Chapter 98
ဝေ့မိသားစုမှ နှင်ထုတ်ခံရခြင်း
ဝေ့ရှီမင်း တုံ့ဆိုင်းနေသည်ကို မြင်သည်နှင့် လီယုံးနာ့က သူ မည်သည့် အဖြေပြန်ပေးမည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော်လည်း သူ ဝန်ခံပြီးသည်နှင့် သူမ စိတ်မပျက်ဘဲ မနေနိုင်ဖြစ်သွားသည်။
ဝေ့ရှီမင်းက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် သူ၏ကိုယ်ရေးအချက်အလက်အစစ်အကြောင်းကို သိခဲ့သော်လည်း ထိုအကြောင်းကို မပြောခဲ့ပေ။ သူက ကျိုးကျွမ်အကြောင်းကို မပြောခဲ့သကဲ့သို့ ထိုအချိန်က ဒုက္ခခံစားနေရဆဲဖြစ်သည့် ဝေ့မင်ကျန်း၏ အကြောင်းကိုလည်း မပြောခဲ့ပေ။
လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ဝေ့ရှီမင်းက ဉာဏ်ရည်ထက်မြက်ပြီး လိမ်မာလာပုံရသည်ကို မဒမ်ဝေ့ သတိရမိသွားသည်။ သူက သူမ စိတ်ကျေနပ်စေရန်အတွက် တတ်နိုင်သည့် အရာအားလုံးကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုအတွေးက သူမကို အလွန်ပင် အေးစက်သွားစေသည်။
သူ ဘယ်သူဆိုတာ သိသွားခဲ့လို ငါ စိတ်ကျေနပ်အောင် ကြိုးစားနေခဲ့တာများလား…
သူက ကျန့်ယောင်ကို လုပ်ကြံခဲ့သည်။ သူက သူမအတွက် ထောင်ချောက်တစ်ခု ဆင်ခဲ့ပြီးနောက် သူမကို ပြန်လည် ကယ်တင်ခဲ့သည်။ ထို့ကြောင့်သာ ကျန့်ယောင်က သူ့ကို ချစ်မိသွားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်ကိုမူ ဖော်ထုတ် ပြီးပြီဖြစ်သည်။
ထိုအချိန်တွင် လူတိုင်းက သူ ကျန့်ယောင်ကို အလွန်ချစ်သောကြောင့် သူမနှင့် နီးစပ်ရန် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံကို သုံးရန် ကြိုးစားခဲ့သည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော်လည်း ယခုတွင် ထိုအသံသွင်းမှတ်တမ်း ပေါ်ပေါက်လာသည်နှင့် ထိုအဖြစ်အပျက်၏ သဘောသဘာဝက လုံးဝပြောင်းလဲသွားခဲ့သည်။
မဒမ်ဝေ့က လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။
လီယုံးနာ့လည်း မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။
ထိုအခိုက်အတန့်တွင် အိမ်တော်ထိန်းက ထူးဆန်းသောအမူအရာဖြင့် ဝင်လာသည်။
"သခင်မ...မဒမ်…ကျွန်တော်တို့ဆီကို ဧည့်သည်တစ်ယောက် ရောက်လာပါတယ်…”
"ဧည့်သည်လား…”
လီယုံးနာ့က မေးလိုက်သည်။
"ဘယ်သူလဲ…”
အရေးကြီးသည့် ဧည့်သည်မဟုတ်ပါက ယခုလိုအချိန်တွင် အိမ်တော်ထိန်းက ထိုသူအား ဝင်ခွင့်ပေးမည်မဟုတ်ပေ။ အိမ်တော်ထိန်းကပြောလိုက်သည်။
"သခင်မ…မဒမ်…သူက ဟိုအရင်တုန်းက သခင်မကြီး ရဲ့အင်ဆူလင်ကို အမှားလုပ်မိတဲ့ သူနာပြုဆရာမပါ…သူက မှားယွင်းစွပ်စွဲခံရတာပါလို့ ပြောနေပါတယ်…”
လီယုံးနာ့ မျက်မှောင်ကြုတ်လိုက်သည်။
"သူနာပြုဆရာမလား... သူ ဒီကို ဘာအတွက်လာတာလဲ…”
မဒမ်ဝေ့လည်း ဝေ့ရှီမင်း ကျန့်ယောင် ကို တိုက်ခိုက်ရန် ကြံစည်ခဲ့ပုံကို သတိရမိသွားသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"အမေ…သူ့ကို ဝင်ခွင့်ပြုပြီး သူ ဘာပြောမလဲဆိုတာကို နားထောင်ပေးလိုက်ပါ…သူ့ကို အလုပ်ထုတ်လိုက်တုန်းကလည်း သူက မှားယွင်းစွပ်စွဲခံရတာပါလို့ အခိုင်အမာပြောခဲ့ပြီး ဒီလောက် နှစ်တွေကြာတဲ့အထိ ဒီဇာတ်လမ်းကို ဆက်ပြောနေတုန်းပဲ ...အဲ့ဒီအချိန်က တစ်ခုခုတော့ ဖြစ်ခဲ့တာ ရှိလိမ့်မယ်…”
ဝေ့ရှီမင်းက သူနာပြုဆရာမ ရောက်ရှိလာသည့် သတင်းကို ကြားသည်နှင့် သူမျက်နှာက ဖြူဖျော့သွားသည်။
ငါတော့ ပြီးသွားပြီ….
ဝေ့မင်ကျန်းက သူ့ကို ဆန့်ကျင်ရန် တတ်နိုင်သည့် နည်းမျိုးစုံကို အသုံးပြုမည်ကို သူသိသော်လည်း သူ အနည်းငယ် သတိလက်လွတ်ဖြစ်နေဆဲပင်။ သူ့အမေအရင်းမှ သူနာပြုဆရာမအထိ၊ သူ့ကို ပြီးဆုံးသွားအောင်လုပ်ရန် အရာအားလုံးကို ဆွဲထုတ်ခဲ့သည်။ ထိုအရာများကို ပြန်လည်ပြောင်းပြန်လှန်ရန် သူ့၌ မည်သည့် အခွင့်အရေးမှ မရှိခဲ့ပေ။
အခုအချိန်၌ သူနာပြုတွင် မည်သည့်အထောက်အထားမှ မရှိခဲ့လျှင်ပင် သူက ဆေးကို တမင်တကာ လက်ဆော့ခဲ့သည်ဟု လူတိုင်းက သံသယရှိနေမည်မှာ အသေအချာပင်။
မည်သည့် အထောက်အထားကိုမှ မလိုအပ်ပေ။ အသေးငယ်ဆုံးသော သံသယစိတ်ကပင် သူ့ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်နိုင်သည်။
သို့သော်လည်း သူ လုံးဝလက်မခံနိုင်ပေ။ ထိုအပြစ်ကို ဝန်ခံပြီးသည်နှင့် မိသားစုမှ ထုတ်ပယ်ခံရရုံသာမက ထောင်ပါ ချခံရနိုင်သည်။
ခဏအကြာတွင် အိမ်တော်ထိန်းက သူနာပြုတစ်ဦးနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။ သူနာပြုဆရာမ၏ မျက်နှာက နှစ်အနည်းငယ်အတွင်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ဆံပင်ကတိုပြီး သပ်ရပ်ကာ အသားအရေကလည်း ကြမ်းတမ်းနေသည်။ သူမ၏ လက်ရှိအခြေအနေက မကောင်းမွန်သည်မှာ ထင်ရှားလှသည်။
သူက အခန်းထဲကို ဝင်လာပြီး နှုတ်ဆက်လိုက်သည်။ "သခင်မ...မဒမ်…”
မဒမ်ဝေ့က မေးလိုက်သည်။
"အိမ်တော်ထိန်း ပြောတာတော့ မင်းမှာ နာကြည်းချက်တွေရှိတယ်ဆို…”
သူနာပြုဆရာမက ထိုမေးခွန်းကိုကြားသည်နှင့် သူမအမူအရာက ဝမ်းနည်းဟန်ပေါ်လာသည်။
"ဟုတ်ပါတယ်…ကျွန်မက မမှန်မကန်စွပ်စွဲခံရတာပါ…ကျွန်မ ဒီမိသားစုအတွက် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့တယ်…ကျွန်မရဲ့ တစ်ခုတည်းသောအလုပ်က သခင်မကြီးကို ပြုစုရတာမို့ အလုပ်လုံးဝမရှုပ်ပါဘူး…ဒါကြောင့် ကျွန်မက ဆေးတွေကို မတိုက်/မထိုးခင် အမြဲ နှစ်ခါ၊သုံးခါလောက် စစ်ဆေးပါတယ်…”
လီယုံးနာ့နှင့် မဒမ်ဝေ့တို့က တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြသည်။
ဝေ့ရှီမင်းက စကားဖြတ်ပြီး ပြောလိုက်သည်။
"ဒါပေမယ့် အဲဒီနေ့က မင်းအမှားလုပ်မိသွားတယ်လေ…လူတွေက စက်တွေမဟုတ်ဘူး…စက်တွေတောင်မှ အမှားလုပ်မိသေးတာပဲ…လူတွေလည်း အမှားလုပ်မိကြတာ ပုံမှန်ပါပဲ…”
"ကျွန်မ မလုပ်မိခဲ့ပါဘူး…”
သူနာပြုဆရာမက သူ့ကိုယ်သူ အမြန်ကာကွယ်ခဲ့သည်။
"ကျွန်မ အဲဒီဆေးကို အနည်းဆုံး သုံးကြိမ် စစ်ကြည့်ခဲ့တယ်…သေချာပေါက်ကို ကျွန်မ အမှားမလုပ်မိဘူး…”
လွန်ခဲ့သည့်တစ်နှစ် သူနာပြုဆရာမ အလုပ်ထုတ်ခံရသည့်အချိန်ကလည်း သူမ ထိုသို့ အလားတူပင် ပြောခဲ့ဖူးသော်လည်း မည်သူမျှ သူမကို မယုံကြပေ။ အချက်အလက်များက စကားလုံးများထက် ပိုကျယ်လောင်သည်။ သူမက ထိုနေရာတွင် ရှိသည့် တစ်ဦးတည်းသော သူနာပြုဖြစ်သည်။
သူကလွဲပြီး တခြားဘယ်သူကများ မှားနိုင်ပါ့မလဲ…
သူနာပြုဆရာမက ထိုမကျေနပ်ချက်ကို မဆေးကြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမက ထိုဆေးကို ညွှန်းပြီး ပြင်ဆင်ပေးခဲ့သူဖြစ်သည်။ သူမပင် မသိလိုက်ဘဲ အမှားလုပ်မိသွားခြင်း ဖြစ်နိုင်ဟု သူ့ကိုယ်သူပင် သံသယဝင်လာခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ကိစ္စများက မတူတော့ပေ။
အခြားတစ်ယောက်ကသာ ဆေးများကို ရှုပ်ထွေးစေခဲ့လျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။
"...အဲဒီနေ့က ဖြစ်ခဲ့တာတွေကို ကျွန်မရှင်းရှင်းလင်းလင်း မှတ်မိပါတယ်…သခင်မကြီးက ရေချိုးခန်းထဲမှာ ရှိနေတယ်... ကျွန်မက ဆေးကို အခန်းထဲ ယူလာခဲ့တယ်၊ ပြီးတော့ အခန်းအပြင်ဘက်က အသံကျယ်ကျယ်တစ်သံကို ရုတ်တရက် ကြားလိုက်ရလို့ အပြင်ကို ပြေးထွက်လာတော့ အစေခံတစ်ယောက်က ပန်းအိုးကြောင့် ဒဏ်ရာရသွားတာကို မြင်လိုက်ရတာနဲ့ပဲ သူ့ကို ရှေးဦးသူနာပြုနည်းလေးနဲ့ အမြန်ကုပေးခဲ့တာပါ…”
လီယုံးနာ့က ခေါင်းညိတ်ပြလိုက်သည်။ ထိုအဖြစ်အပျက်ကို သူမလည်း မှတ်မိသည်။
"ပြန်ရောက်တော့ အဘွားက သတိမေ့ပြီး လဲကျနေပြီ…သခင်လေးဝေ့က အဘွားရဲ့ဘေးမှာ ရှိနေတယ်…သူ့လက်ထဲမှာ သကြားရှိနေတယ် သူက အဘွားအတွက် ရေခွက်ထဲကို သကြားလောင်းထည့်ပေးလိုက်တာပါ…”
အင်ဆူလင်အလွန်အကျွံ သုံးလိုက်မိခြင်းက သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သကြားပါသောရေသောက်ခြင်း သို့မဟုတ် ဂလူးကို့စ် ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
"အဲဒီအချိန်က သခင်လေးဝေ့က သူနဲ့အတူ သကြားပါလာလို့ ကျွန်မ တော်တော်လေး စိတ်သက်သာရာရသွားတယ်…ဒါပေမယ့် အခုစဉ်းစားကြည့်တော့ တိုက်ဆိုင်တာ အရမ်းများလွန်းမနေဘူးလား…”
သူနာပြုဆရာမက ဆက်ပြောလာသည်။
"အဲဒီဖြစ်ရပ်ပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ အပြစ်တင်နေမိတယ်…ဆေးကို ထပ်ခါထပ်ခါ သေချာစစ်ကြည့်ရဲ့သားနဲ့ ဘာလို့များ မှားသွားရတာလဲပေါ့…ကျွန်မ အင်ဆူလင်ရော ဆေးပမာဏကိုပါ တကယ်ပဲ မှားပေးမိသွားတာလား…အဲ့လိုမှ မဟုတ်ရင်…ကျွန်မပေးတဲ့ဆေးကဘယ်လိုများ မှားသွားရတာလဲပေါ့…”
"ကျွန်မ အပြစ်ကနေ လွတ်အောင် ကြိုးစားနေတယ်လို့ လူတိုင်းက ထင်နေကြတယ်…ကျွန်မ ကိုယ်တိုင်တောင် သံသယဝင်မိတယ်… ကျွန်မ အလုပ်ထုတ်ခံရတဲ့အချိန်က ဘာအငြင်းအခုံမှ မလုပ်ခဲ့ပါဘူး…ဒါပေမယ့် အခု အခြေအနေတွေက မတူတော့ဘူး…"
သူနာပြုဆရာမက ဝေ့ရှီမင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"နောက်တော့ ကျွန်မ စဉ်းစားမိတာတစ်ခုက... ကျွန်မ အဘွားရဲ့ အိပ်ခန်းထဲမှာ ဆေးထည့်ပြီး အပြင်ဘက်ကဆူညံသံတစ်ခု ကြားလို့ ထွက်လာလိုက်တယ်ဆိုတော့…ဒီအတောအတွင်းမှာ တစ်ယောက်ယောက်က ဆေးကို လက်ဆော့လိုက်တာ ဖြစ်နိုင်တယ်…ကျွန်မ အရင်ကတော့ ဘယ်သူ့ကိုမှ သံသယမရှိခဲ့ပါဘူး…ဒါပေမယ့် အခုအချိန်မှာ သခင်လေးဝေ့က အဲဒါကို လုပ်ခဲ့တယ်လို့ ကျွန်မ သံသယဝင်မိနေတယ်…”
ဝေ့ရှီမင်းက စိတ်တိုပြီး ဒေါသတကြီးဖြစ်သွားကာ မေးလိုက်သည်။
"ငါက ဆေးတွေကို မှားအောင် လုပ်လိုက်တယ်လို့ မင်းက ပြောနေတာလား…”
သူနာပြုဆရာမက ပြောလိုက်သည်။
"မင်းကို အရင်က မသင်္ကာမဖြစ်ဖူးဘူး… ဘယ်မြေးကများ သူ့အဖွားကို အန္တရာယ်ပြုမယ်လို့ သံသယဝင်ရမှာလဲ…ဒါပေမယ့် အခုတော့ မင်းပဲဆိုတာ ငါသေချာသွားပြီ…အသံသွင်းထားတဲ့ အသံဖိုင်မှာ မင်းဘယ်သူဆိုတဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက သိတယ်လို့ ပြောထားတယ်…အရင်က မင်းက သခင်လေးအတုဆိုတာ သိသွားလို့ ဝေ့မိသားစုမှာ ဆက်နေဖို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ရှာကြံနေခဲ့တာပဲ…”
" ခင်ဗျား..."
သူနာပြုဆရာမက သူ့အကြောင်းပြချက်များကို နားမထောင်ချင်ပေ။
"တစ်နေ့နေ့မှာ မင်းဘယ်သူဆိုတာ ပေါ်သွားမယ်ဆိုတာကို မင်းသိတယ်…ဒါကြောင့် မင်းဆေးကို တမင်တကာ လဲခဲ့တာ…ပြီးတော့မှ သခင်မကြီးကို ကယ်မယ် ၊ ဒါဆို သခင်မကြီးက မင်းကို ကျေးဇူးတင်လိမ့်မယ်…အချက်အလက်တွေသက်သေပဲ…လူတိုင်းက မင်းလုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စတွေအကြောင်း ပြောနေကြပြီး တခြားလူတွေ မင်းကို စွန့်ပစ်သွားတဲ့အချိန်မှာ မင်းကိုကာကွယ်ပေးတဲ့သူက တစ်ချိန်က အသက်ကို ကယ်တင်ပေးခဲ့တဲ့ သခင်မကြီးပဲ ဖြစ်နေမှာ…”
"ဒါ ခင်ဗျားရဲ့ထင်ကြေးသက်သက်ပဲ…သက်သေ အထောက်အထားတွေကရော ဘယ်မှာလဲ…”
သူနာပြုဆရာမက အံကြိတ်လိုက်သည်။ အားလုံးပြောပြီးသည်နှင့် သူမ၏ နှလုံးသားထဲတွင် အနည်းငယ် ရှက်ရွံ့သွားမိသည်။ သို့သော်လည်း သူမ ပြောရန် သင်ကြားခဲ့သည့် စကားလုံးများကိုတွေးကာ အသက်ပြင်းပြင်းရှူလိုက်မိသည်။
"သခင်လေးဝေ့က ဘာလို့များ သကြားကိုသယ်လာရတာလဲ…သကြားရေက သွေးတွင်းသကြားဓါတ်လျော့ကျတာကို ကုသနိုင်တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ…ဒါက အရမ်းကို တိုက်ဆိုင်လွန်းနေတယ်မဟုတ်လား…”
ယနေ့ သူမ ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာ သူမ၏ နာကြည်းမှုများကို ဆေးကြောပစ်ရန် ဖြစ်သည်။ အလုပ်ထုတ်ခံရပြီးနောက်တွင် သူမကို မည်သူမှ မငှားတော့ပေ။
သူမ အလုပ်ကို ဆုံးရှုံးလိုက်ရရုံသာမက သူမကို ပြသနာ လာရှာသည့် လူများလည်း ရှိခဲ့သည်။ နေ့ရက်တိုင်းက အလွန်ခက်ခဲခဲ့သည်။ လွန်ခဲ့သောနှစ်က သူမဘဝတွင် အခက်ခဲဆုံးနှစ်ဖြစ်ခဲ့သည်။
ထို့နောက်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် သူမကို ဆက်သွယ်လာခဲ့သည်။ အင်ဆူလင်မှားထိုးသည့် အဖြစ်အပျက်က ဖော်ပြထားကဲ့သို့ ဖြစ်ပျက်ခဲ့ပုံမပေါ်ဘဲ သူ့ကို လွှဲချလိုက်ခြင်း ဖြစ်နိုင်သည်ဟု သူတို့က ပြောလာသည်။ သူနာပြုဆရာမလည်း စိတ်ခံစားမှုများဖြင့် ပြည့်နှက်လာပြီး သူမ၏ မကျေမနပ်များကို ဖယ်ရှားပစ်ချင်ခဲ့သည်။ သူနာပြုဆရာမက သူကိုယ်သူ အပြည့်အ၀ပြင်ဆင်ပြီးသည်နှင့် ဝေ့မိသားစုတံခါးကို လာခေါက်ရုံသာ။ သူနာပြုဆရာမပြောသည်ကို နားထောင်ပြီးနောက် လီယုံးနာ့၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ ထိုအချိန်က အခြားသံသယရှိရမည့်သူမရှိသောကြောင့် သူနာပြုအား အပြစ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ဝေ့ရှီမင်းက ပို၍ပင် သံသယဝင်စရာ ကောင်းနေသည်။
ဝေ့ရှီမင်းက သူလက်သီးများကို တင်းတင်းဆုပ်ပြီး ပြောလိုက်သည်။
"အဖွားမှာ ဆီးချိုရှိတယ်… ကျွန်တော်က အဖွားကို ဂရုစိုက်လို့လေ…ဒါ့ကြောင့်ပဲ အဲ့လိုရောဂါတွေအကြောင်းကို ပိုလေ့လာထားတာ အဲဒါ ဘာဖြစ်နေလို့လဲ…ပြီးတော့ ခင်ဗျားအပြင်ကို ထွက်သွားမယ်ဆိုတာကို ကျွန်တော်က ဘယ်လိုလုပ်သိပါ့မလဲ… ကျွန်တော်က ဆေးတွေကို ဘယ်လိုလုပ် လက်ဆော့ရမှာလဲ…အဖွားက အခန်းထဲမှာ တစ်ချိန်လုံးရှိနေတယ်လေ…”
လီယုံးနာ့၏ အမူအရာက ပြန်လည်တိုးတက်လာသည်။ ဤသည်ကလည်း အမှန်ပင် ဖြစ်သည်။ ထိုအနီးအနားတွင် လူများကတချိန်လုံး သွားလိုက်လာလိုက် လုပ်နေကြသည်။ သူ့အတွက် ထိုကဲ့သို့သောအရာများကို လုပ်ရန် အလွန် ခက်ခဲလိမ့်မည်။
မဒမ်ဝေ့ပင် သံသယအချို့ လျော့နည်းသွားခဲ့သည်။
အကယ်၍ သူသာ ဆေးဝါးကို ကမောက်ကမ ဖြစ်ရန် ပြုလုပ်လိုပါက သူနာပြုကို နှောင့်ယှက်ရန်၊ သူ့အဖွားကို နှောင့်ယှက်ရန်နှင့် အနီးနားရှိ အစေခံများကိုပါ နှောင့်ယှက်ရန် လိုလိမ့်မည်။
သူဘယ်လိုလုပ်လိုက်တာလဲ…ဒါက သူလျှိုရုပ်ရှင်လိုမျိုးလည်း မဟုတ်ဘူး...
"အဲ့ဒါက အချိန်ဇယားကြောင့်ပါ…”
သူနာပြုဆရာမက သခင်မကြီး၏ အင်ဆူလင်ကို အစာမစားမီ တစ်နာရီအလိုတွင် အမြဲစီမံပေးသည်ဟု ဆိုသည်။
“ပင်မအိမ်တော်က နေ့တိုင်း တစ်ချိန်တည်းမှာပဲ ပုံမှန် အစားအသောက်တွေ တည်ခင်းပေးတာဆိုတော့ သခင်မကြီး ဘယ်အချိန်ဆေးသောက်မယ်ဆိုတာကို သိဖို့ အရမ်းလွယ်ပါတယ်…”
“အဲ့ဒီအချိန်က သခင်မကြီးက မနက်ဆယ်နာရီလောက်မှာ ရေချိုးခန်းကို အမြဲသုံးလေ့ရှိတယ်…မင်းငါ့ကို ပထုတ်ဖို့ နည်းလမ်းရှာလို့ရနေသရွေ့ အခန်းထဲကို ဝင်ပြီး ဘယ်သူကမှ မသိအောင် ဆေးတွေကို လဲလိုက်လို့ရတယ်…”
သူနာပြုဆရာမက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ စိတ်ထဲတွင် မသေချာမရေရာမှုအနည်းငယ် ခံစားလိုက်ရသော်လည်း သူမ ဆက်ပြောလိုက်သည်။
"အဲဒီနေ့က ဒဏ်ရာရသွားတဲ့ အစေခံကို ဘာလို့ မခေါ်ကြည့်ရတာလဲ…သူ ဘာလို့ အဲဒီအချိန် အတိအကျကြီးကျမှ ဒဏ်ရာရခဲ့တာလဲ…”
ဝေ့ရှီမင်း၏ မျက်နှာက တင်းမာသွားသည်။
ဆေးကို သူ့တစ်ယောက်တည်းအားဖြင့် လဲလှယ်ရန်က ခက်ခဲလွန်းလှ၍ သူနှင့်ပူးပေါင်းမည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန်မှတပါး ရွေးချယ်စရာမရှိပေ။ မဟုတ်ပါက သူ့ဆေးများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
သူနာပြုဆရာမက အမှန်တွင် သူမကိုယ်သူမ ယုံကြည်မှု မရှိပေ။ ထိုအစေခံက ဝေ့ရှီမင်း၏ ကြံရာပါဟု သူမကို ပြောသည့်လူက ပြောလာခဲ့သည်။ ထိုလူထံတွင်လည်း မည်သည့် အထောက်အထားမှ မရှိပေ။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သူမ၏ ပြန်ပြောပြမှုအပေါ် အခြေခံ၍ ထင်ကြေးပေးမှုသာ ဖြစ်သည်။ သူနာပြု၏နှလုံးသားက ဒရမ်ကဲ့သို့ ခုန်နေသည်။
"အဲဒီအစေခံက ဘယ်မှာလဲ…”
လီယုံးနာ့က ချက်ချင်းပင် အိမ်တော်ထိန်းကို မေးလိုက်သည်။
“သခင်မ…အဲ့ဒီအစေခံက အဲ့ကိစ္စဖြစ်ပြီးတော့ သိပ်မကြာခင်မှာပဲ နှုတ်ထွက်သွားပါတယ်…”
အိမ်တော်ထိန်းက ပြန်ဖြေခဲ့သည်။
လီယုံးနာ့က ကုတင်ကို လက်နှင့်ရိုက်ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
"သူ့ကိုချက်ချင်းသွားရှာ…”
ဝေ့ရှီမင်း၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့ဘဝ ပြီးဆုံးသွားသည်ကို သိလိုက်သည်။ သူက အမှန်တကယ်ပင် လုပ်ခဲ့ခြင်းဖြစ်သည်။ သူနာပြုဆရာမကို အနှောင့်အယှက်ပေးရန်အတွက် သူ ထိုအစေခံနှင့်ပူးပေါင်းခဲ့သည်။
ထို့နောက် သူက ထိုအစေခံအား ငွေအချို့ပေးပြီး တတ်နိုင်သမျှအမြန်ဆုံး အိမ်မှထွက်သွားရန် ပြောလိုက်သည်။
*
ကျန့်မိသားစုတွင်….
ကျန့်ယောင်က အပြင်ထွက်ခါနီးဖြစ်သော်လည်း မဒမ်ကျန့်က သူမကိုတားလိုက်သည်။
"ယောင်ယောင် ဒီကိုလာပါဦး၊ မား သမီးကိုပြောစရာရှိတယ်..."
ကျန့်ယောင်လည်း မဒမ်ကျန့်ဆီသို့ လျှောက်သွားလိုက်သည်။
"မားး...”
"သမီး ဝေ့ရှီမင်းကို ဘယ်လိုလုပ်မှာလဲ…”
မဒမ်ကျန့်က လိုရင်းကို တည့်တိုးပင် မေးလိုက်သည်။ ကျန့်ယောင် မျက်မှောင်ကြုတ်လိုက်သည်။
"သမီးလည်းမသိသေးဘူး…"
ဝေ့ရှီမင်းက သူမအား နှောင့်ယှက်ရန် ထိုလူဆိုးများကို ငှားရမ်းခဲ့ကြောင်း သူမ သိလိုက်သောအခါ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူမက ပြီးပြည့်စုံသော ချစ်သူကို ရှာချင်ခဲ့သော်လည်း ယခုအခါ ဝေ့ရှီမင်းက ပြီးပြည့်စုံသည့်လူ မဟုတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်လည်း ၂နှစ်ဟူသည့် အချိန်ကာလကို ကျော်လွန်လာပြီးနောက်တွင် သူမက သူ့အပေါ် ခံစားချက်များ ရှိနေဆဲဖြစ်သည်။
မဒမ်ကျန့်က သူ့ကို အကြံပေးလိုက်သည်။
"ယောင်ယောင်…ဝေ့ရှီမင်းနဲ့ လမ်းခွဲလိုက်ပါ…”
ကျန့်ယောင် သူမ၏ စိုစွတ်နေသော မျက်လုံးများကို မော့ကာ သူ့အမေကို စိုက်ကြည့်လိုက်သည်။
“ဘာလို့လဲ…”
ကျန့်ယောင် သူ့နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
မဒမ်ကျန့်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"သမီး မတွေ့ဘူးလား…ဝေ့ရှီမင်းက သူ့ ဘယ်သူလဲဆိုတာကို သိတာကြာပြီ…သူက သမီးကို တမင်လှည့်ဖျားပြီး သမီး သူ့ကို ချစ်သွားအောင် လုပ်ခဲ့တာ…”
"လောလောဆယ်တော့ လှည့်ဖျားတာကို မေ့ထားလို့ ရပါတယ်…ဒါပေမယ့် သူက ပြိုင်ပွဲ ရလဒ်တွေကို ပြင်တယ်…သူ့အတန်းဖော်တွေကို အနိုင်ကျင့်ပြီး သူ့မိသားစုကို လည်း ပစ်မှတ်ထားတယ်… ဒီလိုလူမျိုးက ကောက်ကျစ်ပြီး အမြင်ကျဉ်းတယ်…သူက သမီးကို ကောင်းကောင်း ဆက်ဆံတာက သမီးရဲ့ အဆင့်အတန်းနဲ့ ပုံပန်းသဏ္ဍန် ကြောင့်ပဲ… သူ သမီးကို လုံးဝ မချစ်ဘူး…”
ကျန့်ယောင်၏ မျက်လုံးများက အနည်းငယ်နီလာသည်။ "သမီး မယုံဘူး…”
ဝေ့ရှီမင်းက ငါ့ကို ဘာလို့ မချစ်ရမှာလဲ…ဒီကမ္ဘာပေါ်မှာ ငါ့ကို မချစ်တဲ့လူ မရှိဘူး…
မားမားကျန့်က ပြောလာသည်။
"ယောင်ယောင်…ဒီလိုလူက သမီးရဲ့အချစ်နဲ့ မထိုက်တန်ဘူး…”
ကျန့်ယောင် သူမ၏ နှုတ်ခမ်
းကို ကိုက်လိုက်ပြန်သည်။ "သမီး...သူနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တယ်…”
မဒမ်ကျန့်က သူမကို ရယ်လိုက်သည်။
"သူ ဝန်ခံမယ်လို့ သမီး ထင်နေတာလား…သူ့ကိုမေးရင် အဖြေတစ်ခုမှရနိုင်မှာမဟုတ်ဘူး…”