အပိုင်း ၉၉
Viewers 32k

Chapter 99

ဝေ့မိသားစုမှ နှင်ထုတ်ခံရခြင်း




ကျန့်ယောင်က သူ့စကားနားမထောင်ခဲ့ဘဲ နီရဲနေသော မျက်လုံးများဖြင့် သူမ အိမ်မှ ထွက်လာခဲ့သည်။ ထို့နောက် ကားပေါ်သို့တက်ကာ ကျောင်းသို့သွားခဲ့သည်။ သူမ သူငယ်ချင်းတစ်ယောက်နှင့် ထိုအကြောင်းကို တိုင်ပင်ချင်သည်။ ထို့နောက် ဝေ့မိသားစုအိမ်သို့သွားကာ ဝေ့ရှီမင်းနှင့် စကားပြောမည်။ 


ကားက ဆိုက်ယောင်ကျောင်းဂိတ်ပေါက်သို့ မောင်းလာသည်။ ကျန့်ယောင် ကားပေါ်မှ ဆင်းလာနေစဉ်တွင် ကျောင်းတံခါးဘေးတွင် လှည့်ပတ်သွားနေသည့် ညစ်ပတ်ပြီး ကြောက်စရာကောင်းသော အမျိုးသမီးတစ်ဦးကို သတိပြုမိသွားသည်။


ကျန့်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စကတ်ကို မလိုက်ပြီး ကျောင်းတံခါးမှ ဖြတ်ဝင်တော့မည်ပြုလိုက်သည်။


 "မင်းက မိန်းကလေး ကျန့်ယောင်လား…”

ထို အမျိုးသမီးက ရုတ်တရက်ထရပ်ပြီး ကျန့်ယောင်၏ ဘေးသို့ ပြေးလာသည်။ 


ကျန့်ယောင် သူမ လှည့်ကြည့်လိုက်ပြီး သံသယစိတ်နှင့် မေးလိုက်သည်။


 "ရှင်က ဘယ်သူလဲ…”


သူ ထိုအမျိုးသမီးကို ယခင်က တစ်ခါမျှ မမြင်ခဲ့ဘူးပေ။ 

ဒီအမျိုးသမီးက ငါ့ကိုဘယ်လိုများသိနေရတာလဲ...


ထို အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက စျေးပေါပြီး စိတ်ပျက်စရာကောင်းသည်။ သူမ၏မျက်နှာက အိုမင်းပြီး လောကဒဏ် ခံထားရပုံပေါ်ကာ သူ့ဆံပင်များကလည်း ကြေမွပြီး ရှုပ်ပွနေသည်။ သူမက ကျန့်ယောင် မြင်နေကျ ကြော့ရှင်းပြီး မြင့်မြတ်သောအမျိုးသမီးများနှင့် လုံးဝမတူပေ။ ထိုအမျိုးသမီးက ဆင်းရဲမွဲတေသည်မှာ ထင်ရှားသည်။


 "ငါ့နာမည်က ကျိုးကျွမ်… ငါက ဝေ့ရှီမင်းရဲ့အမေပါ…”

အမျိုးသမီးက သူမကိုယ်သူမ မိတ်ဆက်လိုက်၍ ကျန့်ယောင် အသက်ရှူပင် ရပ်တန့်သွားသည်။


 "ရှင်က... ရှင်က ဝေ့ရှီမင်းရဲ့အမေလား…”


ကျိုးကျွမ် ခေါင်းညိတ်လိုက်သည်။ 

"ငါ့ဖုန်း ပျက်သွားလို့ ဝေ့ရှီမင်းနဲ့ အဆက်အသွယ် လုပ်လို့ မရတော့ဘူး…သူနဲ့ ဆက်သွယ်ဖို့ ကူညီပေးနိုင်မလား…”


ကျန့်ယောင် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။

 "ဒါကတော့ ... ရှင့်ဘာသာပဲ သူနဲ့အဆက်အသွယ်ရအောင် ကြိုးစားသင့်တယ်…”


ဝေ့ရှီမင်း၏ သမိုင်းကြောင်းကို သူမ သိထားပြီးဖြစ်သည်။ သူ့မိဘများက မကောင်းသည်ကို သူမ သိသော်လည်း ထိုကိစ္စက သူမ စိတ်ထဲတွင်ရှိသည့် မရေရာသည့်အယူအဆတစ်ခုသာ ဖြစ်သည်။ ယခု သူမ တကယ့်လူနှင့် မျက်နှာချင်းဆိုင် ကြုံလာရသောအခါ လက်မခံနိုင်မှန်း သိလာသည်။ 


သူမချစ်သူ၏ မိခင်အရင်းက ဤမျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ ယုတ်ညံ့ပြီး သနားစရာကောင်းသူဖြစ်နေသည်ကို သူမ လက်မခံနိုင်ပေ။ 


"မင်းက သူ့ရည်းစားမဟုတ်ဘူးလား…”

ကျိုးကျွမ်က စကားလုံးမိုးများ ရွာသွန်းချလိုက်သည်။


"မင်းတို့နှစ်ယောက်က လက်ထပ်ဖို့ စေ့စပ်ထားတယ် မလား… မင်းတို့အတူတူ အိပ်ပြီးသွားလောက်ပြီ…မင်းက ငါ့ချွေးမပဲ...”


ကျန့်ယောင်က ယခုလို စကားမျိုးပြောခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ သတိလက်လွတ်ဖြစ်သွားပြီး မျက်နှာလည်း နီရဲသွားသည်။

 "အဓိပ္ပါယ်မရှိတာတွေ…ဝေ့ရှီမင်းနဲ့ ကျွန်မ ဘာမှမလုပ်ဖူးဘူး…”


တစ်ယောက်ယောက်ကြားသွားမည်ကို ကြောက်သောကြောင့် သူမ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။


ကျိုးကျွမ်က နားမလည်သေးပေ။ 


“ဒါပေမယ့် မင်းတို့နှစ်ယောက်မှာ လက်ထပ်ဖို့ သဘောတူညီချက်ရှိတယ်လေ…အဲ့ဒီတော့ ဆိုလိုတာက မင်းက သူ့မိန်းမပဲ…ဝေ့ရှီမင်းက ငါ့ကို သူ့အမေအဖြစ် လက်မခံချင်ဘူး…ဒါ့ကြောင့် မင်းက ငါ့အစား သူ့ကို ဆက်သွယ်ပေးဖို့လိုတယ် ….မဟုတ်ရင်လည်း မင်းငါ့ကို ပိုက်ဆံပေးလိုက်လို့ရတယ်…”


ကျန့်ယောင် အလွန်အံ့သြသွားသည် ။ 

" ကျွန်မက ဘာလို့ ရှင့်ကို ပိုက်ဆံပေးရမှာလဲ…”


“ဘာလို့လဲဆိုတော့ မင်းက သူ့ရဲ့ကောင်မလေးမို့လေ…ပြီးတော့ မင်းတို့မိသားစုကလည်း ချမ်းသာတာပဲ…”


ကျိုးကျွမ်က စိုးရိမ်တကြီး ရှေ့ကို တစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။

"မင်းငါ့ကို ပိုက်ဆံမပေးရင် ငါ မင်းကို တရားစွဲမယ်…သက်ကြီးရွယ်အိုတွေကို လျစ်လျူရှုမှုနဲ့ တရားစွဲမယ်…”


 သူမ၏ ရူးသွပ်နေသည့်ပုံစံက ကျန့်ယောင်ကို ငိုအောင် လုပ်မိလုမတတ်ပင်။ ကျန့်ယောင်၏ ကားမောင်းသူက ထိုအနားသို့ လမ်းလျှောက်လာပြီး ကျန့်ယောင်ရှေ့တွင် ရပ်လိုက်သည်။ သူ့အမူအရာက မည်းမှောင်နေကာ ကျိုးကျွမ်ကို ပြောလိုက်သည်။

 "မဒမ်…မင်းသူ့ကို ဆက်ပြီးနှောင့်ယှက်ရင် ငါ ရဲခေါ်ရလိမ့်မယ်… 


ကျိုးကျွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။ 


"ကောင်းပြီလေ ရဲကိုခေါ်လိုက်...ရဲတွေက ဘယ်သူ့ကို ဖမ်းမှာလဲ ကြည့်ရသေးတာပေါ့ …ငါ့ကို ဖမ်းမှာလား ဒါမှမဟုတ် ကျေးဇူးကန်းတဲ့ မင်းတို့ ခွေးနှစ်ကောင်ကို ဖမ်းမလားဆိုတာ…”


 "ချမ်းသာတဲ့သူတွေက ရက်စက်တယ်ဆိုတာ သေချာတယ်…သူတို့မှာ ပိုက်ဆံတွေ အများကြီးရှိတာပဲကို …ငါ့ကို နည်းနည်းလေး စွန့်ကြဲပေးရင် ငါ ကောင်းကောင်းမွန်မွန်နေနိုင်မှာ ...ဒါပေမယ့် သူတို့က ငါ့ကို တစ်ပြားမှ မပေးဘူး…မင်းတို့က အရမ်းတွန့်တိုတယ်…အရှက်မရှိကြဘူး…ချမ်းသာတဲ့သူတွေ အကုန်လုံးက ကြောက်စရာကောင်းတဲ့ လူတွေပဲ….”


ကျိုးကျွမ်က လူကြည့်စေရန် ပွဲတစ်ခုကို စတင်ဖန်တီးခဲ့သည်။


လျို့ဟုန်က ကျိုးကျွမ်ကို သူမ၏တိုက်ခန်းသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ကျိုးကျွမ်၏ဖုန်းက မတော်တဆ ပျက်သွားခဲ့သည်။ ထို့နောက် သူမက ဝေ့ရှီမင်းကိုရှာရန် စိတ်လှုပ်ရှားစွာဖြင့် ကျောင်းသို့သွားခဲ့သည်။ 


သူမက လူတိုင်းကို ဆွဲချချင်နေပြီး လူတိုင်းကို ပြဿနာဖြစ်ရန် ဖန်တီးချင်နေသည်။


လျို့ဟုန်က သူမကို နှစ်ရက်ကြာ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူမက ရုတ်တရက် အိမ်ငှားရမ်းမှုကို အဆုံးသတ်လိုက်ပြီး မြို့တော်မှထွက်ခွာသွား၍ ကျိုးကျွမ်လည်း အိုးမဲ့အိမ်မဲ့ထပ်ဖြစ်ခဲ့ရပြန်သည်။ 


သူမ စိတ်ပျက်အားငယ်ကာ အကျပ်တွေ့နေရ၍ ဝေ့ရှီမင်းက သူမ၏ နောက်ဆုံးအားကိုးရာ ဖြစ်လာသည်။ 


သူမ နားမလည်နိုင်ခဲ့ပေ။ ဝေ့ရှီမင်း၌ ပိုက်ဆံအများအပြား ရှိပြီး သူမကို ယွမ်တစ်သန်း သို့မဟုတ် ယွမ်ဆယ်သန်း ပေးရလျှင်ပင် ကိစ္စမရှိချေ။


သူ ဘာလို့များ ငါ့ကို မပေးနိုင်ရတာလဲ…


ဘယ်လောက် မုန်းစရာကောင်းလိုက်လဲ…


ကျိုးကျွမ်၏ မျက်လုံးများက နီရဲလာသည်။ သူမက ကျန့်ယောင်ကို ဖမ်းရန် အနားသို့တိုးသွားလိုက်သည်။

 "ဝေ့ရှီမင်း ဘယ်ရောက်နေလဲဆိုတာ ငါ့ကို ပြောပြစမ်းပါ…”


ကျန့်ယောင်လည်း ကြောက်လန့်တကြား အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားသည်။ ကြောက်စိတ်ကြောင့် သူမ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာလေသည်။ 


ကျိုးကျွမ်၏ အမူအရာက မယုံနိုင်အောင်ပင် ကြောက်စရာကောင်းလွန်းလှ၏။ အွန်လိုင်းမှ သတင်းများအကြောင်းကို သူမ မတွေးဘဲ မနေနိုင်ပေ။ ကျိုးကျွမ်၏ခင်ပွန်း ယင်းချန်းက အိမ်တွင်းအကြမ်းဖက်သူနှင့် လူသတ်သမားဖြစ်ပြီး ယနေ့အထိ သူက ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။


ကျိုးကျွမ်ကလည်း တစ်ခုခုတော့ မှားနေတာဖြစ်နိုင်လောက်လား…


ယခုကဲ့သို့ ရူးသွပ်ပြီး ယုတ်မာသည့်လူမျိုးက အမှန်တွင် ဝေ့ရှီမင်း၏ မွေးမိဘအရင်းများ ဖြစ်နေသည်။ 


ကျန့်ယောင် သူမ၏ နှလုံးသား ကွဲသွားသည်ကို ခံစားလိုက်ရသည်။ ဝေ့ရှီမင်း ယခင်က လုပ်ခဲ့သည့် ရွံမုန်းစရာလုပ်ရပ်များ အားလုံးကို သူမ ပြန်တွေးလိုက်သောအခါ သူမ၏ နှလုံးသားထဲရှိ အချစ်များ ခမ်းခြောက်သွားခဲ့သည်။ 

“ကျွန်မ ဝေ့ရှီမင်းနဲ့ လမ်းခွဲပြီးပြီ..ရှင် ကျွန်မကို လာမရှာနဲ့တော့…”


ကျန့်ယောင်က သူမ၏လမ်းခွဲခြင်းကို ကျယ်လောင်စွာ ကြေညာခဲ့သည်။ 


ထို့နောက် သူမလက်နှင့် စကပ််ကိုမပြီး ကျောင်းထဲသို့ ပြေးသွားခဲ့သည်။ 


မူလက သူမ ဝေ့ရှီမင်းကို တွေ့ချင်ခဲ့သည်။ သူ ပြောမည့်စကားကို ကြားချင်ခဲ့သော်လည်း ယခုအချိန်တွင် သူ့ကို လုံးဝမတွေ့ချင်တော့ပေ။ 


"ကျန့်မိန်းကလေး မသွားနဲ့ဦးလေ…” 

ကျိုးကျွမ်က အော်လိုက်သည်။ 


ကျန့်ယောင်လည်း သူ တတ်နိုင်သမျှ မြန်မြန်ပြေးသွားလိုက်သည်။


*


ဝေ့မိသားစုတွင်….


အိမ်တော်ထိန်းက အစေခံကို အမြန်ဆက်သွယ်ပြီးနောက် သူက ပေကျင်းတွင် အိမ်တစ်လုံး အမှန်တကယ် ဝယ်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ 


ဝေ့မိသားစုမှ အလုပ်ထွက်ချိန်တွင် သူက သာမန်အစေခံ တစ်ဦးသာဖြစ်သည်။ အိမ်ဈေးများ အဆမတန်မိုးထိမြင့်နေသည့် ပေကျင်းတွင် သူက အိမ်တစ်လုံးကို မည်သို့ဝယ်နိုင်သွားကြောင်း မည်သူမှ မသိကြပေ။ ထိုအရာကပင် သံသယဖြစ်ရန် လုံလောက်နေသည်။


ထိုအစေခံက သူရဲဘောကြောင်သူဖြစ်သောကြောင့် အိမ်တော်ထိန်းက သူ့ကို ခဏတာ စစ်ဆေးမေးမြန်းပြီးသည်နှင့် ငိုယိုပြီး တောင်းပန်လာသည်။ 


"ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ...ကျွန်တော် တကယ်မသိပါဘူး…ပထမတော့ သခင်လေးရှီမင်းက ကျွန်တော့်ကို သူနာပြုဆရာမကို အာရုံပြောင်းခိုင်းဖို့ပဲ တောင်းဆိုခဲ့တာပါ…တခြားအကြောင်းတွေ ဘာမှ မပြောခဲ့ပါဘူး…နောက်တော့မှ သခင်မကြီး တစ်ခုခုဖြစ်သွားတာ သိလိုက်ရတာပါ…ကျွန်တော်သာ အမှန်အတိုင်းသိခဲ့မယ်ဆိုရင် သူ့စကားကို ဘယ်တော့မှ နားမထောင်မှာမဟုတ်ပါဘူး…”


ဖုန်းထဲမှ ပြောသံကို ကြားလိုက်သောအခါ အခန်းတွင်းရှိလူများအားလုံး အလေးအနက်ဖြစ်လာသည်။ ဝေ့ရှီမင်းလည်း ကုလားထိုင်ပေါ်သို့ ပုံလျက် လဲကျသွားလေသည်။ သူနာပြုဆရာမက သက်ပြင်းတစ်ချက်ချလိုက်သည်။ 


သူ့ကို ဤအိမ်သို့လာရန် တောင်းဆိုသည့်သူက အမှန်ပင် ပါရမီရှင်တစ်ယောက်ဖြစ်သည်။ အားလုံးက ထိုလူပြောခဲ့သည့် အစီအစဉ်အတိုင်း ဖြစ်သွားသည်။ 


လီယုံးနာ့က ဝေ့ရှီမင်းကို လှည့်ကြည့်လိုက်သည်။ သူမက သူ့ကို ကြာမြင့်စွာ စူးစူးရဲရဲ စိုက်ကြည့်နေပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ငါသိသွားပြီ…”


“မင်ကျန်း အိမ်ကို ပြန်ရောက်လာတဲ့နေ့က ငါထင်ခဲ့တာ သူက စိတ်သဘောထားသေးသိမ်ပြီး ပညာမတတ်ဘူးပေါ့… ငါ သူ့ကို သဘောမကျခဲ့ဘူး…ငါက မင်းကိုပဲ ဘက်လိုက်ခဲ့တယ်… ဒါပေမယ့် အခုတော့ မင်းကသာ စိတ်သဘောထားသေးသိမ်ပြီး လှည့်စားတတ်တဲ့သူ ..မင်းက မင်းညီကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့သူပဲ ဆိုတာ ငါသိသွားပြီ…”


လီယုံးနာ့ စကားများများ ပြောမိသည်နှင့် သူမ ပို၍ ဒေါသထွက်လာသည်။ သူမ သိသိသာသာပင် စိတ်ဆိုးလာသောကြောင့် ရုတ်တရက် ချောင်းဆိုးသွားသည်။


"အမေ…”

မဒမ်ဝေ့က သူမကို ကူညီရန် အမြန် ခြေလှမ်းပြင်လိုက်သည်။ 


"အဖွား…”

ဝေ့ရှီမင်း စိတ်ပူသွားသည်။


"ငါ့ကို အဖွားလို့ မခေါ်နဲ့…”

လီယုံးနာ့က သူ့လက်ကို ဝှေ့ယမ်းပြီး ပြန်ပြောလိုက်သည်။ ဝေ့ရှီမင်းလည်း အံ့ဩသွားသည်။ 


လီယုံးနာ့က ပြောလိုက်သည်။

 "ဒီနေ့ကစပြီး မင်းက ငါ့မြေးမဟုတ်တော့လို့ ငါ့ကို အဖွားလို့ ခေါ်စရာ မလိုတော့ဘူး….”


သူမက ခေါင်းကိုမော့ပြီး မဒမ်ဝေ့ကို ပြောလိုက်သည်။

"သူ့နာမည်ကို ငါတို့အိမ်ထောင်စုစာရင်းကနေ ချက်ခြင်းဖယ်လိုက်…သူရှိသင့်တဲ့ နေရာကိုပဲ ပြန်ပြောင်းပေးလိုက်ပါ…ကျန်တာတွေကိုတော့ သူ့နာမည်ကို တခြားနေရာ ပြောင်းပြီးမှပဲ ငါတို့ ထပ်ဆွေးနွေးကြမယ်…”


 "အဖွား….”

ဝေ့ရှီမင်းက မျက်ရည်များဝဲလျက် ထိုင်ခုံမှထလိုက်သည်။


လီယုံးနာ့က အလွန်ပင် တည်ငြိမ်နေပြီး သူ့ကို ကြည့်ပင် မကြည့်တော့ပေ။

 "ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ရှန်ဟယ့်နဲ့ ယွမ်နင်းကို ပြောပြလိုက်ပါ…”


အိမ်တော်ထိန်းက သူပြောလိုက်ပါ့မည်ဟူသည့် အမူအရာကို ဖော်ပြပြီး အခန်းထဲမှ ထွက်သွားသည်။ သူက ဝေ့ရှန်ဟယ့်နှင့်ဝေ့ယွမ်နင်းကို ယနေ့ ဖြစ်ပျက်ခဲ့သည်များအား သတင်းပို့ခဲ့သည်။


လီယုံးနာ့က သူနာပြုဘက်ကို လှည့်ပြီးပြောလိုက်သည်။ "ငါတို့ မင်းအပေါ် မှားခဲ့မိတယ်….စိတ်မပူနဲ့…ငါတို့ မင်းနာမည်ကို ရှင်းလင်းပေးပြီး လျော်ကြေးပေးပါ့မယ်…”


သူနာပြုဆရာမ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာ၏။ တစ်နှစ်တာလုံး သူမ နစ်နာခဲ့သည်များက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၍ ထိုအရာက အလွန်ကောင်းမွန်ပေသည်။ 


ဝေ့ရှီမင်းက သူနာပြုကို စမြင်ချိန်ကပင် ထိုသို့ဖြစ်လာမည်ဟု ကြိုတင်တွေးမိထားသောကြောင့် ယခုအချိန်တွင် သူ အတော်လေး တည်ငြိမ်နေသည်။ သူ အလွန် နောင်တရခဲ့သည်။ 


ငါ ဘာလို့များ ဝေ့မင်ကျန်းကို တွေ့တွေ့ချင်းမှာ အစွဲအလန်းကြီးပြီး ပစ်မှတ်ထားခဲ့မိရတာလဲ….


ကျိုးကျွမ် ငါ့ကိုလာရှာတဲ့ ပထမဆုံးအကြိမ်မှာကတည်းက ဘာလို့များ ရှင်းမပြခဲ့မိရတာလဲ…


ငါသာ အစကတည်းက ယုံကြည်လို့ရခဲ့မယ်ဆိုရင် ဝေ့မိသားစုက ငါ့ကို လက်မခံရင်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မှာ မဟုတ်ဘူး….


သူ၏ လောဘ၊ ယုတ်ညံ့မှုနှင့် ကြောက်ရွံ့မှုများက ‘ငါသာ ဖုံးကွယ်ထားပါက သိမည့်သူ မရှိ’ ဟု တွေးကာ အလောင်းအစား လုပ်နိုင်မည် ထင်ခဲ့သည်။


ဝေ့ရှီမင်း အလွန် နောင်တရနေသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ 


“ဒီးးဒီးး::::”

သူ့ဖုန်းက အသံမြည်လာသည်။


ဝေ့ရှီမင်းလည်း မှင်သက်ငေးငိုင်နေပြီး ဖုန်းကို မကိုင်ခဲ့ပေ။


မဒမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသူ့ကို သတိပေးလိုက်သည်။ 

"ဝေ့ရှီမင်း မင်းရဲ့ဖုန်း..." 


ဝေ့ရှီမင်းလည်း သတိပြန်ဝင်လာပြီး ဖုန်းကို ဆွဲထုတ်လိုက်သည်။ 


စခရင်ပေါ်တွင် စကားလုံးတစ်လုံး ပေါ်နေသည်- 

“ဘေဘီ…”


ကျန့်ယောင်၏ ဖုန်းနံပါတ်ပင်။


ဝေ့ရှီမင်း ရုတ်တရက် မယုံနိုင်အောင် ထိတ်လန့်သွားပြီး သူ ဖုန်းပြန်ဖြေရန်ပင် ကြောက်လန့်နေမိသည်။


ဖုန်းက ဆက်မြည်နေသည်။


လီယုံးနာ့က အေးစက်စွာပြောလိုက်သည်။

 "ဖုန်းပြန်ဖြေလိုက်ပါ…”


ဝေ့ရှီမင်း၏ မျက်လုံးများက ရုတ်တရက် နီရဲလာပြိီး အံကိုကြိတ်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် တုန်တုန်ယင်ယင်အသံဖြင့်ပြောလိုက်သည်။ 

 "ယောင်ယောင်..." 


ထိုအချိန်အထိ ကျန့်ယောင်က သူနှင့်အတူဆက်ရှိနေပေးလောက်သည် ဟူသည့် မျှော်လင့်ချက်များ ရှိနေဆဲပင်။ သူမက “အမေ့ရဲ့ ဘဝ”ဟူသည့် ဒရာမာထဲမှ အမျိုးသမီးဇာတ်ဆောင်ကဲ့သို့ ဖြစ်မည်ဟု သူမျှော်လင့်ခဲ့သည်။ သူမက အလုပ်ကြိုးစားပြီး မကျေမနပ် မဖြစ်တတ်ကာ အမျိုးသားဇာတ်လိုက်ဘက်တွင်သာ ထာဝရနေပေးတတ်သည့် အမျိုးသမီးဇာတ်ဆောင်ကဲ့သို့ ဖြစ်လာရန် သူမျှော်လင့်ခဲ့သည်။ 


ဖုန်းထဲမှ ကျန့်ယောင်၏ အသံထွက်လာသည်။ 

"ဝေ့ရှီမင်း…လမ်းခွဲကြရအောင်…ကျွန်မ လက်ထပ်ဖို့ သဘောတူစာချုပ်ကို ဖျက်ချင်တယ်…”


သူ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။


သူ့ နောက်ဆုံးမျှော်လင့်ချက်က ဤကဲ့သို့ ကွဲအက်သွားခဲ့သည်။ ဝေ့ရှီမင်း၏ မျက်လုံးများ မည်းမှောင်သွားပြီး သူ့ခေါင်းတစ်ခုလုံး ချာချာလည်နေသည်။ တစ်စုံတစ်ယောက်ယောက်က သူ့ဗိုက်ကို ထိုးနှက်နေသည်ဟု ခံစားလိုက်ရသည်။

"ယောင်ယောင် ကိုယ် ပြောတာကို နားထောင်..." 


"ရှင့်အမေက ရှင့်ကိုရှာဖို့ ကျောင်းကိုလာနေတာ…သူက ကျွန်မကိုတွေ့တော့ အရှက်ခွဲသွားသေးတယ်… သူ့ကို ပိုက်ဆံပေးဖို့လည်း တောင်းနေတယ်…”


ကျန့်ယောင်၏အသံတွင် ရှိုက်သံအနည်းငယ်ပါလာသည်။ 

"ဝေ့ရှီမင်း..ကျွန်မ တစ်သက်လုံးမှာ ဒီလိုအရှက်ကွဲရတာမျိုး တစ်ခါမှ မရှိဖူးဘူး…ရှင့်အမေက အဲ့လိုမျိုးလုပ်တဲ့ ပထမဆုံးလူပဲ….”


"သူမ ကျွန်မကို တားရတဲ့ အကြောင်းရင်းက ရှင် သူ့ကို စွန့်ပစ်ထားလို့ပဲ... ရှင် သူ့ကို ထောက်ပံ့ဖို့ ငြင်းနေလို့ သူ အပူတပြင်း ဖြစ်နေတာလေ…ဝေ့ရှီမင်း ရှင် ဒီလောက်ထိ ရက်စက်ပြီး ယုတ်မာတဲ့လူမှန်း ကျွန်မ မသိခဲ့ဘူး…ရှင့်လိုလူမျိုးကို ကျွန်မ ကန်းနေလို့ ကြိုက်ခဲ့မိတာပဲ…”


သူ မိုးကြိုးပစ်ခံရလိုက်သကဲ့သို့ ဖြစ်သွားသည်။ 


ကျိုးကျွမ်ပဲလား…


ကျိုးကျွမ်က ကျန့်ယောင်ကို တကယ် နှောင့်ယှက်ခဲ့တာလား…


သူ ရူးသွားတော့မည်ဟု ခံစားလိုက်ရသည်။ 


ကျန့်ယောင်က ပြောလိုက်သည်။

 "အခုချိန်ကစပြီး ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် လျှောက်တဲ့လမ်းတွေက မတူတော့ဘူး….နောက်ဆို ကျွန်မတို့ ဘာမှမဆိုင်တော့ဘူး..."


ထို့နောက် ကျန့်ယောင်က ဖုန်းချပစ်လိုက်သည်။ ဝေ့ရှီမင်း သူ့ကိုယ်သူ ကာကွယ်ပြောဆိုရန် မည်သည့်အခွင့်အရေးမှ မပေးခဲ့ပေ။ 


ဝေ့ရှီမင်းက သူ့ဖုန်းကို ကိုင်ရင်း သူ့တစ်ကိုယ်လုံး တုန်နေသည်။ 


ကျိုးကျွမ်…


ထပ်ပြီးတော့ ကျိုးကျွမ်ပဲလား…


ကလေးတွေကို လဲခဲ့တာလည်း သူပဲ ….ဝေ့မင်ကျန်းကို အနိုင်ကျင့်ခဲ့တာလည်း သူပဲ… ငါ့ကို ငွေညှစ်ခဲ့တာလည်း သူပဲ..ကျန့်ယောင်ကို အရှက်ခွဲခဲ့တာလည်း သူပဲ….


အရာအားလုံးက သူ့ကြောင့်ပဲ…


"အခုသွားလို့ရပြီ…”

လီယုံးနာ့က ခေါင်းခါလိုက်သည်။ ကျန့်ယောင်ကပင် ဝေ့ရှီမင်းကို စွန့်ပစ်ခဲ့၍ သူက အမှန်တကယ်ပင် အသုံးမဝင်တော့ပေ။ 


ဝေ့ရှီမင်း၏ မျက်လုံးများက နီရဲလာသည်။


 မဒမ်ဝေ့က ဝေ့ရှီမင်း၏ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ပုံစံကို ကြည့်နေမိရင်း တဖြည်းဖြည်းနှင့် သူမ၏ ဒေါသများပြေလျော့လာပြီး ဝမ်းနည်းခြင်းများသာ ကျန်ခဲ့သည်။ သူမ သူ့ကို နောက်တစ်ကြိမ် ကြည့်မနေတော့ပေ။ သူမ ထပ်မံ စိတ်ပျော့သွားမည်ကို စိုးရိမ်သဖြင့် လှည့်ထွက်ကာ အခန်းထဲမှ ထွက်သွားသည်။ 


အခန်းထဲမှ ထွက်လာပြီးနောက် မဒမ်ဝေ့က ဝေ့မင်ကျန်းကို ကမန်းကတန်း ဖုန်းခေါ်လိုက်သည်။ ဖန်သားပြင်ပေါ်ရှိ နာမည်ကို စိုက်ကြည့်ရင်း မဒမ်ဝေ့၏ နှလုံးခုန်သံက မြန်လာလေသည်။ 


သူမ စိတ်ကသိကအောက် ဖြစ်နေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး အထက်အရာရှိထံ သတင်းပို့ရမည့် လက်အောက်ငယ်သားကဲ့သို့ ခံစားလိုက်ရသည်။


ခဏအကြာတွင် ဖုန်းဝင်သွားသည်။ မဒမ်ဝေ့က စိုးရိမ်တကြီးနှင့် သူ့နားနားသို့ ဖုန်းကိုကပ်ပြီးမေးလိုက်သည်။

 "မင်ကျန်း...ဘယ်တော့ပြန်လာမှာလဲ…”


"မဒမ်ဝေ့…”

 မဒမ်ဝေ့၏ မျက်လုံးများ အနည်းငယ်နီသွားသည်။ 


"မားလို့ပဲခေါ်ပါ…မင်ကျန်း မား ဝေ့ရှီမင်းနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီလေ… မနက်ဖြန် သူ့အိမ်ထောင်စုစာရင်းကို ပြောင်းလိုက်တော့မယ်… ဒါကို မင်းအဖွားကို ရှင်းပြပြီးပြီ မင်းအဖွားကလည်း သဘောတူတယ်…”

ထို့နောက် ခဏ တိတ်ဆိတ်သွားခဲ့သည်။ 


"မား…အဆင်ပြေရဲ့လား…”

မဒမ်ဝေ့ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ပြီး မထူးဆန်းဟန်ဖြင့် ပြောလိုက်သည်။


"ဒါပေါ့ မား အဆင်ပြေပါတယ်…”


 "မား…သားကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်…”

ဖုန်းထဲမှ ရယ်သံတစ်ခု ထွက်လာသည်။


မဒမ်ဝေ့လည်း ထိုချိုမြိန်သည့် ရယ်မောသံကို နားထောင်ပြီး သူမ၏ နှလုံးသားထဲတွင် ငှက်တစ်ကောင်ဖြတ်ပျံသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ အလွန် ပျော်ရွှင်သွားမိသည်။ 


"ဘာတွေပြောနေတာလဲ...မားက သားကိုပဲ သေချာပေါက် ရွေးရမှာပေါ့…”


"အင်းပါ…ဟုတ်ပါပြီ…”

ဝေ့မင်ကျန်းက ဖြည်းဖြည်းလေး ပြောလာသည်။

 "ဝေ့ရှီမင်းက မိသားစုဝင်မဟုတ်ဘူးဆိုရင် ဝေ့မိသားစုက သူ့ကို ပေးထားတဲ့ ပစ္စည်းတွေကို သူ ပြန်ပေးသင့်တယ်နော်…”


မဒမ်ဝေ့ ကြောင်အသွားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

 "သား ပြောတာမှန်တယ်…အဲဒါတွေအားလုံးကို ပြန်ပေးသင့်တယ်…”


ခဏ ရပ်သွားပြီးနောက် မဒမ်ဝေ့

က စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

 "မင်ကျန်း…ဘယ်တော့ပြန်လာမှာလဲ…”


"နှစ်ရက်အတွင်းပြန်လာခဲ့ပါ့မယ်…”

ဝေ့မင်ကျန်းက သူမကို စိတ်ချစေရန် ပြောလိုက်သည်။

"မားက သားကိုရွေးခဲ့တာပဲလေ… သား သေချာပေါက် ပြန်လာမှာပါ…”


မဒမ်ဝေ့လည်း ထိုသို့ ကြားလိုက်ရသောအခါမှ ပြုံးနိုင်သွားသည်။