Chapter 93
ခေါင်းကိုင်အဖေနှင့် ခေါင်းကိုင်အမေ
ဝေ့ရှီမင်းက လွှမ်းမိုးချုပ်ကိုင်တတ်သည့် မင်းသားလေးအဖြစ် သူ့ကိုယ်သူ ပုံဖော်လေ့ရှိသည်။ သူက ပုံမှန်ကိစ္စကြောင့် မငိုတတ်ပေ။ သူ့ပုံရိပ်ပျက်စီးသွားသကဲ့သို့ ခံစားရသောကြောင့် သူ ငိုလည်းမငိုချင်ပေ။ ငိုခြင်းက သူ့ကို မိန်းကလေးဆန်ကာ ဆွဲဆောင်တတ်သည့်ပုံပေါက်စေသည်။
သို့သော်လည်း ယခုအချိန်တွင် သူက သူ့၏ မင်းသားလေးပုံစံ ရောင်ဝါစက်ဝန်းကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ယုံကြည်နိုင်မည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြောရန် အကွက်ဆင်လိုလျှင် အနည်းငယ် အရှက်မဲ့ပြီး သနားစရာကောင်းသော မျက်နှာပေးကို ပြုလုပ်ရမည်ဖြစ်သည်။
သူ့ငိုသံကို နားထောင်ပြီးနောက် လီယုံးနာ့၏ မျက်ခုံးများ ဖြေလျော့သွားသည်။
"ဒီတစ်ခါတော့ မင်းလုပ်တာက မှားနေတယ်… မင်း မင်ကျန်းကို သေချာပေါက် တောင်းပန်ရလိမ့်မယ်…”
ဝေ့မင်ကျန်းက မျက်ရည်များကို သုတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပြီးသွားပြီ…ဒါပေမယ့် မင်ကျန်းက လက်မခံဘူး…မား …မဒမ်ဝေ့ကို ပြောတယ်... သူက ကျွန်တော့်ကို ကန်ထုတ်ပစ်ဖို့ မဒမ်ဝေ့ကို ပြောခဲ့တယ်… ပြီးတော့ သူက မဒမ်ဝေ့ကို ခြိမ်းခြောက်ဖို့ အိမ်ကနေ ထွက်သွားခဲ့တယ်…”
"အိမ်ကနေ ထွက်သွားတာလား….”
လီယုံးနာ့ အလွန်အံ့သြသွားသည်။ သူ့ စိတ်ထဲတွင် ဝေ့မိသားစုက ရွှေအသိုက်ဖြစ်သည်။ မိသားစုထဲတွင် အသိအမှတ်ပြုခံရရန်ထက် မည်သည့်အရာကိုမှ မလိုလားသည့် တရားမ၀င်ကလေး အများအပြားရှိသည်။
ဝေ့မင်ကျန်းက တကယ်ပဲ အိမ်ကနေ ထွက်ခဲ့တာလား….
လီယုံးနာ့ ဒေါသထွက်သွားသည်။
သူမက အိမ်တော်ထိန်းကို ခေါ်ရန် ဘဲလ်တီးလိုက်ပြီးနောက် မေးလိုက်သည်။
"ဝေ့မင်ကျန်း အိမ်ကနေ တကယ်ထွက်သွားတာလား…."
အိမ်တော်ထိန်းက လျှင်မြန်စွာ မေးမြန်းစုံစမ်းလိုက်ပြီးနောက် လျင်မြန်စွာ ပြန်ပြောသည်။
"ဟုတ်ကဲ့…သခင်လေးမင်ကျန်းက ချူကျိုးကို ပြန်သွားပါပြီ…"
လီယုံးနာ့၏ မျက်ခုံးများက ရေတစ်စက်ပင် မဖြတ်သန်းနိုင်လောက်အောင် ခပ်တင်းတင်း ကြုံ့သွားသည်။ သူမလက်ကိုဝှေ့ယမ်းပြီး အိမ်တော်ထိန်းကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
"အဘွား…”
ဝေ့ရှီမင်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး လီယုံးနာ့၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ကျွန်တော် မှားသွားမှန်းသိပြီမို့ ကျွန်တော့်ကို အခွင့်အရေးပေးပါနော် ကျွန်... ကျွန်တော်က သူ့အပေါ်ကို ဝိုင်နည်းနည်းပဲ လောင်းချချင်တာပါ…တခြားဘာမှမလုပ်ပါဘူး…ဒီတခါတည်းပဲ လုပ်ဖူးတာပါ…ကျွန်တော် ဘယ်တော့မှ ဒါမျိုး ထပ်မလုပ်တော့ပါဘူး…”
သူ၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ လီယုံးနာ့ သက်ပြင်းချလိုက်သည်။
သူ့မြေးနှစ်ယောက်က တွေ့စကပင် လုံးဝ မတည့်ကြပေ။ ဝေ့မင်ကျန်းကလည်း ပြန်ရောက်လာသည်နှင့် ဝေ့ရှီမင်းကို ပစ်မှတ်ထားခဲ့သည်။ ဧည့်ခံပွဲအတွင်း သူက မိသားစုတစ်ခုလုံးရှေ့တွင် "ရှီမင်းကို ဂရုမစိုက်ဘူး" ဟု ကြေညာခဲ့သည်။ ဝေ့ရှီမင်း၏ မိဘများက ကလေးများကို ရည်ရွယ်ချက်ရှိရှိ လဲခဲ့သည်ဟုလည်း အခိုင်အမာဆိုခဲ့သည်။ ဝေ့ရှီမင်းမိဘများ၏လုပ်ရပ်အတွက် ဝေ့ရှီမင်းကို အပြစ်တင်နေသည်မှာ ရှင်းလင်းလှသည်။
ဝေ့ရှီမင်းက ပစ်မှတ်ထားခံရပြီးနောက် ပြန်လည်တိုက်ခိုက်သည်မှာ ကျိုးကြောင်းဆီလျော်သည်။ လီယုံးနာ့၏ အမြင်အရဆိုလျှင် ကပွဲတစ်ခုတွင် အချိုရည်အချို့ ပက်ဖြန်းခံရခြင်းက ကြီးကြီးမားမားကိစ္စမျိုးမဟုတ်ပေ။
ဝေ့မင်ကျန်းက ဝေ့ရှီမင်းကို မိသားစုမှ နှင်ထုတ်ရန် ထိုကိစ္စကို အသုံးပြုခဲ့သည်။ သူက စည်းကျော်လာခဲ့သည်။
ဝေ့မင်ကျန်းက ခွင့်မလွှတ်ဘဲ သည်းမခံနိုင်ခဲ့၍ လီယုံးနာ့ အလွန်စိတ်ပျက်သွားသည်။ သူက ဝေ့ရှီမင်း၏လက်ကိုပုတ်လိုက်သည်။
"စိတ်မပူပါနဲ့…ငါအသက်ရှင်နေသရွေ့ မင်းက ငါ့မြေးပဲ…အဲဒါကို ဘာကမှ မပြောင်းလဲနိုင်ဘူး…”
ဝေ့ရှီမင်းက သူ့မျက်ရည်များကို သုတ်ပြီး ပြုံးလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အဘွား…”
သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤနည်းဖြင့် သူက နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့ပြီဖြစ်သည်။ ဝမ်းသာအားရနှင့် သူ့အခန်းထဲသို့ ပြန်သွားကာ သူ့စိတ်ကို အေးချမ်းစေရန် အရက်သောက်မည်ဟု စိတ်ကူးနေစဉ် ရုတ်တရက် သူ့ဖုန်းမြည်လာသည်။ သူ ဖုန်းမှန်သားပြင်ကိုကြည့်လိုက်သောအခါ ကျိုးကျွမ်မှ ခေါ်နေသည်ကို မြင်လိုက်ရသည်။
ဝေ့ရှီမင်း ဒေါသထွက်နေသော်လည်း သူ့ဒေါသအားလုံးကို ဖြေဖျောက်ရန် နေရာမရှိပေ။ သူ့အမူအရာက မည်းမှောင်နေပြီး အံကြိတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ခင်ဗျား ကျုပ်ကိုဘာလို့ ဖုန်းခေါ်နေသေးတာလဲ..."
ကျိုးကျွမ်၏ ပြတ်သားသောအသံက ဖုန်းထဲမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
"ဝေ့ရှီမင်း…မင်းက ကျေးဇူးကန်းတဲ့ ခွေးကောင်ပဲ…မင်း ငါ့ကို နှင်ထုတ်ဖို့ တကယ်ပဲ လူတွေ လွှတ်လိုက်တာလား…”
ဝေ့ရှီမင်းက ကျိုးကျွမ်ကို သေလောက်အောင် မုန်းတီးသည်။
"ဘာလဲ…ကျုပ်က ခင်ဗျားကို အားလပ်ရက်ပေးမယ်လို့များ မျှော်လင့်နေတာလား…ခင်ဗျား ကျုပ်ကိုမွေးပေးထားတာနဲ့ ကျုပ်က ခင်ဗျားကို ကျွေးမွေးစောင့်ရှောက်ထားလိမ့်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား…ကျုပ် ရှင်းရှင်းပဲပြောမယ်... အဲ့ဒီအိမ်က ကျုပ်အိမ်ပဲ တကယ်လို့ ကျုပ် ခင်ဗျားကို ထွက်သွားလို့ ပြောရင် ခင်ဗျား ထွက်ကို ထွက်သွားရမယ်…”
ကျိုးကျွမ်က အော်ဟစ်လိုက်သည်။
"ဝေ့ရှီမင်း..ငါက မင်းအမေအရင်းပဲ…”
ဝေ့ရှီမင်းက မထူးဆန်းဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ကျုပ်မှာ ခင်ဗျားလို အမေ မရှိဘူး..ခင်ဗျားက ကျုပ်ကို တစ်ခါမှ ပြုစုပျိုးထောင် မပေးခဲ့ဖူးဘူး…ခင်ဗျားမှာ အရှက်တရား နည်းနည်းလေးရှိရင်တောင် ကျုပ်ကို လာရှာမှာ မဟုတ်ဘူး…”
ကျိုးကျွမ် ဝမ်းနည်းသွားပြီး ဒေါသလည်း ထွက်လာသည်။
”ဝေ့ရှီမင်း…မင်းက ကျေးဇူးကန်းတဲ့ လူယုတ်မာပဲ…ငါ သာ ကလေးတွေကို မလဲခဲ့ရင် မင်း အခုလို နေနိုင်ပါ့မလား…မင်းက အခု ဇိမ်ခံအိမ်မှာနေပြီး ဇိမ်ခံကား မောင်းနေရတာ မဟုတ်ဘူးလား…မင်းက ညံဖျင်းတဲ့ ပလ္လင်ပေါ်မှာ ထိုင်နေရင်း တခြားလူတွေကို အထင်သေးနေတာလား… မင်းမှာရှိသမျှအကုန်လုံးက ငါ့ကြောင့်ပဲ ရလာတာလေ…မင်းငါ့ကို မောင်းထုတ်လို့ မရဘူး…”
ဝေ့ရှီမင်းက ထိုကဲ့သို့သော စကားမျိုးနားထောင်ရသည်ကို အမုန်းဆုံးဖြစ်သည်။
"ကျိုးကျွမ်…ခင်ဗျားသေချာနားထောင်…ကျုပ် အခုလိုမျိုး နေထိုင်နေရတာက ကျုပ်ရဲ့ ကံကြမ္မာကြောင့်ပဲ…ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး…ကျုပ်ရဲ့ အထောက်အထားက ပေါ်သွားပေမဲ့ ဝေ့မိသားစုထဲမှာ ဆက်နေနိုင်သေးတာကလည်း ကျုပ်ကြောင့်ပဲ…ခင်ဗျားက မွေးတာကလွဲရင် ဘာလုပ်ခဲ့သေးလို့လဲ…ရိုးရိုးသားသားပြောရရင် ခင်ဗျား ပျောက်ကွယ်သွားဖို့တောင် ကျုပ်က ဆန္ဒရှိသေးတယ်…”
"ဝေ့ရှီမင်း…”
ကျိုးကျွမ်က ဟိန်းဟောက်အော်ဟစ်နေသည်။
ဝေ့ရှီမင်းက လှောင်ပြောင်လိုက်သည်။
"ပျောက်ကွယ်သွားပေးစမ်းပါ…ကျုပ်ရဲ့ အထောက်အထားအစစ်ကို ထုတ်ဖော်ပြီးသွားပြီ…ဒါကြောင့် ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်ဖို့ အဲဒါကို သုံးမယ်ဆိုတာကို မေ့ထားလို့ရတယ်…”
သူ ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။
မကြာမီ ကျိုးကျွမ် အိုးမဲ့အိမ်မဲ့ဖြစ်တော့မည်ကို သူစဉ်းစားမိသောအခါ၊ ယခင်ကတည်းက ဝေ့ရှီမင်း ရှာနေသည့် ဒေါသထွက်ပေါက်ကို နောက်ဆုံးတွင် ရှာတွေ့သွားသည်။
ကျိုးကျွမ်က နောက်ပိုင်းတွင် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ပေ။ သူ့ကို မည်သူကမှ ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။
မဒမ်ဝေ့နှင့်ပတ်သတ်သည့် ကိစ္စကလည်း ယခုအခါ ပျောက်ဆုံးသွားသော အကြောင်းအရာတစ်ခုသာ ဖြစ်သည်။ သူက ဤခက်ခဲသောကာလကို ကျော်ဖြတ်ပြီး လီယုံးနာ့နှင့် ကျန့်ယောင်တို့ကို ခိုင်မြဲစွာဆုပ်ကိုင်ထားရန်သာ လိုအပ်သည်။ သို့မှသာ သူ့ကို မည်သူမှ အနိုင်မယူနိုင်မည်ဖြစ်သည်။
ဝေ့ရှီမင်းက ကျိုးကျွမ်၏ဖုန်းကို ချလိုက်သော်လည်း ကျိုးကျွမ်က အကြိမ်ကြိမ် ဖုန်းပြန်ဆက်နေသည်။
ဝေ့ရှီမင်းက သူ့အား အလေးအနက်ထားမနေဘဲ ကျိုးကျွမ်၏ဖုန်းနံပါတ်ကို ငြင်းဆိုမှုစာရင်းထဲသို့ ထည့်လိုက်သည်။ ကျိုးကျွမ် သဘောရှိ ခုန်ပေါက်နေနိုင်သည်။
လမ်း၏တစ်နေရာတွင် ကျိုးကျွမ် အကြိမ်ပေါင်းများစွာ ဖုန်းဆက်နေပြီး တစ်ဖက်လူက သူမဖုန်းကို လုံးဝမကိုင်သည်ကို နောက်ဆုံး သဘောပေါက်သွားသောအခါ သူမစိတ်ထဲတွင် နက်နဲသည့် စိတ်ပျက်အားငယ်မှုတစ်ခု ပေါ်လာသည်။
ဘဝမှာ ကံအဆိုးဆုံးအရာက မင်းရရှိထားတဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားရတာပဲ…
ဒေါ်လာသန်းချီတန်သည့် သူမ၏ မင်္ဂလာပွဲကုန်ကျစရိတ်က ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ ရည်းစားကလည်း သူမကို ထားခဲ့သည်။ ယခုအခါ သူမ၏အိမ်မှ နှင်ထုတ်ခံရပြီး သွားစရာနေရာ မရှိတော့ပေ။ ထိုအရာက သူမ အိမ်ထောင်မပြုမီ ကိုယ်ဝန်ရှိပြီး ဇာတိမြို့မှနှင်ထုတ်ခံရချိန်ကို အမှတ်ရသွားစေသည်။ ယင်းချန်းကြောင့် ပြန်နှင်ထုတ်ခံရသည့်အချိန်ကိုလည်း သတိရသွားစေသည်။ ချူကျိုးတွင် သူမ မနေနိုင်တော့သည်ကိုလည်း သတိရသွားစေသည်။
အခုတော့ ငါ ထပ်ပြီး နှင်ထုတ်ခံလိုက်ရပြန်ပြီ….
ဘာလို့လဲ…ဘာလို့ ငါ့ကိုပဲ ထပ်ခါထပ်ခါ မောင်းထုတ်ပြီး အကြိမ်ကြိမ် နင်းချေနေရတာလဲ…ပိုဆိုးတာက ငါနဲ့ အနီးကပ်ဆုံးလူတွေကပဲ ဘာလို့ ငါ့ကို အမြဲနင်းချေနေရတာလဲ…
ကျိုးကျွမ်၏ မျက်လုံးများက သွေးရောင်သန်းလာပြီး မျက်ရည်များ စီးကျလာသည်။
သူမ၏ မိဘအရင်းများက သူမကို နှင်ထုတ်ခဲ့ပြီး သူမ၏သားအရင်းကလည်း သူမကို နှင်ထုတ်ခဲ့သည်။
သူမ ဘဝကို ပြန်စဉ်းစားကြည့်လိုက်သည်နှင့် သူမကို နွေးထွေးမှုနဲ့ ဂရုစိုက်မှု ပေးခဲ့သည့် တစ်ဦးတည်းသော သူက ယင်းမင်ကျန်း ဖြစ်သည်။
အိုး…မင်ကျန်း…
သူမ၏ မင်ကျန်းက အကျင့်စာရိတ္တကောင်းသည့် ကလေးဖြစ်သည်။ ယခုတွင်မူ သူက ဝေ့မိသားစု၏ သခင်လေး ဖြစ်လာပြီဖြစ်သည်။ သူ့အကြောင်းတွေးလိုက်တိုင်း ကျိုးကျွမ် ရှက်ရွံ့ပြီး စိတ်မသက်မသာ ခံစားရသည်။
သူမက ယင်းမင်ကျန်းကို လိုက်မရှာနိုင်တော့သည်မှာ သဘာဝပင်။
မဟုတ်သေးဘူး…သူ့ကို အခု ဝေ့မင်ကျန်းလို့ခေါ်သင့်တယ်…
သူမ ထိုမျှလောက်အထိ အရှက်မဲ့ မနေခဲ့ပေ။
ယခုကဲ့သို့ အဆင်မပြေမှုများ ကြုံလာပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် သူမ တောင်းပန်ရမည့်သူက ဝေ့မင်ကျန်းဖြစ်သည်ကို သိလိုက်ရသည်။ မင်ကျန်းက သူ့ကို ဆယ်နှစ်ကျော်ကြာ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေး၊ တံမြက်စည်းလှည်းခြင်းနှင့် အခြားအရာများကို ကူညီပေးခဲ့သူဖြစ်သည်။ သူမ အပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန်လည်း သူ အကောင်းဆုံးကြိုးစားခဲ့သည်။ ယင်းချန်း ထိန်းမနိုင်သိမ်းမရဖြစ်သည့်အကြိမ်တိုင်း သူမကို ကာကွယ်ပေးပြီး နှစ်သိမ့်ပေးခဲ့သည်။
သူမ ဆက်မတွေးနိုင်တော့ပေ။ ကျိုးကျွမ် အတိတ်အကြောင်းများကို တွေးမိတိုင်း မျက်ရည်မကျရန် ထိန်းမထားနိုင်ပေ။
ယခင်က သူမကိုယ်သူ အနည်းငယ် နှစ်သိမ့်နိုင်ခဲ့သည်။သူမ၏ သားအရင်းနှင့် ပြန်ဆုံပြီး နောက်ဆုံးတွင် သူမပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဟုပင်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ကပင် သူမ လုံးဝလက်လျှော့လိုက်သည်။ သူမ ယခင်ပုံစံအတိုင်း ပြန်သွားချင်လျှင်ပင် မင်ကျန်းက ထိုနေရာတွင် မရှိတော့ပေ။
သူက ဝေ့မိသားစု၏ သခင်လေးဖြစ်လာပြီဖြစ်ကြောင်း သူမ သိပြီးဖြစ်သည်။ သူလည်း ယခု ပိုမိုကောင်းမွန်သော ဘဝကို ဖြတ်သန်းနေပြီဖြစ်၍ သူမ၏ နှလုံးသားထဲတွင် ကျေနပ်နေမိသည်။
ဒါပေမယ့် ငါကိုယ်တိုင်အတွက်ကရော….
ကျိုးကျွမ် လမ်းဘေးတွင် ထိုင်ချလိုက်သည်။ သူမ ပြင်းထန်စွာ ငိုကြွေးနေသဖြင့် အခြားသူများက သူမ၏ ထူးဆန်းသောအသွင်အပြင်ကို စတင်မြင်တွေ့သွားကြသည်။
မကြာခင်မှာပင် လူတစ်စုက သူမကို ဝိုင်းလိုက်ကြသည်။ သူတို့က သူမအား လက်ညှိုးထိုးကာ တီးတိုးပြောနေကြသည်။ အချို့က ဗီဒီယိုများပင် ရိုက်နေကြသည်။
သူတို့၏ မထီမဲ့မြင်ပြုမှုက ကျိုးကျွမ်ကို ပို၍ပင် စိတ်ဆိုးစေခဲ့သည်။
ဒီကမ္ဘာမှာ လူကောင်းတစ်ယောက်မှ မရှိဘူးလား…
သေစမ်း…
အားလုံး သေသွားရမှာ…
ပြင်းပြသည့် ကလဲ့စားချေလိုစိတ်က သူမရင်ထဲသို့ တိုးဝင်လာသည်။
“ခွင့်ပြုပါဦး …အစ်မရေ …တစ်ခုခုများ ဖြစ်ခဲ့လို့လား….”
လူတစ်ယောက် သူမဆီသို့ လျှောက်လာပြီး စိုးရိမ်တကြီးမေးသည်။
ကျိုးကျွမ်က မျက်ရည်များ ထွက်နေသည့် မျက်နှာဖြင့် မော့ကြည့်လိုက်သောအခါ ဝတ်ကောင်းစားလှများနှင့် အမျိုးသမီးတစ်ယောက် သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို အောက်သို့ချထားသည်။ သူမသက အသက်သုံးဆယ်ခန့်ရှိပြီး သူမမျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခုရှိနေသည်။ သူမ၏ ပုံစံကို ကြည့်ခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ပုံရသည်။
သူမက ကျိုးကျွမ်ကို ထိုမေးခွန်း မေးလိုက်သောအခါ ကျိုးကျွမ်၏ နှလုံးသားက ပို၍ပင်ချဉ်လာသည်။
"ငါ ငါ့သားရဲ့ နှင်ထုတ်တာကို ခံခဲ့ရတယ်…သူက သူ့အမေကိုတောင် မထောက်ပံ့တဲ့ ကျေးဇူးကန်းတဲ့ မကောင်းတဲ့ကောင်ပဲ…”
ထို အမျိုးသမီးက ထိတ်လန့်သွားသည်။
"ဒီလိုမျိုး ဖြစ်ခဲ့တာလား…”
"အမှန်ပဲ…ငါကတော့ ငါ့သားအတွက် အရာအားလုံးကို စတေးခဲ့ပေမဲ့ သူကတော့ ငါ့ကို ထောက်ပံ့ပေးဖို့ငြင်းပြီး အိမ်ကနေ မောင်းချလိုက်တယ်…မိုက်မဲတဲ့ခွေးကောင်ပဲ…”
ကျိုးကျွမ်က ငိုကြွေးမြည်တမ်းရင်း ပြောလိုက်သည်။
ထိုအမျိုးသမီးက ဒေါသတကြီးဖြစ်သွားသည်။
“ဘယ်လောက်တောင် ဆိုးလိုက်လဲ…”
ကျိုးကျွမ်က ငိုပြီးပြောသည်။
"အခု ငါ အိမ်ယာမဲ့ ဖြစ်နေပြီ…ငါ့မှာ ပိုက်ဆံလည်း အများကြီး မရှိဘူး…”
သူမ မူလက ဝေ့ရှီမင်းထံမှ ငွေအမြောက်အမြား တောင်းယူခဲ့သည်။ သို့သော်လည်း ယောက်ျားတစ်ယောက် ရှာရန် အတွက် သူမက အောင်သွယ်အသင်းတွင် များစွာသုံးစွဲခဲ့ရသည်။ သူမ၏ ရည်းစားထံမှလည်း အလှည့်စားခံလိုက်ရသည်။ ထို့ကြောင့် ယခု သူမထံတွင် ပိုက်ဆံမကျန်တော့ပေ။
"ရှင့်မှာ သွားစရာနေရာမရှိဘူးလား..”
ကျိုးကျွမ် မျက်ရည် ဝဲလာသည်။
"မရှိဘူး…ငါဘယ်ကိုများ သွားနိုင်ပါ့မလဲ…”
အမျိုးသမီးက ခဏ စဉ်းစားပြီးနောက် ပြောလာသည်။
“ဒါက ခက်တော့ခက်တယ်…ရှင် အခုအချိန် ခက်ခဲနေတာဆိုတော့ ကျွန်မဆီမှာ ဘာလို့ တစ်ရက်နှစ်ရက်လောက် လာမနေတာလဲ…”
ကျိုးကျွမ် အံ့ဩတကြီး ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေလျက်ဖြင့် မေးလိုက်သည်။
"တကယ်လား"
ထိုအမျိုးသမီးက ပြန်ဖြေသည်။
“တစ်ယောက်ယောက် ဒုက္ခရောက်ရင် ကူညီဖို့က ငါတို့တာဝန်ပဲလေ”
ကျိုးကျွမ်က သူမ လမ်းဆုံးသို့ ရောက်နေချိန်တွင် ထိုကဲ့သို့ လူကောင်းမျိုးနှင့် တွေ့လိုက်ရသည်။ ထိုမိန်းမ၏ခြေရင်း၌ သူ ဒူးထောက်ချင်လုနီးပါးပင်။
"ကျေးဇူးအများကြီးတင်ပါတယ် …ရှင်ကတကယ့်ကို သူတော်ကောင်းပဲ…”
အမျိုးသမီး၏ နှုတ်ခမ်းနီနီက ပြုံးလိုက်၍ ကွေးညွတ်သွားသည်။ သူမက ကျိုးကျွမ်ကို ကူညီခဲ့သည်။
"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး…ငါတို့ နှစ်ယောက်လုံးက မိန်းမတွေပဲ….ငါတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်သင့်တယ်…”
ကျိုးကျွမ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
"ငါ ရှင့်ရဲ့ မျိုးရိုးနာမည် သိလို့ရမလား"
အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။
“မျိုးရိုးနာမည်က လျို့ ၊ ငါ့နာမည်က ဟုန် ပါ…ငါ့ကိုရှောင်လျို့လို့ပဲ ခေါ်လို့ရတယ်…”
"မိန်းကလေးလျို့…အမ် …ကျွန်မရဲ့ မျိုးရိုးနာမည်က ကျိုး ပါ... နာမည်အပြည့်အစုံက ကျိုးကျွမ်ပါ…”
ကျိုးကျွမ်က မျက်ရည်လည်ရွဲနှင့် သူမကိုယ်သူမ မိတ်ဆက်သည်။
"မစ္စကျိုးရေ…ငါတို့မတက်နိုင်တဲ့တောင်ဆိုတာ မရှိပါဘူး…ငါနဲ့လိုက်ခဲ့ပါ…”
လျို့ဟုန် က တိုးတိုးလေးပြောလိုက်သည်။
"ကိစ္စတိုင်းအတွက် ဖြေရှင်းချက်ရှိပါတယ်.. ရှင့်ရဲ့သားအကြောင်း ကျွန်မကို ပြောပြပါလား… ဖြစ်နိုင်ရင် ရှင့်ကို အကြံတစ်ခု နှစ်ခုလောက် ပေးနိုင်လောက်တယ်…”
"ကျေးဇူးတင်ပါတယ် မိန်
းကလေးလျို့..."
ကျိုးကျွမ်က လျို့ဟုန်ကို အလွန်ကျေးဇူးတင်နေသည်။ သူမက မြေပြင်ပေါ်မှ ပစ္စည်းများကို အမြန်ကောက်လိုက်ပြီး အနီးနားတွင် ရပ်ထားသော ကားတစ်စီးဆီသို့ လျို့ဟုန်နောက်မှ လိုက်သွားလိုက်သည်။
*