်ကျန်းကို မချစ်ခဲ့သော်လည်း ယခုတွင်မူ လူအိုကြီး၏ လမ်းညွှန်မှုကြောင့် ဝေ့မင်ကျန်းကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
ချမ်းသာသောမိသားစု၏ အချစ်က ထိုသို့သောအချစ်မျိုးသာဖြစ်သည်။ ကလေးများစွာရှိသော်လည်း အတတ်နိုင်ဆုံး ကြိုးစားသည့် ကလေးကသာ မိဘမေတ္တာကို ခံယူနိုင်မည်ဖြစ်သည်။
မဒမ်ဝေ့ထံတွင် သားဟူ၍ ဝေ့မင်ကျန်းတစ်ယောက်သာရှိသည်။ ရလဒ်အနေနှင့် သူမက ဝေ့မင်ကျန်းကို သူမ၏နှလုံးသားတစ်ခုလုံးနှင့်ရင်းပြီး ဂရုစိုက်ပေးတတ်သည်။ ဝေ့ယွမ်နင်းကမူ မတူညီပေ။ သူ့ ဇနီးဟောင်းက သားတစ်ယောက် သမီးတစ်ယောက် မွေးထားသေးသည်။ ထို့အပြင် ပြင်ပတွင် သူ၏ တရားမ၀င် ကလေးများစွာလည်း ရှိသည်။ ဝေ့မင်ကျန်းက သူ့မျက်စိထဲတွင် မထူးခြားပေ။
ရှုနဉ်က ဝေ့ယွမ်နင်း၏ သူ့မိသားစုအပေါ် သဘောထားကို မကြိုက်ပေ။ ဗီလိန်လေးက ဝေ့ယွမ်နင်း ယခု သူနှင့် ရင်းနှီးရန် ကြိုးစားနေသည့်ပုံကို မုန်းနေလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း သူတို့နှစ်ယောက် အမှန်တကယ် ဆက်ဆံရေး ကောင်းနေမည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
“ငါသူ့ကို သာမန်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ပဲ ဆက်ဆံနေတာဆိုတော့ အဆင်ပြေပါတယ်….”
ဝေ့မင်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။ သူ့အချစ်က အခြားသူထံတွင်သာ ရှိနေပြီးဖြစ်သည်။၊ သူ့ပတ်ဝန်းကျင်၌ လူပိုများလာသည်ကို စိတ်မ၀င်စားသည့်အပြင် ထိုလူများကို အထွေအထူးလည်း မလိုအပ်ပေ။
ဝေ့ရှီမင်းနှင့် ပြဿနာက ပြေလည်သွားခဲ့ပြီး ဝေ့မိသားစုက ကျိုးကျွမ်ကို တရားရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး “လူကုန်ကူးမှု“၊ “ငွေညှစ်” မှုတို့ဖြင့် အမှုဖွင့်ကာ သူမအား တရားရုံးက အပြစ်ပေးရန် တောင်းဆိုခဲ့သည်။
ဝေ့မိသားစု၏ရှေ့နေများက မယုံနိုင်အောင် အရည်အချင်းရှိကြသည်။ ကျိုးကျွမ်က လက်ရှိအချိန်တွင် ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံထားရသည်။ ဝေ့ရှီမင်းက သူ့တွင် ပိုက်ဆံမရှိသောကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရသည်။ ထို့အပြင် ဝေ့မိသားစုက သူ့ကို တရားစွဲမည်ကိုလည်း အမြဲစိုးရိမ်နေခဲ့ရသည်။
*****
ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့က ဆိုက်ယောင် သို့ ပြန်သွားခဲ့သည်။
သူတို့နှစ်ယောက် ကျောင်းသို့ ပြန်ရောက်လာသောအခါ သူတို့ကို ဆက်ဆံကြသည့်ပုံစံက ယခင်နှင့် အတော်ပင် ကွာခြားသွားသည်။ မရေမတွက်နိုင်သောလူများက ဝေ့မင်ကျန်းအား နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဝေ့မင်ကျန်းက ဝေ့မိသားစု၏သခင်လေး အစစ်အမှန်ဖြစ်ကြောင်းကို ဝေ့ရှီမင်းအား မောင်းထုတ်ကာ သူ့ကိုယ်သူ သက်သေပြခဲ့သည်။ သူပြန်လာသည်နှင့်တစ်ပြိုင်နက် ရှန်ခယ့်၏ရှယ်ယာရှင်တစ်ဦးဖြစ်လာပြီး ရှန်ခယ့်ရှိ ဖေးမာကျို့အဖွဲ့အစည်း၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုအရာကပင် သူ မည်မျှစွမ်းဆောင်နိုင်သည်ကို ပြသရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
သူနှင့် နီးစပ်ချင်သည့်သူ အများအပြား ရှိလာသည်။ ဝေ့မင်ကျန်း ကျောင်းသို့ ရောက်သည်နှင့် လူ အတော်များများက နှုတ်ဆက်ရန် လှမ်းလာကြသည်။ သူတို့က ဝေ့ရှီမင်းကို ဝေ့မင်ကျန်းရှေ့၌ ချနင်း(နှိမ့်ချကာ မကောင်းပြော)ကြသည်။ သူတို့က ဝေ့ရှီမင်း ယခင်ကပင် ထိုကဲ့သို့သော ကိစ္စများလုပ်တတ်သည်ကို တွေ့ဖူးကြောင်း ပြောလာကြသည်။
ဝေ့မင်ကျန်းက သူတို့အားလုံးကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။
ရှုနဉ်လည်း ဘဲတစ်ကောင်ကို ရေထဲသို့ လွှတ်လိုက်သကဲ့သို့ပင် သူက အရာအားလုံးကို ကိုင်တွယ်သွားနိုင်သည်ကို ကြည့်နေမိသည်။ နောက်ဆုံးတွင် သူ၏စိုးရိမ်မှုအားလုံးကို လွှတ်ချနိုင်ခဲ့ပြီဖြစ်သည်။
သူ၏ ဗီလိန်လေးက ယခုဆိုလျှင် အမှီအခိုကင်းသည့် လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ ပန်းများ လက်ခုပ်ဩဘာပေးသံများနှင့် ဝန်းရံခံထားရသည့် လူတစ်ယောက် ဖြစ်လာခဲ့ပြီပင်။ သူ မည်မျှ ထက်မြက်သည်ကို လူတိုင်း သိလာကြပြီဖြစ်သည်။
"ငါချူကျိုးကို ပြန်ပြောင်းရမယ့်အချိန်ရောက်လာတာ ဖြစ်နိုင်တယ်…”
ရှုနဉ်လည်း တွေးလိုက်မိသည်။
သူ ထိုအကြောင်းကို ချိုက်ချင်အား ပြောပြလိုက်သည်။ ချိုက်ချင်လည်း အလွန် ပျော်ရွှင် သွားသည်။
"ဟုတ်ပြီ...ဟုတ်ပြီ…ဟုတ်ပြီလေ…သား စာလေ့လာဖို့ အဆင်မပြေရင်တောင် အရေးမကြီးဘူး…သားသာ မားတို့နဲ့ရှိနေသရွေ့ မားတို့ပျော်နေမှာပါ…ဘာပဲဖြစ်ဖြစ် သား ကောလိပ်မတက်နိုင်ရင်တောင် သားကို မားတို့က တစ်သက်လုံးစာ ပံ့ပိုးပေးနိုင်တယ်..မားတို့မိသားစုမှာ ပိုက်ဆံရှိတာပဲလေ…”
ရှုနဉ် ရယ်မောမိသွားသည်။ ချိုက်ချင်က အဝတ်အစားဝယ်သည့်အချိန်တိုင်း၊ သူမက တန်ဖိုးကြီးကုတ်အင်္ကျီများနှင့် စျေးပေါသော ရှပ်အင်္ကျီများ ဝယ်တတ်သည်ကိုပင် သူ သတိရမိသွားသည်။ တစ်ခါတစ်ရံတွင် ထိုရှပ်အကျီများက ဆယ်ယွမ်ပင် မပေးရပေ။ သူမက ပစ္စည်းဥစ္စာများထက် ပြင်ပအသွင်အပြင်ပိုင်းကို ပိုဂရုစိုက်သည်။
(T/N:ရှပ်အင်္ကျီက အတွင်းမှာဝတ်ရပြီး ကုတ်က အပြင်က ထပ်ဝတ်ရတာမို့ အပြင်သွားရင် ကုတ်အင်္ကျီထပ်ဝတ်ပြီးသွားတော့ စျေးကြီးတဲ့ ကုတ်ကိုပဲ လူတွေ မြင်ရလို့ပါ။လူမြင်တဲ့ အပိုင်းကိုပဲ စျေးကြီးပေးဝယ်ပြီး အတွင်းဝတ်ကို စျေးချိုတာဝယ်တဲ့ မားမားရှုရဲ့ ခြွေတာနည်းလေးပါရှင့်)
ယခင်ကမူ သူမက ရှုနဉ် တက္ကသိုလ်ကောင်းကောင်းမတက်နိုင်မည်ကို စိုးရိမ်သောကြောင့် ကျောင်းတက်ရန် တွန်းအားပေးခဲ့သည်။
ယခုတွင်မူ သူမက အမှန်ပင် ပြောလာခဲ့သည်။
“သားကို မားမား တစ်သက်လုံး ထောက်ပံ့ပေးမယ်”တဲ့လား….
ရှုနဉ်၏ မျက်လုံးများ နီရဲလာသည်။ မိဘတိုင်းက ထိုသို့သာဖြစ်မည်ဟု သူသေချာပေါက်ပြောနိုင်သည်။
“သား မကြာခင် ချူကျိုးကို ပြန်ပြောင်းလာလိုက်မယ်…”
ရှုနဉ်က ဆုံးဖြတ်ချက်ချလိုက်သည်။
ချိုက်ချင်က ပြောလိုက်သည်။
"သား ပြန်လာတာကို စောင့်နေမယ်…”
ရှုနဉ်: "မွ…”
ချိုက်ချင်: "မွ…”
ချိုက်ချင်နှင့် ဖုန်းပြောပြီးနောက် ရှုနဉ် အလွန် စိတ်အေးလက်အေးရှိသွားသည်ကို ခံစားခဲ့ရသည်။ သူက ထိုအကြောင်းကို ဗီလိန်လေးအား ပြောပြရန် အခွင့်အရေးရှာခဲ့သည်။
ဗီလိန်လေးက ခေါင်းမညိတ်မီ အချိန်အတော် ကြာ တိတ်ဆိတ်သွားသည်။ သူက ပြုံးပြီး ပြောလာသည်။ “ကောင်းပြီလေ…”
ယခု သီတင်းပတ် အကုန်တွင် ဝေ့မင်ကျန်းက သူငယ်ချင်းတစ်ဦးနှင့်တွေ့ဆုံရန် ရှုနဉ်အား ခေါ်ဆောင်လာခဲ့သည်။ သူတို့ကားထဲ၌ ရှိနေစဉ် ရှုနဉ်က မေးလိုက်သည်။
"မင်း ပေကျင်းမှာ သူငယ်ချင်းရှိတာလား…”
ဝေ့မင်ကျန်းက ကျောင်းတွင် အလွန်ရေပန်းစားခဲ့သော်လည်း လျန်ဖုန့်မှလွဲ၍ သူနှင့် နီးစပ်နိုင်သူ မရှိခဲ့ပေ။ လျန်ဖုန့်အပေါ် ဝေ့မင်ကျန်း၏ သဘောထားက သူ့လက်အောက်ငယ်သားများ အပေါ် ထားသည့် သဘောထားနှင့် ပိုတူသည်။ ဝေ့မင်ကျန်းက သူ့ကို သူငယ်ချင်းအဖြစ် မဆက်ဆံခဲ့ပေ။ ဗီလိန်လေးထံမှ "သူငယ်ချင်း" ဟူသော စကားလုံးကို ကြားလိုက်ရသည်မှာ ထူးဆန်းလှသည်။
ဝေ့မင်ကျန်းက သူ့နှုတ်ခမ်းကို တွန့်လိုက်သည် ။
"သူက သူငယ်ချင်းဟောင်းပါ…”
"သူငယ်ချင်းဟောင်းလား….”
ရှုနဉ် ရှည်ရှည်ဝေးဝေး လျှောက်တွေးနေမိသည်။
ဗီလိန်လေးမှာ သူငယ်ချင်းဟောင်းတစ်ယောက်ရှိနေတာလား….ငါ ဘာလို့မသိရတာလဲ …
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"မင်း သူ့ကိုသိတယ်…
"အမ်…”
"Darker လေ….ယွီကွမ်းမင်….”
ရှုနဉ်လည်း ထိုသူက မည်သူမည်ဝါဖြစ်သည်ကို ရုတ်တရက် သိသွားသည်။
“အဲ့တော့ သူပေါ့… မင်းက အွန်လိုင်းက သူငယ်ချင်းနဲ့ သွားတွေ့မလို့ပေါ့…”
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"ဒီလိုပြောလို့လည်း ရပါတယ်…”
ရှုနဉ်က Darker အကြောင်းကိုသိသည်။ ဗီလိန်လေး ဖေးမာကျို့ဖိုရမ်မှ အလုပ်များကို ယူသည့်အချိန်က သူ Darker နှင့် မကြာခဏ ဆက်သွယ်ခဲ့သည်။ သူတို့နှစ်ယောက် ဖုန်းနှင့် စကားအကြာကြီးပြောပြီး ရန်ဖြစ်တတ်သည်။ ရှုနဉ်က Darker သည် ဗီလိန်လေးကဲ့သို့ပင် ဉာဏ်ကြီးရှင်ဖြစ်သည်ကို ပြောနိုင်သည်။ မဟုတ်လျှင် သူတို့ လုံးဝ ရန်ဖြစ်မည် မဟုတ်ချေ။
ဗီလိန်လေးက သူနဲ့ အဆင့်မတူတဲ့ လူတွေနဲ့ ရန်မဖြစ်ဘူး…သူက အဲ့လူတွေကို တစ်ချက်တောင် မကြည့်ဘူးလေ…
ဥပမာအားဖြင့် ရှုနဉ် ယခင်က ဗီလိန်လေးနှင့် ရန်မဖြစ်ခဲ့ဖူးပေ။ တစ်ခါတစ်ရံ ရှုနဉ်က သူမှန်သည်ဟု ခံစားရပြီး ဒေါသထွက်တတ်သည်။ သူမှားနေလျှင်ပင် ဗီလိန်လေးက ထိုသို့သာ ပြောတတ်သည်။
"ဟုတ်ပြီ…ဟုတ်ပြီ…မင်းမှန်ပါတယ်…”
သူနှင့် ရန်ဖြစ်မည် မဟုတ်ပေ။
ကိစ္စများ ရှင်းလင်းသွားသည်နှင့် သူ အမှန်တကယ် မှားနေသည်ကို သိလာပြီး သူ အလွန် ရှက်သွားရတတ်သည်။
ယခု ဗီလိန်လေး၏ ဂန္တဝင်အွန်လိုင်းသူငယ်ချင်းနှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကားက CBDအဆောက်အအုံ၏ ကားရပ်နားရာသို့ မောင်းဝင်လာခဲ့သည်။ ဝေ့မင်ကျန်းက တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်ပြီးနောက် သူတို့နှစ်ယောက် ဧည့်ခန်းရှိ ဓာတ်လှေကားဆီသို့ သွားလိုက်ကြသည်။ လူအတော်များများက သူ့တို့ကို ချက်ချင်း နှုတ်ဆက်ကြသည်။
"ကြိုဆိုပါတယ်…”
"မစ္စတာဝေ့…မင်းဒီကိုရောက်နေပြီပဲ…”
ယောက်ျားမိန်းမ အများအပြားရှိနေပြီး ထိုလူများထဲတွင် အများစုက မျက်မှန်ထူထူနှင့် ထိပ်ပြောင်နေကြသည့် လူလတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ကြသည်။ ကျန်သူများအားလုံးက ဝတ်စုံပြည့်ဝတ်ထားကြပြီး သူတို့အားလုံး၏ မျက်နှာများတွင် ပရော်ဖက်ရှင်နယ်ဆန်ပြီး စိတ်အားထက်သန်သည့် အပြုံးများ ရှိသည်။
ရှုနဉ်က သူတို့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်နှင့် တွေ့ရုံသာဖြစ်မည်ဟု အမှန်တကယ် ယုံကြည်ခဲ့ပြီး ကြီးကျယ်ခမ်းနားသော ကြိုဆိုမှုကြောင့် သူ လန့်သွားသည်။
ဝေ့မင်ကျန်းက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်တော့်ကို Darkerနဲ့တွေ့ဖို့ ခေါ်သွားပေးပါ…”
မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ လျင်မြန်စွာ တိုးလာပြီး လက်ပြလိုက်သည်။ "မစ္စတာဝေ့ ဒီဘက်ပါ….”
ရှုနဉ်က ဓာတ်လှေကားထဲသို့ ဝေ့မင်ကျန်းနှင့်အတူ လိုက်ဝင်သွားလိုက်ပြီး အခြားတစ်ယောက်ကလည်း လေးလေးစားစားဖြင့် အထဲသို့ ၀င်လာသည်။
သူတို့အားလုံး၏မျက်နှာပေါ်တွင် သူတို့ကို လစာပေးနေသည့်သူကို ပြုံးပြနေသည့် ပရော်ဖက်ရှင်နယ် ဆန်ဆန် အပြုံးများရှိသည်။
ရှုနဉ် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၍ ဝေ့မင်ကျန်းကို တိုးတိုးလေးပြောလိုက်သည်။
"ငါတို့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့လာတာလို့ ငါထင်ထားတာ …”
ဝေ့မင်ကျန်းက တိုးတိုးလေးရယ်ပြီး မျက်ခုံးပင့်လိုက်သည်။
"ယွီကွမ်းမင်က အရမ်းမာနကြီးတယ်…ငါသူ့ကို အရင်မနှိမ်ရင် နောက်မှဆို ညှိနှိုင်းရခက်လိမ့်မယ်…”
ရှုနဉ်က ဗီလိန်လေးတွင် တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်ရှိနေသည်ကို မြင်လိုက်ရသည်။ နောက်ပိုင်းတွင် အငြင်းအခုံများ ဖြစ်လာနိုင်ခြေရှိသည်ကို ခံစားမိလိုက်သောကြောင့် သူ့ပါးစပ်ထဲမှ စကားလုံးများကို တိတ်တဆိတ်မျိုချလိုက်သည်။ ခဏအကြာတွင် သူတို့ ဆယ်ထပ်ရှိအစည်းအဝေးခန်းသို့ ရောက်သွားကြသည်။
သူတို့ မဝင်ရသေးခင် အချိန်လေးတွင် အခန်းတွင်းမှ မောက်မာသည့် အသံကို ကြားလိုက်ရသည်။
"ကြိုဆိုရမှာလား …ဘာမှမသိတဲ့ ချမ်းသာတဲ့ မင်းသားလေးကို ငါက ဘာလို့ ကြိုဆိုရမှာလဲ…ငါ့ဖင်ကြီးကိုပဲ ကြိုဆိုလိုက်…”
"ငါ့ရဲ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ်…အဲ့ဒီမင်းသားလေးနဲ့ စကားပြောဖို့အချိန်လည်း မရှိဘူး….ငါ့ရဲ့ VR ပရောဂျက်ကို ဒီနှစ်ထဲမှာ ပြီးအောင်လုပ်ဖို့ လိုတယ်…နောက်ပြီး အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ရှိတယ်…ဒီမင်းသားလေးသာ ငါ့ကိုတွေ့ချင်ရင် သူစောင့်နိုင်ရမယ်….”
သက်လတ်ပိုင်းအရွယ်လူက ထိုစကားကိုကြားလိုက်ရသောအခါ သူ့နဖူးက ချွေးများပင် ထွက်လာသည်။ သူက ဝေ့မင်ကျန်းကို အမြ
န်ရှင်းပြလိုက်သည်။
"မစ္စတာဝေ့…Darker က ဒေါသကြီးတယ်…ကျေးဇူးပြုပြီး သည်းခံပေးပါ…”
ဝေ့မင်ကျန်းက ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် အစည်းအဝေးခန်းမတံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။