Chapter 92
ဗီလိန်လေးသည် ဝေ့မိသားစုနှင့် အဆက်အသွယ်ဖြတ်ပြီး သူ၏မျိုးရိုးအမည်ကို ရှုသို့ပြောင်းလျှင်လည်း မဆိုးလှပေ။ ယခုအချိန်မှစ၍ ရှုနဉ်က ဗီလိန်လေးကို သူ့မိဘများအစား ပိုချစ်ပေးလိုက်မည်ဖြစ်သည်။
ဝေ့မင်ကျန်း အမှန်တကယ် ထွက်ခွာသွားတော့မည်ကိုမြင်သောအခါ မဒမ်ဝေ့ ထိတ်လန့်သွားသည်။
"မင်ကျန်း မသွားပါနဲ့….မား မှားပါတယ်…”
သူမတွင် ယခုအချိန်၌ ဝေ့ရှီမင်းအတွက် အပိုအားအင်များ မရှိတော့ပေ။ သူမက အပေါ်ထပ်သို့ အလျင်စလိုပြေးတက်လာပြီး ပြောလိုက်သည်။
"မင်ကျန်း…မား မှားသွားပါတယ်…မားက သားကိုပဲ ရွေးချယ်တာပေါ့…မား သားကိုပဲ သေချာပေါက် ရွေးတယ်…”
"မဟုတ်ဘူး မဒမ် ဘာအမှားလုပ်မိသွားလဲဆိုတာကို မဒမ်မသိသေးပါဘူး…အခုက မဒမ် ကျွန်တော်ထွက်သွားမှာကို တားဆီးဖို့အတွက် သက်သက်ပဲ ပြောနေတာပါ…”
ဝေ့မင်ကျန်းက သူ့ပစ္စည်းများကို အချိန်ယူပြီး ထုပ်ပိုးနေခဲ့သည်။
"မဒမ်ဝေ့ …ကျွန်တော် မဒမ့်ကို စဉ်းစားဖို့ အချိန်တစ်ခုပေးပါ့မယ်…နောက်မှ နောင်တရတာမျိုး မဖြစ်စေချင်ဘူး…”
မဒမ်ဝေ့က သူ့အင်္ကျီလက်ကို ဆွဲကိုင်ထားပြီး သူ့ကိုလွှတ်ပေးရန် ငြင်းလိုက်သည် ။
“အကုန်လုံးက မားရဲ့ အမှားပါ…မား သေချာပေါက် နောင်တမရဘူး…”
ဝေ့မင်ကျန်းက သူမခင်ပွန်း၏အငယ်အနှောင်းကို ဥပမာအဖြစ် အသုံးပြုခဲ့သည်။ ၎င်းက သူမကို အလွန် ဒေါသထွက်သွားစေခဲ့သော်လည်း သူမ သတိပြန်ဝင်လာသောအခါ နောက်ဆုံးတွင် သားအရင်းဖြစ်သူ၏ ခံစားချက်ကို နားလည်နိုင်ခဲ့သည်။
ဝေ့မင်ကျန်းက တရားဝင်သားဖြစ်ပြီး ဝေ့ရှီမင်းက အငယ်အနှောင်းသာဖြစ်သည်။
ထို ဥပမာဖြင့် သူမ ထိုကိစ္စကို ချက်ချင်းသိသွားနိုင်ခဲ့ပြီး ဒေါသထွက်သွားခဲ့သည်။
ထိုကိစ္စက အမှန်ပင်ဖြစ်သည်။ ဝေ့ရှီမင်းက အသိုက်ထဲက ချိုးငှက်တစ်ကောင်ကဲ့သို့ပင် ဝေ့မိသားစုထဲသို့ သူ့ကို တမင်တကာ ထည့်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ယခုတွင် သူက ဝေ့မင်ကျန်းကို ဒုက္ခပေးရန် ကြိုးစားနေသည်။ ထိုအရာက အမှန်တကယ် ရိုးရှင်းပြီး ရွံမုန်းဖွယ် ကောင်းလွန်းသည်။
"မား …သားကို ရွေးမယ်…သားကိုပဲ မား သေချာပေါက်ရွေးမယ်…”
မဒမ်ဝေ့က အပြင်းအထန် တောင်းပန်သည်။
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"ကျွန်တော် မယုံဘူး…မဒမ် အခုပြောတာက ကောင်းနေပေမဲ့ ဝေ့ရှီမင်း သရုပ်ဆောင်ပြလိုက်တိုင်း မဒမ် သူ့အတွက် စိတ်မကောင်းဖြစ်သွားတာပဲလေ…”
သူက သူ့အဝတ်အစားများကို လက်ဆွဲအိတ်ထဲသို့ ထည့်ပြီး ဘေးအခန်းတံခါးနားသို့ လျှောက်သွားကာ အော်ပြောလိုက်သည်။
“ရှုနဉ် မင်းအဆင်သင့် ဖြစ်ပြီလား…”
“အဆင်သင့်ပဲ…”
ရှုနဉ်က သူ့ လက်ဆွဲအိတ်ကို သယ်ပြီး လျှောက်လာသည်။
သူတို့နှစ်ယောက် ဤနေရာသို့ ရောက်သည်မှာ မကြာသေးသောကြောင့် သူတို့ ထုပ်ပိုးစရာ ပစ္စည်း အများကြီး မရှိလှပေ။ သူတို့ လိုအပ်သည့် အရာအားလုံးက ချူကျိုးမှ အိမ်တွင် ရှိသည်။
“မင်ကျန်း မင်ကျန်း မသွားပါနဲ့…”
မဒမ်ဝေ့ အမှန်တကယ် ထိတ်လန့် တုန်လှုပ်နေပြီဖြစ်သည်။
သူမသည်သာ မင်ကျန်းကို ပြန်လာရန် တောင်းဆိုခဲ့သူဖြစ်ကြောင်း မဒမ်ဝေ့ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ဝေ့မင်ကျန်းက ဝေ့မိသားစု၏ ပိုက်ဆံနှင့် အာဏာကို ဂရုမစိုက်ခဲ့ပေ။ ထိုအရာများက သူစွန်ပစ်လိုသည့်အချိန်တွင် စွန့်ပစ်လိုက်နိုင်သည့် အရာများဖြစ်သည်။
မဒမ်ဝေ့၏ စိုးရိမ်သောကရောက်နေသည့် အမူအရာကို တွေ့လိုက်သောအခါ ရှုနဉ် အနည်းငယ် စိတ်ပျော့သွားသည်။ သူ မနေနိုင်ဘဲ ဗီလိန်လေးကို တစ်ချက် ကြည့်လိုက်သည်။
ဗီလိန်လေး၏ မျက်နှာက ပြောင်းလဲ မသွားပေ။သူက ရှုနဉ်ကို ပြောလိုက်သည်။
“သွားကြရအောင်…”
ရှုနဉ် သက်ပြင်းချလိုက်ပြီးနောက် လက်ဆွဲအိတ်ကိုကိုင်ကာ လျှောက်သွားလိုက်သည်။
“မင်ကျန်း…”
မဒမ်ဝေ့က သူတို့နောက်မှ လိုက်လာသည်။ သူမ မျက်နှာက ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
ဗီလိန်လေးက ပြောလိုက်သည်။
“မဒမ်ဝေ့ စိတ်မပူပါနဲ့…ရှုနဉ်နဲ့ကျွန်တော်က ချူကျိုးက အန်တီနဲ့အန်ကယ်တို့ဆီကို အလည် ခဏပြန်တာပါ…ရက်ပိုင်းလောက် နေပြီးရင် ကျွန်တော်တို့ ပြန်လာမှာပါ…”
“မင်ကျန်း မား တကယ့်ကို သားကိုပဲ ရွေးတာပါ…ကျေးဇူးပြုပြီး မားကို ယုံပေးပါ…”
မဒမ်ဝေ့က အလွန် စိတ်သောကရောက်နေပြီး သူမ ငိုချမိတော့မတတ်ပင်။
ဝေ့မင်ကျန်းက ပြုံးပြီးပြောလိုက်သည်။
“မဒမ် ဘယ်နှစ်ခါပဲ အခုလိုမျိုး ပြောနေပါစေ ယုံချင်စရာ ကောင်းမနေဘူးလေ…မဒမ်သာ ကျွန်တော့်ကို တကယ်ရွေးမယ်ဆိုရင် လုပ်ရပ်နဲ့ပဲ သက်သေပြပေးပါ…ကျွန်တော် မဒမ့်ရဲ့ ဆုံးဖြတ်ချက်ကို တွေ့ချင်တယ်…မဟုတ်ရင်တော့ မဒမ် ဘာပဲပြောပြော အသုံးမဝင်တော့ဘူး…”
မဒမ်ဝေ့ တွေဝေသွားသည်။
ဝေ့မင်ကျန်းက ရှုနဉ်၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးပြီး မဒမ်ဝေ့ကို ဖြတ်လာခဲ့သည်။
မဒမ်ဝေ့က သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်ဟု ရှုနဉ် တွေးမိသောကြောင့် သူ ခေါင်းငုံ့ပြီး မဒမ်ဝေ့ကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ ထို့နောက် သူက ဗီလိန်လေးနောက်သို့ အမှီလိုက်ကာ နှစ်ယောက်သား အောက်ထပ်သို့ဆင်းပြီး ထွက်လာခဲ့ကြသည်။
ဗီလာမှ ထွက်လာပြီးနောက် ရှုနဉ်က ဗီလိန်လေးကို မေးလိုက်သည်။
“မင်ကျန်း... ငါတို့ တကယ်ကြီး ထွက်သွားကြမလို့လား…”
ဝေ့မင်ကျန်းကပြောလိုက်သည်။
"ဒါပေါ့…ငါတို့အိမ်ကို အလည်သွားဖို့ အချိန်ရောက်ပြီလေ …မင်းက အိမ်ပြန်မပြန်ချင်ဘူးလား…”
"ငါပြန်ချင်တာပေါ့…"
"ဒါဆို ငါတို့ အလည်သွားကြရအောင်…”
ရှုနဉ် ခဏ တုံ့ဆိုင်းသွားသည်။
" မဒမ်ဝေ့နဲ့ ဝေ့ရှီမင်းကိုရော ဘယ်လိုလုပ်မလဲ…”
ဝေ့မင်ကျန်းက ပြန်ဖြေလိုက်သည်။
"ဒါကတော့ သူ ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်တယ်…”
ရှုနဉ် ခဏမျှ ထိတ်လန့်သွားသည်။ ထို့နောက် သူက ချီတုံချတုံနှင့် မေးလိုက်သည်။
"ဒါဆို တကယ်လို့သာ ..."
"မင်းက သူ ဝေ့ရှီမင်းကို ရွေးမှာကို စိုးရိမ်နေတာလား…”
ဝေ့မင်ကျန်း ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့…ငါ ဝေ့မိသားစုကို ထားခဲ့လိုက်ရုံပဲပေါ့…”
"မင်းနောင်တမရဘူးလား…"
"မရဘူး….”
ဝေ့မင်ကျန်းက ခေါင်းခါလိုက်သည်။
"မင်းဒီမှာရှိနေသရွေ့ ငါ့မှာ နောင်တရစရာမရှိပါဘူး…မင်းငါ့ကိုအမြဲတမ်းဂရုစိုက်ပြီး ငါ့အနားမှာ ရှိနေပေးမှာမဟုတ်လား…”
ရှုနဉ် သတိပြန်ဝင်လာပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
ဝေ့မင်ကျန်းက ရယ်လိုက်သည်။
"အဲ့ဒါဆို ငါ့မှာ ကြောက်စရာဘာမှ မရှိဘူး…”
ကမ္ဘာပေါ်တွင် သူအနှစ်သက်ဆုံးလူက သူ့ကို သဘောကျသည်။ အခြားအရာများ အားလုံးကို ဆုံးရှုံးခဲ့လျှင်ပင် သူနောင်တရမည် မဟုတ်ပေ။
သူက ဗီလိန်လေးအတွက် အလွန် အရေးကြီးကြောင်း ရှုနဉ် မသိခဲ့ပေ။
သူ မယုံနိုင်လောက်အောင် တုန်လှုပ်သွားပြီး အလွန်လည်း စိတ်ရှုပ်သွားသည်။
ငါတို့နှစ်ယောက်သာ လမ်းခွဲရတဲ့တစ်နေ့ကို ရောက်လာခဲ့ရင် ဘာဖြစ်သွားလောက်မလဲ…ဗီလိန်လေးက သေလုမျောပါးဖြစ်တဲ့အထိ ငိုနေမှာတော့ မဟုတ်ဘူးမလား…
သူတို့နှစ်ယောက် ကားထဲတွင် ထိုင်နေကြသည်။ ဝေ့မင်ကျန်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး WeChatမှ မက်ဆေ့ခ်ျပို့လိုက်သည်။
ယခုချိန်တွင် အရာအားလုံးက မဒမ်ဝေ့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်တော့သည်။
*
ဗီလာတွင်
ဟူမေ့က WeChatမှ ယွမ်သုံးသောင်း ငွေလွှဲလိုက်သည်ကို လက်ခံရရှိခဲ့သည်။ သူမ ချက်ချင်းပင် သတိတကြီး ဖြစ်သွားသည်။ ဖုန်းကိုဖယ်လိုက်ပြီး ဗီလာ၏ ရှေ့ တံခါးဆီသို့ လျှောက်သွားလိုက်၏။
ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့က ထွက်ခွာသွားပြီဖြစ်သည်။ မဒမ်ဝေ့က စင်္ကြံရှေ့တွင် တစ်ယောက်တည်း မတ်တပ်ရပ်နေပြီး သူမမျက်နှာတွင် နာကျင်ခြင်းများဖြင့် ပြည့်နေသည်။
ငါ ဘာလို့များ ဒီလိုမျိုးတွေ လုပ်နေခဲ့ရတာလဲ…
မင်ကျန်းက ဘာလို့ ဝေ့ရှီမင်းကို ခွင့်လွှတ်ပေးသင့်တာလဲ…
ဘာလို့များ ငါ့ခေါင်းထဲမှာ ဒီလောက်ထိ ရှုပ်ထွေးနေရတာလဲ…
ဟူမေ့က သူမအနားကို လျှောက်လာပြီး တိုးတိုးလေးပြောလာသည်။
"သခင်မ…ဝမ်းနည်း မနေပါနဲ့….”
မဒမ်ဝေ့က သူမ မျက်လုံးများကို ပွတ်သပ်လိုက်ကာ ခေါင်းလှည့်ပြီးမေးလိုက်သည်။
"ပြောပြစမ်းပါ…ငါ အမှားလုပ်မိလို့လား…”
ဟူမေ့လည်း မည်သည့် စကား ပြန်ပြောရမည်ကို တွေးနေသည်။ သူမက ပြောလိုက်သည်။
“သခင်မ လုပ်ခဲ့တာတွေက နားလည်ပေးလို့ ရပါတယ်…သခင်လေးရှီမင်းကို ဆက်ပြီး နေခိုင်းထားတာ အမှားတစ်ခုမဟုတ်ပါဘူး…ဒါပေမယ့် အဲ့ဒါက သခင်လေး ရှီမင်းက ဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အခြေအနေမှာ ရှိမှပဲ ဖြစ်မှာလေ…သူက သခင်လေးမင်ကျန်းကို အနိုင်ကျင့်တာကို ခွင့်ပြုပေးလို့ မရဘူးလေ…”
မဒမ်ဝေ့နှင့် ဟူမေ့တို့က ဝမ်းကွဲဆွေမျိုးများဖြစ်သောကြောင့် အနည်းငယ်ရင်းနှီးကြသည်။ ထို့အပြင် ဟူမေ့က ဗီလာတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ သူတို့က တစ်ဦးနှင့်တစ်ဦး ကိုယ်ရေးကိုယ်တာကိစ္စများကို မျှဝေကြသည်အထိ ရင်းနှီးကြသည်။
မဒမ်ဝေ့က ပြောလိုက်သည်။
"ငါတော့ ရှီမင်းက စိတ်တိုသွားလို့ လုပ်လိုက်တာလို့ ပဲ ခံစားရတယ်…ရှီမင်းက အရမ်းထူးချွန်တဲ့ ကလေးတစ်ယောက်ပါ…သူ အမှားတစ်ခုပဲ လုပ်ခဲ့တာပါ…ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး…ဘာလို့များ မင်ကျန်းက အရမ်းနာကျင်သွားလဲဆိုတာ ငါတော့ မသိတော့ဘူး…”
ဟူမေ့က ပြောလိုက်သည်။
"သခင်မ... ကျွန်မ ဒီလိုပြောသင့်သလား မပြောသင့်ဘူးလားဆိုတာတော့ မသေချာဘူး…”
မဒမ်ဝေ အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။
“ဘာလဲ...”
ဟူမေ့က မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းသွားသည် ။
"အဲဒါက သခင်လေးရှီမင်းအကြောင်းပါ…”
"ရှီမင်းလား…”
မဒမ်ဝေ့ စိတ်ရှုပ်သွားသည်။
"ရှီမင်းက ဘာဖြစ်လို့လဲ"
ဟူမေ့က ပြောလိုက်သည်။
"သခင်မ…သခင်လေးရှီမင်းက သခင်မရဲ့ ရှေ့မှာပြုမူပုံနဲ့ တခြားသူတွေရှေ့မှာ ပြုမူပုံက ကွာခြားပါတယ်…တခြား အစေခံတွေကိုလည်း မေးကြည့်လို့ရပါတယ်…”
မဒမ်ဝေ့က နားလည်ကြောင်း ပြသည်။
ဟူမေ့က ပြောလိုက်သည်။
"နောက်တစ်ခုရှိသေးတယ်…ဒါကိုတော့ သခင်မကို ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး…"
"နောက်ထပ် ဘာရှိသေးတာလဲ…"
မဒမ်ဝေ့က မေးလိုက်သည်။
ဟူမေ့က အသက်ပြင်းပြင်းရှူပြီး ပြောပြလိုက်သည်။
"သခင်လေးမင်ကျန်း ပြန်ရောက်တဲ့နေ့တုန်းက သခင်လေး နှစ်ယောက်ကို မိသားစုအကြောင်း သင်ပေးဖို့ သခင်မ ကျွန်မကို တာဝန်ပေးခဲ့တယ်လေ…သခင်လေးရှီမင်းက ပွဲမှာ သူတို့ကိုယ်သူတို့ အရူးလုပ်မိအောင် အချက်အလက်အမှားတွေပေးဖို့ ကျွန်မကို ပြောခဲ့တယ်…”
မဒမ်ဝေ့ အလွန် ထိတ်လန့်သွားသည်။
"ဒီလိုမျိုးဖြစ်ခဲ့တာလား…”
ဟူမေ့ ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီတုန်းက သခင်လေးရှီမင်းကို ကျွန်မ ဘက်လိုက်ခဲ့မိတယ်…သခင်လေးရှီမင်း တောင်းဆိုတာကို ကျွန်မ သဘောတူခဲ့တယ်… ကံကောင်းထောက်မစွာပဲ သခင်လေး မင်ကျန်းက အမှားတွေကို သိနိုင်လောက်တဲ့အထိ ဉာဏ်ထက်မြက်ပြီး ကျွန်မကိုလည်း အပြစ်ပေးခဲ့တယ်…အဲ့ဒီတုန်းက စတိုင်လစ်က ဒါကို သိပါတယ်…မယုံရင် မေးကြည့်လို့ရပါတယ်…”
မဒမ်ဝေ့က ဒေါသထွက်ပြီး စိုးရိမ်သွားသည်။
"မင်းက ရှိီမင်းဆီက တောင်းဆိုချက်ကြောင့် မင်ကျန်းကို ဘာလို့များ ပစ်မှတ်ထားနိုင်ရတာလဲ…”
ဟူမေ့က ရှက်ရွံ့စွာပြောခဲ့သည်။
"သခင်မ..ပထမဆုံးအထင်အမြင်ကို ပြောင်းလဲဖို့ ဆိုတာ ခဲယဉ်းပါတယ်…သခင်လေးမင်ကျန်းက အပြင်မှာ ကြီးပြင်းလာတဲ့သူဖြစ်လို့ သူက သခင်လေးရှီမင်းလောက် ထူးချွန်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်...ပြီးတော့ သခင်လေးရှီမင်းက ကျွန်မတို့နဲ့ ကြီးပြင်းလာခဲ့တာပါ…ကျွန်မတို့ဘက်ကလူတိုင်းက သူ့ဘက်က တစ်စိတ်တစ်ပိုင်းဖြစ်နေတာက ပုံမှန်ပါပဲ...သခင်မလည်း အစက သခင်လေး ရှီမင်းကို သဘောကျတာပဲမဟုတ်လား…”
မဒမ်ဝေ့ အသက်ရှုကြပ်လာသည်။ ဟူမေ့က ဆက်ပြောလိုက်သည်။
“ကျွန်မလိုပဲ ထင်တဲ့လူတွေအများကြီးရှိတယ်… သခင်မကလွဲလို့ တခြားဘယ်သူကမှ သခင်လေးမင်ကျန်းကို မကြိုက်ကြဘူး…လူတိုင်းက သခင်လေးရှီမင်းကို ပိုသဘောကျကြတယ်... အစေခံတွေတောင် အဲ့ဒီလိုတွေးကြတယ်…”
"သခင်လေး မင်ကျန်းက ကျွန်မကို သင်ခန်းစာပေးပြီးနောက်တော့ သူက ကျွန်မအကြောင်း သခင်မကို သတင်းပို့ပြီး တိုင်ပြောမယ်လို့ ထင်ခဲ့ပေမယ့် ကျွန်မကို လွှတ်ပေးခဲ့တယ်…နောက်ပိုင်းမှာတော့ ကျွန်မ သခင်လေးမင်ကျန်းနဲ့ တဖြည်းဖြည်းချင်း ပိုရင်းနှီးလာခဲ့တယ်…သခင်လေးမင်ကျန်းက တကယ်ကောင်းတဲ့သူလို့ ကျွန်မထင်တယ်…”
"ဒီနေ့…သခင်မက သခင်လေးမင်ကျန်းနဲ့ သခင်လေးရှီမင်းတို့အတွက် စိတ်ပူနေတာကို ကျွန်မ သတိထားမိလို့ သခင်မကို အမှန်အတိုင်းပြောဖို့ လိုအပ်နေပြီလို့ ကျွန်မ ခံစားရမိလိုက်တယ်…ကျွန်မကို အပြစ်ပေးချင်တယ်ဆိုရင်လည်း ကျေးဇူးပြုပြီး အပြစ်ပေးလိုက်ပါ…”
မဒမ်ဝေ့ ပြောစရာ စကားပင် မရှိတော့ပေ။
ဝေ့ရှီမင်းက မင်ကျန်းကို ပထမဆုံးနေ့ကပင် ပစ်မှတ်ထားခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။
ပထမအကြိမ်က အလုပ်မဖြစ်သောအခါ ထပ်မံကြိုးစားခဲ့သည်။
မဒမ်ဝေ့က လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။ ဝေ့မင်ကျန်းမသွားခင် သူ့ကို ပြောခဲ့သည်ကိုပြန်သတိသွားသည်။
“မဒမ် ဘယ်နှစ်ခါပဲ အခုလိုမျိုး ပြောနေ ပါစေ ယုံချင်စရာ ကောင်းမနေဘူးလေ…မဒမ်သာ ကျွန်တော့်ကို တကယ်ရွေးမယ်ဆိုရင် လုပ်ရပ်နဲ့ပဲ သက်သေပြပေးပါ…ကျွန်တော် မဒမ့်ရဲ့ ဆုံးဖြတ်ချက်ကို တွေ့ချင်တယ်…မဟုတ်ရင်တော့ မဒမ် ဘာပဲပြောပြော အသုံးမဝင်တော့ဘူး…”
ရုတ်တရက် သူမ လုပ်ရန် လိုအပ်သည့်အရာကို သိလိုက်သည်။ သို့မှသာ သားဖြစ်သူ၏ နှလုံးသားကို ပြန်လည်အနိုင်ယူနိုင်မည်ဖြစ်သည်။ သူမ ချီတုံချတုံဖြစ်မနေဘဲ ပြတ်ပြတ်သားသား ဖြစ်သွားသည်။
မဒမ်ဝေ့တစ်ယောက် ဝေ့မင်ကျန်း၏နောက်သို့ လိုက်သွားသည်ကို မြင်သည်နှင့် ဝေ့ရှီမင်းက သူ ရှုံးသွားသည်ကို သိလိုက်သည်။ ထိုအရာက သူ မျှော်လင့်ထားသော ရလဒ်ပင်ဖြစ်သည်။ မဒမ်ဝေ့က သားအရင်းကို ကျော်ပြီး သူ့ကိုရွေးချယ်ရန် နည်းလမ်းမရှိပေ။
သူ တွယ်ကပ်နေလျှင် မဒမ်ဝေ့က သူ့ကို ပို၍ပင် မုန်းသွားနိုင်သည်။ ထို့ကြောင့်သူက ပင်မအိမ်တော်ခွဲမှ လိမ္မာပါးနပ်စွာ ထွက်လာပြီး လီယုံးနာ့၏ ဘေးသို့ ပြန်လာကာ သူမ ခြေထောက်များကို တိတ်တဆိတ် နှိပ်နယ်ပေးနေလိုက်သည်။
သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေသည်။ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည်ကို သူ ခံစားနေရသည် ။ ရလဒ်အနေနှင့် သူ့လက်ထဲရှိ ခွန်အားကို မထိန်းထားနိုင်ခဲ့ပေ။
ဝေ့မင်ကျန်း ပြန်ရောက်လာချိန်မှစ၍ သူ့အတွက် ကိစ္စများက အမြဲ မှားယွင်းနေပုံပေါ်နေသည်။
"ရှီမင်း မင်းစိတ်ထဲမှာ တစ်ခုခုဖြစ်နေလို့လား…”
ဆိုက်ယောင်နိုင်ငံတကာအထက်တန်းကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကို လီယုံးနာ့က အထူးတလည် ဂရုစိုက်မနေပေ။ ဝေ့ရှီမင်း လွန်ခဲ့သည့်နှစ်ရက်လုံး စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို သူမ ခံစားမိသည်။
သူမ ဝေ့ရှီမင်းကို ဂရုစိုက်သည့် ပထမအချက်မှာ ဝေ့ရှီမင်းက သူ့မျက်စိအောက်တွင် ကြီးပြင်းလာခဲ့ပြီး ဒုတိယအချက်အနေဖြင့် ဝေ့ရှီမင်းက သူ့အသက်ကို ကယ်တင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း ဝေ့ရှီမင်းက ပို၍ပင် ဂရုတစိုက်နှင့် ချစ်စဖွယ်ကောင်းလာခဲ့သည်။
သက်ကြီးရွယ်အိုများ အလိုချင်ဆုံးအရာက ကြင်နာတတ်သည့် မြေးလေးသာ ဖြစ်သည်။ အခြားမြေးများက သူမဆီသို့ မကြာခဏ လာလေ့မရှိပေ။ ဝေ့ရှီမင်းကသာ သူမဘေးတွင် အမြဲရှိနေပေးသူ တစ်ဦးဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ဆက်ဆံရေးက နက်ရှိုင်းလာသည်မှာ သဘာဝဖြစ်သည်။
ဝေ့ရှီမင်းက ဝေ့မိသားစုမှ ကလေးမဟုတ်သော်လည်း လီယုံးနာ့က ထိုအကြောင်းကို စိတ်မ၀င်စားပေ။ ဝေ့ရှီမင်း သတိပြန်ဝင်လာပြီး တွန့်ဆုတ်စွာပြောလိုက်သည်။
"မဟုတ်ပါဘူး"
သူ့စိတ်ထဲ တုန်လှုပ်နေမိသည်။ ကျောင်းမှ အဖြစ်အပျက်များက မိသားစုထံသို့ ရောက်ရှိလာနိုင်သည်။ ယနေ့တွင် သူက သူ၏ တောင်းပန်မှုကို ဖော်ပြရန် ပင်မအိမ်တော်ခွဲသို့ ပြန်ခဲ့သော်လည်း သူ့ကို ခွင့်မလွှတ်ခဲ့ပေ။ သူ့ကို ခွင့်မလွှတ်ရုံသာမကဘဲ ဝေ့မင်ကျန်းကလည်း အိမ်မှ ထွက်သွားခဲ့သည်။
သူ ဝေ့မင်ကျန်းကို ပစ်မှတ်ထားခဲ့သည့်အချက်ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ကျောင်းတွင် သူ့ဂုဏ်သတင်းက ပျက်ဆီးသွားခဲ့ပြီဖြစ်သ၍ ဝေ့ရှီမင်း အလွန်တုန်လှုပ်နေမိသည်။ သို့သော် ထိုကိစ္စများ က ယခု အခြေအနေသို့ပင် ရောက်နေပြီဖြစ်ရာ ထိုကိစ္စနှင့် ပတ်သတ်ပြီး သူ လုပ်နိုင်သည့်အရာ မရှိပေ။
ယခု အရေးအကြီးဆုံးအရာက လီယုံးနာ့၊ ကျန့်ယောင်တို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ဖြစ်သည်။
သူ့တွင် ထိုနှစ်ဦး ရှိနေသရွေ့ မည်သည့်အရာကိုမှ ကြောက်စရာမရှိပေ။
အထက်တန်းကျောင်းက နာမည်ကို ဘယ်သူက ဂရုစိုက်လို့လဲ… ငါသာ ကျန့်ယောင်ရဲ့ ခင်ပွန်းဖြစ်လာရင် ငါ့ကို မကြိုက်တဲ့ သူတွေအားလုံးက ခေါင်းငုံ့ပြီး ပါးစပ်ပိတ်နေကြရမှာ ….သူတို့ ငါ့ကို ဘာမှလုပ်လို့ မရတော့ဘူး….
အခြားသူများက ဖော်ထုတ်မည်ကို စောင့်နေမယ့်အစား သူကိုယ်တိုင် အစပြုပြီး သူ့အမှားကို ဝန်ခံလိုက်သည်က ပိုကောင်းသည်။ ဤနည်းဖြင့် သူက ကိစ္စများကို လှည့်ပတ်ရန် အခွင့်အရေးရှိနိုင်သည်။
ဝေ့ရှီမင်းက ထိုအကြောင်းများကို တွေးတောနေခဲ့သည်။ သူက လီယုံးနာ့၏ခြေထောက်ကို နှိပ်နယ်ခြင်းအား ရပ်လိုက်ပြီး ဝမ်းနည်းစွာပြောလိုက်သည်။
"အဘွား ကျွန်တော် အမှားတစ်ခု လုပ်ခဲ့တယ်…”
လီယုံးနာ့က မျက်မှောင်ကြုတ်လိုက်သည်။
"အိုး...မင်းက ဘာအမှားလုပ်မိလို့လဲ…”
ဝေ့ရှီမင်း ရုတ်တရက် မျက်ရည်များဝဲလာသည်။ “အဘွား…အဲဒါက ကျွန်တော် မနာလိုဖြစ်သွားလို့ပါ…ရှူံးတဲ့သူရဲ့ကိုယ်ပေါ်ကို အချိုရည်တွေလောင်းချတာ ခံရမယ့် ကံစမ်းမဲတစ်ခုကို ကျောင်းအကပွဲမှာ ကျွန်တော်စီစဉ်ပြီး ဝေ့မင်ကျန်းကို ကျွန်တော် အချိုရည်တွေ လောင်းချချင်ခဲ့တာ..ကျွန်တော် လှည့်ကွက်သေးသေးလေးပဲ လုပ်ချင်ခဲ့တာပါ…”