Chapter 88
ကပွဲဘုရင်မ
ကပွဲက ပုံမှန်အတိုင်း ဆက်သွားနေသော်လည်း လူတိုင်းက အနည်းငယ် ကြောင်အသွားပုံရသည်။ ခန်းမ၏ထောင့်တွင် လူအများအပြား စုဝေးနေကြပြီး သူတို့ကြားခဲ့ရသည့် သတင်းဆိုးများအကြောင်း အခြားကျောင်းသားများကို ပြောပြနေကြသည်။
ဝေ့ရှီမင်းနှင့်ကျန့်ယောင်တို့ ထွက်သွားသည်နှင့် နောက်ဆုံးတွင် ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့ အေးအေးဆေးဆေးနှင့် ကပွဲ၏ အငွေအသက်ကို ခံစားမိလာကြသည်။
နောက်ဆုံးတွင် နှင်းဆီပန်းများ လဲလှယ်မည့် အချိန်ရောက်လာခဲ့သည်။
ရှုနဉ်က ဝေ့မင်ကျန်းကိုမေးလိုက်သည်။
"မင်းရဲ့နှင်းဆီပန်းကို ဘယ်သူ့ပေးမှာလဲ…”
ဝေ့မင်ကျန်းက ပြောလိုက်သည်။
"ငါ့မျက်စိကို ဖမ်းစားနိုင်တဲ့လူ မရှိသေးဘူး…”
ရှုနဉ်က တိတ်တခိုး ပျော်ရွှင်သွားသော်လည်း ထိုအမူအရာကို ထုတ်မပြခဲ့ဘဲ ထိုအစား သူက ရယ်စရာသာ လုပ်လိုက်သည်။
"ကျစ်... မင်းက အရမ်းဇီဇာကြောင်တာပဲ…”
“မင်းကရော…”
ဗီလိန်လေးက သူ့ကိုမေးလိုက်သည်။
ရှုနဉ်က ပြောလိုက်သည်။
"ငါ့မှာလည်း ပေးချင်တဲ့သူ ဘယ်သူမှ မရှိဘူး…”
ဝေ့မင်ကျန်းက သူ့ရင်ဘတ်ပေါ်ရှိ နှင်းဆီပန်းကို နှုတ်ပြီး ရှုနဉ်ကို ပေးလိုက်သည်။
"ဒါဆို သူငယ်ချင်းအနေနဲ့ ငါမင်းကို ပေးမယ်လေ…”
"အားးး….”
"သူ တကယ်ကြီး သူ့နှင်းဆီပန်းကို ပေးလိုက်တယ်…”
အနီးအနားမှ အော်သံတစ်ခုထွက်လာသည်။ သူတို့ နှစ်ယောက် ခေါင်းလှည့်ကြည့်လိုက်သောအခါ မိန်းကလေး အတော်တော်များများ တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ပွေ့ဖက်နေသည်ကို တွေ့လိုက်ရသည်။ ထို မိန်းကလေးများက သူတို့ဘေးတွင် အမြဲထိုင်ပြီး ကြည့်နေကြသည်ကို သူတို့ ချက်ချင်း သိလိုက်ရသည်။ ယောက်ျားလေးများနှင့် ကမည့်အစား ကောင်မလေးများက တစ်ချိန်လုံး သူတို့ကို ငေးကြည့်နေကြသည်။
ပထမတွင် ရှုနဉ်က ထိုမိန်းကလေးများ သူ့ကို သို့မဟုတ် ဗီလိန်လေးကို သဘောကျနေခြင်း ဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း သူတို့က စကားစမြည်ပြောရန် တစ်ကြိမ်မှ မကြိုးစားခဲ့ကြပေ။
အနည်းငယ် ထူးဆန်းနေသည်။
သို့သော် သူတို့သာ အခြားသူများ၏ လမ်းကို မရှုပ်သရွေ့ ထိုအရာက ပြဿနာမဟုတ်ပေ။သူတို့၏ အကြည့်များက သူ့ကို အနည်းငယ်စိတ်မသက်မသာ ဖြစ်စေရုံပင် ဖြစ်သည်။
"ဘာလဲ.. “
ရှုနဉ်က ပြောလိုက်သည်။
"ယောက်ျားတစ်ယောက်ကို ငါတို့ နှင်းဆီပန်းတွေ မပေးနိုင်ဘူးဆိုတဲ့ စည်းကမ်းမရှိဘူး မဟုတ်လား…”
ကောင်မလေးများက လျင်မြန်စွာ ခေါင်းညိတ်ပြကြသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်…”
ရှုနဉ် "..."
ဘာလို့များ တစ်ခုခုပဲလို့ ခံစားနေရတာလဲ…
ဝေ့မင်ကျန်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူက မိန်းကလေးများအား စိတ်ရှည်ရှည်ထားကာ ရှင်းပြလိုက်သည်။
"ငါ့မှာ ကြိုက်တဲ့သူ မရှိပေမယ့် ရှုနဉ်ကို အရမ်းလေးစားတယ်…ခင်မင်မှုဆိုတာလည်း ဆက်ဆံရေးမျိုးပဲ…”
"ဟုတ်တယ်၊ ဟုတ်တယ်၊ နင်ပြောတာမှန်တယ်… သူငယ်ချင်းက အကောင်းဆုံးပဲ…”
မိန်းကလေးများက သဘောတူလိုက်ကြသည်။
ရှုနဉ်နှင့် ဝေ့မင်ကျန်း : "..."
တည်တည်ငြိမ်ငြိမ်နေလေ့ရှိသည့် ဗီလိန်လေးပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
ဝေ့မင်ကျန်း၏ လှုပ်ရှားမှုတိုင်းက အာရုံစိုက်စရာ ဖြစ်နေသ၍ အနီးနားရှိလူများအားလုံးက သူတို့နေရာသို့ လှမ်းကြည့်နေကြသည်။
ဝေ့မင်ကျန်းက မျက်မှောင်ကြုတ်ပြီး အကြောင်းအရာကို ပြောင်းပြောလိုက်သည်။
"အမှန်ဆိုရင် မိန်းကလေးတွေကို နှင်းဆီအပြာနဲ့ ယောကျ်ားလေးတွေကို နှင်းဆီအနီရောင်ပဲ ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခုမှ မရှိဘူးလေ... ဟုတ်တယ်မလား…ဘုရင်က ယောက်ျားလေး ဖြစ်စရာမလိုသလို ဘုရင်မကလည်း မိန်းကလေး ဖြစ်စရာမလိုဘူးမဟုတ်လား…”
ခဏ စဉ်းစားပြီးနောက် အားလုံး၏ မျက်လုံးများက တောက်ပလာသည်။
သူပြောတာမှန်တယ်…
လူတစ်ယောက်က ရုတ်တရက် အကြံတစ်ခု တောင်းလာသည်။
“ဟေး၊ ငါတို့က မိန်းကလေးတစ်ယောက်ကို ဘုရင်အဖြစ်နဲ့ ယောက်ျားတစ်ယောက်ကို ဘုရင်မအဖြစ် ဘာလို့မရွေးရတာလဲ၊ မင်းရော ဘယ်လိုထင်လဲ…”"
ပြောင်မြောက်တဲ့ အတွေးပဲ……
"အင်း..ဟုတ်တယ်…စလိုက်ရအောင်…”
နောက်ဆုံးတွင် လူတိုင်း၏အာရုံပြောင်းသွား၍ ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ သက်ပြင်းချလိုက်ကြသည်။ အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
“လူတိုင်း အချိန်မကုန်ခင် မင်းတို့ရဲ့နှင်းဆီပန်းကို တစ်ယောက်ယောက် ကို သေချာပေါက်ပေးကြပါ…”
ထိုသတိပေးချက်ရသည်နှင့် လူတိုင်းက ကပွဲကြမ်းပြင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။ တက်ရောက်လာသူများသည် ယခင်နှစ်များကဲ့သို့ လေးနက်မှုများမရှိကြပေ။
ယခုနှစ်ကပွဲသည် မူလအစကပင် အလွန် ရှုပ်ထွေးနေပြီးသားဖြစ်သည်။
သေချာသည်က ဒရာမာများစွာဖြစ်ပျက်သွားခဲ့သော်လည်း ထိုအရာများက စိတ်လှုပ်ရှားစရာကောင်းသည်မှာ သေချာသည်။
တက်ရောက်လာသူများ၏ စိတ်ထဲတွင် ထိုအဖြစ်အပျက်များကပင် အလွန်စိတ်လှုပ်ရှားစရာကောင်းနေပြီးဖြစ်သည်။ ပို၍ စိတ်လှုပ်ရှားစေမည့်အရာများ ဖြစ်လာနိုင်သေးသည်။
သူတို့က ဘုရင်ဖြစ်ရန် မိန်းကလေးတစ်ဦးနှင့် ဘုရင်မ ဖြစ်ရန် ယောက်ျားလေးတစ်ဦးကို ရွေးချယ်ကြမည်ဖြစ်သည်။ယနေ့က သေချာပေါက် သမိုင်းတွင်မည့် ကပွဲတစ်ခုဖြစ်သည်။
သူတို့ ကစားမည်ဆိုပါက ကြီးကြီးကျယ်ကျယ် ကစားကြရမည် ဖြစ်သည်။
ကောင်လေးများက သူတို့၏ နှင်းဆီပန်းကို တစ်ယောက်ကိုတစ်ယောက် ချိတ်ပေးနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးက သူတို့ကိုယ်ပေါ်သို့ နှင်းဆီပန်းများ ချိတ်ပေးခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ မိန်းကလေးများက အရပ်မြင့်မြင့် ချောမောသော အထက်တန်းစားတစ်ယောက်၏ အနီးတွင် တညီတညွတ်တည်း ဝိုင်းအုံနေကြသည်။ သူတို့အားလုံးက သူတို့၏ နှင်းဆီပန်းများကို သူမ၏ဝတ်စုံတွင် ချိတ်ထားလိုက်ကြသည်။
ဟုတ်ပါတယ်…အမှန်ပါပဲ…ချောမောသော အထက်တန်းစား ဝတ်စုံပြည့် ကို ၀တ်ထားသည့်ကောင်မလေးပင်…
ထို အထက်တန်းစားကောင်မလေးက မိန်းကလေး တစ်အုပ်ကြီး ကြားတွင် နစ်မြုပ်လုနီးပါးဖြစ်နေသည်။
ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ကို အနီးတွင် ထိုင်နေသော မိန်းကလေးများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ထို့နောက် သူတို့က ခန်းမတစ်ခုလုံးဆီသို့ တရကြမ်း လူဖြန့်လိုက်ပြီး ယောက်ျားလေးအချို့နှင့် တီးတိုးပူးပေါင်းကြံစည်နေကြသည်။
ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့က ထူးထူးခြားခြား မည်သည်ကိုမှ သတိမထားမိခဲ့ကြပေ။ ယခင်ကကဲ့သို့ တစ်နေရာတည်းတွင် ထိုင်ပြီး အချင်းချင်း စကားစမြည်ပြောနေကြသည်။
"ဝေ့မင်ကျန်း၊ရှုနဉ် ဘယ်လိုနေလဲ သားကြီးတို့ …”
ယောက်ျားလေးတစ်ဖွဲ့က သူတို့ဆီ ပြေးလာကြသည်။
ဝေ့မင်ကျန်းက သူတို့ကို ဂရုမစိုက်ပေ။ သူက ကောင်လေးများအား အရေးမစိုက်သလို ခေါင်းညိတ်ပြလိုက်သည်။
ရှုနဉ် ၏ ပင်ကိုယ်စရိုက်က ဖော်ရွေသည်။ သူတို့က စိတ်စေတနာကောင်းများ ဖော်ပြခြင်းဖြစ်ကြောင်း မြင်သည်နှင့် သူက အလျင်အမြန် လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ …”
တစ်ယောက်က ရေခဲတောင်နှင့်တူပြီး နောက်တစ်ယောက်က နေလုံးလေးနှင့်တူသည်။ သူတို့၏ ရွေးချယ်မှုက သိသာသည်။ သူတို့က ရှုနဉ်ဆီသို့ ပြေးသွားကာ ကျပန်းမေးခွန်းများ စတင်မေးလာကြသည်။
ဝေ့မင်ကျန်းလည်း မပျော်မရွှင် ဖြစ်သွားသည်။ သို့သော် သူတို့စကားပြောနေစဉ် ရှုနဉ်၏နောက်ကျောတွင် နှင်းဆီတစ်ပွင့်ကို တိတ်တဆိတ် ချိတ်ဆွဲလိုက်သည့် ကောင်လေးတစ်ယောက်ကို သူရုတ်တရက် သတိပြုမိသွားသည်။ သူ့နှုတ်ခမ်းထောင့်များကိုကွေး၍ ပြုံးလိုက်ပြီးနောက် ခေါင်းလှည့်ကာ မမြင်ဟန်ဆောင်လိုက်သည်။
ကောင်လေးများက သူ၏ တိတ်တဆိတ်ထောက်ခံမှုကို သတိထားမိပြီး ရဲရင့်လာကြသည်။
ရှုနဉ်သည် ဆိုက်ယောင် ကို ရောက်သည့် အချိန်မှစ၍ သူကို့ မည်သူမျှ တစ်ကြိမ်ပင် လိုက်မရှာဖူးသောကြောင့် သူ အံ့ဩနေသည်။ သူက လူတိုင်း၏မေးခွန်းများကို စိတ်အားထက်သန်စွာ ဖြေနေသည်။
သူက မူလကပင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအပေါ် အထိမခံ မဖြစ်တတ်ပေ။ ထို့အပြင် သူ့ပတ်ဝန်းကျင်တွင် ကောင်လေးများစွာရှိသည်။ လူများက သူ့ကို ခဏခဏ ဝင်တိုက်သည်မှာ ပုံမှန်ပင်ဖြစ်သောကြောင့် သူ့နောက်ကျောတွင် ချိတ်ထားသည့် နှင်းဆီပန်းများကို သူအမှန်ပင် သတိမထားမိလိုက်ပေ။
သို့သော်လည်း ရှုနဉ်က ငတုံးမဟုတ်ပေ။ တစ်ခုခု မှားနေပြီဆိုသည်ကို သူ ဖြည်းဖြည်းချင်း သိလာသည်။ သူ့နောက်ကို ကြည့်ရန် လှည့်လိုက်သော်လည်း ဝေ့မင်ကျန်းက ရုတ်တရက် သူ့လက်ကို လှမ်းဆွဲလိုက်သည်။
"မင်းရဲ့နှင်းဆီပန်းကို ဘယ်သူ့ကိုပေးမှာလဲ…”
ရှုနဉ် ၏ အတွေးလမ်းကြောင်း ပြတ်တောက်သွားသည်။ သူက နှင်းဆီပန်းကို သူ့ရင်ဘတ်မှယူပြီး ဗီလိန်လေး၏ ရင်ဘတ်တွင် ချိတ်ပေးလိုက်သည်။
"ငါ သေချာပေါက် မင်းကိုပဲ ပေးမှာပေါ့…”
"အားးး သူတို့က နှင်းဆီပန်းတွေ လဲနေကြပြီ…”
“ငါတော့ ပြီးသွားပြီ... သူတို့က အရမ်းချိုမြိန်လွန်းတယ်…အရမ်းလွန်လွန်းတာပဲ…”
"ဒါက ငါ့အတွက် တော်တော်များသွားပြီ…”
မိန်းကလေး တော်တော်များများ တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုးပြောနေကြသည်။
ထိုအချိန်တွင် ခန်းမက အနည်းငယ် ဆူညံနေသောကြောင့် ရှုနဉ်က သူတို့ပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ သူ့နောက်ကျောတွင် တစ်ခုခုရှိနေသည်ကို ခံစားလိုက်ရ၍ သူကြည့်ချင်သော်လည်း ဗီလိန်လေးက သူ့ကို ဆွဲခေါ်သွားသည်။
"လာပါ ၊လျှောက်ကြည့်ရအောင်…”
ရှုနဉ် မတ်တပ်ရပ်ပြီး သူနှင့်အတူ လျှောက်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ဗီလိန်လေး၏ ပင်ကိုယ်စရိုက်က ရုတ်တရက်ပြောင်းလဲသွားပုံရသည်။ သူတွေ့သည့် လူတိုင်းအား နှုတ်ဆက်နေသောကြောင့် ရှုနဉ် အံ့ဩလာသည်။ ဗီလိန်လေးက အမြဲတမ်း အေးစက်ပြီး တခြားသူများနှင့် အကွာအဝေးတစ်ခု ခြားထားတတ်သူဖြစ်သည်။
ရှုနဉ်က သူ့ကလေးလေးက များစွာတိုးတက်လာပြီဟု ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူက အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရန် အစပြုလာသောကြောင့် ရှုနဉ် ပျော်ရွှင်စွာ လိုက်သွားခဲ့သည်။ သူ့နောက်ကျောကို စစ်ဆေးရန် အချိန်မရှိသည်မှာ သဘာဝကျသည်။
"အချိန်ကုန်သွားပါပြီ…”
အစီအစဉ်တင်ဆက်သူက စင်ပေါ်၌ မတ်တပ်ရပ်ပြီး မေးလိုက်သည်။
"ကဲ အားလုံး မင်းတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ နှင်းဆီပန်းတွေကို ရေတွက်လို့ရမလား..နှင်းဆီပန်းအများဆုံးရှိတဲ့သူက ဘယ်သူလဲ…”
ကောင်မလေးများက ပြောလိုက်သည်။
"ဒါဆို ကျူးလင်ပဲ…”
"ကျူးလင်က အချောဆုံးပဲ…”
ချောမောသော အထက်တန်းစားကောင်မလေးက ခေါင်းမှ ခြေဖျားအထိ နှင်းဆီပန်းများဖြင့် ဖုံးအုပ်ထားပြီး နှင်းဆီပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူမပုံစံက ရယ်စရာကောင်းပြီး သူကိုယ်တိုင်ကလည်း ရယ်မောနေပုံရသည်။
ရှုနဉ်က သူ့ကို တွေ့လိုက်သောအခါ မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
တခြားကောင်လေးများက ကျူးလင်ကိုတွေ့သည်နှင့် သူတို့လည်း မထိန်းနိုင်ပဲ ရယ်လိုက်ကြသည်။
ခန်းမတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
ရှုနဉ်က ဗီလိန်လေးအနားသို့ ကပ်သွားလိုက်သည်။
"ကျုးလင် ပျော်နေတယ်လို့ ထင်လား…မပျော်ဘူးလို့ထင်လား…မိန်းကလေးတစ်ယောက်က ကပွဲ ဘုရင်အဖြစ် တကယ်ကြီး အရွေးချယ်ခဲ့ရတာပဲ…”
ရှုနဉ်က ရယ်လိုက်သည်။
ဗီလိန်လေးက သူ့ကို တိတ်တခိုး စိုက်ကြည့်နေပြီး ခဏအကြာတွင် ပြောလိုက်သည်။
"အဲ့ဒါထက် ပိုဆိုးလာနိုင်သေးတယ်..."
သူတို့ပတ်ဝန်းကျင်ရှိ ကောင်လေးများကလည်း ရှုနဉ်ကို စိုက်ကြည့်ပြီး တီးတိုး ပြောနေကြသည်။
"ယောက်ျားလေး ဘုရင်ထက်စာရင် မိန်းကလေးဘုရင်ဖြစ်ရတာ ပိုကောင်းတယ်…”
ရှုနဉ်လည်း ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၍ သူ့မေးစေ့ကို ပွတ်ပြီး ပြောလိုက်သည်။
“ကျူးလင်က တကယ်ချောတာပဲ နာမည်ကြီးတဲ့သူ (cele) တော်တော်များများကလည်း သူ့လို ရင့်ကျက်တဲ့ အသွင်အပြင်မျိုးပဲ …ကျောင်းကပွဲဘုရင်ဂုဏ်ပုဒ်က ကျူးလင်နဲ့ လိုက်ဖက်တယ်…ကျောင်းကပွဲဘုရင်မ အတွက်ကတော့ အင်း... လှတဲ့လူကို ရှာဖို့လိုမယ်ထင်တယ်…”
အခြားကောင်လေးများက ခေါင်းညိတ်ပြပြီး သူတို့၏ အမူအရာများက လေးနက်သည်။
"ဟုတ်လား…”
ရှုနဉ်က သူ့ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ မိန်းမဆန်ဆန်ချောသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ဗီလိန်လေး၏လက်ကို အသာအယာပုတ်လိုက်သည်။
"ဟေး...သူလို့ထင်လား…”
ဗီလိန်ကလေးက အသံသေနှင့် ပြောလာသည်။
“ငါတော့ အဲ့လို မထင်မိပါဘူး…”
"ဘာလို့လဲ…”
"သူ့မှာ နှင်းဆီပန်းတွေ အများကြီး မရှိဘူး…”
ရှုနဉ်လည်း သူပြောသည်ကမှန်ကြောင်း ရုတ်တရက်သဘောပေါက်သွားပြီးနောက် ဘေးပါတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
ဟုတ်သားပဲ သူက အလှဆုံးကောင်လေးကို မဟုတ်ဘဲ နှင်းဆီပန်းအများဆုံးရတဲ့ ကောင်လေးကို ရှာသင့်တယ်….
သို့သော်လည်း ကျူးလင်ကဲ့သို့ နှင်းဆီပန်းများဖြင့် ဖုံးလွှမ်းနေသည့် ကောင်လေးကို သူ ရှာမတွေ့ခဲ့ပေ။
အနီးနားရှိ ကောင်လေးတစ်ယောက်က လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ဖြင့် မေးလာသည်။
“ရှုနဉ် ကပွဲဘုရင်မက ဘယ်သူလို့ မင်းထင်လဲ…”
ရှူနဉ်က ပြောလိုက်သည်။
"ငါမသိဘူးလေ…နှင်းဆီပန်းတွေ အများကြီးရှိတဲ့လူကို ငါမတွေ့ဘူး…”
"ဟုတ်တယ်... ဘယ်သူ့မှာမှ နှင်းဆီပန်းတွေ အများကြီးမရှိဘူး…”
ကောင်လေးက ဆတ်ခနဲ ခေါင်းညိတ်ပြလိုက်သည်။ ရှုနဉ်က တစ်ခုခု မှားနေသည်ကို သိသော်လည်း ၎င်းကို အတိအကျ မဖော်ပြနိုင်ပေ။
ကျူးလင်၏ ခန္ဓာကိုယ်ပေါ်ရှိ နှင်းဆီပန်းအားလုံးကို ရေတွက်ပြီးနောက် အစီအစဉ်တင်ဆက်သူက ကြေငြာလိုက်သည်။
"ကပွဲရဲ့ဘုရင်အသစ် မွေးဖွားလာပါပြီ….ငါတို့ရဲ့ကျူးလင်ပါပဲ…အခု ကျူးလင်ကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်ပါတယ်…”
ကျူးလင်က အဖြစ်မှန်ကို အမြန်ပင် လက်ခံလိုက်သည်။ သူမက စင်မြင့်ပေါ်သို့ သပ်ရပ်စွာ လျှောက်လှမ်းသွားသည်။ ထို့နောက် သူမက လူစုလူဝေးအား ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။
သူ့မ၏ ယုံကြည်မှုအပြည့်နှင့် ဆွဲဆောင်မှုရှိသည့်အသွင်အပြင်ကြောင့် မိန်းကလေးများက အော်ဟစ်အားပေးခဲ့ကြသည်။
ထို့နောက် အစီအစဉ်တင်ဆက်သူက ယောက်ျားလေးများကို လှမ်းကြည့်လိုက်သည်။
"ငါတို့မှာ ကပွဲဘုရင်မ ရှိသေးရဲ့လား…”
ရှုနဉ်က "မရှိပါဘူး" ဟု ပြောတော့မည့်အချိန်တွင် သူ့ဘေးနားမှ ကောင်လေးများက အော်ဟစ်လိုက်ကြသည်။
"ငါတို့မှာ တစ်ယောက်ရှိပါတယ်…”
ရှုနဉ် အလွန်ပင် အံ့ဩသွားသည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အခြားလူများအားလုံးက အလွန်သေချာပြီး တိကျပုံပေါက်နေသည်ကို တွေ့လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ…ဒီလူတွေက ငါ့ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တာလေ…သူတို့ ကပွဲဘုရင်မကို ဘယ်တုန်းက ရွေးလိုက်ကြတာလဲ….ဘာလို့ ငါ အဲ့ဒီအကြောင်းကို မသိလိုက်ရတာလဲ….
အစီအစဉ်တင်ဆက်သူက “ဘယ်သူလဲ” ဟု မေးလိုက်သည်။
ကောင်လေးများက တညီတည်း ဖြေလိုက်ကြသည်။
"ရှုနဉ်”
ရှုနဉ် : ".ဟမ်…."
ရှုနဉ် : ".……”
သေစမ်း …….