အပိုင်း ၉၅
Viewers 32k

Chapter 95

ခေါင်းကိုင်အဖေနှင့် ခေါင်းကိုင်အမေ



သူတို့နိုးလာသောအခါတွင် ပါးပါးရှု ကြိုတင်ဟောပြောထားသည့်အတိုင်း မွန်းတည့်ချိန်ရောက်နေပြီဖြစ်သည်။ 


နှစ်ယောက်သား ရေချိုးပြီး အောက်ထပ်ကို ဆင်းသွားကြသည်။ သူတို့အိတ်များကို အိမ်ရှိ အလုပ်သမားက သိမ်းထားပြီးဖြစ်၏။ 


ချိုက်ချင်က ရှုယန်ကို အသီးအနှံများ ကျွေးနေသည်။ သူတို့ နှစ်ယောက် အောက်ထပ်သို့ ဆင်းလာသည်ကို မြင်သည်နှင့် မေးလာသည်။ 


 “မင်းတို့ နိုးလာပြီလား...”


ယခင်က အကြိမ်ပေါင်း မရေမတွက်နိုင်သည်အထိ ကြားဖူးနားဝရှိသည့် သာမန်ဝါကျတစ်ခုသာ ဖြစ်သော်လည်း ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က ထိုစကားလုံးများနှင့် ကမ္ဘာချီပြီး ဝေးကွာနေခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤနေရာတွင် ဟန်ဆောင်နေသောဆွေမျိုးများလည်းမရှိ၊ မည်သည့်အစီအစဥ်မှမရှိ၊ ဝေ့ရှီမင်းလည်းမရှိပေ။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက ယွမ်နှစ်ရာ သို့မဟုတ် ယွမ်တစ်ဒါဇင်ခန့်သာ ကျသင့်သည့် သာမန်အဝတ်များဖြစ်သည်။ သူတို့ ခြေထောက်ပေါ်ရှိဖိနပ်ကလည်း တစ်ရံကို ဆယ့်နှစ်ယွမ်သာ ပေးရသည်။ ထိုဖိနပ်များက ချိုက်ချင် လက်ကားဈေးမှ ဝယ်ခဲ့သည့် မွှေးပွဖိနပ်များ ဖြစ်သည်။ မည်သူမှ မိတ်ကပ် ပြင်မထားကြပေ။


အရာအားလုံးက အလွန်ရိုးရှင်းလှသည်။ 


သို့သော်လည်း ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က အနှိုင်းမဲ့ နွေးထွေးပြီး သက်တောင့်သက်သာ ရှိသကဲ့သို့ ခံစားနေရသည်။


"ချိုက်ချိုက်… ပါပါး…”

ရှုနဉ် စိတ်ချမ်းသာသွားပြီး သူ ပွေ့ဖက်ပွတ်သပ်ရန် ချိုက်ချင်ဘက်သို့ ပြေးသွားခဲ့သည်။


ချိုက်ချင်က သူ့ကို အော်လိုက်သည်။

 "ပန်းကန်ကိုမထိစေနဲ့ သတိထား…”


ရှုနဉ်က အလျင်အမြန် ဘေးသို့ ရှောင်လိုက်သည်။ 

"မား…သားက နောက်ဆုံး အိမ်ကို အခုမှ ပြန်လာနိုင်ခဲ့တာကို…မားက သားကို ဘာလို့ အခုလို သဘောထားနိုင်ရတာလဲ…”


ချိုက်ချင်က ပန်းကန်လုံးကို ကော်ဖီ စားပွဲပေါ်တင်ပြီး မျက်ခုံးပင့်လိုက်သည်။ 

"မင်းက ငါ့ဆီက ဘယ်လိုသဘောထားမျိုး လိုချင်လို့လဲ…” 


ရှုနဉ်က သနားစဖွယ် ပြောလိုက်သည်။

“မားက ‘ကလေးလေး အိမ်ပြန်ရောက်လာပြီပဲ…ဒါမှမဟုတ်ရင် မား သားကို အရမ်းသတိရနေတာ’လို့ ပြောသင့်တာပေါ့…”


“အိမ်မက်ပဲမက်နေလိုက်…”

ရှုနဉ်က တဟားဟားရယ်ပြီး ရှုကျွင်းဆီသို့ ပြေးသွားလိုက်သည်။


ရှုကျွင်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ 

"ပြန်လာတာ ကောင်းတယ်…”


"မင်းလက်သွားဆေးပြီးစားတော့…”

ချိုက်ချင်အမိန့်ပေးလိုက်သည်။ 


"ကောင်းပါပြီ..." 

သူတို့ နှစ်ယောက် လက်ဆေးရန် သွားလိုက်ကြသည်။ 


"ကောကော ဖက်ပါဦး…”

ဧည့်ခန်းထဲသို့ ပြန်ရောက်သည်နှင့် ရှုယန်က သူ့လက်နှစ်ဖက်ကိုဆန့်ပြီး သူတို့နှစ်ယောက်ဆီ လျှောက်လာသည်။ 


ရှုနဉ် သူ့နှလုံးသားလေး အရည်ပျော်သွားသည်ကို ခံစားလိုက်ရသည်။ သူ ရှေ့ကိုလှမ်းပြီး သူ့ညီလေးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူ့ပါးပြင်ပေါ်သို့ အကြိမ်ပေါင်းများစွာ နမ်းလိုက်သည်။ ရှုယန်က သူ့အနမ်းများဖြင့် နစ်မြုပ်သွားပြီး သူ၏မျက်ခုံးငယ်များဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ 


"သွားရည်ကျ….သွားရည်ကျ…”


ရှုနဉ်က သူ၏ နှင်းဆီရောင် မျက်နှာလေးကို ပြင်းထန်စွာ နမ်းလိုက်သည်။ 

"ငါ မင်းကို သွားရည်တွေနဲ့ သုတ်လိုက်မယ် မွ ~" 


ရှုယန်က အော်လိုက်သည်။

 "ကောကော မကောင်းဘူး…သား မင်ကျန်းကောကောကိုပဲ လိုချင်တယ်…”


ထို့နောက် ဝေ့မင်ကျန်းက ပြုံး၍လျှောက်လာပြီး ရှုယန်ကို လှမ်းချီလိုက်သည်။ 


ရှုနဉ်လည်း ချဉ်တူးစွာဖြင့် ပြောလိုက်သည်။

 "မင်းသိပါတယ် …မင်းအစ်ကိုအစစ်က ငါပဲ..”


"သား ကောကော ကို မလိုချင်ဘူးသား မင်ကျန်းကောကော ကိုပဲ လိုချင်တယ်..." 

ရှုယန်က ဝေ့မင်ကျန်း၏ ရင်ခွင်ထဲတွင် လှဲရင်း ပြောလိုက်သည်။


ရှုနဉ် ချက်ချင်းပင် အမှတ်တစ်သောင်း ဆုံးရှုံးသွားခဲ့သည်။ 


ဝေ့မင်ကျန်း မနေနိုင်ဘဲ ရယ်လိုက်သည်။ 


"မင်းတို့ နှစ်ယောက် အခုထိ မနက်စာ မစားကြရသေးဘူး… ဗိုက်ဆာနေလိမ့်မယ် လာစားကြ…”

ပါးပါးရှုက ရွှေဆွဲကြိုးကြီးတစ်ကုံးကို ဝတ်ဆင်ထားပြီး ရဲရဲဝင့်ဝင့် ပြောလိုက်သည်။

“ဒီနေ့ ငါ ဂဏန်းပေါင်းထားတယ်…အရမ်း အရသာရှိတယ်…”


ချိုက်ချင်က သူမ မျက်လုံးထောင့်မှ သူ့ကို စိုက်ကြည့်နေသည်။

 “ရှင်ဒါကို ထုတ်ပြောရဲလိမ့်လို့ ကျွန်မ မထင်ထားဘူး..ဂဏန်းတွေက အိုးထဲက လွတ်သွားတော့မလို့လေ…”


ပါးပါးရှုလည်း ခဏရှက်သွားသည်။ ထို့နောက် အရှိန်ပြန်ယူကာ ပြောလိုက်သည်။

 “နောက်ဆုံးတော့ သူတို့အားလုံးသေသွားကြတာပဲ မဟုတ်ဘူးလား…”


 "ဂုဏ်ယူပါတယ်..သူတို့အားလုံး သေသွားကြတယ်…”

ပါးပါးရှုက သူမပြောသည်ကို မကြားချင်ယောင်ဆောင်လိုက်သည်။ 


"လာကြ..လာကြ.. ငါ့ဟင်းချက်စကေးကို စမ်းကြည့်ရအောင်…”


ချိုက်ချင်က သူ့ကို ဆက်ပြီး ပြောလိုက်သည်။ 

"ဒါက ဟင်းချက်စကေးလို့ ခေါ်တာ မဟုတ်ဘူး…ဂဏန်းသတ်တာလို့ ခေါ်တယ်…”


ချိုက်ချင်က သူ့ကို ဆက်ကင်(ဆူ)နေစဉ် တချိန်တည်းမှာပင် မိသားစုထမင်းစားခန်းထဲသို့ ဝင်သွားသည်။ အိမ်အလုပ်သမားက အစားအသောက်များကို စားပွဲပေါ်သို့ သယ်လာပေးသည်။ ထိုအထဲတွင် ရှုနဉ်၏ အကြိုက်ဆုံးများဖြစ်သည့် ခရုကမာနှင့် ပုဇွန်တို့ ပါဝင်သည်။ ထို့အပြင် ဗီလိန်လေး၏အကြိုက်ဆုံးဖြစ်သည့် ဥရောပ ငါးခွေးလျှာ၊နံရိုးချိုချဉ်နှင့်ဂဏန်းများလည်း ပါသည်။


ချိုက်ချင်က ငါးနှပ်နှင့် ကြက်စွပ်ပြုတ်အပြင် မုန်လာဥချဉ်နှင့် ဘဲစွပ်ပြုတ်ကိုလည်း ပြုလုပ်ခဲ့သည်။ ထိုအစားအသောက်များက အရသာရှိပြီး ခံတွင်းတွေ့စေသည်။ တစ်မိသားစုလုံး စိတ်အားထက်သန်စွာ စားသောက်နေကြသည်။ 


ရှုနဉ်က စားနေရင်း စကားပြောလိုက်သည်။ 

"ဝိုးး အရသာရှိတယ်..." 


ချိုက်ချင်က သူ့ကို စိုက်ကြည့်လိုက်သည်။ 

"မင်းရဲ့ စားသောက်တဲ့ အမူအကျင့်ကို အာရုံစိုက်နိုင်မလား…မင်း ဝေ့မိသားစုနဲ့လည်း ဒီလိုပဲလို့တော့ ငါ့ကို မပြောနဲ့နော်…”


"သား မလုပ်ပါဘူး…သားက အိမ်မှာပဲ ဒီလိုပဲနေတာ…ဝေ့မိသားစုမှာ စည်းကမ်းတွေ အများကြီးရှိတယ်…ဒါ့ကြောင့် သား လျှောက်ပြီး မရှုပ်ပါဘူး…”

ရှုနဉ်က အမြန်ရှင်းပြလိုက်သည်။ 


ဝေ့မင်ကျန်းက သူ့ကို ထောက်ခံလိုက်သည်။ 

“ရှုနဉ်က အကျင့်စာရိတ္တကောင်းပါတယ်…အန်တီ စိတ်ပူစရာ မလိုပါဘူး…ရိုးရိုးသားသားပြောရရင် ဝေ့မိသားစုကို ဒီလောက်သတိထားနေရမယ်လို့ ကျွန်တော်တော့ မထင်ပါဘူး…”


"ဘာလို့ ငါတို့က သတိမထားရမှာလဲ…”

ရှုနဉ်က ချက်ချင်းပြန်ဖြေလိုက်သည်။ 


"အဲ့ဒီက လူတိုင်းက ငါတို့ကို နယ်စွန်နယ်ဖျားက တောသားတွေလို့ ထင်နေကြတာကို …ငါတို့ကို အထင်သေးခွင့် မပေးနိုင်ဘူး…”


ချိုက်ချင်နှင့် ရှုကျွင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ 

"မင်းတို့က နယ်စွန်နယ်ဖျားက တောသားတွေလို့ ဘာလို့ထင်ကြတာလဲ…”


ရှုနဉ် နင်သွားသည်။


ချိုက်ချင်၏ မျက်နှာက လေးနက်လာပြီး ဝေ့မင်ကျန်းကို မေးလိုက်သည်။

 "ဝေ့မိသားစုက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံနေတာလား…”


ဝေ့မင်ကျန်းက နှုတ်ဆိတ်နေသည်။ ရှုနဉ်လည်း မည်သို့ ပြောရမည်ကို မသိတော့ပေ။ သူက အမှန်အတိုင်းပြောနိုင်သော်လည်း ချိုက်ချင်နှင် ရှုကျွင်းတို့ စိတ်ပူမည်ကို သူကြောက်နေသည်။ သူ လိမ်ပြောနိုင်သော်လည်း လိမ်မိပါက သူ့မိဘများ အလွန်စိတ်မကောင်းဖြစ်သွားလိမ့်မည်။ 


"သူတို့က အထူးတလည် ကောင်းတယ် မကောင်းတယ်တော့ မဟုတ်ပါဘူး…”

ဝေ့မင်ကျန်းက ပြောလိုက်သည်။ 

"သူတို့မှာ မိသားစုဝင်တွေ အများကြီးရှိကြတယ် ကျွန်တော်က အခုမှ ပြန်လာတဲ့သူဆိုဝောာ့ သူတို့နဲ့ သိပ် မရင်းနှီးတာပါ…”


ချိုက်ချင်နှင့် ရှုကျွင်းတို့ သက်ပြင်းချလိုက်သည်။ 

"အဲဒါဆို တော်သေးတာပေါ့…”


ချိုက်ချင်က ပြောသည်။

"မဒမ်ဝေ့က အရင်က အရမ်းစိတ်အားထက်သန်နေတာကိုး…သူက ချူကျိုး မှာ တစ်လတောင်နေခဲ့တယ်လေ…သူက အရမ်းစစ်မှန်ပုံပေါ်တော့ မင်ကျန်းကို ကောင်းကောင်းဆက်ဆံမယ်ဆိုတာ အန်တီသိပါတယ်…”


 ရှုကျွင်းက ထပ်ပြောလိုက်သည်။

 "ဝေ့မိသားစုက မင်းကိုရှာဖို့ အများကြီး အားထုတ်ခဲ့တာ… မင်ကျန်းကို အိမ်ပြန်ခေါ်ဖို့အတွက် ချူကျိုးအထိ မိုင်တစ်ထောင်နီးပါး ခရီးထွက်ခဲ့တယ်ဆိုတော့…သူ့အပေါ် မကောင်းဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ…”


ဝေ့မင်ကျန်းက အင်းသံပြုလိုက်သည်။ 


ရှုနဉ်က တစ်ခုခုပြောချင်သော်လည်း ဗီလိန်လေးက ချိုက်ချင်နှင့်ရှုကျွင်းတို့ကို ဝေ့မိသားစုအကြောင်း မသိစေချင်သောကြောင့် သူ နှုတ်ဆိတ်နေခဲ့သည်။ 


"ဒါပေမယ့် မင်ကျန်း..." 

ချိုက်ချင်က ဝေ့မင်ကျန်း၏ ပန်းကန်ထဲသို့ ကြက်သားတစ်ပိုင်း ထည့်ပေးလိုက်သည်။


 "မင်းဒီမှာရှိမနေတာကို အန်တီတို့ သိပ်အသားမကျဘူးဖြစ်နေတယ်…အရမ်း ဟာတာတာ ဖြစ်နေသလိုပဲ…”


 ရှုနဉ်က မေးလိုက်သည်။

"မားး သား ကျတော့ရော၊ သား မရှိတော့ မား ဟာတာတာ ဖြစ်မနေဘူးလား…”


"မဖြစ်ပါဘူး…”

ချိုက်ချင်က သူ့ကို ရက်ရက်စက်စက် ပစ်ချလိုက်သည်။ 


ရှုနဉ်: "..." 


ဒါက ဘာလဲ… ငါဘာလို့ လမ်းဘေးက ကောက်ရထားတဲ့သူလို့ ခံစားလိုက်ရတာလဲ….


ဝေ့မင်ကျန်း မရယ်ဘဲ မနေနိုင်တော့ပေ။ 

"မင်းတို့နှစ်ယောက် ပေကျင်းသွားတုန်းက မင်ကျန်းက ငါတို့ကို အမြဲဖုန်းဆက်ပြီး ငါတို့အကြောင်းမေးတယ်…မင်းကရော ဘယ်နှစ်ခါခေါ်လို့လဲ…”


ချိုက်ချင်က ရှုနဉ်ကို သင်ခန်းစာပေးလိုက်သည်။


 ရှုနဉ် လည်ပင်းကိုငုံ့ပြီး ချောင်းမကြည့်ရဲတော့ပေ။ 


ချိုက်ချင်ကစိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

 "မင်း အခု ကြီးလာပြီပေါ့ ဟုတ်လား…မင်းက အပြင်မှာ ဆော့နေတော့ မင်းမိသားစုအတွက် အချိန်မရှိတော့ဘူးလား ဟုတ်တယ်…မင်းအမေအကြောင်း အားလုံးကို မေ့သွားပြီဆိုတာ ငါသေချာတယ် …”


"မဟုတ်ဘူး…သား မမေ့ပါဘူး…”

ရှုနဉ်က သူ့လက်ကို အမြန်မြှောက်လိုက်ပြီး ကတိပြုလိုက်သည်။


" ချိုက်ချိုက်ကို လွမ်းတယ်…ချိုက်ချိုက်ရဲ့ ဟင်းချက်တာကို လွမ်းတယ်…ချိုက်ချိုက်ရဲ့ မနက်ခင်း နှုတ်ခွန်းဆက်တာကို လွမ်းတယ်…ချိုက်ချိုက်ရဲ့ ဟင်းရည်ကို လွမ်းတယ်…တစ်ကမ္ဘာလုံးမှာ သား အချစ်ဆုံးက ချိုက်ချိုက်ပဲ …”


ချိုက်ချင်က ရယ်မောလိုက်ပြီး သူ့ကို ဘဲသားတစ်ပိုင်း ပေးလိုက်သည်။

 "သားက ဘယ်လို စကားပြောရမယ်ဆိုတာကို သေချာသိတာပဲ…ဒီမှာ စားလိုက်…”


 "ကျေးဇူးတင်ပါတယ် ချိုက်ချိုက်…”

ရှုနဉ်က ရယ်ပြီး အသားကို ကိုက်လိုက်သည်။

 "တကယ်အရသာရှိတယ်…”


မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြသည်။ ရှုနဉ်လည်း သက်ပြင်းချလိုက်သည်။


အိမ်မှာနေရတာက ပိုကောင်းတာပဲ…


ဝေ့မင်ကျန်းက စကားအများကြီး မပြောသော်လည်း တစ်ချိန်လုံး ပြုံးနေသည်။ အားလုံးစားပြီးသည်နှင့် ချိုက်ချင် က ဝေ့မင်ကျန်းကို ပြောလိုက်သည်။

"မင်းဦးလေးနဲ့ ငါ တစ်ခုစဉ်းစားနေတာ…ငါတို့ မင်းနဲ့ ဆွေးနွေးချင်တယ်…အဆင်ပြေရဲ့လား…”


ဝေ့မင်ကျန်းက မေးလိုက်သည်။

"ဘာများလဲ…”


 ချိုက်ချင်နှင့် ရှုကျွင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ရှုကျွင်းကပြောလိုက်သည်။

"မင်ကျန်း ငါတို့ကို မင်းရဲ့ ခေါင်းကိုင်မိဘ ဖြစ်စေချင်လား"


ဝေ့မင်ကျန်း အံ့အားသင့်သွားပြီး ရှုနဉ်လည်း ထိတ်လန့်သွားလေသည်။


“ခေါင်းကိုင်မိဘလား…”

ဝေ့မင်ကျန်းက သံယောင်လိုက် ပြောလိုက်သည်။


ရှုကျွင်းက သူ့ ခေါင်းပြောင်ပြောင်ကို ကိုးရို့ကားရား ညိတ်ပြပြီး ပြောလိုက်သည်။


“မင်း မလိုချင်ဘူးဆိုရင်လည်း အဲ့ဒီအကြောင်းကို မေ့ထားလို့ ရပါတယ်…ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းက အမြဲတမ်း ငါတို့ရဲ့ မိသားစု တစ်စိတ်တစ်ပိုင်းပါပဲ…….”


ချိုက်ချင်က သူ့ကို စိုက်ကြည့်နေသည်။ 

“ရှင် ဘာတွေ မိုက်မိုက်ရိုင်းရိုင်း ပြောနေရတာလဲ…ဗီလာက မင်ကျန်းပိုင်တာလေ... ကျွန်မတို့က မင်ကျန်းရဲ့အိမ်မှာနေနေတာဆိုတော့ အမြဲတမ်း မင်ကျန်းရဲ့ မိသားစုထဲမှာ ရှိနေမှာပေါ့…”


ရှုကျွင်းက အမြန်ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်…ဟုတ်တယ်….ငါတို့က အမြဲတမ်းမိသားစုဖြစ်နေလိမ့်မယ်…”


ရှုနဉ်လည်း ထိုအရာက မည်သည်ကိုဆိုလိုသည်ကို သိလိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ခေါင်းလှည့်ပြီး ဝေ့မင်ကျန်းကို မေးလိုက်သည်။

"ဟေး ဗီလိန်လေး မင်းဘယ်လိုထင်လဲ…ငါတို့က အနာဂတ်မှာ ညီအစ်ကိုတွေ ဖြစ်လာတော့မယ်…”


ဝေ့မင်ကျန်း ခဏရပ်ပြီး ပြောလိုက်သည်။

"ခေါင်းကိုင် ညီအစ်ကိုတွေပါ…”


"ဟုတ်ပါပြီ…ခေါင်းကိုင်ညီအစ်ကိုတွေ..ဒါက လက်တွေ့အားဖြင့် အတူတူလိုပဲလေ….”


ချိုက်ချင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဒါဆို သား သဘောတူတာလား…”


ဝေ့မင်ကျန်းက ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်သည်။

 "ဟုတ်ကဲ့..”


"ဒါ အရမ်းကောင်းတာပဲ…”

ရှုနဉ်က လူတိုင်းအတွက် အချိုရည်များ ခွက်ထဲသို့ ထည့်ပေးပြီး ဖန်ခွက်ကို မြှောက်လိုက်သည်။ 

"လာပါ ဂုဏ်ပြုလိုက်ကြရအောင်…”


ချိုက်ချင်နှင့် ရှုကျွင်းတို့က သူတို့၏ ဖန်ခွက်ကို မြှောက်လိုက်သည်။ မည်သို့ ဖြစ်သွားသည်ကိုပင် မသိလိုက်သည့် ရှုယန်က ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။ 

"ချီယားး…”


ဝေ့မင်ကျန်းကလည်း သူ့မျက်နှာပေါ်တွင် အပြုံးလေးဖြင့် ဖန်ခွက်ကို မြှောက်လိုက်သည်။ 


ထို့နောက်တွင် သူတို့ နှစ်ယောက် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ကြပြီး ဝမ်ရှန်ရှန်၊လုံချောင်နှင့် စုန့်နျန် တို့ကို ခေါ်လိုက်ကြသည်။ သူတို့ငါးယောက်ဆုံသည်နှင့် လုံချောင်နှင့် ဝမ်ရှန်ရှန်က ယခင်ကကဲ့သို့ ဘတ်စကတ်ဘောကစားရန် အကြံပေးခဲ့သည်။ သူတို့ လုံပန်ရှန်းကျောင်း အလယ်တန်းကျောင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြပြီး ပွဲအနည်းငယ် ဆော့ခဲ့ကြသည်။ ထို့နောက် သူတို့ကို မိသွား၍ ထွက်ပြေးခဲ့ကြသည်။


သူတို့ အလယ်တန်းကျောင်းသားဘဝသို့ ပြန်ရောက်သွား သကဲ့သို့ပင်။

ကမ္ဘာကြီးမှာ ဘာပဲဖြစ်နေနေ သူတို့ ဂရုစိုက်စရာ မလိုတော့ဘူးလေ...


ဝေ့မင်ကျန်းက သူတို့ လျှောက်ပွေလီနေသည့် နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ သူက ရှုနဉ်ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။ သူ ပြုံးရယ်နေသည်ကို စောင့်ကြည့်သည်၊ သူ မျက်နှာပြောင်နေသည်ကို စောင့်ကြည့်သည်။ သူ စပရေးဗူးကို ဖွင့်ပြီး ဝမ်ရှန်ရှန်၏ မျက်နှာ ကို ဖြန်းနေသည်ကိုလည်း ကြည့်နေခဲ့သည်။ 


သူ့မျက်လုံးများက တဖြည်းဖြည်း နက်မှောင်လာသည်။


သူတို့နှစ်ယောက် ချူကျိုးတွင် ပျော်စရာအချိန်များစွာရှိခဲ့သည်။ ထိုအချိန်တွင် ဝေ့မိသားစု၌ အပေါ်ယံတွင် ငြိမ်သက်နေသော်လည်း အတွင်းပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများပေါက်ဖွားလာခဲ့သည်။ 


အားလပ်ရက်တွင် မဒမ်ဝေ့က ပင်မအဆောက်အအုံသို့ တန်းတန်းမတ်မတ်သွားပြီး ဝေ့ရှီမင်းနှင့် အဆက်အသွယ်ဖြတ်မည်ဟု ကြေညာခဲ့သည်။ 


ဝေ့ရှီမင်းက သူမ၏သားအရင်းမဟုတ်ပေ။ ထို့အပြင် သူက ဝေ့မင်ကျန်းအား ထိခိုက်နစ်နာစေရန် ကြိုးပမ်းခဲ့သည်။ သူမ ဆိုက်ယောင်မှ သိရှိခဲ့သော အချက်အလက်အားလုံးကို ထုတ်နှုတ်ပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့သည်။ သူက မလျော်မကန်သည်များကို ပြုလုပ်ခဲ့သည်ဟု မဒမ်ဝေ့က အခိုင်အမာပြောခဲ့သည်။ 


ဝေ့ရှီမင်း၏ မျက်နှာက လုံးဝဖြူဖျော့သွားသည်။ သူ မယုံနိုင်အောင်ပင် တုန်လှုပ်သွားသည်။


အများဆုံးအနေနှင့် မဒမ်ဝေ့က သူနှင့် ဝေးဝေးနေကာ သူ့ကို အဆက်အသွယ်မလုပ်ရုံသာ ဖြစ်မည်ဟု သူထင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ 


မဒမ်ဝေ့က ဝေ့ရှန်ဟယ့်နှင့် လီယုံးနာ့တို့ထံ ရောက်ရှိလာပြီး သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်မည်ဟု ကြေညာခဲ့သည်။ လီယုံးနာ့လည်း ထိတ်လန့်သွားသည်။ ပထမအချက်အနေနှင့် အကျင့်စာရိတ္တကောင်းမွန်သော မဒမ်ဝေ့က ထိုသို့ ရူးသွပ်သည့် ကိစ္စကို ပြုလုပ်သည်ကို သူမ အံ့ဩသွားမိသည်။ ဒုတိယအနေနှင့် ဝေ့ရှီမင်းက ထိုသို့ ညစ်ပတ်သည့် အရာများကို အမှန်တကယ်လုပ်ခဲ့သည့်အတွက် သူမ အံ့အားသင့်သွားသည်။


မဒမ်ဝေ့ ရုန်းရင်းဆန်ခတ် မလုပ်ခဲ့ပါက ထိုအရာက ကလေးနှစ်ယောက်ကြားမှ အသေးအဖွဲ ရန်ဖြစ်မှုတစ်ခုဟု သူမ တွေးနေမိလိမ့်မည်သာဖြစ်သည်။ 


"ဒါအမှန်လား…”

လီယုံးနာ့က လေးလေးနက်နက် မေးလိုက်သည်။


မဒမ်ဝေ့က ပြန်ဖြေလိုက်သည်။

 "ဟုတ်ပါတယ်…သက်သေက ခိုင်လုံတယ်…”


လီယုံးနာ့က သူမ၏ ကုတင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ စူးရှသော မျက်လုံးများက ဝေ့ရှီမင်းဘက်သို့ လှည့်သွားသည်။ 

"ဖြေပါဦး…ဒါအမှန်လား…”


ဝေ့မင်ကျန်း၏ နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများက တုန်နေသည်။


ယခုတွင် သူ နောင်တရစပြုလာပြီဖြစ်သည်။ 


ဘာလို့များ ဝေ့မင်ကျန်းကို အရင်စပြီး ပစ်မှတ်ထားခဲ့မိရတာလဲ…