အပိုင်း ၁၀၀
Viewers 32k

Chapter 100

ဖေးမာကျို့၏ ရှယ်ယာများ



အစေခံများက မဒမ်ဝေ့ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။ ဝေ့မင်ကျန်းအပေါ် မဒမ်ဝေ့၏သဘောထားကို ကြည့်ရသည်မှာ ဝေ့မင်ကျန်းက သူတို့၏ဆက်ဆံရေးကို ထိန်းချုပ်ထားနိုင်ပုံရသည်။ ဝေ့မင်ကျန်းက မဒမ်ဝေ့ကို နှာတစ်ဖျားအသာဖြင့် ဦးဆောင်နေသကဲ့သို့ ခံစားရသည်။ 


မဒမ်ဝေ့က သူ့ထံမှ အာမခံချက်ရလိုက်သည်နှင့် ဖုန်းချလိုက်ပြီး လီယုံးနာ့၏ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး ဝေ့ရှီမင်းအားပြောလိုက်သည်။


 "စကားမစပ်…မင်းက မိသားစုဝင်မဟုတ်တော့ဘူးဆိုတော့ ငါတို့ပေးခဲ့တဲ့ အရာအားလုံးကို ပြန်ပေးရမယ်..ငါမှတ်မိတာသာ မှန်ရင် မင်းမှာ ပိုင်ဆိုင်မှုတွေ အများကြီးပဲ... ကားနှစ်စီးနဲ့ မင်းပိုင်တဲ့ကတ်နှစ်ကတ် ရှိတယ်…”


ဝေ့ရှီမင်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ 


သူက သူ့ကိုယ်သူ ကျောက်တုံးအောက်ကို ရောက်နေပြီဟု ထင်ခဲ့သော်လည်း ငရဲ ဆယ့်ရှစ်ဆင့် ရှိနေသေးသည်ကို သူ မသိခဲ့ပေ။


မဒမ်ဝေ့က သူ၏ ထိတ်လန့်နေသည့် အမူအရာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ 

"ဘာဖြစ်နေတာလဲ…မင်း ပြန်မပေးချင်ဘူးလား…”


 "မဟုတ်ဘူး …မဟုတ်ပါဘူး..."

 ဝေ့ရှီမင်း ခက်ခက်ခဲခဲပြောလိုက်သည်။ လီယုံးနာ့၏ မျက်လုံးများက သူမ၏ သံသယကို ထုတ်ဖော်ပြနေသည်။ 


"ဒါဆိုရင် မင်းရဲ့ပိုင်ဆိုင်မှုတွေကို မြန်မြန်ရေတွက်ပါ…”


ဝေ့ရှီမင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ တုံ့ပြန်မှုအရ ဝေ့ရှီမင်းက သူ၏ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းထားပြီးဖြစ်နိုင်ကြောင်း လူတိုင်းသဘောပေါက်သွားသည်။ မိသားစုထဲတွင် သူ ယခုကဲ့သို့ ပြီးဆုံးသွားရသည့် အကြောင်းအရင်းမှာ ထို ပိုင်ဆိုင်မှုများကြောင့်ပင်ဖြစ်သည်။ သူ့ ကိုယ်ရေးအချက်အလက်အမှန်ကို သိပြီးနောက်တွင် သူ၏ ပိုင်ဆိုင်မှုများကို တခြားနေရာသို့ လွှဲပြောင်းပြီး ဖြစ်နေမည်မှာ သေချာသည်။


အိမ်တော်ထိန်းက ဝေ့ရှန်ဟယ့်နှင့် ဝေ့ယွမ်နင်းတို့ကို အရာအားလုံး ပြောပြလိုက်သည်။ ဝေရှန်ဟယ့်၏ အသံက ထူးခြားမှု ရှိမနေသလိုပင်။ 


"သခင်မကြီးရဲ့ အမိန့်အတိုင်းပဲ လုပ်လိုက်ပါ…”

သူက မည်သည့်အရာကိုမျှ ထပ်မံတူးဖော်မနေတော့ပေ။ 


ပြည်သူ့ဆက်ဆံရေးဌာနကလည်း အစီရင်ခံစာကို အမြန်ပေးပို့ထားသည်။ ခေတ်စားနေသော သတင်းခေါင်းစဉ်ကို ဖယ်ရှားလိုက်ပြီး သတင်းဆောင်းပါးများကို တစ်ခုပြီးတစ်ခု ဖျက်ချလိုက်သည်။ မကြာခင်မီအချိန်တွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတော့မည်ဖြစ်သည်။ 


ဝေ့ရှန်ဟယ့်က သူ၏သားရေကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး ချက်ချင်းပင် သူက စိတ်တိုင်းကျသည့် အပြုံးကို ပြုံးလိုက်သည်။ 

"ဒီကလေးက မဆိုးဘူး... ငါ့မြေးက ငါမျှော်လင့်ထားသလိုပဲ…”


ရုံးခန်းတံခါးကို လာခေါက်သည့်အသံ ပေါ်လာသည်။ ဝေ့ရှန်ဟယ့်လည်း တည့်တည့်မတ်မတ် ထိုင်လိုက်သည်။ 

"ဝင်ခဲ့ပါ…”


ဝေ့ယွမ်နင်းက မျက်မှောင်ကြုတ်ပြီး အခန်းထဲသို့ ဝင်လာသည်။ 

"အဖေ…ဝေ့ရှီမင်းကို မိသားစုကနေ ထုတ်လိုက်တယ်လို့ ကျွန်တော် ကြားတယ်…”


ဝေ့ရှန်ဟယ့်ကပြောလာသည်။

 "ငါ ခွင့်ပြုလိုက်တာ…”


ဝေ့ယွမ်နင်းက ဒေါသတကြီးပြောလိုက်သည်။

“ ဘယ်သူက ကျွန်တော်တို့မိသားစုနဲ့ လာရှုပ်နေတာလဲ… ဒီလိုလုပ်ဖို့ သူ့တို့ ဘယ်က သတ္တိတွေ ရလာတာလဲ…”


ဝေ့ရှီမင်းကို မိသားစုမှနှင်ထုတ်ခြင်းက သူ့အတွက် ပြဿနာမရှိသော်လည်း မိသားစုအရှုပ်တော်ပုံများအား အများသူငါ သိရှိအောင် ပြုလုပ်ခြင်းကို သူလုံးဝ သဘောမကျပေ။ ဝေ့ရှန်ဟယ့်က သူ့ကို ကူကယ်ရာမဲ့ဟန်ဖြင့် စိုက်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ 


"မင်းရဲ့ ပြိုင်ဘက်က ဘယ်သူမှန်း အခုထိ မသိသေးဘူးလို့တော့ မပြောနဲ့…”


ဝေ့ယွမ်နင်း အံ့အားသင့်သွားသည့်အခါ ဝေရှန်ဟယ့်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ 

"ထားလိုက်ပါ…ဒီပြဿနာက ဒီမှာပဲ ပြီးပြီ…”


ဝေ့ယွမ်နင်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ "အဖေ…အဲဒီလူက ကျွန်တော်တို့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ အသံသွင်းထားတဲ့မှတ်တမ်းကိုတင်ဖို့ ဟက်ကာတစ်ယောက်ကို ငှားထားတယ်… သူ ကျွန်တော်တို့ကို ရန်စချင်နေတယ်ဆိုတာ ရှင်းနေတာပဲ...အဖေ သူ့ကို လွှတ်ပေးလိုက်မလို့လား…” 


ဝေ့ရှန်ဟယ့်က သူ့ကို စိုက်ကြည့်နေသည်။ 

"မင်းက ငါ့ကိုဘာလုပ်စေချင်လို့လဲ…မင်းရဲ့တခြားသားတစ်ယောက်ကိုပါ မိသားစုထဲက ထုတ်ပစ်စေချင်လို့လား…”


ဝေ့ယွမ်နင်း အံ့အားသင့်သွား၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ 

"အဖေ...ဘာကိုဆိုလိုတာလဲ….”


ဝေရှန်ဟယ့်က မတ်တပ်ထရပ်လိုက်သည်။ သူက သူ့နားထင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

 "အဲဒါကို စဉ်းစားဖို့ မင်းရဲ့ ဦးနှောက်ကို အသုံးချလိုက်ဦး… မင်းရဲ့ တရားမဝင်ကလေးတွေနဲ့ မယားငယ်တွေနဲ့ပဲ အချိန်ကုန်နေတာ ရပ်လိုက်တော့..."


ဝေယွမ်နင်း ရုတ်တရက် မျက်လုံးပင်ပြူးသွားသည်။ "အဖေ ပြောချင်တာ ဒါကိုလုပ်ခဲ့တာ မင်ကျန်းလား…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက ဘယ်က ပိုက်ဆံနဲ့ သတ္တိတွေ ရသွားတာလဲ…”


ဝေ့ရှန်ဟယ့် ခေါင်းယမ်းမိလိုက်ပြီး အံဆွဲကိုဖွင့်ကာ စာရွက်တစ်ရွက်ကို သူ့ရှေ့ရှိ စားပွဲခုံပေါ် သို့ ပစ်ချလိုက်သည်။ ဝေ့ယွမ်နင်းက ထိုစာရွက်စာတမ်းများကို ကောက်ကိုင်ကြည့်လိုက်သည်။ ထိုစာရွက်များထဲတွင် ဝေ့မင်ကျန်း၏ ဘဝတစ်ခုလုံးကို အသေးစိတ်ဖော်ပြထားသည်။ 


ဝေ့ရှန်ဟယ့်က ပြောလိုက်သည်။

 "ဒါကို မင်းမြင်လား…သူ့မွေးစားအဖေက ရှူကျွင်းလို့ခေါ်တယ်… သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လူသိများလာတဲ့ ရင်းနှီးမြှုပ်နှံသူပဲ… သူ့မှာ ငွေကြေးအရင်းအနှီးတွေ အများကြီးရှိပြီး သူ့ရဲ့နည်းလမ်းတွေက ရက်စက်ကြမ်းကြုတ်တယ်…သူ ဒီနှစ်ပိုင်းအတွင်း စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေက သန်းကို ရာနဲ့ချီတယ်…”


ဝေ့မင်ကျန်း၏နောက်တွင် ရပ်နေသည့်လူက ရှူကျွင်း ဖြစ်သည်။ ယခု အဖြစ်အပျက်တွင် အကျိုးအမြတ်အများဆုံးရသူက မည်သူဖြစ်သည်ကို တွေးကြည့်မည်ဆိုပါက နောက်ကွယ်မှ လူက မည်သူဆိုသည်မှာ ရှင်းနေသည်။ 


“ပြီးတော့ အဲဒီသူနာပြုဆရာမက အသံသွင်းမှတ်တမ်း အင်တာနက်ပေါ်တင်ပြီးသွားတဲ့ အချိန်ရောက်မှ ဝေ့ရှီမင်းကို အပြစ်တင်ဖို့ ဘယ်ကနေ ရုတ်တရက် ပေါ်လာရတာလဲ… သူ့ကို သေတဲ့အထိ ဖိနှိပ်လိုက်ဖို့ ပြတ်ပြတ်သားသား ပြင်ဆင်ထားတာပဲ …ရှီမင်းကို ဘယ်သူက အငြိုးထားနေလဲ… မင်း အခုချိန်ထိ နားမလည်သေးဘူးလား…” 


ဝေ့ယွမ်နင်း အနည်းငယ် နားလည်သွားပုံပေါ်သော်လည်း သူ မယုံကြည်နိုင်သေးပေ။

"မင်ကျန်းက ဒီလိုမျိုး လုပ်နိုင်ပါ့မလား…”


ဝေ့ရှန်ဟယ့်က ပြောလိုက်သည်။ 

"ငါ မင်းကို ပြောပြီးပြီ…သူ့ကို ရှုကျွင်းက လမ်းပြပေးနေတာ…ဒါပေမယ့် ရှူကျွင်းလို လူတစ်ယောက်က ကလေးနှစ်ယောက်ရဲ့ ကိစ္စမှာ ဝင်ပါမယ် မထင်ဘူး… အများစုက မင်ကျန်းရဲ့ အကြံအစည်ပဲ ဖြစ်နိုင်တယ်…”


ဝေ့ယွမ်နင်း မယုံနိုင်သေးပေ။

 "မင်ကျန်းက ဒီလိုမျိုး လုပ်နိုင်ပါ့မလား…”


ဝေ့ရှန်ဟယ့် ရယ်လိုက်သည်။ 

"နောက်ဆုံး ငါ့နောက်ကို အမှီလိုက်နိုင်မယ့် မြေးတစ်ယောက် ရှိလာပြီပဲ… မျိုးရိုးဗီဇက အံ့သြဖို့ကောင်းတယ်ဆိုတာ သေချာတယ်... သူက ငါတို့နဲ့ ကြီးပြင်းလာတာ မဟုတ်ပေမယ့် ဉာဏ်အမြော်အမြင်အရှိဆုံး၊ အရဲရင့်ဆုံး၊ ငါနဲ့အတူဆုံးလူ ဖြစ်လာတာပဲ…”


ဝေ့ယွမ်နင်းက သူ့အဖေ ထိုသို့ပြောသည်ကို ကြားလိုက်သောအခါ အံ့ဩသွားလေသည်။ 


*


ချူကျိုးတွင်….


ညစာစားနေစဉ် ချိုက်ချင်က ဝေ့မင်ကျန်း၏ ပန်းကန်ထဲသို့ နံရိုးအချို့ထည့်ပေးလိုက်ပြီးနောက် သူမက တုံ့ဆိုင်းနေဟန်ဖြင့် မေးလာသည်။

“မင်ကျန်း…သားတို့ အိမ်မှာနေတာ ရက်ပိုင်းလောက်တောင်ကြာနေပြီ... ကျောင်းစာတွေကိုရော ဘယ်လိုလုပ်မလဲ…”


ရှုကျွင်းကလည်း ပြောလာသည်။

 "အခုဆို တစ်ပတ်လောက်တောင်ရှိပြီ…အထက်တန်းသင်ရိုးညွှန်းတမ်းက အရမ်းစိတ်ဖိစီးစရာကောင်းတယ်လို့ ငါကြားဖူးတယ်…နောက်ကျသွားရင် ပြန်လိုက်ဖို့ မလွယ်ဘူး…”


ဝေ့မင်ကျန်း ခဏတိတ်ဆိတ်သွားသည်။ သူက ပန်းကန်ထဲမှ နံရိုးများကို လက်စသတ်ပြီး ပြန်ပြောသည်။

“နောက်သုံးရက်နေရင် ကျွန်တော်တို့ ပြန်မှာပါ…”


ချိုက်ချင်နှင့် ရှုကျွင်းတို့ သက်ပြင်းချလိုက်သည်။ ထမင်းစားပြီးနောက် ဝေ့မင်ကျန်းက ရှုနဉ်၏အခန်းတွင် စောင့်နေခဲ့သည်။


ရှုနဉ်က ရေသွားချိုးနေ၍ ရေချိုးခန်းထဲမှ ရေသံတဝုန်းဝုန်း မြည်နေသည်ကို ကြားနေရသည်။ ဝေ့မင်ကျန်းက ကုတင်ပေါ်ရှိ အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ထိုအဝတ်အစားများကို ကောက်ယူရန် လှမ်းသွားပြီး ၎င်းတို့ကို အဝတ်လျှော်ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ 


ခဏအကြာတွင် ရှုနဉ် ရေချိုးဝတ်စုံဖြင့် ရေချိုးခန်းမှထွက်လာပြီး ဆံပင်ကိုအခြောက်ခံလိုက်သည်။ ဝေ့မင်ကျန်းအား တွေ့ရသည်ကို သူ လုံးဝမအံဩမိပေ။ 


ရေချိုးပြီးစဖြစ်၍ သူ့အသားအရေက ရေငွေ့ကြောင့် နူးညံ့ပျော့ပျောင်းနေသည်။ သူ့မျက်လုံးများက နက်မှောင်ကာ ဆံပင်များက ပျော့ပျောင်းစိုစွတ်နေသည်။ ရေချိုးဝတ်စုံ၏လည်ပင်းက အနည်းငယ်ပွင့်နေပြီး နူးညံ့သိမ်မွေ့သောညှပ်ရိုးကို ပေါ်လွင်စေသည်။ 


ထိုမြင်ကွင်းက သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်ဖူးခဲ့သည့် မြင်ကွင်းတစ်ခုပင်။


ဝေ့မင်ကျန်းက မျက်လုံးကို ခပ်ဝေးဝေးသို့ လွှဲလိုက်ပြီး တိုးတိုးလေးပြောသည်။

”တောင်းပန်ပါတယ်...”


 ရှုနဉ်က ဆံပင်လေမှုတ်စက်ယူရန် စားပွဲဆီသို့ လျှောက်သွားသည်။ ဝေ့မင်ကျန်း၏ တောင်းပန်စကားကြားလိုက်သောအခါ သက်ပြင်းတစ်ချက်ချပြီး မေးလိုက်သည်။

 "မင်းဘာလို့ ရုတ်တရက်ကြီး တောင်းပန်ရတာလဲ…”


ဝေ့မင်ကျန်း ခဏတိတ်ဆိတ်သွားသည်။ 

"ငါ နည်းနည်း စိတ်စောလွန်းသွားတယ်ထင်လို့…”


ရှုနဉ် အလွန် အံ့ဩသွားသည်။

 "မင်းဘာလို့အဲ့လိုထင်တာလဲ…”


ဝေ့မင်ကျန်းက ရှုနဉ်ဆီသို့ လျှောက်သွားပြီး ဆံပင်လေမှုတ်စက်ကို သူ့လက်ထဲတွင် ကိုင်လိုက်သည်။ 

"ထိုင်ပါဦး…”


ရှုနဉ် အံ့ဩသွားပြီး သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဝေ့မင်ကျန်းက ဆံပင်လေမှုတ်စက်ကို ပလပ်ထိုးလိုက်သည်နှင့် လေမှုတ်စက်က အသံထွက်လာသည်။ ဝေ့မင်ကျန်းက ရှုနဉ် အနားတွင် ရပ်ပြီး ဆံပင်ကိုလေမှုတ်ရန် ကူညီပေးခဲ့သည်။ ရှုနဉ်လည်း ကျင့်သားရနေပြီးဖြစ်၍ ငြိမ်နေလိုက်သည်။


အခန်းထဲတွင် ဆံပင်လေမှုတ်စက်၏ ကျယ်လောင်သော အသံများနှင့် ပြည့်နေသည်။ နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေ။ 


ယောက်ျားလေးများ၏ ဆံပင်က တိုပြီး ခြောက်သွေ့လွယ်၍ ရှုနဉ်၏ဆံပင်က မိနစ်အနည်းငယ်အတွင်း ခြောက်သွေ့ပျော့ပျောင်းသွားသည်။ 


ရှူနဉ်က ဝေ့မင်ကျန်း၏လက်ထဲမှ ဆံပင်လေမှုတ်စက်ကိုယူပြီး စားပွဲခုံအံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။ သူ ဇဝေဇဝါဖြစ်နေသောကြောင့် မေးလိုက်သည်။

 "မင်း ဒီနေ့ ဘာဖြစ်နေတာလဲ... အခု ဘာလို့ တောင်းပန်နေရတာလဲ…”


ဝေ့မင်ကျန်းကပြောလိုက်သည်။

 "ငါ တကယ့်ကို စိတ်စောသွားတယ်…မင်း အိမ်မှာနေရတာ ပိုကြိုက်မှန်း သိသာပေမယ့် မင်းကို ငါနဲ့အတူ ပေကျင်းကို လိုက်ခဲ့ခိုင်းတယ်…နောက်ပြီး ငါ ချူကျိုးကို ပြန်ဖို့ ဆုံးဖြတ်လိုက်လို့ မင်းလည်း ကျောင်းပျက်ခဲ့ရတယ်…”


ရှုနဉ် ခဏ ထိတ်လန့်သွားသည်။ ထိုကိစ္စနှစ်ခုအတွက် ဝေ့မင်ကျန်းက သူ့ကို တောင်းပန်မည်ဟု သူ မမျှော်လင့်ထားမိ၍ ပြန်ပြောလိုက်သည်။

"အဲဒါတွေအားလုံးကို လုပ်ဖို့ ငါကိုယ်တိုင် သဘောတူခဲ့တာပါ…”


ဝေ့မင်ကျန်းက ခေါင်းခါလိုက်သည်။

 "မင်းရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ ငါ့ရဲ့ စိတ်ခံစားချက် ပိုကောင်းလာအောင်ဆိုပြီး ငါကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချခဲ့တယ်…ဖြစ်နိုင်တာက မင်းက ငါ့တောင်းဆိုမှုကို ငြင်းမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်..ဒါကြောင့်ပဲ ငါလုပ်ချင်တာမှန်သမျှ လုပ်ခဲ့မိတာ…”


ဤတစ်ပတ်အတွင်း ရှုနဉ်က အိမ်တွင် ပို၍စိတ်အေးလက်အေးနေပြီး ပျော်ရွှင်နေခဲ့သည်မှာ ထင်ရှားသည်။ သူက ပေကျင်းတွင်ရှိစဉ်ကကဲ့သို့ ချုပ်တည်းမနေခဲ့ပေ။ သူငယ်ချင်းများနှင့် ဆော့ကစားရန် အပြင်ထွက်လေ့ရှိပြီး ငှက်ကလေးတစ်ကောင်လိုပင် ပျော်နေခဲ့သည်။ 


ပေကျင်း၌ ရှုနဉ်အတွက် သူငယ်ချင်းမရှိပေ။ ရှုနဉ်၌ သူတစ်ယောက်ဝာည်းသာရှိသည်။ 


ဝေ့မင်ကျန်းက ပြောသည်။

 "ရှုနဉ်…ငါက အရမ်း တစ်ကိုယ်ကောင်းဆန်လွန်းတယ်…”


 ရှုနဉ်ထံတွင် သူသာရှိပြီး သူတစ်ဦးတည်းနှင့်သာ ရင်းနှီးမည်ဟု သူတိတ်တခိုး မျှော်လင့်ခဲ့ဖူးသည်။ သို့သော်လည်း ချူကျိုးသို့ပြန်ရောက်သောအခါတွင် ရှုနဉ် အလွန် သက်တောင့်သက်သာ ဖြစ်နေသည်ကို သတိပြုမိလိုက်ပြီး သူ ထိတ်လန့်သွားခဲ့သည်။


ထိုအချိန်တွင် ရှုနဉ်က တွေဝေခြင်းမရှိဘဲ ပေကျင်းသို့ သူနှင့်အတူ လိုက်လာခဲ့သည်။ ယခုလည်း ရှုနဉ်က အနည်းငယ်မျှပင် မတုံ့ဆိုင်းဘဲ သူ့နောက်သို့ ပြန်လိုက်လာခဲ့သည်။


သူက အမှန်ပင် လွန်လွန်းသည်ဟု ဝေ့မင်ကျန်း ခံစားနေရသည်။ ရှုနဉ်၏ အတွေးအမြင်များကို သူ လုံးဝ လျစ်လျူရှုခဲ့မိသည်။


ဝေ့မင်ကျန်းက မိမိကိုယ်ကို ဝေဖန်ခြင်းဟူသည့် တွင်းထဲသို့ ကျဆင်းသွားသည်ကို ရှုနဉ် တွေ့လိုက်ရ၍ သူ အမြန်ပြောလိုက်သည်။

 "မင်ကျန်းအဲ့လို မထင်ပါနဲ့…ဒါကငါ့ရဲ့ ရွေးချယ်မှုပဲ…”


ဝေ့မင်ကျန်း ခေါင်းခါလိုက်သည်။ 

"ငါ့ကို မလိမ်ပါနဲ့…ငါ အကန်းမဟုတ်ဘူး..မင်းပျော်တဲ့အချိန်နဲ့ မင်းမပျော်တဲ့အချိန်ကို ငါပြောနိုင်တယ်…”


ရှုနဉ် တိတ်ဆိတ်သွားသည်။ 


ငါသာ ချူကျိုးမှာထက် ပေကျင်းမှာ ပိုပျော်တယ် လို့ ပြောရင် ဗီလိန်လေးက လိမ်နေတယ်ဆိုတာကို သေချာပေါက် သိသွားလိမ့်မယ်….ဒါပေမယ့် ငါ စိတ်မချမ်းသာဘူး လို့ ပြောရင် ဗီလိန်လေးက သူ့ကိုယ်သူ ပိုတောင် အပြစ်တင်နေလိမ့်မယ်…


သူ ခဏ စဉ်းစားလိုက်ပြီးနောက် လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

 "ငါ ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးလို့ ဖြစ်မှာပါ…ခဏလောက်ကြာရင် ငါအသားကျသွားလိမ့်မယ်…”


ဝေ့မင်ကျန်းက ရှုနဉ် ပြောသည်ကို ကြားသောအခါ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ရှုနဉ်က အမြဲတမ်းလိုလိုပင် ကြင်နာတတ်သူဖြစ်သည်။ သူ့စကားများမှဖြစ်စေ၊ သူ့လုပ်ရပ်များမှဖြစ်စေ ရှုနဉ်က ဝေ့မင်ကျန်း၏ ခံစားချက်ကို အမြဲစဉ်းစားပေးခဲ့သည်။ ထိုအရာကပင် သူ့ကို အလွန် စိတ်အားထက်သန်လာစေသည့် အကြောင်းရင်းဖြစ်နိုင်သည်။ ရှုနဉ်က သူ့ကို အမြဲတမ်း လိုက်လျောပေးမည်ဆိုသည်ကို သူသိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ 


"ရှုနဉ်… ငါမင်းကိုမေးစရာရှိတယ်…”

ဝေ့မင်ကျန်းကပြောလိုက်သည်။ 


သူ၏ အလေးအနက် ဖြစ်နေမှုကို ရှုနဉ် ခံစားလိုက်ရ၍ "ပြောလေ" ဟုဆိုလိုက်သည်။


ဒီနေ့ ဗီလိန်လေး အရမ်းထူးဆန်းနေတယ်… ငါဘယ်လိုတုန့်ပြန်ရမလဲဆိုတာတောင် မသိတော့ဘူး….


ဝေ့မင်ကျန်းကမေးလိုက်သည်။

 "ငါ့အတွက်သာ မဟုတ်ဘူးဆိုရင် မင်း ပေကျင်းမှာ အထက်တန်းကျောင်းတက်ဖို့ ဆန္ဒရှိမှာလား…”


ရှုနဉ်: ”…..” 

သေချာပေါက်ကို မရှိဘူးပေါ့…


"အမှန်အတိုင်း ပြောပါ…”

ရှုနဉ်က သူ့မျက်ခုံးများကို ပွတ်လိုက်သည်။ ဗီလိန်လေး၏ စိတ်အားထက်သန်နေသည့် အကြည့်နှင့် ရင်ဆိုင်ရသောအခါ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ကူကယ်ရာမဲ့ စွာဖြင့် ဝန်ခံခဲ့သည်။ 


"မတက်ဘူး…”


ဝေ့မင်ကျန်းက ထိုအဖြေသာဖြစ်မည်ကို ကြိုသိနေပုံရသည်။ သူ့အသံက နူးညံ့လာသည်။ 

"မင်း ငါ့ကို ထည့်မစဉ်းစားဘူးဆိုရင် ချူကျိုးမှာပဲ အထက်တန်းကျောင်းတက်ဖြစ်မှာ မလား…”


ရှုနဉ်က သူ့ကို မလိမ်ချင်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

“မင်ကျန်း…ငါ့မိသားစုနဲ့ သူငယ်ချင်းအားလုံးက ဒီမှာလေ… ငါ ဒါကို ဘယ်လိုပြောရမှာလဲ…နောက်နှစ်နည်းနည်းလောက်နေရင် ငါ ကောလိပ်တက်ပြီး အလုပ်ရလိမ့်မယ်…ငါ ဘယ်ကိုသွားရမယ်ဆိုတာ မသိသေးဘူး…ငါ့မိသားစုကိုပေးတဲ့အချိန်က ပိုပိုပြီး နည်းလာလိမ့်မယ်…အဲ့ဒါကြောင့် ငါ ဒီမှာပဲနေပြီး ငါ့မိဘတွေနဲ့ အချိန်ပိုဖြုန်းချင်တာပါ…”


ဝေ့မင်ကျန်း၏ နှလုံးသားက ပျော့ပြောင်းသွားသည်။ သူက အနားတိုးပြီး ရှုနဉ်၏ ခေါင်းကို ပွတ်လိုက်သည်။ 

"မင်း နေချင်ရင်နေလေ…”


ရှုနဉ်လည်း ထိတ်လန့်သွားပြီး မျက်တောင်တစ်ချက် ခတ်လိုက်သည်။ 

"ဒါဆို မင်းကရော…”


ဝေ့မင်ကျန်းက ပြောလာသည်။

"ဝေ့မိသားစုကို ငါဘာသာပဲ ကိုင်တွယ်လိုက်မယ်…”


ရှုနဉ် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ 

"မင်း ငါမပါဘဲ လုပ်လို့ရလောက်လား…”


ဝေ့မင်ကျန်းက "မရဘူး" ဟု ပြောချင်သော်လည်း သူ့ စကားများကို ပြန်မျိုချလိုက်သည်။ ထိုအစား သူကပြုံးပြီး ပြောလိုက်သည်။ 


"ငါ့ကို လျှော့မတွက်ပါနဲ့… ဝေ့ရှီမင်းက နှင်ထုတ်ခံလိုက်ရပြီ…”


ရှုနဉ် အံ့သြသွားသည်။

 "ဝေ့ရှီမင်း နှင်ထုတ်ခံလိုက်ရတာလား…ဘယ်တုန်းကဖြစ်ခဲ့တာလဲ…”


"မား ဖုန်းဆက်တုန်းက ပြောပြတာ…”

ဝေ့မင်ကျန်းက ဝေ့မိသားစုတွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည့်အခါ ရှုနဉ် အလွန်ပင် အံသြသွားသည်။ 


“ဝေ့ရှီမင်းက လီယုံးနာ့ရဲ့ အင်ဆူလင်ကို လဲလိုက်တာလား…”


သူတို့ ပေကျင်းကို ပထမဆုံးရောက်သည့်အချိန်က ဗီလိန်လေးသည် သူနာပြုဆရာမနှင့် ပြဿနာဖြစ်သည့်အကြောင်းကို တစ်စုံတစ်ယောက်အား ရှာဖွေစေခဲ့သေးသည်။ သို့သော် အမှန်တကယ် ဘာမှမဖြစ်ခဲ့ပေ။ ရှုနဉ်က ဗီလိန်လေး အတွေးလွန်နေသည်ဟုသာ ထင်ခဲ့သော်လည်း ယခုလိုဖြစ်သွားမည်ဟု သူ မမျှော်လင့်ခဲ့မိပေ။


“ဟုတ်တယ်…”

 ဝေ့မင်ကျန်းက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြီး ပြောသည်။


 “သူက အင်ဆူလင်ကို လဲရုံတင်မဟုတ်ဘူး…လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သူရဲ့ကိုယ်ရေးအချက်အလက်အစစ်အကြောင်းကို သိနေပြီး ဖုံးကွယ်ထားခဲ့တာ…”


ရှုနဉ် ပို၍ပင် အံ့ဩသွားသည်။ 

"ဝေ့ရှီမင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အမှန်တရားကို သိနေခဲ့တာလားး…”


"လွန်ခဲ့တဲ့ နှစ်နှစ်က ကျိုးကျွမ်မှာ အကြွေးတွေအများကြီးတင်ခဲ့တယ်လေ… ဝေ့ရှီမင်းကို အကူအညီတောင်းဖို့ကလွဲပြီး သူ့မှာ တခြားရွေးချယ်စရာမရှိဘူး…ဝေ့ရှီမင်းက သူ့ကို အမေအဖြစ် လက်ခံဖို့ငြင်းတဲ့အတွက် ကျိုးကျွမ်က သူ့ကို ငွေညှစ်ပြီး တွ

န်းအားပေးခဲ့တာ…သူတို့နှစ်ယောက်က အချင်းချင်းသိနေကြတယ်…”


ဝေ့မင်ကျန်းက တစ်ခုခုကို တွေးနေပုံရသည်။ သူ ရုတ်တရက် အဓိပ္ပါယ်ရှိသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။


 ရှုနဉ် သူ့ ဦးခေါင်းက အလင်းအရှိန်ဖြင့် လည်နေသလို ခံစားလိုက်ရသည်။