Chapter 101
ဖေးမာကျို့၏ ရှယ်ယာများ
ဝေ့မင်ကျန်းက တစ်ခုခုကို တွေးနေပုံရသည်။ သူ ရုတ်တရက် အဓိပ္ပါယ်ရှိသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။
ရှုနဉ် သူ၏ ဦးခေါင်းက အလင်းအရှိန်ဖြင့် လည်နေသလိုခံစားလိုက်ရသည်။
ကျိုးကျွမ်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အကြွေးတင်နေခဲ့တာလား….
ကျိုးကျွမ်နဲ့ ဝေ့ရှီမင်းတို့က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သိနေခဲ့ကြတာလား…..
သူ ဘာလို့ ရုတ်တရက် ကြီး အကြွေးတင်သွားရတာလဲ….
ထို့အပြင် သူတို့ ပေကျင်းမှ ထွက်လာသည်နှင့် ဝေ့ရှိီမင်းအတွက် ကိစ္စအများအပြားက မှားယွင်းသွားသည်မှာ တိုက်ဆိုင်လွန်းလှသည်။ ဗီလိန်လေးက ထိုကိစ္စများနှင့် ပတ်သက်မှု တစ်ခု ရှိနေကြောင်း ရှုနဉ် သေချာသည်။
ဒါဆို သူက ကျိုးကျွမ်နဲ့ ဝေ့ရှီမင်းကို ဘယ်အချိန်ကတည်းက စပြီး ကြံစည်ခဲ့တာလဲ….
ဝေ့မိသားစုဆီ ပြန်ရောက်တဲ့အချိန်မှ သူ စပြီးကြံစည်ခဲ့တာလား…
ဒါမှမဟုတ် ဒီထက်စောပြီး ကြံစည်ခဲ့တာလား…
ရှုနဉ်၏ ကျောရိုးတလျှောက် ကျောချမ်းသွားရသည်။ ဝေ့မင်ကျန်းက ငွေရေးကြေးရေးနယ်ပယ်ကို တိုက်ခိုက်ကျော်ဖြတ်နိုင်သူတစ်ဦးဖြစ်၍ သူ့နည်းလမ်းများက ရက်စက်ကြမ်းကြုတ်မည်မှာ သေချာသည်။
ဝေ့ရှီမင်းနှင့် ကျိုးကျွမ်တို့က အပြည့်အဝ အပြစ်တင်ခံခဲ့ရသည်။ သူထိုသို့ တွေးလိုက်မိသည်နှင့် ရှုနဉ်က ဝေ့ရှီမင်းမပေါ် မင်ကျန်း လုပ်ခဲ့သည်များကို အထူးတလည် မမေးချင်တော့ပေ။
ဝေ့မိသားစု၏ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးအကြောင်း တွေးနေမိပြီး ရှုနဉ် ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက လိမ္မာပါးနပ်စွာဖြင့်ပြောလိုက်သည်။
"ဝေ့မိသားစုက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံရင် ငါတို့နဲ့ အတူနေလို့ရတယ်…”
ဝေ့မင်ကျန်းက သူ့ကို ခဏ စိုက်ကြည့်နေပြီးနောက် ခေါင်းယမ်းပြလိုက်သည်။
"င့ါမားကလည်း ခံရတဲ့သူပဲ…သူက ဝေ့ရှီမင်းကို ကျော်ပြီး ငါ့ကိုရွေးဖို့ ဆုံးဖြတ်ခဲ့တယ်…ဒါကြောင့် ငါသူ့ကို မစွန့်လွှတ်နိုင်ဘူး… သူ့မွေးစားသားကိုကျော်ပြီး ငါ့ကို ရွေးဖို့ ဖိအားပေးပြီးမှ သူ့ကို စွန့်လွှတ်လိုက်ရမှာလား…အဲ့လိုလုပ်လိုက်ရင် ငါက ဘယ်လိုလူဖြစ်သွားမလဲ…”
ရှုနဉ် အံ့ဩသွားသည်။ သူ ဝေ့မင်ကျန်း ကောက်ယူရန် ယွမ်နှစ်ရာကို ကြမ်းပြင်ပေါ်ပစ်ချခဲ့သည့် အချိန်ကို ရုတ်တရက် သတိရသွားသည်။ ဝေ့မင်ကျန်းက ယွမ်နှစ်ရာကို ကောက်ခဲ့သော်လည်း နောက်ဆုံးတွင် သူ့ကို ပြန်ပေးခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဗီလိန်လေး၏ အပြုအမူများက ပိုမို၍ကြမ်းတမ်းလာသည်။ သို့သော်လည်း သူ၏ အပြင်ဘက်အလွှာများကို ဖယ်ထုတ်လိုက်သည်နှင့်သူက အလကားရသည်ကို ငြင်းဆန်တတ်သည့် ကလေးအဖြစ်သာ ရှိနေသေးသည်။
ရှုနဉ်က သူ လမ်းကြောင်းမှားသွားမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။ ယခုတွင်မူ ဗီလိန်လေးက အမြစ်တွေစွဲ(အခြေခိုင်မာ)နေသည်ကို သူတွေ့ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူ ပြောလိုက်သည်။
"မင်းရဲ့ဆုံးဖြတ်ချက်ကို ငါထောက်ခံပါတယ်..”
အမှန်တွင် သူ မကြာသေးမီကပင် "ဗီလိန်လေးကို ဝေ့မိသားစုဆီ ပြန်ပို့ပြီးရင် ဘာလုပ်ရမလဲ" ဟုတွေးနေခဲ့သေးသည်။
သူ ကူးပြောင်းလာသည့် အချိန်က သူ၏တာဝန်မှာ ဗီလိန်လေးအား သူ့မိသားစုထံ ပြန်ပို့ပေးပြီး သူ၏ ကြေကွဲဖွယ်သေဆုံးမှုကို ရှောင်ရှားစေရန် ဖြစ်သည်ဟု ထင်ခဲ့သည်။ ယခုတွင်မူ ဝေ့ရှီမင်းက နှင်ထုတ်ခံခဲ့ရပြီး မဒမ်ဝေ့ကလည်း ဝေ့မင်ကျန်းကို ရွေးချယ်ခဲ့သည်။
ငါ့တာဝန်က တော်တော်လေး ပြီးနေပြီ…နောက်ပိုင်း ငါ ဘာဆက်လုပ်ရမလဲ….
ယခင်က သူလုပ်ခဲ့သမျှအရာတိုင်းမှာ ဗီလိန်လေးနှင့် ပတ်သက်သည်။ အနာဂတ်အတွက် သူဘာလုပ်ရမည်ကို အမှန်တကယ် မတွေးခဲ့မိပေ။ သူ ထွက်ခွာရန် စဉ်းစားရမည့်အချိန်ရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
*****
နောက်တစ်နေ့တွင် သူတို့နှစ်ဦး မြို့တော်သို့ ပြန်လာခဲ့ကြသည်။ သူတို့သာ ပြန်မလာလျှင် မဒမ်ဝေ့က ချူကျိုးသို့ သူမကိုယ်တိုင် လိုက်လာတော့ပေမည်။
ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က သူတို့ဆက်လုပ်မည့်အရာများ အကြောင်း ခေတ္တစကားပြောနေကြသည်။ ရှုနဉ်က ပေကျင်းတွင် မနေချင်သော်လည်း ဗီလိန်လေးအတွက် သူနေရန် ဆန္ဒရှိခဲ့သည်။ သို့သော်လည်း ဗီလိန်လေးက ရှုနဉ်ကို သူ့ကြောင့် မနေစေချင်ပေ။
ဗီလိန်လေးက သူ့ကိုယ်သူ ကောင်းကောင်းနေမည်ဟု ကတိပေးသော်လည်းရှုနဉ်က စိတ်မချနိုင်သောကြောင့် ဗီလိန်လေးနှင့် ပေကျင်းသို့ ခဏတူတူပြန်၍ စောင့်ကြည့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ဗီလိန်လေးသာ တစ်ယောက်တည်း အမှန်တကယ် ကိုင်တွယ်နိုင်ပါက သူ့မိဘများဖြင့် အချိန်ဖြုန်းပြီး သူ့အနာဂတ်ကို သူစီစဉ်ရန် ချူကျိုးသို့ ပြန်မည်ဖြစ်သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဗီလိန်လေး သူ့ကို မလိုအပ်တော့ကြောင်းပြောသည်ကို ကြားလိုက်ရသောအခါ ရှုနဉ်အနည်းငယ် စိတ်ပျက်သွားသလို အနည်းငယ်လည်း ကျေနပ်သွားရသည်။
ထိုအရာက ကလေးတစ်ယောက်ကို အာရုံစိုက်၍ ပြုစုပျိုးထောင်ပေးသကဲ့သို့ပင်။ ကလေးက အဝေးကို ပျံသန်းချင်ပြီး သူ့မိဘအနားတွင် မနေချင်တော့ပေ။ မိဘတစ်ဦးအနေနှင့် ကလေးက ကိုယ်ပိုင်အစွမ်းအစရှိလာသောကြောင့် ဝမ်းသာရပြီး သူ အမှီအခိုကင်းလာသောကြောင့်လည်း ဝမ်းနည်းကြေကွဲရသည်။
ရှုနဉ်၏ စိတ်အခြေအနေက မဆိုးလှ၍ သူ့အတွေးများကို ချိန်ညှိရန် အကောင်းဆုံးကြိုးစားခဲ့သည်။
ဗီလိန်လေးက ထွက်သွားရင်တောင် ငါ့မှာ ချိုက်ချိုက်၊ ပါးပါးရှုနဲ့ ရှုယန် ရှိနေသေးတာပဲ….
ဝေ့မိသားစုအိမ်သို့ ပြန်ရောက်သည်နှင့် ဝေ့မင်ကျန်းအပေါ် လူတိုင်း၏ သဘောထား သိသိသာသာ ပြောင်းလဲသွားခြင်း ကို ရှုနဉ် ပထမဆုံး သတိထားလိုက်မိသည်။
"သား…”
မဒမ်ဝေ့က အမြန်ထကာ ဝေ့မင်ကျန်းကို ပွေ့ဖက်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ ထိုပျော်ရွှင်နေသည့် အသွင်အပြင်တွင် ဟန်ဆောင်မှု အရိပ်အယောင် အနည်းငယ်မျှ မပါရှိပေ။ သူတို့နှစ်ယောက် တစ်သက်လုံး တစ်ယောက်ကိုတစ်ယောက် သိနေခဲ့သည့်သဖွယ် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
မဒမ်ဝေ့က လူကောင်းတစ်ယောက်ဟု ရှုနဉ်အမြဲထင်ခဲ့သည်။ သူမ၏ တစ်ခုတည်းသော အားနည်းချက်မှာ ဝေ့ရှီမင်းအတွက် အတော်လေး ချီတုံချတုံ ဖြစ်နေခြင်းသာဖြစ်သည်။ ယခုတွင်မူ ၎င်းချို့ယွင်းချက်က ပျောက်ကွယ်သွားပြီဖြစ်သည်။
သူ့ကို စိတ်နှလုံးသားထဲကနေ အကြွင်းမဲ့ချစ်တဲ့ အမေရင်းရှိနေတာက ဝေ့မင်ကျန်းအတွက် ကောင်းတယ် မဟုတ်လား…
ရှုနဉ် ဘေးမှ တိတ်တဆိတ် ကြည့်နေလိုက်ပြီး သူ့မျက်နှာက စိတ်သက်သာရာရသွားပုံပေါ်သည်။
ဗီလာတွင် ခဏနေပြီးနောက် ပင်မအဆောက်အဦမှ အိမ်တော်ထိန်းက ခန်းမထဲသို့ ဝင်လာပြီး လီယုံးနာ့၏ အမှာစကားကို ပို့လာသည်။
သူမက ဝေ့မင်ကျန်းကိုတွေ့ရန် မျှော်လင့်နေသည်။ ရှုနဉ်က ချက်ခြင်းဆိုသလိုပင် သတိတကြီးဖြစ်လာသည်။
"အဖွားလီက ဘာလို့ မင်ကျန်းကို တွေ့ချင်ရတာလဲ…”
ဝေ့မိသားစုတစ်ခုလုံးတွင် လီယုံးနာ့က ဝေ့မင်ကျန်းအပေါ် မကျေနပ်ကြောင်းဖော်ပြသည့် တစ်ဦးတည်းသော သူဖြစ်သည်။
လီယုံးနာ့က ဝေ့ရှီမင်းကို သဘောကျသည်။ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် သူက ဝေ့မင်ကျန်းကို အပြစ်တင် မည်လားဟုတွေးပြီး ရှုနဉ် အလွန်စိတ်ပူသွားသည်။
အိမ်တော်ထိန်းက ဝေ့မင်ကျန်းကို ပြောလိုက်သည်။
“သခင်မကြီးက ဝေ့ရှီမင်းကိစ္စနဲ့ပတ်သတ်ပြီး သခင်လေး မင်ကျန်းနဲ့ စကားပြောချင်လို့ပါ…”
ငါ မျှော်လင့်ထားသလိုဖြစ်နေတာပဲ…
ရှုနဉ်က စိုးရိမ်နေပြီး ဝေ့မင်ကျန်း အနားသို့ လျှောက်သွားလိုက်သည်။
”မင်ကျန်း…မင်းအဖွားက မင်းကိုဆူရင် စိတ်မဆိုးနဲ့နော်…သူမက ဝေ့ရှီမင်းကို အရမ်းသဘောကျခဲ့တာ အခု ဝေ့ရှီမင်း နှင်ထုတ်ခံလိုက်ရတာဆိုတော့ သေချာပေါက် မင်းကို အပြစ်တင်နေမှာပဲ…”
အိမ်တော်ထိန်းက တစ်ခုခု မှားနေသည်ကို သဘောပေါက်သွားပြီး အမြန်ပြောလိုက်သည်။
”သခင်လေးရှု…သခင်လေး အထင်မှားနေတာပါ…သခင်မကြီးက သခင်လေးမင်ကျန်းကို မဆူပါဘူး…သူက သခင်လေးအပေါ် နားလည်မှု လွဲသွားတယ်ဆိုတာကို သိသွားလို့ သခင်လေးနဲ့ စကားပြောချင်နေတာပါ…’”
ရှုနဉ် အံ့ဩတကြီး မျက်တောင်ခတ်လိုက်မိသည်။
ဝေ့မင်ကျန်းက ရှုနဉ်၏ ပုခုံးကို ပုတ်လိုက်သည်။
“စိတ်မပူပါနဲ့… ဘာလုပ်ရမလဲဆိုတာ ငါ သိပါတယ်…”
မဒမ်ဝေ့ကလည်း ဝင်ပြောလိုက်သည်။
”အဖွားက ဒီမနက် မင်းတို့ ဘယ်အချိန်ပြန်ရောက်မလဲ ဆိုတာကို တချိန်လုံး မေးနေတာ…”
သူမက ဝေ့မင်ကျန်းနှင့် လီယုံးနာ့အကြားမှ ဆက်ဆံရေးကို ပြန်ပြုပြင်ပေးချင်နေသည်။ သူမ မည်သို့ပင် တွေးကြည့်စေကာမူ ဝေ့ရှန်ဟယ့်နှင့် လီယုံးနာ့တို့၏ စိတ်ကို အနိုင်ရထားသည်က ဝေ့မင်ကျန်းအတွက် အကောင်းဆုံးဖြစ်သည်။
ဝေ့မင်ကျန်းက အိမ်တော်ထိန်းနှင့်အတူ ထွက်သွားသည်။ သူ ထွက်မသွားမီ ရှုနဉ်အား စိတ်မပူစေရန် အာမခံချက်အနေနှင့် ပြုံးပြခဲ့သေးသည်။
ရှုနဉ်ကလည်း ပြန်ပြုံးပြလိုက်သည်။
ဗီလိန်လေး ထွက်သွားသည်နှင့် ရှုနဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ဝေ့မင်ကျန်းက ပြသနာများကို သူ့ကိုယ်တိုင် ဖြေရှင်းပြီး အဆင်ပြေနေပုံရသည်မှာ အတော်အတန်ကြာပြီဖြစ်သည်။
"ဗီလိန်လေး ထမင်းစားရဲ့လား…ကျန်းမာရဲ့လား…အရိုက်ခံရမှာလား" စသည်ဖြင့် သူ စိတ်ပူနေခဲ့ရသည့် နေ့ရက်များ က အချိန်အတော်ကြာစဉ်ကပင် ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ ဗီလိန်လေးအတွက် အကူအညီ ကြီးကြီးမားမားပေးခဲ့ခြင်းမျိုး မရှိတော့ပေ။
ဆန့်ကျင်ဘက်အနေနှင့် ဗီလိန်လေးကသာ သူ့တို့မိသားစု ဗီလာသို့ပြောင်းရွှေ့ရန် ပိုက်ဆံပေးခဲ့သူဖြစ်သည်။ ပါးပါးရှု ရင်းနှီးမြှုပ်နှံရန်၊ စီးပွားရေးလုပ်ရန်နှင့် မိသားစုအတွက်ငွေရှာရန် ကူညီပေးခဲ့သူကလည်း ဗီလိန်လေးသာ ဖြစ်သည်။
ဗီလိန်လေးက သူ့ကို အမှန်တကယ် မလိုအပ်တော့ကြောင်း ရှုနဉ် သဘောပေါက်သွားသည်။
ဝေ့မင်ကျန်းက လီယုံးနာ့၏ အခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် လီယုံးနာ့က ဆေးသောက်နေသည်။ ဆေးသောက်ပြီးနောက် သူမ မျက်မှောင်ကြုတ်ပြီး ရေအနည်းငယ်သောက်လိုက်သည်။
သူမက မူလကတည်းကပင် ကျန်းမာရေးမကောင်းမွန်ခြင်းဖြစ်ပြီး ဝေ့ရှီမင်း၏အဖြစ်အပျက်အပြီးတွင် သူမ၏ ကျန်းမရေးက ပိုဆိုးလာခဲ့သည်။
"အဖွား…”
ဝေ့မင်ကျန်းက သူ့ကို ရိုရိုသေသေနှုတ်ဆက်လိုက်သည်။
လီယုံးနာ့ မော့ကြည့်လိုက်သည်။ သူ့ကိုတွေ့လိုက်သောအခါ ရှုပ်ထွေးသောအမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။ သူမ၏ လက်ထဲရှိ ဖန်ခွက်ကို ဗီရိုပေါ်တင်ပြီး သူနာပြုဆရာမကို အခန်းထဲမှ ထွက်သွားရန် ပြောလိုက်သည်။
သူနာပြုထွက်သွားပြီးနောက် လီယုံးနာ့နှင့် ဝေ့မင်ကျန်းတို့သာ အခန်းထဲတွင် ကျန်ခဲ့သည်။ အခန်းက တိတ်ဆိတ်နေပြီး လေထုကလည်း အေးချမ်းနေသည်။
"ထိုင်လေ... မင်းကြိုက်တဲ့နေရာမှာ ထိုင်ပါ…”
လီယုံးနာ့က ကုလားထိုင်နှင့်ဆိုဖာကို ညွှန်ပြရင်း ပြောလိုက်သည်။ သူမအသံက ယခင်ကထက် ပို၍ စိတ်အားထက်သန်နေသည်။ ဝေ့မင်ကျန်းက သူမနှင့် အနီးဆုံး ကုလားထိုင်ကို ရွေးကာ ထိုင်လိုက်သည်။
"အဖွား…အဖွား ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုလို့ …"
သူ တည့်တိုး မေးလိုက်သောကြောင့် လီယုံးနာ့ကို ခဏတာတုံ့ဆိုင်းသွားစေသည်။ ထို့နောက် သူမက ခေါင်းညိတ်ပြလိုက်သည်။
"မင်ကျန်း…မင်းဒီမှာ နေရတာ အသားကျရဲ့လား…”
ဝေ့မင်ကျန်းက မထူးခြားဟန်ဖြင့် ဖြေလိုက်သည်။ "အဆင်ပြေပါတယ်…”
လီယုံးနာ့လည်း သူနှင့် မည်သို့ စကားပြောရမည်ကို ရုတ်တရက် မသိတော့ပေ။ သူမက ချောင်းဟန့်ပြီး မေးလိုက်သည်။
"ဝေ့ရှီမင်းရဲ့ ကိစ္စကို ဘယ်လိုထင်လဲ..."
ဝေ့မင်ကျန်း အံ့သြစွာ မော့ကြည့်လိုက်သည်။
"အဖွား…အဖွားက ကျွန်တော့်ကို ဘယ်လို တွေးစေချင်လို့လဲ….သူ့ကိုယ်စား ပြောပေးစေချင်တာဆိုရင် တောင်းပန်ပါတယ်…ကျွန်တော် မလုပ်နိုင်ဘူး…”
လီယုံးနာ့လည်း ခါးသက်စွာ ပြုံးလိုက်မိသည်။
"အဲ့လိုမဟုတ်ပါဘူး…”
"အဲ့ဒါဆို ကျွန်တော်က ဘယ်လိုတွေးရမှာလဲ…”
ဝေ့မင်ကျန်းကပြောလိုက်သည်။
"ကျွန်တော် ပထမဆုံးပြန်လာတဲ့နေ့ကတည်းက ကျွန်တော့်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါတယ်..သူ့ကို မကြိုက်သလို သူ့ကိုလည်း ဂရုမစိုက်ပါဘူး…မိသားစုက သူ့ကို စောင့်ရှောက်ချင်တယ်ဆိုရင်လည်း ကန့်ကွက်စရာမရှိပါဘူး…သူက ကျွန်တော်နဲ့လာရှုပ်မယ်ဆိုရင်တော့ ကျွန်တော် သူ စိတ်ကျေနပ်အောင်လုပ်ခွင့်ပေးမှာမဟုတ်ဘူးဆိုတာ သေချာတယ် ဒါတွေ အဖွားလည်း သိပြီးသားပဲမလား…”
လီယုံးနာ နှုတ်ဆိတ်သွားသည်။ ထိုအရာက အမှန်များပင်ဖြစ်သည်။ ဝေ့မင်ကျန်းက သူပြန်လာသည့် ပထမဆုံးနေ့မှာပင် သူ၏ ရပ်တည်ချက်ကို ကြေညာခဲ့သည်။ အစမှ အဆုံးအထိ သူ့သဘောထားကို မပြောင်းခဲ့ပေ။
"ကျွန်တော်က ခံရတဲ့သူ ဖြစ်ပြီး ဝေ့ရှီမင်းက ကျူးလွန်သူပါ…ရုပ်ရှင်ထဲက ဟီးရိုးတွေလိုမျိုး ကျွန်တော် သူ့ကို ခွင့်လွှတ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး...သူက ကျွန်တော့်မျက်လုံးထဲမှာ ဗီလိန်တစ်ယောက်ပဲ…အဖွားရဲ့ရှေ့မှာ ကျွန်တော်က ဘယ်လောက်တောင် ကြင်နာတတ်၊ စေတနာထားတတ်တယ်ဆိုပြီး ပြပွဲလုပ်ပြနေဖို့ မလိုပါဘူး…ကျွန်တော်က ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ဆင်းဆင်းရဲရဲနဲ့ ကြီးလာခဲ့ရတာ…ဘယ်လို စေတနာထားရမယ်၊ ဘယ်လို ကြင်နာရမယ် ခြုံပုတ်တွေကို ဘယ်လိုရိုက်ရမယ်(စကားကို ဘယ်လို ကွေ့ပတ်ပြောရမယ်)ဆိုတာတွေကို ကျွန်တော် မသိဘူး...အဖွား ဒါကို နားလည်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်…”
လီယုံးနာ့ အံ့ဩသွားသည်။
သူမ၏ ဘဝတစ်လျှောက်လုံးတွင် တွေ့ဖူးသည့် လူတိုင်းက သူမရှေ့တွင် ရိုသေလေးစားမှုကိုပြပြီး အပြုအမူကောင်းများသာ ပြလေ့ရှိကြသည်။ သူတို့ နှလုံးသားထဲတွင် စိတ်မကောင်းမှု ၊ ဝမ်းနည်းမှုများ ခံစားနေရလျှင်ပင် သူတို့၏ မျက်နှာပေါ်၌ အပြုံးလေးများ ဆင်မြန်းထားကြဆဲပင်။
သူ့သား နှင့် မြေးများ အားလုံးက ပွင့်ပွင့်လင်းလင်းသာမက လျှို့ဝှက်ပြီးပါ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။ သို့သော်လည်း သူ့ရှေ့တွင် သူ့တို့က အချင်းချင်း ချစ်ခင်နေကြသည့် ပုံစံမှလွဲ၍ မည်သည်ကိုမျှ မပြခဲ့ကြပေ။ တစ်ခါတစ်ရံတွင် သည်းမခံနိုင်တော့သည့်တိုင် ဟန်ဆောင်နေသည်ကိုသာ သူမ တွေ့ခဲ့ရသည်။
ဝေ့မင်ကျန်းကဲ့သို့ နှိမ့်ချသည်လည်းမဟုတ် မာနကြီးသည်လည်း မဟုတ်သည့် အပြင် သူမအား အမှန်အတိုင်းသာ ပြောတတ်သည့် မြေးမျိုး တစ်ယောက်ပင် မရှိခဲ့ဖူးချေ။
ဝေ့မင်ကျန်းက သူသာ တစ်ခုခုကို သဘောမကျပါက သူသဘောမကျကြောင်းကို သိအောင်ပြောလိမ့်မည်။ သူ့စိတ်ဆုံးဖြတ်ပြီးပါက အဆုံးထိ စွဲမြဲနေလိမ့်မည်။
ယခင်က လူအများက သူ့သဘောထားကြောင့် သူ့ကို စိတ်သဘောထားသေးသိမ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ယခုတွင်မူ ဝေ့ရှီမင်းကို သူ လက်မခံနိုင်ခြင်းက သဘာဝကျသည်ဟုပင် တွေးမိလာကြသည်။
အပြစ်ကျူးလွန်သူကို ခွင့်မလွှတ်ခြင်းက ကျူးလွန်ခံရသူ၏ သဘာဝပင် ဖြစ်သည်။
ထိုမြေးက သူ့သဘောထားကို မူလကပင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သူက ချစ်ရန်လည်း ရဲရင့်ပြီး မုန်းရန်လည်း သတ္တိရှိသည်။ သူက အပေါ်ယံတွင် အမြဲပြုံးနေသော်လည်း အတွင်းတွင် စက်ဆုပ်ရွံရှာဖွယ်အရာများ ပြုလုပ်နေသည့်သူများထက် သာသည်။
သူ့မြေးက အရေးမပါကာ စိတ်သဘောထားကျဉ်းမြောင်းသူ မဟုတ်ပေ။ သူက ကြိုက်သည် နှင့်မကြိုက်သည်ကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်သူဖြစ်သည်။ သူ့တွင် လွတ်လပ်ပြီး ရိုးရှင်းသည့် စိတ်ထားရှိသည်။ လီယုံးနာ့က ဝေ့မင်ကျန်းကို ကြည့်လိုက်သည်။ သူက ချက်ချင်းဆိုသလိုပင် စိတ်ကျေနပ်စရာ ကောင်းလာသည်။
ထိုအရာက နှိုင်းယှဉ်ခြင်း၏ အစွမ်းထက်သည့် အကျိုးသက်ရောက်မှုပင်။
ဝေ့ရှီမင်းသာ အမှားမကျူးလွန်ခဲ့ပါက ဝေ့မင်ကျန်းက သူမမျက်လုံးထဲတွင် သည်းမခံတတ်သူဖြစ်ပြီး အမြင်ကျဉ်းသူအဖြစ် ရှိနေမည်သာဖြစ်သည်။ ဝေ့ရှီမင်းက အမှားလုပ်မိသွားသည့်အတွက် ဝေ့မင်ကျန်း၏ အမူအကျင့်က တည့်တိုးဆန်ပြီး လန်းဆန်းသည့်လူမျိုးဖြစ်လာခဲ့သည်။
မှန်သည် မှားသည် ဟူသော သဘောထားက အမှန်တကယ် တည်ရှိမနေပေ။ လူများက ထိုအရာကို ကြည့်သည့် ပုံစံ၏ အပေါ်တွင်သာ မူတည်သည်။
ဝေ့မင်ကျန်းက ထိုအရာကိုသိပြီး အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။ ပိုအရေးကြီးသည့်အချက်က ဝေ့မိသားစုကို ခယရန် သူ အမှန်တကယ် စိတ်မ၀င်စားပေ။
သူ့ပုံစံအတိုင်း သွားမည်ဆိုလျှင် သူ့ပုံစံကို အခြားသူများက လက်ခံလာအောင် ကြိုးစားရလိမ့်မည်။
လီယုံးနာ့လည်း ဝေ့မင်ကျန်း၏ အေးဆေးတည်ငြိမ်သော သဘောထားကို မြင်ပြီးနောက် စိတ်ကောင်းဝင်လာသည်။ သူ့ကို နားလည်မှုလွဲခဲ့သည့်အတွက် တောင်းပန်ချင်သော်လည်း တစ်သက်လုံး ပုလ္လင်ပေါ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ထို စကားကို သူမကိုယ်တိုင် နှုတ်မှ ပြောမထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းအစား သူမက ပြောလိုက်သည်။
“မင်ကျန်း…မင်း ဒီတစ်ခါ မှားသွားပြီ…ဝေ့ရှီမင်းက သူ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြန်ပေးတဲ့အချိန်ကျရင် အားလုံးကို မင်းဆီ လွှဲပေးလိုက်မယ်… ငါ ကားတစ်စီးပါ ထပ်ပေးပါ့မယ်…”
ထိုသို့ပြောပြီးနောက် ဝေ့မင်ကျန်း၏ ပျော်ရွှင်စွာတုံ့ပြန်မှုကို သူမ စောင့်မျှော်ခဲ့သော်လည်း...
"အဖွား…ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင်တောင် မရှိဘူး…ကားတစ်စီးက ဘာလို့ လိုမှာလဲ…”
လီယုံးနာ :”….....”
သူ့မြေးက တကယ့်ကို ထူးထူးခြားခြား စရိုက်ရှိတာပဲ….
လီယုံးနာ့လည်း သူ့စိတ်သူ ထိန်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းဘာလိုချင်လဲ…”
"ကျွန်တော် လိုချင်တာ ဘာပဲဖြစ်ဖြစ်ပေးမှာလား…”
ဝေ့မင်ကျန်း သံသယဝင်သွားသည်။
လီယုံးနာ့: "..."
လီယုံးနာ့က ပြောလိုက်သည်။
"အဲ့ဒါက အကန့်အသတ်ထဲမှာ ရှိနေသရွေ့ပေါ့…”
ဝေ့မင်ကျန်းက ချက်ချင်း ထုတ်ပြောလိုက်သည် ။
" ဖေးမာကျို့အဖွဲ့အစည်းက ရှယ်ယာတွေ လိုချင်ပါတယ်…အဲဒါဆို အဆင်ပြေလား …”
လီယုံးနာ အလွန်အံ့သြသွားပြီး ခဏ စဉ်းစားနေသည်။
"ဒါကို မင်းအဖိုးနဲ့ ငါ ဆွေးနွေးရဦးမယ်…”
ဝေ့မင်ကျန်းက သူ့ကို စိုက်ကြည့်နေသေးသည်ကို သူမ မြင်သောအခါ လီယုံးနာ့ကပြောလိုက်သည်။
"အဖွားက ကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေအကြောင်း သိပ်မသိဘူး…”
ဤသည်က အမှန်တရားပင်ဖြစ်သည်။ မိသားစုက အစုရှယ်ယာရှိသည့် ကုမ္ပဏီများက များလွန်းသောကြောင့် သူမ အမှန်တကယ် မသိခြင်း ဖြစ်သည်။
ဝေ့မင်ကျန်းက နောက်ဆုံးတွင် ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဖွား…”
လီယုံးနာ့လည်း နောက်ဆုံးတွင် သူ့ထံမှ အပြုံးတစ်ပွင့် ရလာသည်။ သူမသာ သူ့ကို အစုရှယ်ယာများ မပေးနိုင်လျှင် သူ့ကို စွန့်လွှတ်ရလိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဝေ့မင်ကျန်းအတွက် သူမ၏ နှလုံးသားတစ်ခုလုံး သနားစိတ်၊အပြစ်ရှိသည့်စိတ်မျ
ားဖြင့် ပြည့်နှက်နေသည်။ သူမက သူ့ကို လေးလေးနက်နက် သဘောမကျခဲ့သော်လည်း ယခုတွင် သူ့ကို ပို၍သနားမိသွားသည်။
စိတ်ခံစားမှုများက အထွတ်အထိပ်သို့ ရောက်သွားသည်နှင့် ဆန့်ကျင်ဘက်သို့ မလွှဲမရှောင်သာ ရွေ့လျားသွားတတ်သည်။