Chapter 89
လက်အောက်ငယ်သားမှ သစ္စာဖောက်အဖြစ် ပြောင်းလဲသွားခြင်း
ရှုနဉ်လည်း သူ့နောက်ကျောမှလာသည့် ထူးဆန်းသောခံစားချက်ကို ရုတ်တရက် သတိရသွားသောကြောင့် သူ့အဝတ်အစားနောက်ကျောကို အမြန်ကြည့်လိုက်သည်။ ယခင်က သူ မသိခဲ့သော်လည်း ယခုတွင် သူ့ဝတ်စုံ၏ နောက်ကျောတွင် ချိတ်ထားသည့် နှင်းဆီပန်းပေါင်းများစွာကို တွေ့လိုက်ရသည်။
သေစမ်း…
ရုတ်တရက် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားပြီး ဗီလိန်လေးအား စိုက်ကြည့်လိုက်သည်။
"မင်းသိပြီးသားမလား…ငါ့ကို ဘာလို့ မပြောပြရတာလဲ…”
ရှုနဉ်က ပုံမှန်ဆိုလျှင် မေ့ထားနိုင်သော်လည်း သူက ရန်သူကိုပင် ကူညီပေးခဲ့သည်။
ဗီလိန်လေးက သူ့ကို နေရာအနှံ့ ဆွဲခေါ် သွားခြင်းကြောင့်သာ မဟုတ်ပါက ထိုအကြောင်းကို မသိရန် မဖြစ်နိုင်ပေ။
သူတို့အားလုံးက စုပေါင်းပြီး သူ့ကို ဆန့်ကျင်ခဲ့ကြသည်။
ဗီလိန်လေးက သူတို့ကြောင့် ပျက်စီးသွားခဲ့သည်။
ရှုနဉ်က ဒေါသထွက်နေသော်လည်း တစ်ချိန်တည်းမှာပင် အခြေအနေတစ်ခုလုံးက ရယ်စရာကောင်းသည်ဟု သူခံစားလိုက်ရသည်။
"မင်းတို့ စည်းကျော်လိုက်တာပဲ မဟုတ်လား…”
"စည်းကျော်တာလား…ငါတို့က ဒီထက်ပိုပြီး တောင် စည်းကျော်ချင်ကြသေးတယ်…”
ကောင်လေးများက ခုန်ပေါက်ပြီး အော်ဟစ်လိုက်ကြသည်။ ယောက်ျားလေးများက ရှုနဉ်၏အဝတ်ပေါ်တွင် နှင်းဆီပန်းချိတ်ပေးရန် ပြေးလာကြသည်။
ရှုနဉ်လည်း လုံးဝ အံ့ဩသွားသည်။ သူ ထွက်ပြေးရန် ကြိုးစားသော်လည်း အရပ်မျက်နှာပေါင်းစုံမှ လူများက သူ့ဆီသို့ လှမ်းလာနေကြသည်။ သူတို့က သူ့ကို လူအုပ်အလယ်တွင် ပိတ်ထားပြီး ရယ်မောရင်း သူ့ဆံပင်၊ သူ့အဝတ်အစားနှင့်ဘောင်းဘီတို့တွင် နှင်းဆီပန်းများ ချိတ်ပေးနေကြသည်။
မကြာခင်မှာပင် သူက ကျူးလင်ကဲ့သို့ နှင်းဆီခြုံပင်အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတော့ ရှုနဉ် အလွန်ဒေါသထွက်ခြင်း သို့မဟုတ် အခြားသော တစ်စုံတစ်ရာကို မခံစားရတော့ပေ။
သူ၏ ပထမဆုံး တုံ့ပြန်မှုကမူ….
"ပြသနာပဲ ငါ့အဝတ်အစားတွေတော့ ပျက်စီးတော့မယ်။ ဘယ်လိုလုပ်ရမလဲ…”
ထို အင်္ကျီများက WM ၏ နောက်ဆုံးထွက်ဒီဇိုင်းဖြစ်ပြီး စျေးနှုန်းက ဂဏန်းခြောက်လုံးမှ စတင်သည်။
သူ့အဝတ်အစားများကို စိတ်ပူနေချိန်မှာပင် ကောင်လေးများက သူ့ကို စင်မြင့်ပေါ်သို့ တွန်းတင်လိုက်ကြသည်။ ရှုနဉ်က ကျူးလင်၏ဘေးတွင် ရပ်လိုက်သည်။
နှင်းဆီပင်နှစ်ပင် အချင်းချင်း အကြည့်ချင်းဖလှယ်ကာ တစ်ချိန်မှာပင် ရယ်မောလိုက်ကြသည်။ ကပွဲရှိ အခြားသူအားလုံးက သူတို့ကို အနုပညာရှင်များကဲ့သို့ ဝိုင်းပြီး ဓာတ်ပုံရိုက်ကာ အားပေးကြသည်။
ဘုရင်နှင့် ဘုရင်မကို ရွေးချယ်ပြီးနောက် ကပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
ယနေ့ ကပွဲက အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး အဓိပ္ပါယ်မရှိသော်လည်း ထိုအကြောင်းကို ပြန်ပြောရသည်မှာ အလွန်ပျော်စရာကောင်းသည်။
ကပွဲအပြီးတွင် ဝေ့မင်ကျန်းက ရှေ့တိုးလာပြီး ရှုနဉ်၏အဝတ်အစားမှ နှင်းဆီပန်းအားလုံးကို ဖယ်ရှားရန် ကူညီပေးလိုက်သည်။ သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ သတိကြီးစွာ မေးလိုက်သည်။
"မင်း စိတ်မဆိုးဘူး မဟုတ်ဘူးလား..."
ရှုနဉ်က နှင်းဆီပန်းတွေကို မမြင်အောင် ဖွက်ထားလို့ဆိုပြီးငါ့ကို စိတ်ဆိုးသွားလောက်လား… ဘာကြောင့်မှန်းမသိပေမယ့် အဲဒီအချိန်တုန်းကတော့ နည်းနည်းလောက် ဟာသလုပ်ချင်သွားမိတယ်….
ရှုနဉ်က ခေါင်းခါပြလိုက်သည်။
"အဲ့ဒီနှင်းဆီပန်းတွေကို သေချာလေး ဖြုတ်ပေး…အကျီတွေကို မပျက်စီးစေနဲ့…ဒီအဝတ်အစားတွေကို ထပ်ဝတ်လို့ရလောက်သေးလား…”
ဝေ့မင်ကျန်း: "..."
တခါတရံတွင် ရှုနဉ်၏ အတွေးများက မမျှော်လင့်ထားသော လမ်းကြောင်းများဆီသို့ လှည့်သွားတတ်သည်။
"ဒါကို စိတ်ပူမနေပါနဲ့…ဘာပဲဖြစ်ဖြစ် သူတို့ တာဝန်ကလည်း ပြီးသွားပြီလေ….”
ဝေ့မင်ကျန်း၏ မျက်လုံးများက ပြုံးနေသည်။ သူက ရှုနဥ်၏ဆံပင်မှ နှင်းဆီတစ်ပွင့်ကို ဖြုတ်ပေးရန် လက်လှမ်းလိုက်သည်။
ကပွဲခန်းမကြီး၏ မှုန်ဝါးသော မီးရောင်အောက်တွင် သူ့အပြုံးက တုနှိုင်းမရအောင် နူးညံ့နေပုံရသည်။ ရှုနဉ်က သူ့ကို ငေးကြည့်နေလျက် နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။
သူက ဗီလိန်လေးနှင့် နေ့တိုင်း သွားလာနေသောကြောင့် သူ့ ချောမောခံ့ညားမှုကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ဗီလိန်လေးက သူ၏အေးစက်မှုအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး နူးညံ့သိမ်မွေ့မှုများသာ ကျန်ရစ်ခဲ့သည်။ သူက လူတိုင်း၏ နှလုံးသားကို လှုပ်ခတ်စေသည့် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ထုတ်ဖော်ခဲ့သည်။
ကလစ် …
ကင်မရာရှပ်တာကို ခပ်တိုးတိုးနှိပ်လိုက်သည့်အသံက ကပွဲခန်းမ၏ သီချင်းသံများနှင့်ရောထွေးသွားသည်။ သူတို့ နှစ်ယောက်လုံး သတိမထားမိခဲ့ကြပေ။
မနီးမဝေးနေရာတွင် မိန်းကလေးအတော်တော်များများက စုပြီး ထိုဓာတ်ပုံများကို ကြည့်နေကြသည်။
ဓာတ်ပုံထဲတွင် ကပွဲကြမ်းပြင်ပေါ်၌ အနက်ရောင်နှင့် အဖြူရောင် လူနှစ်ယောက် ရပ်နေကြပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဝေ့မင်ကျန်း၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုရှိနေပြီး သူ့မျက်လုံးများက အဆုံးမရှိသော ညကောင်းကင်နှင့်ပင် တူနေသည်။ အေးချမ်းသည့် လေပြည်လေညင်း၊ တောက်ပသည့် လနှင့် ကောင်းကင်အပြည့် ကြယ်များ ပါဝင်နေသကဲ့သို့ပင်။ သူ့လက်ထဲတွင် အပြာရောင်နှင်းဆီတစ်ပွင့်ရှိနေပြီးသူ့နှုတ်ခမ်းထောင့်ကလည်း အပေါ်သို့ အနည်းငယ် ကွေးနေသည်။
ရှုနဉ်က အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အပြာရောင်နှင်းဆီပန်းများက သူ့ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေကြသည်။ သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိနေပြီး သူညာဘက်ပါးပြင်ပေါ်တွင် ပါးချိုင့်လေးတစ်ခုရှိသည်။
ထိုလူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"အမိုက်စားပဲ၊ ဒီဓာတ်ပုံက တကယ့်ကို အံ့ဩစရာပဲ…”
"ဘုရားရေ၊ငါအသက်ရှုရပ်တော့မယ်…”
"ကျေးဇူးပြုပြီး ငါ့ကို ဓာတ်ပုံပို့ပေးပါနော်…ငါ့ရဲ့ စုဆောင်းမှုအတွက် ပရင့်ထုတ်ချင်လို့ပါ…”
“အားးး အရမ်းချောတာပဲ…”
"မြန်မြန် အဖွဲ့စကားပြောခန်းမှာ ဒီဓာတ်ပုံကို တခြားသူတွေအကုန်မြင်ရအောင် ပို့လိုက်စမ်းပါ… ဒါက သင်္ဘောတစ်ခုပဲမဟုတ်တော့ဘူး…ဒါက စစ်သင်္ဘောပဲ…”
(သူတို့က ship နေကျတာမို့ အခုအနေအထား ship နေရုံမဟုတ်ပဲ တကယ့်အစစ်နဲ့တူနေတယ်လို့ ပြောချင်ပါ)
"ဒါကို သူတို့ကိုယ်တိုင်တောင် သဘောမပေါက်ကြဘူး…သူတို့လုပ်သမျှတိုင်းက အရမ်းသဘာဝကျလွန်းတယ်.. ဒီလို အတွေ့အကြုံမရှိ မသိနားမလည်တဲ့ ခံစားချက်မျိုးက တကယ့်ကို ငါ့အကြိုက်ပဲ….”
“ပန်းပွင့်အဖူးလေးတွေလို အပြစ်ကင်းပြီးရိုးသားတယ်..သိတောင် မသိဘဲ သွေးဆောင်မိနေတယ်…အဟား ငါ သရေတောင် ကျလာပြီ…”
"ဒီလိုမျိုး ‘သူငယ်ချင်းထက် တော့ပိုပေမဲ့ ချစ်သူလည်းမဟုတ်ဘူး' ဆိုတဲ့ ခံစားချက်မျိုးက ကြည်နူးစရာကောင်းလိုက်တာ…”
"မြန်မြန်၊ မြန်မြန်…သူတို့ ဒီကို မကြာခင်ရောက်လာတော့မယ်…”
"ဒါကို သူတို့မသိသေးခင် ငါတို့ နောက်ထပ်ပစ္စည်း(ဓါတ်ပုံ)တွေ ထပ်ယူ(ရိုက်)ရမယ်…”
ထိုညတွင် ဆိုက်ယောင်၏ ကျောင်းဖိုရမ်က မယုံနိုင်လောက်အောင် တက်ကြွနေခဲ့သည်။
ကပွဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ကျောင်းတစ်ကျောင်းလုံး ပျံ့နှံ့သွားသည်။ ဝေ့ရှီမင်း သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုမှုသည်ပင် လူပြောအများဆုံး အကြောင်းအရာမဟုတ်ခဲ့ပေ။ ဖိုရမ်တွင် အကျော်ကြားဆုံး အကြောင်းအရာက ယောက်ျားလေး ဘုရင်မနှင့် မိန်းကလေးဘုရင်တို့အကြောင်းဖြစ်သည်။
ကပွဲ မကျင်းပခင်ပမီအချိန်က ဘုရင်နှင့် ဘုရင်မတို့အဖြစ် ဝေ့ရှီမင်းနှင့်ကျန့်ယောင်တို့ အရွေးချယ်ခံရမည်ဟု လူတိုင်းက ယူဆခဲ့ကြသည်။ ကပွဲက သူတို့နှစ်ယောက်၏ ကြီးမားသည့် အချစ်ဖျော်ဖြေပွဲတစ်ခု ဖြစ်လာနိုင်ခဲ့၍ ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ကမ္ဘာကြီးက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် လည်ပတ်နေသည်။
ဝေ့ရှီမင်းက ဝေ့မင်ကျန်းကို ရိုက်ချနိုင်ရန်အတွက် မဲနှိုက်ခြင်းကို ဖန်တီးခဲ့သော်လည်း အရိုက်ခံရသူက သူကိုယ်တိုင် ဖြစ်နေသည်။
ကျန့်ယောင်သည်လည်း ကပွဲအလယ်တွင် ထွက်ခွာသွားခဲ့သည်။
နောက်ဆုံးတွင် ကပွဲဘုရင်က ကျူးလင်ဖြစ်သွားပြီး ကပွဲဘုရင်မက ရှုနဉ် ဖြစ်လာသည်။
ဟားဟား…ဒါတွေအားလုံးက အရမ်းထူးဆန်းနေပေမယ့် အရမ်း စစ်မှန်လွန်းတယ်….ဟား ဟား….
ကျောင်းသားများက ပူပူနွေးနွေး အကြောင်းအရာများကို ဆွေးနွေးနေကြသည်။
လူတိုင်းက ဝေ့ရှီမင်း၏မူးနေသည့် ဗီဒီယိုနှင့် ကျူးလင်၊ရှုနဉ်တို့၏ဓာတ်ပုံများကိုမျှဝေခဲ့ကြသည်။
ဝေ့ရှီမင်း သတိရလာသည့်အချိန်တွင် နောက်တစ်နေ့ရောက်နေပြီဖြစ်သည်။ ဖိုရမ်နှင့်ပတ်သက်သည့် သတင်းကို ရသည်နှင့် ယမန်နေ့က သူအရက်မူးပြီး မိုက်မဲစွာ ပြောဆိုခြင်းဖြစ်သည်ဟု အလျင်အမြန် ထုတ်ပြန်ခဲ့သည်။ မဲနှိုက်ခြင်းက လုံးဝတရားမျှတပြီး မည်သူ့ကိုမှ အတိအကျ ပစ်မှတ်မထားခဲ့ဟု သူက အခိုင်အမာပြောဆိုလိုက်သည်။
သို့သော်လည်း သူ့ကြေငြာချက်ကို တင်လိုက်သည်နှင့်အခြားအရာတစ်ခု ဖြစ်လာခဲ့သည်။
အမည်မသိပို့စ်တစ်ခုက သူနှင့် လျန်ဖုန့်တို့ကြား စကားပြောမှတ်တမ်းများကို ဖော်ထုတ်ခဲ့သည်။ ဝေ့ရှီမင်းနှင့်လျန်ဖုန့်တို့က မဲနှိုက်ခြင်းကို ပြင်ဆင်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြောင်း စကားပြော မှတ်တမ်းများက ရှင်းရှင်းလင်းလင်းပြသခဲ့သည်။ ပထမဆုရရှိသူများက ကျပန်းဖြစ်သော်လည်း ဒုတိယဆုရရှိသူများက ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ဝေ့မင်ကျန်းကို ပစ်မှတ်ထားနေခြင်းမှာ သိသာလွန်းသည်။
စကားပြောမှတ်တမ်းများက ခိုင်မာသည့် သက်သေအထောက်အထားများဖြစ်၍ ချေပရန် နည်းလမ်းမရှိခဲ့ပေ။
ဝေ့ရှီမင်းနှင့် လျန်ဖုန့်တို့အပြင် အခြားသော ကျောင်းသားကောင်စီအဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။
ဝေ့ရှီမင်း၏ ဒေါသထွက်နေသည့် ဗီဒီယိုက တစ်ကျောင်းလုံးသို့ ပျံ့နှံ့နေပြီးဖြစ်၍ ထိုအရာကပင် အလွန်ဆိုးနေပြီဖြစ်သည်။ ယခုတွင်မူ စကားပြောမှတ်တမ်းများက သူ့ကို သေတွင်းထဲသို့ ဆွဲချလိုက်သကဲ့သို့ပင်။
ယခင်က ဝေ့မင်ကျန်း ဝေ့ရှီမင်းကို ပစ်မှတ်ထားနေသည်ဟု ကောလဟာလများ ထွက်နေခဲ့ပြီး ဝေ့မင်ကျန်းက သူ့ကို အဖွားအိမ်တွင် သွားနေရန် ဖိအားပေးခဲ့သည်ဟု လူအများက ပြောကြသည်။ ဝေ့မင်ကျန်းက သူ့အတွက် ရှင်းပြရန် မည်သည့်အခါမှ မကြိုးစားခဲ့သော်လည်း ယခုတွင်မူ ဝေ့ရှီမင်းကသာ ဝေ့မင်ကျန်းကိုထောင်ချောက်ဆင်ပြီး ပစ်မှတ်ထားနေကြောင်း ပေါ်ပေါက်လာသည်။
မည်သူက မည်သူ့အား ပစ်မှတ်ထားနေသည်ကို အတိအကျပြောရန်ခက်လှသည်။
သို့သော်လည်း ဝေ့ရှီမင်းက ဝေ့မင်ကျန်း၏ ပစ်မှတ်ထားခြင်းကို ခံနေရသည် ဟူသော ကောလဟာလသည် ကောလဟာလပင် ဖြစ်ကြောင်း လူတိုင်း သေချာသွားကြသည်။ ထိုကိစ္စအတွက် မည်သည့် သက်သေမှ မရှိပေ။ ဝေ့မင်ကျန်းက ဝေ့ရှီမင်း၏ အကွက်ချခြင်းကို ခံခဲ့ရသည်။ ထိုကိစ္စအတွက်မူ သက်သေ အထောက်အထားက တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ရှိနေသည်။
ပထမဆုံးအထောက်အထားက ဝေ့ရှီမင်း၏ကိုယ်တိုင်ဝန်ခံချက်ဖြစ်သည်။ ဒုတိယအထောက်အထားက လျန်ဖုန့်၏ စကားပြောမှတ်တမ်းများဖြစ်သည်။
ဝေ့ရှီမင်းမှာ သူဆန္ဒရှိလျှင်ပင် ထိုကိစ္စကို မဆေးကြောနိုင်ပေ။ သူ့အား ထောက်ခံသူများက အငြင်းပွားရန် နည်းလမ်းရှာပြီး အခြားလူများ၏ ဦးနှောက်များကို လှောင်ပြောင်ခဲ့ကြသည်။ စကားပြောမှတ်တမ်းများက ပြင်ဆင်ထားခြင်းဖြစ်ပြီး အတုအယောင်ဟု သူတို့က အခိုင်အမာ ပြောဆိုကြသော်လည်း ဗီဒီယိုကိစ္စကိုမူ သူတို့ ဘာမှ မလုပ်နိုင်ခဲ့ပေ။
သက်သေအထောက်အထားများက တောင်ကြီးတစ်ခုကဲ့သို့ ခိုင်ခံ့ပြီး မည်သည်က အမှန်တရားဆိုသည်မှာ သိသာလွန်းလှသည်။
ဝေ့ရှီမင်းလည်း ၎င်းကိုသိသောကြောင့် ရှင်းပြရန် မကြိုးစားဘဲ နှုတ်ဆိတ်၍သာ နေခဲ့သည်။
သို့တိုင် ထိုအရာက သူ့ကို လုံးဝ ဒေါသမထွက်အောင် မတားဆီးနိုင်ခဲ့ပေ။
ဝေ့ရှီမင်းက ရယ်စရာဟာသတစ်ခု ဖြစ်လာသည်မှာ ထင်ရှားသည်။ ဝေ့မင်ကျန်းက သူ့ကိုယ်ပေါ် သို့ အချိုရည်များဖြင့် လောင်းချခံရသည့်လူ ဖြစ်သင့်သည်။ ဝေ့ရှီမင်းနှင့် ကျန့်ယောင် တို့က ကပွဲ၏ ဘုရင်နှင့်ဘုရင်မ ဂုဏ်ပုဒ်ကို ချီးမြှင့်ခံရသင့်ပြီး သူတို့က လူတိုင်း၏အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သင့်သည်။ အရာအားလုံး ယခုကဲ့သိူ့ အထိန်းအကွပ်မဲ့သွားမည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
ဝေ့ရှီမင်းက သူ့ကိုယ်သူ မည်သည့်အခါမှ အပြစ်မတင်ပေ။ ခဏစဉ်းစားပြီးနောက် သူက လျန်ဖုန့်ကိုသာ အပြစ်တင်လိုက်တယ်။
ကျောင်းသားကောင်စီအခန်းထဲတွင် ဝေ့ရှီမင်းက မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့် လျန်ဖုန့် အား ကြိမ်းမောင်းလိုက်သည်။
"လျန်ဖုန့်၊ မင်းငါ့ကို ဒီလိုလုပ်မယ်လို့ ငါမမျှော်လင့်ထားဘူး…”
အမည်မသိသည့်လူတစ်ယောက်က ဖိုရမ်တွင် ပို့စ်တင်စဉ်က ယူထားသည့် စခရင်ဓါတ်ပုံများမှ ထိုပုံများကို စခရင်ဓါတ်ပုံရိုက်ခဲ့သူက လျန်ဖုန့်ဖြစ်ကြောင်း သက်သေပြနေသည်။ လျန်ဖုန့် ကိုယ်တိုင်လုပ်ခြင်း မဟုတ်လျှင်ပင် လျန်ဖုန့်ထံမှ ပေါက်ကြားသွားခြင်းဖြစ်သည်။
လျန်ဖုန့်က ကုဒ်ရေးနည်းကို သိသောကြောင့် သူ့ကို ကံစမ်းမဲ အစီအစဉ်တွင် တာဝန်ခံခိုင်းခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ သူက ထိုအရာကို ဖျက်ဆီးလိုက်ရုံသာမက ဝေ့ရှီမင်းကိုလည်း အန္တရာယ်များသည့် အနေအထားသို့ တွန်းပို့လိုက်သည်။
ဝေ့ရှီမင်း အလွန်ဒေါသထွက်သွားသည်။ ပါဝင်ပတ်သက်သည်ဟု ထင်ရှားသော အခြားလူသုံးဦးကလည်း လျန်ဖုန့်ကို သံသယအကြည့်များဖြင့် ကြည့်နေသည်။ ဝေ့ရှီမင်းက စားပွဲဝိုင်းအနောက်မှ ထွက်လာပြီး လျန်ဖုန့်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
"မင်းငါ့ကို လာရှုပ်ဖို့ ဝေ့မင်ကျန်းဆီက လာဘ်ထိုးခံထားရတာလား…”
သူ ထင်သည့် အရာကို မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် ထုတ်မေးလိုက်သည်။
မဲနှိုက်ခြင်းက သူထိန်းချုပ်ထားသကဲ့သို့ ဖြစ်မလာသည်နှင့် သူက ထို ဖြစ်နိုင်ခြေကို တွေးမိခဲ့သည်။ သူ အချိန်ကြာကြာ တွေးလိုက်သည်နှင့် ထိုသို့ဖြစ်နိုင်ခြေက ပိုများလာသည်။
လျန်ဖုန့် အလွန် အံ့ဩသွားပြီး အလျင်အမြန် ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး…ငါမလုပ်ခဲ့ဘူး…ဥက္ကဌ ငါက ဘယ်လိုလူမျိုး ဆိုတာ မင်းလည်း သိတာပဲ…”
“မင်းက ဘယ်လိုလူစားမျိုးလဲ…”
ဝေ့ရှီမင်းက ကဲ့ရဲ့လိုက်သည်။
“မင်းက အာဏာအတွက် ငါ့ကို လာကပ်နေတဲ့ ခွေးတစ်ကောင်ပဲလေ…ငါက ဝေ့မိသားစုရဲ့ သွေးသားရင်းမဟုတ်လို့ မင်းငါ့ကို အထင်သေးနေတာ မဟုတ်လား….မင်းက ဝေ့မင်ကျန်းကို လက်ကမ်းပေးပြီးပြီးပဲ…မင်း မဟုတ်လို့လား…”
လျန်ဖုန့်လည်း သူ့ကို ထိုကဲ့သို့ ထင်နေမည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ သူအလွန် စိတ်ပျက်သွားပြီး ရှင်းပြရန် ကြိုးစားလိုက်သည်။
“မဟုတ်ဘူး…ရှီမင်း..ငါတို့က သူငယ်ချင်းတွေလေ…ငါမင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး….”
ဝေ့ရှီမင်းက လျန်ဖုန့်ကို လက်ညှိုးနှင့် ထိုးလိုက်သည်။
“အလယ်တန်းတုန်းက ခွေးငတုံးတစ်ကောင်ကြောင့် မင်းငါ့ကို အေးတိအေးစက် ဆက်ဆံခဲ့တာ မဟုတ်ဘူးလား….မင်းက အစကထဲက ငါ့စကားကို နားမထောင်ခဲ့တာလေ…ပြောရမယ်ဆိုရင် အဲ့ဒီ အဖြစ်အပျက်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာပဲလေ…မင်းက ငါ့ကို သောက်ရမ်းကို အကြာကြီး မကျေမချမ်း ဖြစ်နေခဲ့တာပဲ…ဟုတ်တယ်မလား…ငါက ဝေ့မိသားစုရဲ့ သားမဟုတ်ဘူးဆိုတာကို မင်းသိသွားတာနဲ့ မင်းငါ့ကို စပြီး အထင်သေးလာတာပဲလေ မဟုတ်လို့လား….”
လျန်ဖုန့် အံ့အားသင့်သွားသည်။ ဝေ့ရှီမင်းဖော်ထုတ်ခဲ့သည့် အဖြစ်အပျက်သုံးခုမှာ ယခင်အချိန်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ လျန်ဖုန့်က ထိုကိစ္စများ အားလုံးကို ကျော်ဖြတ်(မေ့ပစ်)ပြီးသွားပြီဟု ထင်ခဲ့သော်လည်း ဝေ့ရှီမင်းက ယနေ့အချိန်ထိတိုင် ဒေါသတကြီး ဆုပ်ကိုင်ထားသေးကြောင်း ပေါ်ပေါက်လာသည်။ သူ့ဘက်ကလည်း လျန်ဖုန့်က သူ့ကို မကျေမနပ်ဖြစ်နေကြောင်း နိဂုံးချုပ်အနေဖြင့် ပြောသွားသည် ။
"မင်းတကယ်တွေးနေတာကို ငါမသိဘူးလို့ ထင်နေတာလား…”
ဝေ့ရှီမင်းက သူ့ကို နက်နဲစွာ စိုက်ကြည့်နေသည်။
"မင်းက ငါ့ရဲ့အဆင့်အတန်းနဲ့ အထောက်အထားကြောင့်သာ ငါ့အနားကို ကပ်ခဲ့တာ…သူငယ်ချင်းတဲ့လား…ဟားဟား မင်းသာ ငါ့သူငယ်ချင်းဆိုရင် ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး…”
ဝေ့ရှီမင်း၏ ဒေါသတကြီး စစ်ဆေးမေးမြန်းမှုနှင့် ရင်ဆိုင်လိုက်ရသောအခါ လျန်ဖုန့်က ကပွဲတွင် ကောင်လေးနှစ်ယောက်ပြောခဲ့သည့် စကားများကို ရုတ်တရက် သတိရသွားသည်။
“လျန်ဖုန့်..မင်းက တော်ပြီးဉာဏ်လည်းကောင်းတယ်… ဘာ့ကြောင့် မင်းက တခြားသူတွေလို ဦးနှောက်မဲ့သလို ဘာလို့ သရုပ်ဆောင်နေရတာလဲ..ဝေ့ရှီမင်းရဲ့ နောက်လိုက်လေးလို ဘယ်လို ဆက်လုပ်နေတာလဲ…သူက မင်းကို ဗူးဒူးမှော်(voodoo) ဒါမှမဟုတ် တစ်ခုခုနဲ့ ပြုစားထားတာလား…”
သူလည်း သူ့ကိုယ်သူ ပြန်မေးချင်မိသည်။
ဘာလို့များ ဝေ့ရှီမင်းနောက်ကို အရူးတစ်ယောက်လို လိုက်နေမိသွားရတာလဲ….
ဝေ့ရှီမင်းက သူ့ကို မည်သည့်အခါကမှ အမှန်တကယ် မယုံကြည်ခဲ့ဖူးပေ။ သူကလည်း နစ်နာသူသာ ဖြစ်သော်လည်း ဝေ့ရှီမင်းက သူ့ကို သစ္စာဖောက်သည်ဟု ဆက်တိုက်စွပ်စွဲနေသည်။
လျန်ဖုန့်က သူ့ကို ထိုးချသည့်လူကို မုန်းသော်လည်း ဝေ့ရှီမင်းကို နက်နက်ရှိုင်းရှိုင်း စိတ်ပျက်မိသွားသည်။
သူ စိတ်ထိန်းလိုက်ပြီး သူ့ဘေးနားရှိ လူများကိုကြည့်ကာ ပြောလိုက်သည်။
“ငါ စနစ်ကို မပြောင်းခဲ့သလို စကားပြောမှတ်တမ်းတွေကိုလည်း မဖြန့်ခဲ့ဘူး…မင်းတို့ငါ့ကို ယုံယုံ မယုံယုံ ငါဂရုမစိုက်ဘူး..လက်တော့ပ်က တချိန်လုံး ကျောင်းသားကောင်စီ အခန်းထဲမှာပဲ ရှိနေတာ…လူတိုင်း ဝင်ကြည့်လို့ရနေတာလေ ပြီးတော့ ငါ့ဖုန်းကို ဟက်ထားတာလည်း ဖြစ်နိုင်တယ်…”
သို့သော်လည်း သူ့ ခုခံမှုက ပျော့ပြီးအားနည်းသည်။ လူတိုင်းက သူ့ကို မယုံကြည်ကြပေ။
ဝေ့ရှီမင်းက စားပွဲခုံကို လက်သီးနှင့်ထုပြီး အော်လိုက်သည်။
“ပြသနာက အခုလိုအခြေအနေကိုတောင်ရောက်နေပြီကို မင်းက -ီးလို ငြင်းခုန်နေတုန်းပဲလား…”
“ငါ ငြင်းနေတာ မဟုတ်ဘူး…”
လျန်ဖုန့်က အံကြိတ်ပြီး ပြောလိုက်သည်။
“လက်တော့ပ်ကို ကျောင်းသားကောင်စီအခန်းထဲမှာထားပြီး နောက်တော့ ခန်းမထဲကို ရွှေ့သွားတယ်…လက်တော့ပ်ကို ထိတဲ့လူက သိပ်မများဘူး…ငါတို့ထဲက တစ်ယောက်ယောက် ဖြစ်နိုင်တယ်…ဒါပေမဲ့ မင်းက ဘာလို့ ငါ့ကိုပဲ စွပ်စွဲနေရတာလဲ…”
ဝေ့ရှီမင်းက ဒေါသတကြီး အော်ရယ်လိုက်သည်။
“မင်း မဟုတ်လို့လား…”
ကျောင်းသားကောင်စီ၏ အခြားအဖွဲ့ဝင်များက သူတို့ကို စွပ်စွဲမည်ကို ကြောက်သောကြောင့် လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။
“လျန်ဖုန့်၊ဒါက မင်းရဲ့အမှားပဲလေ… မင်းက လက်တော့ပ်ကို အများဆုံးသုံးတဲ့သူ ဖြစ်ပြီး လုံခြုံအောင်ထားရမှာက မင်းရဲ့တာဝန်ပဲလေ…တစ်ယောက်ယောက်က ဝင်သုံးတယ်ဆိုရင်တောင် ဒီလောက် အချိန်တိုလေးအတွင်းမှာ ဆော့ဖ်ဝဲ လ်ကို ဘယ်လိုလုပ် ပြောင်းနိုင်ပါ့မလဲ…”
“အမှန်ပဲ၊တစ်ယောက်ယောက်က မင်းထက် ပရိုဂရမ်ရေးတာ ပိုတော်တယ်လို့ ပြောဖို့ ကြိုးစားနေတာလား…လျန်ဖုန့်…ငါတို့သာ မင်းအဆင့်လောက် ပရိုဂရမ် ရေးတတ်ရင် မင်းကို ဘာလို့ လိုအပ်နေဦးမှာလဲ…”
“ဒီမှာရှိနေတဲ့သူတွေအကုန်လုံးက သူငယ်ချင်းတွေလေ…မင်း တခြားသူတွေကို လိုက်အပြစ်တင်မနေသင့်ဘူး…”
လျန်ဖုန့် မျက်နှာက ဒေါသကြောင့် နီရဲလာသည်။
“အဲ့ဒါ ငါမဟုတ်ဘူး…”
“ကိစ္စတွေက. အခုလိုဖြစ်လာနေပြီကို မင်းက ငြင်းနေတုန်းပဲ…”
လူတိုင်းက ခေါင်းခါပြီး သက်ပြင်းချလိုက်ကြသည်။
“မင်းသာ မင်းအပြစ်ကို ကိုယ်တိုင်ဝန်ခံမယ်ဆိုရင် ဥက္ကဌက ခွင့်လွှတ်ပေးရင် ပေးလိမ့်မယ်…”