အပိုင်း ၉၇
Viewers 32k

Chapter 97

ဝေ့မိသားစုမှ နှင်ထုတ်ခံရခြင်း




သူက တိတ်ဆိတ်နေသည့် ဗီလိန်လေးကို လှည့်ကြည့်လိုက်သည်။ ထိုသူကသာ ရင်းနှီးမြှုပ်နှံမှု၏ နတ်ဘုရားအစစ်ဖြစ်သည်။ သူက ဝမ်ရှန်ရှန်ကို မငြင်းနိုင်သောကြောင့် ပြောလိုက်သည်။

 "တကယ်တော့ ငါ့ပါးရဲ့ လှည့်ကွက်တွေအားလုံးက မင်ကျန်းဆီက လာတာလေ…မင်းမှာ မေးစရာတွေရှိရင်သူ့ကို မေးလို့ရတယ်…”


 "အာာ…”

ဝမ်ရှန်ရှန်လည်း အံ့သြသွားသည်။ 

"မင်ကျန်းကောကောကလည်း ရင်းနှီးမြှုပ်နှံတာလား…” 


လုံချောင်နှင့် စုန့်နျန် တို့က ဗီလိန်လေးအား ဝန်းရံပြီးစေ့စေ့ကြည့်လိုက်ကြသည်။


ဗီလိန်လေးက ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်တယ်…”


ဆယ်ကျော်သက်လေးများက ချက်ချင်းဆိုသလို စိတ်ဝင်စားလာကြသည်။ 

"မင်းဘယ်လို ရင်းနှီးမြုပ်နှံတာလဲ…”


ဝေ့မင်ကျန်းက ပြောလိုက်သည်။

"ရင်းနှီးမြုပ်နှံမှုက မှန်းဆမှုလုပ်တာမျိုးနဲ့ မတူဘူး…အများအားဖြင့် အဲ့ဒါက ပိုပြီး အချိန်ကြာတဲ့ ရေရှည်လုပ်ငန်းစဉ်တစ်ခုပါပဲ…”


ကောင်လေးများက မေးလိုက်သည်။

 “ဒါက ရေရှည်အလုပ်လား…”


 "ဟုတ်တယ်…”

ဗီလိန်လေးက ပြုံးပြီးပြောလိုက်သည်။

 "ဥပမာ..ကုမ္ပဏီတစ်ခု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ရဲ့နောက်ကို လိုက်ချင်ရင်..မင်းဘယ်သူကို ဆန့်ကျင်နေတယ်ဆိုတာနဲ့ သူတို့ရဲ့ လက်ရှိအခြေအနေကို နားလည်ပြီး သူတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့လိုတယ်…”


ဝမ်ရှန်ရှန်က ငြင်းခုံလိုက်သည်။ 

"အားနည်းချက်မရှိရင် ဘယ်လိုလုပ်မလဲ…”


ဝေ့မင်းကျန်းက ပြောလိုက်သည်။

 "အားနည်းချက်တွေ မရှိဘူးဆိုရင် အားနည်းချက်တွေကို ဖန်တီးရမယ်…သူတို့ကို ခက်ခဲတဲ့ အခြေအနေရောက်အောင် လူထုရဲ့ အမြင်ကို ခြယ်လှယ်နိုင်ရမယ်…”


ကောင်လေးများ အချင်းချင်း တစ်ချက်ကြည့်လိုက်သည်။


ဝေ့မင်ကျန်းက ဆက်ပြောပြသည်။

 "သူတို့က ပစ်မှတ်ထားခံနေရတာသိသွားမယ်ဆိုရင် သတိထားနေလိမ့်မယ်… ဒါကြောင့် ဘာတွေဖြစ်နေတာလဲဆိုတာကို သူတို့မသိခင်မှာ ထောင်ချောက်တစ်ခုကို စချဖို့လိုတယ်…သူတို့ကို လှည့်စားဖို့ အပေါ်ယံကိစ္စတွေကို မင်း ခြယ်လှယ်ထားလို့ရတယ်… ပြိုင်ဘက်ကို အောင်ပွဲခံနိုင်ပြီဆိုတဲ့ ယုံကြည်ချက်ရသွားပြီး ထပ်ပြီး များများ ရင်းနှီးမြှုပ်နှံလာအောင် မင်းနည်းနည်းလောက် နောက်ဆုတ်ပေးရမယ်…”


"ခူးယူဖို့ အတွက် သူတို့ ရင့်မှည့်လာတဲ့အချိန်အထိ စောင့်ရမယ်…ပြီးရင် သူတို့ကို နှိမ်နင်းဖို့ မင်းရဲ့ စွမ်းအင်တွေ အားလုံးကို အားစိုက်ထုတ်ရမယ်… ဒါဆိုရင်တော့ မင်းရဲ့ ခွေးတွေအားလုံး လွှတ်ပေးပြီး ပြိုင်ဘက်ကို အနိုင်ပိုင်းလို့ရပြီ…”


ရှုနဉ်- “…….”


ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်တဲ့မိန့်ခွန်းမျိုးလဲ…..


ဗီလိန်လေးရဲ့မိန့်ခွန်းက ဘာလို့များ အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ရနေရတာလဲ…..


ရင်းနှီးမြုပ်နှံမှုလောကက သွေးထွက်သံယိုဖြစ်တတ်သည်ကို သူတို့သိသော်လည်း သားကောင်ကို အမဲလိုက်နေသကဲ့သို့ ပြောဆိုခြင်းက အနည်းငယ် အဆင်မပြေဖြစ်စေသည်။


သူတို့တကယ့်ကို အရမ်းအရမ်း အသားမကျသေးပါဘူးနော်…..


"... ရင်းနှီးမြုပ်နှံမှုက အနုပညာတစ်ခုလိုပဲ…. မင်းအဲဒီအရာက ရတာက ပိုက်ဆံချည်းပဲ မဟုတ်ဘူး…တစ်ခါတလေ ရန်သူက အဲဒီအသိုင်းအဝိုင်းမှာ ပြေးလွှားလည်ပတ်နေတာကို ကြည့်ရတာကစိတ်ကျေနပ်စရာပဲ…”


သူတို့ အားလုံး တုန်လှုပ်သွားကြသည်။ 


"တော်တော့ ..ရပ်လိုက်ပါ…ရပ်လိုက်ပါတော့…”

ရှုနဉ်က ညည်းညူလိုက်သည်။


"ဒါက မရင်းနှီးတဲ့ အကြောင်းအရာတွေပဲ…တကယ့်ကို ဘာကမှ ရင်းနှီးမနေဘူး….”


ဝေ့မင်ကျန်းလည်း စကားပြောသည်ကို ရပ်လိုက်သည်။ 


ဝမ်ရှန်ရှန်က စုပ်သပ်လိုက်ပြီး ပြောလာသည်။

 "ငါထင်တာတော့ ... ငါ့ပါးက မင်းပြောနေတာတွေကို လုပ်နိုင်လောက်မှာ မဟုတ်ဘူး…နည်းနည်းလောက် ရင်းနှီးမြုပ်နှံထားရင်ပဲ သူ့အတွက် လုံလောက်နေပါပြီ..." 


"အာာ အဲ့လိုမျိုးပဲပေါ့…”

ဝေ့မင်ကျန်းကပြောလိုက်သည် ။ 

"ဒါဆိုရင် မင်းရဲ့ပစ်မှတ်ကို သေသေချာချာ လေ့လာထားသင့်တယ်…မင်းမလုပ်ခင် အဲဒါကို ကောင်းကောင်းနားလည်ဖို့ လိုတယ်…အချက်အလက်တွေက အမြဲတမ်း အရင်လာတယ်…”


ဝမ်ရှန်ရှန် ခေါင်းညိတ်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူစကားဆက်ရန် မဖြစ်နိုင်တော့ပေ။ သူနှင့် ဝေ့မင်ကျန်းတို့က တူညီသောအရာကို ပြောနေခြင်းမဟုတ်ဟု သူ ဝိုးတဝါး ခံစားနေရသည်။ 


"ဟေး ဟေး တခြားတစ်ခုခု သွားကစားရအောင်…”

ရှုနဉ်က ပြောလိုက်သည်။ 


"မင်းဘာစီးမှာလဲ…”


"ဟိုမှာ ပင်လယ်ဓားပြသင်္ဘောတစ်စင်းရှိတယ်…”


"သွားရအောင်…ငါနောက်ဆုံးတန်းမှာထိုင်မယ်…”


 "စုန့်နျန် မင်းနောက်ဆုံးတန်းမှာထိုင်ဖို့ သတ္တိရှိလို့လား…”


"ဘာလို့ မထိုင်ရဲရမှာလဲ…ငါ့ကို စောင့်ကြည့်နေ…”


ကောင်လေးများ ချက်ခြင်းပင် မျောပါသွားကြသည်။သူတို့စကားစမြည်ပြောရင်း ပင်လယ်ဓားပြသင်္ဘောဆီသို့ ဦးတည်သွားကြသည်။ 


ရှုနဉ်နှင့် အခြားသူများက အပန်းဖြေဥယျာဉ်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ဆော့ကစားနေကြသည်။


 ထိုအချိန်တွင် ဝေ့ကော်ပိုရေးရှင်း၊ ဝေ့မိသားစုနှင့် ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းတို့တွင် အားလုံး ပေါက်ကွဲနေကြသည်။


မကြာသေးမီက ဝေ့ကော်ပိုရေးရှင်း၏တရားဝင်ဝဘ်ဆိုဒ်နှင့်ဆိုက်ယောင်၏ကျောင်းဖိုရမ်တွင် ပါးစပ်အဟောင်းသားဖြစ်သွားစေမည့် အသံဖမ်းယူထားသည့် မှတ်တမ်းကို လူတစ်ယောက်က တင်ခဲ့သည်။ 


အသံသွင်းထားသည့် မှတ်တမ်းထဲတွင် အမျိုးသမီးနှစ်ဦးက လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကလေးတစ်ဦးနှင့် အခြားတစ်ဦးကို ပြောင်းလဲခဲ့သည့်အကြောင်းကို ပြောဆိုခဲ့ကြသည်။ အစားထိုးခံရသည့် ကလေးက အမှန်ပင် ဝေ့မိသားစု၏ ကလေးဖြစ်နေသည်။ 


ထိုအသံသွင်းထားသည့်မှတ်တမ်း ပေါ်ပေါက်လာပြီးသည်နှင့် အင်တာနက်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့သည်။ 


ယခုတွင် ကျောင်းမှလူများသာ သိသွားရုံမက ကုမ္ပဏီရှိလူများလည်း သိသွားသည်။ အရေးကြီးသောအချက်မှာ သခင်လေးအစစ်နှင့်သခင်လေးအတုကို ‘ရည်ရွယ်ချက်ရှိရှိ လဲလိုက်ခြင်း’ဖြစ်သည်။


ဝေ့မိသားစုက အမြဲတမ်း အာရုံစိုက်ခံရသည့် မိသားစုဖြစ်သည်။ မူလက ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့၏ပြဿနာက အတန်းထဲ၌သာ ပျံ့နှံ့ခဲ့သည်။ အသံသွင်းထားသည့်မှတ်တမ်း ပေါ်ပေါက်လာပြီးသည့်နောက်တွင် အင်တာနက်တစ်ခုလုံးက ထိုအကြောင်းကို သိသွားကြပြီး လူကြိုက်များသည့်စာရင်းတွင်ပင် ချိတ်သွားခဲ့သည်။ 


ဝေ့မိသားစုက လုပ်ချင်လျှင်ပင် ထိုသတင်းကို ဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။ သတင်းက ပေါက်ကွဲအားကြီးလွန်းပြီး အတင်းအဖျင်းများ၏ စွမ်းအားက အမှန်ပင် ကြောက်စရာကောင်းလွန်းလှသည်။ 


ဘယ်သူကများ အဲဒီအသံဖမ်းမှတ်တမ်းကို အွန်လိုင်းပေါ် တင်ခဲ့တာလဲ… အသံဖမ်းမှတ်တမ်းထဲက အမျိုးသမီး နှစ်ယောက်က ဘယ်သူတွေလဲ…. တစ်ယောက်က ကျိုးကျွမ်လို့ခေါ်ပြီး ကလေးနှစ်ယောက်ကို အလဲအလှယ်လုပ်တဲ့ တရားခံက တကယ်ကို သူလား…


မကြာမီမှာပင် အင်တာနက်မှ အသံဖမ်းယူမှုမှတ်တမ်း၏ဇာတ်ဆောင် ကျိုးကျွမ်နှင့် ပတ်သက်သည့် အရာအားလုံးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူတို့က အခြား ဇာတ်ဆောင်နှစ်ဦးဖြစ်သည့် ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းတို့၏ အချက်အလက်များကိုလည်း တူးဖော်ခဲ့ကြသည်။ သူတို့က ဝေ့မင်ကျန်းနှင့် ဝေ့ရှီမင်းတို့ကြား ဖြစ်ပျက်ခဲ့သည့် အချက်အလက်များကိုပင် ရှာဖွေနိုင်ခဲ့သည်။ 


ထို့နောက်တွင် သူတို့အားလုံး ဝေ့မင်ကျန်းက သူတို့၏ ဝဘ်စာမျက်နှာတွင် ပေါ်လာသည့် ပထမဆုံးအကြိမ်မဟုတ်ကြောင်း သူတို့အားလုံး သိရှိသွားခဲ့ကြသည်။ 


ယခင်က အမှုနှစ်ခုရှိခဲ့သည်။ ပထမအမှုမှာ သူ၏ မွေးစားဖခင်ဖြစ်သူက သူ့ကို ဆေးရုံသို့ရောက်သည်အထိ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူ့မိဘများက သူ့ကို စွန့်ပစ်ခဲ့သည့်အတွက် သူ့အတန်းဖော်များက သူ့အတွက် ဆေးဖိုး စုဆောင်းရန် ရန်ပုံငွေ ကောက်ခံသည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။


ဒုတိယအမှုကမူ သူ့မွေးစားအဖေက လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းက ညနေခင်းသတင်းများထဲတွင်ပင် ပါဖူးသေးသည်။ 


သူ့အရင်နာမည်က ယင်းမင်ကျန်းဖြစ်သည်။ 


[အိုးး ဘုရားရေ…တကယ့်ကို ယင်းမင်ကျန်းပဲ….ငါတို့အားလုံးသူ့အကြောင်းသိတယ်…]


[မကြာသေးခင်က ဝေ့မိသားစုက တစ်ယောက်ယောက်က သူ့ကို လာခေါ်တာ…ငါ အကုန်မြင်လိုက်တယ်…] 


[ယင်းမင်ကျန်းက အဲဒီအချိန်တုန်းက အရမ်းသနားစရာကောင်းတယ်..သူ နေ့တိုင်းအရိုက်ခံရတယ်... အမှိုက်ပုံးထဲက ကောက်ထားတဲ့အဝတ်အစားတွေ ဝတ်ရပြီး စားဖို့တောင် အလုံအလောက်မရှိဘူး...မူကြိုလည်းမတက်ရဘူး…ရပ်ကွက်ကော်မတီကြောင့်သာ မဟုတ်ရင် ကျိုးကျွမ်နဲ့ယင်းချန်းက သူ့ကို ကျောင်းတက်ခွင့်တောင် ပေးမှာမဟုတ်လောက်ဘူး…] 


[အဲဒီ ယုတ်မာတဲ့ စုံတွဲလုပ်တာနဲ့ ယင်းမင်ကျန်းက တခြားကလေးတွေထက် ကျောင်းစတက်တာ တော်တော်တောင် နောက်ကျသွားတယ်…သူတို့က တကယ်ကို ရွံစရာကောင်းတယ်…အဲဒီအချိန်တုန်းက ငါတို့က သူ့ကမွေးစားခံထားရတာလို့ပဲ ငါတို့ အားလုံး ခန့်မှန်းမိခဲ့ကြတာ…ဘယ်သူကများ ကိုယ့်ကလေးအရင်းကို အခုလိုမျိုး ဆက်ဆံပါ့မလဲ…အခုတော့ အမှန်တရားက ငါတို့စိတ်ကူးထားတာထက်တောင် ပိုဆိုးနေပြီဆိုတာ ငါတို့သဘောပေါက်သွားပြီ…] 


အင်တာနက်ပေါ်ရှိ လူတိုင်းက ကျိုးကျွမ်နှင့်ယင်းချန်းအား ဒေါသတကြီးဖြင့် ရှုံ့ချကြသည်။ အထူးသဖြင့် သူတို့က ကျိုးကျွမ်ကို ငရဲကျပြီး ပြန်တက်မလာစေရန် ဆဲဆို ကျိန်းမောင်းနေကြသည်။ 


နောက်ဆုံးတွင် သူမက ကလေးများကို လဲလိုက်သူဖြစ်သည်။ သူမက ကံဆိုးမှုအားလုံး၏အစဖြစ်သည်။ 


ဇိမ်ခံဘဝတွင်သာ နေထိုင်ရမည့် ယင်းမင်းကျန်းက ယခုအချိန်တွင် ခွေးထက်ပိုဆိုးသည့် ဘဝနှင့် အဆုံးသတ်ခဲ့ရသည်။ ဆင်းရဲတွင်းထဲတွင် ကြီးပြင်းလာသင့်သည့် ဝေ့ရှီမင်းက ယင်းမင်ကျန်းတွင် ရှိသင့်သည့် အရာအားလုံးကို ရယူပြီး ပျော်မွေ့နေခဲ့သည်။ 


ဤကံကြမ္မာ ဖလှယ်မှုမျိုးက အမှန်ပင် ရွံရှာဖွယ်ကောင်းလွန်းလှသည်။ အင်တာနက်ပေါ်ရှိ လူထုအမြင်က တစ်ဖက်သတ်ဖြစ်သည်။ ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်း၏ ဖိုရမ်တွင်လည်း ဆွေးနွေးမှုများ အပြည့်ရှိသည်။ 


[ကျိုးကျွမ်က ကလေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လဲခဲ့တာတဲ့...ကြောက်စရာကောင်းလိုက်တာ…] 


[ယင်းချန်းကလည်း လူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတာတဲ့…အိုးး ဘုရားရေ...ဝေ့ရှီမင်းရဲ့ မိဘအရင်းတွေက ဒီလိုလူတွေဆိုတာကို ငါမယုံနိုင်ဘူး..] 


[ဝေ့ရှီမင်းရဲ့အမေ ကလေးကို လဲခဲ့တာက ဝေ့ရှီမင်း ချမ်းသာတဲ့အိမ်ရဲ့ စည်းစိမ်တွေကို ခံစားနိုင်ဖို့ပဲလေ…ပြီးတော့ သူက ဝေ့မင်ကျန်း ကို အိမ်ခေါ်သွားပြီး သူ့ကို နှိပ်စက်သေးတယ်…ဖျားချင်စရာပဲ…] 


[ ဝေ့မင်ကျန်းက ဝေ့မိသားစုကို ပြန်ရောက်ရောက်ချင်းပဲ ဝေ့ရှီမင်းက သူ့ကို ပစ်မှတ်ထားပြီး ဖိနှိပ်ပစ်ဖို့ကို သူတတ်နိုင်သမျှ လုပ်ခဲ့သေးတယ်…နောက်ဆုံး သူ့ထောင်ချောက်ထဲကို သူပြန်ကျသွားတာပဲ…ငါ သူ့မျက်နှာကြောင့် သူ့ပရိတ်သတ်ဖြစ်ခဲ့ဖူးတဲ့အကြောင်း တွေးမိတိုင်း ငါ့မျက်လုံးတွေကိုပဲ ဖောက်ထုတ်ပစ်လိုက်ချင်တယ်..] 


[သူ့မျက်နှာကိုပဲကြည့်ပြီး ပရိသတ်မလုပ်နဲ့…ဒီဓာတ်ပုံလေးကိုပဲ ကြည့်လိုက်ဥိီး…သူက လူသတ်သမား ယင်းချန်း နဲ့ တော်တော်တူတယ်…ငါတော့ ဝေ့ရှီမင်းရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ လူသတ်သမားလို့ တွေးလိုက်မိပြီ…]


[တစ်ယောက်ယောက်များ သတိထားမိသေးလား…အသံဖမ်းမှတ်တမ်းထဲမှာ ကျိုးကျွမ်က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ပေကျင်းကို ရောက်လာခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်…ဆိုလိုတာ ဝေ့ရှီမင်းက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သူဘယ်သူဆိုတာ သိနေခဲ့တာပဲ…သူ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘာတွေလုပ်နေခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ…] 


[အဲဒါကိုတွေးရင်း ငါ ရင်တွေတောင် တုန်သွားတယ်…လျန်ဖုန့်က လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဝေ့ရှီမင်းက ကျန့်ယောင်ကို နှောင့်ယှက်ဖို့ လူဆိုးဂိုဏ်းတစ်ဖွဲ့ကို ငှားခဲ့တယ်လို့ ပြောတယ်…ပြီးတော့ လူစွမ်းကောင်းလုပ်ပြီး ကျန့်ယောင်ကို "ကယ်"ဖို့ ဆုံးဖြတ်ခဲ့တယ်…မှတ်မိလား…အဲဒီ့အချိန်ကတည်းက သူ့ရဲ့ ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို သူသိပြီးသားဖြစ်လိမ့်မယ်… ဒီလိုမျိုးလုပ်တာကတော့………ငါတော့လူတိုင်းကို ရှည်ရှည်ဝေးဝေး စဉ်းစားစေချင်တယ်….]


[ဝေ့ရှီမင်းက ကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ပေမဲ့ သူက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ…ဝေ့မင်ကျန်းကတော့ ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူက စာမေးပွဲတွေမှာလည်း ပထမနေရာကို ယူနိုင်ခဲ့တယ်…သူက တကယ်ကို အံ့သြစရာကောင်းတာနော်…ငါပြောချင်တာတော့ မျိုးရိုးဗီဇက အံ့ဩစရာအကောင်းဆုံးပဲ... တချို့လူတွေကတော့ မွေးရာပါမကောင်းဆိုးဝါးတွေပါပဲ…] 


အွန်လိုင်းတွင် ဆွေးနွေးမှုများစွာရှိခဲ့သည်။ ထိုအချိန်တွင် ဝေ့မိသားစု၌ လုံးဝဆူပူသွားခဲ့သည်။ 


အသံဖိုင်ထွက်လာသည်နှင့် လူတိုင်း နားထောင်ကြသည်။ ဒုတိယအိမ်တော်ခွဲနှင့် တတိယအိမ်တော်ခွဲရှိလူများက အံ့အားသင့်ခဲ့ကြသော်လည်း အမှန်တွင် သူတို့ မည်သည့်အရာမှ မလုပ်ခဲ့ကြပေ။ ထိုကိစ္စက သူတို့၏ အလုပ်လည်း မဟုတ်ချေ။ 


အရာအားလုံးက ဝေ့ရှန်ဟယ့်နှင့် လီယုံးနာ့တို့ ဖြေရှင်းမည့်နည်းလမ်းအပေါ်တွင်သာ မူတည်နေသည်။


 ဝေ့ရှီမင်းနှင့်ဝေ့မင်ကျန်းနှင့် ရည်ရွယ်ချက်ရှိရှိလဲခဲ့ခြင်းဖြစ်သည့်အပြင် သူ(ဝေ့မင်ရှီး)က ဝေ့မင်ကျန်းကို ပစ်မှတ်ထားရန် ကြိုးစားခဲ့ကာ ကြောက်စရာကောင်းသည့် အရာများစွာကို ပြုလုပ်ခဲ့သည်။ သူက ဝေ့မိသားစုမှ ထုတ်ပယ်ခံရသင့်သည်။ သို့သော်လည်း သူက လီယုံးနာ့၏အသက်ကို ကယ်တင်ခဲ့သောကြောင့် ပြောရခက်သည်။ 


မဒမ်ဝေ့က ပင်မအဆောက်အဦးထဲသို့ အပြေးဝင်သွားသည်။ သူမ၏ မျက်လုံးများက အေးစက်မှုများဖြင့် ပြည့်နေသည်။ 


ကိစ္စများက ကြီးသည်ထက်ကြီးလာသည်။ လီယုံးနာ့လည်း အသံသွင်းထားသည့်မှတ်တမ်းကို နားထောင်ခဲ့သည်။ မဒမ်ဝေ့က တံခါးဝသို့ ပြေးလာပြန်သည်ကို မြင်သောအခါ သူမ၏အမူအရာက အလွန်ရှုပ်ထွေးသွားသည်။ ဝေ့ရှီမင်းက လီယုံးနာ့၏ အခန်းထဲတွင် တစ်ချိန်လုံး ရှိနေခဲ့ပြီး လီယုံးနာ့နှင့်အတူ အသံသွင်းသည်ကို နားထောင်ခဲ့သည်။ 


ကျိုးကျွမ်က အမှန်တကယ်ကို ပြီးပြည့်စုံသည့် ငတုံးတစ်ယောက်ပင်။ တစ်ဖက်လူက သူ့အကြောင်းအမှန်ကို ရှင်းရှင်းလင်းလင်း ညှစ်ထုတ်ရန် ကြိုးစားနေသော်လည်း သူမက သတိမထားမိလိုက်ပေ။ သူမ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အရာအားလုံးကို ပြောသွားခဲ့သည်။


ဝေ့ရှီမင်းလည်း ထိုအသံသွင်းမှတ်တမ်းက အတုအယောင်ဟု ငြင်းခုံရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိပေ။ 


"ရှီမင်း…ကျိုးကျွမ်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းနဲ့တွေ့ဖို့ ပေကျင်းကို လာခဲ့တာလို့ပြောတာ…ဒါအမှန်ပဲလား" 


မဒမ်ဝေ့က လိုရင်းကို တည့်တည့်မေးလိုက်သည်။ 


လီယုံးနာ့ထံတွင် မျှော်လင့်ချက်အလင်းတန်းများ ရှိနေဆဲဖြစ်သည်။ 

"ရှီမင်း…ဒါအမှန်လား…အဲဒီ အသံသွင်းမှတ်တမ်းက အတုအယောင်ပဲ မဟုတ်လား…”


ဝေ့ရှီမင်းက ပြောလိုက်သည်။

“ဟုတ်တယ်..အဲ့ဒါ အတုပဲ…ကျိုးကျွမ်က ဘယ်သူမှန်းတောင် ကျွန်တော် မသိဘူး…”


မဒမ်ဝေ့၏ အကြည့်က ဓားတစ်ချောင်းနှင့်တူသည်။ "အတုတဲ့လား…အသံသွင်းမှတ်တမ်းထဲမှာ လူနှစ်ယောက်ရှိတယ်...မနက်ဖြန်... မဟုတ်သေးဘူး… ဒီနေ့ ငါသူ့ကိုသွားတွေ့မယ်… ပြီးရင် အဲဒါက အတုလား ...အတုမဟုတ်ဘူးဆိုတာကို ငါတို့ကြည့်ရမယ်…” 


ဝေ့ရှီမင်း က အံကြိတ်လိုက်သည်။ 


ပြဿနာက အလွန်ကြီးနေပြီဖြစ်သည်။ ဝေ့မိသားစုက ကျိုးကျွမ်ကို လိုက်ရှာနေပြီး သူမကို မကြာခင် ရှာတွေ့သွားမည်မှာ သေချာသည်။ 


ဒီမိုက်မဲတဲ့ ခွေးမကတော့…


လီယုံးနာ့ ကမေးလိုက်သည်။

 "ရှီမင်း..ငါ မင်းကိုထပ်မေးမယ်…အသံသွင်းထားတဲ့အကြောင်းအရာက အမှန်ပဲလား..ဟုတ်တယ်လို့ပြောရင် အဖွားက မင်းကိုယုံမှာ…ဒါပေမယ့် မင်းလိမ်တာကို ငါတို့သိရင်တော့..." 


သူမ၏ နှုတ်ခမ်းတဝိုက်ရှိ အရေးအကြောင်းများက နက်ရှိုင်းလာသည်။


ဝေ့ရှီမင်း ချွေးစေးများထွက်လာသည်။


 "အဘွား...အဲဒါ အမှန်ပါပဲ..”

ထိုသို့ မပြောမီ သူ့အမူအရာက ခဏပြောင်းလဲသွားသည်။


 မဒမ်ဝေ့က ထပ်မေးလိုက်သည်။

 “လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မင်း ဘယ်သူဆိုတာကို သိခဲ့တာလား…”


ဝေ့ရှီမင်းက လီယုံးနာ့ကို စိုက်ကြည့်ကာ မဝံ့မရဲဖြင့် ခေါင်းညိတ်ပြလိုက်သည်


ဝေ့ရှီမင်း တုံ့ဆိုင်းနေသည်ကို မြင်သည်နှင့် လီယုံးနာ့က သူ မည်သည့် အဖြေပြန်ပေးမည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော်လည်း သူ ဝန်ခံပြီးသည်နှင့် သူမ စိတ်မပျက်ဘဲ မနေနိုင်ဖြစ်သွားသည်။