Chapter 94
ခေါင်းကိုင်အဖေနှင့် ခေါင်းကိုင်အမေ
ရှူနဉ်နှင့် ဝေ့မင်ကျန်းတို့က လေဆိပ်ရှိ ဧည့်ခန်းတွင် စောင့်နေကြသည်။ သူတို့က လက်မှတ်များကို အွန်လိုင်းမှ ကြိုတင်မှာယူမည့်အစား လေဆိပ်မှာပင် လက်မှတ်ဝယ်လိုက်ကြသည်။ သူတို့ဝယ်ထားသည့် လက်မှတ်များက ညဘက်ထွက်မည့် လေယာဉ်လက်မှတ်များဖြစ်သောကြောင့် နာရီအနည်းငယ်ခန့် စောင့်ဆိုင်းနေကြရသည်။
ကံကောင်းထောက်မစွာဖြင့် ခရီးသွားရာသီအထွတ်အထိပ်သို့ မရောက်သေးပေ။ ထိုသို့မဟုတ်ပါက လက်မှတ်ရရန်ပင် မဖြစ်နိုင်ပေ။
ရှုနဉ်က ဧည့်ခန်းကို ကြည့်နေလျက် အနည်းငယ် ငြီးငွေ့လာသည်။
" ပေကျင်းလေဆိပ်က အရမ်းကြီးတာပဲ…”
ဝေ့မင်ကျန်းက ဆိုဖာပေါ်တွင် သူ့လက်ကို ခေါင်းအုံးရင်း လှဲနေသည်။
"ဟုတ်လား…”
သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားသောကြောင့် ဝေ့မင်ကျန်း ငုံ့ကြည့်လိုက်သည်။
လျို့ဟုန်: [သူဌေး…ကျွန်မ ကျိုးကျွမ်နဲ့ အဆက်အသွယ်လုပ်ထားတယ်…]
ဝေ့မင်ကျန်း မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူက စာပြန်လိုက်သည်။
[သူ ဘယ်မှာလဲ…]
လျို့ဟုန်- [ဝေ့ရှီမင်းက သူ့ကို နှင်ထုတ်လိုက်တယ်... အခု သူ ကျွန်မတိုက်ခန်းမှာ ရှိနေတယ်…]
ဝေ့မင်ကျန်းပြုံးလိုက်သည်။
[သူ့ကို သေချာဂရုစိုက်ပါ…]
လျို့ဟုန်: [စိတ်မပူပါနဲ့ သူဌေး…ကျွန်မ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်…]
ရှုနဉ်လည်း သူ စာရိုက်နေသည်ကို သတိပြုမိသောအခါမေးလိုက်သည်။
"မင်းဘယ်သူနဲ့ စကားပြောနေတာလဲ…”
ဝေ့မင်ကျန်းက သူ့ဖုန်းကို သိမ်းလိုက်သည်။
"ငါ့လက်အောက်ငယ်သားတစ်ယောက်နဲ့ပါ…”
ရှုနဉ်က ထပ်မေးလိုက်သည်။
"အာာ…လျို့ဟုန်လား…ဒါမှမဟုတ် ကျန့်ဝေ့လား…”
သူတို့ ချူကျိုးတွင်ရှိစဉ်က ဝေ့မင်ကျန်းက ချိုက်ချင်၏ အမည်အောက်တွင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖွင့်လှစ်ခဲ့သည်။ သူ၏ သူ့ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပေးရန် ထိုလူနှစ်ယောက်ကို ငှားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အခြားပရောဂျက်အချို့ လုပ်ကိုင်ရန် ထိုကုမ္ပဏီ၏အမည်ကို အသုံးပြုခဲ့သည်။
ဝေ့မင်ကျန်းက ပြန်ဖြေလိုက်သည်။
"လျို့ဟုန်ပါ...“
ရှုနဉ်က ဗီလိန်လေး၏ကိစ္စများကို စပ်စုနေသည်ကို ရပ်လိုက်သည်။ သူက သူ့နေရာကို သူသိပြီး ဗီလိန်လေး၏ စီးပွားရေးကို မည်သည့်အချိန်ကမှ ဝင်မစွက်ဖက်ခဲ့ပေ။
ငွေကြေးနှင့် စီးပွားရေးတို့နှင့် ပတ်သက်လာသည့်အခါ လူတိုင်းက မည်သူနှင့်မဆို ဆန့်ကျင်ဘက်ဖြစ်သွားနိုင်ကြောင်း သူ့အတိတ်ဘဝက အတွေ့အကြုံက ပြောခဲ့သည်။ သူ ဗီလိန်လေးနှင့် ထိုကဲ့သို့သောပြဿနာမျိုး မဖြစ်ချင်ပေ။
ရှုနဉ်က စီးပွားရေးကို ဂရုမစိုက်သောကြောင့် သူ စကားလမ်းကြောင်းလွှဲလိုက်သည်။
"အဲဒါကိုပြောမှပဲ လျန်ဖုန့်ပြင်ဆင်ထားတာတွေကို ငါတို့မတွေ့ရသေးဘူးနော်…”
လျန်ဖုန့်က သူတို့ကို ကောင်းသည့် အရာတစ်ခု ပြမည်ဟုပြောခဲ့ဖူးသည်။ ထိုအရာက မဝေးတော့သည့် အနာဂတ်တွင် ရှိလာမည်မှာ သေချာသည်။
ဝေ့မင်ကျန်းက သူ့ဘေးရှိ ထိုင်ခုံကို ပုတ်လိုက်ပြီး ရှုနဉ်ကို ထိုင်ရန် အချက်ပြလိုက်သည်။
"အခု ငါတို့ထွက်လာပြီဆိုတော့ သူ လုပ်ရကိုင်ရတာ ပိုအဆင်ပြေလောက်တယ် မဟုတ်လား…”
ရှုနဉ် ကြောင်အသွားသည်။ ဗီလိန်လေးတွင် ပြောစရာတစ်ခုခု ရှိနေပုံပေါ်သည်ဟု သူခံစားမိလိုက်သည်။
"ကောင်းပြီ… လျှောက်တွေးမနေနဲ့တော့…ငါတို့ မကြာခင် အိမ်ပြန်ရောက်တော့မှာပဲ…သိပ်စိတ်မပူမနေပါနဲ့…”
ရှုနဉ် ရုတ်တရက်မျှော်လင့်ချက် အပြည့်ဖြစ်သွားသည်။ သူက ဗီလိန်လေးပြောသည်က မှန်သည်ဟု ထင်သောကြောင့် ဗီလိန်လေး၏ ဘေးတွင် ဝင်ထိုင်ပြီး ပြောလိုက်သည်။
"ဟူးးးး အချိန်အများကြီး ကျန်နေသေးတယ်…ရုပ်ရှင်ကြည့်ကြရအောင်…”
"ဟုတ်ပြီလေ…”
သူတို့ နှစ်ယောက် သက်တောင့်သက်သာဖြင့် ရုပ်ရှင်ကြည့်လိုက်ကြသည်။ ထို့နောက် ညစာစားပြီး ပေကျင်းမှ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
သူတို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းနှင့် ဝေ့မိသားစု တို့တွင် သူတို့ ထွက်ခွာသွားခြင်းကြောင့် ကပြောင်းကပြန် ဖြစ်သွားခဲ့သည်။
တနင်္လာနေ့တွင် လျန်ဖုန့်က ဝေ့ရှီမင်းလုပ်ခဲ့သည့် အရှုပ်တော်ပုံအားလုံးကို သူ့ကိုယ်ပိုင်အမည်ဖြင့် ကျောင်းဖိုရမ်ပေါ်တွင် ရုတ်တရက် တင်ခဲ့သည်။ ထိုလုပ်ရပ်များတွင် နောက်ကွယ်မှ ခြယ်လှယ်မှုများတွင် ပါဝင်ခြင်း၊ စကားပြောပြိုင်ပွဲများတွင် ရလဒ်များကို ပြင်ဆင်ခြင်းနှင့် ဝေ့မင်ကျန်းနှင့်ပတ်သက်သည့် ကောလာဟလများကိုဖြန့်ခြင်းတို့ ပါဝင်သည်။
ထိုလုပ်ရပ်တစ်ခုချင်းစီက ပေါက်ကွဲထွက်စေနိုင်သည့် စွပ်စွဲချက်များဖြစ်သည်။
ထိုလုပ်ရပ်အားလုံးမှ အပြင်းထန်ဆုံးသော ပြဿနာမှာ လူဆိုးဂိုဏ်းက ကျန့်ယောင်ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် လုပ်ရပ် ဖြစ်သည်။ ဝေ့ရှီမင်း၏သူရဲကောင်းဆန်ဆန် ကယ်တင်မှုက အမှန်တကယ်တွင် ဂရုတစိုက်စီစဉ်ထားသည့် သရုပ်ပြမှုတစ်ခုသာဖြစ်ကြောင်း လျန်ဖုန့်က ဖော်ထုတ်ခဲ့သည်။ ထိုလူဆိုးဂိုဏ်းသားများအားလုံးကို ဝေ့ရှီမင်းက ကြိုတင်ပြီး နေရာချထားခဲ့ခြင်းသာဖြစ်သည်။
ပြဿနာအသစ်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ဆိုက်ယောင်က ချက်ချင်း ဆူပူထကြွလာသည်။
ထိုကိစ္စများက အရာအားလုံး မဟုတ်သေးပေ။
မကြာခင်မှာပင် အထက်တန်း အခန်းတစ်ရှိ လူများက စတင် ပြောနေကြသည်မှာ ဝေ့ရှီမင်းက ဒေါသပေါက်ကွဲသွားပြီး မိသားစု၏ ပင်မအိမိတော်သို့ ပြေးသွားကာ ပြသနာတက်စေပြီး ဝေ့မင်ကျန်းကို ထွက်သွားရန် ဖိအားပေးခဲ့သည်ဟူ၍ ဖြစ်သည်။
ကျောင်းသားတစ်ယောက်က ထိုကိစ္စကို အသေးစိတ်ရှင်းပြသည်။ ဝေ့ရှီမင်းက ပင်မအိမ်တော်သို့သွားပြီး ငိုယို သောင်းကျန်းနေသောကြောင့် ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့က ကျောင်းမလာခြင်း ဖြစ်ပြီး သူက ဝေ့မင်ကျန်းအား သူ့ကိုခွင့်လွှတ်ပေးစေရန် မဒမ့်ဝေ့ကို တိုက်တွန်းစေခဲ့သည်။ ဝေ့မင်ကျန်းက သဘောမတူဘဲ မဒမ်ဝေ့နှင့် ရန်ဖြစ်ခဲ့သည်။ ထို့ကြောင့် ရလဒ်အနေနှင့် ဝေ့မင်ကျန်းက ဒေါသတကြီး အိမ်မှ ထွက်သွားခဲ့သည်။
ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူတို့ အတိအကျမသိခဲ့ကြသော်လည်း ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့က အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထိုအရာကပင် အရာအားလုံးကို အတော်လေး သိသာစေသည်။
ထိုအချက်ကြောင့် နောက်ဆုံးတွင် အမှန်တရား ပေါ်ပေါက်လာခဲ့သည်။
ဝေ့မင်ကျန်း ဝေ့မိသားစုသို့ ပြန်ရောက်လာသည်နှင့် ဝေ့ရှီမင်းက မနာလိုဖြစ်ပြီး သူ့သဘောနှင့်သူ သူ့အဖွားဆီသို့ ပြောင်းသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူက သူအတင်းအကျပ် ဖိအားပေး ပြောင်းရွေ့ခံရသည်ဟူသည့် ကောလာဟလများကို ဆက်လက် ဖြန့်ဝေခဲ့သည်။ ဝေ့မင်ကျန်းက စိတ်ထားသေးသိမ်ပြီး စိတ်သဘောထားကျဉ်းမြောင်းသည်ဟူသည့် ကောလာဟလများကိုလည်း သူက ဖြန့်ခဲ့သေးသည်။ ဝေ့မင်ကျန်း၏ နာမည်ကိုဖျက်ပြီး သိက္ခာချရန် သူတတ်နိုင်သမျှ ကြိုးစားခဲ့သည်။
ကပွဲတွင် မဲနှိုက်ခြင်းဖြင့် ဝေ့မင်ကျန်းကို အရှက်ခွဲရန် သူ က ကြိုးစားခဲ့သေးသည်။
သို့သော်လည်း သူ့ခြေထောက်ကိုသာ ပြန်ထိသွားခဲ့သည် ။
သူက အမှားလုပ်မိသည့် သူ့ကိုယ်သူ အပြစ်တင်ရမည့်အစား လျန်ဖုန့်ကို ကိစ္စများအား ရှုပ်ထွေးအောင်လုပ်သည်ဟု အပြစ်တင်ခဲ့သည်။ သူတို့ နှစ်ယောက်သား အငြင်းအခုံဖြစ်သောအခါ လျန်ဖုန့်က ဒေါသတကြီးဖြင့် သူလုပ်ခဲ့သမျှကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
မိန့်ခွန်းပြိုင်ပွဲများအား နောက်ကွယ်မှ ခြယ်လှယ်မှုများ၊ ကပင် အံ့သြတုန်လှုပ်သွားရန် လုံလောက်နေပြီဖြစ်သည်။ သို့သော်လည်း သူ၏သူရဲကောင်းဆန်ဆန် ကယ်တင်မှုကလည်း အတုအယောင်ပင် ဖြစ်နေသည်။
ထိုအချိန်က ဝေ့မင်ကျန်း ဝေ့မိသားစုသို့ ပြန်မလာသေးသော်လည်း ဝေ့ရှီမင်းက အလွန်ဆိုးရွားသည့် ကိစ္စတစ်ခုကို ပြုလုပ်ပြီးနေပြီ ဖြစ်သည်။ ထိုအချက်ကပင် သူက ဝေ့မင်ကျန်းအပေါ်တွင်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသည့်အရာအားလုံးကို လုပ်နိုင်လိမ့်မည်ဟူသည့် အကြောင်းပြချက်ပင် ဖြစ်သည်။
ထိုသူ၏ အကျင့်စရိုက်က ယခင်ကပင် ပြသနာရှိနေခဲ့ခြင်း ဖြစ်သည်။ သူက သူ၏ အတွင်းစိတ်နက်နက်ထဲ အထိ လူဆိုးတစ်ယောက်သာ ဖြစ်သည်။
သက်သေ အထောက်အထားများ အားလုံးကို ချိတ်ဆက်မိသွားသည်နှင့် ဝေ့ရှီမင်းအပေါ် လူအများ၏ သဘောထားက အလျင်အမြန်ပင် ဆန့်ကျင်ဘက်သို့ ပြောင်းသွားခဲ့သည်။ သက်သေအထောက်အထားများက တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသည်။ ဝေ့ရှီမင်းက ကျောင်းဖိုရမ်တွင် သေလုမျောပါး ကျိန်ဆဲခံနေရသည်။
ထိုသတင်းကို ကြားသည်နှင့် ဝေ့ရှီမင်း ဖိုရမ်ကို ဖွင့်လိုက်သည်။ လျန်ဖုန့်၏စွပ်စွဲချက်ကို မြင်သောအခါ သူ ဒေါသတကြီး တုန်လှုပ်သွားသည်။
လျန်ဖုန့်က ဝေ့မင်ကျန်းကို ယခုကဲ့သို့ ကူညီပေးလိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
လျန်ဖုန့်က နိမ့်ကျသောခွေးတစ်ကောင်သာဖြစ်သည်ဟု သူထင်ထားခဲ့သည်။ သူ့ကို ကန်ထုတ်ခဲ့လျှင်ပင် လျန်ဖုန့်လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ယခင်က သူအနိုင်ကျင့်ခဲ့သည့် လူများကဲ့သို့ ပါးစပ်ပိတ်ပြီး နေရမည်သာဖြစ်သည်။
ငါ့ကို ပြန်တိုက်ဖို့ ဘယ်သူကများ သတ္တိရှိမှာလဲ… သူတို့က အသက်မရှင်ချင်တော့ဘူးလား…
အခုလို ဖြစ်မည်ဟု သူတကယ် မမျှော်လင့်ခဲ့မိပေ...
ဝေ့ရှီမင်း သူ့အစာအိမ်ထဲတွင် ပူပန်သောကများ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။ ထိုအရာက ကမ္ဘာပေါ်ရှိ မကောင်းသောကိစ္စများ အားလုံး တစ်ချိန်တည်းတွင် ဖြစ်သွားသကဲ့သို့ပင်။ သူက ထိုအခြေအနေကို ကယ်တင်ရန် သူ့အသိုင်းအဝိုင်းရှိ လူများထံ အပြေးအလွှားဆက်သွယ်လိုက်သည်။
ယခင်က အရာအားလုံးက အဆင်ပြေပြေ ချောချောမွေ့မွေ့ပင်။ သူ့ဘဝတွင် မည့်သည့် အချိန်ကမှ ကံမကောင်း မဖြစ်ခဲ့ဖူးပေ။ ဝေ့မင်ကျန်း ပြန်ရောက်လာသည်နှင့် အရာအားလုံးက ပြောင်းလဲသွားသည်။
ဝေ့မင်ကျန်းသာ ပြန်ရောက်မလာခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ…
ဝေ့ရှီမင်းက ဝေ့မင်ကျန်း ပြန်မလာစေရန် အမှန်တကယ် မျှော်လင့်နေမိသည်။
လျန်ဖုန့်၏ပို့စ်က အဖြစ်မှန်များကို ဖော်ပြရုံသာမက အထောက်အထားများကိုလည်း ပူးတွဲဖော်ပြထားသည်။ ရိုးရှင်းစွာပင် ချေပရန် မဖြစ်နိုင်ပေ။
ယခု အဖြစ်အပျက်များ ထိုသို့ဖြစ်လာသည်နှင့် သူ့နောက်လိုက်အများစုက ဝေ့ရှီမင်းကို ရှောင်လာကြသည်။ ဝေ့ရော့ယန်ပင် သူ့ကိုရှောင်နေသည်။
အမြင့်သို့ရောက်လေလေ အကျနာလေလေပင်….
ဝေ့ရှီမင်း ကျောင်းမတက်ချင်တော့ပေ။ သူ အမှန်တကယ် သွားချင်စိတ်မရှိတော့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖျားနာခွင့် လျှောက်ထားပြီး အိမ်တွင်သာနေရန် ဆုံးဖြတ်ခဲ့သည်။
အထက်တန်းကျောင်းရှိ သူ့နာမည်ဂုဏ်သတင်းက ပျက်စီးသွားပြီဆိုသည်ကို သူ သဘောပေါက်သွားပြီး ထိုအရာကို သူမေ့ထားလိုက်သည်။ လီယုံးနာ့နှင့် ကျန့်ယောင်ကဲ့သို့ အရေးအကြီးဆုံးအရာများကို သူ ဆုပ်ကိုင်ထားနိုင်ရန် လိုအပ်သည်။
ဝေ့ရှီမင်းက ကျောင်းတွင် ဝေ့မင်ကျန်းကို အနိုင်ကျင့်ခဲ့သောကြောင့် မဒမ်ဝေ့က ဆိုက်ယောင်တွင် ဖြစ်ပျက်သမျှကို အထူးဂရုပြုမိလာခဲ့သည်။ လျန်ဖုန့်၏ထုတ်ဖော်မှုကို သူမ လျင်မြန်စွာ သိလိုက်ရ၍ အလွန် ထိတ်လန့်သွားသည်။
သူ့မျက်လုံးထဲတွင် ဝေ့ရှီမင်းက အမြဲတမ်းထူးချွန်ပြီး ထက်မြက်သည့် သားတစ်ယောက်ဖြစ်သည်။ သူက ဆုအမျိုးမျိုး ရရှိထားပြီး ထူးချွန်သည့် အဆင့်များ ရှိကာ ချိုသာပြီး ဖော်ရွေသည့် အမူအရာလည်း ရှိသည်။
သို့သော်လည်း ယှဉ်ပြိုင်ပွဲရလဒ်များကို ထိန်းချုပ်ရန်အတွက် ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်သည့် သူရာထူးကို အသုံးချခဲ့ကြောင်း ယခု ဖော်ပြခဲ့ပြီးဖြစ်သည်။
ထိုအခြေအနေမျိုးတွင် သူ၏ဆုများနှင့် ဂုဏ်ထူးများသည် မည်သည်က အစစ် သို့မဟုတ် မည်သည်က အတုဆိုသည်ကို မသိနိုင်တော့ပေ။
ဟူမေ့ သူမကို ပြောခဲ့သည်ကို သတိရမိသွားသည်။ ဝေ့ရှီမင်းတွင် မတူညီသော မျက်နှာနှစ်ခုရှိပြီး တစ်ခုကို ဝေ့မိသားစုရှေ့တွင် ၀တ်ဆင်တတ်ပြီး နောက်တစ်ခုကိုအခြားသူများရှေ့တွင် ဝတ်ဆင်တတ်သည်။
ယခုတော့ မဒမ်ဝေ့သည် ဝေ့ရှီမင်းက ယခင်ကပင် ဆိုးရွားနေပြီဖြစ်ကြောင်းကို လုံး၀ယုံကြည်သွားခဲ့သည်။ သူက သူမ စိတ်ကူးထားခဲ့သည့် လူမျိုး လုံးဝမဟုတ်ခဲ့ပေ။
အဖြစ်မှန်ကိုသိပြီးနောက် မဒမ်ဝေ့ ဝမ်းနည်းသွားသော်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ နောက်ဆုံးတွင် သူမက ဝေ့ရှီမင်းကို နောင်တမရဘဲ စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်သည်။
*
ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ ချူကျိုးသို့ရောက်ရှိချိန်တွင် သန်းခေါင်ကျော်ဖြစ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်က ချိုက်ချင်နှင့် ရှုကျွင်းတို့ သူတို့ကို ညဥ့်နက်သည်အထိ စောင့်နေမည်ကို စိုးရိမ်သဖြင့် အိမ်ပြန်လာမည့်အကြောင်း မပြောခဲ့ကြပေ။ သူတို့နှစ်ဦးက အိမ်ရှေ့တံခါးကို လျှို့ဝှက်စွာသော့ဖွင့်ပြီး ဗီလာထဲသို့ တိတ်တဆိတ် ဝင်သွားကြသည်။
သူတို့၏ အိတ်များကို ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ထားခဲ့ကြသည်။ နှစ်ယောက်သား မယုံနိုင်အောင် ပင်ပန်းနေကြသောကြောင့် သိမ်းထားသည့် ခေါင်းအုံးများနှင့် စောင်များ အားလုံးကို ရှာရန် ဒုတိယထပ်ရှိ အခန်းဆီသို့ ပြေးသွားကြသည်။
ညဉ့်သန်းခေါင် ဖြစ်သောကြောင့် သူတို့နှစ်ယောက်လုံး အိပ်ယာသပ်သပ်ရပ်ရပ်ပြင်ဆင်ရန် အလွန် ပင်ပန်းနေကြပြီး ကျန်သည့် မိသားစုဝင်များကိုလည်း မနှိုးချင်ကြပေ။ ထို့ကြောင့် သူတို့နှစ်ယောက် ရှုနဉ်၏အခန်းတွင်နေလိုက်ကြလေသည်။ သူတို့ ကြုံရာစောင်တစ်ထည်ကို ဆွဲထုတ်ပြီး ကုတင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် ညအိပ်ဝတ်စုံများကို ပြောင်းလဲ၀တ်ဆင်ပြီး အိပ်လိုက်ကြသည်။
နှစ်ယောက်လုံး အလွန်ပင်ပန်းနေသောကြောင့် အိပ်ယာကို ခေါင်းနှင့် ထိလိုက်သည်နှင့် အိပ်ပျော်သွားကြသည်။
နောက်နေ့ မနက်စောစောတွင် ဝေ့မင်ကျန်းက သူတို့အိပ်ခန်းအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်ကို ကြားလိုက်ရသည်။
"အောက်ထပ်မှာ ခရီးဆောင်အိတ်နှစ်လုံးရှိနေတယ်….”
"မနေ့ညက အိမ်ထဲကို တစ်ယောက်ယောက် ဝင်သွားတာ…”
သူက ရှုနဉ်ကိုလှည့်ကြည့်လိုက်သည့်အခါ ရှုနဉ်က ကုတင်ကို ကန့်လန့်ဖြတ်ပြီး အိပ်နေသည်။ သူ၏ခြေထောက်တစ်ဖက်က ဝေ့မင်ကျန်း၏ခါးကိုဖိထားပြီး ဟောက်နေသည်။
ဝေ့မင်ကျန်းက သူနှင့်အတူ အကြိမ်ပေါင်းများစွာ အိပ်ခဲ့ပြီးဖြစ်သောကြောင့် သူ့အကျင့်များအား သိနေသည်။ သူက စိတ်အေးလက်အေး ရှိတတ်သူပင်။ သူ အိပ်ပျော်သွားပါက မည်သည့် အရာကမှ သူ့ကို နှိုးနိုင်မည်မဟုတ်ပေ။ တစ်ယောက်ယောက်က သူ့ကို ကောက်ချီပြီး မြေကြီးပေါ် ပစ်ချလိုက်လျှင်ပင် သူက လှိမ့်ပြီး ပြန်အိပ်ပျော်သွားမည့်သူမျိုးဖြစ်သည်။
ယမန်နေ့ညက သူအမှန်တကယ် ပင်ပန်းသွားပုံရသည်။
သူ့ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် ညလည်ခေါင်တွင် ရှုနဉ်ကို တောက်လျှောက်ဆွဲခေါ်လာမိသည်ကို တွေးမိသွားပြီး ဝေမင်ကျန်း မနေနိုင်ဘဲ သူ့မျက်နှာကို ညင်သာစွာထိလိုက်ကာ စောင်ကို ဆွဲယူပြီးခြုံပေးလိုက်သည်။ ထို့နောက် တိတ်တဆိတ် အိပ်ရာမှထလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
"ရှုးး…”
ချိုက်ချင်နှင့် ရှုကျွင်းတို့က သူ့ကိုမြင်သောအခါ အံ့ဩသွားကြသည်။
“ကျွန်တော်တို့ မနေ့ညက ပြန်လာတာ… ခဏလောက်ကြာကြာလေး အိပ်ချင်သေးတယ်…”
ဝေ့မင်ကျန်း က တိုးတိုးလေးပြောလိုက်သည်။
ရှုယန်က ရှေ့တိုးလာပြီး အော်ခေါ်လိုက်သည်။
"မင်ကျန်းကောကော.."
ဝေ့မင်ကျန်းက သူ့ဆီသို့ လျှောက်လာပြီး ခေါင်းကို ပုတ်လိုက်သည်။
"ရှုယန်၊ လိမ်မာရမယ်နော်…”
ချိုက်ချင်က ရှုယန်ကို ချီလိုက်သည် ။
"ယန်ယန်…မင်ကျန်းကောကောကို မနှောင့်ယှက်ရဘူးနော်…မင်ကျန်းကောကောက အရမ်းပင်ပန်းနေပြီ…သူ အိပ်ရမှာ…”
ရှုယန်က လက်ညှိုးကိုကိုက်ပြီး "သား ကောကော ဘယ်မှာလဲ" ဟု မေးသည်။
သူ၏ ချစ်စဖွယ်အပြစ်ကင်းသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ဝေ့မင်ကျန်း မရယ်ဘဲ မနေနိုင်တော့ ပေ။
“ သူ အခန်းထဲမှာ ရှိတယ်…မင်းကို ခဏနေရင် လာတွေ့လိမ့်မယ်…”
ချိုက်ချင်က သူ့ကို အပြစ်တင်ဟန်ဖြင့် ပြောလိုက်သည်။
"မင်းတို့ပြန်လာမှာကို ဘာလို့ အန်တီတို့ကို မပြောတာလဲ…အန်တီတို့ လာကြိုလို့ရတာကို…”
ဝေ့မင်ကျန်းက ပြောလိုက်သည်။
“ကျွန်တော်တို့ မပြောဖြစ်တာက အန်တီတို့ကို ညဥ့်နက်မှ မနှောင့်ယှက်ချင်လို့ပါ…”
ရှုကျွင်းက လက်မခံပေ။
"မင်းတို့ နှစ်ယောက်က ကလေးပဲ ရှိသေးတာ…လုံခြုံရေးကို ဂရုစိုက်ရမယ်လေ…”
ဝေ့မင်ကျန်း၏နှလုံးသားထဲတွင် နွေးထွေးသွားသည်။ "ကျွန်တော်တို့က ကလေးတွေ မဟုတ်တော့ပါဘူး…ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိပါတယ်…”
ချိုက်ချင်က ပြောလိုက်သည်။
"မင်းက ဉာဏ်ကောင်းတာနဲ့ပဲ ကလေးမဟုတ်ဘူးလို့ ထင်မနေနဲ့…အန်တီတို့ရှေ့မှာဆို မင်းက အမြဲတမ်း ကလေးလေးပဲ…”
"ဟုတ် အန်တီပြောတာ မှန်ပါတယ်…”
ဝေ့မင်ကျန်း ပြုံးလိုက်သည်။
"မြန်မြန်ပြန်အိပ်လိုက်…မင်းနိုးတာနဲ့ မနက်စာစားလို့ရတယ်..."
ချိုက်ချင်က ပြောသည်။
ရှုကျွင်းက ပြောလာသည်။
"အဲဒီအချိန်ရောက်ရင် နေ့လည်စာစားချိန်ဖြစ်နေလောက်ပြီ…”
ဝေ့မင်ကျန်းက ထိုကဲ့သို့ သဘာဝဆန်ပြီး သက်တောင့်သက်သာရှိသည့် အငွေ့အသက်ကို သဘောကျသည်။ သူက သူတို့ကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် အိပ်ခန်းထဲသို့ တိတ်တဆိတ် ပြန်လာပြီး ကုတင်ပေါ်သို့ တိတ်တဆိတ် တက်သွားသည်။
ရှုနဉ်က သူ လှုပ်ရှားသွားသည်ကို ခံစားရပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
"ဘယ်နှစ်နာရီရှိပြီလဲ…”
"စောနေသေးတယ်…ပြန်အိပ်တော့…”
ဝေ့မင်ကျန်းက သူ့ကို ချော့သိပ်လိုက်သည်။
ရှုနဉ်က ညည်းငြူပြီး ပြန်အိပ်လိုက်သည်။ သူ အမှန်တကယ် အိပ်ချင်နေခြင်း ဖြစ်သည်။
ဝေ့မင်ကျန်းလည်း မျက်လုံးမှိတ်ပြီး ပြန်အိပ်ပျော်သွားလေသည်။